(6) ကော ကျွန်တော်အိပ်နေတာကို ကြည့်မလို့လား
မိသားစုဝင်တွေ စားပွဲမှာ အတူထိုင်လိုက်ကြတယ်။
ရုန်မိသားစုမှ ကန်ထုတ်ခံခဲ့ရပြီးနောက် ရုန်ရုန်အနေနဲ့
ဒီအကြောင်းကို တစ်ခါမှမတွေးရဲခဲ့တော့ဘူး။ တစ်နေ့နေ့မှာ သူ ၊ သူ့မိဘတွေနဲ့
ရုန်ကျန်းတို့အတူ တစ်စားပွဲထဲမှာ ပြန်ထိုင်နိုင်ပြီး ထမင်းအတူစားနိုင်ခဲ့လိမ့်မယ်
ဆိုတာကိုပေါ့။
နဂါးလှေပွဲတော်၊ နွေဦးလလယ်ပွဲတော်၊
နှစ်သစ်ကူးအကြိုနေ့တွေမှာ သူ့ကိုယ်သူ သွားရဲဖို့ ဆန္ဒရှိချင်ခဲ့တယ်။ သူ့မိဘတွေနဲ့
သူ့အစ်ကိုဆီကို ပြန်ခေါ်ချင်ခဲ့တယ်။ နောက်တော့ အေးစက်စက်ထမင်းတွေက သူ့ရဲ့အတွေးကို
ပြန်လည်ဖုံးလွှမ်းသွားခဲ့တယ်။
ရုန်ဝေ့ရှန်က စားသောက်ချိန်တိုင်းမှာ
ဖန်ခွက်အနည်းငယ်သောက်တတ်တဲ့ အကျင့်ရှိတယ်။
ဒါကြောင့် မစ်ရုန်နဲ့ အစေခံတွေက ရုန်ဝေ့ရှန်
ထမင်းမစားခင်မှာ သူ့အတွက် ဝိုင်ထည့်ပေးထားတတ်လေ့ရှိတယ်။
လက်ရှိမှာတော့ ရုန်ဝေ့ရှန်နဲ့ ယင်းလန်တို့ရဲ့အံ့သြတကြီး
အကြည့်အောက်မှာ ရုန်ရုန်က ရုန်မားမားအတွက် ဝိုင်တစ်ဖန်ခွက်လောင်းထည့်ပေးကာ
သူကိုယ်တိုင်အတွက် ဖန်ခွက်တစ်ဝက်လောင်းထည့်လိုက်တယ်။
ပြီးနောက် ရုန်ရုန်က သူ့ရဲ့ဖန်ခွက်ကိုမြှောက်ကာ
နှုတ်ခမ်းတွေကို ကွေးညွတ်ပြီးပြောလာတယ်။
“ပါး မား ကျွန်တော်တို့ သောက်ရအောင်လေ”
ရုန်ပါးပါးက ပျော်ရွှင်သွားလေတယ်။
“အိုခေ! အရင်တုန်းက ငါ
မင်းတို့ညီအစ်ကိုတွေကို အတူသောက်ပေးဖို့ပြောခဲ့ပေမဲ့ မင်းတို့က မသောက်ချင်ကြဘူး..
ဒီလိုနေ့က ရှားပါးတာပဲ.. လာ ငါတို့အဖေနဲ့သားအရင်သောက်ကြမယ်”
ရုန်ရုန် သူ့အဖေနဲ့ ဖန်ခွက်ချင်းတိုက်လိုက်ပြီး
ဖန်ခွက်တစ်ဝက်ကို မော့သောက်လိုက်တယ်။
ပြီးနောက် သူတို့နှစ်ယောက်ရဲ့ ခွက်တွေထဲကို
ထပ်ထည့်လိုက်ပြန်တယ်။
“ပါး မား ဒီခွက်က ကျွန်တော် ပါးနဲ့မားတို့ကို
လေးစားမှုအတွက် သောက်တာပါ”
ရုန်ရုန် ဖန်ခွက်ကို လက်နှစ်ဖက်နဲ့ကိုင်လိုက်တယ်။
“ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော်
တစ်ချိန်လုံး ပါးနဲ့မားတို့ကို စိတ်ပူအောင်လုပ်ခဲ့မိတယ်.. နောက်ပြီး
ကျေးဇူးတင်ပါတယ်”
ရုန်ရုန် ခဏလောက်ရပ်ပြီး ထပ်မံပြုံးလိုက်ပြန်တယ်။
“ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့လို့
ကျေးဇူးတင်ပါတယ်.. ကျွန်တော် ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ စိတ်ရှည်ပြီး
နားလည်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်.. ပါး မား ကျွန်တော် အရင်တုန်းက
မပြောခဲ့မိဘူးလား.. ပါးနဲ့ မားတို့ရဲ့ သားဖြစ်ရတာ ကျွန်တော့်ဘဝရဲ့ ဂုဏ်အယူရဆုံးနဲ့
အပျော်ရွှင်ရဆုံးသောအချိန်ပါပဲ”
မဟုတ်ဘူး။ တကယ်တော့ ဘဝနှစ်ခုစာအဖြစ် ထပ်ပေါင်းပြီး
ပြောသင့်တာ။
ရုန်ရုန် စိတ်ထဲကနေ ထပ်ပေါင်းလိုက်တယ်။
ရုန်မားမားရဲ့နှလုံးသားက အကြောင်းပြချက်မရှိပဲ
တုန်လှုပ်သွားခဲ့တယ်။ သူမရဲ့နှလုံးသားထဲမှ အစိတ်အပိုင်းတစ်ခု လစဟာသွားသလိုမျိုးပဲ။
သူမရဲ့ပါးပြင်မှာ ရုတ်တရက် မျက်ရည်တွေ စီးကျလာခဲ့တယ်။
မစ်ရုန်က ဝိုင်ခွက်ကို စားပွဲပေါ်သို့အရင်ချလိုက်ပြီး
ပါးပေါ်မှ မျက်ရည်တွေကို သုတ်လိုက်တယ်။
“ မင်း ဒီကလေးကတော့.. ဒီနေ့ ဘာဖြစ်နေတာလဲ..
လူတွေကို ငိုအောင်ပြောနေတော့တာပဲ”
ရုန်ရုန်က သူ့ဘေးမှာထိုင်နေတဲ့ ရုန်ကျန်းကို မေးလိုက်တယ်။
“ကော ကောဆီမှာ လက်ကိုင်ပုဝါရှိတယ်မလား
ကျွန်တော့်ကိုငှားပါဦး”
ရုန်ကျန်း သူနဲ့အတူဆောင်ထားတတ်တဲ့
လက်ကိုင်ပုဝါကိုလှမ်းပေးလာတယ်။
ရုန်ရုန်က မစ်ရုန်ဆီကိုသွားကာ ရုန်ကျန်းထံမှ ငှားလာတဲ့
လက်ကိုင်ပုဝါကို ဖြူဖျော့နေတဲ့လက်နဲ့ကိုင်ထားပြီး မစ်ရုန်ရဲ့မျက်ရည်တွေကို
သုတ်ပေးလိုက်တယ်။
“တောင်းပန်ပါတယ်မား.. ဒါက
ကျွန်တော့်ရဲ့အမှားပါ.. မငိုပါနဲ့ မားငိုရင် ကျွန်တော် မကောင်းသလိုခံစားရတယ်”
မစ်ရုန်က သူမရဲ့ခေါင်းကိုမော့လာပြီး ချစ်ခင်စွာကြည့်လာတယ်။
“မင်း ဘယ်သူ့ဆီက သင်ထားတာလဲ”
“ပါးဆီကသင်ထားတာလေ.. ပါးက မားကို အမြဲတမ်း
ဒီလိုချော့တတ်တယ်မလား”
ရုန်ရုန်ပြုံးလိုက်ပြီး အမှန်အတိုင်းဖြေလိုက်တယ်။
ရုန်ဝေ့ရှန်က ကျေနပ်စွာကြည့်လာတယ်။
မစ်ရုန်ကတော့ နှာမှုတ်လာခဲ့တယ်။
“မင်း ပါးရဲ့ပါးစပ်က
ပိုပြီးကိုးယိုးကားယားနိုင်တယ်”
ရုန်ဝေ့ရှန်ကတော့ လက်မခံလေဘူး။
“ရုန်ရုန်ပြောသမျှက ကိုယ့်ဆီကသင်ထားတာ”
မစ်ရုန်က ဆက်ပြီးတောင့်မခံနိုင်တော့ဘဲ ခင်ပွန်းသည်ကြောင့်
ပြုံးမိလာတယ်။
ရုန်ရုန် သက်ပြင်းအသာချလိုက်တယ်။
“ပါးဆီမှာ နည်းလမ်းတွေရှိနေတုန်းပဲ”
မစ်ရုန်ရဲ့မျက်နှာက အနည်းငယ်နီရဲသွားပြီး ရုန်ပါးပါးတောင်
အနည်းငယ်နေရခက်သလို အကြည့်မျိုးပေးလာခဲ့တယ်။
ဒီစုံတွဲက လက်ထပ်ထားတာ နှစ်တွေ အကြာကြီးရှိနေပေမဲ့ အမြဲတမ်း
ချစ်မြတ်နိုးနေကြတုန်းပဲ။
ရုန်ရုန် သူ့ခုံဆီကိုပြန်လာခဲ့တယ်။
“ ကျွန်တော် ဒီလက်ကိုင်ပုဝါကိုလျှော်ပြီးမှ
ကောကောကိုပြန်ပေးမယ်နော်”
ရုန်ကျန်းက လက်ကိုင်ပုဝါကို ပြန်ယူချင်နေခဲ့တာ။
သူ့ရဲ့လက်ကိုင်ပုဝါတွေက အခြောက်လျှော်ဖို့အတွက်
အထူးစပါယ်ရှယ်ဆိုင်တွေဆီကိုပို့ပေးတတ်ပြီး လျှော်ပြီးရင် တစ်ယောက်ယောက်က သူ့ဆီကို
ပြန်လာပို့ပေးမှာဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ညီငယ်လေးက သူ့လက်ကိုင်ပုဝါကို လုံးထွေးကာ
သူ့ရဲ့ဘောင်းဘီအိတ်ထဲကို ထိုးထည့်လိုက်ပြီ။
ရုန်ကျန်းရဲ့ မျက်တောင်တွေ အနည်းငယ်လှုပ်ခတ်သွားခဲ့တယ်။
“အမ်”
“လာခဲ့ စကားပဲပြောမနေကြနဲ့.. ရုန်ရုန် မားရဲ့
လက်ရာတိုးတက်လာလားဆိုတာ စားကြည့်လေ”
မစ်ရုန်က စိတ်အခြေအနေပြန်ကောင်းလာပြီ။
သူမ ရုန်ရုန်အတွက် သူမကိုယ်တိုင် ချက်ထားတဲ့
ဝက်နံရိုးချိုချဥ်တစ်တုံး ထည့်ပေးလိုက်တယ်။
ရုန်ဝေ့ရှန်ကတော့ ထိုအနက်ရောင်မီးသွေးတုံးကိုကြည့်ကာ
သူ့ရဲ့သားငယ်လေးအတွက် စိတ်ထဲကနေ ရင်ဘက်ကို ကြက်ခြေခတ်ဆွဲကာ ဆုတောင်းပေးလိုက်တယ်။
ရုန်ရုန် တစ်ကိုက်ကိုက်လိုက်ပြီး မျက်တောင်မခတ်ပဲ
ပြောလိုက်တယ်။
“အရသာရှိလိုက်တာ!!!”
ဒါက သူ့မားရဲ့လက်ရာပဲကိုး။
(T/ n_ ကြားဖြတ်ပြီး noteတွေမထည့်ချင်ပေမဲ့ ဒီတစ်ခုတော့ ထည့်ဦးမယ်
Etransအောက်က မန့်တစ်ခုပါ
<<ဝမ်းနည်းရတာမလုံလောက်သေးလို့ထင်တယ်
ငါ့ရဲ့သောက်ဦးနှောက်က ရှဲ့လျန်အရှင့်သား
သူ့အမေရဲ့ဟင်းချက်လက်ရာကိုအတုခိုးပြီးချက်နေတာကို ပြန်တွေးမိသွားတယ်>>တဲ့ TvT)
မစ်ရုန်က ပျော်ရွှင်စွာပြုံးလိုက်ပြီး ရုန်ရုန်အတွက်
နောက်တစ်တုံးထည့်ပေးလိုက်တယ်။
“တကယ်လား? ကောင်းလိုက်တာ! မင်းကြိုက်ရင်
များများစားလေ အာ”
“အမ်”
အဆီမပါတဲ့နံရိုးတွေကို ထမင်းနဲ့ရောနှောလိုက်ပြီး
ရုန်ရုန်ပျော်ရွှင်စွာစားနေခဲ့တယ်။
ရုန်ရုန်မှ အရသာရှိရှိစားပြနေတာကိုမြင်တော့ ရုန်ပါးပါးနဲ့
သားကြီးဖြစ်သူက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။
မဒမ်ရဲ့ ဟင်းချက်စကေးက တကယ်ကြီးတိုးတက်လာတာများလား?
ရုန်ဝေ့ရှန် တစ်တုံးလှမ်းယူကာ စားကြည့်လိုက်တယ်
သူ တစ်ကိုက်ကိုက်ပြီးချိန်မှာပဲ အမူအယာက
ချက်ချင်းပြောင်းလဲသွာစခဲ့လေတယ်။ သူ ဝိုတစ်ငုံကို အလျှင်အမြန်သောက်ချလိုက်ကာ
ပါးစပ်ထဲမှ ခါးသက်သက်အရသာကို ဖိနှိပ်ဖို့ ကြိုးစားလိုက်ရတယ်။
ဒါကိုမြင်တော့ မူလတုန်းက ဝက်နံရိုးချိုချဥ်ဆီကို တူနဲ့
လှမ်းနေတဲ့ ရုန်ကျန်းက သူ့ရဲ့တူကို လားရာဦးတည်ချက်ချက်ချင်းပြောင်းကာ သူ့ဘေးမှ
ပုစွန်ကြက်သွန်ကင်ဆီကို နှိပ်ယူလိုက်တယ်။
ရုန်ဝေ့ရှန်က သားကြီးဖြစ်သူကိုစိုက်ကြည့်လိုက်တယ်။
သားဖြစ်သူကို အပြစ်ဆိုနေသလိုမျိုးပဲ: “ပျော်စရာမကောင်းလိုက်တာ!”
မိသားစုဆိုတာ အကောင်းအဆိုးကို
မျှဝေခံစားသင့်တယ်မဟုတ်ဘူးလား?!
ရုန်ကျန်းကတော့ သူ့အဖေရဲ့မျက်ဝန်းထဲမှအပြစ်တင်နေမှုကို
သတိမထားမိသလိုဟန်ဆောင်ကာ ပုစွန်ကို အလျင်မလိုစွာအခွံခွာနေလိုက်တယ်။
ပြီးနောက် ပုစွန်ပြည့်နေတဲ့ပန်းကန်ကို ရုန်ရုန်ဘက်ကို
တွန်းပို့လိုက်တယ်။
ရုန်ရုန်က အံ့သြတကြီးနဲ့ ခေါင်းကိုလှည့်ကြည့်လာတယ်။
သူ့ရဲ့ပါးစပ်မှာ ဝက်နံရိုးကို တစ်ဝက်လောက်ကိုက်ထားဆဲဖြစ်ကာ
နဂိုကြီးမားတဲ့မျက်လုံးတွေက ပိုပြီး ပြူးကျယ်နေခဲ့တယ်။
ဒီ အခွံနွှာပေးထားတာတွေက သူ့အတွက်လား?
ရုန်ရုန် တကယ့်ကိုထိတ်လန့် ငေးမောနေခဲ့တယ်။
သူ့ရဲ့ထင်မြင်ချက်အရ ရုန်ကျန်းက သူ့အတွက်
ပုစွန်နွှာပေးခဲ့တာလား?
လုပ်ပေးခဲ့ဖူးတာလား?
ဒီလိုနေရာမှာလေ?
အင်.. အင်း?
ရုန်ကျန်း သူ့ညီငယ်လေးရဲ့ သံသယဖြစ်မှုတွေနဲ့
မယုံကြည်နိုင်မှုတွေကို မြင်ခဲ့ရတာကြောင့် သူ့ရဲ့နှလုံးသားက
စူးနဲ့ထွင်းဖောက်ခံလိုက်ရသလိုပဲ။
သူက သူ့ရဲ့ညီငယ်လေးကို အရမ်းလျစ်လျူရှုခဲ့လို့
ဒီလိုပုစွန်လေးတစ်ပန်းကန်လောက်နဲ့ သူ့ညီလေးက ဒီလောက်တောင် အံ့သြသင့်နေခဲ့ရပြီ။
ရုန်ကျန်း စားပွဲပေါ်မှ တစ်သျူးအစိုကိုယူကာ သူ့လက်မှ
ပုစွန်အရည်တွေကိုသုတ်လိုက်ပြီး နူးညံ့စွာပြောလိုက်တယ်
“ နံရိုးတစ်ခုထဲပဲစားမနေနဲ့လေ..
အစားဂျီးများတာကမကောင်းဘူး.. အာဟာရမျှဖို့လည်းလိုအပ်တယ်”
ရုန်ရုန်ဖြည်းညင်းစွာမျက်တောင်ခတ်ပြီး တုံ့ပြန်လာတယ်။
“အိုး ကျေးဇူးပါ ကောကော”
ပုစွန်စားနေရင်းကမှ ရုန်ရုန် ပြန်လည်သတိပြုမိသွားတယ်။
သူ့ရဲ့အစ်ကိုက သူ
အနက်ရောင်ဝက်နံရိုးချိုချဥ်တွေအများကြီးစားနေလို့ အစာအိမ်မကောင်းမှာကိုစိတ်ပူပြီး
ပုစွန်အခွံခွာပေးတာပဲ။ ဟုတ်တယ်မလား?
သူ့ရဲ့အစ်ကိုက စိတ်ပူတတ်လွန်းတာပဲ။
သူ့ရဲ့အစာအိမ်က အခုဆို
သံထည်နဲ့ဖုံးလွှမ်းထားပြီးသားဖြစ်နေပြီ!
***🍀❤
ရုန်ရုန်က
မစ်ရုန်ရဲ့သေစေနိုင်လောက်တဲ့အချက်အပြုတ်စွမ်းရည်ကို အထင်သေးခဲ့ပြီး
သူ့ခန္ဓာကိုယ်ရဲ့သည်းခံနိုင်စွမ်းကိုတော့ အထင်ကြီးနေခဲ့တယ်။
သူက သူ့ရဲ့လက်ရှိအစာအိမ်ကို အနာဂတ်တုန်းကလိုမျိုး
သံထည်အဖြစ်မပြောင်းသေးတာကိုလည်း မေ့လျော့နေခဲ့တယ်။
သူ ပြန်လည်မွေးဖွားလာခဲ့ပေမဲ့ သူ့ရဲ့ဝိဥာဥ်ကသာ
ပြန်လည်မွေးဖွားလာတာဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကတော့ အရင်အတိုင်းရှိနေဆဲပဲ။
ဒီအစာအိမ်က နှစ်ပေါင်းများစွာ အလိုလိုက်ခံထားခဲ့ရတာလေ။
ဘယ်လိုလောက်ပြီး ဒီလိုမျိုးညှည်းဆဲမှုတွေကို သည်းခံနိုင်မှာတဲ့လဲ။
အစာအိမ်နဲ့ အစ်ခြေစနစ်နှစ်ခုလုံးက မစ်ရုန်ရဲ့မှော်နက်ပညာလို
အချက်အပြုတ်စွမ်းရည်ကို သည်းမခံနိုင်ခဲ့ဘူး။
အခန်းဆီကိုပြန်ရောက်တဲ့အချိန်မှာပဲ ရုန်ရုန် သူ့အစာအိမ်ထံမှ
နာကျင်မှုတွေကို ခံစားလာရတယ်။
ပထမကတော့ နာကျင်မှုက သူ သည်းခံနိုင်တဲ့အနေအထားထဲမှာ
ရှိနေသေးပေမဲ့ ခဏအကြာမှာတော့ ပိုဆိုးလာပြီး နာကျင်မှာဒီဂရီကလည်း
ရုတ်တရက်ပြင်းထန်လာခဲ့တယ်။
ရုန်ရုန်က အိပ်ယာပေါ်မှာလှဲရင်း ကွေးကောက်ကာ
သူ့ရဲ့အစာအိမ်ကို လက်နှစ်ဖက်နဲ့ ဖိထားမိတယ်။ ချွေးအေးတွေက သူ့ရဲ့နဖူးမှ
စီးကျနေခဲ့ပြီ။
“ဒေါက် ဒေါက်”
အခန်းတံခါးခေါက်သံကိုကြားတော့ ရုန်ရုန် အစာအိမ်မှ
မသက်မသာဖြစ်မှုကို သည်းခံပြီး အိပ်ယာထဲမှထွက်လာခဲ့တယ်။
သူ့ရဲ့ညာဘက်လက်က အစာအိမ်ပိုတင်းကြပ်စွာဖိထားပြီး တံခါးဆီကို
ခက်ခက်ခဲခဲ လျှောက်သွားလိုက်တယ်။
“ဘယ်သူလဲ”
“ငါပါ”
ရုန်ကျန်းပဲ။
သူ့အမေမဟုတ်ရင် အဆင်ပြေပါတယ်။
ရုန်ရုန် ခက်ခက်ခဲခဲနဲ့ ရုန်ကျန်းကို
တံခါးဖွင့်ပေးလိုက်တယ်။
သူ့ရဲ့အစာအိမ်က နာကျင်လွန်းတာကြောင့်
တံခါးကိုဖွင့်လိုက်ချိန်မှာ ရုန်ရုန် ရုန်ကျန်းရဲ့
လက်မောင်းထဲကိုလဲပြိုကျဆင်းသွားတယ်။
သူက သတိပေးဖို့ကို မမေ့သေးဘူး။
“ကောကော တံခါးပိတ်လိုက်.. မမြင်.. မား
မမြင်ပါစေနဲ့”
ရုန်ရုန်ရဲ့ကိုယ်က တစ်ခုခုမှားနေပြီဆိုတာကို
ရုန်ကျန်းချက်ချင်းပဲ သဘောပေါက်သွားခဲ့ကာ ခပ်ပြတ်ပြတ်မေးလိုက်တယ်။
“ငါ မင်းကို ဆေးရုံကိုခေါ်သွားပေးမယ်”
“မလုပ်နဲ့ မလုပ်နဲ့! မား.. မား
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိလိမ့်မယ်”
ရုန်ရုန်ရဲ့လက်တွေက ရုန်ကျန်းရဲ့ လက်မောင်းကို
တင်းကြပ်စွာဆုတ်ကိုင်ထားပြီး တီးတိုးပြောလာတယ်။
“ကောကော ကျေးဇူးပြုပြီး..”
ရုန်ကျန်းရဲ့နှလုံးသားက လေးလံသွားခဲ့ရပေမဲ့ အဆုံးသတ်မှာတော့
တည်ငြိမ်နေတဲ့မျက်နှာနဲ့ ရုန်ရုန်ရဲ့အခန်းတံခါးကို ပိတ်ပေးလိုက်တယ်။
ရုန်ရုန် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တယ်။
သူသတိလျှော့လိုက်သည်နဲ့ သူ့ရဲ့ခန္ဓာကိုယ်ကလည်း
မထောက်ပံ့ပေးနိုင်တော့ဘဲ လူတစ်ကိုယ်လုံးက မြဲမြဲရပ်တည်နိုင်ဖို့ ခက်ခဲလာတယ်။
ရုန်ကျန်း သူ့ကို ချက်ချင်း ထောက်ပံ့ပေးလာပြီး
သူ့ကိုပွေ့ချီကာ ခုတင်ပေါ်ကို သယ်သွားပေးလိုက်တယ်။
ရုန်ရုန်ရဲ့ လက်တစ်ဖက်က သူ့ရဲ့ဗိုက်ပေါ်မှာရှိနေဆဲဖြစ်ပေမဲ့
နှုတ်ခမ်းတွေကတော့ အပြုံးတစ်ခုကို ဖော်ပြနေဆဲ:
“ကောကော နေ့လည်ဘက်မှာ
ကုမ္ပဏီကိုမသွားရဘူးလား.. ကောကော အလုပ်သွားလို့ရပါတယ်.. ကျွန်တော်ဘာမှမဖြစ်ပါဘူး..
လှဲနေရင် သက်သာသွားလိမ့်မယ်”
ရုန်ကျန်းရဲ့မျက်နှာပေါ်မှာ သဘောမကျတဲ့အမူအယာပေါ်လာတယ်။
“မင်းနေမကောင်းဖြစ်နေတာကို ဆရာဝန်ဆီမသွားဘဲ
လှဲနေရုံနဲ့ ဘယ်လိုများ သက်သာသွားနိုင်မှာလဲ”
ဘာလို့လဲဆိုတော့ သူ ကြိုးစားခဲ့ဖူးလို့လေ။
သူ့ရဲ့အတိတ်ဘဝတုန်းက အစာအိမ်ပြသနာ
အကြိမ်ရေအများကြီးဖြစ်ခဲ့ဖူးတယ်။ နောက်ပြီး အိပ်ယာပေါ်မှာလှဲလျောင်းရင်း
ကျော်ဖြတ်ခဲ့တယ်။
ဒါပေါ့။ နောက်ပိုင်းတွေမှာ သူ့မှာ အတွေ့အကြုံတွေများလာပြီး
အစာအိမ်ဆေးတွေက အလုပ်မလုပ်တော့တာကို တွေ့ရှိခဲ့တယ်။ ဒီတော့ သူ
အကိုက်အခဲပျောက်ဆေးတွေ ဝယ်ခဲ့ပြီး အိမ်မှာဆောင်ထားတာကြောင့်
ပိုပြီးအဆင်ပြေလာခဲ့တယ်။
အကိုက်အခဲပျောက်ဆေးတွေအသောက်များလွန်းခဲ့တာကြောင့်
နောက်ပိုင်းမှာ သိပ်ပြီးအကျိုးသက်ရောက်မှု မရှိတော့ရုံပါပဲ။
“ကောကော .. ခုနက အခန်းထဲကိုဝင်လာတော့
ကောကောရဲ့လက်ထဲမှာ အစာအိမ်ဆေးယူလာတယ်မလား”
ရုန်ကျန်း:....
အတော်လေးစူးရှတဲ့မျက်လုံးတွေပဲ။
တူးခြစ်နေတဲ့အနက်ရောင်ဝက်နံရိုးချိုချဥ်
ပန်းကန်ကြီးတစ်ခုလုံးနီးပါးကို ရုန်ရုန်တစ်ယောက်တည်းစားခဲ့တာလေ။
ရုန်ကျန်း စိတ်ပူနေတာကြောင့် ရုန်ရုန်ရဲ့အခန်းကို
တစ်ချက်လာကြည့်ခဲ့တာ။ သူက အိမ်မှာရှိနေတဲ့အစာအိမ်ဆေးနဲ့
အကိုက်အခဲပျောက်ဆေးတွေကိုပါ တစ်ခါတည်းယူလာခဲ့တယ်။
ကံကောင်းစွာနဲ့ သူဂရုတစိုက်လာကြည့်ခဲ့မိလို့သာပေါ့။
ရုန်ရုန်ရဲ့အခန်းထဲမှာ ရေနွေးကရားရှိနေတယ်။
ရုန်ကျန်း ဖန်ခွက်ထဲကို ရေနွေးတွေသွန်ထည့်လိုက်ပြီး
ကော်ဖီစားပွဲပေါ်ကို တင်ကာ ရုန်ရုန်ကိုထနိုင်ဖို့ ကူညီပေးလိုက်တယ်။ ပြီးနောက်
ဆေးတွေကို သူ့လက်ဖဝါးထဲကို သွန်ထုတ်ကာ ရုန်ရုန်ကိုဆေးတိုက်လိုက်ပြီးမှ
အိပ်ယာပေါ်မှာ ပြန်လှဲစေတယ်။
“တစ်နာရီနေလို့ မသက်သာသေးရင်
ငါမင်းကိုဆေးရုံဆီခေါ်သွားနယ်”
“အမ်”
အရင် ကတိပေးထားလိုက်တာပေါ့။ သူသာခေါင်းမာနေရင် သူ့အစ်ကိုက
သူ့ကိုသယ်သွားနိုင်မှာမှမဟုတ်တာ။
“ကောကော ဒီမွန်းလွဲပိုင်းမှာ
ကုမ္ပဏီကိုမသွားရဘူးလား”
သူ ဆေးသောက်ပြီးပြီဖြစ်ပေမဲ့ ရုန်ကျန်း
ထွက်မသွားသေးတာကိုမြင်တော့ ရုန်ရုန် အနည်းငယ်စိတ်မသက်မသာဖြစ်သလို ခံစားနေရတယ်။
သူ့ရဲ့အတိတ်ဘဝမှာတုန်းက သူကလေးအရွယ်တုန်းကလွဲရင်
ညီအစ်ကိုနှစ်ယောက်တည်း အခုလိုမျိုးအတူရှိနေတာမျိုး သိပ်မရှိခဲ့ဘူးလေ။
“ဒီနေ့ နားတယ်”
ရုန်ရုန်ရဲ့မျက်ဝန်းထဲမှာ သံသယတချို့ဖြတ်ပြေးသွားတယ်။
ဒီနေ့က ပိတ်ရက်လား?
ဆေးရုံမှာ ရက်အနည်းငယ်နေခဲ့တုန်းက ရုန်ရုန်အနေနဲ့
သူ့ရဲ့ဦးနှောက်ထဲမှ ရှုပ်ထွေးနေတဲ့ မှတ်ဥာဏ်အပိုင်းအစတွေဖြင့် အလုပ်ရှုပ်နေခဲ့ပြီး
ရက်စွဲကို ဂရုပြုဖို့မေ့နေခဲ့တယ်။
ရုန်ရုန် ဖုန်းကိုလှမ်းယူလိုက်ပြီး ဖုန်းမျက်နှာပြင်ကို
မကြည့်နိုင်သေးခင်မှာပဲ ရုန်ကျန်းက ဖုန်းကို အဝေးသို့ဆွဲယူသွားတယ်။
“နေမကောင်းတဲ့အချိန်မှာ ဖုန်းမဆော့နဲ့ ..
ကောင်းကောင်းအနားယူ”
“ရုန်ကျန်း! မင်း
အချိန်တိုင်းစိတ်ကြီးဝင်ပြီး မှန်ကန်သလိုလုပ်နေတာကို ရပ်ပေးနိုင်မလား?! ငါ့ကိစ္စက
မင်းနဲ့ဘာဆိုင်လဲ! ငါ့ဖုန်းကိုပြန်ပေး!”
ရုန်ကျန်း ရုတ်တရက် သူအပြစ်ပေးတဲ့အနေနဲ့
ရုန်ရုန်ရဲ့ဖုန်းကိုသိမ်းခဲ့တာကြောင့် မနှစ်မြို့စရာစကားများခဲ့တဲ့အခိုက်အတန့်ကို
ပြန်သတိရသွားတယ်။
သူ့ရဲ့ ဖုန်းကိုင်ထားတဲ့လက်က အေးခဲသွားပြီး
ခပ်တောင့်တောင့်ပြောလိုက်တယ်။
“ဖုန်းမဆော့ခင်
ပိုပြီးသက်သာလာအောင်စောင့်လိုက်ဦး”
ရုန်ရုန်က ခေါင်းကိုခါယမ်းပြီးပြုံးလိုက်ကာ
သူ့ရဲ့မျက်ဝန်းတွေက အနည်းငယ်ကျဥ်းမြောင်းနေခဲ့တယ်။
“ကျွန်တော် ဖုန်းမဆော့ပါဘူး..
အချိန်ကိုစစ်ကြည့်ချင်ရုံပါပဲ.. တစ်စုံတစ်ယောက် အလုပ်ပြေးတာလားဆိုတာ သိချင်လို့လေ”
ရုန်ကျန်း ရုန်ရုန်ရဲ့မျက်နှာကို ဂရုတစိုက်အကဲခတ်လိုက်တယ်။
သူ့ရဲ့နှုတ်ခမ်းတွေက ဖြူဖျော့နေဆဲဖြစ်ပေမဲ့ အပြုံးကတော့ အတုအယောင်မဟုတ်ဘူး။ ဒီတော့
သူ့ရဲ့ညီငယ်လေးက သူ့ရဲ့ဖုန်းကိုသိမ်းဆည်းလိုက်တာကို စိတ်မတိုသွားခဲ့တာ သေချာတယ်။
ရုန်ကျန်း အသံတိုးတိုးနဲ့ပြောလိုက်တယ်။
“အလုပ်ပြေးတာမဟုတ်ဘူး.. ငါက ဘော့စ်လေ..
ငါလိုချင်တဲ့အချိန်တိုင်း အနားယူလို့ရတယ်”
ဒီလို စိတ်ကြီးဝင်နေတဲ့အသံမျိုးက...
ရုန်ရုန် မျက်တောင်ခတ်လိုက်တယ်။
“ကျွန်တော်မှတ်မိတာမှန်မယ်ဆိုရင် ပါးကသာ
ဘော့စ်မဟုတ်ဘူးလား.. ကောကောက ပါးအတွက် အလုပ်လုပ်ပေးနေတာလားလို့”
ရုန်ကျန်းအနေနဲ့ မတိုင်ခင်တုန်းက
ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ခဲ့တာအမှန်ပဲဆိုပေမဲ့ ရုန်ဝေ့ရှန်က ဒီနှစ်တွေမှာ
ကျန်းမာရေးညံ့လာခဲ့တာကြောင့် ဆေးရုံတင်ပြီး ခွဲစိတ်မှုတွေကို ခံယူခဲ့ရတယ်။
နောက်ပြီး အရင်တုန်းကလောက် မကောင်းတော့တဲ့အတွက် ရုန်ကျန်းက ရုန်ဝေ့ရှန်ထံမှ တာဝန်လွှဲယူခဲ့ရတယ်။
ရုန်ကျန်းက ရုန်လုပ်ငန်းစုရဲ့အုပ်ချူပ်သူဖြစ်နေပြီဆိုပေမဲ့
ဥပဒေအရ တာဝန်ရှိသူကတော့ ရုန်ဝေ့ရှန်ဖြစ်နေတုန်းပဲ။
ဆိုတော့ ရုန်ကျန်းက သူ့ရဲ့အဖေအိုကြီးရုန်ဝေ့ရှန်အတွက်
အလုပ်လုပ်ပေးနေရတယ်လို့ ပြောလို့ရတယ်လေ။
ရုန်ကျန်း:....
ရုန်ကျန်း မေးလိုက်တယ်။
“အစာအိမ်ကနာနေတုန်းပဲလား”
“သက်သာနေပြီ”
ရုန်ရုန် စကားပြောနေစဥ်မှာ သူ့ရဲ့လက်က
အစာအိမ်တည်နေရာပေါ်မှာပဲရှိနေသေးတာကို ရုန်ကျန်းသတိထားမိတယ်။ ဒါပေမဲ့ ရုန်ရုန်ရဲ့
သက်သောင့်သက်သာအသံနှုန်းက သူ ကြံ့ကြံ့ခံနေရတဲ့ သည်းမခံနိုင်လောက်စရာ
နာကျင်မှုတွေကို လူတွေသတိမထားမိအောင်လုပ်နေခဲ့တယ်။
ရုန်ကျန်း သူ့နှုတ်ခမ်းတွေကို အသာဖိထားလိုက်မိတယ်။
သူ့ရဲ့ညီငယ်လေးက ဘယ်အချိန်ကတည်းက နာကျင်မှုတွေကို
အဲလောက်ထိသည်းညှင်းခံနိုင်သွားခဲ့ရတာလဲ?
အဆုံးမှာ သူနဲ့ မိဘတွေမသိခင်မှာ သူ့ညီငယ်လေးဆီမှာ ဘာတွေ
ဖြစ်သွားခဲ့တာလဲ?
ဒါမှမဟုတ် သူနဲ့ မိဘတွေက သူ့ညီလေးအပေါ် မတိုင်ခင်တုန်းက
ဒီလောက်တောင် လျစ်လျူရှုထားမိခဲ့ကြတာလား? သူ့ညီလေးအကြောင်းကို ဘာမှမသိခဲ့ဘူးလား?
အစာအိမ်ဆေးကြောင့်လား အကိုက်အခဲပျောက်ဆေးကြောင့်လား
ဒါမှမဟုတ် ဒီနေ့မှာမှ ဆေးရုံက ဆင်းလာခဲ့တာကြောင့်လားဆိုတာကိုတော့ သေချာမသိဘူး။
“ကောကော ကျွန်တော် နည်းနည်းအိပ်ချင်တယ်”
“ပင်ပန်းလာရင်အိပ်လေ”
“ဒါဆို ကောကော....”
ရုန်ရုန် တွေးလိုက်တယ်။ သူသာ အိပ်ချင်တဲ့အကြောင်းကို
ယဥ်ယဥ်ကျေးကျေးလေးသတိပေးခဲ့တာလေ။ သူ့အစ်ကိုက ထွက်မသွားဘူးလား?
“ ငါထွက်မသွားခင် မင်းအခန်းထဲမှာ ခဏထိုင်ပြီး
မင်း မသက်မသာမခံစားရတော့တာ သေချာရဲ့လားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်”
ရုန်ရုန်မျက်လုံးကိုအသာလှိမ့်လိုက်မိတယ်။
“ကောကော ကျွန်တော် အိပ်တာကို ကြည့်နေမလို့လား”