Chapter 22
ထို့နောက် ရာဟန် သည် စကားတစ်ခွန်းမှ မပြောဘဲ အီလီယန် ၏ပန်းကန်ကို ယူကာ စတင်လှီးဖြတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ရိုစီနာ က ကျေးဇူးတင်စကားဆိုရင်း တစ်ဖက်ကြည့်လိုက်ရာ အံဩနေသော ခရေယယ် နှင့် မျက်လုံးချင်းဆုံသွားသည်။ ခရယယ်မှာ သူမကို မြင်လိုက်သည်နှင့် လန့်ပျာသွားသလို ဖြစ်သွားသည်။ ခရေယယ် သည် သူ မမြင်သင့်သော အရာကို မြင်လိုက်ရသလို အဘယ်ကြောင့် ထိတ်လန့်သွားမှန်း သူမလည်း မသိတော့။
“…?”
အသားအားလုံးကို လှီးဖြတ်ပြီးနောက် ရာဟန် သည် ဓားကိုချထားလိုက်ပြီး ရိုစီနာ ကြည့်နေသည့်နေရာကို သူလည်းလိုက်ကြည့်လိုက်သည်။အဆုံးတွင် ခရေယယ်ကို ကြည့်နေမှန်း သဘောပေါက်သွားတာကြောင့် သူ မျက်မှောင်ကြုတ် ထားလိုက်မိသည်။ ရာဟန် ၏ ပြင်းထန်သော မျက်လုံးများကို မြင်လိုက်ရသောအခါ ခရေယယ် လည်း ချက်ချင်း မျက်နှာကို ပြန်တည်လိုက်သည်။သူသာ ဆက်ပြီး ပြုံးဖြီးနေလျှင် ရာဟန် လက်ချက်ကြောင့် မေးရိုးကျိုးသွားနိုင်ပေသည်။
“စားလို့ရပါပြီ"
သူတို့ ကြည့်နေသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသော ရာဟန် သည် ရိုစီနာ နှင့် အီလီယန် အား ပန်းကန်များ ပြန်ပေးလိုက်သည်။
ရိုစီနာ ကလည်း သူ့ဘက်ပြန်လှည့်ကာ ကျေးဇူးစကားဆိုလိုက်သည်။ ပန်းကန်ပြားပေါ်ရှိ အသားများကို တစ်ကိုက်စာအရွယ်အတုံးများဖြစ်အောင် သပ်သပ်ရပ်ရပ် လှီးဖြတ်ထားခြင်းဖြစ်သည်။ သူမ အသားတုံးတစ်ခုအား ကိုက်စားလိုက်သည်ကို ရာဟန် တိတ်တဆိတ် စောင့်ကြည့်နေသည်။စားကောင်း၊မကောင်းကို သူမ မျက်နှာက ဖော်ပြပေလိမ့်မည်။
"အရသာရှိလိုက်တာ"
ကံကောင်းစွာနှင့်၊ အသားကို ကောင်းကောင်းကင်ထားပြီး ဟင်းခတ်အမွှေးအကြိုင်များကလည်း အချိုးအဆညီသွားတာကြောင့် သူမအကြိုက် ဖြစ်သွားရသည်။
ရိုစီနာ စားသောက်နေစဉ် ရာဟန် တစ်ယောက်တည်း အလုပ်များနေခဲ့သည်။သူက ဟင်းပန်းကန်များကို ဟိုရွှေ့၊ဒီရွှေ့လုပ်လိုက်ပြီး သူမ အကြိုက်နှင့်လိုက်လျောအောင် ပြင်ဆင်နေရာချထားကာ ရေလည်းငှဲ့ထည့်ပေးလိုက်သည်။သူ့လက်များက ဇယ်ဆက်သလိုလုပ်သွားပုံမှာ ချောမွေ့သပ်ရပ်ပြီး အထက်တန်းကျလှပေသည်။ထို့ကြောင့် ခရေယယ် နှင့် အိုင်းဆက် တို့မှာ စားတောင်မစားနိုင်ဘဲ သူ့ကိုသာ ငေးကြည့်နေကြတော့သည်။ယနေ့လို ရာဟန် ၏ ပုံစံမှာ ရှားရှားပါးပါး မြင်ကွင်းတစ်ခုဖြစ်ပြီး သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။
သူတို့ခေါင်းဆောင်ကလည်း သာမန်လူတစ်ယောက်လိုပါလား...
နှစ်ယောက်စလုံး တစ်ချိန်တည်းမှာပဲ တွေးလိုက်မိသည်။
ထိုအချိန်တွင် ရိုစီနာ နှင့် အဝေးဆုံးခုံမှာ ထိုင်နေသော အီလီယန် သည် အသားကို ထိုးကော်စားနေသည်။ ရာဟန် က အမေဖြစ်သူအား ဆက်ဆံနေပုံကြောင့် သူ စိတ်ဆိုးနေပြီဖြစ်သည်။ရာဟန်သာ ဝင်မရှုပ်လျှင်၊ သူသည် အမေဖြစ်သူနှင့် ကောင်းကောင်း စားနိုင်မည်ဖြစ်သော်လည်း၊ယခုတော့ အရာအားလုံး လွဲချော်သွားခဲ့သည်။ထို့နောက် အီလီယန် သည် ခဏမျှ စဉ်းစားလိုက်ပြီး မည်သူမှ သတိမပြုမိခင် ကြိတ်ပြုံးလိုက်သည်။
ဂလွမ်
ထို့နောက် ပန်းကန်ခွက်ယောက်များ ကြမ်းပြင်ပေါ် ပြုတ်ကျသံကို လူတိုင်း ကြားလိုက်ကြရသည်။ ညစာစားနေသော ရိုစီနာ သည် အီလီယန် ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ အီလီယန် မှာ သူ့ပါးစပ်မှစ၍ တစ်ကိုယ်လုံး အစားအသောက်များ ပေကျံနေတော့သည်။ မူလက သူသည် အစားကို နှေးနှေးသာ စားတတ်သော်လည်း ယနေ့မှ စားကောင်း၍ ဖြစ်နိုင်သည်၊များအောင် စားလိုက်ပုံရသည်။ အာစတေးနီယား တိုင်းပြည်တွင် အသုံးပြုသော ပန်းကန်ခွက်ယောက်များနှင့် အင်ပါယာရှိ ပန်းကန်ခွက်ယောက်တို့မှာ ကွဲပြားသောကြောင့် ကလေးအတွက် ခက်ခဲနေခြင်း ဖြစ်မည်ဟု သူမ တွေးမိလိုက်သည်။
"အီလီယန်…အဆင်ပြေရဲ့လား"
"သား...အ...အဆင်ပြေပါတယ်…"
စိတ်ပျက်သလို လေးပြောလိုက်သော အီလီယန် အတွက် သူမ စိတ်မကောင်းဖြစ်မိသွားသည်။ ထို့နောက် သူမသည် ထိုင်ခုံမှ ထလိုက်ပြီး အီလီယန် အနားကို သွားလိုက်လေသည်။ထို့နောက် အနားတွင် ရပ်ကာ အစားကိုသေချာစားလို့ရအောင် ကူညီပေးလိုက်၏။
ရိုစီနာ သည် ငှက်တစ်ကောင်လို တခဏချင်း ပျံသန်းသွားစဉ်၊ စားစရာပန်းကန်ကို တွန်းပေးနေသော ရာဟန် သည် ကလေးကို လှည့်ကြည့်လိုက်သည်။ အီလီယန် မှာ ရူးချင်ယောင်ဆောင်ပြီး စားပွဲပေါ်ကျနေသော အစားအစာများကို စားနေတော့သည်။
ရာဟန် မျက်လုံးပြူးကြီးဖြင့် သူ့ကို စိုက်ကြည့်နေမိတော့သည်။ ခရေယယ် နှင့် အိုင်းဆက် တို့သည်လည်း စစ်မြေပြင်တွင် ရောက်နေရသလို ကြောက်လန့်နေကြသည်။
ထို့နောက် ရာဟန် သည် သူ့လက်ထဲမှ ခက်ရင်းခွနှင့် စားပွဲကိုခေါက်လိုက်သည်။
ဒုန်း…
သူ ခက်ရင်းခွကို မြှောက်လိုက်သည်နှင့် နှစ်ယောက်သား တံတွေးကို တစ်ပြိုင်နက် မျိုချလိုက်ကြသည်။ ခက်ရင်းက စားပွဲထဲကို နစ်ဝင်သွားလိမ့်မည်ဟု သူတို့ သေချာပေါက် ထင်ထားသည်။သို့သော်လည်း သူတို့ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ပင် ရာဟန် က ခက်ရင်းခွကို အေးအေးဆေးဆေး ချထားလိုက်ပြီး အသစ်တစ်ချောင်း ယူလာခဲ့သည်။
ဒီနေ့ ငါတို့ ဒီကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ပါ့မလား…
ထို့နောက် အိုင်းဆက် နှင့် ခရေယယ် တို့သည် အစားအစာကို အာရုံပြောင်းရန် ကြိုးစားနေရတော့သည်။
***
နောက်နေ့ မနက်စောစောတွင် အိပ်ယာနိုးလာသည့် ရိုစီနာ မှာ လိုက်ကာတွေကို ဆွဲပိတ်လိုက်သည်။ တောက်ပသော နေရောင်က ကုတင်ကို ထိုးနေတာကြောင့် ပူကျစ်နေပြီဖြစ်သည်။
ယနေ့ အဝတ်လျှော်ရမည်ဖြစ်သည်။ ရိုစီနာ သည် ကိုယ့်ကိုယ်ကိုယ် အိမ်ရှင်မတစ်ယောက်ဟု တွေးထားသည်။ အီလီယန် မှာ အိပ်ပျော်နေသေးတာကြောင့် သူမ အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ ရာသီဥတုကလည်း သာယာနေတာကြောင့် မနေ့ကတည်းက ရှင်းထားသော အိမ်နောက်ဖေးကို ပြန်ရှင်းရမည်ဖြစ်သည်။ ပေါင်းပင်များကို ရှင်းပြီး မြေလွတ်တွင် တစ်ခုခု စိုက်မည်ဟု သူမ စိတ်ကူးထားသည်။
"မျိုးစေ့တွေများ ရနိုင်မလား"
တစ်ခုခုလိုအပ်နေလျှင်တောင် နန်းတော်ထဲမှ ထွက်သွားလို့မရတာကြောင့် စိတ်ပျက်စရာပင်။ ရာဟန် ကိုလည်းမမေးချင်ပေ။ ရိုစီနာ သည် နေရောင်စူး၍ အောက်ငုံ့လျှောက်လာရာမှ တစ်ယောက်ယောက်၏ ရင်ဘတ်ကို ဝင်တိုက်မိသွားသည်။
ထို့နောက် သူမ မော့ကြည့်လိုက်ရာ နေရောင်အောက်တွင် ဖြူဝင်းသန့်နေသော မျက်နှာလေးတစ်ခုက သူမမျက်စိ ရှေ့ရောက်လာတော့သည်။
"အို… တောင်းပန်ပါတယ်"
မမြင်သည့် သူမ အပြစ်ပင်။
သူမ ချက်ချင်းတောင်းပန်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်ရာ ရာဟန် ကလည်း ခဏရပ်ပြီး ပြန်ပြောလိုက်သည်။
"ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား"
“အင်း…အိပ်လို့ပျော်ပါတယ်… ကျေးဇူးလည်း တင်ပါတယ်”
"ကောင်းတာပေါ့…ကိုယ်က မင်းဆီကို လာနေတာ"
ရိုစီနာ စိတ်ထဲက မေးခွန်းထုတ်လိုက်မိသည်။
မနက်ကြီး ဘာကိစ္စနဲ့လာတာလဲ…
"မင်း နန်းတော်ထဲက ထွက်သွားချင်နေတာလား"
မျှော်လင့်မထားသည့် မေးခွန်းပင်။ သူမသည် နန်းတော်ထဲဝင်ကတည်းက အပြင်ကို တစ်ခါမှ မထွက်ဖူးပေ။ သူမသွားသည့် အဝေးဆုံးနေရာသည် နန်းတော် ဝင်ပေါက်သာ ဖြစ်သည်။ ရာဟန် က သူမကို အပြင်မထွက်ဖို့ မပြောခဲ့သော်လည်း နန်းတော်ထဲမှာသာ နေဆဲဖြစ်သည်။အကြောင်းမှာ သူမသည် အခြားတော်ဝင် မိသားစုဝင်များနှင့် ပတ်သတ်ရမှာ ကြောက်မိတာကြောင့်ပင်။သူမ ခဏစဉ်းစားလိုက်ပြီး သူ့ကို ထပ်မေးလိုက်သည်။
"တစ်ယောက်တည်းလား"
"ကိုယ်နဲ့လေ"
သူမ မျက်ခုံးပင့်လိုက်မိသည်။
သူနဲ့အတူတူ… ဘာကိုဆိုလိုတာလဲ…
ထို့နောက် သူမလည်း စဉ်းစားမနေတော့ဘဲ အဖြေပေးလိုက်သည်။
"ကျွန်မ နန်းတော်ထဲမှာပဲနေမယ်"
တစ်ကယ်တမ်းတွင် ရိုစီနာ သည် ရာဟန် နှင့် နှစ်ယောက်တည်း အတူရှိမနေချင်ပေ။ သူ့ကို မုန်းနေတာ မဟုတ်သော်လည်း ဘယ်လိုမျိုး ပြောဆိုဆက်ဆံရမှန်း မသိသည့်အတွက် စိတ်ရှုပ်ရသည်ချည်းပင်။
ရာဟန် သည် ရိုစီနာ ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။နီရဲနေသော သူမ မျက်လုံးများသည် ခံစားချက် ပေါင်းစုံနှင့် ရောထွေးနေသည်။ မရင်းနှီးမှု၊ ကြောက်ရွံ့မှု၊ အဆင်မပြေမှု… ၎င်းခံစားချက်တို့သည် အပြုသဘောဆောင်သော ခံစားချက်များမဟုတ်ပေ။
ရာဟန် စိတ်ထဲက သက်ပြင်းချလိုက်သည်။ သူ ဆက်လျှောက်ရမည့်လမ်းကလည်း အဝေးကြီးလိုနေသေးသည်။ရိုစီနာ သဘောထားကို နားလည်သွားသည့် သူက ဆင်ခြေတစ်ခုကို စဉ်းစားမိသွားသည်။ယခုလို အချိန်မျိုးတွင် အီလီယန် သည် အကောင်းဆုံးလက်နက်ဖြစ်လေ၏။
"တစ်ကယ်တော့ ကိုယ်က ကလေးတွေအကြောင်း နည်းနည်းသိတယ်…တခြားသူတွေဆို သိပ်သိမှာမဟုတ်ဘူး…ကလေးက ဘာလိုချင်တာလဲ…ဘာဖြစ်ချင်နေတာလဲဆိုတာ"
သူမသည် အံ့သြသွားသည်။ သူသည် အီလီယန် ကို မမုန်းမှန်း သူမ သိသော်လည်း ဤအခြေအနေအထိ ကလေးအတွက် တွေးပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မြင့်မြတ်သော အမျိုးသား အများစုသည် သူတို့ သားသမီးများကို တိုက်ရိုက် ဂရုမစိုက်ကြဘဲ၊ကလေးထိန်း သို့မဟုတ် ဇနီးသည်များ ထံကိုသာ ထားတတ်ကြသည်။
ရိုစီနာ သူ့ကို စိုက်ကြည့်နေမိသည်။
"ကိုယ် အရုပ်ဆိုင်ကို ရောက်ဖူးတယ်…ဒါပေမယ့် ကလေးကြိုက်တာကို ဝယ်ပေးတာ ပိုကောင်းမယ်ထင်လို့"
ရိုစီနာ သည် အခန်းလွတ်ကို ခဏ တွေးကြည့်လိုက်သည်။ အီလီယန် အတွက် ကစားစရာ အရုပ်တစ်ခုမှပင် မရှိပေ။သူမလည်း အီလီယန် လိုချင်သော အရုပ်များကို ဝယ်ပေးချင်မိသည်။ အရုပ်များ အပြင် အီလီယန် ကို သင်ပေးဖို့ စာအုပ်တွေလည်း လိုအပ်သည်။ နယ်ချဲ့ဝါဒအကြောင်း ကလေးကို အိမ်မှာ အခါအားလျော်စွာ သင်ကြားပေးခဲ့သော်လည်း အာစတေးနီယားတိုင်းပြည်တွင် မွေးဖွားကြီး ပြင်းလာသောကြောင့် ထိုအကြောင်းနှင့်ပတ်သတ်ပြီး သိပ်မသိပေ။ထို့ကြောင့် အရုပ်များ၊စာအုပ်များသည် အီလီယန် အတွက် အပန်းဖြေစရာဖြစ်သည်။
"ကျွန်မ အပြင်သွားချင်တယ်"
ရာဟန် က သူလိုချင်သည့် အဖြေကို ကြားရသဖြင့် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကိုယ် ချက်ချင်း အဆင်သင့်ဖြစ်အောင်လုပ်လိုက်မယ်"
"အီလီယန် ကို နှိုးရမလား"
"မဟုတ်ဘူး …နေပါစေ…ကလေး အိပ်ပါစေ..."
"မေမေ"
ထိုစဉ် ရာဟန် နှင့် ရိုစီနာ တို့သည် အသံကြားရာဘက်ကို လှည့်ကြည့်လိုက်ကြသည်။ အီလီယန် သည် သူ့ခေါင်းအုံးကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ထားလေသည်။
"နိုးပြီလား…သား"
ရိုစီနာ က အီလီယန် ကို ပြုံးပြရင်းမေးလိုက်သည်။ အီလီယန် သည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး အမေဖြစ်သူ၏ ခါးကို ဖက်ထားလိုက်၏။
ထို့နောက် သူမသည် အီလီယန် ၏ ကျောကလေးကို အသာအယာ ပုတ်လိုက်သည်။
" မေ…မေမေ ဘယ်သွားမလို့လဲ"
အီလီယန် က စကားထစ်ပြီး မေးလိုက်သောအခါ ရိုစီနာ ရာဟန့်ကို တစ်ချက်ကြည့်လိုက်၏။ကလေးနိုးလာတာကြောင့် ကလေးကို ခေါ်သွားရပေမည်။
" မေမေတို့ အီလီယန် အကြိုက်ဆုံးအရုပ်ကို သွားဝယ်ကြမလား"
“ယေး"
ရာဟန် ၏ မျက်နှာထားမှာ သိသိသာသာ ယိုယွင်းလာသည်။
ကျစ်
ထို့နောက် ဘယ်သူကမှ သတိမထားမိအောင် တိတ်တိတ်လေး စုပ်သပ်လိုက်သည်။
မကြာမီ အီလီယန်က သူ့ကိုမော့ကြည့်ပြီး အသားလွတ်ကြီး လာရယ်ပြနေတော့သည်။ အီလီယန် သည် ခြောက်နှစ်သာ ရှိသေးသော်လည်း ပြဇာတ်မင်းသားလို သရုပ်ဆောင် ပိုင်နိုင်လှပေသည်။ထို့ကြာင့် သူ အကြံအိုက်ပြီး အကြောင်းပြချက်တစ်ခုကို အတင်းစဉ်းစားရတော့သည်။
"သူ ပြန်ကောင်းလာတာ သိပ်မကြာသေးဘူးဆိုတော့ အပြင်ထွက်ဖို့က သိပ်အဆင်မပြေလောက်ဘူး…ဘာဖြစ်လို့လဲဆိုတော့ လမ်းကလည်း တော်တော်ရှည်မယ်”
သူ့စကားများသည် ရိုစီနာ ကို တုန်လှုပ်စေသည်။ သူမသည် အီလီယန် နောက်တစ်ကြိမ် လဲကျသွားမှာကို မမြင်ချင်တော့ပေ။
"အီလီယန်…သား ဒီမှာပဲ……"
"သားကို ရထားလုံးလေး ပေးစီးပါနော်"
သူမ စကားမဆုံးခင်မှာပင် အီလီယန် က လက်နှစ်ဖက်ကို ဆန့်ကာ ပျော်ရွင်စွာဖြင့် ပြောလိုက်လေသည်။ထို့နောက် သူက ရာဟန် ဆီကို သွားလိုက်သည်။
ဟာ…
ရာဟန် အံ့ဩသွားသည်။ သို့သော်၊အီလီယန် ကတော့ ဂရုမစိုက်စွာပင် သူ့ကို အဖက်ခိုင်းနေတော့သည်။အမေဖြစ်သူနှင့် ဖခင်တို့နှစ်ယောက်တည်း အပြင်ထွက်သွားမှာထက် သူအရမ်းမုန်းသည့် ဖခင်ရင်ခွင်ထဲမှာ နေဖို့ ဆုံးဖြတ်လိုက်သည်။
"အမ်... အဲ့ဒီလိုလုပ်လို့ အဆင်ပြေရဲ့လား"
ရိုစီနာ က အရိပ်အခြည်ကြည့်ပြီး မေးလိုက်သောအခါ ရာဟန် ပြန်ပြုံးလိုက်သည်။
"ရတယ်"
ကောင်စုတ်လေး…
သို့သော်လည်း ရိုစီနာ နှင့်အတူ အပြင်ထွက်နိုင်ဖို့ ကလေးကိုတော့ အပါခေါ်ပေးရတော့မည်။စိတ်ထဲက ပြောဆိုနေမိသော်လည်း အပြင်ပန်းက ပြုံးထားပြီး သူ အီလီယန်ကို ဖက်ထားလိုက်လေသည်။