(2.1) ကောကော happy birthday
သူ့အနားမှာရှိနေတဲ့ ဧည့်သည်တွေအကုန်လုံး ကြောင်အသွားကြတယ်။
ရုန်မိသားစုရဲ့သခင်ငယ်လေးက ဒီနေ့မှာ
သူ့ရဲ့စရိုက်ကိုပြောင်းလဲလိုက်တာ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ။
ဟဲယွီတောင်မှ ရှုပ်ထွေးသွားခဲ့တယ်။
ပုံမှန်ဆိုရင် သူတို့ရဲ့ရှုန်းတိ(ညီအစ်ကိုကောင်း)တွေ
ကျိုးယွီအကြောင်း မကောင်းပြောရင် ရုန်ရုန်က သူတို့နဲ့တိုက်ခိုက်လေ့ရှိတယ်လေ။
ဒီနေ့ နေကအနောက်ဘက်က ထွက်လာတာများလား။
ပါတီပွဲမှာရောက်ရှိနေတဲ့ ကျိုးယွီရဲ့အမူအယာက
နက်မှောင်သွားခဲ့တယ်။
သူက ရှက်ရွံ့သိမ်ငယ်မှုတွေကို နှလုံးသားထဲမှာ သိမ်းထားကာ
သူ့ရဲ့မျက်လုံးတွေကတော့ ဓားတွေလိုထက်ရှနေပြီ။
“ရုန်ရုန် မင်းရဲ့စကားက ဘာအဓိပ္ပါယ်လဲ”
ရုန်ရုန် သူ့လက်ထဲက ရှန်ပိန်ခွက်ကို
သာမန်ကာလျှံကာလှုပ်လိုက်တယ်။
“ အဲဒီလိုအဓိပ္ပါယ်ပဲလေ.. ဘာလို့လဲ..
ကျိုးသခင်လေးက လူစကားကိုနားမလည်တာများလား”
ဇာမဏီမျက်ဝန်းတစ်စုံက ဝေ့ကြည့်လာကာ အဆုံးမရှိတဲ့
ချစ်မြတ်နိုးချင်စရာနဲ့ လိင်အားထက်သန်မှုတွေကိုဖြစ်စေနိုင်ခဲ့ပေမဲ့
အထင်အမြင်သေးမှုကတော့ အထင်အမြင်သေးမှုပဲလေ။
ကျိုးရိုဆိုတာက တရားမဝင်ကလေးအဖြစ် မွေးဖွားလာခဲ့တဲ့သူပဲ။
သူက ကျိုးအိမ်တော်ကိုပြန်ရောက်လာပြီး
ဖူချန်ရဲ့အထက်တန်းလွှာထဲကို ဝင်ရောက်နိုင်ခဲ့ပေမဲ့ သူ့ရဲ့အရိုးထဲမှာ စွဲမြဲနေတဲ့
သိမ်ငယ်စိတ်တွေနဲ့ ဆတ်ဆတ်ထိမခံတတ်မှုတွေက နာမည်ကြီးဘရန်းတွေ ဇိမ်ခံကားတွေနဲ့
အလွယ်တကူဖုံးကွယ်ထားလို့ မရနိုင်ဘူး။
သူ့ရဲ့ဘဝမှာ အမုန်းဆုံးက တစ်ဖက်လူက သူ့ကိုအရှက်ခွဲလာတာပဲ!
သူ့အနေနဲ့ လက်ရှိမှာ ရုန်မိသားစုကို
အပြစ်မကျူးလွန်နိုင်သေးဘူး။
အခုချိန်မှာတော့ ထိန်းထားရုံပဲတတ်နိုင်တယ်။
“ဒီနေ့ကို မှတ်ထားလိုက်မယ်”
“ဘာပဲဖြစ်ဖြစ်ပေါ့”
သူကသေသွားပြီပဲလေ။
မေ့လိုက်တော့။ သူနဲ့ဘာတွေလုပ်စရာရှိနေမှာလဲ?
ရုန်ရုန်ရဲ့ပေါ့ပါးတဲ့အသံကြောင့် ကျိုးယွီရဲ့မျက်နှာက
ပိုပြီး နက်မှောင်လာခဲ့တယ်။
ရုန်ရုန် ကျန်ရှိနေသေးတဲ့ ရှန်ပိန်တစ်ဝက်ကို
မော့သောက်လိုက်တယ်။
ဖြူဖွေးနေတဲ့ လည်တိုင်က မြင့်တက်လာပြီး လူတွေကို ယားယံစေတဲ့
မေးရိုးလိုင်းတွေပေါ်ထွက်လာကာ ဟင်္သာပြဒါးလိုနီရဲနေတဲ့နှုတ်ခမ်းက
ရှန်ပိန်ရဲ့အကူအညီနဲ့ ရွှန်းစိုနေပြီး အလွန်အမင်းဆွဲဆောင်မှုပြင်းထန်နေခဲ့တယ်။
တချို့သော ဧည့်သည်တွေက မသိလိုက်မသိဘာသာနဲ့
တံတွေးမြိုချလိုက်မိတယ်။
ဘာတွေဖြစ်နေတာလဲ?
ငါဘာလို့ ရုန်မိသားစုရဲ့ သခင်ငယ်လေးက အရမ်း ...
ဖြားယောင်းနိုင်တာကို မသိခဲ့ရတာလဲ?
သူက ချိုင့်ဝှမ်းထဲမှာ ဖူးပွင့်နေတဲ့ Red spider
Lilyလိုမျိုးပဲ။ သူက နီရဲ တောက်ပစွာ ဖူးပွင့်နေကာ လူတွေကို
မျက်လုံးမလွဲနိုင်အောင် ဖမ်းစားနိုင်လွန်းတယ်။
သူတို့တွေ အောက်ကိုတွယ်ဆင်းပြီး လက်နဲ့လှမ်းခူးကာ နေ့ရောညပါ
ဆော့ကစားချင်တဲ့စိတ်ကိုဖြစ်စေတယ်။
(T/n___ anime တွေလည်း
အလုံးကန်းလောက်အောင်ကြည့်ပြီး ရှန်းရှ တုန့်ဟွတွေလည်း အများကြီးကြည့်ခဲ့ဖူးပေမဲ့ red
spider lilyကို မြန်မာလိုဘယ်လိုခေါ်လဲဆိုတာ တကယ်ကြီး
မသိလို့(မေ့သွားတာဖြစ်နိုင်)
သိတဲ့သူရှိရင် ပြောခဲ့ကြပါဦး QAQ)
အရင်တုန်းက ဟောခန်းထဲက လူအများစုက ရုန်မိသားစုရဲ့
ဒုတိယသခင်လေးကိုအထင်သေးခဲ့ကြတယ်။
တက္ကသိုလ်မှ ဘွဲ့မရသေးတာကြောင့် သူ့အဖေရဲ့ကုမ္ပဏီဖြစ်တဲ့
ရုန်လုပ်ငန်းစုမှာ အလုပ်ဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ သူနဲ့ယှဥ်ရင် အပြင်လောကကြီးရဲ့
သဘောကျစရာမရှိတဲ့အသံတွေကြားမှာ ရုန်ကျန်းကတော့ သူ့ရဲ့အသက်၂၃နှစ်အရွယ်မှာပဲ
ကိုယ်ပိုင် စီးပွားရေးအင်ပါယာတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်လေ။
ရုန်ကျန်းရဲ့ အလင်းရောင်က တောက်ပလွန်းအားကြီးတာကြောင့်
ရုန်မိသားစုရဲ့ သခင်လေးဆိုတဲ့အမည်နာမက သူ့အတွက် မလုံလောက်တော့ဘူး။
ဒါ့အပြင် ဂုဏ်အသရေရှိ ရုန်မိသားစုရဲ့ သခင်ငယ်လေးက
တရားမဝင်ကလေးကို လိုက်နေတာမလား?
ဘယ်သူက အထင်ကြီးမှာလဲ?
သို့ပေမဲ့ အခုချိန်မှာတော့ လူတိုင်းက ရုန်မိသားစုရဲ့
သခင်ငယ်လေး ဘယ်လောက်ပဲ ကန်းနေပါစေ သူက လှပလွန်းတယ်လို့ တွေးနေကြပြီ!
ဒီလို ငေးမောဖွယ်ရာလေးက အိမ်မှာကြီးပြင်းခဲ့မယ်ဆိုရင်
တစ်ဖက်လူက တကယ်ပဲ ဘာတစ်ခုကိုမှ မသိနားမလည်ဘူးဆိုရင်တောင် သူတို့ရဲ့အိမ်က
ဘယ်လောက်တောင် သာယာကြည်နူးဖွယ်ဖြစ်နေလိုက်မလဲနော်။
ရုန်ကျန်း အေးစက်စက်အကြည့်တစ်ချက်ပို့လွှတ်လာတယ်။
ထိုလူတွက ချက်ချင်းပဲတုန်လှုပ်သွားပြီး ခေါင်းကိုငုံ့ကာ
ခုနတုန်းကရှိနေတဲ့ မတွေးအပ်တဲ့အတွေးတွေကို အမြန်မောင်းထုတ်လိုက်ရတယ်။
“ကောကော ကျွန်တော်မှာ ကောကောအတွက်
လက်ဆောင်ရှိတယ်.. ကျွန်တော်နဲ့ အပေါ်ကိုလိုက်ခဲ့ပေးပါ.. အိုခေ”
ရုန်သခင်ငယ်လေးက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေကို
လွတ်လွတ်လပ်လပ်ထုတ်လွှတ်နေဆဲဖြစ်ကာ ဂုဏ်မောက်နေတဲ့ ဇာမဏီတစ်ကောင်လိုမျိုးပဲ။
သူ့ရဲ့အစ်ကိုဖြစ်သူနဲ့စကားပြောချိန်မှာ သူ့ရဲ့လေသံက ကလူမြူဆွယ်ဟန်
အနည်းငယ်ပေါက်နေခဲ့တယ်။
သူတို့နှစ်ယောက်သာ ညီတစ်ကိုတွေမဟုတ်ဘူးဆိုရင် သူတို့တွေ
တကယ်မနာလိုဖြစ်မိမှာ။
“အမွှေးလုံးလေး_”
ဟဲယွီ သူဘာလို့ ရုန်ရုန်ကိုရပ်တန့်စေချင်တာလည်းဆိုတာကို
မသိခဲ့ဘူး။
ရုန်ရုန် ဟဲယွီကို အေးစက်စွာစိုက်ကြည့်လိုက်တယ်။
သူ့ရဲ့အတိတ်ဘဝမှာတုန်းက သူ့ရဲ့ဥာဏ်ရည်ဥာဏ်သွေးတွေက
ရေမွှာပေါက်တုန်းက တစ်ခါတည်းပါသွားခဲ့တာဖြစ်လောက်တယ်။
အဆိပ်ပြင်းတဲ့မြွေကို သစ္စာရှိခွေးလို့ အထင်မှားခဲ့ပြီး
လူယုတ်မာဟဲယွီကို သူငယ်ချင်းလိုဆက်ဆံခဲ့တယ်။
ဂရုတစိုက်နဲ့ ပြန်တွေးကြည့်ရင် အတိတ်ဘဝတုန်းက
သူဒေါသထွက်နေတဲ့အချိန်မှာ ဟဲယွီသာ ထိုစကားကိုမပြောခဲ့ရင်၊
သူ့ရဲ့သူငယ်ချင်းကောင်းကတောင် သူ့ရဲ့ခံစားချက်ကိုနားမလည်ဘူးလို့
ခံစားရအောင်လုပ်ပြီး သွယ်ဝိုက်တဲ့နည်းနဲ့ သွေးထိုးမှုတွေမလုပ်ခဲ့ရင် သူက
သူ့ရဲ့အစ်ကို,ကို စိတ်လိုက်မာန်ပါနဲ့ ရန်သူလုပ်မိပါ့မလား။
သူ့ရဲ့အတိတ်ဘဝမှာတုန်းက သစ္စာဖောက်ခံရမှုတွေ၊ မိသားစုမှ
ခွဲထုတ်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ပြီးပြီ။ ဟဲယွီရဲ့မီးညှိနေမှုကို
ဘယ်လိုလုပ်မမြင်ဘဲနေမှာလဲ?
သူက တစ္ဆေအဖြစ်တောင်ပြောင်းနေပြီ။ ထပ်ပြီး
မတုံးအနိုင်တော့ဘူး!
သူ့အစ်ကိုရဲ့မွေးနေ့ကို တစ်ကြိမ်ဖျက်စီးမိပြီးသွားပြီ။
သူ့ကိုပြီးပြည့်စုံတဲ့ မွေးနေ့တစ်ခု ပေးရမယ်လေ။
ဒီလိုလုပ်မှ သူလည်း နောင်တတွေမကျန်ရှိတော့ဘဲ
အဝေးကိုစိတ်ဖြောင့်ဖြောင့်နဲ့ထွက်သွားနိုင်မှာ။
ရုန်ရုန် နေရာမှာ အေးခဲနေတဲ့ ဟဲယွီကိုစိုက်ကြည့်လိုက်တယ်။
ဟဲယွီ ပြန်လည်တုံ့ပြန်လာချိန်မှာတော့ ရုန်ရုန်နဲ့ သူ့အစ်ကို
ရုန်ကျန်းက အပေါ်ကိုတက်သွားခဲ့ကြပြီ။
နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အလွန်ကိုမှ
ရှင်းရှင်းလင်းလင်းသိနေခဲ့ကြတယ်။
ရုန်ရုန်က မာနကြီးပြီး မောက်မာလွန်းတယ်။ လူအများစုက
သူ့ကိုသဘောမကျဘူး။ ဒါပေမဲ့ သူ့ကို သဘောမကျရင်တောင် ရုန်မိသားစုရဲ့ သခင်ငယ်လေးက
ဘယ်သူမို့လို့လဲ။ အမြဲတမ်းသခင်တစ်ယောက်ဖြစ်နေမှာပဲ။
ဟဲယွီက ပိုက်ဆံကသုံးတဲ့အချိန်မှာ အမြဲတမ်းလက်ဖွာတတ်တယ်။
သူ့မှာပိုက်ဆံမရှိတော့ရင် ရုန်ရုန်ဆီကနေချေးလိမ့်မယ်။
ရုန်ရုန်က ဘယ်တော့မှ မငြင်းခဲ့ဖူးဘူး။
ပြန်လည်းမတောင်းခဲ့ဘူး။
သူက အရည်အချင်းပြည့်ဝတဲ့ငွေထုတ်စက်ကြီးပဲ။
မဟုတ်ခဲ့ရင် သူက ဒီလိုဆိုးရွားတဲ့စရိုက်ရှိတဲ့သခင်လေးကို
သည်းခံနေမှာမဟုတ်ဘူး!
ဒီသခင်လေးရုန်က အခုလေးတင်လုပ်သွားတာက
ဘယ်လိုပြင်းထန်တဲ့ရောဂါမျိုးဖြစ်နေလို့လဲဆိုတာကို ဘုရားသခင်ကပဲ သိလိမ့်မယ်!
သူ့ကိုလျစ်လျူရှုသွားတယ်။ သူ့ကို လျစ်လျူရှုသွားတယ်ပေါ့လေ။
ဟဲယွီ ဘာမှမဖြစ်သလိုမျိုး
ရှန်ပိန်တစ်ခွက်ကောက်ယူလိုက်ပြီး အလှလေးတွေနဲ့ စကားသွားပြောလိုက်တယ်။
ရုန်ရုန် မသောက်ခဲ့တာကြာမြင့်ခဲ့ပြီ။
ဒါကြောင့် ရှန်ပိန်လေးတစ်ခွက်ကတောင် သူ့ကို မူးဝေစေတယ်။
အပေါ်ထပ်ကိုတက်တဲ့အချိန်မှာ သူ့ရဲ့ကိုယ်က ယိုင်ထိုးနေပြီး
လေပေါ်ကိုတက်နင်းမိလုနီးပါးပဲ။
သူ့နောက်မှလိုက်နေတဲ့ရုန်ကျန်းက လက်ကိုဆန့်ပြီး
လှမ်းထိန်းပေးလိုက်တယ်။
ရုန်ရုန် နောက်ကိုပြန်လှည့်ကြည့်ပြီး ရုန်ကျန်းကိုတောက်ပစွာ
ပြုံးပြလိုက်တယ်။
“ကျေးဇူးပါကောကော”
ရုန်ကျန်းရဲ့မျက်လုံးတွေက အနည်းငယ်နစ်မြှပ်သွားရတယ်။
သူက ရုန်ရုန်ရဲ့ကွေးညွတ်နေတဲ့နှုတ်ခမ်းကိုစိုက်ကြည့်ပြီး
သူ့ရဲ့မျက်လုံးတွေက အတွေးနက်နေခဲ့တယ်။
သူ့ရဲ့ညီငယ်လေးက အခုလေးတင်
အနည်းငယ်လောက်ပြောင်းလဲသွားတယ်လို့ သူတွေးမိနေခဲ့တယ်။
သူပြောလိုက်တယ်။
“လမ်းကိုသေချာကြည့်လေ”
“ကောင်းပါပြီ.. ကောကောရဲ့စကားကိုနားထောင်မယ်”
ရုန်ရုန် နာခံမှုအပြည့်နဲ့ခေါင်းညိတ်ပြကာ ပြုံးလာပြန်တယ်။
ကောင်းလိုက်တာ။
သူသေသွားတဲ့အချိန်မှာ ရုန်ကျန်းကိုမြင်နိုင်သေးပြီး
တစ်ဖက်လူကိုလည်း ကောကောလို့ ထပ်ခေါ်နိုင်တယ်။
တကယ့်ကို ကောင်းတယ်။
ဘုရားသခင်က သူ့ကို ကောင်းကောင်းဆက်ဆံပေးတာပဲ။
ရုန်ရုန်ရဲ့နှုတ်ခမ်းပေါ်မှ အပြုံးက
ပိုပိုပြီးလှပစွာဖူးပွင့်လာတယ်။
သူ့ရဲ့မျက်လုံးထောင့်စွန်းတွေကတော့ အနည်းငယ်နီရဲနေခဲ့တယ်။
ရုန်မိသားစုအိမ်မှ ထွက်ခွာလာခဲ့ရပြီးနောက်မှာ
ရုန်မိသားစုမှာတုန်းကနေ့ရက်တွေအကြောင်းကို ရုန်ရုန်အမြဲတမ်း အိပ်မက်မက်ခဲ့တယ်။
နေရောင်ခြည်တောက်ပနေတဲ့မနက်ခင်းမှာ သူ့မိဘတွေနဲ့အတူ
တစ်စားပွဲထဲ ထိုင်နေခဲ့တာကို အိပ်မက်မက်ခဲ့တယ်။ သူ့မိဘတွေအာရုံမထားတဲ့အချိန်မှာ
သူ့အထဲမှ ကြက်ဥကြော်ကို ရုန်ကျန်းထံသို့ ခိုးကြောင်ခိုးဝှက်နဲ့ ထည့်ပေးခဲ့တာကို
အိပ်မက်မက်ခဲ့တယ်။
ရုန်ကျန်းက သူ့ဆီကို ကြက်ဥပြန်ထည့်ပေးတတ်ပြီး ဒါကိုစားမှ
အဟာရညီညွတ်မှာဖြစ်ကြောင်းပြောခဲ့တယ်။ သူ့ရဲ့စကားကြောင့် သူ့အမေဆီ မိသွားခဲ့ကာ
ရုန်းမားမားက သူ့ကိုစိုက်ကြည့်ခဲ့ပြီး နွားနို့ခွက်ကြီးတစ်ခွက်
သောက်ခိုင်းပြီးမှသာ အပြင်ကိုထွက်ခွင့်ပြုခဲ့တယ်။
ထိုအချိန်တုန်းက သူတို့တွေ ငယ်ရွယ်နေသေးတာပဲ။
နောက်တော့ အိပ်မက်က ပြောင်းလဲသွားခဲ့ပြန်တယ်။ အရာအားလုံးက
သူနဲ့ သူ့ရဲ့မိသားစုဝင်တွေ စကားများခဲ့တဲ့ ပုံရိပ်တွေပဲ။
သူက ဒေါသထွကစွာနဲ့ သားရဲတစ်ကောင်လို အော်ဟစ်ခဲ့တယ်။
မိသားစုဝင်တွေကတော့ ဝမ်းနည်းစွာ၊ စိတ်ပျက်စွာကြည့်နေခဲ့ကြတယ်။
ခဏလောက်ကြာတော့ သူ့ရဲ့ကလေးဘဝဆီကို အိပ်မက်မက်ခဲ့ပြန်တယ်။
သူအဖျားကြီးနေခဲ့တာကြောင့် သူ့မိဘတွေက
သူ့ကိုတစ်ညလုံးစောင့်ကြည့်နေခဲ့ကြပြီး သူ့အစ်ကိုကတော့ သူ့အကြိုက်ဆုံးအရုပ်လေးကို
ရုန်ရုန်ရဲ့ အိပ်ယာဘေးမှာထားပေးခဲ့တယ်။
နောက်တော့ ငှားရမ်းထားတဲ့
ယိုယွင်းပျက်စီးနေတဲ့အခန်းကျဥ်းလေးနဲ့ အလင်းရောင်မှိန်မှိန်အောက်မှာ နိုးထလာရတယ်။
သူ ရုန်မိသားစုရဲ့အကြောင်း အရာအားလုံးကို အလွန်ပဲ
ရင်းနီးကျွမ်းဝင်လွန်းတာပေါ့။
ရုန်ရုန် အပေါ်ထပ်ကိုတက်သွားပြီး တွေးတောနေစရာမလိုအပ်ဘဲ
ကော်ရစ်တာမှ ဒုတိယမြောက်အခန်းတံခါးဆီကိုလျှောက်သွားကာ
အိပ်ခန်းတံခါးကိုတွန်းဖွင့်လိုက်တယ်။
သူ အိပ်ယာဆီကိုလျှောက်သွားပြီး ခုတင်ဘေးနားမှ
စားပွဲအံဆွဲကိုဖွင့်ဟလိုက်တယ်။
ပြီးနောက် အထဲမှာ နက်ပြာရောင် ကတ္တီပါလေးထောင့်ဘူးလေးကို
လှမ်းယူလိုက်တယ်။
“ကောကော happy birthday”
ကောင်းလိုက်တာ။
နောက်ဆုံးတော့ ဒီလက်ဆောင်ကို သူ့အစ်ကိုဆီကို ပေးနိုင်ဖို့
အခွင့်အရေးရရှိခဲ့ပြီ။
(2.2)
ရုန်ကျန်း ရုန်ရုန်ရဲ့လက်ထဲမှ ကတ္တီပါဘူးကို
အံ့သြမှုအနည်းငယ်နဲ့လှမ်းယူလိုက်တယ်။
သူ့ရဲ့ညီငယ်လေးက သူ့အတွက်လက်ဆောင်တစ်ခု
တကယ်ပြင်ဆင်ထားလိမ့်မယ်လို့ သူမထင်ထားခဲ့မိဘူး။
သူတို့ညီအစ်ကိုတွေက ငယ်ရွယ်စဥ်တုန်းက
အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ပေမဲ့ အရွယ်ရောက်လာချိန်မှာတော့
အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ညီလေးနဲ့ ဝေးကွာလာခဲ့တယ်။
အခုလေးတင် သူ့ရဲ့ညီငယ်လေးက သူ့ကိုအပေါ်ထပ်သို့တက်လာခဲ့ဖို့
ဆင်ခြေတစ်ခုပေးခဲ့ပေမဲ့ တကယ်တမ်းမှာ ကျိုးယွီနဲ့ပတ်သက်ပြီး
သူနဲ့တိုက်ခိုက်ချင်ခဲ့တယ်လို့ ထင်ခဲ့တာ...
သူမှားသွားခဲ့တာပဲ။
“ကော ဖွင့်ပြီးမကြည့်ဘူးလား”
ရုန်ကျန်း ဘူးလေးကိုဖွင့်ကြည့်လိုက်တယ်။
ဒါက နီလာပြာရောင်ရင်ထိုးလေးပဲ။ တစ်ခုလုံးကို ရေလှိုင်းပုံစံ
ဒီဇိုင်းဆွဲထားပြီး အလယ်ဗဟိုမှာ နီလာကျောက်မျက်ကိုထည့်သွင်းထားပြီး
အစွန်းနားမှာတော့ စိန်ပွင့်တွေနဲ့ ရံခြယ်ထားတယ်။ ရေလှိုင်းက
ကမ်းခြေမှာရှိနေတဲ့ကျောက်ဆောင်ကို လာရောက်ရိုက်ခတ်နေသလိုပဲ။
တိတ်ဆိတ်ပြီး အလှမ်းဝေးကွာတယ်။
ရုန်ကျန်းလိုမျိုး။
“သဘောကျလားဟင် ကောကော”
ရုန်ကျန်းက ရင်ထိုးတွေတပ်ဆင်လေ့မရှိဘူး။ ဒါပေမဲ့
သူ့ညီငယ်လေးရဲ့လက်ဆောင်ကို သဘောကျမိတာကနေတော့ မတားဆီးနိုင်ခဲ့ဘူး။
“ကောသဘောကျပါတယ်.. ကျေးဇူးပဲ”
“ဒါဆို ကျွန်တော် ကောကောအတွက်တပ်ပေးမယ်လေ..
အိုခေ”
“.... ကောင်းပါပြီ”
ရုန်ရုန် ရုန်ကျန်းဆီကိုလျှောက်လာခဲ့တယ်။
သူက နက်ပြာရောင်ကတ္တီပါဘူးထဲမှ ရင်ထိုးကိုထုတ်လိုက်ပြီး
ရုန်ကျန်းရဲ့အနက်ရောင်ဝတ်စုံပေါ်မှာ ထိုးစိုက်ပေးလိုက်တယ်။
နီလာပြာရောင်ရင်ထိုးက ရုန်ကျန်းရဲ့တည်ငြိမ်တဲ့
အတွင်းစိတ်ကို ထင်ဟပ်စေတယ်။
“ချစ်စရာကောင်းတယ်”
ရုန်ရုန် လက်မထောင်လိုက်တယ်။ သူ့ရဲ့ဂန္တဝင်လက်ရာကို
စိတ်ကျေနပ်မှုအပြည့်နဲ့ပေါ့။
သူက ရင်ထိုးကိုချီးကျူးနေတာလား ၊
တပ်ဆင်ထားတဲ့လူကိုချီးကျူးနေတာလား ဒါမှမဟုတ် နှစ်ခုလုံးကိုလားဆိုတာကိုတော့
မသိနိုင်ဘူး။
“ပွဲအခန်းအနားကမပြီးသေးဘူး အောက်ိုဆင်းရအောင်”
“အိုခေ”
ရုန်ရုန် ပြုံးလိုက်ပြီး သူ့အစ်ကိုရဲ့လက်ကို
ဆွဲကိုင်လိုက်တယ်။
ရုန်ကျန်းရဲ့မျက်လုံးအစုံက
သူတို့နှစ်ယောက်ရဲ့တွယ်ဆက်ထားတဲ့နေရာကို ကြည့်လိုက်ပေမဲ့ ဖယ်ထုတ်ခြင်းတော့
မပြုခဲ့ဘူး။
ရုန်ရုန်က အစ်ကိုဖြစ်တဲ့ရုန်ကျန်းရဲ့ လက်မောင်းကိုချိတ်ရင်း
ညီအစ်ကိုနှစ်ယောက် အောက်ထပ်ကို ပြန်ဆင်းလာခဲ့ကြတယ်။
ထို ညီအစ်ကိုနှစ်ယောက်ရဲ့ပုံရိပ်က ဟောခန်းထဲမှလူတိုင်းကို
နောက်တစ်ကြိမ် တီးတိုးပြောမိသွားစေပြန်တယ်။
“ညီအစ်ကိုနှစ်ယောက် ပြန်တည့်သွားပြီလား”
“ ငါ အမြင်မှားနေတာမဟုတ်ဘူးမလား”
“ကြည့်လိုက်! မင်းတွေ့လား..
ရုန်ကျန်းရဲ့ရင်ဘတ်မှာ ရင်ထိုးထပ်ထားတယ်ဟ”
“ဒီရင်ထိုးက .. အရင်တုန်းက ကယ်လ်ဆန် ကျုံးက
ချို့တဲ့မှူကူညီရေးလေလံပွဲမှာ ထည့်သွင်းလိုက်တာကိုမှတ်မိတယ်.. ဒီရင်ထိုးက
လွန်ခဲ့တဲ့ရာစုနှစ်တုန်း အီတလီဒီဇိုင်နာတသ်ယောက်ပုံဖော်ဖန်တီးခဲ့တဲ့ရင်ထိုးလေ..
လျို့ဝှက်ဆန်းကြယ်တဲ့ ဝယ်ယူသူက အဲဒီရင်ထိုးကို ဂဏန်းခုနှစ်လုံးတောင်ပေးပြီးဝယ်ခဲ့တာ..
ဘယ်သူဝယ်သွားလဲဆိုတာကို မဖော်ပြခဲ့ဘူး! အဲဒီလျို့ဝှက်ထားတဲ့ဝယ်သူက ရုန်မိသားစုရဲ့
ဒုတိယသခင်လေးဖြစ်နေတာလား?”
“ဟုတ်တယ်! အဲဒီရင်ထိုးပဲ!ငါလည်း
အဲဒီချို့တဲ့မှုကူညီတဲ့ လေလံပွဲကိုတက်ခဲ့တယ်! အဲဒီတုန်းက လူတွေက
လျို့ဝှက်ဆန်းကြယ်တဲ့ဝယ်သူအကြောင်း ဆွေးနွေးခဲ့ကြတာလေ.. မမျှော်လင့်ပဲ
ရုန်မိသားစုရဲ့ ဒုတိယသခင်လေးဖြစ်နေတာပဲ”
လွန်ခဲ့တဲ့ရာစုနှစ်က လက်ဝတ်ရတနာရင်ထိုး!
ဒီရင်ထိုးက အဖိုးထိုက်တန်ပြီး
ရှေးကျတဲ့ရတနာကျောက်မျက်တွေနဲ့ စီခြယ်ထားတာ။
ဒါက ဘာကိုဆိုလိုတာလဲ
ဒါကို နေ့တိုင်းထုတ်ဝတ်နေရင်တောင် အရမ်းကို
မျက်လုံးဖမ်းစားနိုင်နေဦးမှာပဲ!
ရုန်ကျန်းရဲ့မွေးနေ့ပါတီကိုဖိတ်ကြားခံရတဲ့လူအများစုက
လူချမ်းသာတွေချည်းပဲ။
ဒါပေမဲ့ သူတို့အားလုံးကတော့ ထိုမျှမြင့်မားတဲ့စျေးရှိတဲ့
ရင်ထိုးအတွက် ဂဏန်းခုနနှစ်လုံးမျှ ပိုက်ဆံကိုမဖြုန်းတီးနိုင်ကြဘူး။
ဒါက သင့်တော်လို့လား?
ဒီလိုမျိုး ဂဏန်းခုနှစ်လုံးတန်ကြေးရှိတဲ့ ရင်ထိုးကို
မျက်တောင်မခတ်ပဲဝယ်ခဲ့တာက သူ့အစ်ကိုရဲ့မွေးနေ့လက်ဆောင်အဖြစ် စပရိုက်လုပ်မလို့လား?
ရုန်ဝေ့ရှန်နဲ့ သူ့ရဲ့ဇနီးသည်ယင်းလန်တို့က မူလတုန်းက
ဧည့်သည်တွေကိုကြိုဆိုဖို့အတွက် ခြံဝန်းနားမှာရှိနေခဲ့ကြတာ။ သူတို့ရဲ့သားငယ်လေးက
ကျိုးယွီအတွက် သူ့အစ်ကိုကြီးနဲ့ တိုက်ခိုက်လုနီးပါးဖြစ်နေတာကို ကြားခဲ့ရတာကြောင့်
ဧည့်သည်တွေကို အလျှင်အမြန်ပြောပြီး ခန်းမထဲကိုဝင်လာခဲ့ကြတယ်။
ထိုညီအစ်ကိုနှစ်ယောက်က လက်ချင်းချိတ်ပြီး
လိုက်လျောညီထွေနိုင်စွာ အောက်ထပ်ကိုပြန်ဆင်းလာတာကိုတွေ့လိုက်ရတော့
သူတို့အနည်းငယ်အံ့သြသွားကြတယ်။
ဒါပေမဲ့ စိတ်သက်သာရာရစွာနဲ့သက်ပြင်းချလိုက်ကြပြန်တယ်။
မစ်ရုန်က သူတို့ရဲ့ရှေ့ကနေ လက်ဝှေ့ယမ်းပြလိုက်တယ်။
“မင်းတို့ညီအစ်ကိုတွေ
အချိန်ကိုက်ရောက်လာကြတာပဲ.. လာပြီး ကိတ်အတူခွဲလိုက်ကြတော့”
ရုန်ရုန် သူတို့ကို အပြုံးလေးနဲ့ကြည့်နေတဲ့
မစ်ရုန်ကိုကြည့်လိုက်တယ်။
သူ ရုန်ကျန်းရဲ့လက်မောင်းကို ပြန်လွှတ်ပေးလိုက်ပြီ။
ပြီးနောက် အရှေ့ကိုအမြန်ပြေးဝင်သွားကာ မစ်ရုန်ကို
ပွေ့ဖက်လိုက်တယ်။
“မား.....”
သူ သူ့အမေကိုလည်း ဒီမှာတွေ့ရတာပဲ။ သူ့အမေက
သူ့ကိုခွင့်လွှတ်လိုက်ပြီလို့ ဆိုလိုတာများလား?
မစ်ရုန်က သူမရဲ့သားငယ်ဆီမှာ
ရုတ်တရက်ပွေ့ဖက်ခံလိုက်ရတာကြောင့် ကြောင်အမ်းသွားတယ်။ သူမက သဘာဝကျကျပဲ
ဂရုတစိုက်ပြန်ဖက်ပေးလိုက်ပြီး သားကြီးဖြစ်သူကို မေးမြန်းလိုစွာကြည့်လိုက်တယ်။
သို့ပေမဲ့
သူမရဲ့အမွှေးလုံးလေးကိုဝမ်းနည်းအောင်လုပ်လိုက်တာလားလို့ မေးခါနီးလျှာကိုတော့
အသာလေးပြန်ထိန်းလိုက်ရတယ်။
ရုန်ကျန်းက ခေါင်းကိုညင်သာစွာခါယမ်းပြကာ
နောက်မှပြောမဲ့အကြောင်းကို အချက်ပြနေခဲ့တယ်လေ။
မစ်ရုန်
သူမသားကြီးရဲ့မျက်ဝန်းထဲမှအဓိပ္ပါယ်ကိုနားလည်လိုက်တယ်။
“ဒီကလေးကတော့.. ဒီလောက်ကြီးနေတာတောင်
မားဆီမှာ အလိုလိုက်ခံရတဲ့ကလေးလေးလိုလုပ်နေတုန်းပဲ”
မစ်ရုန်က
ဒီပွေ့ဖက်မှုကို အမှန်တကယ်အံ့သြသင့်ပြီး နူးညံ့သွားစေရတယ်။
သိတဲ့အတိုင်း သူမရဲ့သားငယ်က သူမဆီကို အရင်မလာတာ
အရမ်းကိုကြာမြင့်ခဲ့ပြီလေ။ အခုလို လူတွေရှေ့မှာ ပွေ့ဖက်မှုမျိုးကိုတော့
ထားလိုက်တော့။
ဒါပေမဲ့ ရုန်ရုန်ရဲ့ရုတ်တရက်ပွေ့ဖက်လာမှုကို သူမရဲ့
မြင့်မားတဲ့စိတ်ခံစားချက်ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထိန်းထားနိုင်တုန်းပဲ။
သူမက စကားတစ်ခွန်းထဲနဲ့ သူမရဲ့သားငယ်လေးအပေါ်
မိခင်တစ်ယောက်ရဲ့အချစ်ကိုဖော်ပြခဲ့ရုံမကပဲ ရုန်ရုန်ရဲ့သာမန်နဲ့မတူတဲ့အပြုအမူအတွက်
ပရိသတ်တွေဆီကိုပါ ဖြေရှင်းချက် ပေးခဲ့တယ်။
ဧည့်သည်တွေကတော့ ရုတ်တရက်ရယ်မောလာကြလေရဲ့။
ဝမ်ဟွေ့ဋ္ဌာနချုပ်ဥက္ကဋ္ဌရဲ့ဇနီးသည် မစ်ဝမ်က
မနာလိုဖြစ်စွာပြောလာတယ်။
“မစ်ရုန်က ကံကောင်းလိုက်တာ.. ဒုတိယသားက
အရွယ်ရောက်ပေမဲ့ ရှင့်ကိုကပ်နေတုန်းပဲ.. ကျွန်မတို့မိသားစုက ကလေးလို
တစ်နေကုန်ပြေးလွှားနေပြီး တစ်ခါတစ်လေမှစကားတစ်ခွန်းလောက်ပြောရတဲ့ သူနဲ့မတူဘူး..
သူက ကျွန်မကိုတောင် စိတ်အနှောင့်အယှက်ပေးတယ်လို့ထင်နေသေးတာ”
မစ်ရုန် ပြုံးလိုက်တယ်။
“မဟုတ်တာ.. ကံကောင်းလို့ ရုန်ရုန်လေးက
သူ့အစ်ကိုနဲ့မတူခဲ့တာလေ”
ရုန်ကျန်းရဲ့မျက်လုံးတွေက ကူကယ်ရာမဲ့မှုတွေကို ပြသလာတယ်။
“မား ဒီနေ့က ကျွန်တော့်ရဲ့မွေးနေ့လေ..
မားရဲ့သားအတွက် မျက်နှာလေးနည်းနည်းလောက်ချန်ထားပေးပါဦး”
ရုန်မားမားပြုံးလိုက်တယ်။
“ကောင်းပြီကောင်းပြီ.. ဒီနေ့က
မင်းရဲ့မွေးနေ့ပဲ.. မား မင်းဆီကနေ နေရာမလုသင့်ဘူး”
လူတိုင်းက အမေနဲ့သားကြားမှ စကားဝိုင်းကြောင့်
ရယ်မောလာကြတယ်။
သားဖြစ်သူရဲ့လက်မောင်းကို တစ်ဖက်က ကိုင်ဆွဲရင်း မစ်ရုန်က
သူမရဲ့ခင်ပွန်းသည်ဘက်ကို လှည့်ကြည့်ကာ ပြောလိုက်တယ်။
“သွားရအောင်
ဝေ့ရှန် ကိတ်မုန့်ခွဲရမဲ့အချိန်ကိုရောက်ပြီ”
ရုန်ရုန်က သူ့အမေ သူ့ရဲ့လက်မောင်းကိုကိုင်ထားတာကို
ခွင့်ပြုပေးထားတယ်။
မဟုတ်သေးဘူး။ အိပ်မက်ထဲမှာဆိုရင်တောင်.. သူ့အနေနဲ့ သူ့အမေက
သူ့ရဲ့လက်မောင်းကို ကိုင်ထားပြီး သူ့အဖေက ဘေးနားမှာ ပြုံးရယ်ရင်း ရပ်နေတာကို
ထည့်မမက်ရဲဘူးလေ။
သူတို့တွေ ကိတ်မုန့်ကြီးရှိတဲ့နေရာကို ရောက်လာကြတယ်။
သူ့အမေက သူ့ရဲ့လက်ကိုတစ်ဖက်က ကိုင်ပြီး
ရုန်ကျန်းရဲ့လက်ကိုတစ်ဖက်ကကိုင်ကာ ငါးလွှာကိတ်ကိုဖြတ်တောက်လိုက်တယ်။
အတိတ်ဘဝတုန်းကတော့ သူ ရုန်ကျန်းရဲ့မွေးနေ့မှာ ဝင်ရှုပ်လိုက်တာကြောင့်
ဧည့်ခံကျွေးမွေးဖို့ကို ဘယ်သူမှဂရုမစိုက်နိုင်ပဲ အဆုံးသတ်သွားခဲ့တယ်။
ရုန်ကျန်းက ကိတ်မုန်ရဲ့ ပထမနဲ့ ဒုတိယအပိုင်းကို သူ့မိဘတွေဆီ
ပေးလိုက်ပြီး တတိယတစ်ခုကို ရုန်ရုန်ကိုလှမ်းပေးလာတယ်။
ရုန်ရုန် ကိတ်မုန့်ကို လှမ်းယူလိုက်ရင်း ရုတ်တရက်ဆိုသလို
ပေါက်ထွက်လုမတတ်မူးဝေလာခဲ့တယ်။
ရုန်ရုန် တွေးလိုက်မိတယ်။
နောက်ဆုံးတော့ အချိန်ကျလာခဲ့ပြီပဲ။
ငရဲပြည်က သူ့အတွက် ညှာတာထောက်ထားပေးခဲ့တယ်။
အခုလိုမျိုး ကောင်းမွန်လွန်းလှတဲ့ အိပ်မက်တစ်ခုကို
ဖန်တီးပေးခဲ့တာပဲ။
“ပါ့_”
ရုန်ရုန်ရဲ့လက်ထဲမှ ကိတ်မုန့်လေးက
အောက်ကိုပြုတ်ကျသွားခဲ့ပြီ။
“ဘာလဲ!”
ဧည့်သည်တွေထဲမှတစ်ယောက်က အော်ဟစ်လာတယ်။
ရုန်ကျန်းက ရုန်ရုန်နဲ့အနီးဆုံးရှိနေခဲ့တာကြောင့်
တည့်မတ်စွာမရပ်နိုင်တော့တဲ့ ရုန်ရုန်ကို လှမ်းဖမ်းလိုက်တယ်။
“အမွှေးလုံးလေး!”
“အမွှေးလုံးလေး!”
“မား လူနာတင်ကား ခေါ်ပေး!”
ရုန်ကျန်းက ရုန်ရုန်ကို အလျားလိုက်ပွေ့ချီလိုက်ပြီး
သူ့ရဲ့အမေကို လူနာတင်ကားအမြန်ခေါ်ပေးဖို့ အော်ပြောလိုက်တယ်။
ရုန်ဝေ့ရှန်ကတော့ ဧည်သည်တွေကိုတောင်းပန်စကားဆိုပြီး
အိမ်အကူတွေနဲ့အလုပ်သမားတွေကို ဧည့်သည်တွေကိုပြန်ပို့ဖို့ ပြောလိုက်တယ်။
အနီးပတ်ဝန်းကျင်မှ ဆူညံသံတွေကိုကြားနေရပြီး
ရုန်ရုန်ရဲ့မျက်လုံးတွေက တော့ အနက်ရောင်ကိုသာ တွေ့မြင်နေရတယ်။
သူ့ရဲ့မျက်ခွံတွေက အလွန်အမင်း လေးလံလွန်းတယ်။
သူ တကယ့်တကယ်ကို မျက်လုံးကိုဖွင့်ပြီး သူ့ရဲ့မိဘတွေနဲ့
ရုန်ကျန်းကို ကြည့်ချင်မိတယ်။
အဆုံးမှာတော့ သူက ရုန်ကျန်းရဲ့မွေးနေ့ကို
ထပ်ပြီးဖျက်စီးလိုက်မိပြန်ပြီပဲ။
သူ နည်းနည်းလောက် ပိုပြီး ထိန်းထားခဲ့သင့်တာ။
ရုန်ရုန် ရုန်ကျန်းရဲ့ လက်မောင်းကို တင်းကြပ်စွာပွေ့ဖက်ပြီး
သူ့ရဲ့နှုတ်ခမ်းတွေက လှုပ်ရှားလာခဲ့တယ်။
စကားတစ်ကြောင်းမျှသာဖြစ်ပြီး ရုန်ကျန်း ရှင်းလင်းစွာကြားလိုက်ရတယ်။ သူ့ရဲ့မွေးနေ့ကို
ဖျက်စီးလိုက်မိလို့ တောင်းပန်ပါတယ်တဲ့။
ရုန်ကျန်း အလျှင်အမြန်လျှောက်ရင်းနဲ့
မျက်မှောင်ကြုတ်လိုက်မိတယ်။
“မတုံးအစမ်းပါနဲ့.. အခုစကားမပြောနဲ့ဦး..
ငါမင်းကို ဆိုဖာပေါ်မှာ အနားယူလို့ရအောင်ခေါ်သွားမယ်”
ဆိုဖာဆီကိုရောက်တော့ ရုန်ကျန်း ရုန်ရုန်ကိုတင်ပေးလိုက်တယ်။
ရုန်ရုန် သူ့အစ်ကိုရဲ့လက်မောင်းကိုဆုတ်ကိုင်ရင်း
ထွက်သွားဖို့ ငြင်းဆန်နေခဲ့တယ်။
“ကောကော....”
အသံက အရမ်းကိုတိုးလွန်းနေတာကြောင့် သူ့ရှေ့မှာထိုင်နေတဲ့
ရုန်ကျန်းက သေသေချာချာမကြားရဘူး။
ရုန်ကျန်းက ရုန်ရုန်ကို စကားဆက်မပြောဖို့တားဆီးနေပေမဲ့
ရုန်ရုန်က ခေါင်းမာစွာနဲ့ အစ်ကိုဖြစ်သူကို စကားတွေပြောနေတုန်းပဲ
ရုန်ကျန်း
ကူကယ်ရာမဲ့နေရတယ်။
သူ ခေါင်းကို ငုံ့ချလိုက်ပြီး သူ့ရဲ့နားကို
ရုန်ရုန်ရဲ့နှုတ်ခမ်းဆီတိုးကပ်လိုက်တယ်
ဒီတစ်ခါတော့ ရုန်ကျန်း
ရှင်းရှင်းလင်းလင်းကြားရပြီ__
“ကောကော ကျွန်တော် ထွက်မသွားချင်ဘူး”
သူ သူ့ရဲ့မိဘတွေနဲ့ မခွဲနိုင်ဘူး။ သူ့ရဲ့အစ်ကိုနဲ့လည်း
မခွဲနိုင်ဘူး။
ကောကောတို့ရှိနေတဲ့ ကမ္ဘာပေါ်ကနေ
ကျွန်တော်ထွက်မသွားချင်ဘူး။