အပိုင်း ၂၉
Viewers 13k

Chapter 29


အိမ်ရှေ့စံသည် ရိုစီနာ ၏ လက်ကောက်ဝတ်ကို အချိန်အတော်ကြာအောင် မလွှတ်ပေးခဲ့ပေ။ သူမ၏ လက်ကောက်ဝတ် သေးသေးလေးတွင် ရစ်ပတ်ထားသော သူ့လက်ချောင်းများသည် ရာဟန် လိုမဟုတ်ဘဲ အေးစက်နေသည်။ထို့နောက် အိမ်ရှေ့စံက နှုတ်ခမ်းကို ဖယ်လိုက်ပြီး လက်ကိုလည်း လွှတ်ပေးလိုက်သည်။ထို့ကြောင့် နူးညံ့သော မျက်နှာဖုံးကို ဝတ်ဆင်ထားသလိုပင် ပေါ့ပါးသောအပြုံးဖြင့် ယဉ်ကျေးစွာ မေးလိုက်သည်။ 


"စိတ်မရှိရင် မင်းရဲ့ နာမည်ကို ကိုယ် သိချင်တယ်..." 


"ရိုစီနာအက်စတာရော့... မဟုတ်ဘူး.ဒီနေ့ကစပြီး ရိုစီနာဟာဘက် ဖြစ်သွားပါပြီ..." 


“အင်း…မြို့စားမင်း အက်စတာရော့... ” 


ရိုစီနာ ကျောကိုမတ်မတ်ထားလိုက်သည်။ အင်ပါယာ မိသားစုသည် အက်စတာရော့ မိသားစုကို ဝိုင်းပယ်ပြီး မုန်းတီးခဲ့ကြောင်း သူမ ကောင်းစွာသိထားပြီးဖြစ်သည်။သို့သော် ဘယ်လိုပင် နာမည်ပျက် မိသားစုဖြစ်ပါစေ၊သူမ စိတ်ဓာတ်မကျခဲ့ပေ။ သို့သော်လည်း အိမ်ရှေ့စံမှာ သူမ ‌မျှော်လင့်ထားသလိုမဟုတ်ဘဲ ချိုချိုသာသာ စကားပြောနေလေသည်။


 "အက်စတာရော့ မိသာစုက တစ်ကယ့်ကို ဂုဏ်သိက္ခာရှိတဲ့ မိသားစုပဲ..."


သူ့စကားကြောင့် အနီးနားရှိလူများမှာ အံ့ဩသွားကြသည်။ တော်ဝင်မိသားစုအတွက် အက်စတာရော့ မိသားစုသည် ရန်သူပမာဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် အိမ်ရှေ့စံက အက်စတာရော့ ဘက်ကို ပါမည်ဟု သူတို့ မထင်ထားကြပေ။


ရိုစီနာ လည်း ဇဝေဇဝါဖြစ်သွားကာ အိမ်ရှေ့စံကို သေချာကြည့်လိုက်မိသည်။


"မစ္စ ရိုစီနာ…မဟုတ်ဘူး…မဒမ် ကို ပြောစရာရှိတယ်..." 


အကြောင်းတစစ်ခုခုကြောင့် ရိုစီနာ ၏ အမည်ကို သူထုတ်မပြောချေ။


ရိုစီနာ သည် အံဩစွာဖြင့် မျက်လုံး အပြူးသား ကြည့်နေမိစဉ် သူမ မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေသော အိမ်ရှေ့စံက အကြံတစ်ခုပေးလိုက်သည်။ 


"မင်း မကြာခင် ကိုယ်နဲ့ လက်ဖက်ရည်လေး ဘာလေး သောက်ဖို့ အဆင်ပြေနိုင်မလား..." 


“…ရှင်"


 "အခု ကိုယ်တို့က မိသားစု ဆိုတော့ အချိန်တွေ အတူကုန်ဆုံးသင့်တယ်မဟုတ်လား..."


 “ကျွန်တော်လည်း အဲ့ဒီမှာပဲ ရှိပါ့မယ်..." 


သူမ ဟုတ်ကဲ့ဟု မပြောခင် ရာဟန် ကဝင်ပြောလိုက်သည်။ 


အိမ်ရှေ့စံသည် ရာဟန် ဘက်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ ပြုံးရိပ်သန်းသွားမှန်း ထင်ရှားသော်လည်း ရေခဲကဲ့သို့ အေးစက်နေလေသည်။ 


"ကျွန်တော်လည်း မိသားစုဝင်တစ်ယောက်ပါပဲ..." 


ထိုအခါ အိမ်ရှေ့စံ၏ မျက်နှာသည် ချောမွတ်သော ကြွေထည်ပစ္စည်းတစ်ခုလို ကြေမွပျက်စီးသွားသည်။ သို့သော် သူက လေးနက်စွာ ရေရွတ်လိုက်သည်။


"ဟုတ်တယ် မိသားစု..."


 “……”


"အချိန်အတော်ကြာပြီဆိုတော့ မိသားစုဝင် တွေအနေနဲ့ စကားလေးဘာလေး ပြောရတာ မဆိုးပါဘူး..." 


ငြိမ်သက်စွာ ရပ်နေသော ရာဟန် ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ 


အိမ်ရှေ့စံသည် ခေါင်းငုံ့ကာ ရိုစီနာ မျက်နှာကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက သူမကိုယ်ထဲအထိ ထိုးဖောက်တော့မလိုပင်။ထို့နောက် သူ တစ်ဖက်ကို ပြန်လှည့်သွား၏။


"မင်းရဲ့ နန်းတော်ဆီ လူတစ်ယောက်ကို လွှတ်လိုက်မယ်..." 


ရိုစီနာမှာ သူ့နောက်ကျောကိုကြည့်ရင်း သူမ လက်ကောက်ဝတ်ကို ငုံ့ကြည့်မိသည်။ အိမ်ရှေ့စံ၏ ချုပ်နှောင်ခြင်းကို ခံရသည့် ခံစားချက်သည် သူမ လက်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ သူ့လက်ချောင်းများက သူမ လက်ဖမိုးကို ညင်သာစွာ ရစ်ပတ်ထားချိန်က ထူးဆန်းလောက်အောင်ပင် ကြောက်မက်ဖွယ် ကောင်းသည်။ သူမသည် အလိုလိုပင် စိတ်ထဲက ဆင်ခြင်မိရတာကြောင့် သူနှင့် မနီးစပ်ချင်‌တော့ပေ။ 


"အဆင်ပြေလား..." 


ထိုမှသာ သူမသည် ရာဟန် ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာမှ အမျိုးမျိုးသော ခံစားချက်တွေကို ခံစားရသည်။ အထင်ရှားဆုံးမှာ စိုးရိမ်ပူပန်မှုနှင့် မကျေနပ်မှု တို့ ဖြစ်သည်။


"အရှင့်သားက ကျွန်မကို လူချင်းစကားပြောလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..." 


သူမသည် လျစ်လျူရှုခံရမည်ဟု မျှော်လင့်ထားသည်။ သူမ၏ မိသားစုသည် နာမည်ပျက်ရှိသော မိသားစုဖြစ်ပြီး တော်ဝင်မိသားစုက မုန်းတီးခြင်းခံရသူများ ဖြစ်သည်။ထို့ကြောင့် အိမ်ရှေ့စံက လှည့်တောင်ကြည့်မည်ဟု မထင်ထားပေ။


အိမ်ရှေ့စံ၏ စကားများသည် တခြားသူများအပေါ် သိသိသာသာ လွှမ်းမိုးမှုရှိခဲ့သည်မှာ သေချာသည်။ တစ်ချိန်တည်းတွင် မှူးမတ်များ၏ မျက်လုံးများက ပြောင်းလဲသွားကြသည်။ အဝေးမှကြည့်နေသော မှူးမတ်များလည်း တုန်လှုပ်သွားကြသည်။ 


ထိုစဉ် အဝေးမှလျှောက်လာသော မက်စယ်လာ နှင့် ရာနီယာ တို့သည် တခြားလူများ ထွက်သွားပြီးနောက် သူမရှေ့တွင် လာရပ်လိုက်၏။


*** 


ရာနီယာ နှင့် မက်စယ်လာ တို့မှာ ယနေ့အတွက် သူတို့တွင် ရှိရှိသမျှထဲက အကောင်းဆုံးဝတ်စုံကို ဝတ်လာပုံပေါ်သည်။ မင်္ဂလာဆောင်မှာ သတို့သမီးလေးကသာ အတောက်ပဆုံးဖြစ်ဖို့အတွက် အ၀တ်အစားကို အေးဆေးတည်ငြိမ်သည့် အရောင်အသွေးကိုသာ တွဲဖက် ဝတ်ဆင်လေ့ရှိကြသည်။ သို့သော် သူတို့နှစ်ယောက်ကမူ အဓိကဇာတ်ကောင်များလို တတ်နိုင်သမျှ ခမ်းနားစွာ အလှဆင်ထားကြသည်။ 


မက်စယ်လာ သည် စျေးနှုန်းကြီးမြင့်ပြီး ရောင်စုံကာလာများဖြင့် ပြည့်နေသော ၀တ်စုံနှင့် နီလာလည်ဆွဲကြီးကို ဝတ်ဆင်ထားသည်။ မြို့တော်ကို သွားတုန်းက သူမ မြင်ခဲ့ရသည့် ၀တ်စုံကို မဝယ်ခဲ့ရ၍ ဒေါသထွက်ခဲ့ရသော်လည်း သူမ ယခုဝတ်ထားသည့် ဝတ်စုံကို ကျေနပ်မိလေသည်။ နှစ်ယောက်သား မနက်အစောကြီးကတည်းက စိတ်လှုပ်ရှားစွာနှင့် ရောက်လာကြ၏။ 


ရာနီယာ ၏ခင်ပွန်းဖြစ်သော မြို့စားမင်းအသစ် အက်စတာရော့ သည် မင်္ဂလာပွဲသို့ မတက်နိုင်လောက်အောင် အလုပ်ရှုပ်နေခဲ့သည်။မည်သို့ပင်ဆိုစေ၊သူမတို့သည် သတို့သမီးဘက်မှ မိသားစုဝင်များ ဖြစ်ကြသောကြောင့် မှူးမတ်များ၏ အာရုံစူးစိုက်မှုကို ရခဲ့ကြသည်။သူမတို့ကလည်း ထိုသို့အကြည့်ခံရတာကိုပင် သဘောကျလျက်ရှိ၏။


မင်္ဂလာပွဲ စတင်ပြီးနောက် မင်္ဂလာဝတ်စုံဝတ်ထားသည့် ရိုစီနာ ပေါ်လာသည်။ မက်စယ်လာ နှင့် ရာနီယာ တို့သည် သူမ ပုံစံကို သေချာကြည့်နေခဲ့ကြသည်။ ပထမဆုံး သူတို့မြင်လိုက်ရသည်က၊နှင်းတွေလို ဖြူဖွေးဥဖတ်နေသော သတို့သမီး တစ်ယောက် လျှောက်လမ်းပေါ်ကနေ လျှောက်လာနေသည်။ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နှင်းဆီပန်းများ ကခုန်နေသလိုပင် ဝတ်စုံက တဖျတ်ဖျတ် လွင့်ခါနေသည်။အရင်က သူမတို့ သိထားသော ရိုစီနာ နှင့် လားလားမှ မသက်ဆိုင်ချေ။ သူတို့လည်း သတိပြန်ဝင်လာသောအခါတွင် မင်္ဂလာပွဲ ပြီးသွားလေသည်။


ထို့နောက် မက်စယ်လာ နှင့် ရာနီယာ တို့သည် အခြားသူများထက်စောပြီး ညစာ ဧည့်ခံပွဲကိုလည်း လာခဲ့ကြပြန်သည်။ ညစာစားပွဲရောက်လာသည်နှင့် မှူးမတ်များသည် ဧည့်ခန်းမထဲတွင် တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြပြီး သူမတို့သားအမိကို စိတ်ဝင်စားလာကြသည်။ သူမတို့သည် မိသားစုပြိုကွဲပြီး လူ့အဖွဲ့အစည်းနှင့် ကွဲကွာသွားချိန်မှစ၍ ယနေ့သည် ပထမဆုံး စိတ်ဝင်တစား ကြည့်ခံရခြင်းဖြစ်သည်။ 


အထူးသဖြင့် ရုပ်ရည်ချောမောသော ရာနီယာ အတွက်၊ မင်းသားငယ်များက တိတ်တဆိတ်ချဉ်းကပ်ကာ ပရောပရည် လုပ်ကြသည်။ ရာနီယာ ကလည်း သူမမှာ ခင်ပွန်းရှိသည်ဟု မပြောဘဲ သူတို့နှင့် တပူးတွဲတွဲ လုပ်နေတော့သည်။


 "ရာနီယာ… ဒါဆိုရင် မစ္စက မင်းသမီးရဲ့ မိသားစုဝင် ဖြစ်ရမယ်...”


"ဟုတ်တယ်… ကျွန်မတို့က ညီအစ်မတွေပါ..." 


"ကိုယ်က ဒီနေ့ သူမကို ပထမဆုံးတွေ့ဖူးတာပဲ… သူမက အရမ်းလှတယ်..." 


“တစ်ကယ်တော့ အမေနဲ့ ကျွန်မလည်း အရမ်းကို အံ့ဩနေခဲ့တာ…သိတဲ့အတိုင်းလေ မိန်းကလေးတွေက ပြင်လိုက်ဆင်လိုက်ရင် မလှတဲ့သူဆိုတာ မရှိပါဘူး…သူမက ပုံမှန်ဆို…" 


ရာနီယာ က ပြုံးပြီး စကားအဆုံးကို မှုန်ဝါးဝါးပြောလိုက်သည်။ နောက်စကားများကို မပြောလည်း အရင်ရှေ့က ခံထားသည့် စကားကြောင့် ဘယ်သူမဆို ခန့်မှန်းတတ်ကြပေသည်။ 


"ဘယ်လိုပဲဖြစ်ဖြစ်ပါ…တတိယမင်းသားနဲ့ ဘယ်လိုဖြစ်ပြီးတော့ လက်ထပ်ဖြစ်သွားတာလဲ..." 


မှူးမတ် တစ်ယောက်က သူသိချင်တာတွေကို မေးသည့်အခါ အားလုံးက ရာနီယာ ကိုသာ ကြည့်နေကြ၏။ ရိုစီနာ နှင့် ရာဟန် က ဘယ်လို တွေ့ပြီး လက်ထပ်ခဲ့ကြမှန်း လူတိုင်းက အလွန်ပင် သိချင်နေကြသည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးနှင့် ပွဲအခမ်းအနားကြောင့် နိုင်ငံရေး သဘောတရားဆန်သော အိမ်ထောင်ရေးဟု ခေါ်ဖို့မသင့်ပေ။


မျက်လုံးများ ဝိုင်းစက်ပြီး သူမကို စိုက်ကြည့်နေသောအခါ ရာနီယာ သည် ယပ်တောင်ကို အကြောင်းပြချက်မရှိဘဲ ညင်သာစွာ ခတ်လိုက်သည်။ အဖြေပေးဖို့ အချိန်ယူနေသည့် သူမ ရှေ့မှ လူတိုင်းက မျှော်လင့်ချက်တွေနှင့် ပြည့်နှက်နေကြ၏။ 


“တကယ်တော့ မင်းသမီးက တစ်ခါတုန်းက အိမ်ကနေ ထွက်သွားဖူးတယ်...”


 "အို ဘုရားရေ… "


အားလုံးက ရာနီယာကို မျက်လုံးကြီးပြူးကာ ကြည့်နေကြသည်။ မြင့်မြတ်သော အမျိုးသမီးငယ် တစ်ဦး သည် အိမ်မှ ထွက်ခွာသွားသည် ဆို၍ မကြုံစဖူး ဖြစ်ရပ်တစ်ခုဖြစ်သည်။သူတို့လည်း ပိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာတာကြောင့် ရာနီယာ ၏ စကားကို စောင့်မျှော်နေခဲ့ကြသည်။ 


သို့သော် သူမ ဆက်မပြောမီ တစ်ဖက်မှ ညည်းညူသံကို ကြားလိုက်ရသည်။ ရာနီယာ နှင့် မှူးမတ်တို့သည် အသံကြားရာဆီ လှည့်ကြည့်လိုက်ကြရာ အိမ်ရှေ့စံကို တွေ့လိုက်ရသည်။


ရာနီယာ ဂလုကနဲနေအောင် တံတွေးမြိုချလိုက်သည်။ အိမ်ရှေ့စံမင်းသားနှင့် နဲ့ ပတ်သက်သည့် ကောလဟလများကို သူမလည်း သိထားသည်။ ကိုယ်ရည်ကိုယ်သွေးအလွန်ပင် ကောင်းမွန်လှပြီး  စိတ်နေစိတ်ထား ကောင်းမွန်သူ  ဖြစ်သည်။သို့သော် မကောင်းဆိုးဝါးများကို အနိုင်ယူရန် ထွက်သွားသည် အထိ ပြည်သူများကို အလွန်ဂရုစိုက်သူဖြစ်သည်။ 


ရာနီယာ သည် အိမ်ရှေ့စံကို သေချာကြည့်နေမိသည်။ သူသည် တတိယမင်းသားလောက် မချောသော်လည်း ပျော့ပျောင်းနူးညံ့သော မျက်နှာထား၊  ရာထူးနှင့် ဂုဏ်သတင်း တို့ကြောင့် ပို၍ ကျက်သရေရှိနေသည်။အိမ်ထောင်မရှိသည့် မိန်းမပျိုများ၏ နှလုံးသားကို မီးမွှေးနိုင်လောက်အောင်ပင် ဆွဲဆောင်အား ပြင်းလှသည်။ရာနီယာသည် သူမကိုယ်သူမ ကလေးမလေး တစ်ယောက်လို ခံစားနေရသည်။


သူမသာ အိမ်ရှေ့စံနဲ့ လက်ထပ်နိုင်ရင် ဘယ်လောက်ကောင်းမလဲ…


ရာနီယာ သည် တစ်ယောက်တည်း အိပ်မက်မက်နေစဉ် အိမ်ရှေ့စံသည် တတိယမင်းသားတို့ ဇနီးမောင်နှံ အနားကို သွားလိုက်သည်။


အိမ်ရှေ့စံကို လိုက်ကြည့်နေသည့် သူမက အမေဖြစ်သူကို လက်တို့လိုက်သည်။


 "အမေ…ညီမတို့လည်း နှုတ်ဆက်သင့်တယ်..."


 "ဟုတ်တယ်…နှုတ်ဆက်ရမယ်..." 


ထို့နောက် မက်စယ်လာ နှင့် ရာနီယာ တို့သည် ရိုစီနာ ဆီကို လျှောက်သွားကြသည်။ 


"မင်းသမီးရှင့်..." 


ရိုစီနာ က တစ်ဖက်လှည့်ပြီး ရာနီယာ ကိုကြည့်မိသည်။ ထူးထူးခြားခြား ၀တ်စုံကို ၀တ်ဆင်ထားသော ရိုစီနာ သည် မင်္ဂလာခန်းမတုန်းကနှင့် မတူဘဲ  ဆွဲဆောင်မှု ရှိရှိဖြင့် တစ်မျိုးတစ်ဖုံ ဖြစ်နေသည်။ မင်္ဂလာဝတ်စုံက ဖြူစင်ကြည်လင်သည့် အငွေ့အသက်တွေ ရှိပြီး အခုသူမ ဝတ်ထားသည့် ၀တ်စုံက စွဲမက်ဖွယ်ကောင်းလှသည်။ 


ရာနီယာ သည် ရိုစီနာ ၏ ၀တ်စုံနှင့် အသုံးအဆောင် ပစ္စည်းများ၏ စျေးနှုန်းကို အမြန်မှန်းကြည့်လိုက်သည်။ ရိုစီနာ ဝတ်ထားသည့် လည်ဆွဲတစ်ခုတည်းနှင့်တင် သူမ ဝတ်ထားသည့် ခေါင်းမှ ခြေဖျားအထိ အသုံးအဆောင် ပစ္စည်းများထက် ပိုစျေးကြီးနေတော့သည်။ 


ရာနီယာ သည်ပြုံးပြီး အတွင်းထဲမှ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။


"မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်..."


ရာနီယာ သည် သူမ တတ်နိုင်သမျှ လုပ်နိုင်သော အလှပဆုံးအပြုံးကို ထိန်းထားခဲ့သည်။ သူမကိုယ်သူမ အလွန်ပင် ယုံကြည်မှု ရှိပြီး အင်ပါယာတစ်ခုလုံးတွင် သူမလောက် လှပသူမရှိဟု ခံယူထားသူဖြစ်သည်။ထို့ကြောင့်လည်း အများကြားထဲတွင် သူများထက်ထူး၍ အာရုံအစိုက်ခံရချင်သည်။


"အခု အစ်မကို မင်းသမီးလို့ ခေါ်ရတော့မယ်..." 


ထိုစဉ် ရာနီယာ ဘေးတွင်ရပ်နေသော မက်စယ်လာ သည် အနှောင့်အယှက်ပေးလာပြန်သည်။ 


“အ၀တ်ဆိုင်မှာ ဒီလိုမျိုး ပုံစံနဲ့ လမ်းခွဲခဲ့ရတာ ရှက်စရာ ကောင်းပါတယ်...” 


ပြောပြောဆိုဆို၊ မက်စယ်လာ သည် စိတ်အေးလက်အေးဖြင့် ရိုစီနာ ပခုံးပေါ်ကို လက်တင်လိုက်သည်။ အဝတ်လဲခန်းမှာ တွေ့ကြတုန်းကလိုမဟုတ်ဘဲ သူမသည် အတင်းရင်းနှီးဟန်ဆောင်နေတော့သည်။


ထို့နောက် ရိုစီနာ ကို ပြုံးပြနေသော ရာနီယာ သည်လည်း ရုတ်တရက် သတိရသွားသကဲ့သို့ တောင်းပန်းတိုးလျှိုးသော မျက်နှာထားကို ပြောင်းလဲလိုက်ပြန်သည်။


“မင်္ဂလာပွဲက တော်တော်မိုက်တယ်… ပန်းလေးတွေက အရမ်းလည်းလှတယ်…အစားအသောက်လည်း မဆိုးဘူး… အရမ်းဂရုစိုက်ပြီး လုပ်ထားရမှာ...ပဲ" 


ချီးကျူးစကား အသွင်ဆောင်သည့် သုံးသပ်ချက် တစ်ခုသာဖြစ်သည်။မက်စယ်လာ ကလည်း ရာနီယာ၏ စကားကို ခေါင်းသာညိတ်ပြ၍ ထောက်ခံလိုက်သည်။


 ရာနီယာ သည် ရိုစီနာ ၏ အဖြေစကားကို စောင့်ဆိုင်းနေပြီး စူးစူးရှရှ အကြည့်များကို ရင်ဆိုင်ထားသည်။ သို့သော်လည်း ရိုစီနာ က ဘာမှပြန်မပြောဘဲ ရာနီယာ ကိုသာ စိုက်ကြည့်နေသည်။ 


ထူးဆန်းသော လေထုနှင့်အတူ ပတ်ဝန်းကျင်ရှိ မှူးမတ်များက သူမတို့အား စိတ်ဝင်တစား ကြည့်နေကြသည်။ အကြာကြီး တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ပြီးမှ စပြီး စကားလာပြောခဲ့သည့် ရာနီယာ မှာ ရှက်ရွံ့သွားရသည်။ 


ထို့နောက် ရိုစီနာက ရုတ်တရက် အဓိပ္ပါယ်ရှိစွာ ပြုံးပြလိုက်သည်။ 


"ဟုတ်လား..." 


ထိုစကား၏ အဓိပ္ပါယ်မှာ


"အဲ့ဒီ‌တော့ နင်နဲ့ ဘာဆိုင်လဲ" ဆိုသည်နှင့် အဓိပ္ပါယ် အတူတူပင်ဖြစ်သည်။