Chapter 27
တတိယမင်းသား၏ နန်းတော်သည် နံနက်စောစောကတည်းက လူစည်ကားနေသည်။
အရုဏ်တက်ချိန်၌ ရိုစီနာ အိပ်ရာမှထပြီး ရေချိုးလိုက်သည်။ ရေချိုးရာတွင် သူမ၏ ခန္ဓာကိုယ်ကို နှင်းဆီပွင့်ဖတ်လေးများဖြင့် ဆေးကြောပြီး ပုလဲမှုန့်နှင့် ရွှေမှုန့် ရောထားသော အမွှေးနံ့သာဆီကိုလည်း အစေခံများက လိမ်းကြသည်။ အရာအားလုံးက တစ်ဆင့်ပြီးတစ်ဆင့် လည်ပတ်နေချိန်မှာ သူမလည်း ဇိမ်နှင့် အိပ်ငိုက်နေတော့သည်။
"သခင်မ ကြိုက်လား..."
တတိယမင်းသား နန်းတော်ရှိ အိမ်အကူအသစ် အယ်လာ က မေးလိုက်သည်။
အချိန်အတော်ကြာ အိပ်ပျော်သွားပြီးနောက် ရိုစီနာ သည် နိုးလာပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထို့နောက် မှန်ထဲက သူမ ပုံရိပ်ကို မြင်လိုက်ရလေသည်။ သူမ ပုံစံမှာအခုချိန်တွင် ရင်သပ်ရှုမောဖွယ်ရာ လှပနေတာကြောင့် အရင်က သူမ စတိုင်လ်ကို တောင် မမှတ်မိတော့ပေ။
ထူထဲသော ဆံပင်များကို သပ်သပ်ရပ်ရပ် ကောက်ကောက်ထားပြီး ရတနာများ ပါရှိသော ကလစ်ဖြင့် သေသေချာချာ ညှပ်ထားသည်။ ညှပ်ထားသော ဆံပင်ကြောင့် ပျော့ပျောင်းနူးညံ့သောလည်တိုင်ကို ပို၍ ပေါ်လွင်စေသည်။ သူမသည် အဖြူရောင်အမှုန့်နှင့် မိတ်က ပ်လိမ်းထားသောကြောင့် ပန်းပွင့်တစ်ပွင့်လို လန်းဆန်းနေသည်။
ရိုစီနာသည် ပါးပြင်ကို ထိကြည့်လိုက်ရာ အခြားတစ်ယောက်ကို ထိနေရသလိုမျိုးပင်။ ခါတိုင်းနှင့် သိပ်မကွာခြားဘူးဟု သူမ ထင်ထားသော်လည်း မိပ်ကပ်က လူတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ပြောင်းလဲပေးနိုင်လေသည်။
"သခင်မက အရမ်းလှတာပဲ… သခင်မက အသားဖြူတော့ ဘာနဲ့ပဲဝတ်ဝတ် လိုက်နေတော့တာပဲ..."
ရိုစီနာ သည် အယ်လာ ၏ ချီးကျူးစကားကြောင့် နားရွက်ဖျားများ တဖြည်းဖြည်း နီရဲလာရသည်။ ချီးကျူးစကားလေး တစ်ခွန်းသာ ဖြစ်သော်လည်း ရှက်စရာကောင်းလှသည်။ အလှပြင်ပြီးနောက် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ရသည်။ ၀တ်စုံသည် သူမ၏ လည်ညှပ်ရိုးနှင့် ပခုံးကို ဖော်ထားသည့်စတိုင်လ်ဖြစ်သည်။ဂါဝန်ကို ပါးလွှာသည့် ပိတ်စလေးများဖြင့် တွန့်ချုပ်ထိုးသီထားပြီး ပွင့်ချပ်လေးများလို အလှဆင်ထား၏။ဖောက်ထွင်းမြင်ရသော ဇာများကို အလွှာများစွာလုပ်ထားပြီး ပုလဲလုံးလေးများလည်း ကပ်ထား၏။ ၀တ်စုံမှာ အဖြူဖြစ်သော်လည်း အလင်းရောင်နှင့် ထိတွေ့သည့် အခါတိုင်း ပုလဲလုံးများသည် ရောင်စုံဖြာထွက်နေတော့သည်။
ထို့အပြင် နှင်းခဲလို ဖြူဆွနေသော ဝတ်စုံသည် သူမ မျက်နှာကို ရှင်းသန့်သွားစေသည်။ အဝတ်အစားဝတ်ပြီးနောက် ရွှေချည်နှင့် ဇာပန်းထိုးလက်အိတ်များကို ၀တ်ဆင်ရသည်။ နောက်ဆုံးတွင် သူမသည် ရတနာပန်းခက်ပုံ သရဖူနှင့် ခေါင်းဆောင်းကို ၀တ်ဆင်ရသည်။
ပြင်ဆင်မှု များအားလုံးကို ပြီးမြောက်သောအခါ ခရေယယ် သည် ဂါဝန်အနားစကို ဆွဲကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။ သတို့သမီးနှင့် သတို့သားတို့မှာ မင်္ဂလာပွဲမတိုင်ခင် တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်ရပေ။
ထို့နောက် သူမသည် အယ်လာ ၏ အကူအညီဖြင့် ရထားပေါ် တက်ခဲ့သည်။
“အီလီ…”
သူမသည် အကျင့်ဖြစ်နေသည့်အတိုင်း အီလီယန် ကို ခေါ်ပြီးကာမှ သက်ပြင်းချလိုက်သည်။ အီလီယန် သည် သူမကို မင်္ဂလာခန်းမတွင် စောင့်နေပြီဖြစ်သည်။ ရထားစီးနေစဉ် စိတ်လှုပ်ရှားနေသောကြောင့်လက်ချောင်းထိပ်များကို အသာဖျစ်ညှစ်နေမိတော့သည်။သူမ အချိန်အတော်ကြာအောင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း လက်ထပ်ပွဲမရောက်ခင်မှာ စိတ်အေးအေးထားလို့ မရပေ။အစကတည်းက ကွာရှင်းဖို့ ရည်မှန်းထားသော်လည်း လက်ထပ်ပွဲကိုတော့ ရင်ခုန်ဆဲပင်။သူမသည် ရာဟန် နှင့်တရားဝင် လင်မယားဖြစ်လာပြီး တော်ဝင်နန်းတော်တွင် နေထိုင်ရမည့် အကြောင်းကိုတွေးကာ စိတ်မသက်မသာ ခံစားနေရသည်။
"ငါ အမှားမလုပ်မိဖို့ပဲ ဆုတောင်းရမှာပဲ..."
ရိုစီနာ သည် ပြတင်းပေါက်မှ အပြင်ဘက်မြင်ကွင်းကို စိုက်ကြည့်နေသည်။ တွေးကြည့်လိုက်လျှင်၊ ဧည့်သည်များက ဘယ်သူတွေမှန်းလည်း သူမ မသိပေ။မယ်စယ်လာ နှင့် ရာနီယာ တို့ကိုလည်း ဖိတ်ထားချင်ထားနိုင်သည်။
သားအမိသုံးယောက်၏ ဆက်ဆံရေးက အဆင်မပြေဖြစ်နေသော်လည်း သူတို့သားအမိမှာ အခွင့်အရေးရလျှင် တော်ဝင်နန်းတော်ကို ခဏခဏလာလေ့ရှိသည်။ဖခင်ဆုံးပါး သွားကတည်းက ဆွေမျိုးများနှင့် ဆက်ဆံရေးမှာ ပြတ်တောက်လုနီးပါးဖြစ်သဖြင့် သတို့သမီးဘက်မှ ဆွေမျိုး ထိုင်ခုံများမှာ အလွတ်များသာ ဖြစ်နိုင်သည်။
ဒါဆို ရာဟန် ဘက်က ဧည့်သည် ဘယ်လောက်ရှိလဲ…
သူသည် ဘုရင်မင်းမြတ်၏ တရားမဝင်သားတော်ဖြစ်လျှင်တောင်၊ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်တာကြောင့် တော်ဝင်မိသားစုလည်း တက်ရောက်မည်ဖြစ်သည်။ သူမ သည် ရာဟန် မှလွဲ၍ တော်ဝင်မိသားစုဝင်များကို တစ်ခါမှ မတွေ့ဖူးပေ။ထို့ကြောင့် သူမအဖေကို သတ်သည့် ဘုရင်မင်းမြတ်နှင့် တွေ့ရန် ယနေ့မှာ အခွင့်အလမ်း တစ်ခုပင် ဖြစ်ပေတော့သည်။
ရိုစီနာ သည် စိတ်ခံစားမှုများကို ထိန်းထားရန် လက်သီးကို ခပ်ဖွဖွ ဆုပ်ထားသည်။ လျင်မြန်စွာ ဖြတ်သန်းသွားသော ရှုခင်းများက သူမကို တဖြည်းဖြည်း ဖမ်းစားထားသည်။သူမ သတိမထားလိုက်မိခင်မှာပင် ပြတင်းပေါက်နားကို ကပ်လိုက်မိသည်။ မင်္ဂလာဆောင်မည့် နေရာကို ရောက်ဖို့ တော်တော် လိုသေးသော်လည်း အဆောက်အဦးကြီးကိုတော့ အဝေးကနေ လှမ်းမြင်နေရသည်။အဆောင်အဦးကြီးနှင့်၊ နီးလာသည်နှင့်အမျှ သူမ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ပွဲကျင်းပရာနေရာတွင် ပန်းပွင့်အစစ်ပေါင်း ထောင်နှင့်ချီ၍ အလှဆင်ထားပြီး ဧည့်သည်များအတွက် ထိုင်ခုံနှင့် စားပွဲအရေအတွက်မှာလည်း အစအဆုံးမရှိပေ။ထိုမျှမကသေး၊ မင်္ဂလာပွဲမှာ အသေးစိတ်၊အနုစိတ်လှပေသည်။အပြင်ဘက်ရှိ စားပွဲများနှင့် ကုလားထိုင်များအားလုံးကို ပိုးဖြူစဖြင့် ထုပ်ပိုးဖွဲ့ချည်ထားပြီး သန့်ရှင်းသန့်ပြန့်နေကြသည်။ သူမ သတိမထားခင်မှာ ပင် ရထားလုံးက ရပ်တန့်သွားသည်။
ထို့နောက် ရိုစီနာ သည် ဝတ်ကောင်းစားလှများဆင်မြန်းထားသော မြင်းလှည်းမောင်းသမား၏ အကူအညီဖြင့် ရထားပေါ်မှဆင်းလာခဲ့သည်။
“…အာ”
သူမ အနောက်ကနေ မတ်တပ်ရပ်ပြီး မင်္ဂလာခန်းမကို ကြည့်လိုက်သည်။ ဧည့်သည်အရေအတွက်က ထိုမျှလောက် များပြားမည်မဟုတ်ဟု သူမထင်ထားသော်လည်း ယခုမူ အတော်ပင် စည်ကားနေသည်။
သူတို့အားလုံး သတို့သားဘက်က ဧည့်သည်တွေလား…
ရိုစီနာ သည် လည်ပင်းထိပ်အထိတက်လာသော အလုံးကြီးကို အတင်း မျိုချလိုက်သည်။ မင်္ဂလာပွဲက ဤမျှလောက်ကြီးကျယ်မည်ဟု သူမ မထင်ထားချေ။
နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသော သီချင်းသံ ပြောင်းလဲသွားသောအခါ ဆူညံသံများ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ ယခု သီချင်းသံမှာ မင်္ဂလာပွဲ စတော့မည်ဖြစ်ကြောင်း အမှတ်အသားပြုသည့် သီချင်းပင်။
ခပ်လှမ်းလှမ်းတွင် အဖြူရောင်ဝတ် သင်းအုပ်ဆရာတော် တစ်ယောက် ဝင်လာသည်။ သင်းအုပ်ဆရာ စင်မြင့်ပေါ်သို့ တက်လာသောအခါ၊ တီးဝိုင်းသံက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။
"သတို့သား၊ ကျေးဇူးပြု၍ ဝင်ပါ..."
ဧည့်သည်များအားလုံး တစ်ဖက်ကို ပြန်ကြည့်လိုက်ကြသည်။လူတစ်ယောက်သည် စင်မြင့်၏ အဆုံးတွင် ရပ်နေ၏။ အနက်ရောင် ၀တ်ရုံမှာ ရွှေချည်ကြိုးများ ဖောက်ထားတာကြောင့် သူ့အရှိန်အဝါက အတော်ကြီးမားလှသည်။ထို့နောက် သူသည် ခြေတံရှည်များကို ဆန့်တန်းကာ မဆိုင်းမတွ လျှောက်လာခဲ့သည်။ မယိမ်းယိုင်ဘဲ တည်တည်ကြည်ကြည် လျှောက်လာနေတာကို မြင်လိုက်သည့် ရိုစီနာ မှာ စောစောက လူသံသူသံများကိုတောင် မေ့သွားလေတော့သည်။
"အခု သတို့သမီး ဝင်လာပါ..."
ထို့နောက် အစေခံများသည် သူမကို ကူညီပေးကြသည်။ သူတို့က သူမ လက်ထဲက ပန်းစည်းကို သေချာစစ်ဆေးပြီးနောက် သူမကို စင်မြင့်အစွန်းနားအထိ တွဲလိုက်ကြသည်။
"သတို့သမီး…ကျေးဇူးပြုပြီး ဝင်ခဲ့ပါ..."
ထိုစကားကြောင့် ရိုစီနာ ရှေ့တိုးလာသည်။ မွန်းတည့်နေထက် ပိုစူးရှသော မျက်လုံးများသည် သူမဆီကို တညီတညွတ်တည်း လှည့်လာကြသည်။ ပြခန်းတစ်ခုထဲ ရောက်နေသလိုခံစားရတာကြောင့် သူမ ကောင်းကောင်း အသက်မရှူနိုင်တော့။ သူမသည် ဧည့်သည်များကို တစ်ချက်ကြည့်လိုက်သည်။ အများစုမှာ မရင်းနှီးသော မျက်နှာစိမ်းများ ဖြစ်ကြသော်လည်း တစ်ချို့ တစ်လေကိုတော့ မျက်မှန်းတန်းမိသည်။
သူမနှင့်အဆက်အသွယ်ပြတ်သွားသော ဆွေမျိုးများနှင့် သူမအဖေ အသက်ရှင်နေစဉ်က ခင်မင်ခဲ့သူတို့နှင့် ခင်မင်ရင်းနှီးခဲ့သော မှူးမတ်များကို သူမ မြင်နေရသည်။ ရှေ့ထိုင်ခုံများတွင် မက်စယ်လာ နှင့် ရာနီယာ တို့ ထိုင်နေကသည်။ သူတို့နှစ်ဦးသည် သူမကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
ယနေ့သည် နွေးထွေးသော နေ့တစ်နေ့ဖြစ်ပြီး နွေဦး၏ လေနုအေးသည် ရိုစီနာ ၏ ပါးပြင်ကို ညင်သာစွာထိမိသွားသည်။ စိတ်ထဲကတင်းမာမှု ပြေလျော့လာသည်နှင့်အမျှ ပတ်ဝန်းကျင်ကို တဖြည်းဖြည်း မေ့လျော့သွားကာ နေရောင်အောက်တွင် အရည်ပျော်နေသော ရွှေရောင်ဆံပင်များကသာ သူမမျက်လုံးများကို ဖမ်းစားလိုက်လေသည်။ ခါးအောက်အထိ ရောက်နေသည့် ကုတ်အင်္ကျီနှင့် ကြီးမားကျယ်ပြန့်သည့် ပုခုံးပြင်တွေက ကြည့်၍ လှနေကြသည်။
ရိုစီနာ သူ့ဆီသို့ လျှောက်လာသည်။ အလျင်စလို မလျှောက်ဘဲ အေးအေးဆေးဆေး လမ်းလျှောက်ဖို့ ကြိုးစားသေးသော်လည်း ခြေထောက်က သူ့အလိုလို မြန်မြန်လျှောက်နေကြသည်။
မတ်တတ်ရပ်နေသည့် ရာဟန် မှာ ရိုစီနာကို မြင်လိုက်ရသောအခါ အသက်ရှူဖို့တောင် မေ့သွားရလေသည်။
ရိုစီနာ စိတ်ထဲမှာလည်း အချိန်တွေ ရပ်တန့်သွားသလိုပင်။ထိုအကြည့်ထဲတွင် လွန်ခဲ့သည့် ခုနစ်နှစ်မှ မိုးရေထဲက ရာဟန်လို အကြည့်မျိုးပင်။ မီးရှူးမီးပန်းများကဲ့သို့ တောက်လောင်နေသော အကြည့်စူးစူးတို့က သူမကို လောင်ကျွမ်းသွားစေတော့သည်။ထို့အပြင် သူမ တစ်ကိုယ်လုံး ထုံကျင်နေသော ခံစားချက်တစ်ခု စီးဆင်းသွားသည်။
သို့သော် သူ့ဆွဲဆောင်မှု အပေါ်မှာ ကျဆင်းမသွားအောင် ကိုယ့်ကိုယ်ကို ထိန်းထားလိုက်သည်။စောစောက မိန်းမောသွားသည့် ခံစားချက်မှာ သူမကိုယ်ပိုင် ခံစားချက်မဟုတ်ဟု ဖြေတွေးလိုက်သည်။
ရိုစီနာ သည် နောက်ထပ် ခြေလှမ်းအနည်းငယ်လှမ်းကာ ရာဟန် အနားတွင် ရပ်လိုက်သည်။ဖြောင့်မတ်စွာ မတ်မတ် ရပ်နေသော ရာဟန် သည် ရိုစီနာ သူ့ဘေးတွင် ရပ်နေသဖြင့် သဘောကျနေပုံရပြီး ပြုံးနေသည်။ နှစ်ယောက်သား ဘေးချင်းကပ်ရပ်လိုက်သောအခါ သင်းအုပ်ဆရာသည် ထုံးတမ်းစဉ်လာအတိုင်း ကောင်းချီးဩဘာစကားများကို စတင်ရွတ်ဆိုလေသည်။ အိမ်ထောင်ရေး ၊နိုင်ငံတော် သာယာဝပြောရေး အပါအဝင် ကောင်းချီးစကားများစွာ ပြောဆိုသည်။
သို့သော်လည်း သူမ နားထဲမှာ ဘာမှသေချာမကြားရပေ။ သူမ၏ အာရုံကြောများသည် ရာဟန် အပေါ်တွင်သာ ရှိနေကြသည်။ထုံးတမ်း စဉ်လာအရ လက်ထပ်ခြင်းဖြစ်ကြောင်း၊လက်ထပ်ပြီးလျှက် ကွာရှင်းမှာဖြစ်ကြောင်း ကိုယ့်စိတ်ကိုယ် အတန်တန် သတိပေးနေရတော့သည်။အတန်ကြာတော့ သူမ လက်ထဲမှ ပန်းစည်းလက်ကိုင်မှာ ချွေးစေးများ စိုရွှဲလာတော့သည်။
ထိုစဉ် သူမ သတိတစ်ချက်ကပ်သွားသောအခါ သငိးအုပ်ဆရာ၏ စကားတစ်ခွန်းကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
"သတို့သား… သတို့သမီးကို ထာဝရသစ္စာရှိမယ်လို့ ကတိပေးပါသလား..."
ရိုစီနာ အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရာဟန် နှင့် သူမ မျက်လုံးချင်းဆုံသွားသည်။ ရာဟန် သည် သူမကို စူးစူးစိုက်စိုက် ကြည့်နေသည်။တောက်ပနေသော သူ့မျက်လုံးများကို သူမ ရင်ဆိုင်လိုက်ရသောအခါ အသက်ရှူသံပြင်းလာရ၏။
"ထာဝရ" ဟူသော စကားသည် ဘယ်လောက်တောင် လေးနက်မှန်း သူမ သိနေသည်။
“ဟုတ်ကဲ့...”
ရာဟန် ၏ အဖြေကို ကြားသော သင်းအုပ်ဆရာသည် အဝေးကို မျှော်ကြည့်ကာ ရိုစီနာ ကို ကြည့်လိုက်ပြန်သည်။
"သတို့သမီး…သတို့သားကို တစ်သက်လုံးသစ္စာရှိမယ်လို့ ကတိပေးလား..."
“…ဟုတ်ကဲ့”
ကတုန်ကယင် အသံတစ်ခု ထွက်လာသည်။
တစ်ကမ္ဘာလုံးတွင် သူမ နှင့် ရာဟန် သာလျှင် ဤကျိန်ဆိုစကားသည် မုသားစကား ဖြစ်ကြောင်း သိကြသည်။အိမ်ထောင်ပြုပြီး ကွာရှင်းဖို့ စိတ်ကူးမည့်သူ သူမတို့ကလွဲ၍ တခြားသူများ ရှိမည်မထင်ပေ။
"ကျေးဇူးပြုပြီး လက်စွပ်တွေကို တစ်ယောက်နဲ့တစ်ယောက် ဝတ်ပေးလိုက်ကြပါ..."
ထိုအခါ ရာဟန် သည် လက်စွပ်များကို လှမ်းယူလိုက်သည်။ ရိုစီနာ က တုံ့ဆိုင်းစွာနှင့် လက်ပေးလိုက်သောအခါ ရာဟန် သည် သူမ လက်ကောက်ဝတ်ကို ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။ ထို့နောက် သူက လက်အိတ်များကို ဆွဲဖြုတ်လိုက်လေတော့သည်။ထို့နောက် သူမ၏ လက်ချောင်းပေါ်တွင် လက်စွပ်ကို အသာအယာ စွပ်ပေးလိုက်၏။ နောက်ဆုံးတွင် သူမ လက်ထဲမှ လက်စွပ်က နေရောင်ခြည်ကို တစ်ချက် လက်ကနဲ ရောင်ပြန်ဟပ်ကာ တောက်ပသွားရသည်။
ထို့နောက် ရာဟန် သည် သူမ လက်ကို စိုက်ကြည့်ရင်း လက်ဖမိုးကို အသာအယာ နမ်းလိုက်သည်။ခြောက်သွေ့နေသော နှုတ်ခမ်းများက သူမလက်ကို လာထိသည်နှင့် သူမ တစ်ကိုယ်လုံး ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသလိုပင်။
ခဏ ကြောင်သွားပြီးနောက် ရိုစီနာ သည် နောက်ထပ် လက်စွပ်တစ်ကွင်းကို အမြန်ဆွဲယူလိုက်သည်။ သူမသည် လက်စွပ်ကိုသာ ဝတ်ဆင်ထားသော်လည်း ကြီးမားသော တာဝန်ကြီးတစ်ခု သူမကို ပေးအပ်လိုက်သလိုပင် သူမ စိတ်ထဲ တုန်လှုပ်သွားရသည်။
"ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟာ အသင်တို့ နှစ်ယောက်အပေါ် သက်ရောက်ကြပါစေ..."
သင်းအုပ်ဆရာသည် လက်နှင့် နှစ်ယောက်သား၏ ခေါင်းကို ထိပြီးနောက် သူ့ရင်ဘတ်ကိုသူ တို့ထိကာ ဘုရားဝတ်ပြုလိုက်သည်။
အခမ်းအနားတွေ အားလုံးပြီးသွားပြီ ဖြစ်သည်။
“အခု သူတို့ နှစ်ယောက် အကြင်လင်မယား ဖြစ်သွားပါပြီ..."
ထိုစကားလုံးများက တုန်လှုပ်နေသော ရိုစီနာကို စိတ်အေးလက်အေးဖြစ်သွားစေသည်။
နောက်ဆုံးတော့ ပြီးသွားပြီ…
"နောက်ဆုံးအနေနဲ့ အချင်းချင်း နမ်းလိုက်ကြပါ..."
ဘာ…
ရိုစီနာ မော့ကြည့်လိုက်တော့ ရာဟန် ကို တွေ့လိုက်ရသည်။ရာဟန်က သူ့မျက်နှာပေါ်တွင် အလေးအနက်ဆုံးသော အကြည့်ဖြင့် သူမကို ငုံ့ကြည့်နေသည်။ သူမသည် ပန်းစည်းကို ကိုင်ထားပြီး ရှောင်လွှဲ၍ မရမှန်း သဘောပေါက်သွားသည်။
ထိုနောက် သူမ မျက်လုံးကိုမှိတ်ထားလိုက်သော်လည်း မျက်တောင်မွှေးများက တုန်ယင်နေကြသည်။ ထို့နောက် တဖြည်းဖြည်း မှိတ်ထားသော မျက်ခွံများပေါ်တွင် အရိပ်တစ်ခု ကျရောက်လာသည်။ အသက်ရှုသံ တိုးတိုးကလေးကလည်း သူမ နှုတ်ခမ်းကို လာကျီစယ်နေကြ၏။
"စိတ်လျှော့ထားပါ…"
နူးညံ့သော နှုတ်ခမ်းများသည် တစ်ချိန်က သူမ ရခဲ့ဖူးသော ရနံ့များ လာသက်ရောက်ကြသည်။သူ့နှုတ်ခမ်းများသည် အစိုဓာတ်မရှိသော်လည်း နွေးထွေးမှုရှိသည်။ သူမနှင့် ထိတွေ့လိုက်သော နှုတ်ခမ်းများမှတစ်ဆင့် ထုံကျင်သော ခံစားမှုတစ်ခု သူမ တစ်ကိုယ်လုံးကို စီးဆင်းလာသည်။ သူမလည်း စိတ်ကိုဒုန်းဒုန်းချလိုက်ရာ ခြောက်သွေ့နေသော သူမ နှုတ်ခမ်းများသည် လျင်မြန်စွာ စိုစွတ်လာမှန်း သိလိုက်သည်။ အနမ်းတစ်ခုမျှသာဖြစ်သော်လည်း ပါးစပ်ဖျားမှ ပျံ့နှံ့သွားသော ကြည်နူးမှုသည် သူမကို ရူးသွပ်သွားစေသည်။ သူမ သတိမထားမိဘဲ ပန်းစည်းကို လွှတ်ချလိုက်မိသည်။
ပန်းပွင့်များမှာ ကြမ်းပြင်နှင့်ထိသွားသည်နှင့် တစ်ပြိုင်နက် ရာဟန် သည် ရိုစီနာ ၏ ခါးကို တင်းကပ်စွာလာဖက်လိုက်သည်။ သူ့လျှာပူပူက သူမနှုတ်ခမ်းများမှတဆင့် သူမကိုယ်ထဲကို စီးဆင်းသွားစေသည်။
ရိုစီနာ သည် ပို၍ တောင့်တလာသည်။ယခုလိုသာ ဆက်နမ်းနေပါက သူမ တစ်ကိုယ်လုံး ကြေမွသွားတော့မလို ဖြစ်နေတော့၏။ သူမသည် ရာဟန် ပုခုံးကို ဆွဲကိုင်ထားလိုက်ပြီး မင်္ဂလာပွဲကို မေ့သွားသည်။
“…ဟားဟား”
အတန်ကြာ နမ်းပြီးနောက် သူမသည် အပူဒဏ်ကြောင့် အသက်ရှုမဝတော့ပေ။ နှုတ်ခမ်းကို လွှတ်လိုက်သည်နှင့် စူးရှသော သူ့မျက်လုံးများနှင့် ဆုံသွားရသည်။ ထိုမျက်ဝန်းထဲမှာ သူမ မျက်နှာသာ ကြီးစိုးနေသည်။
ရိုစီနာ သူ့မျက်လုံးတွေကို ထိဖို့ လက်လှမ်းလိုက်သည်။ ထို့နောက် ရာဟန် ကလည်း သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းထိပ်များကို နမ်းလိုက်သည်။ သူမတို့ နှုတ်ခမ်းချင်း ထိမိသည့်အခါ လိင်ပိုင်းဆိုင်ရာ ပြင်းပြမှု ပိုဖြစ်လာရသည်။ တစ်ခဏအတွင်းမှာပင် သီချင်းသံကြားမှ တိတ်ဆိတ်သွားကြသည်။
ထိုမှသာ ရိုစီနာ သည် မင်္ဂလာဆောင်ခန်းမထဲမှာ ရှိနေမှန်း သတိထားမိပြီး ပရိတ်သတ်ကို မျှော်ကြည့်လိုက်မိသည်။
ခန်းမထဲမှ လူအားလုံးမှာ ပါးစပ်အဟောင်းသားနှင့် ပြူးပြူးကြီး ကြည့်နေကြလေတော့သည်။