Chapter 24
သားအမိနှစ်ယောက်သည် ရာဟန် စကားကြောင့် နှုတ်ခမ်းကို ပြိုင်တူကိုက်ထားလိုက်ကြပြီး မျက်လုံးအပြူးသားနှင့်ပင်။
"ဘာလဲ… ခင်ပွန်းဆိုတာ ဘာကိုဆိုလိုတာလဲ"
မက်စယ်လာ က နားကြားများမှားသလားဟု တွေးကာ သေချာပြန်မေးလိုက်သည်။
ထိုအခါ ရာဟန် က ရိုစီနာ ပုခုံးကို ခပ်ဖွဖွ ပွတ်သပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော်တို့က မင်္ဂလာမဆောင်ရသေးပေမယ့် ကျွန်တော်က သူ့ခင်ပွန်းပါ"
ရာနီယာ မှာ ဘာမှပြန်မပြောနိုင်ပေ။ ဤလူချောလေးသည် ရိုစီနာ ၏ ခင်ပွန်း ဖြစ်လျှင် သူသည် သူမတို့မိသားစုနှင့် အလှမ်းဝေးကွာလှသော တတိယမင်းသားဖြစ်ပေတော့သည်။
“ဘာတွေ ပြောနေတာလဲ…”
ရာနီယာ မှာ စကားတောင် ထစ်နေရပြီး ကြမ်းပြင်ပေါ် ကျနေသည့် သူမ ဦးထုပ်ကို ကမန်းကတန်း ကုန်းကောက်လိုက်သည်။
ကြောင်တောင်တောင်နှင့် ကြည့်နေသော မက်စယ်လာ ကလည်း အော်ဟစ်ရယ်မောလိုက်လေသည်။
"ခင်ပွန်း…ဆိုတာ ဘာကိုဆိုလိုတာလဲ…ဘာတွေ လာလိမ်နေတာလဲ"
စောစောက ပြုံးနေသော ရာဟန် မှာ တစ်ချက် မျက်နှာထားတင်းသွားသည်။ ထို့နောက် သူသည် ရိုစီနာ ၏ ပခုံးပေါ်မှ သူ့လက်ကိုပြန်ရုတ်ကာ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ရာဟန် သည် အရပ်ရှည်သောကြောင့် လားမသိ၊ သူနှင့် ရင်ဆိုင်ရသော မက်စယ်လာမှာ သိမ်ငယ်သွားရသလို ဖြစ်နေရတော့သည်။
"လိမ်ပြောတယ်...ဟုတ်စ…."
သူ့အသံတိုးတိုးသည် နှင်းခဲတစ်ခုလို မက်စယ်လာ ၏နားထဲသို့ အေးစက်စက် တိုးဝင်လာသည်။
"တော်ဝင်မိသားစုဝင် တစ်ယောက်ရဲ့ စကားကို လိမ်ညာပြောတယ်လို့ ဘယ်လိုတောင် ပြောရဲတာလဲ"
မယ်စယ်လာမှာ ချက်ချင်းပင် သူမ ကိုယ်ခန္ဓာမှ တစ်ခုခုပြုတ်ကျသွားသလို ခံစားလိုက်ရတော့သည်။ သူမသည် ရာဟန် ကို ထိတ်လန့်စွာဖြင့် ကြည့်ကာ ဘာပြန်ပြောရမှန်းမသိ။
"ရို…ရိုစီနာ"
ရာဟန် ကို မတ်တပ်ရပ်ပြီး ရင်ဆိုင်ဖို့ သတ္တိမရှိ တော့သာ မက်စယ်လာ က ရိုစီနာ ကို အမြန်ခေါ်လိုက်သည်။
ထိုအခါ ရိုစီနာ သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းပြီး ရာဟန် အား ခေါင်းယမ်းပြလိုက်သည်။ဤကိစ္စမှာ သူမနှင့် အမေဖြစ်သူကြားက ကိစ္စတစ်ခုသာဖြစ်သည်။
ထို့နောက် ရာဟန် လည်း နောက်ပြန်ဆုတ်သွားသောအခါ မက်စယ်လာ ငြိမ်သက်သွားသည်။
"စကားမစပ်… နင်... ငါပေးလိုက်တဲ့စာကို ရတယ်မလား…စံအိမ်ကြီးဆီ ပြန်လာဖို့ ပြောတဲ့စာ”
“မရဘူး”
ရိုစီနာ က ခေါင်းခါလိုက်သည်နှင့် မက်စယ်လာ၏ မျက်နှာသည် အဆိပ်ပြင်းလာပြန်သည်။
“နင် စံအိမ်ကြီးဆီ ပြန်လာခဲ့"
ရိုစီနာ သက်ပြင်းချလိုက်မိသည်။ သူမသည် အင်ပါယာကို ပြန်ရောက်ပြီး တစ်နေ့မှာ မိသားစုနှင့် တွေ့လိမ့်မည်ဟု ထင်ထားသော်လည်း ယခုအချိန်ကတော့ စောလွန်းလှသည်။သူမသည် ခါးသီးစွာဖြင့် မက်စယ်လာ ကို တည့်တည့်ကြည့်နေမိသည်။ အမြဲတမ်းလိုလိုပင်၊ မက်စယ်လာ သည် ခန္ဓာကိုယ်အနှံ့မှာ အလှဆင် ပစ္စည်းမျိုးစုံကို ၀တ်ဆင်ထားတတ်သည်။ သူမ ခေါင်းပေါ်တွင် လေးလံလှသော သရဖူကြီးတစ်ခု ပန်ထားပြီး လည်ပင်းမှာလည်း နီလာလည်ဆွဲကြီးကို ဝတ်ဆင်ထားသေးသည်။ သူမ ဝတ်ဆင်ထားသော အရာအားလုံးသည် စီးပွားပျက်သွားသော မိန်းမတစ်ယောက်အတွက် အလွန်ပင်များပြားလှသည်။
သူမသည် အေးဆေးတည်ငြိမ်အောင် မျက်နှာထားကိုပြင်လိုက်သည်။ အရင်တုန်းက သူမ မိသားစုအတွက် ရုန်းကန်ရသည့်အခါ အမေဖြစ်သူနှင့် ရာနီယာ တို့မှာ ယခုလိုမျိုး နေထိုင်ခဲ့ကြဖူး၏။သူမကို အနစ်နာခံခိုင်းပြီး အတင်းရုန်းကန်ရအောင် နည်းအမျိုးမျိုးနှင့်နှိပ်စက်နေသော အမျိုးသမီးများပင်။ ထိုအချိန်တွင် သူမသည် မိသားစုဟု အမည်ပေးထားသည့် ခြံစည်းရိုးထဲမှ မလွတ်မြောက်နိုင်လောက်အောင် မိုက်မဲနေခဲ့သည်။
"လာခဲ့မယ်"
သူမရင်ထဲမှာလည်း ပြောစရာတွေ အများကြီးရှိသည်။ယခုလိုနေရာမျိုးတွင်တော့ ပြောချင်စိတ်မရှိပေ။ သူမကိုယ်တိုင် စံအိမ်သို့သွားရောက်ကာ ညှိနှိုင်းမှု ပြုလုပ်ရမည်ဖြစ်သည်။
ရိုစီနာ သည် သူမတို့နှင့် စကားမပြောချင်တော့ဘဲ လှည့်ထွက်ရန် ကြိုးစားလိုက်သည်။
ထိုအခါ ရာနီယာ က သူမကို ကြည့်ကာ မေးလိုက်ပြန်သည်။
"ဒါပေမယ့် အစ်မက ဒီအ၀တ်ဆိုင်မှာ ဘာလုပ်နေတာလဲ…ဒီဆိုင်က မြို့တော်မှာ အကျော်ကြားဆုံး အဝတ်ဆိုင်ပဲ…အစ်မ အဲ့ဒါကို မသိဘဲ ဝင်လာခဲ့တာ မဟုတ်လား"
ရာနီယာ၏ စကားသည်
'အစ်မ ဒီကို လာဖို့ ပိုက်ဆံ ဘယ်လောက်ရှိလို့လဲ'
ဟု အဓိပ္ပါယ်ရပြီး ဆူးတစ်ချောင်းလိုပင် သူမနှလုံးသားကို လာဆွနေတော့သည်။
သို့သော် ရိုစီနာသည် ရာနီယာ၏ စကားကြောင့် စိတ်ထိခိုက်သွားခြင်းမရှိပေ။ သို့သော်လည်း စောစောက မှာယူခဲ့သော ၀တ်စုံ ရာပေါင်းများစွာ၏ စျေးနှုန်းအတွက် သူမ စိတ်ပူစ ပြုလာသည်။
“ဟုတ်ကဲ့…ဘေလ် လေးရပါပြီ…”
အားလုံး၏ မျက်လုံးများသည် အတွင်းထဲမှ စာရေးမကို ကြည့်လိုက်ကြသည်။
"ဘယ်လောက်လဲ"
ရာဟန် က စာရေးမကို မေးလိုက်ရာ စာရေးမသည် မှာထားသည့် ပစ္စည်းအားလုံးကို ရွတ်ပြလိုက်သည်။ အဆုံးမရှိသော စာရင်းကိုကြားလိုက်သောအခါ ရာနီယာ နှင့် မက်စယ်လာ တို့ လန့်ဖျပ်သွားကြပြီး ရိုစီနာကို ကြည့်လိုက်ကြပြန်၏။
'နင် ဒီလောက်များတဲ့ ငွေတွေ ဘယ်က ရမှာလဲ…နင် ပေးနိုင်ပါ့မလားဆိုတာ စောင့်ကြည့်သေးတာပေါ့"
ရိုစီနာ မှာ ယနေ့ယူလာသည့် ရွှေတွေအားလုံးကို ချွတ်ပစ်ရတော့မည်ဖြစ်တာကြောင့် သက်ပြင်းသာချမိတော့သည်။
"ဒါဆို စုစုပေါင်း 100,000 fleu ပေါ့နော်"
ဘယ်လို...
ရိုစီနာ သည် စာရေးမအား အံ့သြစွာ ကြည့်လိုက်သည်။ ရာနီယာ နှင့် မက်စယ်လာ တို့သည်လည်း ထို့အတူပင်။
100000 ဟူသော ငွေပမာဏသည် ဥယျာဉ်တစ်ခုပါသော အိမ်တစ်လုံးကို ဝယ်ယူလို့ ရပေသည်။
"ခဏစောင့်ပါဦး…"
ရိုစီနာ ထိတ်လန့်နေချိန်တွင် ရာဟန် သည် ပေါ့ပေါ့ပါးပါးဖြင့် သူ့လက်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။
စက္ကူဖြူ ကလေးသည် အလင်းရောင်အောက်တွင် တောက်ပနေသည်။ဤသည်မှာ ချက်ခ်လက်မှတ်မှလွဲ၍ တခြားပစ္စည်းမဟုတ်ပေ။
မဟုတ်ဘူး၊ ဒီချက်လက်မှတ်သာသုံးလိုက်ရင် သူ့မှာ ပိုက်ဆံ ဘယ်လိုလုပ်ရှိတော့မှာလဲ
သို့သော်လည်း သူမ သူ့ကို မတားခင်မှာပင် ချက်လက်မှတ်က စာရေးမလက်ထဲ ရောက်သွားသည်။
"ပြီးသွားတဲ့အခါကျရင် လာယူမှာလား… ဒါမှမဟုတ် လူကြီးမင်းရဲ့ အိမ်ကို လာပို့ပေးရမှာလား"
"လာယူလိုက်မယ်"
ရာဟန် ငွေပေးချေပြီးသွားသည့်အခါ ရာနီယာ လည်း ကိုင်ထားသည့် ယပ်တောင်ကို လွှတ်ချမိလျက်သားပင်။မတ်တပ်ရပ်ကြည့်နေသည့် မက်စယ်လာ ကလည်း ရိုစီနာ ကို အမြန်လှမ်းခေါ်လိုက်သည်
"ရိုဆီနာ"
သူမအသံသည် အရင်ကလို ထက်မြက်စူးရှသည့် အသံမဟုတ်တော့။
ရိုစီနာ သည် ထိုအသံ၏ အဓိပ္ပါယ်ကို ကောင်းကောင်းသိသည်။ တစ်စုံတစ်ခုကို လိုချင်နေချိန်မှာ သူမအား ခေါ်လေ့ရှိသော အသံဖြစ်သည်။
“ဟုတ်ကဲ့"
ရိုစီနာ ၏ အဖြေကြောင့် မက်စယ်လာ ပြုံးလိုက်မိလေသည်။ထို့နောက် သူမ သဘောကျသော ၀တ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။
"အဲ့ဒါဆိုလည်း ဒါလေးပါ ရှင်းပေးပါဦး"
ဝေဖန်သံများ ထွက်လာသော သူမ၏ နှုတ်ခမ်းများသည် ယခုတော့ အရှက်ကင်းမဲ့သော စကားများကို ပြောနေလေသည်။ ရိုစီနာ သည် သူမ ပြလိုက်သော ၀တ်စုံကို ငုံ့ကြည့်လိုက်သည်။ ဖန်စီပုတီးများပါသော ၀တ်စုံတစ်ခုဖြစ်ပြီး အလွန်ပင်ဈေးကြီးမည့်ပုံပင်။ဘေးမှာ ရပ်နေသော ရာနီယာ ကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ စောစောက ပြန်ချထားသော ဦးထုပ်ကို ယူလိုက်သည်။
“အနည်းဆုံးတော့ ဒါကို နင့်ရဲ့ မိသားစုအတွက် လုပ်ပေးနိုင်တယ်မဟုတ်လား”
မက်စယ်လာ က မိသားစုဆိုသည့် စကားနှင့် လာကိုင်ပေါက်နေတော့သည်။
သို့သော် နားထောင်နေသော ရိုစီနာ သည် အပြတ်ပြောလိုက်တော့သည်။
"အမေတို့ အရမ်းလွန်လွန်းတယ်"
ချက်ချင်းပင် မက်စယ်လာမှာ မျက်နှာ ပျက်ယွင်းသွားပြီး လက်ထဲက ၀တ်စုံကို ဆောင့်ခါလိုက်လေသည်။
"နင် ဘယ်လိုတောင် အတ္တဆန်ရတာလဲ"
မက်စယ်လာ သည် မေ့စေ့ကို ချီထားကာ ရိုစီနာအား လက်ညှိုးငေါက်ငေါက်ထိုး၍ တရစပ်ပြောဆိုနေလေသည်။
"နည်းနည်းလေး ပေးရတာ နင့်အတွက် ဘာခက်လို့လဲ…အဝတ်အစားကိစ္စနဲ့ ငါ့ကို စိတ်ဆိုးစရာလား"
“…..”
"နင်က ဘာကျေးဇူးတွေ သိတတ်လို့လဲ… နင့်မိသားစုကို ပေးတာကမ်းတာ ဘာဖြစ်သွားမှာမို့လို့လဲ…နင် ပျောက်သွားတော့ ငါတို့အရမ်းအခက်တွေ့ခဲ့ရတယ်”
အသက်မရှူဘဲ တရစပ်ပြောနေသည့် မက်စယ်လာ သည် သူမကိုင်ထားသည့် အင်္ကျီကို အမှတ်တမဲ့ ချထားလိုက်ပြီး အားရပါးရ ဆက်ပြောနေတော့သည်။
"အင်းလေ…နင့် မိသားစုကိုသာ တွေးပေးရင် နင် ထွက်ပြေးခဲ့မှာ မဟုတ်ဘူး"
ထိုစကားတစ်ခွန်းသည် ရိုစီနာ ၏ ရင်ဘတ်ကို လာကုတ်နေသလိုပင် ဖြစ်သွားရသည်။ သူမသည် မိသားစုအကြောင်း ထည့်မစဉ်းစားပေးတာ မဟုတ်ပေ။သူမလည်း နိုင်ငံရပ်ခြားမှာ နေထိုင်ရင်း မိသားစုကို လွမ်းဆွတ်နေခဲ့သည်။
သူမသည် အာစတေးနီးယား တွင် အီလီယန် ကိုမွေးဖွားသောအခါသူမ၏ မိခင်နှင့် ရာနီယာ တို့ကို တွေးနေမိသည်။ ထို့မပြင် သူမသည် အီလီယန် ကို စောင့်ရှောက်နေရစဉ် တစ်ခါတစ်ရံ နောင်တစိတ်များဖြင့် နေခဲ့ရသည်။သူမ သည် မိသားစုကို စွန့်ပစ်ပြီး တစ်ယောက်တည်း မထွက်လာသင့်ပေ။ သို့သော်လည်းခုတော့ အားလုံးဟာ အချည်းနှီးဖြစ်ရချေပြီ။
ရိုစီနာ သည် သူမ၏ မိခင်နှင့် ရာနီယာတို့၏ ကောင်းချက်ကလေးများကိုသာ ပိုပြီးများများတွေးနေခဲ့သည်။ လောဘကြောင့် မျက်စိကွယ်နေသည့် မက်စယ်လာ ကလည်း အရင်တုန်းကလိုပင်။သူမသည် ယခုအချိန်အထိ သမီးကောင်း တစ်ယောက်အဖြစ် နေထိုင်လာခဲ့သည်။မိခင်ဖြစ်သူကိုလည်း မကောင်းစကား တစ်ခွန်းမပြောခဲ့ပေ။ ထို့ကြောင့် သူမသည် အရာအားလုံးကို အတိတ်တွင် ထားခဲ့ရန်သာ တွေးနေခဲ့ဖူးသည်။
“အမေ”
ရိုစီနာ ၏ မျက်လုံးများသည် ပကတိ တည်ငြိမ်နေသည်။ လေမတိုက်ဘဲ ငြိမ်သက်နေသည်ြ ရေကန်တစ်ခုလိုပင်။
"အမေက သိပ်ကို တစ်ကိုယ်ကောင်းဆန်တယ်"
ထိုစကားတစ်ခွန်းကြောင့် မက်စယ်လာ ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"သမီး ဘာလို့ အိမ်ကထွက်လာတယ်ထင်လဲ"
"…အဲ့ဒါ"
မက်စယ်လာ သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ တစ်ကယ်တမ်းတွင် ရိုစီနာ သည် ဘာကြောင့် စံအိမ်ကြီးကနေ ထွက်သွားချင်မှန်း သူမ နားမလည်ခဲ့ပေ။ သမီးက အရေးမကြီး၊ဝမ်းရေးကသာ အရေးကြီးတာကြောင့် ရှည်ရှည်ဝေးဝေးလည်း တွေးမနေခဲ့ပေ။
“ဘာလို့လဲဆိုတော့ အမေက သမီးကို ပစ္စည်း တစ်ခုလို ဆက်ဆံခဲ့လို့”
“ဘာ…နင်ကများ…အဟ”
မက်စယ်လာ သည် သူမစကားကို အခုမှ သဘောပေါက်သွားရ၏။ ရိုစီနာ သည် ကုန်သည်၏ သားဖြစ်သူနှင့် လက်ထပ်ပေးမည့် သူမ အစီအစဉ်ကို သိသွားခြင်း ဖြစ်သည်။ မက်စယ်လာ ဘာမှပြန်မပြောနိုင် ဖြစ်နေသော်လည်း ရိုစီနာ က တွန့်ကျေနေသော ၀တ်စုံကို ကြည့်ပြီး ညည်းတွားလိုက်သည်။
"ကောင်းပြီ…အမေ သမီးကို လွမ်းနေခဲ့တယ်လို့ပြောရင် အမေ့ကို ဝတ်စုံတစ်ထည်ဝယ်ပေးလို့ရတယ်…ပြီးတော့ သိပ်လည်း ဈေးမကြီးဘူးလို့ အမေပြောထားတာဆိုတော့ အမေ့ဘာသာလည်း ဝယ်ချင်ဝယ်လို့ရပါတယ်"
ထို့နောက် ရိုစီနာ က ပြုံးပြီး နောက်ပြန်ဆုတ်လိုက်သည်။
"စံအိမ်ကြီးမှာ မကြာခင် တွေ့မယ်"
ထို့နောက် သူမကို စောင့်နေသည့် ရာဟန် ကို ချက်ချင်းလက်တွဲထားလိုက်သည်။
"သွားကြရအောင်"
ရာဟန် သည် အီလီယန် ကို ပွေ့ဖက်ကာ တံခါးမဆီကို ဦးစွာသွားလိုက်သည်။
ရိုစီနာ ကလည်း ကြောင်တက်တက်ဖြင့် ရပ်နေသော မက်စယ်လာ ကိုဖြတ်လျှောက်သွားသည်။
ထို့နောက် တံခါးပိတ်သွားသည်နှင့် တပြိုင်နက် ရာနီယာ၏ အော်ဟစ်သံ က ထွက်ပေါ်လာသည။
"အား…ငါ့အင်္ကျီ"
ပြဿနာ ဖြစ်သွားပုံပေါ်သော်လည်း ရိုစီနာ သည် စတိုးဆိုင်ထဲမှ လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ ထို့နောက် အပြင်ရောက်သည်နှင့် လတ်ဆတ်သောလေကို ရှူရှိုက်လိုက်ရာ စိတ်လည်း လန်းဆန်းလာရတော့သည်။
"မင်း အဆင်ပြေရဲ့လား"
ရာဟန် သည် သူမ ကို စိုးရိနေပုံဖြင့် ကြည့်လိုက်သည်။ သူမ စိတ်ထဲမှာ ရှက်လွန်းလှသဖြင့် သူ့အကြည့်ကို ရှောင်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ အပြင်မထွက်သည်မှာ တော်တော်ကြာနေပြီ ဖြစ်သော်လည်း ယခုတော့ သူရှေ့မှာမှ အရှက်ကွဲရချေပြီ။
"ကျွန်မ မိသားစုနဲ့ ပြဿနာ နည်းနည်းရှိတယ်"
"ဟုတ်လား"
"သိပ်လည်း ကြီးကြီးမားမား မဟုတ်ပါဘူး…စိုးရိမ်မနေပါနဲ့"
ရိုစီနာ က ရာဟန် စိတ်ချမ်းသာအောင်ပြောလိုက်သည်။ သူမ၏ မိသားစု ဒုက္ခထဲ သူ့ကို မဆွဲသွင်းချင်ပေ။သူမကိုယ်တိုင်သာ ဖြေရှင်းချင်သည်။ ထိုမှသာ သူမ စိတ်ထဲ ရှင်းပေလိမ့်မည်။
သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ရာဟန် ၏ ရင်ခွင်ထဲတွင်ရှိနေသော အီလီယန် ကိုကြည့်လိုက်သည်။
"အီလီယန်…သားလက်ထဲက ဘာလဲ"
အီလီယန် ၏လက်များမှာ အနီရောင်ဆိုးဆေးများ စွန်းထင်းနေကြသည်။ထို့ကြောင့် သူမသည် လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး အီလီယန် လက်များကို သုတ်ပေးလိုက်သည်။သူမ သေချာမသိသော်လည်း အဝတ်အထည်ဆိုးဆေး။လိုမျိုးပင်။ စောစောက ရာဟန် နှင့် အဝတ်လဲခန်းထဲကို ဝင်သွားတုန်းက တစ်ခုခု ဖြစ်လာခဲ့ပုံရသည်။သူမသည် အီလီယန် ၏လက်များကို သေချာသုတ်ပေးနေချိန်တွင် မော့ကြည့်လိုက်ရာ ရာဟန် နှင့် မျက်လုံးချင်း ဆုံသွားရသည်။
"ဘာဖြစ်လို့လဲ"
"ဘာမှ မဟုတ်ပါဘူး"
တစ်ခုခုတော့ ဖြစ်ခဲ့ရမည်။သို့သော်လည်း သားအဖနှစ်ယောက်ကို မေးမြန်းလိုက်လျှင် စိတ်ရှုပ်သွားမှာစိုး၍ မေးမနေတော့ပေ။
ရိုစီနာ တစ်ဖက်ကိုလှည့်လိုက်သောအခါ ရာဟန် နှင့် အီလီယန် တို့သည် သူမ မသိအောင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်နေကြသလို ကြည့်နေသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။