အပိုင်း ၃၆.၁
Viewers 15k

Chapter 36.1

မင်းသား၏ နန်းတော်သို့ ပြန်ရောက်သောအခါ ရိုစီနာ သည် ဆေးဝါးများစွာကို အလွန်အမင်း သောက်ခဲ့ရသည်။ ရောင်ရမ်းခြင်းကို လျှော့ချရန် ကောင်းမွန်သည်ဟု ဆိုထားသည့် ဆေးအားလုံးကို သောက်ရသည်။ထို့ကြောင့် ရက်အနည်းငယ်ကြာပြီးနောက်တွင် ဒဏ်ရာများ ပျောက်ကွယ်သွားမည်မှာ သေချာသည်။

ရိုစီနာ သည် မနက်စောစောထပြီး အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ယနေ့ သူမ မိသားစုနှင့် သွားတွေ့မည်ဟု တခြားသူတွေကို ပြောခဲ့သော်လည်း တစ်ကယ်တမ်းတွင် သူမအဖေအကြောင်းကို ရှာဖွေချင်တာကြောင့် ဖြစ်သည်။ သူမ အဖေက တော်ဝင်မိသားစုနှင့် မပတ်သက်ဖို့ အချိန်အတော်ကြာ ပြောခဲ့သည်။သူဘာကြောင့် ထိုသို့ပြောရတာလဲ ဆိုသည့် သဲလွန်စတွေကို စံအိမ်ကြီးကသာ ပေးလိမ့်မည် ဖြစ်သည်။

ရာဟန် လိုက်လာမှာစိုး၍ သူမသည်တစ်ယောက်တည်း သွားမည့်အကြောင်း ပြောမည်ဟု စိတ်ကူးထားသည်။ သို့သော်လည်း ရာဟန် သည် အလုပ်များလွန်းတာကြောင့် သူမသည် အခြားအကြောင်းပြချက် ရှာနေစရာမလိုဘဲ စံအိမ်ဆီကို တစ်ယောက်တည်း သွားလို့ရသွားသည်။ မသွားမီ သူမသည် မြို့ဝန်မင်းဟီလစ် တို့ မိသားစုထံသို့ စာတစ်စောင်ပေးပို့လိုက်သည်။အကြောင်းမှာ သူမသည် အက်စတာရော့ သို့ အချိန်အတော်ကြာ မပြန်လာနိုင်သေးသဖြင့် စာတစ်စောင် ပို့ရမည်ဖြစ်သည်။

“အဲ့ဒီအချိန်က ဒီလိုဖြစ်မယ်လို့ မတွေးခဲ့မိဘူး..."

သူမသည် အီလီယန် ၏ရောဂါကိုပျောက်ကင်းအောင် ကုသပြီးသည်နှင့် အာစတေးနီးယား သို့ ပြန်လာရန် စီစဉ်ထားခဲ့သည်။သို့သော်လည်း အရာအားလုံး မှားယွင်းသွားပြီး အာစတေးနီးယား ကို ပြန်သွားမည့်အစား သူမဟာ တော်ဝင်မင်းသား၏ ဇနီးဖြစ်လာခဲ့၏။ မြို့ဝန်မင်းတို့ မိသားစုသည် အဖြစ်မှန်ကို သိရှိသွားသောအခါတွင် သူမအား မည်သို့တုံ့ပြန်မည်ကို သူမလည်း သိချင်နေမိ၏။

ရိုစီနာ သည် နန်းတော်ကထွက်လာပြီး အသင့်စောင့်နေသည့် ရထားလုံးတစ်စီးကို တွေ့လိုက်သည်။ ရထားလုံးပေါ်သို့ သူမ တက်လိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်အ၀တ်အစားဝတ်ထားသော အမျိုးသားတစ်ဦးက ကျောကိုမတ်မတ်ထားကာ စကားစလိုက်၏။

"ကျွန်တော်က အိုင်းဆက်ပါ…ဒီနေ့ မင်းသမီးကို ပို့ပေးရမှာပါ..."

“အို…ရှင်…”

ရိုစီနာ မှာ အိုင်းဆက် သည် ထမင်းအတူစားဖူးသူမှန်း သိသွားကာ ရာဟန် ငှားရမ်းထားသောအလုပ်သမားတစ်ဦး ဖြစ်ကြောင်းလည်း ပြန်အမှတ်ရသွား၏။ယခင်က သူသည် မင်းသား၏ နန်းတော်ကိုပင် ပြုပြင်ခဲ့ပြီး ယခု သူမကို လိုက်ပို့ပေးတော့မည်ဖြစ်သည်။ သူသည် အရည်အချင်းများစွာ ရှိသူပင်။

မကြာမီတွင် နန်းတော်၏ ခံတပ် အပြင်ဘက်ရှိ ရှုခင်းများက ပေါ်လွင်လာသည်။ ရိုစီနာ သည် သူမ သိထားသော စတိုးဆိုင်တစ်ခုတွင် ရထားလုံးကို တစ်စုံတစ်ခုဝယ်ရန် အကြောင်းပြ၍ ရပ်ခိုင်းလိုက်သည်။ သူမသည် အာစတေးနီးယား နှင့်အဆက်အသွယ်ရှိသည့်ကိစ္စကို မည်သူ့ကိုမှ မပြောခဲ့သဖြင့် စာကို တိတ်တဆိတ် ပေးပို့ရန်မှလွဲ၍ရွေးချယ်စရာမရှိပေ။

ရထားလုံးပေါ်သို့ပြန်တက်ပြီးနောက် သူမ သည် အက်စတာရော့ စံအိမ်ကြီးဆီသို့ သွားခဲ့သည်။မွန်တည့်ချိန်မှ စံအိမ်ဆီကို ရောက်လာ၏။စံအိမ်ဆီကို နီးကပ်လာသည်ကတည်းက သူမ စိတ်မသက်မသာ ခံစားခဲ့ရသည်။ထို့ကြောင့် စိတ်သက်သာရာရစေရန် စံအိမ်ကို ဘာကြောင့်ပြန်လာမှန်း ပြန်တွေးကြည့်လိုက်သည်။ လာရင်းကိစ္စမှာ သူမ အဖေ၏ ပစ္စည်းတွေကို ရှာပြီး သံလွန်စရှာဖို့ ဖြစ်သော်လည်း မက်စယ်လာ နှင့် ရာနီယာ တို့ကိုလည်း ပြောစရာရှိနေ၏။

စံအိမ်သို့ရောက်သောအခါ ရိုစီနာ သည် အိမ်ကြီးကို မော့ကြည့်လိုက်သည်။စံအိမ်သည် လွန်ခဲ့သော 7နှစ်ကလို အရောင်အသွေးစုံလင်ပြီး ခမ်းနားပုံရသော်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းထားကြောင်း သူမ သတိပြုမိသည်။ မသန့်ရှင်းသည့် အိမ်ကြီးတဝိုက်ကို ကြည့်နေစဉ် အစေခံတစ်ယောက် အတွင်းထဲကနေ ထွက်လာသည်။ သူသည် သူမ ငယ်စဉ်ကတည်းက အိမ်ကြီးကို စောင့်ရှောက်ခဲ့သူ အိမ်တော်ထိန်း အဘိုး ဖြစ်သည်။

ရိုစီနာ ကိုမြင်သောအခါ အဘိုးကြီးသည် မယုံနိုင်ဖြစ်နေရှာ၏။

“သခင်မလေး…”

"မတွေ့တာကြာပြီနော်..."

ရိုစီနာ က သူ့ကို အပြုံးမပျက် နှုတ်ဆက်သည်။ အဘိုးကြီးက မျက်ရည်များကျလာရင်း သူမကို အထဲ ခေါ်သွားလိုက်သည်။ ခန်းမထဲကိုလမ်းလျှောက်လာရင်း သူမသည် အိမ်တော်ထိန်းနှင့် စကားအကြာကြီးပြောခဲ့ကြသည်။ ထို့နောက် အိမ်တော်ထိန်းသည် အခန်းတစ်ခုရှေ့တွင် ရပ်ကာ တံခါး ခေါက်လိုက်သည်။

"သခင်မလေး ရောက်လာပါတယ်..."

အထဲကို ဝင်လာဖို့ ပြောလိုက်သည့်အခါ ရိုစီနာ သည် ပွင့်နေသော တံခါးမှ အထဲသို့ ဝင်သွားသည် ။

"လာပြီလား..."

မက်စယ်လာ နှင့် ရာနီယာ တို့မှာ ကြွကြွရွရွ ထိုင်နေကြပြီး ပါတီပွဲတစ်ခုကို သွားတော့မလိုမျိုး အလှပြင်ထားကြသည်။ ရိုစီနာသည် ဆိုဖာပေါ်ထိုင်နေသည့် မက်စယ်လာ နှင့် ရာနီယာ ကို စိုက်ကြည့်နေမိသည်။ ဧည့်ခန်းသည် အရင်ကလိုမဟုတ်တော့ဘဲ အတော်လေး ကွာခြားသည်။ ယခင်တုန်းကဆိုလျှင် အကြွေးတွေ ဆပ်ဖို့အတွက် အိမ်ထောင် ပရိဘောဂများကို ရောင်းခဲ့ရတာကြောင့် နေရာလွတ်များနှင့် ဟာလာဟင်းလင်းကြီးပင်။သို့သော် ယခုမူကား တစ်ခန်းလုံး အမိုက်စား ပရိဘောဂများဖြင့် ပြည့်နေသည်။ သူမတို့နှစ်ယောက်က ပိုက်ဆံ မရှာတတ်သူများဖြစ်၍ လက်ရှိ မြို့စားမင်းက ဝယ်ထားခြင်းဖြစ်ရမည်။

ရိုစီနာ သည် မတ်တပ်ထရပ်ပြီး ဧည့်ခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ ဤနေရာသည် သူမ မှတ်ဉာဏ်ထဲမှာ နေရာအတော်ယူထားခဲ့သည်။ လွန်ခဲ့သော 7 နှစ်က မက်စယ်လာ နှင့် ရာနီယာ သည် သူမ၏ အိမ်ထောင်ရေးအကြောင်းကို ဤနေရာတွင် ပြောခဲ့ကြသည်။ စားကောင်းသောက်ဖွယ်များ စားရရေးအတွက် မိသားစုဝင်တစ်ဦးကို ပေါ့ပေါ့တန်တန် ရောင်းစားနေသည့် သူမတို့နှစ်ဦး၏ ပုံရိပ်ကို ယခုထိ မမေ့သေး။

"မင်းသမီးရဲ့ နောက်က ဘယ်သူပါလဲ..."

မက်စယ်လာ သည် ရိုစီနာ နောက်သို့လိုက်လာသော အိုင်းဆက် အား မေးလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်မရှိပါနဲ့..."

အိုင်းဆက်က နံရံကိုမှီထားလျက်သားပင်။သူမတို့ စကားပြောဝိုင်းကို မနှောင့်ယှက်ဘဲ သူ့နေရာတွင်သာ အသာလေးရပ်နေမည် ဆိုသော ပုံစံကြောင့် မက်စယ်လာ မျက်မှောင်ကြုတ်ထားလိုက်သည်။သို့သော်လည်း ဘာမှ ပြောမနေတော့ဘဲ ရိုစီနာကို အထိုင်ခိုင်းလိုက်သည်။

"ထိုင်"

ရိုစီနာ သည် ထိုင်ချလိုက်သည်နှင့် သူမကို ခွဲခြမ်းစိတ်ဖြာနေသော အကြည့်များကို ခံစားလိုက်ရသည်။ ထိုအကြည့်များက ယနေ့ သူမဝတ်ထားသည့် ၀တ်စုံကို ကြည့်နေကြခြင်းပင်။သူမတို့ သားအမိသည် ပြိုင်ဘက်များကို အမြဲနှိုင်းယှဉ်တတ်ပြီး တခြားသူတွေက သူမတို့ထက် ပိုဆိုးပြီး ချို့တဲ့သည့်အခါမှသာ ကျေနပ်ကြ၏။ ထိုအကျင့်မှာ နှစ်တွေ အများကြီး ကြာနေသော်လည်း မပြောင်းသေးပေ။

သူမက သူတို့ကို အေးအေးဆေးဆေး ပြုံးပြလိုက်သည်။

"နင့် ယောက်ျားကကော..."

"အလုပ်ရှုပ်နေလို့ မလာနိုင်ဘူး..."

"သူက တော်ဝင်မိသားစုဝင်တစ်ဦး ဆို‌ တော့လည်း နားလည်ပါတယ်..."

ရိုစီနာ ၏ စကားကို အသာတကြည် ပြန်ပြောပြီးနောက်၊ မက်စယ်လာ က ရွဲ့စောင်းပြီး မေးလိုက်သည်။

"နန်းတော်ထဲမှာ နေရတဲ့ ဘဝက အရမ်းပျော်ဖို့ကောင်းပုံရတယ် ဟုတ်လား…အိမ်ကိုတောင် ခဏခဏ မလာနိုင်ဘူး..."

"နန်းတော်ထဲမှာနေရတာ မြို့စားမင်း အိမ်တော်ထက် ပိုပျော်စရာကောင်းတာတော့ အမှန်ပါပဲ..."

ရိုစီနာ က ပြုံးပြီး တုံ့ပြန်သောအခါ မက်စယ်လာသည် မကျေမနပ်ဖြင့် ယပ်တောင်ကို ဝှေ့ယမ်းကာ သူမကို စိုက်ကြည့်နေသည်။

"မင်းသမီးက ငယ်ငယ်တုန်းက ဒီလို မဟုတ်ပါဘူး…ကြီးလာခါကျမှ မအေကို ပြန်ပြောနေပါလား..."

"ကျွန်မ ကောင်းကောင်း ဖြေပါတယ်...ဒါပေမယ့် အမေက ရိုင်းရိုင်းစိုင်းစိုင်းပြောရင် ကျွန်မလည်း အကောင်းမဖြေနိုင်ဘူး..."

မက်စယ်လာ ဒေါသတွေ ပွက်ပွက်ဆူလာသည်။သူမကို နိုင်အောင်မပြော‌တတ်တော့ပေ။အရင်တုန်းက ဆူပူကြိမ်းမောင်းလိုက်လျှင် အသာငုံ့ပြီး ခံနေသူက အခုတော့ ကတ်ကတ်လန်အောင် ပြန်ပြောတတ်နေပေပြီ။ဤအတောအတွင်း သူမ အများကြီးပြောင်းလဲသွားခြင်း ဖြစ်သည်။

ထိုစဉ် မက်စယ်လာ ၏ ဘေးနားမှာ ထိုင်ပြီး ယပ်ခတ်နေသည့် ရာနီယာက ယပ်တောင်ကိုချထားလိုက်သည်။

“အစ်မ...”

"ဘာပြောချင်လို့လဲ…နင် ငါ့ကို တောင်းပန်စရာ ရှိလို့လား..."

ရိုစီနာ၏ ထေ့ငေါ့‌ေငါ့မျက်နှာပေးနှင့် လေယူလေသိမ်းကြောင့် ရာနီယာ စိတ်ပျက်သွားရ၏။

"တော်ဝင်ဧည့်ခံပွဲတုန်းက အစ်မလုပ်ပုံက အရမ်းလွန်လွန်းတယ်… ဒီလောက် လူတွေများတဲ့ နေရာမှာ ညီမကို အရှက်ခွဲရလား...”

ရာနီယာ သည် ဧည့်ခံပွဲတွင် အရှက်ခွဲခံရခြင်းကို အညှိုးထားနေပုံရသည်။ ထိုအချိန်က သူမသည် ခင်ပွန်းမရှိ အပျိုတစ်ယောက်ဟန်ဆောင်ကာ ယောက်ျားများနှင့် ပရောပရီလုပ်ခဲ့သည်။ သို့သ်ောလည်း ရိုစီနာက ခင်ပွန်းရှိသည့်အကြောင်းကို ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ ရိုစီနာ က သူမ ပြောတာကို နားမလည်သလိုနှင့် ပြန်မေးလိုက်သည်။

"နင့် ယောက်ျားအကြောင်းပြောတာနဲ့ နင်ရှက်သွားရတာလား..."

"အဲ့လိုတော့ မဟုတ်ပေမယ့်…”

မျက်နှာညှိုးသွားသည့် ရာနီယာကို ကြည့်ပြီး ရိုစီနာက ဝမ်းသာအားရဖြစ်သွားလေသည်။

"ကြည့်စမ်း… ငါ မြို့စားမင်း အက်စတာရာ့ အသစ်ကို နှုတ်ဆက်သင့်တယ် မလား..."

"ဟင်"

ရာနီယာ အံ့အားသင့်သွားရသည်ကို ရိပ်မိသော ရိုစီနာက အခွင့်အရေးကို လက်လွတ်မခံဘဲ ပြုံးလိုက်သည်။

"ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူးဆိုတော့ နင် ငါ့ကို မိတ်ဆက်ပေးမှာ မဟုတ်လား..."

"သူ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာ..."

ရာနီယာမှာ လန့်ဖျပ်သွားပြီး ငြင်းဆန်လိုက်သည်။အဘယ်ကြောင့်ဆိုသော် ရိုစီနာ သည် သူမ၏ ခင်ပွန်းနှင့် တွေ့သည့်အခါ ဘာသွားပြောမှန်း မသိပေ။ ထို့အပြင်၊ မြို့စားမင်း၏ မျက်နှာနှင့် ခန္ဓာကိုယ်သည် ရိုစီနာ ၏ ခင်ပွန်းဖြစ်သူ တတိယမင်းသားနှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်ကျနေသည်။ သူ့မျက်နှာကိုသာ ပြလိုက်လျှင် ရိုစီနာက အထင်အမြင်သေးသွားနိုင်တာကြောင့် မိတ်ဆက်မပေးချင်ပေ။ထို့နောက် သူမသည် ခပ်တည်တည်နှင့် ရိုစီနာကို အပြစ်တင်ပြီး စကားလမ်းကြောင်းလွှဲရန် ဆုံးဖြတ်လိုက်လေသည်။

“ဒါပေမယ့် အမေ့ကိုတော့ ရက်ရက်စက်စက် ပြောခဲ့တာပဲ..."

ရာနီယာသည် နောက်ထပ်အပြစ်ရှာလို့မရတော့သောအခါ မက်စယ်လာကို ဆွဲထုတ်လိုက်သည်။

"မိသားစုဝင်တွေ ကြားမှာတော့ ဘွဲ့ထူးတွေ၊ဘာတွေ ခေါ်ဖို့ မလိုအပ်ဘူးမဟုတ်လား..."

“ရာနီယာ ရယ်…”

ရိုစီနာ က သူမကို သနားသလိုလိုနှင့်ရေရွတ်လိုက်သည်။

“နင် ဘာမှ မသိသေးဘူးကိုး..."

"ဘာလဲ…"

“နင်တို့ရဲ့ အထက်က အရာရှိတွေကို လူမြင်ကွင်းမှာ စကားပြောရင် ဥပဒေအရ နင် အဖမ်းခံရနိုင်တယ်ဆိုတာ မသိဘူးလား…ငါက နင့်ကို ကူညီဖို့ ကြိုးစားခဲ့တာ..."

ရိုစီနာ ပြောပြီးသည်နှင့် တပြိုင်နက် ရာနီယာ နှင့် မက်စယ်လာ တို့၏ မျက်နှာများက တင်းမာခက်ထန်သွားသည်။ လူကြားထဲတွင် ဘွဲ့ထူး၊ရာထူးများကို ထည့်၍ ခေါ်တတ်သော်လည်း ဧည့်ခံပွဲကဲ့သို့သော နေရာမျိုးတွင် ဘာမှ လုပ်၍မရသလို၊အပြစ်လည်း မပေးကြချေ။ထို့ကြောင့်၊ သူမသည် များစွာတွေးတောမနေဘဲ ရိုစီနာ နှင့် စကားပြောခဲ့ခြင်းဖြစ်ပြီး ထို့အတွက် အာဏာနှင့် ပြန်ပေါက်ပြီး ပစ်ပစ်ခါခါ ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ရိုစီနာ သည် မျက်နှာမသာမယာဖြင့် ထိုင်နေသော အမျိုးသမီးနှစ်ယောက်ကို ကြည့်လိုက်သည်။ အရင်တုန်းကတော့ သူမ၏ မိသားစုဝင်များဖြစ်သည့် မက်စယ်လာ နှင့် ရာနီယာ ကို ကာကွယ်ဖို့ စိတ်စောနေခဲ့သည်။ အကြွေးတွေဆပ်ဖို့ တစ်ညလုံး မအိပ်မနေ ကြိုးစားခဲ့သည်။ သူမကို မိခင်ဖြစ်သူက မချစ်ခဲ့သလို၊ ရာနီယာ ကလည်း အစ်မတစ်ယောက်လို သဘောမထားခဲ့ပေ။

သို့သော် သူမကတော့ မိသားစုအချင်းချင်းဖြစ်တာကြောင့် အတော်လေး ချစ်ခင်သည်။ သို့သော် ယခု သူမ တွေးလိုက်မိသည်မှာ ထိုသားမိနှစ်ယောက်သည် သူမကို မိသားစုအဖြစ် မတွေးကြဘဲ ကြိုးဖြင့်ချည်နှောင်ထားသော တိရစ္ဆာန်တစ်ကောင်လိုသာ ဆက်ဆံခဲ့ခြင်းပင်။

"ဒါနဲ့ ဘာလို့ ကျွန်မကို အိမ်​​ခေါ်တာလဲ..."

အေးအေးဆေးဆေးထိုင်နေသော ရိုစီနာ က မေးလိုက်သည်။ 'အဖမ်းခံရမည်' ဟူသော စကားလုံးကြောင့် ခဏတာ အံ့အားသင့်သွားခဲ့သော မက်စယ်လာ သည် ယခုမှ သတိပြန်ဝင်လာ၏။ထို့နောက် လောဘစိတ်တို့က သူမ မျက်လုံးထဲတွင် ထင်ဟပ်လာတော့သည်။

" အမေတို့မိသားစုက ဒီရက်ပိုင်း အခက်တွေ့နေတော့ ကူညီစေချင်တယ်…မင်းသမီးက အကြီးဆုံးသမီး မဟုတ်လား..."

ရိုစီနာ သည် သူမကိုလာပြီး ကူညီခိုင်းနေတာကြောင့် ရယ်ချင်စိတ်ပေါက်သွားရသည်။ယခုအချိန်ထိ မက်စယ်လာ သည် လောဘကို စွန့်လွှတ်ပုံမပေါ်သေးပေ။

"ကျွန်မ ငြင်းပါမယ်..."

"မင်းသမီးကသာ အိမ်ကနေ တစ်ခါ ထွက်ပြေးဖူးမှန်းသိရင် တော်ဝင်မိသားစုက ငြိမ်နေမယ်လို့ နင်ထင်လား..."

ရာနီယာ သည် ရိုစီနာ ၏ အားနည်းချက်ကို သိထားသဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာသော မိန်းမပျိုလေးသည် အိမ်မှ ထွက်သွားပြီး နေရာအနှံ့ လှည့်ပတ်သွားခြင်းမှာ ကြီးမားသော ချို့ယွင်းချက်တစ်ခုဖြစ်သည်။ မိန်းမပျိုအများစုသည် ဖန်လုံအိမ်ထဲမှ ပန်းပင်များကဲ့သို့ အရွယ်ရောက်လာကြသည်။ ဘာဒုက္ခမှမရှိဘဲ စံအိမ်ကြီးထဲမှာ အခန့်သားနေတတ်ကြသူများပင်။

သူမတို့ကို ပညာတတ်အောင်လည်း သင်ပေးထားကြသဖြင့် ပေါင်းသင်းဆက်ဆံရေးလည်း မညံ့ကြပေ။ထို့အပြင် ခင်ပွန်းကောင်း တစ်ယောက်ရရှိရေးသည် သူတို့ ဘဝ၏ အရေးကြီးဆုံး ပန်းတိုင်တစ်ခုဖြစ်သည်။ မြင့်မြတ်သော မိန်းမပျိုတစ်ယောက်က သူမကိုယ်တိုင် ငွေရှာလျှင် သိက္ခာကျသည်ဟု မှတ်ယူကြသည်။ မိသားစုအခြေအနေအရ၊ ဘယ်လိုမှ မတတ်နိုင်ပါက စီးပွားရေးထွက်မလုပ်ကြဘဲ မိသားစုကိုသာ အပြိုကွဲခံလေ့ရှိကြသည်။

သို့သော် ရိုစီနာ သည် စီးပွားရေးကို မျိုးစုံလုပ်ခဲ့သူပင်။ အိမ်မှ ထွက်ပြေးခြင်းသည် မြင့်မြတ်သော မိန်းမပျိုလေးတစ်ဦးအတွက် ဘဝတွင် ကြီးမားသောအမည်းစက် တစ်ခုဖြစ်သည်။

"အပြင်မှာ နှစ်အတော်ကြာအောင် လျှောက်သွားနေတဲ့ မိန်းမတစ်ယောက်ကို ဘယ်သူက တန်ဖိုးထားမှာလဲ..."

ထို့ကြောင့် သူတို့ စကားနားမထောင်လျှင် တော်ဝင်မိသားစုအား ပြောပြလိုက်မည်ဟု ခြိမ်းခြောက်နေတော့သည်။