အပိုင်း ၃၀
Viewers 15k

Chapter 30


ရာနီယာ သည် ရိုစီနာ ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ 


အခုက ဘယ်လိုသဘောထားလဲ…


သူမ စိတ်တိုတိုနှင့် ယပ်ခတ်လိုက်ရာ ယပ်တောင် မွှေးတွေက ကျူပင်တွေလို လှုပ်ခါနေသည်။ သူမဘ၀တွင် ပထမဆုံးအကြိမ် အရှက်ကွဲခံရခြင်းဖြစ်သည်။လူတွေလည်း အများကြီး ရှိနေကြ၍ ပိုရှက်စရာကောင်းသည်။သူမသည် နှုတ်ခမ်းနီ ဆိုးထားသည်ကိုပင် မေ့သွားကာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းက သူမကို လှောင်ပြောင်နေကြသလို ခံစားလာရသည်။


"ရိုဆီနာ…နင်က ဘာဖြစ်နေတာလဲ..." 


ရာနီယာ ရှေ့မှာ မက်စယ်လာ ရှိနေသည်။ သူမသည် ရာနီယာ နှင့် အတူတူပင်၊ ရိုစီနာကို နှစ်သက်ပုံမရချေ။


 "နင့်ညီမက နင့်ကို ချီးကျူးနေတာကို..." 


ရန်စကားပြောဖို့ ကြိုးစားနေသော မက်စယ်လာ သည် ဤနေရာက ဘယ်နေရာမှန်း သဘောပေါက်သွားကာ ပါးစပ်ကို ပိတ်ထားလိုက်သည်။ လူတွေကလည်း အများကြီး ရှိနေသဖြင့် သူမ ရန်လိုစကားမျိုး မပြောသင့်ပေ။


ရိုစီနာ သည် မက်စယ်လာ ကို စိုက်ကြည့်ကာ စကားစလိုက်သည်။ 


"အမေ သမီးရဲ့စိတ်နေစိတ်ထားနဲ့ ပတ်သတ်ပြီး ဘာများ ပြောချင်နေတာလဲ..."


မက်စယ်လာ ၏ နှုတ်ခမ်းများသည် ကျယ်လောင်စွာ ပွင့်ဟ,သွားသည်။ သူမ ပြောချင်တာတွေ အများကြီးရှိသော်လည်း ဧည့်ခံပွဲ၏ အဓိကဇာတ်ကောင်မှာ ရိုစီနာ ဖြစ်သည်။ သူမနှင့် ရင်းနှီးဟန်ဆောင် ပြီးကာမျှဖြင့် ဒေါသထွက်ဖို့ မသင့်ပေ။


 “မဟုတ်ဘူး...”


သူမသည် ရိုစီနာကို အရင်ကလို အပြစ်တင်၍ မရသဖြင့် ဒေါသထွက်နေသည်။ 


“အို… အမေ” 


ထို့နောက် သူမသည် ရီုစီနာ က အမေဟု တလိုက်သဖြင့် ပြေလည်ဖို့အတွက် သူမကို လာနှစ်သိမ့်တော့မည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း ရိုစီနာ ပြောလိုက်သော စကားကြောင့် အံ့အားသင့်နေမိတော့သည်။


"ကျွန်မကို ဘယ်လိုခေါ်ရမလဲ  ဆိုတာ အရင်လေ့လာသင့်တယ် ထင်တယ်..." 


"ဘာ" 


" တရားဝင်သတ်မှတ်လိုက်ပြီ.ကျွန်မရဲ့ ရာထူးကိုပေါ့…ဒါကြောင့် အမေလည်း ကျွန်မကို ဘွဲ့နာမည်တပ်ပြီး ခေါ်သင့်တယ်…မဟုတ်ဘူးလား..."


မက်စယ်လာ  ကြောင်ပြီး ရပ်နေလေ၏။ထို့နောက် ရိုစီနာကို အထင်သေးလို့မရမှန်း သဘောပေါက်သွားတော့သည်။မည်သို့ပင်ဆိုစေ၊ ရိုစီနာ သည် တတိယမင်းသား၏ ဇနီးဖြစ်သည်။ ထို့ကြောင့် သူမနာမည်ကို ဒီအတိုင်း ခေါ်လို့မရပေ။သူမ မျက်နှာကြီး မည်းမှောင်လာသည်။ ကိုယ်မွေးထားသော သမီးတစ်ယောက်ကို လေးလေးစားစား ဆက်ဆံရမည်ဟု သူမ မမျှော်လင့်ထားပေ။ထို့နောက် လက်သီးကို ဆုပ်ထားကာ အမှားကို ဝန်ခံလိုက်သည်။ 


"အမေ အမှားလုပ်မိသွားတယ်..." 


ရိုစီနာ က ဘာမှ ပြန်မဖြေသောအခါ သူမ အသက်ပြင်းပြင်း ရှူလိုက်ပြန်သည်။ ခဏအကြာတွင် တုန်လှုပ်နေသော သူမ အသံ ထွက်လာသည်။ 


"မင်းသမီးကို လေးလေးစားစား ဆက်ဆံသင့်တာပေါ့…"


ရိုစီနာ သည် သူမ၏ နောက်ဆုံးမာနကို ဆုပ်ကိုင်ထားရင်း ပြုံးပြလိုက်သည်။ 


“အခုကစပြီး သတိထားပါ… ဒါတွေအားလုံးက အမေ့အတွက်ပဲမို့လို့…စိတ်ထဲမထားပါနဲ့..." 


ထိုစကားများသည် မက်စယ်လာ က ရိုစီနာ ကို ပြောဖူးသည်။


 'နင် ကောင်းဖို့ပဲလေ...' 


သို့မဟုတ် 


'နင် အရမ်းတော်တယ်...'


စသည်ဖြင့် ပြောကာ ရိုစီနာ ကို သမီးကောင်းတစ်ယောက်လို အမြဲနာခံနေအောင် လုပ်ထားခဲ့သည်။


ထို့နောက် ရာနီယာဘက် လှည့်ပြီး ရိုစီနာ က မသိဟန်ဆောင်၍ မေးလိုက်သည်။


 "စကားမစပ် ရာနီယာ…နင့် ယောက်ျားက ဘာလို့ မလာတာလဲ..." 


သူမ စကားကြောင့် ရာနီယာမှာ စိတ်ဆိုးလာသလို သူမနှင့် ပရောပရည် လုပ်ထားသည့် ကောင်လေးများမှာလည်း မျက်နှာပျက်သွားရသည်။အဘယ်ကြောင့်ဆိုသော်၊ ရာနီယာ သည် ခင်ပွန်းရှိကြောင်း တစ်ခွန်းမှ မပြောထားဘဲ လက်မထပ်ရသေးကြောင်း တစ်ပိုင်းတစ်စ ပြောထားခဲ့သည်။


 “အဲ့ဒါ…” 


ရာနီယာ သည် အရှက်ကြီးရှက်သွားရပြီး မျက်လုံးကို စုံမှိတ်ထားလိုက်လေသည်။အစ်မဖြစ်သူကို သူမ၏ ခင်ပွန်းအကြောင်း တစ်ခါမှ မပြောဖူးပေ။သို့သော်လည်း သူမ အရာအားလုံးကို သိနေသလိုပင်။ 


"အခု သူက ညီမတို့ မိသားစုရဲ့ အကြီးအကဲ ဖြစ်နေပါပြီ...အဲ့ဒီတော့ အလုပ်ရှုပ်နေတာပေါ့..."


ထို့နောက် ရာနီယာသည် တိတိကျကျမပြောဘဲ ချက်ချင်း လှည့်ထွက်သွားသည်။ သူမ ဘေးမှာ ရပ်နေသည့် မက်စယ်လာ ကလည်း မျက်စိမျက်နှာပျက်ကာ လိုက်သွားတော့သည်။မက်စယ်လာ နှင့် ရာနီယာ တို့ကို စောစောက စိတ်ဝင်စားပြီး အထင်ကြီးနေကြသည့် တခြားလူများကလည်း သူမတို့နှစ်ယောက်ကို ရှုံ့ချလိုဟန်ဖြင့် မျက်စိတစ်ဆုံး လိုက်ကြည့်နေကြတော့သည်။


မှူးမတ်တို့သည် ဧည့်ခံပွဲ၌ ပျော်မွေ့နေပြီး အတန်ကြာသော် ထုံးစံအတိုင်း လူစုကွဲသွားကြသည်။ 


ထွက်သွားကြသော သားအမိ နှစ်ယောက်၏ ကျောပြင်ကို ကြည့်ပြီး ရိုစီနာ သည် တစ်ဖက် လှည့်လိုက်သည်။ ထို့နောက် သူမ ဘေးတွင် ငြိမ်သက်စွာ ရပ်နေသော ရာဟန် နှင့်  မျက်လုံးချင်း ဆုံသွားသည်။ သူမ၏ မိသားစုနှင့် ဆက်ဆံရေးကို အဆုံးသတ်လိုကြောင်း ရာဟန် ကောင်းကောင်းသိထားသည်။ 


သို့သော် သူမ ယခင်က တောင်းဆိုခဲ့သည့်အတိုင်း မိသားစုကိစ္စများတွင် ဝင်မပါဘဲ စိတ်ရှည်ရှည်ဖြင့်သာ ကြည့်နေခဲ့သည်။သို့သော် အနားမှာ သူရှိနေချိန်တိုင်း မိသားစုပြဿနာများသာ ဖြစ်နေရသဖြင့် အနည်းငယ် ရှက်သွားပုံရသည်။ 


"မင်း အရမ်း တော်ပါတယ်..."


သူမတို့ မိသားစုကြောင့် လူအာရုံစိုက်ခံရသည့်အတွက် ရာဟန်က အပြစ်တင်တော့မည်ဟု ရိုစီနာ ထင်ထားခဲ့သည်။သို့သော် ဆန့်ကျင်ဘက်အနေနှင့် သူမ တော်သည်ဟု ပြောနေသည်။ထိုအခါ စောစောက သူမကို စိတ်မသက်မသာဖြစ်စေသော ခံစားချက်နှင့် နာကြည်းမှုတို့သည် သူ ပြောခဲ့သော စကားကြောင့် နှင်းများ အရည်ပျော်သွားသလို လွင့်မျောသွားခဲ့သည်။


"နောက်တစ်ခေါက်ကျရင် ကိုယ်လည်း သူတို့ကို နှုတ်ဆက်လို့ရမလား..."


 "ဟင်..."


"ကိုယ်လည်း မင်္ဂလာပါလို့ တရားဝင် ပြောချင်တယ်..."


ယဉ်ကျေးသော သူ့စကားအဆုံးတွင် အလိုဆန္ဒ အနည်းငယ် ပါနေသည်။


သူတကယ်ပဲ နှုတ်ဆက်ချင်တာလား ဒါမှမဟုတ် သူမ အမေနဲ့ ရာနီယာ ကို အထူးတလည် ပြောစရာရှိလို့လား…


ရိုစီနာ က ဘာမှပြန်မပြောဘဲ ခေါင်းတညိတ်ညိတ်သာ လုပ်နေလိုက်၏။ညက မှောင်မိုက်လာပြီး ဧည့်ခံပွဲကလည်း စည်ကားလာသည်။ရိုစီနာ နှင့် ရာဟန် တို့ကို အခြားသော မှူးမတ်များကလည်း နှုတ်ဆက်နေကြတော့သည်။ 


ရိုစီနာ သည် လူတောသူတောထဲ အချိန်အတော်ကြာအောင် မတိုးခဲ့ရသော်လည်း မှူးမတ်များကို မင်းသား၏ ဇနီးသည်အဖြစ် တာဝန်ကျေအောင် ခေါ်ပြော နှုတ်ဆက်သည်။သူမ၏ လိမ္မာပါးနပ်သော အပြောအဆိုတို့ကြောင့် နာမည်ပျက်ရှိသော မိသားစုမှ ဆင်းသက်လာသည်ဟု သူတို့ စိတ်ထဲ မေ့ပျောက်သွားရတော့သည်။တစ်ခါမှ လူရှေ့မထွက်ဖူးသော ရာဟန် ကိုလည်း သူ၏ ဖြောင့်မတ်တည်ကြည်ပြီး ယုံကြည်ချင်စရာကောင်းသော ကိုယ်နေဟန်ထားကြောင့် ဧည့်သည်များမှာ အထင်ကြီးနေကြ၏။


တတိယမင်းသားမှာ စိတ်မနှံ့ဘဲ ရုပ်ဆိုးသည် ဟူသော  ကောလဟာလတို့က မှားကြောင်း သူတို့ သဘောပေါက်သွားကြသည်။ ယခုလို အလွန်ပင် ချောမောသူတစ်ယောက်ကို ရုပ်ဆိုးသည်ဟုသာ ခေါ်ကြမည်ဆိုလျှင် သူတို့မျက်နှာတွေ ဘယ်နားသွားထားရမှန်းတောင် မသိတော့ပေ။အရူးတစ်ယောက်ဟု သတင်းကြားနေသူတစ်ယောက်အတွက် လိမ္မာပါးနပ်လွန်းပြီး တစ်ခြားသူတွေ ထက်လည်း ပိုပြီး သိက္ခာရှိ ပုံပေါက်သည်။ 


မနက်ဖြန်ရောက်လျှင် ရာဟန် နှင့်ပတ်သက်သော ဆိုးရွားသည့် ကောလဟလများ ပျောက်ကွယ်သွားနိုင်သည်။ 


ရိုစီနာ နှင့် ရာဟန် တို့သည် မင်္ဂလာပွဲသို့လာရောက်ကြပြီး ဧည့်ခံပွဲကို စည်ကားသိုက်မြိုက်စွာ ပါဝင်ပေးသည့်အတွက် မှူးမတ်များကို ကျေးဇူးတင်ကြောင်း ပြောနေကြသည်။ထိုစဉ် နောက်ကွယ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်လာရသည်။ ရာဟန် နှင့် ရိုစီနာ တို့လည်း ပြိုင်တူ  နောက်လှည့်ကြည့်လိုက်ကြသည်။ 


ဧည့်ခန်းမ နောက်ဘက် ခရုပတ်ပုံစံ လှေကားမှ လူတစ်ယောက် ဆင်းလာသည်။ ထိုသူက ငြင်သာပျော့ပြောင်းစွာ လျှောက်လာပြီး ဒေါက်ဖိနပ်သံကလည်း အခန်းထဲတွင် ထွက်ပေါ်လာသည်။သူမ၏ မိုးပြာရောင် ဝတ်စုံသည် လမ်းလျှောက်နေသော်လည်း မလှုပ်ခါသွားပေ။စကားပြောနေကြသူတိုင်းက ရပ်လိုက်ပြီး သူမကို မော့ကြည့်လိုက်သည်။


 “ဘုရင်မကြီး…” 


လူတစ်ယောက်က ပြောလိုက်သည်။ ထိုမှသာလျှင် ရိုစီနာ သည် ထိုအမျိုးသမီးသည် ဘယ်သူမှန်း သိသွားရသည်။ တော်ဝင်နန်းတော်ထဲ သူမ ရောက်လာကတည်းက ဘုရင်မကို တစ်ခါမှ မတွေ့ဖူးသေးပေ။


ဘုရင်မသည် လှေကားထစ်များပေါ်တွင် ရပ်၍ ကမ္ဘာကြီးကို အုပ်စိုးထားသကဲ့သို့ ငုံ့ကြည့်လိုက်သည်။ သူမ ဆင်းမလာသောအခါ မှူးမတ်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။ သို့သော်လည်း သူမ ဆင်းလာမှာမဟုတ်ပေ။ထို့ကြောင့် သူမ ပုံစံက ဧည့်ခံပွဲသို့ တက်ရောက်မည် မဟုတ်ဟု ဆိုလိုပုံရသည်။ 


ရိုစီနာ သည် အခြားသူများကဲ့သို့ပင် ဘုရင်မကြီးကို မျှော်ကြည့်လိုက်သည်။ မျက်နှာထားက အေးစက်နေသော်လည်း သူမသည် နုပျိုလှပနေတာကြောင့် အရွယ်ရောက်နေပြီ ဖြစ်သော သားတစ်ယောက် အမေဟု ယုံရခက်ခက်ပင်။


ထူထဲဖြောင့်စင်းသော မျက်ခုံးမွှေးများ၊ သစ်ပင်ကဲ့သို့ မတုန်လှုပ်သည့် ကိုယ်နေအနေအထားနှင့် နူးညံ့သော နှုတ်ခမ်းများ..သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် အရှိန်အဝါ တစ်မျိုးဖြင့် ထူးခြားလှပနေသည်။ ခန်းမကြီးကို ကြည့်နေသော ဘုရင်မသည် ရိုစီနာ ကိုကြည့်လိုက်သည်။


သူမတို့ မျက်လုံးချင်း ဆုံပြီးချိန်မှာ ဓားနှင့် အထိုးခံရလိုက်သလို ရိုစီနာ ခံစားလိုက်ရသည်။သူမ မျက်နှာတွင် ခံစားချက်မရှိသော်လည်း မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသလို ခံစားချက်တစ်ခုတည်းသာ ရှိသည်။ကြောက်မက်ဖွယ် ကောင်းသော အကြည့်ဖြစ်သော်လည်း ရိုစီနာ မျက်လုံးမလွှဲပေ။ဘုရင်မက သူမကို သဘောကျမှာမဟုတ်ဟု သူမ မျှော်လင့်ထားပြီးသားပင်။သူမသာ အကြည့်ရှောင်လိုက်လျှင် ညံ့ရာကျသွားပေလိမ့်မည်။သူမသည် သိပ်လည်းအမြင်မရိုင်းအောင် သေချာစူးစိုက်ကြည့်နေလိုက်သည်။


ထိုအခါ ဘုရင်မသည် မျက်မှောင်ကြုတ်ပြီး တိုးတိုးလေးပြောလိုက်သည်။ 


“ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ...” 


သူမ လှေကားထစ်ကို ဆက်တက်သွားသည်အထိ ရိုစီနာ အသက်မရှူဝံ့တော့ပေ။


 *** 


ဧည့်ခံပွဲအပြီးတွင် သူတို့နှစ်ယောက်သည် ရထားလုံးဖြင့် နန်းတော်သို့ ပြန်ခဲ့ကြသည်။ 


တုန်လှုပ်နေသော ရထားလုံးပေါ်၌ ရိုစီနာ သည် ပြတင်းပေါက်အပြင်ဘက်ကို  ငေးကြည့်လာသည်။ သူမ စိတ်ထဲတွင် သက်တောင့်သက်သာ ဖြစ်နေရခြင်းမှာ စောစောက သောက်ခဲ့သည့် ရှန်ပိန်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ထို့အပြင် ထိုအရှိန်ကြောင့်ပဲ သူမ နှလုံးတွေ တဒိန်းဒိန်းခုန်နေရသည်။


သူမ မျက်လုံးမှိတ်ထားစဉ် အီလီယန် ကို သတိရသွားသည်။ တစ်နေ့လုံး မတွေ့ရသေးသည့်အတွက် လွမ်းနေမိသည်။အီလီယန် သည် ယခုအချိန်ဆို အိပ်ပျော်နေပြီး အိမ်‌မက်တောင် မက်နေရော့မည်။ထို့ကြောင့် မနက်ဖြန် အိပ်ရာနိုးသောအခါ သူ့ကို ဂရုမစိုက်မိသည့်အတွက် တောင်းပန်ရမည် ဖြစ်သည်။ 


ရထားလုံး ရပ်သွားသောအခါ နှစ်ယောက်သား နန်းတော်ရှေ့သို့ ဆင်းလိုက်ကြသည်။ 


ရိုစီနာ မှာ အီလီယန် ကို  တွေ့ချင်ဇောကြီးနေသဖြင့် အမြန် လမ်းလျှောက်လိုက်၏။သို့သော် အနည်းငယ်မူးနေတာကြောင့် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီးက တုန်ခါသွားသလိုပင်။ထို့နောက် လှေစီးနေရသလို တငြိမ့်ငြိမ့် ဖြစ်လာပြီး ယိုင်ထွက်မသွားအောင် ထိန်းနေရသည်။


"လမ်းလျှောက်လို့ ရရဲ့လား..." 


"ရတယ်..."


ရိုစီနာ သည် သူမ မမူးကြောင်း ပြောလိုက်သော်လည်းထိုသို့ ပြောလိုက်မှပင် မူးနေကြောင်း သိသာနေ၏။ 


"မင်းအရမ်း မူးနေပြီ ထင်တယ်..."


သူက သက်ပြင်းချပြီး ညည်းညူလိုက်သည်။ သူဘာပဲပြောပြော သူမ စိတ်မဆိုးပေ။ယခုအချိန်မှာ အီလီယန်ကို တွေ့ချင်စိတ်ကြောင့် စိတ်ထဲ ပျော်နေရလေသည်။


ရိုစီနာ သည် နန်းတော်ထဲသို့မဝင်မီ သူမ ဝတ်စုံကို ဆွဲယူကာ အနံရှိမရှိ စမ်းကြည့်လိုက်သေးသည်။အရက်နံ့ရလျှင် ကလေးအတွက် စိုးရိမ်ရသော်လည်း ကံကောင်းစွာနှင့်၊အနံ့အသက်မရှိပေ။ ထို့နောက် သူမသည် ရာဟန် နှင့်အတူ ခန်းမထဲသို့ လျှောက်သွားခဲ့သည်။ သူမ လဲကျတိုင်း သူက ကူညီပေးသည်။


ထို့နောက် အီလီယန် ၏ အိပ်ခန်းရှေ့တွင် ခပ်တည်တည်နှင့် ရပ်ကာ တံခါးလက်ကိုင်ကို တိတ်တိတ်လေး လှည့်လိုက်သည်။


"ရိုဆီနာ"


ရာဟန် က ခေါ်လိုက်သောကြောင့် ရိုစီနာ  တံခါးဖွင့်နေတာကို ရပ်လိုက်သည်။ သူမ နာမည်ကိုသာ ခေါ်လိုက်ခြင်း ဖြစ်သော်လည်း ဇဝေဇဝါ ဖြစ်နေသည့် ခံစားချက်က သူမ တစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။


“ဒီအခန်း မဟုတ်ဘူး...” 


ရာဟန် စကားကို နားမလည်သောကြောင့် သူမ မတုန်မလှုပ် ရပ်နေတော့သည်။ထို့နောက် သူက သူမ လက်ကိုဆွဲပြီး ပုခုံးဖက်ထားကာ လမ်းပြလိုက်လေတော့သည်။


ထို့နောက် ရိုစီနာ သည် မလှမ်းမကမ်းရှိ နောက်တစ်ခန်းရှေ့ကို ရောက်လာသည်။ အခြေအနေကို နားမလည်သေးသော သူမသည် တံခါးကို နောက်ပြန်မှီထားကာ သူ့ကို မော့ကြည့်လိုက်သည်။


“ဒီနေ့ကစပြီး ‌မင်းနေရမယ့် နေရာပဲ...” 


သူ့အသံ တိုးတိုးသည် စောစောက သူမ သောက်ခဲ့သော ရှန်ပိန်ထက် ပိုနက်နဲပြီး ပြင်းထန်သည်။


 "ဘာကို ပြောတာလဲ…” 


သူမ အမေးကို ရာဟန် က ခပ်တည်တည်ပင် ပြန်ဖြေလိုက်သည်။


 "မင်းနဲ့ ကိုယ့်ရဲ့အိပ်ခန်း" 


အေ့...


သူမ စိတ်တိုလာရတော့သည်။