အပိုင်း ၂၈
Viewers 15k

Chapter 28


မနက်အစော ကတည်းက မင်္ဂလာခန်းမမှာ လူတွေအများကြီးနှင့် ပြည့်နေသည်။ ကောလာဟလများဖြင့် နာမည်ကြီး ပြီးဖြစ်နေသော တတိယမင်းသား ၏ လက်ထပ်ပွဲကို မှူးမတ်များက အံ့သြတကြီးနှင့် တက်ရောက်ခဲ့ကြသည်။ တတိယမင်းသားသည် ဘယ်လောက်တောင် ရုပ်ဆိုးပြီး အရေးမပါသူ တစ်ယောက်ဖြစ်နေကြောင်းကို သူတို့ကိုယ်တိုင် မျက်စိနှင့် မြင်ချင်ကြသည်။ သို့သော် မင်္ဂလာဆောင်ကို ရောက်လာသောအခါ မှူးမတ်အများစုသည် သူတို့စိတ်ကူးနှင့် အလွန်ကွာခြားသည့် မင်္ဂလာခန်းမ အရွယ်အစားကြောင့် အံ့အားသင့်သွားကြသည်။


 "အလို…မြို့စားမင်း ပါလား…ခင်ဗျား လာမယ်လို့ မထင်ထားဘူးဗျာ..."


"မတွေ့ရတာကြာပြီနော်… ဘာရွန်…ဖိတ်စာရမှ‌ တော့ အရမ်းကို ကြည့်ချင်လွန်းလို့ လာခဲ့ရတာပဲ..."


"စကားမစပ်…  သိပ် မမျှော်လင့်ထားဘူးဗျာ… ဒီလောက်ကြီးကြီးမားမားကြီး လုပ်လိမ့်မယ်လို့ မမျှော်လင့်ဘူး..."


ဘာရွန်က အသံတိုးတိုးဖြင့် ပြောသည်။ 


တတိယမင်းသားသည် ဘုရင်မင်းမြတ်၏ တရားမဝင်သားတော်ဟု လူသိများသည်။ သူ လက်ထပ်ပြီးလျှင်တောင်မှ အင်ပါယာအတွက် အရေးပါလာမှာ မဟုတ်ဟု အားလုံးက ယူဆကြသည်။ထို့ကြောင့် ယခုလိုကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲကို သူတို့ မမျှော်လင့်ထားပေ။အကြောင်းမသိပါက အိမ်ရှေ့စံ မင်းသား၏ လက်ထပ်ပွဲလိုလိုပင်။


 “အင်းလေ… သူလည်း တော်ဝင် မိသားစုဝင်ပဲ မဟုတ်လား…အရူးတစ်ယောက်ကို ဘုရင်မင်းမြတ်က သူ့ကို ထောက်ထားစာနာ သင့်ပါတယ်..."


"မှန်တယ်…သူ ဘယ်လောက်ပဲ ရူးနေပါစေ…သွေးသားရင်းချာတစ်ယောက်ပဲမဟုတ်လား..."


ဘာရွန် စကားကြောင့် မြို့စားမင်းသည် တိုးတိုးလေးရယ်လိုက်သည်။ သူတို့အတွက်၊ တတိယမင်းသားနှင့် မင်းသား၏ ဇနီးအသစ်သည် ဟာသသက်သက်သာ ဖြစ်ချေသည်။


 "သတို့သမီးက ဘယ်သူလဲ..." 


" မြို့စားမင်းအက်စတာရော့ ရဲ့ အကြီးဆုံးသမီးလို့ ကြားတယ်..." 


“အက်စတာရော့ ဆိုရင်…. အဲ့ဒါ နာမည်ပျက် မိသားစု မဟုတ်လား..." 


မိန်းမပျိုများနှင့် မှူးမတ်ကတော် များသည် နားမနေဘဲ သတို့သမီးအကြောင်းကို ပြောနေကြသည်။နာမည်ပျက် မြို့စားမင်း မိသားစုမှ အမျိုးသမီးငယ်တစ်ဦးသည် တော်ဝင် မိသားစုဝင်တစ်ဦးနှင့် လက်ထပ်ရခြင်းမှာ မနာလိုစရာ ကောင်းသော်လည်း တတိယမင်းသားနှင့် လက်ထပ်ခြင်းဖြစ်၍ သိပ်လည်း အရေးမပါပေ။


 "ဘာပဲဖြစ်ဖြစ် သတို့သမီးက တော်တော် ဆိုးတာပဲ… ဒါမှမဟုတ် သူတို့ ငွေရေးကြေးရေး ခက်ခဲနေလို့ပဲနေမှာ..."


"မင်္ဂလာခန်းမကတော့ တောက်ပြောင်နေတာပဲ…ဒါပေမယ့် ဘာအရေးပါမှာလဲ..."


အမျိုးသမီးများသည် အော်ဟစ်ရယ်မောနေကြပြီး မမြင်ဖူးသော သတို့သမီးကို အရှက်ခွဲနေကြသည်။ မင်္ဂလာခန်းမထဲတွင် မှူးမတ်တွေ စုရုံး နှုတ်ဆက်ကြသည့် အချိန်လောက်မှာ ခမ်းနားလှသော ဂီတသံတွေ ကြားလာရသည်။ထိုအချိန်၌ ဘုရင်မင်းမြတ်နှင့် ဘုရင်မကြီးတို့ ပေါ်လာကြသည်။ထိုအခါ ထိုင်နေကြသော မှူးမတ်တို့က တညီတညွတ်တည်း ထ၍ ဂါရဝပြုကြ၏။ဘုရင်မင်းမြတ်သည် လက်ကိုမြှောက်ပြပြီး အထိုင်ခိုင်းလိုက်သောအခါ လူတိုင်းထိုင်လိုက်ကြသည်။ မကြာမီ အိမ်ရှေ့စံနှင့် ဒုတိယမင်းသားတို့ မိသားစု ပေါ်လာသည်။ မင်္ဂလာခန်းမထဲရှိလူတိုင်းသည် အိမ်ရှေ့စံကို ကြည့်နေကြသည်။ နေရောင်အောက်တွင် ရွှေရောင်ဆံပင်များသည်  အရည်ပျော်သွားတော့မလို ထွန်းလင်းနေသည်။ငြိမ်ငြိမ်သက်သက်ကလေး လမ်းလျှောက်လာပုံက တည်ကြည်ဖြောင့်မတ်နေ၏။


အိမ်ရှေ့စံသည် ဘုရင်မင်းမြတ်နှင့် အလွန်တူကြောင်း ကြည့်လိုက်ရုံနှင့် သိသာပေသည်။ အမျိုးသားများသည် သူ့ကို လေးစားကြပြီး အမျိုးသမီးများက သူ့ကို လိုချင်နေကြသည်။ အိမ်ရှေ့စံမင်းသားက နေရာတွင် ထိုင်လိုက်သောအခါ ဆူညံသံများ ငြိမ်သက်သွားသည်။ မကြာခင်မှာ အဖြူရောင်ဝတ် သင်းအုပ်ဆရာ တစ်ယောက် စင်ပေါ်တက်သွားသည်။


 "သတို့သား…ကျေးဇူးပြုပြီး ဝင်လာပါ..."


လူတိုင်းသည် ထိုစကားကြောင့် စင်မြင့်၏ အစွန်းကို ပြန်ကြည့်လိုက်ရာ အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အနက်ရောင် ၀တ်စုံကို ဆင်မြန်းထားပြီး ရွှေရောင်တောက်ပနေသော ဆံပင်ကို ပိုင်ဆိုင်ထားတာကြောင့် သူသည် တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။သူ့ပုံစံမှာ ကင်းဗတ်စ်ထဲမှ ထွက်လာသလိုပင် ချောမောလှပသော်လည်း၊ဖြောင့်မတ်သောခါးနှင့်  တင်းမာကျယ်ပြန့်သော ပခုံးများကြောင့် ပျော့ညံ့ပုံမပေါ်ပေ။ 


သူ့မျက်နှာအသွင်အပြင်က သိမ်မွေ့ပြီး ပျော့ပျောင်းသော်လည်း စကားတစ်ခွန်းမှ မပြောသေးသဖြင့်  အေးစက်ပုံရသည်။ သူ လမ်းလျှောက်လိုက်တိုင်း အားလုံးက သူ့ကို စူးစိုက်ကြည့်နေကြတော့သည်။ အားလုံး အသက်မရှူနိုင်တော့ဘဲ သူ့လှုပ်ရှားမှုများက ဖမ်းစားခံထားရသည်။ ငေးကြည့်နေသူများထဲမှ တစ်ယောက်က ထပြီး ငြီးတွားလိုက်သည်။


"သူ တစ်ကယ်ပဲ တတိယမင်းသားလား..."


သူတို့ မယုံနိုင်ဖြစ်နေသော်လည်း သတို့သားကသာ စင်မြင့်ပေါ်တက်ရတာကြောင့် တတိယမင်းသားမှန်း ငြင်းလို့မရကြချေ။ နောက်ဆုံးစင်မြင့် ရှေ့တွင် သူရပ်လိုက်သောအခါ၊ မိန်းမပျိုများသည် တတိယမင်းသားကို နှမြောတဿ စိတ်နှင့် စိတ်မကောင်းဖြစ်နေကြဟန် ရှိသည်။


သူ့ကို ရုပ်ဆိုးတယ်လို့ သိထားကြတာ…ဒီလိုမျက်နှာလေး ရှိမယ်ဆိုတာ ဘယ်သူက သိမှာတဲ့လဲ…


ယခုလိုမျိုး ချောမယ်မှန်းသာ သိလျှင်  အနည်းဆုံး တစ်ကြိမ်လောက် သူ့ကို ကြိုက်ဖူးချင်မိသည်။  အမျိုးသမီးငယ်များ ဒုက္ခရောက်နေကြစဉ် သင်းအုပ်ဆရာ၏ အသံကို ကြားလိုက်ရသည်။


 "သတို့သမီး… ဝင်လာပါ..."


ထို့နောက် ကြီးကျယ်ခမ်းနားသော ဂီတသံ နှင့်အတူ စင်မြင့်အဆုံးမှ အမျိုးသမီးတစ်ဦး လမ်းလျှောက်လာသည်။ ဒီဇိုင်းအသစ်ဖြင့် ချုပ်လုပ်ထားသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် သူမသည် တောက်ပသော နေရောင်အောက်တွင် နတ်သမီးလေးတစ်ပါးအလားပင်။ နွေဦးလေညှင်းနှင့်အတူ သူမ ဝတ်စုံက တဖျပ်ဖျပ်လွင့်ခါနေသည်။ အားလုံးသည် လူတိုင်းသည် သန့်ရှင်းကြည်လင်သော  သူမ မျက်နှာကို တွေ့ရသောအခါ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြန်သည်။ သတို့သမီးသည် မြူမှုန် တစ်ပွင့်လို မိန်းမမျိုး ဖြစ်၏။ သူမမျက်နှာသည် သာမာန်သာ ဖြစ်သော်လည်း ထိုသာမာန်လေးကပင် ထူးခြားလှပပြီး အများကြားထဲတွင် ထင်းလင်း နေတော့သည်။ 


အခမ်းအနားရှိ မှူးမတ်များသည် သတို့သမီးနှင့် သတို့သားကို မျက်လုံးမခွာဘဲ ကြည့်နေကြသည်။ နောက်ဆုံးတွင် ကတိသစ္စာပေးပြီး အနမ်းပေးခြင်းဖြစ်လေသည်။ အများအားဖြင့် သစ္စာပေးပြီး ပေးရသော အနမ်းမှာ သာမာန် ထိရုံမျှသာထိသော အနမ်းဖြစ်သည်။ သို့သော်လည်း နှစ်ယောက်သား နှုတ်ခမ်းကို မခွာဘဲ အကြာကြီး နမ်းလိုက်ကြသည်။ ကြည့်နေကြသည့် အမျိုးသမီးတစ်ယောက်က သူ့ဘေးမှာထိုင်နေသည့် သမီးငယ်၏ မျက်လုံးကို လက်ဖြင့် အုပ်ထားပေးလိုက်ရ၏။အားလုံးမှာ အသက်တောင်မရှူနိုင်ဘဲ စောင့်ကြည့်နေကြတော့သည်။သူတို့သိလိုက်ရသည်မှာ နိုင်ငံရေးဆန်သော အိမ်ထောင်ရေးတစ်ခုမှာလည်း အချစ်တစ်ခု ပေါက်ဖွားလာတတ်သည် ဆိုတာပင်။ 


*** 


ရိုစီနာ က ပူကျစ်နေသော ပါးပြင်များကို ကိုင်ထားလိုက်သည်။ မင်္ဂလာခန်းမကနေ သူမ ဘယ်လိုပြန်ရောက်လာမှန်းတောင် မမှတ်မိတော့။သူ့နှုတ်ခမ်းအစုံကို ထိလိုက်သည့် အချိန်ကသာ သူမ ခေါင်းထဲမှာ ရှိနေတော့သည်။


 သူမ ဟန်ဆောင်နမ်းဖို့သာ  လုပ်ထားပေမယ့် ဘယ်လိုလုပ်ပြီး အဲ့ဒီအဆင့်အထိ ရောက်သွားတာလဲ... 


သူမ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ စိတ်လှုပ်ရှားနေတာကြောင့် ပါးပြင်က အပူသည် သူမ  လက်ချောင်းထိပ်တွင် ကျန်ခဲ့ပြီး အခုထိ မအေးသေးပေ။သူမ မှန်ထဲကို ကြည့်လိုက်သည်။ ညနေ ဧည့်ခံပွဲတက်ဖို့ လန်းလန်းဆန်းဆန်း ဖြစ်နေရဦးမည် ဖြစ်သည်။


အ‌ေစခံများသည် သူမကို သေသေချာချာ ပြင်ဆင်ပေးကြသည်။ ကောက်ထားသော ဆံပင်ကို ဖြည်ချကာ ဖန်စီဆံထိုးဖြင့် ထိုးပေးလိုက်၏။ထို့နောက် သူမ သည် အဝတ်ဆိုင်မှ မှာယူထားသော ၀တ်စုံကို ပြောင်းဝတ်လိုက်သည်။ဤဝတ်စုံသည် အာတေးနီးယား ၌ ရေပန်းစားသော ဒီဇိုင်းတစ်ခုဖြစ်သည်။ ပန်းဖွားများဖြင့် အလှဆင်ထားသောကြောင့် လှုပ်ရှားလိုက်တိုင်း တလက်လက်ဖြစ်ကာ ပန်းဖွားများက လှုပ်ခါသွားတော့သည်။


ထူးခြားဆန်းပြားသော ၀တ်စုံကို မြင်လိုက်ရသော အစေခံများမှာ သဘောကျ နေကြသည်။ သူတို့သည် ဝတ်စုံကို ပတ်ကြည့်လိုက်ကာ အင်ပါယာတွင် မမြင်ဖူးသော ဒီဇိုင်းတစ်ခုဟု ဆိုကြသည်။ 


အဝတ်အစားလဲပြီးချိန်မှာ နေက မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်နေ‌ေလပြီ။ 


ရိုစီနာ သည် တံခါးကိုဖွင့်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် နံရံကို မှီထားသော ရာဟန် ၏ မျက်လုံးများနှင့် ဆုံမိသွားသည်။ သူ့မျက်နှာကို မြင်လိုက်သည်နှင့် စောစောက အနမ်းကို သတိရသွားတာကြောင့် သူမ ရင်ထိတ်သွားရသည်။


သူသည် ရှေ့ကိုလျှောက်လာပြီး သူမကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။ တိတ်ဆိတ်မှုက ပိုကြာလာသည်နှင့်အမျှ ရိုစီနာ စိုးရိမ်စိတ်ဖြစ်လာသည်။ 


သူဘာလို့ စကားမပြောတာလဲ…မိတ်ကပ်က ထူးဆန်းနေလို့လား… ဒါမှမဟုတ် ဝတ်စုံက ဆန်းလွန်းနေတာလား…သူမကစ၍ တစ်ခုခုပြောရမည်လား....ဟု တွေးရင်း ရှက်နေတော့သည်။


"မင်းအရမ်း လှတယ်..." 


သူ့စကားကြောင့် သူမ ဇဝေဇဝါဖြစ်သွားတော့သည်။ထို့နောက် သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြန်ကြည့်လိုက်သည်။ မကြမီ သူ့နားရွက်တွေ နီရဲလာသည်။


စင်္ကြံမှာ သူနှင့် ဘေးချင်းယှဉ် လမ်းလျှောက်လာရင်း ရိုစီနာ သည် အီလီယန် ကို သတိရသွားသည်။ သူမ တစ်နေ့လုံး အီလီယန် ကို မတွေ့ရသေးပေ။ သူ့ကို ဧည့်ခံပွဲသို့ ခေါ်သွားလို့မရတာကြောင့် သူ့ကို ပြုစုရန် ကလေးထိန်း ဆီမှာ အပ်နှံထားခဲ့သည်။ ပွဲခန်းမဆီသို့ သွားရာလမ်းတွင် အဝေးကြီးလျှောက်လာရသလို ခံစားရသည်။ 


သူမ နှင့် ရာဟန် သည် စကားများများမပြောဘဲ လမ်းလျှောက်လာခဲ့သည်။ သို့သော်လည်း ဘာမှ မပြောဘဲ တစ်ယောက်နှင့် တစ်ယောက် ရင်ထဲမှာ၊အတွေးထဲမှာ ရှိနေကြ၏။ သူတို့သည် စင်္ကြံမှထွက်ကာ ဧည့်ခန်းမဆောင်သို့ ရထားလုံးဖြင့် တက်ကြရသည်။ ယနေ့ညမှာ မှောင်မိုက်မနေဘဲ မီးရောင်များဖြင့် ထွန်းလင်းနေကာ ပွဲခန်းမအပြင်ဘက်ဆီမှ သီချင်းသံများကို ကြားနေရသည်။ 


ခန်းမထဲသို့မဝင်မီ ရာဟန် သည် ချီတုံချတုံဖြစ်နေသော ရိုစီနာ ကို လက်လှမ်းလိုက်သည်။ 


"ကိုယ့်လက်ကို  ကိုင်ထားချင်လား..." 


ယဉ်ကျေးစွာ မေးလာသောအခါ ရိုစီနာ သည် သူမ လက်ကို သူ့လက်ဖဝါးပေါ် တင်လိုက်သည်။ သူ့သွေးခုန်နှုန်းကို သူမ လက်မှတစ်ဆင့် ခံစားလိုက်ရသည်။ ထို့နောက် နှစ်ယောက်သား လက်ချင်းချိတ်ကာ ကပွဲခန်းမထဲသို့ ဝင်သွားကြသည်။ 


ရိုစီနာ မျက်လုံးဖွင့်ကြည့် လိုက်သောအခါတွင် မတူညီသော ကမ္ဘာတစ်ခု ပေါ်လာသည်။ သလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် မီးဆိုင်းကြီးတစ်ခု၏အောက်တွင် စကျင်ကျောက်နှင့် ရွှေရောင်များ ရောထားသော ကျောက်ပြားခင်းထားသည်။ ထို့အပြင် တစ်ခန်းလုံးကိုလည်း ရွှေရောင်များသာ အသုံးပြု အလှဆင်ထားလေ၏။


သူတို့နှစ်ယောက်သား အထဲသို့ ဝင်လာစဉ် လူအများက သူတို့ကိုသာ စူးစိုက်ကြည့်လိုက်ကြလေသည်။ ကောလဟလများ ကြားဖူးထားသော တတိယမင်းသားနှင့် ယခု အပြင်က မင်းသားနှင့် ကြင်ယာတော်တို့မှာ အလွန်ကွာခြားလွန်းလှသည်။ထို့ကြောင့် သူတို့ဇနီးမောင်နှံနှင့် စကားပြောကြည့်ချင်သော်လည်း သတ္တိမရှိကြချေ။ထိုစဉ် မဝံ့မရဲ စိုက်ကြည့်နေကြသော လူအုပ်ကြီးထဲမှ လူတစ်ယောက် ထွက်လာသည်။ တစ်ခဏချင်းပင်၊မှူးမတ်တွေကလည်း သူ့ကို လမ်းဖယ်ပေးလိုက်ကြသည်။


ရိုစီနာ သည် လူအုပ်ထဲက ထွက်လာ သော လူကို ကြည့်လိုက်သည်။


ရာဟန် ကဲ့သို့ တောက်ပသော ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးပင်။ သူ့အပြုံးက နူးညံ့သော ခံစားချက်ကို ပေးစွမ်းသော်လည်း သူမစိတ်ထဲ တစ်မျိုးကြီးဖြစ်ကာ စိတ်မသက်မသာ ဖြစ်သွားရသည်။ 


"ရာဟန်..." 


ထိုလူက ရာဟန် ဟုခေါ်သည်။ နာမည်ခေါ်လိုက်သောအခါ ရာဟန် က သူ့ကို လှည့်ကြည့်လိုက်သည်။


 "မင်းရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်..."


 "ကျေးဇူးတင်ပါတယ်…အိမ်ရှေ့စံ..."


ယဉ်ကျေးသော စကား အပြောအဆိုတို့ကြောင့် ထိုလူသည် အိမ်ရှေ့စံဖြစ်ကြောင်း ရိုစီနာ သဘောပေါက်သွားရသည်။


 “ပြီးတော့…”


ထို့နောက် သူက ရိုစီနာ ကို ကြည့်လိုက်သည်။ ထိုသူ၏အပြာရောင်မျက်လုံးများနှင့် ဆုံလိုက်သည်နှင့် တစ်ပြိုင်နက် သူမ ကျောချမ်းသွားမိသည်။


အိမ်ရှေ့စံသည် ခေတ္တတိတ်ဆိတ်သွားသည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဝင်လာသည်။ 


အိမ်ရှေ့စံ၏ မျက်လုံးတွေက စူးရှထက်မြက်ပြီး မြွေတစ်ကောင်လို ကောက်ကျစ်မည့်ဟန်ရှိသည်။ သူမကိုယ်သူမ မြွေရှေ့ရောက်သွားသော ကြွက်လေး တစ်ကောင်လို ခံစားလိုက်ရသည်။သို့သော် သူမသည် အပြုံးပန်းဆင်ထားလိုက်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။


"အရှင့်သား… အိမ်ရှေ့စံကို တွေ့ရတာ ကျွန်မ ဂုဏ်ယူပါတယ်...” 


ပြန်ဖြေမည့်အစား အိမ်ရှေ့စံသည် ရိုစီနာ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ကိုင်ထားလိုက်သည်။ထို့နောက် သူမ လက်ဖမိုးကို သူ့နှုတ်ခမ်းနှင့် ဖိကပ်နမ်းလိုက်ပြီး သူ့မျက်လုံးကို ပင့်ကြည့်လိုက်သည်။


ထိုအချိန်တွင် ရာဟန် နှင့် အိမ်ရှေ့မင်းသားကြားတွင် မီးလောင်ခဲ့ရသည်။