အပိုင်း ၂၅
Viewers 13k

Chapter 25


ရာဟန် သည် အီလီယန် ကို ပွေ့ချီပြီး ရိုစီနာ နှင့် ဘေးချင်းကပ် လျှောက်လာခဲ့သည်။ နောက်တစ်ဆိုင်ကိုသွားရင်း ရိုစီနာ မှာ ငြိမ်ပြီး အတွေးထဲ နစ်ဝင်နေမိသည်။အချိန်အတော်ကြာမှ ပြန်ဆုံတွေ့ရသော သူမ၏မိခင် နှင့်ညီမသည် သူမအား အရင်ကလို အမြတ်ထုတ် မရတော့သောကြောင့် စိတ်တိုနေပုံရသည်။ ရာဟန် နှင့် အီလီယန် တို့လည်း သူမဖုံးကွယ်လိုသော မိသားစုရန်ငြိုးကို မြင်လိုက်တာကြောင့် သူမ စိတ်ထဲက ခါးသနေမိသည်။ မက်စယ်လာ နှင့် ရာနီယာ တို့ကို မတွေးမိ‌စေရန် စိတ်ပိုင်းဖြတ်လိုက်ချိန်မှာပင် ရာဟန် ပေးချေလိုက်သော ငွေပမာဏက သူမခေါင်းထဲရောက်လာရသည်။


အဝတ်အထည် 100,000 ဖိုး… ဘယ်နှစ်ခါပဲ တွေးနေပါစေ…လွန်လွန်းတယ်…ဒီလောက်များတဲ့ ပိုက်ဆံတွေ သူ ဘယ်က ရလာတာလဲ…သူစုထားတဲ့ ငွေတွေပဲဖြစ်မှာ…ဘာလို့တခြားနေရာမှာ သွားမသုံးတာလဲ… 


အများကြီး တွေးပြီးနောက် ရိုစီနာ သည် ရာဟန် ကို မော့ကြည့်လိုက်သည်။ ရာဟန် ကလည်း သူမအကြည့်ကို မေးခွန်းထုတ်လိုက်၏။


 "ဘာဖြစ်လို့လဲ" 


"အော်ဒါကို ဖျက်လိုက်တာ ပိုကောင်းမယ်ထင်တယ်" 


ရာဟန်က ကြောက်ရွံ့နေသော သူမကို နားမလည်နိုင် ဖြစ်နေပုံရသည်။


"မင်းမကြိုက်ဘူးလား" 


“မဟုတ်ပါဘူး…” 


သူမ ခေါင်းယမ်းပြလိုက်သည်။ ယနေ့ သူမ စမ်းဝတ်ကြည့်ဖူးသည့် ၀တ်စုံတွေ အားလုံးက အလွန် တန်ဖိုးကြီးလွန်းသဖြင့် မဝတ်ခဲ့ရသည်မှာ တော်တော့်ကို ကြာခဲ့ပြီဖြစ်သည်။ မိသားစုမပြိုကွဲမီကတော့ သူမ ထိုအဝတ်အစားမျိုး များစွာဝတ်ခဲ့ဖူး၏။


“……” 


ရိုစီနာ ၏ စိတ်ကို ကောင်းစွာနားမလည်သေးသော ရာဟန် သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ 


"ကိုယ် အဲ့လောက်ထိ မတွေးထားမိဘူး" 


စိုးရိမ်သောကရောက်နေသော ရိုစီနာမှာ ယခုမှ စိတ်အေးသွားရသလိုပင်။အကြောင်းမှာ ရာဟန် သည် သူမစိတ်ပူနေသည့် ပိုက်ဆံကိစ္စကို အခုမှ သ‌ောပေါက်သွားတာကြောင့်ပင်။


 "မင်းအတွက် အဝတ်အစားနည်းနည်းလောက်နဲ့ ဘယ်လောက်ပါ့မလဲလေ"


ဟမ်…


သူမ သူ့စကားကို နားမလည်နိုင်တော့ပေ။သို့သော် နောက်စကားတစ်ခွန်းက သူမကို ပို၍ပင် တုန်လှုပ်သွားစေသည်။


"ကိုယ် မင်းအတွက် အင်္ကျီ‌တွေ ဗီရိုနဲ့တစ်လုံးအပြည့် ဝယ်ပေးမယ်"


 "ဟမ်"


သူမကိုယ်သူမ သတိမထားမိလိုက်ဘဲ အသံထွက်သွားပြီး အံ့သြသွားမိသည်။ 


 "ဒါမှမဟုတ် နိုင်ငံခြားကနေ အဝတ်အစားတွေ မှာချင်လို့လား"  


"မဟုတ်ပါဘူး… ကျွန်မတို့ ဝယ်ထားတာတောင် အရမ်းများနေသေးတယ်"


 "ဟုတ်လား"


ရာဟန်သည် ချက်လက်မှတ်တစ်ခုကို ပစ်ပစ်ခါခါ သုံးပစ်ရလောင်အောင် ဘယ်လောက်ထိ ချမ်းသာနေသလဲဟု သူမ စောစောကတည်းက တွေးနေမိသည်။ သို့သော် နောက်မှမေးဖို့ရာ ဆုံးဖြတ်လိုက်၏။


အဝတ်ဆိုင်မှ ထွက်လာပြီးနောက် သူမတို့သည် စာအုပ်ဆိုင်မှာ ရပ်ကာ အီလီယန် အတွက် ပုံပြင်စာအုပ်များ ဝယ်ကြပြီး သူမ ဖတ်ချင်သော စာအုပ်များကိုလည်း ဝယ်လိုက်ကြသည်။အရုပ်ဆိုင်မှာလည်း အရုပ်တွေ အများကြီး ဝယ်ကြသေးသည်။ အီလီယန် မှာ သိပ်ပျော်ပုံ မပေါ်သော်လည်း ရာဟန် ကမူ ကလေးအတွက် ပိုက်ဆံကို အနှမြောမရှိပေ။ ထို့နောက် အသုံးအဆောင်ပစ္စည်းများနှင့် ပရိဘောဂများကို သွားကြည့်ကြသည်။ သူမသည်  ဇိမ်ခံပစ္စည်း များဝယ်ရန် ငြင်းသေးသော်လည်း ရာဟန် က အတင်းဝယ်ပေးပြန်သည်။


ညနေစောင်းခါမှ ဈေးဝယ်၍ ပြီးသွားသည်။ ယနေ့ သူသုံးလိုက်သည့် ငွေပမာဏကို အကြမ်းဖျင်း တွက်ကြည့်သည့်အခါ ရိုစီနာ ခေါင်းပါမူးဝေသွားရ၏။ သို့သော် ရာဟန် က ခေါင်းမူးနေသည်ဆို၍ ကိတ်မုန့်ဆိုင်ကို ခေါ်သွားပြန်တာကြောင့် သူမ ဆက်မတွက်လိုက်ရတော့။


မုန့်ဆိုင်ကလေးသည် သေးငယ်သော်လည်း အပြင်ဘက်တွင် လှေကားရှိသောကြောင့် နွေးထွေးသော နေရောင်အောက်တွင် ချစ်စရာကောင်းနေသည်။ 


ရိုစီနာ သည် တံခါးကို ဖွင့်လိုက်ရာ အရသာရှိသော အနံ့က သူမဆီ ပျံ့လွင့်လာသည်။ စင်များပေါ်၌ လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ပေါင်မုန့်များနှင့် အချိုပွဲများဖြင့် ပြည့်နှက်နေသည်။သူမသည် စားချင်သည့် မုန့်များကို ဗန်းပေါ်တင်လိုက်၏။ တစ်ချိန်က သူမသည် အချိုပွဲကြိုက်ခဲ့သော်လည်း မိသားစုအခြေအနေ ခက်ခဲလာပြီးနောက် အချိုပွဲများ သိပ်မစားတော့ပေ။ထို့အပြင် အာစတေးနီယား ၌  နေထိုင်စဉ် တတ်နိုင်သမျှလေးသာ စားခဲ့သော်လည်း အင်ပါယာက ကိတ်မုန့်များလောက် သိပ်အရသာမကောင်းပေ။


ရိုစီနာ သည် အီလီယန် အတွက် သဖန်းသီးယို ကိတ်တစ်လုံး မှာပေးလိုက်သည်။ ထို့နောက် အစားအသောက်များ ရောက်လာသောအခါ သူမသည် ခက်ရင်းဖြင့် စတော်ဘယ်ရီသီး ကိတ်မုန့်ကို လှီးဖြတ်လိုက်သည်။ နူးညံ့သော ကိတ်မုန့်သည် သူမ လျှာ‌ပေါ်တင်လိုက်သည်နှင့် နူးညံသော အရသာတွင် ပျော်ဝင်သွားကာ တစ်ကိုယ်လုံး အရည်ပျော်သွားသလိုပင်။


ရိုစီနာ  အချိုပွဲစားနေစဉ် ရာဟန် သည် မေးထောက်ပြီး သူမကို စိုက်ကြည့်နေသည်။ အီလီယန် နှင့် သူမတို့ မြိန်ရေရှင်ရေ စားသောက်နေစဉ် သူ့ရင်ထဲ နွေးထွေးသော ဓာတ်ကလေး တစ်ခု ထွက်လာရတော့သည်။


"ကြိုက်ရဲ့လား" 


"ကြိုက်တယ်…နေ့တိုင်းတောင် စားချင်တယ်" 


ရိုစီနာ က ကျေနပ်စွာဖြင့် ပြန်ပြောလိုက်သည့်အခါ ငြိမ်ငြိမ်ထိုင်နေသော ရာဟန် မှာ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ သူသည်  သူ့ဘေးနားက အစေခံကို အရိပ်အခြည်ပြလိုက်ပြီးနောက် သူမ ဘက်သို့ လှည့်လိုက်ပြန်သည်။ 


အရသာရှိသည့် အချိုပွဲတွေကို ပျော်ပျော်ရွှင်ရွှင်ဖြင့် စားသောက်ပြီးသွားသော ရိုစီနာ က ခက်ရင်းကို ချထားလိုက်သည်။ ထို့နောက် ချိုမြိန်သော ကျေနပ်မှုကြီး ပျောက်ရှသွားသောအခါ စောစောက စိုးရိမ်မှုများက ပြန်ဖြစ်လာသည်။ 


"အင်း နားထောင်…ရှင် ကျွန်မကို အထင်မလွဲပါနဲ့"


"ပြောပါ" 


ရာဟန် သည် လေးနက်သော မျက်နှာထားဖြင့် နားထောင်နေစဉ် သူမ က တည်ငြိမ်စွာ ဆက်ပြောသည်။


 "လက်မထပ်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် ငွေရေးကြေးရေး အခြေအနေကို သိဖို့လိုမယ်ထင်တယ်"


ယခုမှစ၍ အတူနေထိုင်ရမည် ဖြစ်သောကြောင့် ငွေရေးကြေးရေးအခြေအနေကို ရှင်းရှင်းလင်းလင်းသိထားလျှင် ပိုကောင်းမည်ဟု သူမ ထင်သည်။ အီလီယန် ၏ ပညာသင်ကြားရေးစရိတ်သည် နောက်ဆိုလျှင်  ကြောက်မက်ဖွယ်ကောင်းအောင် များပြားလာမည် ဖြစ်တာကြောင့် ငွေကြေးကို အခုကတည်းက ဖြည်းဖြည်းချင်း စုဆောင်းရမည်ဖြစ်သည်။ သူမသည် ရွှေဘယ်လောက်ကျန်သေးသည်ကို စိတ်ထဲတွင် တွက်ချက်လိုက်သည်။


ငွေသားလဲလိုက်ရင် ဘယ်လောက်ကျမလဲ…


နန်းတော်ကို ပြုပြင်ဖို့ကလည်း များစွာ ကုန်ကြမည်ဖြစ်၏။အချိန်အတော်ကြာ တွက်ချက်နေသော ရိုစီနာ သည် အတန်ကြာမှ ရာဟန် ကို မေးခွန်းတစ်ခုမေးလိုက်သည်။


 "လိုအပ်တဲ့အခါကျရင် ရှင့်မိသားစုက ထောက်ပံ့မှာလား"


 "ဟင့်အင်း…မထောက်ပံ့ဘူး"


“ဒါဆို ဘယ်ကနေ ရှင်က ပိုက်ဆံရနေတာလဲ…”


သူမလည်း ဘာမှန်းသေချာနားမလည်တော့သဖြင့် ဇဝေဇဝါပြန်မေးလိုက်ရာ ရာဟန်က အကြာကြီး စဉ်းစားပြီးမှ  ဖြေးဖြေးချင်း ပြန်ဖြေလိုက်သည်။


“တိရိစ္ဆာန်တွေ ဖမ်းပြီးရောင်းတာကနေ အကျိုးအမြတ် ရခဲ့တာ” 


“….."


 သူက မုဆိုးလား…


တွေးကြည့်လိုက်လျှင် သူနှင့် ပထမဆုံး စတွေ့သည့် နေရာက တောထဲတောင်ထဲမှာပင်။ တောထဲမှာ အမဲလိုက်ရင်း တိရစ္ဆာန်တစ်ကောင်နှင့် တိုက်ခိုက်ရသည့်အခါ ဒဏ်ရာရသွားနိုင်သည်။ 


ရာဟန် က ရိုစီနာ ကို တစ်နည်းနည်းနှင့် အာရုံဖျက်ဖို့ ကြိုးစားလိုက်သည်။


"ကိုယ်ကလေ မင်းကို နန်းတော်ရဲ့ဘဏ္ဍာရေးကိစ္စတွေကို စီမံခန့်ခွဲခိုင်းချင်လို့"


 "ဟင်" 


"ကိုယ် မင်းကို တောင်းဆိုပါတယ်…ဒါ့အပြင် အဲ့ဒီကိစ္စကလည်း မင်းသမီးတစ်ပါးရဲ့ တာဝန်ပဲလေ"


ရိုစီနာ တုံ့ဆိုင်းသွားသည်။ သူပြောထားသည့်အတိုင်း ငွေကြေးစီမံခန့်ခွဲမှုသည် မင်းသမီး၏ တာဝန်ဖြစ်သည်။ လက်ထပ်ပြီးလျှင် သူ့ဇနီးအဖြစ်ရော၊ မင်းသမီးတစ်ပါး အဖြစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ 


ရာဟန် ပိုက်ဆံ သုံးပုံစွဲပုံများကိုလည်း မြင်ဖူးထားတာကြောင့် သူမကိုယ်တိုင် စီမံခန့်ခွဲလျှင် ပို၍ သင့်တော်သည်ဟုလည်း သူမ ထင်မိသည်။ ယခုအချိန်တွင် စားဖို့သောက်ဖို့လည်း မပူရတာကြောင့် မလိုအပ်သော ငွေများကို စုဆောင်းကာ လျှော့ချနိုင်မည်ဟု ယုံကြည်ထားသည်။ 


"ကိုယ် နားလည်ပြီ"


သူမ စကားကြောင့် ရာဟန် ပြုံးလိုက်မိသည်။


ရိုစီနာ သည် ထိုအပြုံးကို မြင်လိုက်ရသောအခါ  စိတ်ချမ်းသာသွားသလိုရှိသည်။ သူနှင့် ဖြေရှင်းဖို့ ပြဿနာတွေ အများကြီးရှိနေဆဲပင်။ သို့သော်လည်း ပိုက်ဆံပြဿနာကို ဖြေရှင်းပြီးသည့်အခါ သူမ စိတ်ထဲပေါ့သွားရသည်။ထို့နောက် သူ့ကို အချိုပွဲ တစ်ပန်းကန် ပေးလိုက်သည်။ 


"ရှင် မစားဘူးလား" 


အချိုပွဲကို မြင်သောအခါ ရာဟန်  မျက်နှာပျက်သွားသည်။သို့သော်လည်း မျက်နှာကို ပြင်လိုက်ပြီး ကိတ်မုန့်အား ခက်ရင်းနှင့် ထိုးဆိတ်လိုက်သည်။ထို့‌နောက် သက်ပြင်းအတန်တန် ချလိုက်ပြန်သည်။


 "အရသာရှိတယ်"


သူ့စကားအဆုံးတွင် သူ့အသံက အနည်းငယ် တုန်ယင်သွားသည်။ လက်လွတ်မခံသည့် အီလီယန် ကလည်း သူ့ကို အချိုပွဲတွေ ထပ်ကျွေးလိုက်ပြန်သည်။


“……” 


ရာဟန် ကြောင်စီစီဖြင့် အီလီယန်ကို ပြန်ကြည့်လိုက်သောအခါ သူက ပြုံးဖြီးဖြီး လုပ်နေလေသည်။


"အ…အရမ်းကောင်းတယ်မဟုတ်လား…"


ရိုစီနာ က ပြုံးပြုံးလေး ပြောလိုက်သည်။ 


"လူတစ်ယောက်ကို ဘယ်လို စိတ်ချမ်းသာအောင် လုပ်ရမလဲဆိုတာ သားက သိနေတာကိုး…တော်လိုက်တာ"


ရာဟန်က သူမတို့ သားအမိ ကြည့်နေချိန်မှာ အချိုပွဲအား ကျေကျေနပ်နပ်ဖြင့်  တစ်ကိုက်စား ကြည့်လိုက်သည်။အရသာက ချိုမြိန်လွန်းတာကြောင့် သူ ဗိုက်ပါနာလာရသည်။ထို့နောက် ထွေးထုတ်ပစ်ချင်သည့် ဆန္ဒကို မြိုသိပ်ထားပြီး ပျက်နေသော မျက်နှာကို ပြင်ဆင်နေချိန်မှာ အီလီယန်က နောက်ထပ် ကိတ်မုန့်တစ်ခု  ပေးလိုက်ပြန်သည်။


 "ဒါလည်းစား" 


ယခုမှ သူသည် အပြစ်ကင်းစင်သော အပြုံးဖြင့် နတ်ဆိုးတစ်ပါးကို မျက်ဝါးထင်ထင် မြင်လိုက်ရလေတော့သည်။


.......


မှိန်ဖျော့ဖျော့ အခန်းထဲတွင် စက်ဝိုင်းပုံစံများ ပြုလုပ်ထားသော စာအုပ်စင်များပေါ်တွင် မရေမတွက်နိုင်သော စာအုပ်များ ရှိနေကြသည်။ ဖတ်လို့မရသည့် စာအုပ်များ၊ အဓိပ္ပာယ်မဖော်နိုင်သည့် ရှေးစာအုပ်တွေလည်း ရှိသည်။ စာအုပ်ကို နှစ်သက်သူများအတွက် နေရာတစ်ခု ဖြစ်သော်လည်း မည်သူမဆို ဝင်ရောက်ရန် လွယ်ကူသော နေရာ မဟုတ်ပေ။ ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးသည် ဆီမီးခွက်ကို မြှောက်ကိုင်ထားသည်။ 


ဆီမီးတောက်သည် အမြင်အာရုံကို တိုးမြှင့်ပေးသည်။


အေးစက်သော မျက်လုံးများသည် အပြာနုရောင်ဟု ထင်ရသော်လည်း အနည်းငယ်အုံ့ဆိုင်းနေ၏။ ထိုလူသည် စာအုပ်တစ်အုပ်အား  မီးခွက်တစ်လုံးတည်းကိုသာ အားကိုးကာ ကြည့်လိုက်သည်။ ထူးခြားသော သားရေနံ့သည် သူ့နှာခေါင်းထဲသို့ စိမ့်ဝင်သွားရသည်။ သားရေမျက်နှာဖုံးသည် အလွန်ဟောင်းနွမ်းနေတာကြောင့် ကွဲအက်နေသည်။သူက စာအုပ်စင်ပေါ်ကို မှီကာ အဖုံးကို လက်ညှိုးဖြင့် ပွတ်လိုက်သည်။ ဤစာအုပ်သည် အင်ပါယာ၏ ဒဏ္ဍာရီနှင့် နတ်ဘုရားများအကြောင်း စာအုပ်တစ်အုပ်ဖြစ်သည်။ 


ထို့နောက် အေးစိမ့်သော လေညှင်းတစ်ခု စတင် တိုက်ခတ်လာပြီး စာအုပ်စင်များအား လှုပ်ခါသွားသည်။ထို့နောက် သူသည် အသက်ရှုသံမထွက်ရအောင် ငြင်ငြင်သာသာဖြင့် စာအုပ်ကိုဖတ်လိုက်သည်။ 


[မဟာ နတ်ဘုရားကြီးသည် ကောင်းကင်မှ ဆင်းသက်လာသောအခါ မြေကြီးပေါ်ရှိလူအပေါင်းတို့သည် သူ့ကို မျှော်ကြည့်လိုက်ကြသည်။ ထို့နောက် မဟာနတ်ဘုရားသည် ကြယ်တစ်ရာ့ ရှစ်ဆယ်အပိုင်းအစများကို မြစ်တစ်စင်းထဲမှ စုဆောင်းကာ သဲကန္တာရမှ နှင်းခဲများဖြင့် ပေါင်း၍ တောင်တန်းတစ်ခုကို ဖန်တီးခဲ့လေသည်။] 


နိုင်ငံအများစုကဲ့သို့ပင် အင်ပါယာသည် လည်း ဒဏ္ဍာရီတစ်ခုရှိသည်။ အကြောင်းအရာများသည် ရှည်လျားလွန်းသဖြင့် ဒဏ္ဍာရီများအားလုံးကို ဖတ်ရှုရန် တစ်နေ့ကုန်သွားမည်ဖြစ်သော်လည်း အဓိကအချက်မှာ ဘုရင်မင်းမြတ်သည် နတ်ဘုရား တစ်ပါးဟု ဆိုခြင်းဖြစ်သည်။ ကောင်းကင်ဘုံမှ နတ်ဘုရားသည် ကမ္ဘာမြေကြီးကို သာယာဝပြောအောင် ပြုလုပ်ခဲ့သည်။ နတ်ဘုရား၏ တန်ခိုးတော်သည် အလွန်ကြီးမားသဖြင့် ရာသီဥတုအခြေအ‌နေများကိုပါ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ထို့အပြင် ကျူးကျော်လာသူ လူရိုင်းများကိုလည်း ရှင်းထုတ်ခဲ့၏။ထို့နောက် နတ်ဘုရားများသည် စည်းလုံးမှုမရှိသော လူအများကို စုစည်းပြီး အင်ပါယာတစ်ခု တည်ထောင်၍ သားစဉ်မြေးဆက်များဆီ သြဇာအာဏာ လွှဲပြောင်းပေးခဲ့သည်။ သမိုင်းစာအုပ်တိုင်းတွင် နတ်ဘုရားများနှင့်အတူ ထင်ရှားသောအရာတစ်ခု ရှိသည်၊ ၎င်းမှာ နှင်းဆီပန်း ဖြစ်သည်။ 


[နတ်ဘုရားတစ်ပါး၏ ဘေးမှာ အနီရောင်နှင်းဆီတစ်ပွင့် အမြဲရှိသည်။]


နှင်းဆီပန်းသည် နတ်ဘုရား၏ သင်္ကေတဖြစ်သည်။ နတ်ဘုရားကို နှင်းဆီပန်းအဖြစ် အမြဲပုံဖော်ထားပြီး နတ်ဘုရားက ကမ္ဘာမြေကြီးပေါ် ရောက်ရှိလာခြင်းကို ဂုဏ်ပြုရန် နှစ်ပတ်လည်နေ့များတွင် နှင်းဆီပန်းများကို အိမ်တိုင်း ချိတ်ဆွဲထားကြသည်။ နတ်ဘုရားကို လေ့လာခဲ့ဖူးသော ပညာရှင်များ၏ အဆိုအရ နှင်းဆီပန်းများသည် သင်္ကေတတစ်ခု အဖြစ်သာမကဘဲ တစ်စုံတစ်ရာကို ကိုယ်စားပြုသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခဲ့ကြသည်။ သို့သော် ပညာရှင်များပင်လျှင် ဘယ်အရာကို ကိုယ်စားပြုမှန်း အမှန်တစ်ကယ် မသိကြပေ။ သို့သော်လည်း ထိုလူကတော့သိနေ၏။စင်စစ်၊ နှင်းဆီပန်းသည် နတ်ဘုရား၏ တန်ခိုးကို ချဲ့ထွင်ရန် ဖြစ်သည်။ 


“……”


အတန်ကြာပြီးနောက် ထိုလူက သက်ပြင်းချပြီး စာအုပ်ကို ဖုံးအုပ်လိုက်သည်။သည်တစ်ခါလည်း အချိန်ဖြုန်းမိပြန်ပြီ။ သူလိုချင်သည့် အချက်ကလေးတစ်ခုမှတောင် မရှိနေတာကြောင့် သူ တိတ်တိတ်လေး ငိုကြွေးနေမိတော့သည်။  


“ဒါနဲ့ဆိုရင် ငါ့မှာ စွမ်းအားအပြည့်ရှိလာနိုင်တယ်…” 


မျိုးဆက်များ ဆက်သွားသည်နှင့်အမျှ တော်ဝင်မိသားစု၏ သားသမီးမြေးမြစ်များသည် နတ်ဘုရားသွေးသားတို့ တဖြည်းဖြည်း လျော့နည်းသွားကြသည်။ များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင်၊ မကောင်းဆိုးဝါးများကိုတောင် ရှုံးနိမ့်သွားမည် ဖြစ်သည်။ သို့သော် နတ်ဘုရား၏ နှင်းဆီပန်းသည် သူ့လက်ထဲ ရောက်သွားသည်နှင့်၊ သူသည် အတိတ်ဘဝက ဘုန်းကျက်သရေကို ပြန်ရရှိသွားပေလိမ့်မည်။ ဟိုးအရင်တုန်းက အင်ပါယာ၏ ဘုရင်မင်းမြတ်တစ်ပါးဟာလည်း နှင်းဆီပန်းတွေကို ယူလာနိုင်သည့် အတွက်ကြောင့် နန်းတက်ခဲ့ရဖူးလေသည်။


နှင်းဆီပန်းမှာ သေချာပေါက်ရှိသည်။ ထို့အပြင် ရာဟန် သည် နှင်းဆီပန်းကို ရထားသောကြောင့် မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ရာဟန် ကို ဘယ်လိုပင် စောင့်ကြည့်စေကာမူ နှင်းဆီပန်းကို သူ ဘာမှမတွေ့ရပေ။


အကယ်၍ ရှာတွေ့ပါက သူ ချက်ချင်းယူပစ်မည်ဖြစ်သည်။ ထိုလူ၏ မျက်လုံးများသည် သားကောင်ကို အမဲလိုက်နေသည့် သားရဲတစ်ကောင်လိာ အမှောင်ထဲတွင် စူးရှတောက်ပနေသည်။ ထို့နောက် သူက ဟောင်းနွမ်းနေသော စာအုပ်ကို စာအုပ်စင်ထဲသို့ တွန်းထည့်လိုက်သည့် သူ့ပုံစံက အမူအရာက ဓားကို ဓားအိမ်ထဲ ပြန်ထည့်သလို မြန်ဆန်လှသည်။


ထို့နောက် ထိုလူက ချက်ချင်းပင် စာအုပ်စင်ကို တွန်းဖယ်လိုက်သည်။ ထို့နောက် ပဲ့တင်ထပ်နေသည့် အသံတစ်ခု ကြားလိုက်ရပြီး နေရာလွတ်တစ်ခု ထွက်ပေါ်လာသည်။ထို့နောက် သူသည် လျှို့ဝှက်စာကြည့်ခန်းထဲမှ ထွက်သွားပြီးနောက် ဘာမှမဖြစ်ခဲ့သလိုပင် မီးအိမ်ကို ကိုင်ကာ ခန်းမထဲ လျှောက်လာခဲ့သည်။ ထိုစဉ် အဝေးမှ လူတစ်ယောက်၏ ခြေသံကို ကြားသဖြင့် ထိုလူ ခြေလှမ်းရပ်လိုက်သည်။ 


"အရှင့်သားက ဒီမှာကိုး"


သူ့ကို တွေ့သောအခါ ထိုလူ၏  မျက်လုံးများ တောက်ပလာသည်။


“ဘုရင်မကြီးက အရှင့်သားကိုစောင့်နေပါတယ်"


ထို့နောက် အိမ်ရှေ့မင်းသား ဇီဂရစ် က တိုးညှင်းလှသော အသံဖြင့် ပြန်ဖြေသည်။ 


"လာခဲ့မယ်"