Chapter 20
တိတိကျကျပြောရလျှင် ရာဟန်သည် ပန်းချီကားထဲက ထွက်လာသလိုပင် သိပ်ကို ချောမောသူဖြစ်ပြီး တခြားသူတွေထက်လည်း အများကြီး ပိုခန့်သည်။ထိုကောလဟလများက ဘာကြောင့် ပျံ့နှံ့သွားမှန်းမသိသော်လည်း အတော့်ကို အဓိပ္ပါယ်မရှိသည့် ကိစ္စဖြစ်သည်။
"ဟုတ်လား"
ရိုစီနာ ၏ အေးဆေးတည်ငြိမ်သော အဖြေကို ရာဟန် ပြန်မပြောပေ။ထို့နောက် သူက နောက်ထပ်မေးခွန်းများအား စောင့်နေသလို သူမကို ကြညနေသည်။သို့သော်လည်း သူမသည် ဆက်မေးဖို့ ချီတုံချတုံဖြစ်နေမိသည်။
'လူတွေက ရှင့်ကို အရူးလို့ ပြောကြတယ်ဆိုတာ သိလား' ဟုလည်း သွားမေးလို့ မဖြစ်တာကြောင့် သူမ လည်း လမ်းသာဆက်လျှောက်ခဲ့သည်။
လရောင်အောက်မှာ လမ်းလျှောက်ရခြင်းသည် စိတ်ကိုလန်းဆန်းစေသည။ အေးမြသော လေညှင်းကလည်း တဖြူးဖြူးတိုက်ခတ်နေတာကြောင့် ချုံပုတ်များကို လေတိုးသည့် အသံများထွက်ကြားနေရသည်။
ရိုစီနာသည် မျက်လုံးကိုမှိတ်ထားရင်း ပဲ့တင်သံ တောထဲသို့ သူမ ဝင်သွားသည့် အချိန်ကို သတိရလာသည်။ သစ်ရွက်များကို ဖြတ်တိုက်သည့် လေသံနှင့် သူမ အရေပြားပေါ်ကို လေညှင်းက လာထိတွေ့စဉ်ကလို အေးအေးလူလူရှိလှသည်။သူမသည် စကားတစ်ခွန်းမှ မပြောဘဲ လျှောက်လာစဉ် သူမ နောက်မှ လိုက်လာသော ရာဟန် က လှမ်းခေါ်လေသည်။
"ရိုဆီနာ"
ရှေ့ကလျှောက်နေသည့် ရိုစီနာ က လည်း နောက်လှည့်ကြည့်လိုက်၏။
“ဘာလဲ…”
သူမ နာမည်ကို အရင်က သူ တစ်ခါမှ မခေါ်ဖူးပေ။
“……”
ရာဟန် နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူမ၏ နာမည်အရင်းကို အခုမှ စပြီး ခေါ်လိုက်တာကြောင့် ရိုစီနာ ပုံစံမှာ အံ့ဩသွားသလိုပင်။
" တော်ဝင်မိသားစုကို လက်ထပ်ပွဲအကြောင်း ပြောပြတုန်းက သိလိုက်ရတာ”
ရိုစီနာ ကလည်း သူ့အဖြေကို ယုံကြည်ပြီး ခေါင်းညိတ်လိုက်သည်။
တတိယမင်းသားသည် ကလေးငယ်တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ကို ခေါ်လာခဲ့တာကြောင့် တော်ဝင်မိသားစုမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ကြပေမည်။ အဘယ်ကြောင့်ဆိုသော်၊သူတို့ကလည်း တော်ဝင်မျိုးနွယ်ကို အမည်မသိ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခွင့် ပြုမှာမဟုတ်ပေ။
ရာဟန် သည် ရိုစီနာ ကို အသေအချာကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ နာမည်ကို ကိုယ် တရားဝင်သိခွင့် ရှိနိုင်မလား"
ရိုစီနာ ခဏတုံ့ဆိုင်းသွားသည်။ သူမမိသားစု၏ အမည်ကို ဖုံးကွယ်နေခဲ့တာ နှစ်အတော်ကြာပြီ ဖြစ်တာကြောင့် အဆင်မပြေဖြစ်သွားရသည်။ ထို့အပြင်၊ အာစတေးနီယား ၌ပင် သူမသည် အမည်အရင်းဖြင့် နေထိုင်ခဲ့တာ မဟုတ်ပေ။
ခဏကြာမှ ရိုစီနာက တိုးတိုးလေးပြောလိုက်၏။
" ရိုစီနာအက်စတာရော့"
“ ရိုစီနာ”
သူမ နာမည်ကို ခေါ်ပြီး ရာဟန်က အသာအယာ ပြုံးလိုက်သေးသည်။သူ ယခုလိုပျော်နေတာကို သူမ ပထမဆုံးမြင်ဖူးခြင်းပင်။သိပ်မပြုံးသော်လည်း အတော်လေး တောက်ပစွာ ပြုံးခြင်းဖြစ်သည်။
သူ့ကို စိုက်ကြည့်နေမိသော ရိုစီနာ သည် အတိတ်မှ ရာဟန်ကို ရုတ်တရက် သတိရသွားသည်။ အရင်က သူသည် မသန်မစွမ်းဖြစ်နေသော သားရဲတစ်ကောင်နှင့်တူပြီး ယခုအခါ အိမ်ရှေ့စံတစ်ပါးလို ကျက်သရေရှိလှပေသည်။ထိုမျှမကသေး၊ ယဉ်ကျေးသိမ်မွေ့သည့် လေယူလေသိမ်းကလည်း နှစ်လိုဖွယ်ကောင်းပေသည်။သို့သော်လည်း အရင်က ရာဟန် နှင့် တူညီနေဆဲဟု သူမ ထင်မြင်မိသည်။ အရာအားလုံး ပြောင်းလဲသွားသော်လည်း သူမကို စိုက်ကြည့်တတ်သော မျက်ဝန်းများက ပြောင်းလဲမသွားပေ။ယခင်တုန်းက ထိုမျက်လုံးများကြောင့် သူမ ပိုင်ဆိုင်သည့်အရာအားလုံးကို ပုံအောပေးပစ်ခဲ့ဖူးသည်။ ရုတ်တရက်ပင် သူမ နားရွက်ဖျားနှင့် ပါးအို့များ နီရဲလာပြီး ထင်းမီးတစ်စလို ပူလောင်နေတော့သည်။ထို့နောက် လေအေးများကို ဝဝရှူသွင်းလိုက်တော့မှ သက်သာသွားလေသည်။သူမလည်း စိတ်အဆင်မပြေဖြစ်မှုကို ဖုံးကွယ်ဖို့ရာ စကားစလိုက်သည်။
"ရှင်ရဲ့ နာမည်ကိုလည်း သိချင်တယ်"
" ရာဟန် ဟာဘက် ပါ"
“……”
ရာဟန် ဆိုသည့် အမည်မှာလိမ်ညာပြောခဲ့ခြင်းဟု သူမ ထင်ခဲ့သော်လည်း ယခုတော့ တစ်ကယ့် နာမည်အရင်း ဖြစ်နေသည်။သူသည် သူမအပေါ် ဘယ်တုန်းကမှ လိမ်ညာခဲ့ခြင်းမရှိချေ။
"ဟုတ်လား"
ရိုစီနာ ခြောက်ကပ်ကပ် ပြန်ပြောလိုက်၏။ထို့နောက် သူမသည် စိတ်တည်ငြိမ်အောင် ကြိုးစားပြီး နန်းတော်ဆီကို နှစ်ယောက်သား ဘေးချင်းကပ်လျှောက်ပြီး ပြန်လာခဲ့သည်။
"မင်း ဘဝက ဘယ်လိုလဲ ကိုယ် မသိပေမယ့်..."
ရိုစီနာ သည် တိတ်ဆိတ်နေသော ခြံဝင်းထဲတွင် ထွက်ပေါ်လာသော ရာဟန်၏ ရှတတ အသံကို အသာ နားထောင်နေမိသည်။
"မင်းလက်ထပ်ပြီးရင် အများကြီးပြောင်းလဲသွားလိမ့်မယ်"
"ပြောင်းလဲမယ် "
ရာဟန် လမ်းလျှောက်တာကို ရပ်လိုက်သဖြင့် သူမလည်း လိုက်ရပ်ကာ ရှေ့က ရှုခင်းတွေကို ကြည့်လိုက်၏။
နူးညံ့သော လရောင်အောက်တွင် ဖူးပွင့်နေသော အဖြူရောင် တောရိုင်းပန်းများသည် လေထဲတွင် တဖျပ်ဖျပ် လှုတ်ခတ်နေကြသည်။ကောင်းကင်ပေါ်က ကြယ်လေးများ၏ တီးတိုးသံကိုလည်း တစ်လမ်းလုံး ကြားရလောက်သည်။
နန်းတော်မှာ ဒီလိုနေရာမျိုး ရှိနေတာလား…
ရိုစီနာ အံ့အားသင့်သွားပြီး လှည့်ပတ်ကြည့်ကာ ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုအချိန်တွင် သူမ ကိုယ်ကလေးသည် တစ်ပတ်လည်သွားပြီး ရာဟန်က သူမခါးကို လာဖက်လိုက်သည်။နှစ်ယောက်စလုံး၏ အသက်ရှုသံက တစ်ချက်ချင်း နီးကပ်သွားသည်။ သူ့အရိပ်ကြီးက သူမအပေါ်ကို လွှမ်းမိုးထားသဖြင့် ရင်ထဲမှာလည်း တင်းကျပ်ကျပ်ကြီး ဖြစ်နေရ၏။အေးစက်သော လေညှင်းတို့နှင့် ဆန့်ကျင်ဘက်ပင်၊သူ့လက်မှာ ပူနွေးလျက်ရှိသည်။ အချိန်မရွေး သူမကို လောင်ကျွမ်းသွားလောက်အောင် ပြင်းထန်သောအကြည့်များဖြင့် ရာဟန် သူမကို ငုံကြည့်နေလေသည်။သူ့မျက်လုံးထဲမှာ ခံစားချက်များ ဖုံးလွှမ်းနေပြီး စူးရှသော မျက်လုံးများက အမှောင်ထဲတွင် တောက်ပနေ၏။ထို့အပြင် အန္တရာယ်အသွေ့အသက်များကလည်း ဖြာထွက်နေတော့သည်။သူ့မျက်လုံးတွေကို အကြာကြီးကြည့်လိုက်နေစဉ် သူမ၏ ဗိုက်အောက်ပိုင်းမှာ တင်းကျပ်လာသလို ခံစားရသည်။
ခဏကြာသောအခါ ရိုစီနာ လည်း သတိပြန်ဝင်လာပြီး သူ့ကို အသာ တွန်းထုတ်လိုက်သည်။ ထို့နောက် စိတ်ကိုတည်ငြိမ်အောင်ထားကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ထိုအခါ ရာဟန် သည် သူမ ခါးကိုကိုင်ထားသော လက်ဖဝါးနှစ်ဖက်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။
တိုက်ခတ်လာသော လေညှင်းသည် ရိုစီနာ ၏ ရင်ထဲကအပူကို အနည်းငယ် အေးစေသည်။
“အများကြီးပြောင်းလဲသွားမယ်…မင်း သွားတဲ့ နေရာတိုင်း လူတွေက မင်းနောက်ကို လိုက်လာမယ်…အဲ့တော့ မင်းအတွက် ပုံမှန်ဖြစ်ဖို့ ခက်လိမ့်မယ်"
သူပြောသည့်အတိုင်းပင် ရိုစီနာ သည် မကြာမီ သာမန်အမျိုးသမီးတစ်ဦးမဟုတ်ဘဲ တတိယမင်းသား၏ ဇနီးဖြစ်လာမည်ဖြစ်သည်။ သူမသည် ရာထူးတစ်ခု၏ အလေးချိန် မည်မျှလေးလံသည်ကို ကောင်းစွာ သဘောပေါက်ခဲ့သည်။ ဖခင်ကို ဆုံးရှုံးခဲ့ရပြီး မိသားစုကို စီမံခန့်ခွဲရမည့် သူလုပ်ခဲ့သောအခါက အလွန်ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသည့်အတိုင်းပင်။
“အင်ပါယာရဲ့ နန်းတော်က ကိုယ့်ရဲ့ နောက်ကလူတွေနဲ့ ပြည့်နေလိမ့်မယ်… မင်းနဲ့ကလေးကိုလည်း တော်ဝင်မိသားစုဝင်တွေက ဝိုင်းပယ်ကြလိမ့်မယ်"
ရွှေရောင်အနာဂတ်အစား ဆူးခင်းထားသောလမ်းများ ပေါ်လာမည်ဖြစ်၏။
ရာဟန်အသက်ကို ဝဝရှူသွင်းလိုက်ပြီး ရိုစီနာကို စိတ်မချစွာ ကြည့်လိုက်သည်။
"ဒါပေမယ့် မင်းကို ဘယ်တော့မှ မထိခိုက်စေရဘူး..."
“ရပါတယ်”
ရိုစီနာ က ခေါင်းယမ်းလိုက်၏။
"ရှင်က ကျွန်မကို ကာကွယ်ရမယ့်သူ မဟုတ်ဘူး"
သူမသည် ဤနေရာတွင်နေပြီး ရှုံးနိမ့်မှုကို စောင့်မျှော်နေရမည့်သူမဟုတ်ပေ။ သူမ၏ နောက်ဆုံးဦးတည်ရာမှာ အာစတေးနီယား တိုင်းပြည် ဖြစ်တာကြောင့် ထိုရည်မှန်းချက်အတွက် အပြင်းအထန်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည်။
“လက်ထပ်ပြီးရင် ကျွန်မ အစွမ်းကုန် ကြိုးစားမယ်…မိခင်တစ်ယောက်အနေနဲ့ရော…ရှင့်ရဲ့ဇနီးအဖြစ်ရော"
တုန်လှုပ်ခြင်းမရှိသော မျက်လုံးများက ရာဟန်ကို စေ့စေ့ကြည့်နေသဖြင့် သူ သတိမထားမိဘဲ တံတွေးမျိုချမိလျက်သားပင်။
"ဒါပေမယ့် ကျွန်မ လိုချင်တာတစ်ခုရှိတယ်..."
"အဲ့ဒါဘာလဲ"
"ဒီနေရာကို ပြင်ဖို့ ကြိုးစားမလို့… အဆင်ပြေရဲ့လား"
"ကိုယ် လူတစ်ယောက် ခေါ်လိုက်မယ်"
"မဟုတ်ဘူး…ရှင် ခွင့်ပြုရင် ကျွန်မကိုယ်တိုင် အလှဆင်ချင်တယ်"
သူမသည် ဤနေရာတွင် အနည်းဆုံး နှစ်အနည်းငယ်ကြာနေထိုင်ရမည် ဖြစ်တာကြောင့် ရာဟန် ကိုချည်း အားမကိုးချင်ပေ။ ယခု သူမသည် နန်းတော်တွင် တည်းခိုနေသူ တစ်ယောက်ဖြစ်တာကြောင့် သူမ၏ ကိုယ်ပိုင်လမ်းကို ဖြတ်သန်းလိုသည်။
“ဒါပေမယ့်…”
ရာဟန် ခဏတုံ့ဆိုင်းသွားသည်။
သူ၏ ချီတုံချတုံ ဖြစ်နေသော အမူအရာကို ကြည့်ပြီး နန်းတော်အတွက် ဘတ်ဂျက်ငွေ ခွဲဝေမှု နည်းပါးခြင်းကြောင့်ဟု သူမ ထင်သွားရသည်။ သူကိုယ်တိုင်ကလည်း ဘာအလုပ်မှ မလုပ်တာကြောင့် တော်ဝင်နန်းတော်မှ ပံ့ပိုးကူညီမှာလည်း မဟုတ်ပေ။
“ဘတ်ဂျက်ကို တတ်နိုင်သလောက် နည်းနည်းပဲယူမယ်… စိတ်မပူပါနဲ့”
ရာဟန်သည် သူမစကားကြောင့် အံ့ဩသွားတော့သည်။
“ဘတ်ဂျက် ဘယ်လောက်ကုန်မယ်ဆိုတာ အရေးမကြီးပါဘူး…ကြိုက်သလောက်သုံးလို့ ရပါတယ်”
သို့သော်လည်း သူမ တွေးမိသည်က အလုပ်မရှိဘဲ ထိုင်စားလိုက်လျှင် ဆောင်းရာသီ ရောက်သောအခါ အလွန်လှသည့် နန်းတော်ထဲမှာ ဗိုက်အဆာခံပြီး ခိုက်ခိုက်တုန်အောင် အေးနေပေလိမ့်မည်။
ယခုအချိန်မှစ၍ သူမသည် မင်းသား၏ နန်းတော်အတွက် အသက်မွေးဝမ်းကြောင်းပြုရမည်ဖြစ်သည်။
"ဒါဆို မနက်ဖြန်ကျရင် စမယ်"
ထို့နောက် သူမသည် ဥယျာဉ်ကို ချက်ချင်းပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။
***
ရိုစီနာသည် မနက်စောစောထပြီး ဝတ်ရတာ သက်တောင့်သက်သာရှိသည့် အဝတ်အစားများကို ပြောင်းဝတ်လိုက်ပြီး မီးဖိုချောင်ထဲမှာ အသားညှပ်ပေါင်မုန့်ကို ပြုလုပ်ခဲ့သည်။
အသားညှပ်ပေါင်မုန့်ကြောင့် ပျော်ပွဲစားထွက်နေသလို ခံစားရသော်လည်း တစ်ကယ်တမ်းတွင် ပျော်ပွဲစားမဟုတ်ပေ။
ထို့နောက် သူမ သည် အီလီယန် နှင့်အတူ အိမ်နောက်ဖေးသို့ သွားလိုက်သည်။ ကြုံရာကျပန်း ပေါက်နေသော ချုံပုတ်များမှာ အစုလိုက်အထွေးလိုက်ပင်။သူမသည် အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ဂိုဒေါင်ထဲက တဘက်တစ်ထည်ကို ယူလာခဲ့သည်။
"အီလီယန်…ဟိုနားကို သွားကြရအောင်"
အီလီယန် ကလည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"သားလည်း… သားလည်း လုပ်ချင်တယ်…
အီလီယန် သည် သူမ လက်ကို ကိုင်ထားရင်းက ပြောလိုက်သည်။ ရိုစီနာမှာ စကားထစ်နေသည့် အီလီယန်ကို စ်တ်မကောင်းဖြစ်သွားမိသည်။ထို့နောက် ချက်ချင်းပင် အဆောက်အဦးထဲသို့ ပြန်ဝင်ကာ ဇွန်း ယူလာခဲ့သည်။
"အီလီယန် ဒါကို ယူမှာလား"
ဇွန်းမှာ တစ်ချောင်းသာရှိသော်လည်း အီလီယန် ၏ လက်သေးသေးများနှင့်ဆိုလျှင် အထူးသင့်လျော်သည်။ ထို့နောက် သားအမိနှစ်ယောက်သည် ဘေးချင်းကပ်လျက် ထိုင်ကာ ပန်းခင်းကို စတင်ရှင်းလင်းကြသည်။ပထမဦးစွာ၊ချည်မျှင်များကဲ့သို့ ဆိုးရွားစွာ ပေါက်နေသော ပေါင်းပင်များကို တူးဖော်ပြီး ချုံပုတ်ကြီးကို ဖြတ်တောက်ကြရသည်။ အိမ်နောက်ဖေးကို ရှင်းဖို့ ကြိုးစားနေကြစဉ် သူမတို့အနားရှိ သစ်ကိုင်းတွေပေါ်မှာ နားနေသည့် ငှက်ကလေးများကလည်း ကျီကျီကျာကျာနှင့် ချစ်စရာကောင်းလှပေသည်။
ရိုစီနာ သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ငှက်များကို နားခွင့်ပေးလိုက်သည်။ ထိုအခါ ငှက်ကလေးများသည် သူမလက်ကို ပွတ်သပ်နေကြပြီး ချစ်ခင်မှုကို တတ်သလောက် ပြနေကြလေသည်။ထို့နောက် သားရဲလေးများပါ သူမအနားကို ချဉ်းကပ်လာကြသည်။ ကြောင်များ၊ ခွေးနက်များနှင့် ယုန်ဖြူများပင်။ဤသို့ဖြင့် အိမ်နောက်ဖေးသည် တိရစ္ဆာန်ရုံငယ်လေးတစ်ခုနှင့် ဆင်တူနေပြီဖြစ်သည်။ တိရိစ္ဆာန်များသည် သူမ အနီးတစ်ဝိုက်တွင် ခိုအောင်း နေထိုင်ကြပြီး အကူအညီတောင်းပါရန် တီးတိုးပြောနေကြသည်။ မရှင်းနိုင်မှာ စိတ်ပူနေသော ရိုစီနာကလည်း သစ်ရွက်ခြောက်ပုံကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါလေး ကူညီပေးနိုင်မလား"
သူမ စကားဆုံးသည်နှင့်တစ်ပြိုင်နက် တိရစ္ဆာန်များသည် အရွက်များကိုကိုက်ရန် ဘေးချင်းကပ်လျက် တန်းစီလိုက်ကြသည်။
သူမ တစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရန် ခက်ခဲနိုင်သော်လည်း အများစုပေါင်းအားနှင့်ဆိုလျှင် လွယ်ကူပေလိမ့်မည်။
ရိုစီနာ သည် မတ်မတ်ထိုင်ထားရင်း ခြံစည်းရိုးကို မော့ကြည့်လိုက်ရာ ကောင်းကင်ထက်ပင် မြင့်မားသော နွယ်ပင်များသည် သူမမျက်လုံးထဲ ကြည်လင်ပြတ်သားစွာ ပေါ်လာကြ၏။ နံရံများကို ပြန်လည် ပြုပြင်ရန် လိုအသောကြောင့် ယနေ့တစ်နေ့တည်း လုပ်စရာတော်တော်များနေပြီဖြစ်သည်။
"တိရိစ္ဆာန်တွေ အနားယူဖို့ နေရာလေး လုပ်ပေးရမယ်"
သူမကိုယ်သူမ ရေရွတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ နန်းတော်သည် သေးငယ်သော်လည်း ဥယျာဉ်နှင့် အိမ်နောက်ဖေးသည် အလွန်ကျယ်တာကြောင့် အသုံးပြုရန် နေရာလွတ်များစွာရှိသည်။ ထို့နောက် သူမသည် အရာအားလုံးကို တစ်ခုပြီးတစ်ခုပြောင်းလဲမည်ဟု တွေးလိုက်မိသည်။
နေဝင်ချိန်ရောက်ခါမှ ရိုစီနာ မတ်တပ်ရပ်ရတော့သည်။ သစ်ရွက်တွေကိုသာ ရှင်းရပြီး နံရံကိုလည်း ကြည့်ကောင်းအောင် ပြင်ရသေးသော်လည်း အခုမှ အစဖြစ်၍ သိပ်မဆိုးပေ။ နေ့တိုင်း လုပ်လိုက်လျှင် အိမ်နောက်ဖေးမှ။ မကြာခင် သန့်ရှင်းလာမည် ဖြစ်သည်။
ညနေခင်းမရောက်မီ ရိုစီနာ သည် နန်းတော်သို့ပြန်ရန် ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးလိုက်သေးသည်။ ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံကို မနက်ကတည်းက စူးစူးဝါးဝါး အသံကြားနေရသော်လည်း သိပ်ပြီးရှည်ရှည်ဝေးဝေး တွေးမနေခဲ့ပေ။သို့သော်လည်း ယခုကြားရသောအသံမှာ တော်တော် ဆိုးဝါးလှပေသည်။
"အီလီယန်…မေမေ့လက်ကို ကိုင်ထား"
အီလီယန် ကို ထားခဲ့ဖို့ အဆင်မပြေတာကြောင့် လက်ကိုဆွဲထားလိုက်သည်။ထို့နောက် ရိုစီနာ သည် အီလီယန် နှင့်အတူ အိမ်နောက်ဖေးမှ အမြန်ထွက်လာခဲ့သည်။ နောက်ဆုံးတွင် နန်းတော်ရှေ့ ရောက်လာရာ တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူမ မျက်လုံး ပြူးသွားရသည်။
"ဘာတွေဖြစ်နေတာလဲ…"
ခမ်းနားသော နန်းတော်သည် လုံးဝအဆောက်အအုံ အသစ်တစ်ခုလိုပင် ပြောင်းလဲသွားခဲ့သည်။