အပိုင်း ၃၄
Viewers 15k

Chapter 34


ကောလာဟလများစွာထွက်ပေါ်ခဲ့သော တတိယမင်းသား၏မင်္ဂလာပွဲအပြီးတွင် တော်ဝင်နန်းတော်၌ အသက်ရှူသံမကြားရပေ။ တော်ဝင်နန်းတော်ပြီးလျှင် ဒုတိယအကြီးဆုံးနန်းတော်ဟု သတ်မှတ်ခံထားရသည့်  ဘုရင်မ၏ နန်းတော်မှာ ခမ်းနားထည်ဝါမှုတွေနှင့် ပြည့်နှက်နေသော်လည်း အတွင်းပိုင်းမှာမူ အေးစက်တိတ်ဆိတ်မှုတွေနှင့် ပြည့်နှက်နေပေသည်။


နန်းတော်၏ အတွင်းပိုင်း ရေချိုးခန်းထဲတွင် လူဒါဇင်နှင့်ချီ ချိုး၍ရသော ရေချိုးကန်ကြီး ရှိသည်။ အိမ်ဖော်အားလုံးကို ပြန်သွားခိုင်းပြီးနောက် ထာရှာ သည် အဝတ်အစားကို ချွတ်လိုက်သည်။ထိုအခါ နက်ပြာရောင်ဝတ်စုံသည် ကြမ်းပြင်ပေါ် ကျသွားပြီး ဖြူဖွေးနေသော ခြေထောက်များက ရေချိုးကန်ထဲကို ဆင်းလိုက်သည်။ရေက အလွန်အေးစက်နေသော်လည်း သူမတစ်ချက်ကလေးတောင် တွန့်မသွားပေ။


သူမ ရေချိုးကန်ထဲသို့ ဆင်းသွားသောအခါ ငြိမ်သက်နေသော ရေထဲတွင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် ရေချိုးကန်ဘောင်ပေါ်ကို ခေါင်းမှီထားလိုက်၏။သူမ စိတ်ရှုပ်လာတိုင်း ရေအေးအေးနှင့် ရေချိုးတတ်သည်။ထီးနန်းဆက်ခံမည့် ရင်သွေးကလေး မရရှိခင်က စိတ်ရှုပ်၊စိတ်ညစ်ရသဖြင့် မကြာခဏချိုးလေ့ရှိရာမှ ယခုတော့ အကျင့်ဖြစ်လာရ၏။


“နင်က ဘာကောင်လဲ...” 


တိတ်ဆိတ်သော ရေချိုးခန်းထဲတွင် ထာရှာ ၏ အသံ ထွက်ပေါ်လာသည်။ ရာဟန် မယားအဖြစ် ခေါ်လာသည့် မိန်းကလေးသည် နာမည်ပျက်ရှိသော မိသားစု၏ ကောင်မစုတ် တစ်ယောက်သာ ဖြစ်သည်။ သူမတို့ မိသားစုသည် ပြိုလဲသွားသော မြို့စားမင်း၏ မိသားစုဝင်များဖြစ်ပြီး အမေဖြစ်သူနှင့် ညီမဖြစ်သူတို့ကလည်း စိတ်ဓာတ် အောက်တန်းကျသည်။


ရာဟန် ၏ အိမ်ထောင်ဖက်သည် သူ့ကို ဂုဏ်တင်မပေးနိုင်သော မိသားစုမှ လာသူဖြစ်တာကြောင့် ယခု အရေးစိုက်စရာမလိုတော့ပေ။ထို့ကြောင့် ရာဟန် သည် တော်ဝင်မိသားစုဝင် တစ်ယောက်လို နေခွင့်မရနိုင်တော့။ သူသည် အင်ပါယာမှ အဝေးကို ထွက်သွားပြီး မကောင်းဆိုးဝါးများကို သွား တိုက်ခိုက်သေးသည်။ ယင်းကြောင့် ကောလာဟလမျိုးစုံ ပျံ့နှံ့ခဲ့ရပြီး အဓိက တရားခံမှာ သူမကိုယ်တိုင်ပင်။ ရာဟန် ၏ ဂုဏ်သတင်း ကျဆင်းလေလေ ထီးနန်းနေရာအတွက် ခြိမ်းခြောက်မှု နည်းပါးလေလေဟု သူမ ထင်ခဲ့သည်။ 


သို့သော်လည်း ရာဟန် သည် လွန်ခဲ့သော တစ်လမှ စတင်ပြောင်းလဲလာခဲ့သည်။ ယခုအချိန်အထိ ပိုင်ရှင်မရှိသော သူ၏ နန်းတော်အား ပြန်လည်ပြုပြင်ထားပြီး လူအများရှေ့တွင် ကိုယ်ထင်လာပြသေးသည်။ ထို့အပြင် ဤမင်္ဂလာပွဲက ကောလဟာလများကိုလည်း ရှင်းလင်းလိုက်သလို ဖြစ်သွားခဲ့၏။ဤကိစ္စတွေ အားလုံးကလည်း ထိုမိန်းကလေးကြောင့်ပင်။


ထာရှာ စိတ်တိုလာသည်။ ရာဟန် သည် ဤအခွင့်အရေးကို အသုံးချ၍ သူ့အတွက် ထိုင်ခုံတစ်ခု ရသွားမှာကို သူမစိုးရိမ်မိသည်။ ဤသို့ဖြင့်၊ နောင်တစ်ချိန်ကျလျှင် အရေးကြီးဆုံး လျှို့ဝှက်ချက်ကြီးကို အခြားသူများအား လိုက်လံပြောပြလျှင် ခက်ရချေတော့မည်။ထိုလျှို့ဝှက်ချက်မှာ ရာဟန် သည် အိမ်ရှေ့စံကိုယ်စား မကောင်းဆိုးဝါးများကို တိုက်ခိုက်ခဲ့သည့်ကိစ္စပင်။ထိုသို့ဆိုလျှင် အိမ်ရှေ့စံ၏ ထီးနန်းအတွက် ခက်ပေတော့မည်။


သူမ နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားလိုက်၍ သွေးထွက်လာရာ ငါးညှီနံနှင့် သံနံ့ ရောထားသော အရသာတစ်ခု ပါးစပ်ထဲ တိုးဝင်လာသည်။ထို့နောက် သူမသည် စိတ်တည်ငြိမ်မှုပြန်ရဖို့ အသက်ပြင်းပြင်းရှူပြီး ရေစိုနေသည့် ဆံပင်များကို သုတ်လိုက်သည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သော မင်္ဂလာပွဲကို တစ်ခါ သတိရသွားပြန်သည်။ထိုပွဲသည် အိမ်ရှေ့စံ၏ မင်္ဂလာပွဲနှင့် ယှဉ်လိုက်လျှင် အဆင့်မနိမ့်ပေ။


ယခုအချိန်အထိ ရာဟန် သည် တော်ဝင်မိသားစုထံမှ အထောက်အပံ့တစ်စုံတစ်ရာ မရရှိသေးပေ။ သူရရှိခဲ့သမျှသည် မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန် ဖွဲ့ပေးထားသော ထရိအက် သူရဲကောင်းများ အဖွဲ့ပင် ဖြစ်သည်။ထို့ကြောင့် ဘုရင်မင်းမြတ်သည် ရာဟန် ကို လျှို့ဝှက်စွာ ကူညီခဲ့သည်ဟု သူမ သံသယဖြစ်မိသည်။ 


သို့သော် မင်္ဂလာပွဲကြီး ကျင်းပဖို့ လုံလောက်သော ငွေပမာဏအား ပေးလိုက်လျှင် တစ်နေ့တော့ ဘူးပေါ်သလို ပေါ်လာပေလိမ့်မည်။ဆိုလိုသည်က ရာဟန်သည်  သူနောက်ကွယ်မှာ လျှို့ဝှက်ပြီး ငွေရှာထားခြင်းဖြစ်နိုင်သည်။အခုအချိန်အထိတော့ သူက အသုံးဝင်နေသးသည့်အတွက် လွှတ်ထားခြင်းပင်။ထို့ကြောင့် နာမည်ပျက်မိန်းမတစ်ယောက်ကိုလည်း သူမ ခွင့်လွှတ်ပေးလို့ရသည်။


 


***


တော်ဝင်နန်းတော်ထဲသို့ ရိုစီနာ၊ ရာဟန် နှင့် အီလီယန် တို့မှာ အစေခံ၏ အကူအညီဖြင့် ဝင်လာကြသည်။ တော်ဝင်နန်းတော်သည် ကြီးကျယ်ခမ်းနားသော်လည်း မမြင်နိုင်သော ဖိအားတစ်ခု( သို့မဟုတ်)လူအများကို ကြေကွဲစေသော ပြင်းထန်သည့် ခံစားချက်တစ်ခုရှိသည်။ ခန်းမဘက်သို့ ဆက်လျှောက်သွားလိုက်လျှင် ခမ်းနားစွာ အလှဆင်ထားသော ပန်းချီပြခန်းတစ်ခုရှိသည်။ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် ဆိုဖာရှည်ကြီးပေါ်တွင် တန်းစီထိုင်နေကြစဉ် မကြာမီပင် ဝင်လာကြသည်။ ရိုစီနာ နှင့် ရာဟန် တို့က လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။ 


"ထိုင်ပါ..." 


ဘားမန်း သည် ဘာမှမထူးခြားသော အသံဖြင့် ပြောလိုက်သည်။


ရိုစီနာ သည် ရိုကျိုးစွာ ထိုင်လျက် ဘုရင်မင်းမြတ်ကို မျှော်ကြည့်လိုက်သည်။သူ၏ တောက်ပြောင်သော ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများသည် တော်ဝင်မိသားစုကို ကိုယ်စားပြုနေသည်။ ဘုရင်မင်းမြတ်ကို ပထမဆုံး မြင်ပြီးသည့်နောက် သူမ စိတ်ထဲ ဝင်လာသည့်အတွေးမှာ ရာဟန် သည် ဘုရင်မင်းမြတ်နှင့် အလွန်တူခြင်း ဖြစ်သည်။ 


သို့သော် အနီးကပ်ကြည့်ပြီးနောက် သူတို့နှစ်ဦးမှာ အလွန်အမင်းကြီး မတူကြောင်း သဘောပေါက်သွားရသည်။ဘုရင်မင်းမြတ်၏ မျက်လုံးများသည် ရာဟန်လိုမဟုတ်ဘဲ၊ ရန်သူကို တုန်လှုပ်သွားစေသော၊အထင်အမြင်သေးတတ်ခြင်း စသည့် စားချက်တို့ ပါဝင်နေကြသည်။


 "သူက မင်းရဲ့ကလေးလား..." 


ဘားမန်းက အီလီယန်ကို ကြည့်ရင်း မေးလိုက်သည်။


အီလီယန် က ကြောက်ပြီး တုန်သွားသောအခါ ရိုစီနာ က ကလေးကို ဖက်ထားပေးလိုက်သည်။ ဗိုက်ဆာနေသည့် သားရဲတစ်ကောင်ရှေ့ကို သူမ ကလေးအား ခေါ်လာရသလိုပင်။


 "ဟုတ်ပါတယ်… ဒါ ကျွန်တော့်သားပါ..."


ရာဟန် သည် ရိုစီနာ ကိုယ်စား ပြောလိုက်သည်။ဘားမန်းသည် အီလီယန် ကို စိတ်ဝင်စားသလို သေချာ ကြည့်လိုက်သည်။ 


"အီလီယန်… နှုတ်ဆက်လိုက်ပါဦး..." 


“ဟုတ်....မင်္ဂ….မင်္ဂလာ....ပါ..."


ထစ်ထစ်ငေါ့ငေါ့ နှုတ်ဆက်သံကြောင့် ဘုရင်မင်းမြတ်မှာ စောစောကလို မဟုတ်တော့ဘဲ စိတ်ပျက်သွားပုံပင်။


“တော်တော် ဆိုးဝာာပဲ..."


ရိုစီနာ သည် သားဖြစ်သူအား ပစ္စည်းတစ်ခုကို အကဲခတ်ဆုံးဖြတ်လိုက်သလို ပြောလိုက်သော စကားကြောင့် နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။အီလီယန် မှာ စကားထစ်ပြီး ဖွံ့ဖြိုးမှု နောက်ကျသော်လည်း သူမအတွက်မူ ချစ်စရာကောင်းလှသည်။ထိုစကားကို အီလီယန် ကြားသွားမှာ ကြောက်မိသော်လည်း သူမ မတတ်နိုင်ပေ။


ထိုအချိန်မှစ၍ ဘုရင်မင်းမြတ်နှင့် ရာဟန် တို့မှာ ခြောက်ကပ်ကပ် စကားများကိုသာ ပြောဆိုခဲ့ကြသည်။ ဘားမန်းသည် အခြားသူများထက် ရာဟန် ကို သိပ်စိတ်ဝင်စားပုံမရပေ။ ရာဟန် ကလည်း ဖော်ရွေသူ မဟုတ်သည့်အပြင် စကားနည်းသူ ဖြစ်တာကြောင့် စကားဝိုင်းမှာ တိတ်ဆိတ်လာရသည်။


အတန်ကြာသော် အရုပ်လို မလှုက်မယှက် ထိုင်နေသော ဘုရင်မသည် ပထမဆုံးအကြိမ် စကားစလာတော့သည်။


 "အရှင်မင်းကြီး…ကျွန်မ မင်းသမီးကို ခဏခေါ်သွားချင်ပါတယ်… အပြင်ထွက်လို့ရမလား..." 


ပန်းချီပြခန်းထဲက လူတိုင်းက ဧကရီကိုတစ်ပြိုင်တည်း ကြည့်နေကြသည်။


“အချင်းချင်း စကားပြောဖို့ အချိန်လိုတယ် မဟုတ်လား…"


ဘုရင်မသည် အသာအယာပြုံးကာ ဘုရင်မင်းမြတ်ထံ ခွင့်တောင်းလိုက်၏။ သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရိုစီနာ သည် သူမ မျက်နှာကို သေချာကြည့်လိုက်သည်။ သီးသန့်တွေ့ဆုံခွင့် တောင်းဆိုခြင်းသည် ဘာကိုဆိုလိုမှန်း တွေးကြည့်မိသည်။ သူမကို ပထမဆုံးနှင့် နောက်ဆုံးအကြိမ် တွေ့သည့်အချိန်က ဧည့်ခံပွဲမှာ ဖြစ်သည်။ 


"သွားလေ..."


ဘုရင်မင်းမြတ်က ခွင့်ပြုသောအခါ ရိုစီနာ သည် ရာဟန် ကို တစ်ချက် ကြည့်လိုက်ရာ ရာဟန် မှာ မျက်နှာထား တင်းမာသွားရသည်။ ထို့ကြောင့် သူမက သူ့လက်ကို ထွေးဆုပ်ထားလိုက်သည်။ သူ့ပုံစံမှာ စိတ်မသက်မသာ ဖြစ်သွားပုံရသော်လည်း သူမ ဆန္ဒကို နားလည်သွားပြီးနောက် အသာ ထိုင်နေတော့သည်။ 


“သွားကြရအောင်...” 


ဘုရင်မသည် ဦးစွာထ၍ ဧကရာဇ်မင်းမြတ်အား ဦးညွှတ်လိုက်သည်။ထို့နောက် ရိုစီနာ ကလည်း ဘုရင်မနောက်ကို လိုက်သွားလေ၏။ယခု ပန်းချီပြခန်းနှင့် မနီးမဝေးတွင် နောက်ထပ် ပန်းချီပြခန်းတစ်ခု ရှိသေးသည်။ပရိဘောဂပစ္စည်းများ နည်းတာကြောင့်လားမသိ၊ဤအခန်းက စောစောက အခန်းထက် ပိုတိတ်ဆိတ်နေသည်။


ရိုစီနာ ထိုင်ပြီးသည်နှင့် လက်ဖက်ရည်ပူပူလေးတစ်ခွက် သူမရှေ့ ရောက်လာလေသည်။ လက်ဖက်ရည်ခွက် ချပေးသည့် အစေခံက  နောက်ပြန်ဆုတ်သွားသောအခါ ဘုရင်မသည် မျက်နှာထားတင်းတင်းနှင့် မေးလိုက်သည်။


"နင် ငါ့လူ လုပ်မလား..."


ရိုစီနာ မှာ နားကြားများ မှားနေသလားဟု တွေးလိုက်မိသည်။  


"နင် မရဖူးတဲ့ စည်းစိမ်ဥစ္စာကို ငါပေးမယ်..."


ဘုရင်မသည် အဆိပ်ရှိသော ပန်းသီးတစ်ခုလိုပင် ချိုမြိန်သော ကမ်းလှမ်းမှုတစ်ခုကို ကမ်းလှမ်းခဲ့သည်။ သို့သော် ဘယ်အရာမှ အလကားမရကြောင်း ဘယ်ကလေးမဆို သိသည်။အကြောင်းပြချက်တစ်ခု ရှိရပေမည်။ ထိုအခါ ငြိမ်သက်စွာ ထိုင်နေသော ရိုစီနာ သည် စကားစလိုက်သည်။


 "ကျွန်မဆီက ဘာကိုလိုချင်တာလဲ..."


"လိုရင်းကို ပြောတာပဲ ကောင်းပါတယ်..."


 သူမ မျက်လုံးများက ရိုစီနာကို တုန်လှုပ်ခြင်းမရှိဘဲ စူးရဲစွာ စိုက်ကြည့်နေလေသည်။


"တတိယမင်းသားကို စောင့်ကြည့်ပါ..." 


“….!” 


ရိုစီနာ အံ့အားသင့်သွားပြီး ထိုင်ခုံမှ ထမိတော့မလိုပင် ဖြစ်သွားသည်။ 


ရာဟန် ကို စောင့်ကြည့်ပါဆိုရင် ဒါ သူလျှိုလုပ်ခိုင်းတာ မဟုတ်လား… 


“သံသယဖြစ်စရာရှိရင် ချက်ချင်း ပြောရမယ်…အသေးစိတ်အချက်အလက်လေးတွေပါ ရှိရင် နင့်ကို ဆုချမယ်..."


 "ဆု..." 


"ဟုတ်တယ်…နင် လိုချင်တာ ဘာမဆို..." 


ရိုစီနာ က တိတ်ဆိတ်နေမိသည်။အရင်တုန်းကသာ ယခုလို လာကမ်းလှမ်းလျှင် သူမ တုန်လှုပ်ကောင်း တုန်လှုပ်သွားနိုင်သည်။ သို့သော်လည်း သူမ တစ်ကိုယ်တည်း ကောင်းစားဖို့အတွက် သူ့ကို ချမရောင်းနိုင်ပေ။ သူမ မျက်ရည်များဝဲတက်လာရကာ ဘုရင်မကို စူးရဲစွာ ပြန်စိုက်ကြည့်လိုက်သည်။ဘုရင်မသည် တရားမ၀င်ကလေး ရာဟန် ကို မည်မျှပင် မုန်းတီးပါစေ၊ ထိုသို့သော ကမ်းလှမ်းမှုမျိုး ပြုလုပ်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ 


ဘုရင်မသည် ရာဟန်ကို အတော်လေး သတိထားနေ ဟန်ရှိသည်။ ရာဟန် မှာရှိသည့် အရာအားလုံးကို သိမ်းသွားလျှင်တောင် သူမ ကျေနပ်မှာ မဟုတ်ပေ။


ထို့နောက် ရိုစီနာ သည် ကမ်းလှမ်းမှုကို ငြင်းဆိုပြီး မုန်တိုင်းကို ကိုင်တွယ်ရန် စိတ်ပိုင်းဖြတ်ထားပြီး စကားပြန်လိုက်သည်။ 


"ကျွန်မ သားလေးအတွက် ရှက်စရာ ကောင်းတဲ့ အမေတစ်ယောက် မဖြစ်ချင်ဘူး..." 


သူမ၏ စကားကြောင့် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည့် ဘုရင်မ၏ လက်ကလေးများက   ရပ်တန့်သွားသည်။ 


  "ကျွန်မ မကြားချင်ယောင်ဆောင်လိုက်ပါ့မယ်..." 


ခဏတာတိတ်ဆိတ်သွားသော ဘုရင်မက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ 


"ဒါဆို အဲ့ဒါက နင့်အဖြေလား..." 


သူမက ပြောရင်းဆိုရင်း အစေခံကို လက်ညိုးထိုး၍ ခေါ်လိုက်သည်။ ထိုအခါ နောက်ဘက်တွင်ရပ်နေသော အစေခံက အနားကို တိုးလာ၏။ရိုစီနာ သည် သူမ အနားကို ချဉ်းကပ်လာသည့် အစေခံကို ပဟေဠိဖြစ်စွာ ကြောင်စီစီ ကြည့်လိုက်လေသည်။


 “!” 


ဖြန်း....


ရုတ်တရက်ပင် ရိုစီနာ သည် တဆတ်ဆတ် တုန်သွားသော ပါးပြင်ကို ကိုင်ကာ မျက်နှာက တစ်ဖက်ကို လည်ထွက်သွားရသည်။ထို့နောက် သူမ ပါးပြင်မှာ နီရဲတွတ်လာပြီး တစ်ချိန်တည်းမှာပင် နာကျည်းစိတ်တို့ ပြည့်နှက်လာရတော့သည်။


ရိုစီနာ အံဩနေချိန်မှာ ဘုရင်မက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။


 "ဒါ ငါ့အဖွပေဲ..."