အပိုင်း ၃၃
Viewers 13k

Chapter 33


ရိုစီနာ အိပ်ပျော်သွားပြီးနောက် ရာဟန် သည် အခန်းတံခါးကို ပိတ်လိုက်သည်။ မနေ့ညက သူ နှောင့်ယှက်ထားတာကြောင့် သူမသည် စားသောက်ပြီးသည်နှင့် ပြန်အိပ်ပျော်သွားပြန်သည်။ 


"သူမကို ဆရာဝန်လေး ဘာလေးနဲ့ ပြရမယ်..." 


သူမသည် လက်တစ်ဖက်တည်းနှင့် ကိုင်ထား၍ ရလောက်အောင် ပိန်လွန်းတာကြောင့် နေမကောင်းဖြစ်မှာ ကြောက်နေမိသည်။ထို့ကြောင့် သမားတော်များနှင့် ကြပ်မတ်၍ ကုသသင့်ပေသည်။စောစောက စိတ်သက်သာရာရသွားသော်လည်း သူ ယခု ပြန်တည်ကြည်လာရသည်။ထို့နောက် သူမ အိပ်ပျော်နေသော အခန်း‌တံခါးကို ကြည့်လိုက်သည်။ သူမ မနိုးခင်မှာ အလောင်းများနှင့်၊ ဖန်ခွက်အပိုင်းအစတွေကို သန့်ရှင်းရေးလုပ်ခဲ့သော်လည်း အဖြစ်အပျက်များကိုမူ ဖျက်ပစ်၍မရချေ။ သူမ စိတ်ထဲ ပေါ့သွားဟန် ရှိသော်လည်း နောက်ထပ် ယခုလို အဖြစ်မျိုးမကြုံစေချင်တော့ပေ။သူမသာ သူ့ဘဝအကြောင်းကို သိသွားပါက စိတ်ဆင်းရဲရလွန်းသဖြင့် ထွက်ပြေးသွားနိုင်သည်။


ရာဟန် ထိုကိစ္စကို အကြောက်ဆုံးပင်။ မိုးရွာတိုင်း ပူလောင်နေခဲ့ရသည့် နေ့ရက်တွေက သူ့အတွက် ငရဲတမျှပင်။ ထို့နောက် ရိုစီနာ နှင့် သူတို့ ပြောခဲ့သည့်ကိစ္စကို ရုတ်တရက် သတိရသွားသည်။ 


- ရှင်လည်း ခံစားမိသလား…


 - ဘာကိုလဲ


 - အရမ်းကို ဆွဲဆောင်မှုအားကောင်းတဲ့ အရာတစ်ခုလေ…အဲဒီနေ့ကရော မနေ့ကရော တစ်ခုခုက ကျွန်မကို ဆွဲဆောင်ထားသလို ခံစားခဲ့ရတယ်…


ရိုစီနာ က သူနှင့် မျက်လုံးချင်းဆုံကြည့်ကာ ပြောချင်သော်လည်း ရှက်လာရသဖြင့် ခေါင်းငုံ့ထားလိုက်သည်။သူမ ပြောနေသည့်ကိစ္စကို ရာဟန် လည်း သတိထားမိသည်။ သူမ လိုပင် ပြင်းထန်သော တွန်းအားတစ်ခုကို သူလည်း ခံစားခဲ့ရသည်။ ထိုအချိန်မျိုးဆို သူ့စိတ်က ထိန်းချုပ်မှု ပျောက်ဆုံးကာ သူမကိုသာ ဖက်ထားချင်တော့သည်။


 -ဟုတ်တယ်…မင်းဆီက အရမ်းပြင်းထန်တဲ့ ဆွဲအားတစ်ခုကို ကိုယ်လည်း ခံစားရတယ်


ရိုစီနာ က သူ့အဖြေကြောင့် ခေါင်းငုံ့ထားရာမှ ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ထို့နောက် သူမ ၏ ဆံစများကို လက်ချောင်းများဖြင့် အသာ ပွတ်သပ်ကြည့်လိုက်ရင်း လည်ပင်းနောက်ဘက်ကို ထိလိုက်သောအခါ သူမ တုန်လေသည်။ 


- ကိုယ် မင်းအနားကို လာချင်တယ် မင်းကိုထိတွေ့ချင်တယ်....


နောက်ဆုံးတွင် သူသည် အရာအားလုံးကို ပိုင်ဆိုင်ချင်ခဲ့သည်။ တစ်ကယ်တမ်း သူ့စိတ်ထဲတွင် ထိုပုံမှန်မဟုတ်သော ဆွဲဆောင်မှုနှင့်ပတ်သက်၍ မရေမရာ ခန့်မှန်းချက် တစ်ခုရှိသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်ထဲက နတ်တန်ခိုးများ ပေါက်ကွဲထွက်လာသည့် အခါတိုင်း ရိုစီနာ နှင့် ထိတွေ့မှ သက်သာရာရတာကြောင့် သူမကို ပြင်းပြင်းထန်ထန် လိုချင်ခဲ့ခြင်းဟု သူ ခန့်မှန်းမိသည်။


 ရိုစီနာ သည် သူ၏ နတ်ဘုရားတန်ခိုးနှင့် ပတ်သက်မှုတစ်ခုခု ရှိနေပုံရသည်။သို့သော် သူ့နှုတ်ကမူ ထုတ်မပြောလိုက်ပေ။ထိုမြင့်မြတ်သော နတ်တန်ခိုးသည် မည်မျှပင် အဖိုးတန်နေပါစေ၊အရိုင်းဆန်လာလျှင်၊ ဆင်ခြင်တုံတရားမဲ့သော သားရဲ ကောင်းများလို ဖြစ်သွားတတ်သည်။ထို့ကြောင့် သူ တတ်နိုင်သမျှ ထိုကိစ္စကို ဖုံးကွယ်ထားချင်သည်။ 


-ဒါက ပုံမှန်တော့ မဟုတ်ဘူး...


 - ကျွန်မလည်း သိချင်တယ်…ရှင်နဲ့ ကျွန်မ ကြားမှာ ဘာရှိလဲ ...


ကြည်လင်သော မျက်လုံးများကို သူမမြင်လိုက်သည့်အခိုက်တွင် အသက်ရှူကျပ်သွားသည်။ဤမျက်လုံးတွေက သူမကို အမြဲတမ်း ကြည့်နေမည်ဆိုလျှင် အတော်ကောင်းပေမည်။


 -ကိုယ်ရောပဲ


ထို့နောက် ရာဟန် သည် ဆက်မတွေးတော့ဘဲ စင်္ကြံကိုဖြတ်ကာ နန်းတော်မှ ထွက်ခွာသွားခဲ့သည်။ နှစ်ပေါင်းများစွာ ပိုင်ရှင်မဲ့ခဲ့သော နန်းတော်သည် နာမည်ကသာ နန်းတော်ဖြစ်ပြီး အတော်လေး ခေါင်လှသည်။ဤနန်းတော်တွင် တော်ဝင်မိသားစုတစ်ခု နေထိုင်သည်ဟု ပြောရလျှင် ရှက်စရာကောင်းလှသည်။ ယခင်က ဤနေရာသည် အစေခံများအတွက် နေစရာတစ်ခုဖြစ်ခဲ့သော်လည်း ဘားမန်းက ရာဟန် ကို လွှဲပြောင်းပေးအပ်ပြီးနောက် တတိယမင်းသား၏ နန်းတော် ဖြစ်လာခဲ့သည်။ 


ရာဟန် သည် ဤနန်းတော်အား ပေးအပ်ထားခြင်းခံရ၍ သူ့စိတ်ထဲတွင် ဝမ်းလည်းမနည်းသလို ဘယ်လိုမှ မခံစားရပေ။ သူ့အတွက်မူ တော်ဝင်နန်းတော်ထဲမှာ ရက်အနည်းငယ်သာ နေလေ့ရှိတာကြောင့် သိပ်လည်းမထူးပေ။ထို့အပြင် သူ့ကို စောင့်ကြည့်နေသည့် ဘုရင်မကြီးကြောင့်လည်း နားအေးသက်သာစွာ နေနိုင်လျှင် ပိုကောင်းသည်ဟု တွက်ထားသည်။သို့မဟုတ်ပါက၊ဘုရင်မ လက်ချက်ဖြင့် မဟုတ်တရုတ် ကောလဟလများ ထပ်များလာပေလိမ့်မည်။


သို့သော်လည်း ရိုစီနာ သာ ဤနေရာမှာ နေမည်ဆိုလျှင် မတူတော့ပေ။ ထို့ကြောင့် ဘုရင်မင်းမြတ် နေထိုင်ရာ ပင်မနန်းတော်လိုပင် သူမ စိတ်မကွက်အောင် အစွမ်းကုန်ကြိုးစားပြင်ဆင်ခဲ့သည်။ 


ရာဟန်လည်း နန်းတော်ထဲက ထွက်ပြီး နောက်ဖေးကို ရောက်သည့်အခါ လူနှစ်ယောက်က ရာဇ၀တ်ကောင်များလို ခေါင်းညွှတ်ပြီး စောင့်နေကြသည်။ 


“အရှင့်သား…” 


လူနှစ်ယောက်ထဲက တစ်ယောက်က ရာဟန် ကို ခေါ်လိုက်၏။ သူတို့သည် အနက်ရောင် ၀တ်စုံ ၀တ်ထားကြသည်။  သူတို့ဝတ်ထားသည့် အင်္ကျီထဲမှာ ဓားတစ်ချောင်းစီ ဝှက်ထားကြသော်လည်း သာမန်မျက်စိနှင့် မမြင်ရပေ။


"ဆက်ပြော..." 


ထိုအခါ ဆံပင်ကို မြင်းမြီးပုံစံ မြင့်မြင့်စည်းထားသော အိုင်းဆက်က စပြောလိုက်သည်။


"ကျွန်တော် မနေ့ညက ဥယျာဉ်ရဲ့အနောက် ဘက်ခြမ်းနားမှာ လူသုံးယောက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်..."


"ထိပ်တိုက်တွေ့တယ်…ဟုတ်လား..." 


ရာဟန် မျက်မှောင်ကြုတ်မိသည်။ ဤအတိုင်းဆိုလျှင်၊ မနေ့က အခန်းထဲကို ဝင်ရောက်စီးနင်းခဲ့သည့် လုပ်ကြံသတ်ဖြတ်သူများအပြင် တခြားအဖွဲ့တွေလည်း ရှိနေခဲ့သည်။ သူရဲကောင်းများသည် လူသတ်သမားနှင့် တိုက်ခိုက်နေစဉ် နန်းတော်ထဲသို့ အခြားလူသတ်သမားတစ်ဖွဲ့က ဝင်ရောက်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ကြံသတ်ဖြတ်သူများမှာ ရည်ရွယ်ချက်ရှိရှိ ဖောက်ထွင်းဝင်ရောက်လာခြင်း သို့မဟုတ် ရန်သူ တစ်ဦးထက်ပို၍ ရှိသည်ဟု ဆိုလိုသည်။


 “သူ့ကို အသက်ရှင်လျက် ဖမ်းဖို့ အချိန်အတော်ကြာသွားပါတယ်..." 


လက်ထပ်သည့်နေ့မှစ၍ လုပ်ကြံသတ်ဖြတ်သူတို့နှင့် တိုက်ခိုက်လိုက်ရတာကြောင့် အတော်လေး စဉ်းစားစရာဖြစ်သွားသည်။ ရှင်းရှင်းပြောရလျှင် ဤကိစ္စကို ထိန်းချုပ်သူမှာ ဘုရင်မဖြစ်နိုင်ချေများသော်လည်း မဟုတ်လောက်ပေ။အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့စံကိုယ်စား မကောင်းဆိုးဝါးများကို သူကိုယ်တိုင် နှိမ်နှင်းနေရတာဖြစ်၍ သူ့ကို သေသည်အထိတော့ မကြံ‌စည်လောက်ပေ။သူသာ သေသွားပါက မကောင်းဆိုးဝါးများကို တိုက်ခိုက်မည့်သူ မရှိပေ။


"ကျွန်တော်တို့အပြစ်ပါ…အရှင့်သား..." 


"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အပြစ်ပေးပါ"


အိုင်းဆက် နှင့် ရယ်ဗင် တို့က တစ်ချိန်တည်း ဦးညွှတ်လိုက်ကြလေသည်။ ရာဟန် သည် ထုံးစံအတိုင်း တည်တည်ငြိမ်ငြိမ် ဖြစ်နေကာ သူတို့ကို ဆူလည်းမဆူပေ။ 


"ပြစ်ဒဏ်အ‌နေနဲ့ ပိတ်ရက်ကို တစ်ရက်လျော့လိုက်မယ်..."


“ကျေးဇူးတင်ပါတယ်…အရှင့်သား …” 


ထို့နောက် အိုင်းဆက်သည် မဝံ့မရဲ အစီရင်ခံလိုက်သည်။ 


"ပြီးတော့ နှစ်ပတ်အတွင်း အမိန့်တစ်ခု ရထားပါတယ်..."


ရာဟန် ခဏ တုံ့ဆိုင်းသွားရသည်။ 'အမိန့်' ဟူသော စကားကြောင့် သူ မျက်မှောင်ကြုတ်မိသည်။ ချိုမြိန်ပြီး အိမ်မက်သဖွယ် လှပသော အချိန်ကာလတို့ကို သူ ယခုမှ မြည်းစမ်းဖူးတာကြောင့်လည်း ဖြစ်နိုင်သည်။ သူ မြို့တော်မှာ ကြာကြာနေချင်မိသည်။ ယခုအချိန်အထိ သူသည် မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန် တုံ့ဆိုင်းနေခြင်း မရှိခဲ့သော်လည်း ယခုတော့ မသွားချင်သေးပေ။


 "နေရာက ဘယ်မှာလဲ..."


 "ကျွန်တော်တို့ ဟေလာ ကို သွားရပါမယ်..." 


ရာဟန် သည် 'ဟေလာ' ဟူသောစကားကြောင့် ဆတ်ကနဲဖြစ်သွားရပြန်သည်။


 


"ဒါဆို ငါတို့ အနည်းဆုံး တစ်လခွဲလောက် ပြန်လာလို့ မရဘူး မလား..." 


"တောင်းပန်ပါတယ်ဗျ…  နှစ်လခွဲလောက် ကြာလောက်ပါတယ်…အရှင့်သား..."


ယေဘူယျအားဖြင့်၊ မြို့တော်မှ ဟေလာ သို့ နှစ်လနီးနီး အချိန်ယူရသော်လည်း ယခုကာလသည် ခရီးသွားများ အများအပြား ရှိသောကြောင့် သုံးလခန့် ကြာသွားမည်ဖြစ်သည်။ သို့သော်၊ မြင်းစီးရာတွင် ကျွမ်းကျင်သော ထရိအက် သူရဲကောင်းများအတွက် ဟေလာ သို့ရောက်ရန် တစ်လခန့်သာ ကြာမည်ဖြစ်ပြီး မကောင်းဆိုးဝါးများကို အမြစ်ပြတ်ချေမှုန်းရန် အပြီးအစီး နှစ်လခွဲခန့်ကြာနိုင်သည်။


 "မဟုတ်ဘူး… တစ်လခွဲအတွင်းမှာ အားလုံးပြီးသွားအောင် လုပ်ရမယ်..."


အိုင်းဆက် နှင့် ရယ်ဗင် တို့မှာ မျက်နှာငယ်လေးတွေ ဖြစ်သွားကြသည်။ထို့နောက် ရာဟန် သည် နောက်ဆုံးအမိန့်ကို ထုတ်ပြန်လိုက်သည်။


 "နှင်းတွေထူထပ်နေတော့ အားလုံးကြိုတင်ပြင်ဆင်ထားဖို့ ပြောလိုက်ကြ..."


မင်္ဂလာဆောင်ပြီးသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ ဆေးဆရာများက မနက်တိုင်း ဆေးလာကုကြသဖြင့် ယခု ရိုစီနာသည် နလန်ထူလာပြီး ဖြစ်သည်။သူမသည် ဆေးစစ်မှု အမျိုးမျိုးကို ခံယူခဲ့ရသည်။ နာရီနှစ်ဆယ်နီးပါး စမ်းသပ်ပြီးနောက်၊ ဆေးဖက်ဝင်အပင်အမြောက်အမြားကို သူမကို ပေးလေသည်။ 


သူမလည်း ယနေ့ သောက်ရမည့် ဆေးပမာဏကို စစ်ဆေးကြည့်ချိန်၌ မိုးချုပ်သွားလေပြီ။


နေ့လယ်စာ စားခါနီး အချိန်ရောက်သောအခါ မင်းသား၏ တရားဝင်ဇနီး ဖြစ်လာသော သူမ အတွက် ဂုဏ်ပြုစာများနှင့် လက်ဆောင်များ စတင်ရောက်ရှိလာကြသည်။ အာဏာရာထူးမရှိသောမင်းသားနှင့် လက်ထပ်ပြီးနောက် အရာအားလုံးသည် ပုံမှန်အတိုင်းသာ ဖြတ်သန်းရမည်ဟု သူမထင်ခဲ့သော်လည်း ယခုတော့ ထိုသို့မဟုတ်ပေ။ရာဟန်သည် မည်သို့ဆိုစေ တော်ဝင်မိသားစုဝင် တစ်ဦးပင်။ 


ရိုစီနာ သည် ကုတင်ပေါ်တွင်ထိုင်ကာ  အစေခံများ ယူဆောင်လာသော ဖိတ်စာတစ်စောင်စီကို ကြည့်လိုက်သည်။ မှူးမတ် ကတော်များက လက်ဖက်ရည်သောက်ပွဲမှ မွေးနေ့ပွဲများအထိ အမည်အမျိုးမျိုးဖြင့် ဖိတ်ကြားထားသော ဖိတ်စာများဖြစ်သည်။ အများစုမှာ သူမ မသိသော မိသားစုများဖြစ်သော်လည်း ရင်းနှီးသော မိသားစုအချို့လည်း ရှိသည်။


သူမ သက်ပြင်းချလိုက်သည်။အယောက်တိုင်းစေ့ စာပြန်ရမည်ဖြစ်၍ စိတ်ထဲမောသွားရသည်။ထို့ကြောင့် အချိန်အတော်ကြာပြီးမှ ဘောပင်ကိုယူပြီး မှင်ထည့်လိုက်သည်။သူမသည် အာစတေးနီယား ဘာသာစကားကို ပို၍ တတ်ကျွမ်းသော်လည်း အင်ပါယာဘာသာစကားကိုလည်း ကောင်းမွန်စွာရေးသားနိုင်သည်။ 


ပြန်စာကို အချိန်အတော်ကြာအောင်ရေးနေသော ရိုစီနာ သည် ဘောပင်ကို ချထားလိုက်သည်။ပြင်ဆင်ဖို့ရာ သိပ်လည်း အချိန်ယူရမှာမဟုတ်ပေ။  ထို့နောက် သူမသည် ဗီရိုထဲမှ သပ်ရပ်သော ၀တ်စုံတစ်စုံကို ထုတ်ကာ ဝတ်လိုက်ပြီး ဆံပင်ကို စည်းနှောင်လိုက်၏။‌ပေါ့ပေါ့ပါးပါး အလှပြင်ပြီးသောအခါ  အပြင်မှာ ကစားနေသည့် အီလီယန် ကို ခေါ်လာဖို့ အစေခံတစ်ယောက်ကို ခိုင်းစေလိုက်သည်။


ထို့နောက် သူမ သည် အီလီယန် ကို သပ်သပ်ရပ်ရပ် အဝတ်အစား လဲပေးလိုက်ပြီး ခေါင်းဖြီးပေးလိုက်သည်။


 " မေမေ ဘယ်သွားမလို့လဲ..."


အီလီယန် က မျက်လုံးဝိုင်းဝိုင်း ကလေးနှင့် မေးနေတော့သည်။အီလီယန် ၏ ပုံစံက ပျော်ပွဲစားသွားဖို့ မျှော်လင့်ချက်တွေ ပြည့်နှက်နေတာကြောင့် သူမ စိတ်မကောင်းဖြစ်သွားရသည်။ 


"မေမေတို့ လူကြီးတွေကို နှုတ်ဆက်သွားမယ်လေ..."


ခဏကြာတော့ အီလီယန် က မှုန်ကုပ်ကုပ်ဖြစ်သွားသည်။ထို့နောက် သူမ ကလည်း အီလီယန်  ခေါင်းကို ပွတ်ရင်း ပြုံးပြလိုက်၏။ 


"မြန်မြန်လုပ်နော်…သားတို့ ပျော်ပွဲစားသွားကြရအောင်..." 


ဒေါက် ဒေါက်...


 ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံကြားလိုက်ရသည်။ သူမက ဝင်လာဖို့ပြောသည်အခါ ရာဟန် သည် တံခါးဖွင့်ပြီး အထဲကို ဝင်လာ၏။


"အဆင်သင့်ဖြစ်ပြီလား..."


“အင်း"


သူတို့မိသားစုသည် ယနေ့ ဘုရင်မင်းမြတ်နှင့် ဘုရင်မကြီးအား နှုတ်ဆက်ရမည် ဖြစ်သည်။ယခု လက်ထပ်ပြီး ဖြစ်၍ တောင်ဝင် မိသားစုဝင်များအဖြစ် အသိအမှတ် အပြုခံရရန် သွားရောက် လည်ပတ်ကြရမည်။ 


ခရီးမထွက်ခင် ရိုစီနာ က ကြိုတင်ပြင်ဆင်ထားသည့် လက်ဆောင်ကို သွားယူလိုက်သည်။ထိုအခါ ရာဟန် နှင့် အီလီယန် တို့သည် အခန်းထဲတွင် တိတ်ဆိတ်စွာ ကျန်နေခဲ့သည်။ သားအဖနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြောင်စီစီ ကြည့်နေကြသည်။


 "သား မရှုံးသေးဘူး..."


စကားပြော ကြီးကျယ်ပြီး ညစ်ပတ်သည့် ဤလူကြီးကိုအမေဖြစ်သူအား ပေးလိုက်ရသည့်အတွက် အတော်စိတ်ဆိုးနေရ၏။ အီလီယန် ၏ နောက်ဆုံးပန်းတိုင်မှာ သားအမိနှစ်ယောက် အာစတေးနီးယား သို့ ပြန်သွားနိုင်ရန် ဖြစ်သည်။ အီလီယန် က လက်သီးဆုပ်ထားသည်ကို မြင်သောအခါ ရာဟန် ပြုံးလိုက်သည်။


 “အင်း…ကောင်းကောင်းလုပ်"


ရာဟန် သည် ယနေ့မှ စိတ်ကြည်နေသဖြင့် အီလီယန် ၏ ညစ်ပတ်သော အပြုအမူအတွက် ခွင့်လွှတ်ပေးနိုင်သည်။ 


“ဦး တွေ့စေရမယ်…သား မေမေကို ဒီကနေ ဘယ်လို ခေါ်သွားမလဲဆိုတာ..."


ရာဟန် က ဗီလိန်တစ်ယောက်လို ပြုံးပြီး ပြောသည်။ 


"မင်း သိပ်ပြီး အားနေတာလားကွ…ဒါဆို မနက်ဖြန်ကစပြီး မင်းအတွက် ကျူရှင်ဆရာမ ခေါ်လိုက်မယ်..."


ချက်ချင်းပင် အီလီယန်၏ မျက်နှာသည် ဖြူစုတ်သွားသည်။ ကျူရှင်ဆရာမသာ ခေါ်လိုက်ပါက သူ့အမေကို မကြာခဏတွေ့လို့ရတော့မှာ မဟုတ်ပေ။ဤလှည့်ကွက်ကိုသုံးပြီး အမေဖြစ်သူကို လက်ဝါးကြီးအုပ်ဖို့ သည်လူကြီး ကြိုးစားနေခြင်းဖြစ်မည်။


ထို့နောက် ရာဟန် က အောက်ငုံ့ပြီး အီလီယန် ကို တည့်တည့်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။ 


“မင်း ခါတိုင်းလို စကားထစ်ယောင်ဆောင်ဖို့  မမေ့နဲ့ဦး..."


 “ဘာလို့လဲ…” 


"ဘာလို့လဲဆိုတော့ သူမလည်း တစ်နေ့ကို အန္တရာယ်ရှိသွားနိုင်တယ်..."


အီလီယန် သည် ချက်ချင်းပင် တုန်ယင်နေသော မျက်လုံးများဖြင့် ရာဟန် ကို မော့ကြည့်လိုက်သည်။ 


 "ဒီနေရာက အင်ပါယာရဲ့ နန်းတော်ပဲကွ..."


အီလီယန် က ဘာမှ မပြောတော့။ကလေးတစ်ယောက်အတွက် အလွန်လေးနက်သော မျက်နှာထားဖြင့် ငေးကြည့်နေတော့သည်။အချိန်အတော်ကြာပြီးနောက်၊ သူက  ရာဟန် ကိုမေးလိုက်သည်။


"မေမေ့ကို ကာကွယ်ဖို့ သားက ဘာလုပ်ရမှာလဲ..." 


ရာဟန် သည် အီလီယန် ၏ မကြောက်မရွံ့သော မျက်လုံးများမှာ ရိုစီနာ နှင့် တူနေကြောင်း တွေ့သွားရသည်။ယခုမှ သေချာကြည့်လေ၊မအေနှင့် တစ်ထေရာတည်း တူနေတော့သည်။


 “မင်း အခုလိုလေး နေလိုက်ရင် ရပြီ..."


 ရာဟန် က ကလေးလေး၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ရာ အီလီယန် သည် မျက်မှောင်ကြုတ်ကာ သူ့လက်ကို ခါထုတ်လိုက်သည်။ 


"ဘာလို့ ရုတ်တရက်ကြီး ရင်းနှီးသလို လုပ်နေတာလဲ..."


ရာဟန် မှ။ ဖယ်ထုတ်ခံရသော သူ့လက်ကိုကြည့်ကာ ရှုံ့မဲ့ပြီး ရေရွတ်လိုက်သည်။


 “ဒီကောင်လေးကွာ…”


ရိုစီနာ ပြန်မလာမချင်း သူတို့နှစ်ယောက်မှာ အဓိပ္ပါယ်မဲ့ စစ်အေးတိုက်ပွဲကို ဆက်နွှဲခဲ့ကြသည်။