(16) ကျွန်တော်က
မှတ်ဥာဏ်ကောင်းတယ်လေ
(T/n_ ဒီအပိုင်းမှာ
အရေးကြီးတာလေးနည်းနည်းပါနေလို့ မှတ်မိထားပေးကြရင်ကောင်းမယ်:3)
“အန်တီဝူ ဒီနေ့
မနက်စာကိုကောင်းကောင်းလေးပြင်ဆင်ထားတာပဲ”
စားသောက်ခန်းဆီကိုရောက်တော့
ရုန်ပါးပါးက အံ့သြတကြီးပြောလာတယ်။
ပုဇွန်ကြက်ဥမွှေကြော်၊
သခွားသီးသုတ်၊ ဝက်ဗိုက်သားအကြွတ်ကြော်... ဆန်ပြုတ်နဲ့တွဲဖက်စားရမဲ့အရံဟင်းတွေအကုန်
သူ့ရဲ့အကြိုက်တွေချည်းပဲ။
ရုန်ပါးပါး
ကိုယ်တိုင်ပဲ ဆန်ပြုတ်တစ်ပန်းကန်ခူးလိုက်ကာ တူကိုကိုင်ပြီး
အရသာခံကြည့်ဖို့မစောင့်နိုင်တော့ဘူး။
တစ်ကိုက်ကိုက်ကြည့်လိုက်ပြီးနောက်
သူ ကြောင်အမ်းကာ ငေးမောသွားရတယ်။
အန်တီဝူက
စိတ်လှုပ်ရှားစွာမေးလာတယ်။
“ဘာ..
ဘာမှားနေလို့လဲ? သူဋ္ဌေး အရသာမကောင်းလို့လား”
တစ်ဖက်မှ
မစ်ရုန်ကလည်း စိတ်ပူသွားရတယ်။
“ဘာမှားနေလို့လဲ?
အန်တီဝူဒီနေ့ချက်ထားတဲ့အရံဟင်းတွေက ခံတွင်းမတွေ့လို့လား”
ရုန်ပါးပါးရဲ့
တူကိုင်ထားတဲ့လက်က အနည်းငယ်တုန်ယင်နေပြီး မျက်လုံးတွေကလည်း အနည်းငယ်နီရဲလာကာ
ခေါင်းကိုသာ ခါယမ်းပြလာတယ်။
ဒါကိုမြင်တော့
မစ်ရုန် တစ်ခုခုကို တွေးမိသွားတယ်။
သူမက
စားပွဲပေါ်မှတူကိုကောက်ယူပြီး အကုန်လုံးကို အရသာခံကြည့်ပြီးနောက်
တူကိုပြန်ချလိုက်တယ်။ သူမရဲ့မျက်ဝန်းထောင့်ကလည်း စတင်နီရဲလာခဲ့တယ်။
သူမက လက်ထဲမှ တူကို
ငြင်သာစွာချလိုက်ပြီး ခေါင်းကိုလှည့်ကာ အန်တီဝူကို နူးညံ့စွာမေးလိုက်တယ်။
“အန်တီဝူ..
မကြောက်ပါနဲ့ ကျွန်မကို အမှန်အတိုင်းပြောပြလေ.. ရှင် ဒီဟင်းတွေက ဘယ်ကနေ
သင်လာခဲ့တာလဲ”
အန်တီဝူက
မစ်ရုန်နဲ့ မစ်စတာရုန်ဆီမှာ ဘာတွေဖြစ်နေတာလဲဆိုတာကိုမသိခဲ့ဘူး။ ဒီတော့
ထိုနှစ်ယောက်က ရှားပါးတဲ့အိမ်ရှင်ကောင်းတွေဖြစ်နေပေမဲ့ ဒီအချိန်မှာတော့ သူမ
အနည်းငယ်ကြောက်လန့်နေခဲ့တယ်။
သူမက
ရုန်ရုန်ဘက်ကို အသာလှည့်လိုက်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။
“သူဋ္ဌေးနဲ့
သူဋ္ဌေးကတော်.. ဒီဟင်းပွဲတွေက ကျွန်မချက်တာမဟုတ်ပါဘူး.. ဒါက ဒုတိယသခင်လေးချက်ခဲ့တာ”
ဒါကိုကြားတော့
ရုန်ဇနီးမောင်နှံနှစ်ယောက်က ကြောင်အမ်းသွားခဲ့ပြန်တယ်။
ရုန်ရုန်က
ရုန်ကျန်းနဲ့အတူဝင်လာခဲ့တယ်။
ရုန်ကျန်းမေးလိုက်တယ်။
“မား ပါး..
ဒီနေ့မနက်စာက ကျွန်တော့်ညီလေးချက်တာလေ.. ဟင်းပွဲက စားမကောင်းလို့လား”
အဲလိုမဖြစ်သင့်ဘူးလေ။
ငှက်မွှေးလေးလုပ်ပေးတဲ့
သူ့အတွက်မနက်စာက အရသာရှိလွန်းတာကို။
ဒါမှမဟုတ်
ရုန်ရုန်က အနောက်တိုင်းစတိုင်မနက်စာကိုပဲ ကောင်းကောင်းချက်နိုင်ပြီး
တရုတ်စတိုင်ကို သိပ်ပြီးမကျွမ်းကျင်လို့များလား?
ရုန်မားမားက
ရုန်ရုန်ရဲ့လက်ကိုငြင်သာစွာကိုင်လိုက်တယ်။
“ရုန်ရုန်..
ဒီဟင်းပွဲတွေကို တကယ်ပဲ မင်းချက်ခဲ့တာလား”
“ကျွန်တော်လုပ်ခဲ့တာ..
ပါးနဲ့မားတို့ မကြိုက်လို့လား”
ရုန်ရုန်
ရှောင်စီရင်စုမှ ဆရာအိုကြီးဆီမှသင်ယူခဲ့ရတဲ့ဟင်းပွဲအနည်းငယ်ကို ပြန်တွေးခဲ့တယ်။
ရုန်မိသားစုရဲ့သခင်မကြီးက
ရှောင်ရှန်းဇာတိပဲ။
သူ့အဖေက
ဒီနှစ်မတိုင်ခင်က ခွဲစိတ်ခဲ့ပြီးနောက်မှာ စားချင်စိတ်အာသီသတွေပျောက်ဆုံးနေခဲ့တာ။
သူ ဒီအရံဟင်းပွဲတွေကို သဘောကျသင့်တယ်လေ။
ရုန်မားမားကနူးညံ့စွာပြုံးလိုက်ပြီး
သူမရဲ့မျက်ဝန်းတွေကလည်းအနည်းငယ်နီရဲနေတယ်။
“မဟုတ်ဘူး တကယ်တော့
ဆန့်ကျင်ဘက်ပါပဲ”
“ကျန်းအာ ..
ရှောင်ရုန်.. မင်းတို့ညီအစ်ကိုနှစ်ယောက် မင်းတို့ရဲ့အဖွားကို
မှတ်မိကြဦးမယ်လို့ထင်တယ်.. ကျန်းအာက ပိုပြီးမှတ်မိလောက်ဦးမယ် ဟုတ်တယ်မလား?
ရုန်ရုန်ကတော့ သိပ်ပြီးမမှတ်မိနိုင်လောက်ဘူး.. အဆုံးမှာ မင်းတို့ရဲ့အဖွားဆုံးတော့
ရုန်ရုန်က တကယ်ကိုငယ်သေးတယ်လေ .. ဒီလောက်ပဲရှိလောက်မယ်”
ရုန်မားမားက
သူမရဲ့လက်ကောက်ဝတ်နဲ့ တိုင်းတာပြလိုက်ပြီး နူးညံ့စွာနဲ့ဆက်ပြောတယ်။
“မင်းတို့အဖွားရဲ့
ဟင်းချက်လက်ရာက မယှဥ်နိုင်လောက်အောင် ကောင်းတယ်.. မင်းအခုချက်ထားတဲ့ဟင်းပွဲတွေ..
အရသာက မင်းအဖွားရဲ့လက်ရာအတိုင်းပဲ.. သူမအသက်ပြန်ရှင်လာပြီး လာချက်ပေးထားသလိုမျိုး”
ရုန်မားမားက
ရုန်ရုန်ရဲ့လက်ကိုပုတ်ပေးလိုက်တယ်။
“ ဒါကြောင့်
အခုလေးတင် မားနဲ့ မင်းရဲ့အဖေတို့ နည်းနည်းလောက်လန့်သွားခဲ့တာ.. မင်းရဲ့လက်ရာက
ဆိုးရွားနေလို့ မဟုတ်ဘူး”
“ကျွန်တော် အဖွားကို
မှတ်မိပါတယ်”
ရုန်မားမားပြန်ကြည့်လာတယ်။
ရုန်ပါးပါးကလည်း
ရုန်ရုန်ဆီကို အံ့ဩမှုတွေနဲ့ပြန်ကြည့်လာတယ်။
ရုန်ရုန်က
မှတ်မိနေတာလား။
“မနက်ခင်းတိုင်းမှာ
အဖွားက အစောကြီးထပြီး ဥယျာဥ်ထဲမှာ လမ်းလျှောက်လေ့ရှိတယ်.. ဆံပင်တွေကို
အစိမ်းရောင်ဆံထိုးနဲ့ လှလှလေးထိုးပြီး ထုံးထားတတ်တယ်လေ.. လေးရာသီနဲ့ညီတဲ့
တရုတ်ရိုးရာဝတ်စုံတွေကို ဝတ်ထားတတ်တယ်.. တစ်လတည်းမှာ တူညီတဲ့ဝတ်စုံကိုမဝတ်တတ်ဘူး..
ဒါပေမဲ့ သူမက ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုကို စည်းကမ်းတင်းကြပ်ပြီး
တစ်နှစ်လုံးနေရင်တောင် အပြုံးကို မြင်တွေ့ရဖို့ရှားပါးလွန်းတယ်
တစ်ခါတုန်းက
ကျွန်တော် ကောကောနောက်ကနေလိုက်ရင်း လဲသွားတော့ အဖွားကမြင်သွားပြီး
ကျွန်တော့်ကိုလာထူပေးတယ်.. သူမက ကျွန်တော့်ကိုယ်ပေါ်ကဖုန်တွေကို
လက်ကိုင်ပုဝါနဲ့သုတ်ပေးပြီး ကျွန်တော့်လက်ကိုကိုင်တွဲပေးပြီး သူမရဲ့အခန်းဆီကို
ဆေးထည့်ဖို့ ခေါ်သွားပေးတယ်..
အဲဒီတုန်းက
ကျွန်တော်သတ္တိရှိရှိနဲ့ အဖွားကို ဘာလို့မပြုံးတာလဲလို့မေးခဲ့သေးတယ်.. သူမက
အချိန်အကြာကြီးနေမှ သက်ပြင်းချပြီးဖြေခဲ့တယ်.. အဖိုးကိုလွမ်းလို့တဲ့...
အဲဒီတုန်းကတော့
ကျွန်တော်နားမလည်ခဲ့ဘူး.. ဒါပေမဲ့ နောက်ကျွန်တော် အရွယ်ရောက်လာတော့မှ
အဖွားပြောတဲ့စကားကို နားလည်လာခဲ့တယ်
သူမက အဖိုးကို
အများကြီးချစ်ခဲ့လို့ အဖိုးထွက်သွားတဲ့အချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့
သူမရဲ့အချစ်တွေအားလုံးကို ယူသွားခဲ့တာပဲဆိုပြီး ..
သူမရဲ့အချစ်ဆုံးသား၊
ချွေးမနဲ့ မြေးတွေအပေါ်မှာတောင် သူမရဲ့အချစ်တွေကို ဆုံးရှုံးသွားခဲ့တယ်..
ဒါပေမဲ့ သူမက
ကျွန်တော်တို့ကို နက်နက်ရှိုင်းရှိုင်းချစ်နေတုန်းပဲ
အဖိုးထွက်သွားပြီးနောက်မှာတောင်
သူမက ကျွန်တော်တို့နဲ့နှစ်တွေအကြာကြီး အတူနေပေးခဲ့သေးတယ်”
သူက
ထိုအချိန်တုန်းက သေကွဲနဲ့ ရှင်ကွဲအကြောင်းတွေကို နားလည်ဖို့ ဒါမှမဟုတ်
အမျိုးသမီးအိုကြီးက သူမရဲ့ခင်ပွန်းကို ဘယ်လောက်ထိ
နက်ရှိုင်းစွာလွမ်းဆွတ်နေခဲ့သလဲဆိုတွေကို နားလည်နိုင်ဖို့ ငယ်ရွယ်လွန်းသေးတယ်။
တကယ်တမ်းမှာ သူ
ရုန်မိသားစုရဲ့သခင်မကြီးပြောခဲ့တဲ့စကားကို အချိန်ကာလအများကြီးကြာခဲ့တဲ့အချိန်ထိ
နားမလည်နိုင်ခဲ့ဘူး။
တစ်နေ့သောအချိန်ကာလအထိပေါ့။
သူ ဆောက်လုပ်ရေးဆိုဒ်ထဲမှာ သတိလစ်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေက
ဆေးရုံကိုပို့ပေးခဲ့ကြတယ်။ ထိုဆေးရုံအခန်းတွင်းမှာ ဖူကျိုးမှ
ရှေးခေတ်တေးသီချင်းကို သီဆိုရတာကိုသဘောကျတဲ့ အဖွားကြီးတစ်ယောက်နဲ့တွေ့ခဲ့ရတယ်။
အစတုန်းကတော့
ထိုအဖွားကြီးက စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်လို့ သူထင်ခဲ့တယ်။
ဆေးရုံကိုရောက်လာရတာကတောင်
တော်တော်ကြီးဆိုးရွားနေပြီလေ။ သူက ဖူကျိုးမှ ရှေးခေတ်သီချင်းစာသားတွေကို တစ်နေကုန်
အရပ်အနားမရှိနားထောင်နေရတယ်။ တကယ်လို့ သူနေမကောင်း မဖြစ်နေရင်တောင်
စိတ်ဆင်းရဲနေရမှာပဲ။
ဆန်ကျင်ဘက်မှာရှိနေတဲ့
ထိုအမျိုးသမီးရဲ့သားသမီးတွေက စိတ်ညစ်စွာနဲ့ သူ့ကိုအရင်တောင်းပန်လာကာ
ထိုအဖွားရဲ့အကြောင်းကိုပြောပြခဲ့တယ်။
ထိုအဖွားရဲ့
ခင်ပွန်းသည်က ဖူကျိုးရဲ့ရှေးခေတ်သီချင်းတွေကို နားထောင်ရတာကို အလွန်နှစ်သက်သလို
ကိုယ်တိုင်လည်း သီဆိုနေလေ့ရှိတယ်။
ဒါပေမဲ့
အဖွားကတော့မကြိုက်ခဲ့ဘူး။ သူမက စာဖတ်ရတာနဲ့ ပန်းထိုးရတာတွေကိုပဲ သဘောကျခဲ့တယ်။
သူတို့တွေ
ငယ်ရွယ်ချိန်တုန်းကတော့ ခင်ပွန်းသည်က အိမ်ထဲမှာ ရှေးဟောင်းသီချင်းတွေကို
နားထောင်တတ်တာနဲ့ပတ်သက်ပြီး မကြာခဏအငြင်းပွားကြလေ့ရှိတယ်။
ဒီလိုမျိုး
ရန်ဖြစ်ရင်း စကားများရင်းကနေ သက်တမ်းတစ်ဝက်လောက်ဖြတ်သန်းလာခဲ့ကြတယ်။
နောက်ပိုင်းမှာ
ထိုအမျိုးသမီးကြီးကလည်း ရှေးဟောင်းသီချင်းတွေကို ချစ်မြတ်နိုးလာခဲ့တယ်။
ဇနီးးမောင်နှံနှစ်ယောက်က ပန်းခြံထဲကိုအတူသွားလေ့ရှိပြီး သာယာတဲ့ရာသီဥတုအောက်မှာ
နောက်ထပ်သော လူအိုကြီးတွေနဲ့အတူ မိုးမခပင်အောက်မှာထိုင်ရင်း
ရှေးခေတ်သီချင်းတွေကိုနားထောင်ကြလေ့ရှိတယ်။
ဇနီးမောင်နှံနှစ်ယောက်
သီချင်းတွေအတူဆိုကာ တခြားလူတွေကို မနာလိုဖြစ်စေခဲ့တယ်။
တစ်ခုသော
မိုးသွန်းနေတဲ့ရက်မှာတော့ အဖိုးကြီးက ပန်းခြံမှပြန်လာတဲ့အချိန်
တံတားကိုဖြတ်သန်းနေစဥ်မှာ ခြေချော်ကာ လဲသွားပြီး
ဦးခေါင်းနဲ့မြေပြင်ကိုတိုက်မိသွားခဲ့တယ်။
လူတွေက တခဏချင်းမှာ
ကွယ်ပျောက်သွားနိုင်တယ်။
ပိန္နဲသီးအမွှာတွေက
မြေပြင်တစ်လျှောက်ပျံ့နှံသွားခဲ့တယ်။
ဒါက ထိုလူအိုကြီး
ပန်းခြံအပြင်ဘက်မှအသီးတန်းကိုဖြတ်လာချိန်မှာ ဝယ်ခဲ့တဲ့အသီးပဲ။
သူ့ရဲ့ဇနီးသည်က
ပိန္နဲသီးကြိုက်တယ်လေ။
🍀
ထိုနှစ်မှာ
အဖွားရဲ့မြေးဖြစ်သူကမွေးဖွားလာခဲ့တယ်။
အဖွားက သူမနဲ့
သူမရဲ့ခင်ပွန်းသည်တို့နေထိုင်ခဲ့ကြတဲ့ အိမ်လေးမှာ သူမရဲ့သားသမီးတွေက
မြေးတွေကိုစောင့်ရှောက်ပေးဖို့လာခေါ်တဲ့အချိန်ထိ တစ်ယောက်ထဲနေထိုင်ခဲ့တယ်။
“ရိုးရိုးသားသားပြောရရင်
ငါ့ရဲ့အမေက တစ်နေကုန် ရှေးခေတ်သီချင်းကိုဆိုနေတယ်ဆိုတဲ့အကြောင်းကို ကြားကတည်းက
ငါတို့လည်း ခံစားမိပါတယ်.. ငါ့အမေရဲ့သူငယ်ချင်း ငါ့အမေဆီကိုလာလည်တဲ့အချိန်တုန်းက
မတော်တဆကြားခဲ့ရတယ်.. အဲဒီအချိန်မှာ ငါတို့သိခဲ့ကြတယ်.. ငါတို့အဖေထွက်သွားပြီးကတည်းက
ငါတို့အမေရဲ့စိတ်တွေအားလုံး သူနဲ့အတူပါသွားခဲ့ပြီ.. သူမက ငါတို့ကိုလည်း
စိတ်မပူနိုင်တော့ဘူး.. သူမဘာသာတစ်ယောက်တည်း နှစ်တွေအများကြီး ဆက်နေခဲ့တယ်..
ရှောင်ရုန် ငါတောင်းပန်ပါတယ်.. မင်းပင်ပန်းနေပေမဲ့ ထပ်ပြီးသည်းခံနေရတော့မယ်..
ဒီအမျိုးသမီးကြီးက .... သူမရဲ့ခင်ပွန်းသည်ကို လွမ်းဆွတ်နေရုံလေးပါ”
အဖွားရဲ့သားကြီးဖြစ်သူပြောခဲ့တဲ့စကားကိုကြားတော့မှ
ရုန်ရုန်လည်း သူငယ်စဥ်တုန်းက ရုန်သခင်မကြီးပြောခဲ့တဲ့
သူ့ရဲ့အဖိုးအကြောင်းကိုတွေးတောနေတယ်ဆိုတဲ့အဓိပ္ပါယ်ကို နားလည်ခဲ့တယ်။
မစ်ရုန်နဲ့
မစ်စတာရုန်တို့က လက်ထပ်ဖို့ စီစဥ်ပေးခံခဲ့ကြရတာ။
မစ်စတာရုန်က
နူးညံ့သိမ်မွေ့တဲ့စရိုက်ရှိတယ်။ သို့ပေမဲ့ မစ်ရုန်ကတော့ ဆန့်ကျင်ဘက်ပဲ။ သူမက
မူလကတည်းက ကုန်စည်မျိုးရိုးရဲ့သမီးပဲ။ သူမက မြို့နယ်ရှစ်ခုမှာမှ
တစ်ဦးတည်းသာရှိခဲ့တဲ့ ကောလိပ်ကျောင်းသားကို လက်ထပ်ခဲ့ရတယ်။ လက်ထပ်ပြီးချိန်မှာ
သူမရဲ့ခင်ပွန်းသည်ရဲ့မိသားစုက ဆင်းရဲလွန်းတာကိုသိခဲ့ပြီး
သူ့ရဲ့နာမည်ကောင်းတစ်ခုကလွဲရင် မိသားစုက နံရံလေးခုသာရှိခဲ့တယ်။
သူမခင်ပွန်းသည်ရဲ့သဘောထားက
နူးညံ့လွန်းတာကြောင့် မိသားစုတစ်ခုလုံးရဲ့တာဝန်ကို မစ်ရုန်ကသာ ထမ်းဆောင်ခဲ့ရတယ်။
သူမရဲ့ကလေးတွေက မစ်ရုန်ကသာ မစ်စတာရုန်ကို ဆူပူကျိန်းမောင်းနေတာကို
မြင်တွေ့ခဲ့ကြရတယ်။
မစ်စတာရုန်ကရော
ဘယ်လိုလူလဲ?
သူက
ကလေးတွေရဲ့ရှေ့မှာ မစ်ရုန်ထံမှ ဆူပူခံရတဲ့အပေါ်မှာ မျက်နှာပျက်ရတယ်လို့ ဘယ်တေု့မှ
မခံစားရဘူး။ သူက မစ်ရုန်ရဲ့နံမည်ကို ချိုသာတဲ့လေသံနဲ့ခေါ်ခဲ့ပြီး သူမကို
စိတ်ရှည်စွာချော့မော့ခဲ့တယ်။ နောက်ပြီး သူ့ရဲ့ဇနီးသည်ကို စိတ်မဆိုးတော့ဖို့
တောင်းပန်တတ်တယ်။ သူဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးဆိုပြီး။
ထိုနှစ်တုန်းက
မစ်စတာရုန် နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးသွားပြီး ကလေးငါးယောက်နဲ့
ဇနီးသည်ကိုကျောခိုင်းကာထွက်ခွာသွားခဲ့တယ်။ အကြီးဆုံးက ၁၆နှစ်ဖြစ်ပြီး
အငယ်ဆုံးကတော့ ငါးနှစ်ပဲရှိသေးတယ်။
မိသားစုရဲ့အကြီးအကဲက
မစ်ရုန်ကို ရုန်ကျန်းနဲ့ ရုန်ရုန်တို့ရဲ့ဖခင်ဖြစ်တဲ့ ဒုတိယကလေး ရုန်ဝေ့ရှန်ကို
မိသားစုထဲမှာကလေးမရှိတဲ့ချမ်းသာတဲ့ဦးလေးဖြစ်သူထံပေးလိုက်ဖို့ အကြံပေးခဲ့တယ်။
အကြီးဆုံးကတော့
မမွေးစားခံရနိုင်ဘူး။ သူက အသက်၁၆နှစ်ရှိပြီဖြစ်လို့ အဓိကအလုပ်သမား
ဖြစ်လာနိုင်တယ်လေ။ ထိုမိသားစုထဲမှာ ငယ်ရွယ်တဲ့လူငယ်အလုပ်သမားတွေရှိတဲ့အတွက်
ပြသနာဖြစ်လာနိုင်တယ်။
အငယ်တွေကိုလည်း
မွေးစားလို့မရနိုင်ဘူး။
ငယ်ရွယ်လွန်းရင်
အလွယ်တကူငိုနိုင်တာကြောင့် ပြန်ပို့ခံရလိမ့်မယ်။
ဒါကြောင့်
အသက်၁၂နှစ်အရွယ် ဒုတိယသား ရုန်ဝေ့ရှန်က သဘာဝကျစွာနဲ့
အကောင်းဆုံးရွေးချယ်မှုဖြစ်လာခဲ့တယ်။
၁၂နှစ်အရွယ်က
တွေးတောစဥ်းစားနိုင်တဲ့အရွယ်ဖြစ်ပြီး သိပ်လည်းမဆိုးနိုင်ဘူး။ အဓိကအချက်က သူက
ကြီးထွားဆဲအရွယ်ဖြစ်လို့ အများကြီးစားနိုင်တယ်။ မိသားစုကို ဝန်ပိစေလိမ့်မယ်။
မွေးစားဖို့ပေးလိုက်ရင်
စိတ်ပူစရာမလိုတော့ဘူး။
၁၂နှစ်အရွယ်ဆိုတော့
နောက်ထပ်နှစ်အနည်းငယ်လောက်ကြာအောင် လေ့ကျင့်ပေးပြီးသွားရင်
ပြန်လည်လက်လွှဲယူနိုင်ပြီမလား?
အဲဒီအချိန်ကျရင်
မိသားစုကိုလည်းအကူအညီပေးနိုင်ပြီး အကျိုးသက်ရောက်မှုကလည်း ကောင်းလိမ့်မယ်။
မစ်ရုန်က
ထိုစကားကိုပြန်မဖြေခဲ့ဘူး။
သူမက
သူမရဲ့ဒုတိယသားကို ထိုမွေးစားခြင်းအကြောင်းကိုပြောပြခဲ့တယ်။ နေ့ရက်တွေက
ကောင်းမွန်လာလိမ့်မယ်။ အောင်မြင်လာအောင် လေ့ကျင့်ပေးခံရလိမ့်မယ်။ နောက်ပြီး
အကုန်လုံးပြောင်းလဲသွားလိမ့်မယ်။ အကုန်ပြောပြီးချိန်ကျမှ သူမရဲ့သားကို
ဦးလေးဖြစ်သူရဲ့သားဖြစ်လာပြီး ဇိမ်ခံကားကိုစီးချင်လားဆိုတာကိုမေးခဲ့တယ်။
ရုန်ဝေ့ရှန်က
မျက်ရည်တွေနဲ့ပြန်ပြောခဲ့တယ်။
“မား
ကျွန်တော်သိပါတယ်.. ကျေးဇူးပြုပြီး ကျွန်တော့်ကို အဝေးကိုမပို့လိုက်ပါနဲ့..
ကျွန်တော့်ကိုယုံကြည်ပေးပါ.. အနာဂတ်မှာ ကျွန်တော် ပိုက်ဆံတွေအများကြီးရှာပြီး
မားနဲ့ အစ်ကိုကြီးနဲ့ ညီလေးတွေကို သက်သောင့်သက်သာထိုင်ခိုင်းပြီး
ဇိမ်ခံကားစီးနိုင်အောင် သေချာပေါက်လုပ်ပေးပါ့မယ်”
ထိုအမျိုးသမီးက
စကားပြန်မပြောခဲ့ပဲ အကြီးအကဲကိုသာ ငြင်းဆိုခဲ့တယ်။
ရုန်ဝေ့ရှန်သည်လည်း
သူ့ရဲ့ကတိတွေကို ကောင်းစွာဖြည့်ဆည်းပေးနိုင်ခဲ့ပြီး မိသားစုအခြေအနေတွေကို
မြှင့်တင်ပေးနိုင်ခဲ့တယ်။ မစ်ရုန်က ကလေးငါးယောက်လုံးကို
ပျိုးထောင်ပေးနိုင်ခဲ့တယ်ဆိုကတည်းက သူမက လုံးဝကိုအားမနည်းခဲ့ဘူး။
သူတို့တွေ
ငယ်ငယ်တုန်းကတော့ ဘာမှမပြောခဲ့ကြဘူး။ မစ်ရုန်အသက်ရှိစဥ်တုန်းက မစ်စတာရုန်ထက်တောင်
ကြောက်ရွံ့ခဲ့ကြတယ်။
မစ်ရုန်က
သူမရဲ့တစ်ဘဝလုံးသန်မာန်ခဲ့ပြီး တခြားလူတွေရဲ့ရှေ့မှာ အားနည်းမှုကိုမဖော်ပြခဲ့ဘူး။
ဒီတော့ သားတွေ၊
ချွေးမတွေ၊ သမီးတွေ၊ သားမက်တွေအများကြီးရှိခဲ့ပေမဲ့ ဘယ်သူကမှ ဒါကို
ဂရုမစိုက်မိခဲ့ကြဘူး။
သူမက
ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့သူဆိုတဲ့အကြောင်း ၊ သူမ ဘယ်လောက်ထိ
အထီးကျန်နေကြောင်း ၊ များစွာသော နွေဦးနဲ့ နွေရာသီတွေမှာ
သူမရဲ့မရှိတော့တဲ့ခင်ပွန်းသည်ကို ဘယ်လောက်တောင် လွမ်းဆွတ်နေကြောင်းကို
မသိခဲ့ကြဘူး။
ရုန်မားမားရဲ့မျက်လုံးတွေက
စိုစွတ်လာခဲ့တယ်။
ရုန်ပါးပါးကတော့
ကျောခိုင်းထားခဲ့ပြီ။ သူ့ရဲ့ဇနီးသည်နဲ့ သားတွေကို သူငိုနေတာကိုမမြင်တွေ့စေချင်ဘူး။
ရုန်ကျန်း
ရုန်ရုန်ကို မျက်လုံးမှိတ်ပြလိုက်တယ်။ သူတို့ရဲ့မိဘတွေ တည်ငြိမ်သွားဖို့
အချိန်ပေးသင့်ကြောင်းကို ပြောချင်တာပဲ။
ရုန်ရုန်
သူ့အစ်ကိုနဲ့အတူ ဧည့်ခန်းထဲကိုပြန်ထွက်လာခဲ့တယ်။
ရုန်ကျန်းကတော့
အံ့ဩနေဆဲပဲ။
“မင်း
ဒီလောက်ကိစ္စသေးသေးလေးကို မှတ်မိနိုင်သေးတယ်ပေါ့?”
ရုန်ရုန်
မျက်လွှာချပြီး ပြုံးလိုက်တယ်။
“ကျွန်တော်က
မှတ်မိနိုင်စွမ်းမြင့်တယ်လေ”
တိုက်ဖွန်းမုန်တိုင်းကြားမှာနေခဲ့ရတဲ့လူတစ်ယောက်က
အပြင်ဘက်မှ လေတိုးသံကိုကြားရချိန်မှာ ထိုလေက ယိုင်နဲ့တဲ့ပြတင်းပေါက်လေးကို
လွင့်စင်သွားစေမလားဆိုပြီး အမြဲတမ်းပူပန်နေရလိမ့်မယ်။
မကြောက်လန့်ဘဲနေဖို့ဆိုတာ
ဘယ်လိုများဖြစ်နိုင်မှာလဲ။
ဘယ်လိုများလုပ်နိုင်မှာလဲ?
သူတို့ရဲ့အာရုံလွှဲပြောင်းဖို့အတွက်
တခြားအရာတွေကို အပြင်းအထန် တွေးတောနေဖို့ပဲ တတ်နိုင်လိမ့်မယ်။
“အနာဂတ်” အကြောင်း စဉ်းစားစရာမရှိတော့တဲ့အချိန်၊”လက်ရှိကာလ” ကလည်း အလွန်အမင်းဆိုးရွားနေတဲ့အချိန်တွေမှာ “အတိတ်”ရဲ့အမှတ်တရတွေကိုပဲ ပြန်ပြောင်း တွေးတောနေမိလိမ့်မယ်။
သူ့ရဲ့မိဘတွေနဲ့ သူ့ရဲ့အစ်ကိုတို့နဲ့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကိုပဲ
သူတွေးတောချင်ခဲ့တယ်။
အထပ်ထပ်အခါခါတွေးတောနေခဲ့ရင်
အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိလာမှာ အသေအချာပဲလေ။