Chapter 23
ရိုစီနာ တို့ သုံးယောက်သည် နံနက်စောစောတွင် ရထားဖြင့် တော်ဝင်နန်းတော်မှ ထွက်ခွာလာပြီး ဈေးဆိုင်များစွာရှိသည့် လူစည်ကားသော လမ်းတစ်ခုသို့ ရောက်ရှိလာသည်။ ရထားပေါ်မှမဆင်းမီ ရိုစီနာ သည် ရာဟန် ကို ကြည့်လိုက်သေးသည်။ သူသည် သာမာန် ၀တ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း ခါတိုင်းနှင့် မတူပေ။ သပ်ရပ်သော အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ဦးထုပ်ကို ဆောင်းထားသည်။ အနက်ရောင် ဘောင်းဘီမှာလည်း ဓားတစ်ချောင်းလို ဖြောင့်စင်းလှသော သူ့ပေါင်တံများနှင့် လိုက်ဖက်နေတော့သည်။တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားတာကြောင့် ရွှေရောင်ဆံပင်မှာလည်း တောင်ပြောင်နေတော့၏။
ရာဟန် သည် ရထားလုံးပေါ်ကမဆင်းခင် လူအများ ဝိုင်းကြည့်ကြမှာစိုး၍ သူ့ဦးထုပ်ကို သေချာပြင်ဆောင်းလိုက်သည်။သူ ရထားလုံးပေါ်မှ ဦးစွာဆင်းပြီးနောက် ရိုစီနာ လည်း မတ်တပ်ထလိုက်သည်။ သူမ လက်ကို ဆုပ်ကိုင်ထားသည့် အီလီယန် သည် ရာဟန် လိုပင်၊ ဘောင်းဘီနှင့် ခါးရှည်အကျီကိုသာ ၀တ်ထားသည်။ အအေးဒဏ်ကြောင့် လည်ပင်းအထိ ကြယ်သီးတပ်ထားရသည်။မထင်မှတ်ပဲ သားအဖနှစ်ယောက်မှာ အဝတ်အစားဆင်တူနှင့် ဖြစ်နေတော့သည်။
ရာဟန်က အီလီယန် ကို သေချာကြည့် နေပြီး သဘောကျသွားသလိုဖြစ်သွားသည်။
"ကိုယ် သူ့ကို ကိုင်ထားမယ်"
အီလီယန် သည် ရာဟန် ရင်ခွင်ထဲသို့ မကျေမနပ်ပင် ဆင်းလိုက်တော့သည်။ ရိုစီနာက လည်း ရထားပေါ်မှ ဆင်းကာ သူမရှေ့က ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်သည်။ တောက်ပြောင်နေသော ဆိုင်းဘုတ်ကို လက်ရေးလှလှဖြင့် ရေးထားသည်။
[လီရက် ရဲ့ ဗီရို]
သူမသည် မယုံနိုင်ဖြစ်သွားပြီး မျက်လုံးကို အကြိမ်ကြိမ် ပွတ်သပ်ကြည့်လိုက်သည်။ ဘယ်လိုပင် ကြည့်ကြည့်၊သူမ ရောက်နေတာက အဝတ်ဆိုင်တစ်ခုပင်။
"ကျွန်မတို့ဘာလို့ ဒီကိုလာတာလဲ..."
သူမက အီလီယန် ကို ပွေ့ထားသည့် ရာဟန် အား ကြည့်ပြီး မေးလိုက်သည်။
ထို့နောက် ရာဟန် က အဝတ်လဲခန်းတံခါးကို အသာအယာ တွန်းဖွင့်ဝင်လိုက်သည်။
"မင်း အခုချိန်ကစပြီး အဝတ်အစားတွေ ပြောင်းလဲပစ်ရမယ်"
အိုး…သူက အီလီယန် နဲ့သူ့လိုလေး ဆင်တူဝတ်စေချင်တာကိုး…
ရိုစီနာ လည်း ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။
ခရီးလမ်းတစ်လျှောက် အထုပ်များ သယ်ရမှာစိုးသဖြင့် သူမတို့သည် အဝတ်အစားတစ်စုံ နှစ်စုံထက် ပိုမယူခဲ့ပေ။ထို့အပြင်၊ သူမသည် အင်ပါယာတွင် အဝတ်အစားအချို့ကို ဝယ်ခဲ့သော်လည်း အများစုမှာ ရယ်ဒီမိတ်များဖြစ်သောကြောင့် ပိန်နေသော အီလီယန် နှင့် လုံးဝ မလိုက်ဖက်ပေ။
ရိုစီနာ သည် ယနေ့မှထူးဆန်းစွာပင် ကလေးကိုပွေ့ချီထားသော ရာဟန်ကို ကြည့်လိုက်မိသည်။သားအဖနှစ်ယောက်ခုတော့ တည့်နေသည်။
“ကြိုဆိုပါတယ်ရှင်”
ခေါင်းလောင်းသံကြားလိုက်သည်နှင့်တစ်ပြိုင်နက် စတိုးဆိုင် စာရေးမက ပြုံးပြီး ရိုစီနာ နှင့် ရာဟန် ကို ကြိုဆိုလိုက်သည်။သူမသည် စာရေးမတစ်ဦး ဖြစ်သည်နှင့် အားလျော်စွာ ဖက်ရှင်အကျဆုံး အ၀တ်အစားများဖြင့် စတိုင်လ်ကျကျ ဝတ်ဆင်ထားသည်။
ရိုစီနာ သည် စာရေးမကိုမြင်လိုက်သည်နှင့် သူမ ဝတ်ထားသော အဝတ်အစားများကို ရှက်သွားရတော့သည်။သူမ ခြေလှမ်းတုံ့သွားစဉ် ရာဟန် က စာရေးနှင့် စကားပြောနေသည်။ စာရေးကလည်း ကြိုတင်မှာထားတာ ရှိ၊ မရှိ စစ်ဆေးပြီး ၊နာမည်ကို စစ်၍ ချက်ချင်း အထဲကို ဖိတ်ခေါ်လိုက်၏။
"အများကြီး ပြပေးပါ"
ထိုင်ခုံပေါ်တွင် အီလီယန် က ဝင်ထိုင် နေပြီး ရာဟန် ကမူ စာရေးနှင့် စကားပြောနေဆဲဖြစ်သည်။
"ဟုတ်ကဲ့…ရှင့်ရဲ့ မိန်းမအတွက် ယူမှာလား"
ရာဟန် က ပြန်ဖြေမည့်အစား ရိုစီနာ ပခုံးကို ခပ်ဖွဖွ ဖက်ထားလိုက်၍ သူမလည်း အံ့သြပြီး မျက်လုံးပြူးသွားတော့သည်။
"ကျွန်မအတွက်…"
ရာဟန် က ခေါင်းညိတ်လိုက်ပြီး သူမ နှုတ်မှ မလိုပါဘူးဟု ပြောလာတိုင်း သူ ငြင်းရတော့မည်ဖြစ်သည်။
"လက်ထပ်ပြီးရင် တရားဝင် အခမ်းအနားတွေ အများကြီး သွားရမယ်"
“အဲ"
"မှူးမတ်တွေက ရုပ်ဆင်းသဏ္ဍာန်ကို တန်ဖိုးထားကြတယ်လေ…အရေးလည်း ပေးကြတယ်"
သူမ ပါးစပ်ပါ ပိတ်သွားရသည်။သူမသည် အာစတေးနီယားမှ အဝတ်အစား သုံးထည်သာ ယူလာခဲ့သည်။အထည်အားလုံးသည် ရိုးရှင်းသော အဝတ်အစားများသာ ဖြစ်ပြီး ခရီးသွားရန်အတွက် အထူး ပေါ့ပါးပြီး သင့်လျော်ပေသည်။
အဝတ်အစားများသည် အဆင့်အတန်း၊ စီးပွားရေး၊ ဂုဏ်သိက္ခာ၊ အသိပညာ စသည်ဖြင့် လူတစ်ယောက်၏ အဆင့်အတန်းကို အများကြီး ပြောပြပေးသည်။
ရာဟန် ပြောသလိုပင်၊သူမသည် ယခုလိုပုံစံဖြင့် ပွဲအခမ်းအနားများကို တက်၍မဖြစ်နိုင်ပေ။ထိုသို့သွားလိုက်ပါက ယဉ်ကျေးမှုမရှိသော သူမအား ဝိုင်းလှောင်ကြမည်ဖြစ်ပြီး စီးပွားပျက် ၊ရာထူးကျသွားရသော မိသားစုမှလာသူဖြစ်ကြောင်း အတင်းအဖျင်းပြောကြပေလိမ့်မည်။မှန်ပေသည်၊ လူ့အဖွဲ့အစည်းထဲကို ကိုယ်တုံးလုံးနှင့် ဝင်လာ၍ မရချေ။
"ကျွန်မ နားလည်သွားပါပြီ"
ထို့နောက် ရိုစီနာ သည် အဝတ်အစားအနည်းငယ်သာဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ပိုက်ဆံမရှိဘဲ၊ ဇိမ်ကျကျနေနိုင်ဖို့ရာ မဖြစ်နိုင်တာကြောင့်ပင်။
ရာဟန် က ကျေနပ်သလို ပြုံးပြီး စာရေးမကို ခေါ်လိုက်သည်။
"ကျေးဇူးပြုပြီး ဆိုင်မှာရှိတဲ့ အထည်တွေအကုန် ယူလာပေးနော်"
သူ့စကားဆုံးသည်နှင့် ဒါဇင်နှင့်ချီသည့် အထည်တွေ ရောက်လာကြ၍ သူမ မျက်လုံးပြူသွားရသည်။ သူမသည် တစ်ချိန်က မြို့စားကြီး၏ သမီးလေးအဖြစ် နေထိုင်ခဲ့သော်လည်း ယခုလို သာမာန်သာ ဝတ်စားလာခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
"ဒီကနေ ဒီကနေ စလိုက်မယ်"
ရာဟန် က အထည်အားလုံးနီးပါးကို အကုန်ရွေးပစ်လိုက်တာကြောင့် သူမ လန့်ဖျပ်ပြီး ပြောလိုက်မိသည်။
"အဲ့ဒီလောက်ကြီးလည်း မလိုပါဘူး"
"တော်ဝင်နန်းတော်မှာ နေမှာဆိုရင် အချိန်တိုင်းနဲ့ လိုက်ဖက်တဲ့အဝတ်အစားတွေ လိုတယ်ကွ"
ရာဟန် က ညင်သာစွာပြုံးပြီး သူမ သဘောဆန္ဒကို အသာလေး ဖယ်ရှားလိုက်သည်။
တစ်ချိန်တည်းမှာပင် စာရေးမသည် စာအုပ်တစ်ထပ်ကို ယူလာခဲ့သည်။
"ဒါတွေက ခုတလော ရေပန်းစားနေတဲ့ ဒီဇိုင်းတွေပါ"
ရိုစီနာ လည်း သတိဝင်လာပြီး စာရွက်များကို ငုံ့ကြည့်လိုက်သည်။စာအုပ်များထဲတွင် အဝတ်အစား ဒီဇိုင်းများစွာရှိသော်လည်း သူမ မျက်လုံးများကို မဖမ်းစားနိုင်ခဲ့ပေ။ သူမသည် အာစတေးနီယား တွင် အချိန်အတော်ကြာ နေထိုင်ခဲ့တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ယခုတစ်လော အင်ပါယာ၌ ရေပန်းစားနေသော ၀တ်စုံများသည် သူမအတွက် အဆင်မပြေဖြစ်နေသည်။ ထို့နောက် ဘယ်လိုပင်ဖြစ်ဖြစ်၊ သူမ နှစ်သက်သည့် ၀တ်စုံကို ရွေးချယ်လိုက်သည်။ထို့နောက် အာစတေးနီယား တွင် သူမ ဝတ်လေ့ရှိသော ဒီဇိုင်းများနှင့် အံဝင်ခွင်ကျဖြစ်နိုင်သည့် ၀တ်စုံတစ်စုံကိုသာ နောက်ထပ် လိုချင်မိသည်။
"ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်မလိုချင်တဲ့ ဒီဇိုင်းကို ဖန်တီးပေးနိုင်မလား"
"ဟုတ်ကဲ့ပါ…ရပါတယ်ရှင့်"
ထို့နောက် သူမ က ချက်ချင်းပင် စာရွက်ပေါ်မှာ ရေးခြစ်လိုက်သည်။ မကြာခင်မှာပင် အတော်လေးကို လှပသည့်တဲ့ ဒီဇိုင်းတစ်ခု ဆွဲပြီးသွားပြီဖြစ်သည်။
"အို ဘုရားရေ "
စာရေးက ဒီဇိုင်းကို ကြည့်လိုက်ရင်း သဘောတကျနှင့် အော်ပြောလိုက်သည်။သူမလို အ၀တ်အထည် ဆိုင်ပိုင်ရှင်တစ်ယောက်အနေနှင့် ယခုလို ဆန်းသစ်တီထွင်ထားသည့် ဒီဇိုင်းကို မမြင်ရတာကြာပြီဖြစ်သည်။
"မိုက်လိုက်တာ…ဘယ်လို အထည်မျိုးကို လိုချင်တာလဲ”
ရိုစီနာသည် အထည်၏ အရောင်နှင့် ပစ္စည်းအမျိုးအစားကို အခက်အခဲမရှိ ရွေးချယ်ပြလိုက်သည်။သူမ ရွေးလိုက်သည့် အထည်များ အားလုံးသည် အာစတေးနီးယား ရှိ မြို့ဝင်မင်းကတော် အယ်လီဆာ ဝတ်လေ့ရှိသော ဒီဇိုင်းများဖြစ်သည်။ ထို့နောက် သူမသည် ပစ္စည်းများ အော်ဒါမှာပြီးသွားသောအခါ ဈေးဝယ်ပြီးသွားပြီဟု စိတ်ထဲထင်မိလိုက်သည်။
သို့သော်လည်း ရာဟန်ကမူ ထိုသို့တွက်ပုံမရချေ။သူက ဗီရိုအပြည့်ဖြည့်ရန် အဝတ်အစားများစွာကို ထပ်ပြီး ရွေးချယ်နေသည်။ သူမ သူ့ကိုကြည့်ကာ တံတွေး မျိုချလိုက်သည်။ သူမယူလာသမျှ ရွှေတုံးများနှင့် လောက်မှလောက်ပါ့မလားမသိ။ အနည်းငယ် ပင်ပန်းနေသော သူမသည် ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသော အီလီယန် ကို ပွေ့ဖက်ထားလိုက်သည်။ထိုအခါမှ သူမသည် အီလီယန် အတွက် အဝတ်အစား မမှာရသေးကြောင်း သတိရသွားသည်။
"အီလီယန် အတွက်ကရော ဘယ်လိုလဲ"
“အင်း"
ထိုအခါ ရာဟန် ကလည်း ကလေးအတွက် သင့်လျော်သော အထည်များကို စတင်ရွေးချယ်တော့သည်။ ထို့နောက် သူစိတ်ထဲ လှသည်ထင်တာများကို ရွေးလိုက်သည်။
သူတို့မိသားစုသည် နှစ်နာရီနီးပါးအကြာတွင် အဝတ်အစားများကို ရွေးချယ်ပြီးသွားကြသည်။ အီလီယန် ၏ အဝတ်အစားများကို ဝယ်ယူရန် မိနစ်အနည်းငယ်သာ ကြာခဲ့သည်။ စာရေးအက စာရင်းကို တွက်ချက်နေချိန်မှာ ရာဟန် သည် အီလီယန် ကို ခေါ်ပြီး အဝတ်လဲခန်းထဲ ခေါ်သွားလိုက်သည်။
"ကလေးကို ကိုယ်(body)တိုင်းတုန်းက မှားသွားတယ်တဲ့…ကိုယ်ပြန်လာခဲ့မယ်နော်"
ထိုအခါ ရိုစီနာ သည် ထိုင်ခုံတစ်လုံးတွင် ထိုင်ကာ ပြတင်းပေါက်ကို ငေးကြည့်နေမိသည်။ ကြည်လင်သော ပြတင်းပေါက် များမှတစ်ဆင့် လမ်းမများပေါ်တွင် ဖြတ်သန်းသွား လာနေသူများကို သူမ မြင်နေရသည်။ မကြာမီ ဆိုင်ရှေ့မှာ လူတစ်ချို့ ရပ်နေပြီး ဆိုင်အပြင်ဘက်ရှိ အရုပ်များပေါ်မှ အဝတ်အစားများကို ကြည့်နေကြသည်။အပြင်မှ ကြည့်နေသည့် ဘေးချင်းကပ်ရပ်နေသော အမျိုးသမီး နှစ်ယောက်သည် အမေနှင့်သမီး ဖြစ်ပုံရသည်။ ခေါင်းမှ ခြေဖျားအထိ ၀တ်စားထားသော အမျိုးသမီးများကို ငေးကြည့်ရင်း သူမ မျက်လုံးများ ပြူးကျယ်သွားရသည်။
ထိုစဉ် တံခါး ခေါင်းလောင်းသံက စတိုးဆိုင်တစ်ခုလုံး လွှမ်းမိုးသွားရသည်။ စတိုးဆိုင်ရှေ့မှာ ၀တ်စုံတွေ ကြည့်နေသည့် အမျိုးသမီး နှစ်ယောက်မှာ အထဲကို ဝင်လာခြင်း ဖြစ်သည်။ အမျိုးသမီး များသည် ဆိုင်ပတ်ပတ်လည်ကို လှမ်း ကြည့်ပြီး ချိတ်ထားသော ၀တ်စုံများကို ကိုင်ကြည့်နေကြသည်။ ဆံပင်ကောက်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် အင်္ကျီကို ဝတ်ရန်ကြိုးစားလိုက်သည်။ ထိုအခါ အထဲမှာ စောင့်နေသည့် စာရေးမက ထိုအင်္ကျီအကြောင်းကို ရှင်းပြလိုက်၏။ သက်လတ်ပိုင်းအမျိုးသမီးသည် အ၀တ်အစားများအား ဆင်ယင်ရသည်ကို လွန်စွာနှစ်သက်ပုံရသည်။ ထို့နောက် သူမက စာရေးမကို ဈေးမေးလိုက်ရာ ဈေးသိရသောအခါ ထိုအမျိုးသမီးမှာ မျက်နှာပျက်သွားသည်။
"အင်း…သိပ်လည်း ဈေးမကြီးပါဘူး"
ထို့နောက် သူမ၏ပခုံးများသည် ကြောက်လန့်တကြားနှင့် တုန်တုန်ယင်ယင် ဖြစ်လာသည်။ ထို့နောက် မျက်မှောင်ကြုတ်ထလိုက်၏။
"အနီးကပ်ကြည့်လိုက်တော့ ကြယ်သီးပုံစံကိုလည်း မကြိုက်ဘူး"
“အမေ… ဒါကိုကြည့်”
သူမ၏ သမီးဖြစ်ပုံရသည့် အမျိုးသမီးငယ်လေး တစ်ယောက်က ဦးထုပ်တစ်လုံးကို ကောက်ကိုင်လိုက်သည်။ ကောင်းကင်ပြာရောင် အမွေးအမျှင်များဖြင့် အလှဆင်ထားသော ဦးထုပ်သည် အဝေးမှ ကြည့်ရုံနှင့်ပင် အတော့်ကို လှပပေသည်။ထို့နောက် ထိုကောင်မလေးက ဦးထုပ်၏ စျေးနှုန်းကို ထပ်ခါတလဲလဲ စစ်ဆေးကြည့်လိုက်သည်။
" သမီး အိမ်မှာလည်း ဒါမျိုးရှိတယ် အမေရဲ့… ဝယ်စရာ လိုမယ်မထင်ဘူး"
သူမက ထိုသို့ပြောလိုက်သော်လည်း မျက်လုံးများကတော့ ဝမ်းနည်းနေသယောင်ပင်။သူမတို့ သားအမိသည် စတိုးဆိုင်တစ်ဝိုက်မှာ လျှောက်လာရင်း ဟိုဟိုဒီဒီ ပတ်ကြည့်ကာ ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်နေကြတော့သည်။ ထို့နောက် တစ်နေရာကိုကြည့်ပြီး နှစ်ယောက်သား မျက်လုံးပြူးသွားတော့သည်။
"... ရိုစီနာ "
"အစ်မ"
သူတို့မျက်စိကိုယ် သူတို့ မယုံနိုင်ဖြစ်နေကြပြီး ရိုစီနာ ကို ကြောင်ကြည့်နေကြတော့သည်။ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရတာ ခုနစ်နှစ်ကြာသွားပြီဖြစ်၍ ရုတ်တရက်ဆို မမှတ်မိနိုင်ပေ။သို့သော်လည်း ရိုစီနာမှာ အင်ပါယာကို ရောက်လာသည်မှာကြာနေပြီဖြစ်၍ အရင်ကလို စိုပြည်ပြည့်ဖြိုးလာတာကြောင့် မှတ်မိလွယ်ပေသည်။
“နင် ဘာလို့ ဒီကိုရောက်နေတာလဲ…”
စကားကောင်းကောင်း မပြောနိုင်လောက်အောင် အံ့အားသင့်နေသော လူလတ်ပိုင်း အမျိုးသမီး မက်စယ်လာ သည် စကားစ,လာတော့သည်။ သူမဘေးမှာရပ်နေသည့် ရာနီယာ ကလည်း ရိုစီနာ ကိုကြည့်ရင်း ပြာယာခတ်နေတော့သည်။
"မတွေ့ရတာကြာပြီနော်…"
ရိုစီနာ သည် ထိတ်လန့်ခြင်းမရှိဘဲ အေးအေးဆေးဆေး စကားပြန်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမတို့သားအမိ ဆိုင်ထဲကို မဝင်လာခင်ကတည်းက မှတ်မိနေပြီးသားပင်။ ဆိုင်သေးသေးလေးတစ်ခု၌ ခုနစ်နှစ်ကြာမှ ပြန်တွေ့ကြသူ သုံးယောက်မှာ ဘာစကားမှ မဆိုကြဘဲ ခဏတာ တိတ်ဆိတ်သွားကြသည်။ တိတ်ဆိတ်မှုသည် စိုစွတ်နေသော ဂွမ်းစတစ်ခုကဲ့သို့ သူတို့စိတ်များအား လေးလံလာစေသည်။
ရာနီယာ နှင့် မက်စယ်လာ တို့သည် ရိုစီနာ ကို မနှစ်မြို့ဖွယ် မျက်နှာထားဖြင့် စိုက်ကြည့်နေကြသည်။သူမ လက်ရှိဝတ်ထားသည့် ပေါ့ပေါ့ပါးပါး ၀တ်စုံလေးကတော့ စိတ်ပျက်စရာပင်။
"နင် အခက်အခဲ ဖြစ်နေခဲ့တာလား"
မက်စယ်လာ သည် စိုးရိမ်ဟန်ဆောင်ကာ ပြောလိုက်သော်လည်း တစ်ချိန်တည်းမှာပင် စိတ်ထဲက မနှစ်မြို့သွားတော့သည်။ သူမသည် ရိုစီနာ ကို မောက်မာစွာ ကြည့်ကာ နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ထားလေသည်။ထို့အပြင်၊သူမဘေးက ရာနီယာ ကလည်း ပြုံးတုံ့တုံ့လုပ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် အစ်မဖြစ်သူ၏ အ၀တ်အစားများနှင့် သူမဝတ်ထားသော အဝတ်အစားများကို နှိုင်းယှဥ်ကြည့်ရာ အနိုင်ရသွားသလို ခံစားလိုက်ရတာကြောင့် ဖြစ်သည်။
“တာဝန်မယူဘဲ ထွက်ပြေးသွားတာ ရှက်စရာကောင်းတယ်ဆိုတာ နင်သိတယ်မလား"
အမေဖြစ်သူ ပြောလိုက်ပုံက အတော့်ကို ကြမ်းတမ်းယုတ်မာသည်။ မက်စယ်လာ သည် ရိုစီနာ ကို အေးစက်သော မျက်လုံးများဖြင့် စုန်ချည်ဆန်ချည် ကြည့်နေတော့သည်။ ဤနေရာသည် အများသူငှာ သွားလာရာ နေရာတစ်ခုဖြစ်သော်လည်း သူမ တစ်ယောက်တည်းသာ ရှိသလိုပင် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။
ရိုစီနာ သည် မက်စယ်လာ စကားကိုဘာမှ ပြန်မပြောဘဲ အသာနားထောင်နေသည်။သူမသည် တစ်ခြားဘာကိုမှ ဂရုမစိုက်သော်လည်း အီလီယန် ကိုတွေ့သည့်အခါ အမေဖြစ်သူက ဘယ်လိုတုံ့ပြန်မလဲ ဆိုသည်ကို စိတ်ပူမိသည်။ အနည်းဆုံးတော့ အီလီယန် ကို အမေဖြစ်သူ၏ စကားကြမ်းကြမ်းများအား မကြားစေချင်ပေ။
"ရိုစီနာ"
မက်စယ်လာ စကားကို အကုန်ကြားသွားသော ရာဟန် သည် ရိုစီနာ ဘေးတွင် လာရပ်နေလိုက်သည်။ ရာဟန် ရောက်လာသည်နှင့် သူမတို့ သားအမိနှစ်ယောက်မှာ ပါးစပ်ပိတ်သွားတာ့သည်။ သူမတို့နှစ်ယောက်မှာ ရာဟန် ကို စိုက်ကြည့်ရင်း သူတို့ပြောနေသည့် စကားတွေကို မေ့သွားကြ၏။ ရွှေရောင်ဆံပင်များသည် အခုချက်ချင်းပင် ထပြီးအရည်ပျော်သွားမလိုဖြစ်နေပြီး အပြာရောင်ကောင်းကင်ကြီးလို လှပနေသော မျက်လုံးများကလည်း ထူးထူးခြားခြားပင်။ချွန်ထက်ဖြောင့်စင်းသော နှာတံ၊ချောမွတ်သော နှုတ်ခမ်း၊ခိုင်မာသော မေးရိုးတို့မှာလည်း သေချာဆွဲထားသလို ထင်းလင်းနေတော့သည်။သူ့လို မျက်နှာပေါက်မျိုးကို အလွယ်တကူ ဘယ်မှာမှ မတွေ့နိုင်ပေ။
ရာဟန် ကို အရူးအမူး ကြိုက်သွားကြသော သားအမိနှစ်ယောက်သည် ပတ်ဝန်းကျင်ကိုမေ့သွားကြခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊သူတို့ မျက်လုံးများသည် ရိုစီနာ ၏ ပခုံးပေါ် တင်ထားသော ရာဟန် လက်ကို လိုက်ကြည့်လိုက်ကြသည်။
"နင်က တတိယမင်းသားနဲ့လက်ထပ်မယ်လို့ ငါတို့ သိထားတာ…ဒါပေမယ့် တခြားယောက်ျားနဲ့...."
မက်စယ်လာ က အတင်းအော်ပြောလိုက်လေသည်။ ရိုစီနာ ဘေးမှာရပ်နေသူဟာ ရုပ်ဆိုးသည်ဟု ကြားသိရသည့် တတိယမင်းသား မဟုတ်မှန်း သိသာလှ၏။ သို့သော်လည်း သူမ စကားကို ရှေ့ဆက်မပြောနိုင်တော့။အကြောင်းမှာ ရာဟန် သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အောက်ပါစကားကို ပြောလိုက်သောကြောင့် ဖြစ်သည်။
"ကျွန်တော်က သူမရဲ့ ခင်ပွန်းပါ"