Chapter 31
ရိုစီနာ သည် အချိန်အတော်ကြာ ကြို့ထိုးနေခဲ့သည်။ စောစောက သူမသည် အားအင်များပြည့်နေခဲ့သော်လည်း ယခုတော့ အားမရှိတော့ပေ။
ရာဟန်က သူမကို ငုံ့ကြည့်ရင်း တံခါးလက်ကိုင်အား လှည့်လိုက်သည်။
"... ဘာလဲ…ဘာကိုဆိုလိုတာလဲ"
"ကြားတဲ့အတိုင်းပဲ…ကိုယ်တို့က ဒီနေ့ တရားဝင်လက်ထပ်လိုက်တာလေ..."
ထို့နောက် သူက တံခါးဖွင့်လိုက်သည်။ ချမ်းစိမ့်စိမ့် ဖြစ်လာရသည့် ရိုစီနာမှာ အခန်းဝတွင် ရပ်နေရင်း အခန်းထဲကို ကြည့်လိုက်မိ၏။ဤအခန်းမှာ အီလီယန် နှင့် သူမနေထိုင်သော အခန်းထက် အနည်းငယ် ပိုကျယ်ဝန်းသည်။ နေဝင်ချိန်နှင့်တူသော မှိန်ပျပျ ဖယောင်းတိုင်အချို့ကို အခန်းထဲတွင် ထွန်းညှိထားသည်။ အခန်းအလယ်မှာ ကုတင်အသစ်ကြီး တစ်လုံးရှိနေပြီး ကုတင်ဘေးတွင် စားပွဲငယ်လေးတစ်ခုရှိသည်။ထိုစားပွဲပေါ်တွင် ဝိုင်တစ်ပုလင်း၊ ဖန်ခွက်နှစ်ခွက်၊ သစ်သီးများနှင့် ဒိန်ခဲများရှိသည်။
ရိုစီနာ သည် ဖယောင်းတိုင်များကို ကြည့်ပြီး ဘာမှ ပြန်မပြောသေးပေ။ယနေ့ မင်္ဂလာပွဲကို ကျင်းပခဲ့သော်လည်း တစ်ကယ့်လက်ထပ်ပွဲ မဟုတ်၊ ရှိုးသက်သက်သာ ဖြစ်သည်။ထို့အပြင် ကွာရှင်းမည့်အကြောင်းကို မနေ့တနေ့ကမှ သူမ သေချာပြောပြထားခဲ့သည်။
ဒါပေမယ့် သူ ဘာလို့ ဒါကိုပြင်ဆင်ခဲ့တာလဲ…
"ရှင် တစ်ကယ် ကြင်စဦး ဇနီးမောင်နှံလို ဟန်ဆောင်နေတာလား..."
သူမ လေသံထဲတွင် အံ့ဩခြင်းတို့ ရောစွက်နေသည်။ ရာဟန် က ဘာမှပြန်မပြောသေးဘဲ သူမ ပုခုံးကို ကိုင်ကာ အခန်းထဲ တွန်းပို့လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။
"ကိုယ် ပြောခဲ့တာကို မေ့သွားပြီလား..."
ဘာလဲ…
ရိုစီနာသည် ပြန်စဉ်းစားကြည့်လိုက်သော်လည်း ဘာမှ တွေးမရချေ။ သို့သော် သူမ စဉ်းစား၍ မရခင်မှာ ရာဟန် က ခြေတစ်လှမ်းတိုးလာပြီး သူမ မျက်နှာနား ကပ်ကာ တိုးတိုးလေးပြောလိုက်၏။
"ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ချင်ယောင်ဆောင်ပြီး ပျော်ရွှင်အောင် နေကြမယ်လို့ ဆုံးဖြတ်ခဲ့တယ် မဟုတ်လား..."
“အာ….”
ထိုမှသာ သူ့စကားကို ပြန်သတိရမိလေသည်။သူမက ရာဟန် ကို ကွာရှင်းဖို့အကြောင်း ကမ်းလှမ်းသည့် နေ့မှာပင် သူက တစ်ကယ်ချင်ခင်ကြသူတွေလို ဟန်ဆောင်ဖို့ ပြောခဲ့သည်။ ထိုအခါ သူမကိုယ်တိုင်ကလည်း လက်ခံခဲ့၏။
“ပထမညကတည်းက အခန်းခွဲအိပ်ရင် လူတွေ သံသယဖြစ်မှာစိုးတယ်လေ…"
သူ့စကားက အဓိပ္ပာယ်ရှိပေမယ့် တစ်ညလုံး အတူတူအိပ်လိုက်ရင် တစ်ခုခုဖြစ်သွားမလားဆိုတာ ဘယ်သူသိမလဲ…
ထိုသို့တွေးနေစဉ် သူက သူမ စိတ်ကို မြင်လိုက်ရသလို နောက်ပြန်ဆုတ်သွားသည်။
“စိတ်မပူပါနဲ့… က်ိုယ် ဘာမှလုပ်မှာမဟုတ်ဘူး..."
ရိုစီနာမှာ ရှက်သွားရသလို သူ့ကို သံသယဖြစ်မိ၍လည်း စိတ်မကောင်းဖြစ်မိ၏။ထို့နောက် ရာဟန် သည် သူမ ထိုင်ရန်အတွက် ထိုင်ခုံတစ်ခုကို ဆွဲယူလိုက်၍ စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ယူပြီး ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
ရာဟန်က ဖန်ခွက်ထဲသို့ နီညိုရောင်အရည်များ ငှဲ့လိုက်တာကို သူမ ကြည့်နေရင်း ထိုင်ခုံပေါ် တက်ထိုင်လိုက်လေသည်။ ထို့နောက် သူက နောက်တစ်ခွက် ထပ်ငှဲ့လိုက်ပြန်သည်။တိတ်ဆိတ်နေသည့် အခန်းထဲတွင် ဝိုင်ငှဲ့လိုက်သည့် အသံက ရေတံခွန်တစ်ခုလို ကျယ်လောင်သွားသည်။
ရိုစီနာ သူ့ကို တိတ်တဆိတ် ကြည့်နေမိသည်။ သူ့ကိုမြင်လိုက်တိုင်း သူမ စိတ်တွေ မငြိမ်မသက်ဖြစ်နေရသည်။သူ့ကို ခုနစ်နှစ်လုံးလုံး သူမ စိတ်ထဲက ဖျောက်ထားခဲ့သည်။ ထိုနေ့က အရာအားလုံးကိုလည်း အရွယ်မရောက်သေးသူ လူငယ်တစ်ယောက် လုပ်တတ်သော အမှားတစ်ခုဟု သူမ တွက်ထားသည်။ ထိုညက သူမသည် ရှက်ရကောင်းမှန်းမသိဘဲ သူ့ကိုသာ တောင့်တနေခဲ့ပြီး တိရိစ္ဆာန်တစ်ကောင်လို အရိုင်းစိတ်များဝင်ကာ လူစိတ်ပျောက်ခဲ့ရသည်။ ရာဟန် ၏ မျက်နှာကိုမြင်တိုင်း သူမသည် ထိုနေ့အကြောင်းကို တွေးမိကာ တစ်ယောက်တည်း ခံစားနေရသည်။ ထို့ကြောင့် သူ့ကို တွေ့လိုက်တိုင်း တစ်ခါမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ခြင်း ဖြစ်သည်။
" သောက်မလား..."
သူ့စကားကြောင့် ရိုစီနာ သည် အတွေးများထဲမှ နိုးထလာပြီး ဖန်ခွက်ကို ယူလိုက်သည်။မွှေးကြိုင်လှသော ရနံ့ကို နမ်းရှိုက်ရင်း ဝိုင်ကို သေချာကြည့်လိုက်၏။ယခုလို သူမတို့ နှစ်ယောက်သား အတူတူသောက်ရမည်ဟု ထင်တောင်မထင်ထားခဲ့ပေ။
ဝိုင်အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် ရိုစီနာ သည် စပျစ်ဝိုင်ကို မော့သောက်လိုက်သည်။ ဝိုင်ကအလွန် မပြင်းဘဲ အသီးနံ့ကလည်း သင်းပျံ့နေသည်။ဝိုင်အရက်ကို ဆေးအဖြစ်သာ သောက်တတ်သည့် သူမ အတွက် ပြီးပြည့်စုံသော ဝိုင်မျိုးဖြစ်သည်။
ရာဟန်သည် စပျစ်ဝိုင်ကိုသာ ရွေးပြီး ဝယ်ထားသဖြင့် သူမ အတွက် ထည့်စဉ်းစားပေးထားခြင်း ဖြစ်သည်။သူမသည် ဝိုင်သောက်နေရင်းသူ့ကို စိုက်ကြည့်လိုက်မိသည်။လည်ပင်းအထိ ကြယ်သီးတွေ တပ်ထားသည့် သူ့ကို ကြည့်ပြီး သူမပါ စိတ်အိုက်လာရသည်။သူမလည်း လည်ပင်းဖုံးအင်္ကျီကို ဝတ်ဆင်သည့်အခါတိုင်း စိတ်အိုက်ခဲ့ရဖူးသည်။
"ရှင် နေလို့ ကောင်းရဲ့လား..."
ရာဟန် က သူမကို နားမလည်သလို လှည့်ကြည့်လာသဖြင့် အလျင်စလို ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး… ရှင့်ရဲ့အဝတ်အစားတွေက ပူနေသလိုပဲ… "
ရာဟန် ခဏ တိတ်ဆိတ်သွားကာ လည်စည်းကို ဖြည်လိုက်သည်။
ထိုအခါ နက်ခ်တိုင်က လျှောကျလာသဖြင့် နက်ခ်တိုင်ကို ငုံ့ကြည့်နေရာ သူ၏ ရွှေရောင် မျက်တောင်မွှေးများသည် အခန်းထဲက ဖယောင်းတိုင်မီးကြောင့် အဝါရောင်ဖြစ်လိုက်၊အနီရောင် ဖြစ်လိုက်နှင့်ပင်။ထို့အပြင် အပေါ်ကြယ်သိီးကို ဖြုတ်ပစ်လိုက်သည့် သူ့ပုံစံက လည်း ဆက်စီ ကျနေလေသည်။ ကြယ်သီးသုံးလုံးကို ဖြည်ပြီးသည့်နောက်တွင် သူ့လည်ပင်းမှာ ပေါ်လာရ၏။မြင်ရသော သူ၏ လည်ညှပ်ရိုးမှာ ပေတံနှင့် တိုင်းလို့ရလောက်အောင်ပင် ထင်ရှားဖြောင့်တန်းနေတော့သည်။
ရိုစီနာ သည် ဝိုင်သောက်နေသောကြောင့်လားမသိ၊ ပူလာသလို ခံစားရသည်။ ဘယ်လိုပင်ဖြစ်ဖြစ် သူမ အိပ်ရာမဝင်ခင် အဝတ်လဲဖို့ လိုအပ်တာကြောင့် အခန်းထဲကို လျှောက်ပတ်ကြည့်လိုက်သေးသည်။ တစ်ခဏမျှ ကြည့်ပြီးနောက် အဝတ်ခန်းကို မေတွ့ဘဲ ကုတင်ကြီးကို ကြည့်ကာ ကျောချမ်းလာရပြန်သည်။သူတို့ ကုတင်ပေါ်မှာ အတူအိပ်ရမည်ဟု တွေးလိုက်တိုင်း သူမ စိတ်မသက်မသာ ဖြစ်သွားရသည်။
ထိုစဉ်…
"?"
ဥယျာဉ်ထဲက ငှက်တစ်ကောင်၏ အော်သံကြောင့် ရိုစီနာ ရုတ်တရက် အတွေးစတို့ ရပ်တန့်သွားရလေသည်။ ငှက်အော်သံက သိပ်မကျယ်သော်လည်း သူမ နားထဲမှာ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ထို့နောက် သူမသည် ထိုင်ခုံမှထကာ ပြတင်းပေါက် အနားကို သွားလိုက်သည်။ထိုအခါ ရာဟန် ကလည်း သူမ ကျောပြင်ကို အံ့အားသင့်စွာ ကြည့်နေသည်။
"တစ်ခုခု ဖြစ်လို့လား..."
သူမသည် ဝိုင်သောက်နေရာမှ ပြတင်းပေါက် အနားမှာ ရပ်လိုက်တာကြောင့် သူ့စိတ်ထဲ ထူးဆန်းသလို ခံစားရ၏။
ရိုစီနာသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
"ပန်းခြံထဲမှာ တစ်ယောက်ယောက်ရှိတယ်..."
“မဖြစ်နိုင်ပါဘူး...”
ဤအချိန်တွင် အစေခံများမှာ အိပ်နေကြပေလိမ့်မည်။လူတစ်ယောက်က ဝေးလံခေါင်သီလှသော မင်းသား၏ နန်းတော်သို့ တကူးတကလာပြီး လမ်းပျောက်သွားတာကြောင့်လည်း မဖြစ်နိုင်ပေ။
“လူတစ်ယောက်တည်း မဟုတ်ဘူး… အနည်းဆုံး သုံးယောက်… မဟုတ်ဘူး…လေးယောက် လောက်တော့ ရှိတယ်...”
ရိုစီနာ အတိအကျပြောသောအခါ ရာဟန် မှာ ထိုင်နေရာမှ ထလာပြီး သူမ အနားကို ရောက်လာတော့သည်။
"ငှက်တွေရဲ့ စကားကို ကြားနေရလို့လား..."
သူမ၏ ပခုံးများ အနည်းငယ် တုန်ခါသွားရပြီး "ဘယ်လိုလုပ် သိတာလဲ..."ဟူသည့် သဘောမျိုး ရာဟန် ကို ပြန်ကြည့်ကာ အတိတ်ကို ပြန်သတိရသွားတော့သည်။ သူနှင့် ပထမဆုံး စတွေ့တုန်းက တိရိစ္ဆာန်များ၏ စကားကို နားလည်ကြောင်း သူမ ပြောခဲ့ဖူးလေသည်။သူ ယခုအထိ ယုံကြည်ပြီး အမှတ်ရနေသေးသည်ဟု သူမ မထင်မိပေ။
"ကိုယ့်ကို အတိအကျပြောနိုင်မလား..."
“လက်နက်ကိုင်တွေက နန်းတော် အနားကို လာနေတယ်…”
စကားမဆုံးခင်မှာပင် ရာဟန် က ရိုစီနာ ကို အမြန်တွန်းထုတ်လိုက်သည်။ထိုအခါ သူမသည် ကုတင်ပေါ် လဲကျသွားရပြီး ရာဟန်က အခန်းထောင့်စွန်းရှိ အလှဆင်သလို ချိတ်ဆွဲထားသည့် ဓားကို ကောက်ကိုင်လိုက်ပြီး နောက်ဘက်ရှိ ပြတင်းပေါက်မှန်အား ရိုက်ခွဲလိုက်သည်။ ကွဲသွားသော ဖန်စများသည် မိုးရွာလိုက်သကဲ့သို့ ဖြာကျလာသည်။
ထို့နောက် အနက်ရောင်ဝတ်ထားသော အမျိုးသားများသည် လေထဲမှ ခုန်ဆင်းလာကြသည်။ သူက ဓားကို အေးအေးဆေးဆေး ထုတ်လိုက်သည်။ထို့နောက် ဓါးသွားသံများ တချွင်ချွင်က အခန်းထဲတွင် လွှမ်းမိုးသွားသည်။
ရာဟန် သည် သူ့ဆီကို ဦးတည်လာနေသော ဓားများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် စိတ်ထိခိုက်သွားရသည်။ရိုစီနာ ရှေ့မှာ သူ လူသတ်တာကို ပြလိုစိတ်မရှိချေ။
“အဲ့ဒီ ကောင်မကို ဓားစာခံအဖြစ် ဖမ်းကြ...”
ရာဟန် ၏ ဓားနှင့် တိုက်ခိုက်နေရသော လုပ်ကြံသူက အော်ပြောလိုက်သည်။ ထိုစကားကြောင့် ရာဟန် သည် စိုးရိမ်ပူပန်လာကာ ရင်ထဲ တင်းကျပ်သွားရသည်။ထို့နောက် သူသည် ကုတင် အနားကို ပြေးနေသော လူသတ်သမား၏ ခါးကို ဓားနှင့်ထိုးလိုက်သည်။ထို့နောက် ရန်သူ၏ ခါးကို ထိုးဖောက်ဝင်ရောက်သွားသည့် ဓားကို ဆွဲထုတ်လိုက်ချိန်မှာ ရန်သူသည် ကုတင်ပေါ်တောင် မတက်နိုင်ဘဲ လဲကျသွားခဲ့သည်။
ရာဟန် တစ်စက်မှ မနားပေ။ သူ့ခေါင်းထဲတွင် ကျန်လူသတ်သမားများကို သတ်ပစ်ချင်သည့် အတွေးများသာ ပြည့်နှက်နေသည်။ ရိုင်းစိုင်းသည့် ခံစားချက်တွေက သူ့ကို ရစ်ပတ်ထားသည်။ မှိန်ဖျော့ဖျော့ ညနေခင်းတစ်ခုရောက်လာသကဲ့သို့ စောစောက ကြည့်လင်နေသည့် အပြာရောင်မျက်လုံးများသည် အပြာရင့်ရောင် ဖြစ်လာကြသည်။
ရာဟန် ၏ လှုပ်ရှားမှုတွေက လူသားတစ်ယောက်ဟုတောင် ခေါ်ဆို၍မရပေ။ နောက်ဆုံးတွင် သူသည် နောက်ဆုံး လူသတ်သမား၏ လည်ပင်းကို ဓားနှင့် ထိုးဖောက်လိုက်သည်။လူသတ်သမားသည် အသံမထွက်ဘဲ တဆတ်ဆတ် တုန်သွားရပြီး အညှာတာမဲ့စွာနှင့် သူက ဓားကို ဆွဲထုတ်လိုက်ရာ ရှေ့ကို ငိုက်စိုက်ကျသွားတော့၏။ရာဟန် သည် သွေးများဖြင့် ရွှဲနေသော ဓားကိုကိုင်ကာ အခန်းထဲကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ထို့နောက် သူက ကုတင်ဘက်ကို သွားလိုက်သည်။
ရိုစီနာ သည် သူမအနားကို တိုးလာသော သူ့ကို အံဩတကြီး ကြည့်နေမိသည်။ရာဟန်၏ မျက်လုံးထဲတွင်လည်း သူမ မျက်နှာကသာ ကြီးစိုးနေတော့သည်။ သူမ သူ့ကို ကြောက်ရွံ့မှု အထင်းသားနှင့် မလှုပ်မယှက် စိုက်ကြည့်နေမိသည်။
သူမ ကြောက်ရွံ့နေသည်ကို မြင်ပြီးနောက် ရာဟန် မျက်နှာထား ပြောင်းလဲသွားသည်။ထို့နောက် ဓားကိုင်ထားသော သူ့လက်မှာ မညှာမတာ တုန်ခါသွားကာ မကြာမီ ဓားလွတ်ကျသံတစ်ခု ကျယ်လောင်စွာ ကြားလိုက်ရသည်။
"ပြေးတော့..."
မချိမဆန့်ပြောနေရသော အသံတစ်ခု ထွက်လာသည်။
“မြန်မြန်… ပြေး”
ရိုစီနာ သည် စိတ်ပျက်နေသော သူ့အသံကိုကြားပြီးနောက် အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။ထို့နောက် သူ့အနားကို ခြေတစ်လှမ်း တိုးသွားလိုက်တော့သည်။ယခုအချိန်မှာ သူမ မကြောက်ဘူးဟု ပြောလျှင် လိမ်နေခြင်းဖြစ်၏။ လူသတ်မှုကို သူမ မျက်စိရှေ့မှာ မြင်လိုက်ရတာကြောင့် သွေးပျက်နေရသည်။
သို့သော် သူမ သူ့ကို မျက်ကွယ်ပြုထား၍မရပေ။ နက်မှောင်နေသော အပြာရင့်ရောင်မျက်လုံးထဲတွင် ကြေကွဲဟန်တို့ အထင်းသားပေါ်နေသည်။နောက်ဆုံးတွင် သူမသည် သူ့ရှေ့မှာ ရပ်လိုက်သည်။ထိုနေ့ကလိုပင်၊ သူမ နှလုံးက ဘယ်လို ခုန်ရတော့မှန်းမသိသလို ဖြစ်ကာ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ထို့နောက် သူ့နာမည်ကို အော်ခေါ်လိုက်မိသည်။
“ရာဟန်…”
သူ့နာမည်ကို ခေါ်လိုက်သောအခါ ရာဟန် သည် ရိုစီနာ ကို ထူးဆန်းသလို ကြည့်လိုက်သည်။ထို့နောက် တုန်လှုပ်နေသော သူမ၏ လက်များသည် သူ့ပါးပြင်ပေါ်ကို ရောက်လာသည်။ မိုးရေစက်များကဲ့သို့ အေးစက်နေသော လက်ချောင်းများက သူ့မေးစေ့ကို ရစ်ပတ်ထားသည်။သူ ပထမတော့ မျက်လုံးပြူးသွားရသော်လည်း ခဏကြာသော် မျက်လုံးများက ရီဝေဝေ ဖြစ်လာရ၏။ချက်ချင်းပင်၊သူက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး ဆွဲခေါ်လိုက်သည်။
ရိုစီနာ က အံ့သြသွားရသဖြင့် သူမ နှုတ်ခမ်းက အနည်းငယ်ဖွင့်ဟ,လာသည်။ထိုအခါ ကြမ်းတမ်းသော်လည်း ပျော့ပျောင်းနူးညံ့သော သူ့လျှာသည် ပွင့်ဟနေသော သူမ၏ နှုတ်ခမ်းများမှတဆင့် အထဲကို ဝင်သွားသည်။ ရာဟန် ၏ လက်များက သူမ ခေါင်းကို ရစ်ပတ်ထားကာ နှုတ်ခမ်းများကို မက်မောစွာ နမ်းရှိုက်နေတော့သည်။