အပိုင်း ၃၅
Viewers 13k

Chapter 35


"ဒါ ငါ့အဖွပေဲ..."


သူမ၏ ပါးပြင်များ မီးလောင်သွားသလိုမျိုး ပူခြစ်လာသည်။ ရိုစီနာ သည် ပါးကို ကိုင်ထားစဉ် ဘုရင်မသည် ဘာမှမဖြစ်သလိုပင် အေးဆေးငြိမ်သက်နေပြီး  လက်ဖက်ရည်ကို သောက်လိုက်သည်။ 


“နင့်သားက ငတုံးလေးဖြစ်နေတာကိုပဲ ကျေးဇူးတင်ရမယ်…မဟုတ်ရင် ငါ့လက်တွေ ညစ်ပတ်ရဦးမယ်..."


 ရိုစီနာ ၏ မျက်နှာသည် ဖြူဖျော့လာသည်။ အီလီယန် ကသာ တခြားသူတွေလို သာမန်ကလေး တစ်ယောက်ဆိုလျှင် သူမ လွှတ်ပေးမှာမဟုတ်ဟု ပြောလိုက်ခြင်းဖြစ်သည်။


ဘုရင်မသည် ဘုရင်မင်းမြတ်ပြီးလျှင် အင်ပါယာတွင် ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။ထို့ကြောင့် ဘုရင်မအား မကောင်းပြော မုန်းတီးသူများမှာ ညတွင်းချင်း အသတ်ခံရလျှင်တောင် သိပ်ထူးဆန်းသည့် ကိစ္စမဟုတ်ချေ။


သူမသည် အီလီယန် ကို ကာကွယ်ဖို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားပါစေ၊ အဆုံးတွင် အရာအားလုံးသည် ဘုရင်မ လက်ထဲမှာသာ ရှိနေ၏။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ထို့နောက် သူမ လည်ချောင်းထဲ အထိ ပြည့်နှက်နေသော ကြမ်းတမ်းသည့် စကားလုံးများကို မျိုချလိုက်ပြီး တခြား စကားလုံးများ ပြောင်း၍ ပြောလိုက်သည်။


 "ဘုရင်မ ဘာတွေ စိတ်ပူနေလဲဆိုတာ ကျွန်မ သိတယ်..." 


ဘုရင်မသည် ထီးနန်းဆက်ခံပိုင်ခွင့်ရှိသော ရာဟန် ကို သတိထားနေခဲ့သည်။ သူမအတွက်၊ ရာဟန် နှင့် ရိုစီနာ တို့၏ ဖြစ်တည်မှုသည် အစွန်းအထင်းတစ်ခုဖြစ်ပြီး အနှောက်အယှက် ဖြစ်စေသည်။


"ကျွန်မမှာ လောဘဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး…ကျွန်မဆိုတာ ဖြစ်တည်နေသရွေ့ ဟိုးအရင်ကလိုပဲ လူသေတစ်ယောက်လို လောဘမရှိ၊ဒေါသမရှိဘဲ အေးအေးဆေးဆေး ဆက်နေထိုင်သွားမှာပါ..." 


ဘုရင်မက ဆက်ပြောဖို့ စေခိုင်းသလိုမျိုး မေးစေ့ကို တင်းတင်းချီထားသည်။ 


"ဘုရင်မက ကျွန်မရဲ့ ကလေးကို ဒုက္ခလာပေးရင် ကျွန်မလည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး..."


"နင်က ငြိမ်ခံမနေဘူး ဟုတ်လား..." 


သူမက ရယ်လိုက်သော်လည်း မျက်လုံးတွေက အေးစက်နေသည်။


"ဘုရင်မလိုပဲ…ကျွန်မဟာ  မင်းသားရဲ့ ဇနီးမဖြစ်ခင်က သားတစ်ယောက် မိခင်ပါ..." 


“နင် ရူးလှချည်လား…ငါ့လက်ထဲမှာ နင့်အသက်ရှိတယ်ဆိုတာ မမေ့လိုက်နဲ့..."


အေးစက်သော သူမ စကားကိုကြားတော့ ရိုစီနာ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ဘုရင်မက သူမ၏ အသက် သို့မဟုတ် ဘယ်လိုအရာမျိုးမဆို ဘယ်လောက်ပင် ပိုင်ဆိုင်ပါစေ၊သူမ ဂရုမစိုက်။သို့သော် သူမ၏ အားနည်းချက်က အီလီယန်ပင်။၎င်းကိုလည်း ဘုရင်မ သေချာသိပေလိမ့်မည်။ချက်ချင်းပင် ဘုရင်မသည် အေးစက်သော စကားလုံးများ ပစ်လွှတ်လိုက်သည်။


 "နင် ငါ့စကားကို နားထောင်တာ ပိုကောင်းတယ်…နင့်ကလေးကို နင်တစ်ကယ် စိုးရိမ်တယ်ဆိုရင်ပေါ့..."


 ထို့နောက် လက်ဖက်ရည်ခွက်ကိုချပြီး လက်ဟန်အမူအရာဖြင့် နှင်လွှတ်လိုက်လေသည်။


 "နင်သွားနိုင်ပြီ..." 


ရိုစီနာ သည် ပါးပြင်ပေါ်မှ နာကျင်မှုကို အောင့်ခံကာ ထိုင်ခုံမှထလိုက်သည်။ အစေခံ၏ ရိုက်ချက်က မည်မျှ ပြင်းမှန်း မသိ၊သူမ ပါးပြင်ကလေးမှာ စုတ်ပြဲသွားသလို တစစ်စစ် ခံစားနေရတော့သည်။


ထို့နောက် သူမသည် ကိုယ်ကို ဖြေလျှော့ထားကာ အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးကို ဖွင့်မည်ပြုလိုက်ရာ တံခါးဖွင့်ဝင်လာသည့် ရာဟန် ကို တွေ့လိုက်ရသည်။ သူ ဤနေရာမှာ ရှိနေလိမ့်မည်ဟု မထင်ထားတာကြောင့် သူမ ကြောင်အမ်းအမ်းဖြစ်သွားရ၏။


ရာဟန် ၏ အပြာရောင် မျက်လုံးများက ထုံးစံအတိုင်း သူမကို အကဲခတ်နေသည်။ 


ရိုစီနာ သည် သူနှင့် မျက်လုံးချင်းဆုံမိသောအခါ ရင်တွေ တုန်လာသည်။ စောစောက ဘုရင်မကြီးနှင့် အတူရှိနေစဉ်က ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သော ခံစားချက်များက ချက်ချင်း ပေါက်ထွက်လာသည်။ သူမသည် တတ်နိုင်သမျှ တည်ငြိမ်အောင် ဟန်ဆောင်နေသော်လည်း အမှန်တော့ သူမလည်း ကြောက်မိသည်။ဘုရင်မ၏ နှုတ်ထွက်စကားကသာ သူမ၏ အနာဂါတ်ဖြစ်ကြောင်း သူမကိုယ်တိုင် သိနေသည်။ထို့ကြောင့် အီလီယန့်အတွက်  ညှာတာပြီး စောစောက ဘာမှမဖြစ်ခဲ့ဘူးဟု အတန်တန် စိတ်ထဲက ရေရွတ်နေမိတော့သည်။


သို့သော်လည်း…


ရာဟန် သည် ဘာမှ မပြောဘဲ  ရိုစီနာ ကို သေချာကြည့်နေရင်း ပါးပြင်ကို သတိထားမိသွားတာကြောင့် ရင်ထဲဒိတ်ကနဲဖြစ်သွားတော့သည်။သူ့မျက်လုံးထဲကို ကျောက်တုံးကြီးတစ်ခု ပစ်ချလိုက်သလို တုန်ခါလာရ၏။ပုံမှန်ဆိုလျှင် အနေအေးပြီး စကားနည်းသလောက် ယခုတော့ သူ့ရင်ထဲက ခံစားချက်တို့ကို ဖုံးဖိမရတော့ဘဲ ဒေါသ ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ရိုစီနာ သည် သူ့မျက်လုံးထဲက အအေးဒဏ်ကြောင့် တုန်လှုပ်သွားသည်။ခံစားချက်ပေါင်းများစွာ သူ့မျက်နှာပေါ်တွင် ဖြတ်သန်းနေကြသည်။ 


အတန်ကြာအောင် သူမ ပါးပြင်ကို စူးစူးစိုက်ကြည့်နေသော ရာဟန် သည် ဘုရင်မကို ကြည့်လိုက်သည်။ 


"ဘုရင်မ လုပ်တာလား..."


"ဘယ်သိမလဲ..."


ဘုရင်မက ထိုင်ခုံမှထကာ ဝိုးတဝါးပြန်ဖြေသည်။ သူမ၏ အပြောအဆိုနှင့် တည်ငြိမ်အေးဆေးနေပုံကို မြင်လိုက်ရသောအခါ ရာဟန် သည် ပို၍ပင် မျက်နှာထား တင်းမာလာသည်။ 


"ကျွန်တော့် မိန်းမကို မထိနဲ့..." 


ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘုရင်မက ရယ်မောလိုက်သည်။ ကြွေရုပ်လို ချောမွေ့သော သူမ၏ မျက်နှာသည် စိတ်ပျက်စရာကောင်းလောက်အောင် အကျည်းတန်သွားသည်။ အချိန်အတော်ကြာပြီးမှ သူမက ရာဟန် ကို ကြည့်ကာ တိုးတိုးလေးပြောသည်။


 "နင်က မိန်းမရှေ့မှာ မို့လို့လားမသိဘူး…သိပ်ကို မာရေကျောရေနိုင်လှချည်လား"


ထို့နောက် သူမက ရိုစီနာ ကို တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်ပြန်သည်။


 "ငါတို့က သဘောတူညီချက် ရပြီးပြီ ဆိုရင်ကော"


ချက်ချင်းပင် ငြိမ်သက်နေသော ရာဟန် သည် ဘုရင်မအနားကို ချဉ်းကပ်သွားလိုက်သည်။ 


ထိုအခါ အရိပ်ကြီးတစ်ခုက ဘုရင်မ ကိုယ်ပေါ်ကို ဖုံးလွှမ်းသွားသော်လည်း သူမက ကြောက်ရွံ့ဟန်မပြချေ။သူမသည် ကြီးမားသော တောင်တန်းကြီးတစ်ခုအား မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်ပေါ်လာသော ဖိအား‌ေကြာင့် ပို၍ပင် မျက်နှာထားကို တင်းမာထားသေးသည်။ထို့နောက် လက်ကို မြှောက်ပြီး နောက်ကိုလွှဲကာ ရာဟန်အား ရိုက်ရန် အရှိန်ယူလိုက်သည်။


ထိုအချိန်တွင် ရာဟန် သည် ဘုရင်မ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်တော့သည်။ဘုရင်မသည် တစ်ချက်ကလေးမျှ နာကျင်ဟန်မပြဘဲ သူ့ကို တင်းမာခက်ထန်စွာ စိုက်ကြည့်နေလေသည်။


ထို့နောက် ရာဟန်က အေးစက်စက်အသံဖြင့် ပြောလိုက်သည်။


"အခုထိ ခင်ဗျား ကျွန်တော့်ကို  လုပ်ခဲ့သမျှ အားလုံးကို လက်ခံနိုင်တယ်..." 


“အဲ့ဒီတော့ ဘာဖြစ်လဲ…” 


"ဒါပေမယ့် ကျွန်တော့် မိန်းမကိုတော့ မရဘူး..."


ထို့‌နောက် ရာဟန် က သူမ၏ လက်ကောက်ဝတ်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး၊


“ကျေးဇူးပြုပြီး ကျွန်တော် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ပေးပါ..."


 သူမ၏ လက်ကောက်ဝတ်များဆီက တင်းကြပ်ခြင်းခံစားချက်တို့ ပျောက်ကွယ်သွားသည့်တိုင် ဘုရင်မသည် ထိုနေရာတွင် ငြိမ်ပြီး ရပ်နေသေးသည်။ ရာဟန် ကိုင်ထားသည့် သူမ လက်ကောက်ဝတ်မှာ အနီရောင် အရာများ ကျန်နေခဲ့သည်။ထို့နောက် သူမသည် လက်သီးကို ဆုပ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် အော်ဟစ်လိုက်သည်။


 "...မင်း လုပ်ရဲရင် လုပ်ကြည့်လိုက်လေ"


 သို့သော်လည်း  ရာဟန် ကတော့ မတုန်လှုပ်ပေ။ မည်သို့ပင်ဖြစ်စေ၊ ခံစားချက်များစွာ ဖြစ်ပေါ်နေသော ဘုရင်မ၏ မျက်နှာသည် လုံးဝ ပုံပျက်သွားကာ ဒေါသတကြီး နှုတ်ခမ်းကို ကိုက်ထားလေသည်။ 


လှိုင်းလုံးကြီးတစ်ခုလို ဘုရင်မကို ထိုးနှက်ပြီးနောက် ရာဟန် သည် နောက်ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် ခန်းမထဲမှ ထွက်သွားကာ ရိုစီနာ ၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဖက်ထားလိုက်၏။ သူ ခန်းမထဲက လုံးဝ ထွက်လာချိန်မှာ ရိုစီနာ က ခြေလှမ်းကို တုံ့ကနဲရပ်လိုက်သည်။ရာဟန်လည်း သူမ ပါးပြင်ကလေးကို သေချာကြည့်လိုက်သည်။


"...မနာဘူးလား" 


ရိုစီနာ က ခေါင်းညိတ်ပြလေသည်။သူမ ပါးပြင်မှာ စူးရှ‌နာကျင်နေရသော်လည်း ရာဟန် အတွက် စိုးရိမ်သွားရသည်။


ရာဟန်က သူမ မျက်နှာပေါ််က ဆံစများကို ဖယ်ကြည့်ရာ နီးမြန်းနေသည့် အရှိုးရာက ထင်းကနဲပေါ်လာလေသည်။ထို့နောက် သူ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။


 "တောင်းပန်ပါတယ်..." 


သူမသည် ခွန်အားမရှိသော သူ့စကားကြောင့် နာကျင်ကြေကွဲသွားရသည်။ သူမအတွက် လူတစ်ယောက်က ကိုယ်စားခံစား မပေးခဲ့သည်မှာ  ကြာခဲ့ပြီ။ သူမ၏ တစ်ဦးတည်းသော မိသားစုဟု ဆိုနိုင်သော ဖခင်ဖြစ်သူသည် သူမ ဒဏ်ရာရသွားသည့်အခါတိုင်း ထိုစကားမျိုး ပြောတတ်သည်။ထိုသို့တွေးလိုက်ရင်း တုန်လှုပ်နေသော ခံစားမှုတစ်ခုက သူမ နှလုံးသားဆီသို့ ပျံ့နှံ့သွားပြီး  မရည်ရွယ်ဘဲ သူ့လက်ကို ကိုင်ထားလိုက်မိသည်။ နွေးထွေးမှုတို့ ဆက်နွယ်ထားသော သူတို့ လက်များမှာ ထွေးဆုပ်ထားကြပြီး သူ၏ တိမ်ပြာရောင် မျက်လုံးများသည် သူမကို ရီဝေနူးညံ့စွာ ငေးကြည့်နေတော့သည်။


"ဒါမျိုးထပ်မဖြစ်ရအောင် ကိုယ် သေချာလုပ်မယ်..."


သူ့လေသံ တိုးတိုးလေးဆီမှ ဆုံးဖြတ်ချက်ချလိုက်သည်ကို သူမ ခံစားလိုက်ရသည်။ထို့နောက် သူမကလည်း ခေါင်းညိတ်ပြပြီး နောက်ဆုံးတွင် လက်ကို လွှတ်လိုက်သည်။


 “‌ မေမေ….” 


ရိုစီနာ သည် အီလီယန် အသံကိုကြားသောအခါ တစ်ဖက်လှည့်လာရသည်။ အီလီယန် သည် လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမဆီ ပြေးလာနေသည်။သူမ ငုံ့ကြည့်လိုက်သောအခါ၊ အီလီယန် ၏လက်ချောင်း သေးသေးလေးများသည် သူမ ပါးပြင်ကို ညင်သာစွာထိလာသည်။နွေးထွေးသော လက်ချောင်းလေးများသည် သူမ ပါးပြင်ပေါ်တွင် အတော်ကြာ ပြေးလွှားနေကြသည်။


 "နာ…နာနေလား" 


ရိုစီနာ သည် စကားထစ်ကာ စိတ်မကောင်းဖြစ်နေရှာသော အီလီယန်ကို ကြည့်ပြီး နှစ်သိမ့်ပေးလိုက်သည်။ထို့နောက် မျက်ရည်ကျနေသော အီလီယန် ကို ပွေ့ဖက်ပေးလိုက်သည်။ 


“‌မေမေ မနာပါဘူး"


 အီလီယန်က သူမ မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်ထဲ ညှပ်ထားတော့သည်။သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားသည့် အီလီယန် ၏ နွေးထွေးမှုသည် သူမကို နှစ်သိမ့်ပေးနေသည်။ယခုဆို သူမအတွက် နာကျင်မှုကို မျှဝေခံစားပေးမည့်သူ နှစ်ယောက်တောင်ရှိတာကြောင့်  ရင်ထဲမှာ နွေးထွေးလာရတော့သည်။


ထို့နောက် သုံးယောက်စလုံး ဧကရာဇ်နန်းတော်မှ ထွက်သွားကြသည်။ ရိုစီနာ ၏ပါးပြင်သည် ရောင်ရမ်းနေပြီး နီရဲသောကြောင့် မင်းသား၏ နန်းတော်သို့ ဦးစွာပြန်လာခဲ့သည်။ သုံးယောက်သား ရထားလုံးစီးဖို့ တော်ဝင်နန်းတော် ဥယျာဉ်ကို ဖြတ်လျှောက်လာသည်။ နေက တော်ရုံသာ ပူနွေး နေတာကြောင့် ပန်းမျိုးစုံနှင့် လှလှပပ စိုက်ထားသည့် ဥယျာဉ်ကြီးမှာ ကြည်နူးဖွယ်အတိပင်။ 


အီလီယန် သည် စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ လျှောက်လာသည်။သူတို့မိသားစုသည် ဘုရင်မင်းမြတ်၊ဘုရင်မတို့နှင့် ယှဥ်လိုက်ပါက မည်မျှ အာဏာပါဝါနည်းသည်ကို သူ နားလည်သွားသည်။


ရိုစီနာ နောက်ကို တိတ်တဆိတ် လိုက်လာသော အီလီယန် သည် ရာဟန် ကို တစ်ခါတစ်ခါ စိုက်ကြည့်နေတော့သည်။ အဘယ်ကြောင့်ဆိုသော် ရာဟန် သည် အမေဖြစ်သူ၏ ဒဏ်ရာအတွက် လုံးဝတာဝန်မယူခဲ့ခြင်းကြောင့် ဖြစ်သည်။ဘယ်သူ့ကိုမှ အပြစ်ပြောစရာမလို၊ရာဟန့်ကိုသာ ပြောရပေမည်။


ရာဟန်သည် သူ့ကိုကြည့်နေသော အီလီယန်ကို သတိထားမိသော်လည်း အသာပင် လျှောက်လာခဲ့သည်။


ရိုစီနာသည် ဥယျာဉ်၏ ထောင့်နားတစ်ဝိုက်တွင် လမ်းလျှောက်လာနေစဉ်....


 “အို…ဘုရားရေ..."


တစ်ဖက်မှ လျှောက်လာနေသော လူကို ဝင်တိုက်မိကာ သူမ လဲကျတော့မလိုဖြစ်သွားသည်။ ထို့နောက် လက်တစ်ဖက်က သူမ၏ လက်မောင်းကို ကိုင်ထားလိုက်သည်။ရိုစီနာသည် ထိုလူ၏ ထူးဆန်းပြီး ရင်းနှီးသော ရနံ့တစ်ခုကို ရနေသည်။ ထို့နောက် သူမလည်း ဟန်ချက်ထိန်းနိုင်သွားပြီး သူ့ကို   မော့ကြည့်လိုက်သည်။ 


“အိမ်ရှေ့စံ…” 


ကျေးဇူးတင်ကြောင်း ပြောရမည့်အစား ရိုစီနာ လန့်ဖျပ်သွားကာ ပါးစပ်မှ မထင်မှတ်ထားသော နာမည်တစ်ခု ထွက်လာရသည်။ 


သူ့နာမည်အား ခေါ်လိုက်သောအခါ ရိုစီနာ ၏လက်မောင်းကို ကိုင်ထားသော အိမ်ရှေ့စံသည် တောက်ပစွာ ပြုံးလိုက်၏။


 "မတွေ့ရတာကြာပြီနော်…ရိုစီနာအက်စတာရော့..." 


သူမ နာမည်ကို ခေါ်လိုက်သောအခါ ရိုစီနာ မျက်လုံး ပြူးသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မျိုးရိုးနာမည်ကိုပါ ခေါ်လိုက်တာကြောင့်ပင်။သူမက ခေါင်းတစ်ချက် အသာညိတ်ပြပြီး နောက်ဆုံးတွင် သူ့လက်ကို လွှတ်လိုက်သည်။


ထိုအတောအတွင်း ရာဟန်သည် ချက်ချင်း ရှေ့ကိုရောက်လာသည်။ သူက ရိုစီနာ ၏ လက်မောင်းကို ကိုင်ထားဟည့် အိမ်ရှေ့စံ လက်ကို တွန်းဖယ်လိုက်ပြီး သူမကို သူ့ဘက် အသာအယာ ဆွဲခေါ်လိုက်သည်။


“နာမည်က မှားနေတယ်…အရှင့်သားရဲ့..."


 "လူကြား သူကြားထဲတော့ မခေါ်သင့်မှန်း ငါလည်း သိတာပေါ့..."


အိမ်ရှေ့စံ ဇီဂရစ်က အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။ စူးရှသော မျက်လုံးများဖြင့် အကြည့်ချင်း အားပြိုင်နေသော လူနှစ်ယောက်ကြားတွင် ရပ်နေသည့် ရိုစီနာ က  ဖြန်ဖြေလိုက်သည်။


"မတွေ့တာ ကြာပြီနော် အရှင့်သားကျွန်မကို ထိန်းထားပေးလို့ ကျေးဇူးပါ..." 


“ရပါတယ်…စကားမစပ်၊ မင်းကို လာတိုက်မိတာ ကိုယ် ကံကောင်းသွားတယ်…အခုပဲ မင်းတို့ဆီလာပြီး မင်းကို တွေ့မယ်လို့တွေးနေတာ..."


ရိုစီနာ သည် သူ၏ အလွန်ဖော်ရွေဟန်ဆောင်ထားသော စကားကိုကြားလျှင် မ‌ေကျမနပ်ဖြစ်သွားရသည်။ သူမသည် အကြောင်းပြချက်မရှိဘဲ စိတ်အဆင်မပြေ ဖြစ်နေသည်။သူမက ဘာမှ ပြန်မဖြေသောကြောင့်  ဇီဂရစ်က သေချာကြည့်နေရာ သူမ၏ ပါးပြင်ကိုသတိထားမိသွားတော့သည်။


ရိုစီနာ လည်း ရှက်သွားရကာ ပါးပြင်ကို လက်ဖဝါးဖြင့် အနည်းငယ် ဖုံးထားလိုက်သည်။ သူမ ပါးပြင်က အတော်လေး သိသာနေပုံပင်။ ထို့နောက် ဇီဂရစ်က အဆင့်တက်လာကာ သူမ ပါးပြင်ဆီကို လက်လှမ်းလာတော့သည်။


"အရှင့်သား…ကျွန်တော့်ကို မတွေ့ဘူးထင်တယ်..." 


ရာဟန် သည် ဇီဂရစ် လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုအခါ ဇီဂရစ် သည် မျက်မှောင်ကြုတ်ကာ ရာဟန် လက်ကိုရွံရှာသွားသလို ခါထုတ်ပစ်လိုက်သည်။


 "မင်းဒီမှာရှိနေတာကို ငါမေ့သွားတယ်..."


သူကိုယ်တိုင်ကလည်း ရာဟန် နှင့် ယှဥ်လျှင် အားနည်းသောကြောင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ ရာဟန် သည် မျက်နှာထားတင်းမာသွားပြီး ရိုစီနာ၏ ဂါဝန်စကို ကိုင်ထားသည့် အီလီယန် က ဇီဂရစ် ကို မော့ကြည့်ပြီး မေးလိုက်သည်။


 "ဦးလေးက ဘယ်သူလဲ..." 


ဇီဂရစ် ၏ ပြုံးနေသော မျက်နှာသည် 'ဦးလေး' ဟူသော စကားကြောင့် ကလေးကို ခပ်တည်တည်နှင့် ကြည့်လိုက်သည်။အားလုံး ခေတ္တတိတ်ဆိတ်နေချိန်တွင် ရာဟန် ၏သည်းခံနိုင်စွမ်းတို့ တစ်စတစ်စ ပျောက်ရှလာရ၏။


ထို့နောက် အီလီယန် သည် အပြစ်ကင်းသော ပုံစံဖြင့် စကားစ,လိုက်သည်။ 


"ဘာလို့...မေမေ့ကို ထိနေတာလဲ..."


အပြစ်ကင်းသော ထိုမေးခွန်းက ဇီဂရစ် ၏ မျက်နှာကို တင်းမာသွားစေသဖြင့် ရိုစီနာ က ကမန်းကတန်း ပြုံးပြီး တောင်းပန်လိုက်သည်။


 "တောင်းပန်ပါတယ်…အရှင့်သား ကလေးကို ခွင့်လွှတ်ပါ..." 


ထိုအခါ ဇီဂရစ် သည် အေးစက်နေရာမှ ပြန်ပြုံးလိုက်တော့သည်။


 "ဒါ မင်းရဲ့ကလေးလား..." 


"အဲ့ဒါ ကျွန်တော်တို့ရဲ့ ကလေးပါ" 


နောက်ကွယ်မှာ အီလီယန် လုပ်နေတာတွေကို စောင့်ကြည့်နေသည့် ရာဟန် က ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်လေသည်။


ရိုစီနာသည် အေးစက်စက်ပြောလိုက်သော ရာဟန်ကို နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ဘုရင်မင်းမြတ်နှင့် တွေ့ဆုံတုန်းကထက် ယခု သူသည် ပိုထက်မြက်ပြီး အရာရာကို ပိုပြီးသတိထားပုံ ပေါက်နေလေသည်။


 "ချစ်စရာလေး..."  


ဇီဂရစ် က ငုံ့၍ အီလီယန် နှင့် မျက်လုံးချင်းဆုံကြည့်လိုက်ရာ အီလီယန် သည် ဇီဂရစ် ၏ အကြည့်ကို တုန်လှုပ်သွားရသည်။ သူ့ပါးစပ်က ပြုံးနေသော်လည်း သူ့မျက်လုံးတွေက ကမ္ဘာပေါ်က အရာအားလုံးကို အေးခဲသွားစေသလိုမျိုးအေးစက်နေသည်


ထို့နောက် ဇီဂရစ် သည်  ကိုယ်ကိုပြန်မတ်ပြီး ရိုစီနာကို ကြည့်လိုက်ပြန်သည်။


"မင်းရဲ့ ပါးက ဘာဖြစ်နေတာလဲ..." 


“……”


အိမ်ရှေ့စံ၏မိခင်၊ဘုရင်မအား အပြစ်ပြော၍မရသဖြင့် သူမ တိတ်ဆိတ်သွားရတော့သည်။သူမက  စကားပြန်မပြောသည့်အခါ မြှားဦးသည် ရာဟန် ဘက်ကို ပြန်လှည့်သွားရသည်။


 "မင်းရဲ့ မိန်းမကို မင်းဘာလုပ်လိုက်တာလဲ..."


ရာဟန် က မျက်မှောင်ကြုတ်ထားကာ ပြန်ရွဲ့လိုက်လေသည်။


"ဘုရင်မက လက်မြန်တယ်လေ…တစ်ကယ်တော့ အရှင့်သားရဲ့ အမေဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့…ဘယ်သူ့ကို အပြစ်တင်လို့တင်ရမှန်း မသိတော့ပါဘူး…သေချာတာကတော့ အရှင့်သားကိုလည်း နံပါတ်တစ်နေရာက ထည့်စဉ်းစားမှာပါပဲ..."


ရာဟန် က သူ့ကို ပြုံးပြရင်း အနားကိုထပ်တိုးကာ တီးတိုး ပြောလိုက်သည်။


"ပြီးတော့ ကျွန်တော့်ကို သိပ်မနှောင့်ယှက်ပါနဲ့…အရှင့်သား ကျွန်တော့်ကို လိုအပ်နေသေးတယ်မဟုတ်လား..."


 “ရာဟန် ဟာဘက်…”


 ဇီဂရစ် ၏ လည်ချောင်းထဲမှ ဆူပွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ရာဟန် သည် ဇီဂရစ် လို ပူလောင်မနေဘဲ အေးဆေးတည်ငြိမ်လျက်ရှိသည်။


“အင်း…နောက်တစ်ခါကျရင် တရားဝင်လာ နှုတ်ဆက်ပါဦးမယ်…အခုတော့  အိမ်ရှေ့စံကိုယ်စား ကျွန်တော့်မှာ လုပ်စရာရှိသေးတယ်...” 


ထို့နောက် သူက နောက်ကိုခြေတစ်လှမ်းဆုတ်ကာ  ရိုစီနာ ၏လက်ကို ကိုင်ထားလိုက်သည်။


"ကိုယ်တို့ ပြန်ပြီး အနားယူရင် ပိုကောင်းမယ်ထင်တယ်..." 


တိုးတိုးလေးပြောလိုက်သံက ဇီဂရစ် ကို ပြောစဉ်က လေသံနှင့်မတူပေ။ ထို့နောက် သူမကို နှုတ်ဆက်ခွင့်တောင် မပေးတော့ဘဲ သူက အရင်ရှေ့မှ သွားလိုက်သည်။ ရိုစီနာ မှာ သူ့ကိုအမှီလိုက်ဖို့ မြန်မြန်လျှောက်သွားရ၏။ဇီကရစ်နှင့် ပိုဝေးလာသည်နှင့်အမျှ သူမသည် ရာဟန် ကို စိုက်ကြည့်နေမိသည်။ပြဿနာအသေးစိတ်ကို သူမ မသိသော်လည်း သူတို့နှစ်ဦးကြား ဆက်ဆံရေးက ဆိုးရွားနေပုံရသည်။ သူတို့သည် ဖအေတူမအေကွဲ ညီအစ်ကိုများဖြစ်သောကြောင့် ဆက်ဆံရေး အဆင်ပြေလျှင် အတော်ကောင်းပေမည်။ထို့နောက် သူမသည် မအောင့်အည်းနိုင်ဘဲ သတိထားပြီး မေးလိုက်မိသည်။


 "ရှင်နဲ့ အိမ်ရှေ့စံကြားမှာ တစ်ခုခုဖြစ်ထားတာလား..." 


ဇီဂရစ် အကြောင်းကြားရသောအခါ ရာဟန် မျက်မှောင်ကြုတ်သွားလေသည်။ 


"မင်း အိမ်ရှေ့စံကို စိတ်ပူနေတာလား..." 


“မဟုတ်ပါဘူး…ရှင့်ကို စိတ်ပူတာပါ…” 


ရာဟန် ချက်ချင်းပင် မထင်မှတ်ထားသည့် အဖြေကြောင့် ခြေလှမ်းကို ရပ်လိုက်သည်။  


"မင်းက ကိုယ့်ကို စိတ်ပူပေးနေတာလား..." 


သူ့အသံက စိတ်လှုပ်ရှားမှုများ စွက်နေတာကြောင့် သူမလည်း နားမလည်နိုင်ဖြစ်သွားရသည်။မည်သို့ပင်ဆိုစေ၊သူက သူမ၏ တရားဝင်ခင်ပွန်းတစ်ယောက် ဖြစ်သဖြင့် အိမ်ရှေ့စံထက် သူ့ကို ပိုစိတ်ပူပေးသင့်ပေသည်။


 “ဟုတ်ကဲ့...” 


ရာဟန် သည် သူမကို ငုံ့ကြည့်နေရာမှ အခြားတစ်နေရာဆီကို လှည့်ကြည့်လိုက်သည်။ ခါတိုင်းလိုပင် သူ့မျက်နှာထားက သိပ်ပြီး မပြောင်းလဲသွားသော်လည်း ပြုံးချင်ချင် ဖြစ်နေစိတ်ကိုမူ ဖုံးကွယ်လို့မရပေ။သူ့အပြုံးမှာ ပြုံးသည်ဆိုရုံသာ ပြုံးသော်လည်း သူ့ဘေးကနေ တစ်လကျော်စောင့်ကြည့်နေသည့်  ရိုစီနာ ကတော့ သတိထားမိသည်။


 "အားလုံးပြောပြပါ့မယ်.... အချိန်တန်ပြီး တစ်နေ့ကျရင်ပေါ့...” 


ပြောပြ၍မရတာကြောင့် မပြောချင်းဟု သူက ဆက်ပြောလိုက်သည်။ ရိုစီနာ သည် တော်ဝင်မိသားစုနှင့် ရာဟန် အကြား ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သိချင်သော်လည်း ထပ်မေးလျှင်လည်း အဖြေကို သူမ သိရမှာမဟုတ်ပေ။


ထို့နောက် သုံးယောက်သားမှာ စောင့်နေသော ရထားလုံးပေါ်သို့ တက်လိုက်ကြသည်။ ရထားလုံးပေါ် ရောက်သည်နှင့် ရာဟန် သည် ပြတင်းပေါက်မှ ကန့်လန့်ကာကိုဆွဲပိတ်ကာ ရိုစီနာ ကို တည့်တည့်စိုက်ကြည့်ရင်း ဆိုလေသည်။ 


“အိမ်ရှေ့စံနဲ့ ဝေးဝေးရှောင်ပါ...” 


ထိုအခါ ရိုစီနာ သည် အိမ်ရှေ့စံမင်းသား၏ မျက်နှာကို သူမ သတိရသွားသည်။ သေချာသည်ကတော့ သူဟာ ရုပ်ရည်ချောမောသူ တစ်ယောက်ဖြစ်ပြီး သူ၏ စရိုက်လက္ခဏာနှင့် ပတ်သက်ပြီး ပြဿနာမရှိပေ။သို့သော်လည်း သူနှင့် စကားပြောရတာ သူမအတွက် စိတ်မသက်မသာ ဖြစ်စေသည်။ထို့ကြောင့် သူမ စိတ်ထဲက သူ့ကို အလိုလို ဘဝင်မကျဖြစ်နေမိတော့သည်။


“သူ့နဲ့ ရင်းနှီးဖို့ ရည်ရွယ်ချက်တောင် မရှိပါဘူး…ဘယ်လိုပြောရမလဲ.. သူက ကြောက်စရာကောင်းတယ်..."


"မင်းထင်သလိုပဲ…ဟုတ်တယ်..."