အပိုင်း ၂၆
Viewers 13k

Chapter 26


ဖက်ဒရာ သည် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကွတ်ကီးများကို မီးဖိုထဲမှ ထုတ်ယူလိုက်သည်။ထို့နောက် ကွတ်ကီးပူပူများကို မလိုင်ခရင်မ်များထည့်ပြီး လှပသော ပန်းကန်တစ်ခုပေါ်တွင် ထည့်ထားကာ ချောကလက်ရည်၊ ရက်စ်ဘယ်ရီသီးများဖြင့် အလှဆင်လိုက်သည်။ 


“ဒါက ချောကလက်ကွတ်ကီးနဲ့ မလိုင်ခရမ် ပါ ခင်ဗျာ...”


ဖက်ဒရာ က ပန်းကန်ပြားကို စားပွဲပေါ်တင်လိုက်သည့်အခါ ရိုစီနာ နှင့် အီလီယန် မှာ ဝမ်းသာသွားရသည်။


"ကျေးဇူးတင်ပါတယ်..." 


ရိုစီနာ ၏ ကျေးဇူးတင်စကားကြောင့် ဖက်ဒရာသည် ရှက်ရွံ့စွာဖြင့် လည်ပင်းကို ကုတ်လိုက်သည်။ ထို့နောက် သူ့ ဘေးတစ်ဖက်မှ အေးစက်သောအကြည့်ကို ခံစားလိုက်ရသောအခါ နောက်ထပ် ပန်းကန်ပြား တစ်ခုကို ချပေးလိုက်သည်။ 


"ဒါက အရှင့်သားကို စားစေချင်လို့ ကျွန်တော် လုပ်ထားတာပါ..."


သကြားနည်းနည်းသာပါသော pecan (ပန်းညိုရောင်ရှိသော သစ်စေ့) စေ့ အစာသွပ်မုန့် ဖြစ်သည်။ 


ဖက်ဒရာ နှင့် ရာဟန် တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ဖက်ဒရာ သည် မင်းသား၏ နန်းတော် တွင် အလုပ်ရပြီး အချိုပွဲများ ပြုလုပ်ကတည်းက ရာဟန် သည် သူ့ဆီကိုတိတ်တဆိတ် ရောက်လာခဲ့သည်။


"ငါ့အချိုပွဲကို သိပ်မချိုစေနဲ့…"


ရာဟန် က ထိုသို့မှာထားသည့်အတွက်ဖက်ဒရာ ကလည်း သီးခြားအချိုပွဲတစ်ခုကို ပြင်ဆင်ခဲ့သည်။ ဖက်ဒရာ သည် ခေါင်းကိုငုံ့၍ နောက်ပြန်ဆုတ်သွားကာ ရာဟန် ၏ မျက်နှာအမူအရာကို ကျေနပ်စွာကြည့်နေသည်။ 


"ဒါဆို သုံးဆောင်လိုက်ပါဦး…အရှင့်သား..." 


ဖက်ဒရာ သည် တော်ဝင်ဇနီးမောင်နှံတို့ အချိုပွဲများအား ပျော်ပျော်ရွှင်ရွှင် စားနေသည်ကို ကြည့်ကာ မင်းသား၏ နန်းတော်တွင် မည်သို့ အလုပ်ရသွားပုံကို ခဏမျှ သတိရသွားသည်။ 


ဖက်ဒရာ ဂရစ် သည် မြို့တော်၏ ထောင့်တစ်နေရာတွင် မုန့်ဆိုင်တစ်ခုဖွင့်ထားသည့် သာမန်ပြည်သူတစ်ဦးဖြစ်သည်။ သူ ငယ်စဉ်ကပင် အချိုပွဲ ပြုလုပ်သည့် လောကသို့ ဝင်ရောက်ခဲ့ပြီး အလုပ်ကြိုးစားခဲ့တာကြောင့် မြို့တော်တွင် မုန့်ဆိုင်တစ်ခု ဖွင့်နိုင်ခဲ့သည်။ ဖက်ဒရာ သည် ရွှေရောင်အနာဂတ်ကို အိပ်မက်မက်ခဲ့ဖူးသည်။ စတိုးဆိုင် တစ်ခုပိုင်ပြီဆိုသည်နှင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု သူထင်ခဲ့သည်။


ထိုနေ့က သူသည် အခြားသူများထက် အိပ်ရာ စောစောထကာ အချိုပွဲများကို စိတ်ရောကိုယ်ပါ လုပ်နေခဲ့လေ၏။ထို့နေ့မှာပင် အလွန်ထူးခြားသည့် ဖောက်သည်များ ဆိုင်ကို ရောက်လာကြသည်။မိသားစုတစ်စုဖြစ်ပြီး ကလေးတစ်ယောက်နှင့် လင်မယားနှစ်ယောက်တို့ပင်ဖြစ်သည်။တစ်မိသားစုလုံး ချောမောတာကြောင့် သူတို့ ဝင်လာကတည်းက သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။ မီးဖိုချောင်ထဲမှာ အမြဲနေနေသည့် ဖက်ဒရာမှာ မသိမသာအပြင်ထွက်လာပြီး သူတို့အနားကို ကပ်လာခဲ့သည်။


"စားလို့ကောင်းလား…"


"ကောင်းတယ်… နေ့တိုင်းစားချင်တယ်..."


ဖက်ဒရာ သည် အမျိုးသမီး၏ ချီးကျူး စကားကြောင့် သူ အလွန်ပင် ပျော်ရွှင်သွားရသည်။ ချီးကျူးစကားများစွာကို သူ့တစ်သက်တာမှာ ကြားဖူးခဲ့သော်လည်း ချီးကျူစကားတစ်ခွန်း ကြားလိုက်တိုင်း သူ စိတ်တွေလှုပ်ရှားလာရတော့သည်။


ဧည့်သည်တွေ ပြန်သွားသည့်အချိန်နှင့် မရှေးမနှောင်းမှာပင်… 


ရုတ်တရက် အဆောက်အဦးပိုင်ရှင်က ဆိုင်ကို ရောက်လာသည်။ ထို့နောက် သူက ဖက်ဒရာကို စိတ်မကောင်းဖြစ်ဟန်နှင့် ပြောလိုက်သည်။ 


" ဒီလကုန်မှာ ခင်ဗျားရဲ့ ဆိုင်ကို ရှင်းရမယ်..."


"ဘယ်လို… ဘာကိုဆိုလိုတာလဲဗျ..."


"ဘာပဲဖြစ်ဖြစ် ရှင်းလိုက်ပါ …"


ဖက်ဒရာသည် ပိုင်ရှင်၏ ဘောင်းဘီအနားစကို ဆွဲကိုင်ပြီး တောင်းပန်ခဲ့သော်လည်း ပိုင်ရှင်က တစ်ခွန်းဆိုတစ်ခွန်းပင်။ဤသို့ဖြင့် နေ့ချင်းညချင်း ဖက်ဒရာသည် ဆိုင်ခန်းမရှိတော့သည့် ဘဝသို့ ရောက်သွားလေ၏။ မုန့်ဆိုင်လုပ်ငန်းမှာ ဝင်ငွေနည်းပါးပြီး သူ့မှာလည်းပေးဆပ်ရန် အကြွေးများစွာ ကျန်နေသေးသည်။ သူ စိတ်ဓာတ်ကျနေချိန်မှာပင် ယောက်ျားလေး ဖောက်သည်တစ်ယောက် ရောက်လာပြီး  အိတ်တစ်လုံးကို ချပြီး ပြောလိုက်သည်။ 


"ခေါင်းဆောင် စားဖိုမှူးအနေနဲ့ အလုပ်လုပ်ချင်သလား…"


နောက်ဆုံး လမ်းဘေးရောက်တော့မည့် ဖက်ဒရာ သည် ထိုလူ၏ လက်ကို ကိုင်ကာ အလုပ်လိုချင်ကြောင်း တောင်းတောင်းပန်ပန် ပြောလိုက်လေသည်။


"ဒါဆို ငါက တတိယမင်းသားအနားမှာ နေရမှာပေါ့..."


သူ့အလုပ်ရှင်မှာ ကောလဟာလများထွက်ပေါ်နေသော တတိယမင်းသားဖြစ်သည်။သို့သော်လည်း သူ့ဆီမှာ လုပ်ရသည့်အတွက် တစ်ခါမှ  နောင်တမရခဲ့ပေ။သူကိုယ်တိုင်လည်း အကျိုးခံစားခွင့်ရှိပြီး လစာကလည်း အလွန်ကောင်းသလို၊အကောင်းဆုံး ပါဝင်ပစ္စည်းများကို အသုံးပြုနေရတာကြောင့် ပျော်လည်းပျော်သည်။ ထို့အပြင်၊ သူ့အချိုပွဲများကို နေ့တိုင်းနှစ်သက်ပြီး ချီးကျူးသည့် ရိုစီနာ နှင့် အီလီယန် ကြောင့် သူ အမြဲ ပျော်ရွှင်နေတော့သည်။


"ငါတစ်ကယ် ကောင်းတဲ့အလုပ် တစ်ခုရခဲ့တာပဲ..."


ဖက်ဒရာ မှာ အဆောက်အဦးပိုင်ရှင်က သူ့ကို ထုတ်ပစ်သည့်အတွက် ဝမ်းသာနေမိပြီး ‌အတော်ပင် ပျော်နေခဲ့သည်။သို့သော်လည်း သူ မသိသည့် အမှန်တရားတစ်ခုရှိနေလေသည်။


 “……” 


ရာဟန် သည် pecan အစာသွပ်မုန့်တစ်ခုကို တစ်ကိုက်ကိုက်သည်။ သူတောင်းဆိုထားသည့်အတိုင်း သိပ်မချိုပေ။ ရိုစီနာ ကလည်း သူ အချိုပွဲစားနေသည့်အတွက် ကျေနပ်သလို ပြုံးနေသည်။


ရိုစီနာသည် အချိုပွဲ စားရင်း ပျော်နေသည်ကို ကြည့်ရင်း ရာဟန် တွေးလိုက်မိသည်။ မျှော်လင့်ထားသလိုပင်၊ဖက်ဒရာကို ခေါ်ယူဖို့ အနည်းငယ်ဆိုးသည့် အရာတစ်ခု လုပ်ခဲ့မိသော်လည်း ဇနီးသည်၏ အပြုံးကြောင့် ဝမ်းသာမိသည်။


 ***


အချိန်တို့သည် ကောင်းကင်က တိမ်တိုက်များလို နှေးကွေးစွာ ရွေ့လျားသွား‌ေလသည်။ ထိုအတောအတွင်း ရိုစီနာ သည် အလုပ်ရှုပ်နေခဲ့သည်။ 


အိမ်နောက်ဖေးမှ စတင်ကာ မင်းသားနန်းတော်သည် လုံးဝပြောင်းလဲသွားခဲ့သည်။ စွန့်ပစ်ထားသလိုကြီးဖြစ်နေပြီး ဟောင်းနွမ်းညို့မှိုင်းသော အသွင်အပြင်သည် ပျောက်ကွယ်သွားကာ သင့်လျော်ကောင်းမွန်သော အဆောက်အဦးတစ်ခု ဖြစ်လာခဲ့၏။


ရိုစီနာ သည် ဥယျာဉ်နှင့် အိမ်နောက်ဖေးကို သူမကိုယ်တိုင် ပြုပြင်ခဲ့သည်။ ခြံထောင့်နားတွင် ထူထပ်သော ချုံပုတ်များနှင့် ပေါင်းပင်များကို ဖယ်ရှားပြီး မျိုးစေ့အသစ်များကိုလည်း စိုက်ပျိုးခဲ့သည်။ ရာသီဥတုကလည်း သာယာသောကြောင့် အစေ့များမှာ လျင်မြန်စွာ အညှောက်ပေါက်လာကာ တော်ဝင်နန်းတော်၌ လှည့်လည်သွားလာနေသော တိရစ္ဆာန်လေးများပင် မင်းသား၏ နန်းတော်သို့ ဖြတ်ကူးလာကြသည်။ 


ရိုစီနာ သည် နန်းတော်သို့ ရောက်လာကတည်းက သူငယ်ချင်း မရှိခဲ့သော်လည်း တိရစ္ဆာန်များသည် သူမ၏ သူငယ်ချင်းများဖြစ်လာသောကြောင့် မငြီးငွေ့ခဲ့ပေ။


နန်းတော်ကို ပြန်လည်ဖွဲ့စည်းပြီးနောက် အစေခံအသစ်များ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ နန်းတော်က ကျဉ်းမြောင်းတာကြောင့်  အစေခံအရေအတွက်က မများသော်လည်း တစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်တွေက အလွန် ကောင်းမွန်ကြသည်။ထိုအထဲတွင် ပုံမှန်မဟုတ်သော ၀န်ထမ်းများထဲမှ တစ်ဦးမှာ မုန့်ဆိုင်ပိုင်ရှင်ဖြစ်သည်။ 


တစ်လောကပဲ သူ့ဆိုင်မှာ သွားစားသေးသည်။သူက ဘယ်လိုလုပ်ပြီး နန်းတော်မှာ အလုပ်ရသွားမှန်း မသိသော်လည်း သူမတို့သားအမိမှာ နေ့တိုင်း အချိုပွဲများ စိတ်ကြိုက် စားနေရတော့သည်။ထို့နောက် သေတ္တာများလည်း ရောက်လာကြသည်။ ရာဟန် နှင့် သူမဝယ်ခဲ့သည့်ပစ္စည်းတွေက အခုမှ ရောက်လာကြခြင်းဖြစ်သည်။ 


ရိုစီနာ သည် အတော်လေးကြာအောင် အလုပ်များနေခဲ့သည်။ နန်းတော်ကို စည်းစနစ်တကျ ပြုပြင်ပြီးနောက် လက်ရှိအခြေအနေနှင့် အင်ပါယာ၏ အခြေအနေများကို လေ့လာခဲ့သည်။ သူမသည် အင်ပါယာနှင့် အချိန်အတော်ကြာ ဝေးကွာနေတာကြောင့် လိုက်လျောညီထွေ ဖြစ်ရမှာတွေ အများကြီးရှိသည်။


၇ နှစ်ကြာ ဝေးကွာနေရသည့် ကွာဟချက်ကို ဖြည့်ဆည်းရန် ရိုစီနာ သည် နေ့ရောညပါ လေ့လာဆည်းပူးခဲ့သည်။ဤသို့ဖြင့် မင်္ဂလာဆောင်ရက်လည်း နီးလာပြီ။ 


"သေတော့မယ်..."


ရိုစီနာ ကုတင်ပေါ် လဲကျသွားသည်။ယနေ့မှ မင်္ဂလာပွဲအတွက် ၀တ်စုံတွေ ရောက်ရှိလာသည့်အတွက် ၀တ်စုံမှစ၍  အသေးအဖွဲ အသုံးအဆောင်တွေအထိ အကုန်ကြိုးစား စီစဉ်နေရတော့သည်။ မင်္ဂလာပွဲကို ရိုးရိုးသာ လုပ်မည်ဟု သူမ ထင်ထားသော်လည်း ထင်ထားတာထက် ပို၍ ကြီးကျယ်ခမ်းနားပုံပေါ်သည်။ သူမသည် နာမည်ပျက် မြို့စားမင်း၏ သမီးဖြစ်သော်လည်း ရာဟန်က  တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်နေတာကြောင့်ပင်။


တစ်နေကုန် အလုပ်ရှုပ်ပြီး ခဏအနားယူနေခဲ့သော ရိုစီနာ သည် တံခါးခေါက်သံကြောင့် ခြေရင်းဘက်ကို ထသွားလိုက်သည်။ တံခါးခေါက်သူမှာ  အီလီယန် မှလွဲ၍ တခြားသူမဟုတ်ပေ။


 "မေမေ..." 


သူမသည် စောစောက အလုပ်များလွန်းသဖြင့် သူ့ကို ကလေးထိန်းထံ ခဏထားခဲ့တာကြောင့် မိခင်ကို လွမ်းဆွတ်နေပုံရသည်။ ရိုစီနာ က အီလီယန် ကို ပွေ့ချီလိုက်ပြီး တောင်းပန်စကား ပြောလိုက်သည်။


 "အီလီယန်..." 


အီလီယန် က မှုန်ကုပ်ကုပ်နှင့် သူမကို ကြည့်နေလေသည်။


"ဘာဖြစ်လို့လဲ… စိတ်ဆိုးသွားတာလား..." 


အီလီယန် သည် တော်တော်နှင့် မပြောသေးပေ။ထို့နောက် ရိုစီနာ သည် အီလီယန် ကို ကုတင်ပေါ် လှဲချလိုက်ပြီး သေချာကြည့်လိုက်သည်။ အကြာကြီး နေပြီးကာမှ အီလီယန် က စကားစ,တော့သည်။


"မေမေ…လက်ထပ်မှာလား..." 


မမျှော်လင့်ထားသော မေးခွန်းကြောင့် သူမ ဘာပြောရမှန်းမသိတော့ပေ။ သူမသည် အီလီယန် အား အိမ်ထောင်ရေးအကြောင်းကို အသေးစိတ်မပြောခဲ့ပေ။ ကလေးက ငယ်သေးတာကြောင့် အိမ်ထောင်ရေးအကြောင်း ဘာမှ မသိရှာဘူးဟုသာ သူမ  တွက်ထားခဲ့သည်။


"လက်မထပ်ဘူး... မဟုတ်လား..." 


ရိုစီနာ မှာ ပြန်ဖြေမည့်အစား တိတ်ဆိတ်၍သာနေသည်။ အီလီယန် နားလည်နိုင်အောင် သူမ ဘယ်လိုပြောရမှန်းလည်း မသိတော့ပေ။ သူမက ဘာမှမပြောတော့တာကြောင့် အီလီယန် မျက်ရည်ကျလာသည်။ အီလီယန် တိတ်တဆိတ် မျက်ရည်ကျနေတာကို သူမ မြင်လိုက်ရသည့်အခါ သူမ ရင်ဘတ်ထဲမှာ တင်းကျပ်လာရသည်။လိမ်ညာပြီးတော့သာ နှစ်သိမ့်ပေးလိုက်ချင်သော်လည်း လက်ထပ်ခြင်းသည် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။  


“အီလီယန်…”


အိမ်ထောင်ပြုခြင်းသည် အီလီယန် နှင့် ဆက်နေရရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ထိုသို့ရှင်းပြလို့လည်း မဖြစ်ပေ။အီလီယန် သူ့ကိုယ်သူ အပြစ်တင်သွားမှာလည်း စိုးသည်။


 " မေမေက မိသားစုတစ်ခု လိုချင်တာ..." 


သူမ အသံကြောင့် အီလီယန် သည် မျက်ရည်များကို လက်ဖမိုးနှင့် ဖိသုတ်လိုက်သည်။ထို့နောက် သူမသည် စကား နားထောင်စပြုလာသော အီလီယန် ကို  ပြုံးပြလိုက်သည်။ 


"မေမေ လက်ထပ်လိုက်ရင်… လူတွေက အီလီယန် ကို မေမေရဲ့သားအဖြစ် အသိအမှတ်ပြု လာကြလိမ့်မယ်..."


 "ဒါဆို သားက အခု မေမေ့သား မဟုတ်ဘူးလား..." 


"သားက မေမေချစ်ရတဲ့ တစ်ဦးတည်းသော သားလေ..."


 "မေမေက အဲ့ဒီလူကို ချစ်တာထက် သားကို ပိုချစ်လား..." 


အီလီယန် က အခုထိ ရာဟန် ကို 'အဖေ' ဟု မခေါ်သေး။ ယခုထိ လက်မခံနိုင်သေးတာကြောင့် ဖြစ်နိုင်သည်။ 


"ဟုတ်တယ်…မေမေက  အီလီယန် ကို အချစ်ဆုံးပဲ... "


ထိုနောက် အီလီယန် က သူမ ရင်ခွင်ထဲကို တိုးဝင်လာတော့သည်။ သူ ကောင်းကောင်း ငိုလို့ မပြီးသေးတာမို့ ကလေးလေး၏ အသက်ရှူသံပြင်းပြင်းကို ကြားနေရဆဲပင်။ 


ရိုစီနာ သည် အီလီယန် ၏ နောက်ကျောကို ပုတ်ပေးနေစဉ် ခဏမျှ အတွေးထဲတွင် နစ်မြောသွားသည်။ သူမသည် အီလီယန် အတွက် လမ်းခင်းပေးခဲ့သော်လည်း သူ တစ်ကယ် လိုချင်သည့်အရာကို သူမ မသိသေးပေ။ မိခင်တစ်ယောက်အနေနှင့် သင်ယူစရာတွေ အများကြီးရှိနေသေးသည်ဟုလည်း ခံစားရသည်။ 


ရိုစီနာ သည် အီလီယန် ၏ ပါးပြင်ကို ပွတ်သပ်ပေးလိုက်ရာ မျက်လုံးများ မှိတ်သွားသည်ကို သတိပြုမိလိုက်သည်။မသိလိုက်ခင်မှာပင် အီလီယန်  မှာ သူမ ရင်ခွင်ထဲမှာ အိပ်ပျော်သွားခြင်းဖြစ်သည်။သူမသည် အိပ်ပျော်နေသော အီလီယန် ကို ငုံ့ကြည့်လိုက်သည်။ ကလေးလေးမှာ တော်တော်ကြီးလာပြီ ဖြစ်သည်။အရင်တုန်းက သူသည် ရွယ်တူကလေးများထက်ပင် လူကောင်သေးသော်လည်း ယခုတော့ ထွားလာသည်။


ရိုစီနာ မျက်လုံး မှိတ်ထားပြီး အတိတ်ကို ပြန်သွားလိုက်သည်။ အီလီယန် က သူမအား အမေဟု ပထမဆုံးခေါ်လိုက်သည့်အချိန်တုန်းက သားအမိနှစ်ယောက်သား အမှတ်တရအနေနှင့်  ပျော်ပွဲစားထွက်ကြသေးသည်။သူမ ဘဝတွင် ပျော်ရွှင်စရာ အခိုက်အတန့်တိုင်းသည် အီလီယန် နှင့် အတူရှိခဲ့သည်။ ထို့ကြောင့် သူမ ရယ်မောမိသည့် အချိန်တိုင်းအတွက် အီလီယန် ကို ကျေးဇူးတင်နေမိသည်။ 


"မေမေက သားကို ထာဝရ ကာကွယ်ပေးမှာပါကွယ်..." 


ရိုစီနာ  ပြုံးပြီး အီလီယန် ခေါင်းကို ပုတ်လိုက်သည်။ 


ရက်အနည်းငယ်ကြာပြီးနောက်၊  မြို့စားမင်းအက်စတာရော့ ၏ အကြီးဆုံးသမီးဖြစ်သူ ရိုစီနာ နှင့်  တတိယမင်းသား ရာဟန် ဟာဘက် တို့၏ မင်္ဂလာပွဲကို ကျင်းပခဲ့ကြသည်။