အပိုင်း ၃၆.၂
Viewers 13k

Chapter 36.2

ရိုစီနာ သည် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ပြုံးလိုက်သည်။ သူမ အမေဟု ခေါ်သည့် အမျိုးသမီးက အဆုံးအထိ တစ်ကိုယ် ကောင်းဆန်နေသည်။

သူမကို သမီးတစ်ယောက်အနေနဲ့ တစ်ကယ် တွေးဖူးရဲ့လား…

သူမ အတိတ်ကို ပြန်တွေးကြည့်လိုက်သည်။အတိတ်က အမှတ်တရတွေ အားလုံးမှာ မိခင်ဖြစ်သူက သူမကို သိပ်မပြုံးပြတတ်ပေ။ သူမ သည် ကွယ်လွန်သူ ဖခင်ကိုယ်စား ငွေရှာ၍ ရလာသောအခါတွင်သာ ပြုံးပြတတ်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင်ရှိသော မိခင်ဖြစ်သူသည် ယေဘူယျအားဖြင့် သူမအား ကြိမ်းမောင်းခြင်း၊ ဆုံးမခြင်း သို့မဟုတ် သူမအား စိတ်ပျက်နေကြောင်း မကြာခဏပြောလေ့ရှိသူ ဖြစ်၏။

"ကြိုက်သလိုလုပ်ပါ..."

ရိုစီနာ ၏ တည်ငြိမ်သော အသံကြောင့် သူတို့သားအမိ တိတ်ဆိတ်သွားသည်။ မည်သို့ပင်ဖြစ်စေ ဘုရင်မင်းမြတ်တို့သည် အက်စတာရော့မိသားစု၏ နောက်ခံသမိုင်းကြောင်းကို စစ်ဆေးပြီးမှ လက်ထပ်ရန် လက်ခံကြမည် ဖြစ်သည်။ထို့အပြင် ရာဟန် သည် အရာအားလုံးကို သိရှိထားပြီး ဖြစ်နိုင်သည်။သူမကသာ အီလီယန် နှင့်အတူ အာစတေးနီးယားကို ပြန်သွားချင်သော်လည်း သူက အတင်းဆွဲခေါ်ထားခြင်းပင်။ထို့ကြောင့် ယခုလို မဟုတ်တရုတ် ခြိမ်းခြောက်မှုတွေနှင့် သူမကို ဆွဲချလို့မရပေ။ထို့အပြင် ယခုလို ပြောထွက်သည့် မိသားစုဝင်များအတွက် သူမ စိတ်ပြတ်၍ ရသွားသည်။

စကားသံများ တိတ်ဆိတ်နေချိန်တွင် သူမသည် တွေးထားသည့်အတိုင်း လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် မစွန့်လွှတ်နိုင်ခဲ့သည့် သံယောဇဉ်တွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တော့၏။

"အမေက ကျွန်မကို သမီးတစ်ယောက်လို့ သတ်မှတ်ဖူးလား..."

“အို…သတ်…သတ်မှတ်ဖူးတာပေါ့"

မက်စယ်လာက အရှိုက်ကိုထိသွားသူလို မျက်လုံးပြူး၊မျက်ဆံပြူး ပြန်ဖြေလိုက်တာကြောင့် ရိုစီနာ သည်းမခံ‌နိုင်တော့။

"ကျွန်မ ဘာလို့ ဒီကိုလာရတာလဲဆိုတာ သိလား"

"ဘာလို့ လာတာလဲ... "

"ဒီနေ့ကစပြီး ကျွန်မ အက်စတာရော့ နဲ့ အဆက်အသွယ်ဖြတ်မလို့..."

အမေဖြစ်သူ ဘေးမှာ ငြိမ်သက်စွာ နားထောင်နေသည့် ရာနီယာ သည် ယပ်တောင်ကို ပစ်ချလိုက်သည်။ အံ့သြလွန်းသဖြင့် အသက်ရှူဖို့တောင် မေ့သွားပုံရသည်။

" လွန်ခဲ့တဲ့ ၇နှစ်က အိမ်က ထွက်သွားပြီးကတည်းက ရှာမတွေ့တော့ဘူးလို့ ရိုစီနာ အက်စတာရော့ကို တွေးလိုက်ကြပါ..."

သူမ အသံသည် တည်ငြိမ်မှု အပြည့်ရှိသည်။

"နောက်တော့ ကျွန်မဆီလည်း မလာနဲ့..."

"ရိုစီနာ..."

မက်စယ်လာ သည် တဆတ်ဆတ်တုန်၍ ဒေါသထွက်နေကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။

"ပြီးမှ နင် ဒီမိသားစုထဲကို ပြန်ဝင်မလာနဲ့..."

"မလာဘူး…ကျွန်မ အပြီးအပိုင် စွန့်ပစ်လိုက်ပြီ..."

ထိုအခါ မက်စယ်လာ သည် ဒေါသတကြီးဖြင့် ထိုင်ခုံမှ ခုန်ထလာသည်။ သူမသည် ယပ်တောင်ကြီးတကားကားနှင့် အော်ကြီးဟစ်ကျယ် ဒေါသပုန်ထနေတော့သည်။

"နင်က တစ်ကိုယ်ကောင်းဆန်တဲ့ ‌သမီးပဲ…နင်က ကိုယ့်ကိုယ်ကိုပဲ အမြဲတွေးပေးတတ်တဲ့သူပဲ..."

မက်စယ်လာ သည် သူမ၏ လည်ပင်းမှ သွေးကြောတို့ ပေါက်ထွက်လာမတတ် အသံကျယ်ကြီးနှင့် အော်ဟစ်နေလေသည်။

"မင်းသားရဲ့ မိန်းမဖြစ်ရတာ ဘာများကောင်းလို့လဲ..."

ထိုသို့ပြောရင်းဆိုရင်း သူမ သည် လက်ထဲမှ ယပ်တောင်ကို ရိုစီနာ အား ပစ်ပေါက်လိုက်ရာ ယပ်တောင်က ရိုစီနာ၏ ရင်ဘတ်ကို ထိပြီး ဒေါက်ကနဲကြမ်းပြင်ပေါ် ပြန်ပြုတ်ကျသွား၏။

ထိုအချိန်မှာပင်...

“!”

အေးစက်သည့် အရာတစ်ခုခုက မက်စယ်လာ ၏လည်ပင်းကို လာထိသွားသည်။ ရိုစီနာ နောက်မှာရပ်နေသည့် အိုင်းဆက် က သူ့ဓားကို ချက်ချင်းထုတ်လိုက်ပြီး မက်စယ်လာ ကို ချိန်ရွယ်လိုက်ခြင်း ဖြစ်သည်။ ထို့‌နောက် သူက အေးစက်စက်ပြန်ပြောလိုက်သည်။

“မင်းသမီးကို မထီမဲ့မြင်မပြုနဲ့...”

ဧည့်ခန်းထဲက လူတိုင်း အသက်ရှုကြပ်သွားကြသည်။မယ်စယ်လာ၏ လည်ပင်းထက်တွင် စောင်းတင်နေသောဓားသည် နေရောင်အောင်တွင် တောက်ပနေ၏။သူမ နည်းနည်းလှုပ်လိုက်လျှင်တောင် ပြတ်တော့မလို ဖြစ်နေသည်။ ဓားကို ရုတ်တရက် ထိုးလာကြောင့် သူမ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

“ရို…ရို…”

အံ့အားသင့်သွားသော သူမသည် အသက်ကိုအောင့်ထားရင်း ရိုစီနာ အား ခေါ်ရန် ကြိုးစားခဲ့သည်။ သို့သော် အသံက ကောင်းကောင်း ထွက်မလာပေ။

“တော်ဝင်မိသားစုကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ အပြစ်က… ကွပ်မျက်မှုပဲ… ဒါပေမယ့် ... သခင်မရဲ့ ဆန္ဒအတိုင်းပဲ ကျွန်တော် လုပ်ပါ့မယ်..."

ဓားကို ချိန်ရွယ်နေသော အိုင်းဆက် သည် ရိုစီနာ ကို ကြည့်လိုက်သည်။ ရိုစီနာ သည်လည်း အံ့အားသင့်သွားကာ အသက်ရှူမဝတော့ပေ။စကားပြောသံများ ကျယ်လောင်လာသည်နှင့်အမျှ သူမ နောက်တွင် အိုင်းဆက် ရပ်နေသည်ကို သူမ မေ့သွားခြင်း ဖြစ်သည်။

"ဓားကိုချလိုက်ပါ..."

ထိုအခါ အိုင်းဆက် ၏ ဓားဖျားသည် သူမ အသံကြောင့် တစ်ချက် တုန်ခါသွားပြီး ချက်ချင်း ပြန်ရုတ်လိုက်၏။ ထိုမှသာ မက်စယ်လာ သည် ပြန်လည် အသက်ဝင်လာရတော့သည်။ အကြောက်တရားမျနှင့် ပြည့်နှက်နေသည့် သူမ မျက်လုံးထဲက မျက်ရည်တွေလည်း စီးကျလာရသည်။ ဘေးမှကြည့်နေသော ရာနီယာ မှာ ခြေထောက်များ အားပျော့သွားကာ ပုံကနဲ လဲကျသွားသည်။

သို့သော်လည်း ရိုစီနာက တည်ငြိမ်မှုအပြည့်နှင့် သူစိမ်းတွေကိုကြည့်နေသလိုမျိုး ပြောလိုက်သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မေ့ထားလိုက်မယ်… ဒါပေမယ့် ထပ်ဖြစ်လာရင်..."

ထို့နောက် သူမက သားအမိနှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်သည်။

"တော်ဝင်ဥပဒေနဲ့ပဲ ဖြေရှင်းမယ်..."

ခံစားချက်မရှိ အေးစက်နေသောသူမ၏ မျက်လုံးများကိုကြည့်ကာ မက်စယ်လာ နှင့် ရာနီယာ တို့ အသက်ရှုရပ်မတတ်ပင်။ သူတို့မိသားစု နာမည်ကို စွန့်ပစ်ပြီး နာမည်အသစ် ပြောင်းလိုက်လျှင်တောင် ရိုစီနာ က နောက်မဆုတ်တော့ဘူးဆိုတာကို သူတို့ သဘောပေါက်သွားသည်။

"ကျွန်မ ကိစ္စပြီးသွားပြီမို့ သွားတော့မယ်..."

ထို့နောက် သူမသည် တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရာ အိုင်းဆက်က လည်း အရိပ်လို လိုက်လာလေ၏။ စင်္ကြံဆီသို့ မသွားမီ သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် နောက်ပြန်လှည့်လိုက်သည်။

"အင်း…ကျွန်မ မသွားခင် စံအိမ်ကြီးကို ကြည့်ချင်သေးတယ်…အဆင်ပြေတယ် မဟုတ်လား..."

မက်စယ်လာ နှင့် ရာနီယာ တို့သည် ပါးစပ်မဟ,နိုင်ဘဲ ခေါင်းညိတ်ပြကြသည်။ အကယ်၍ သူတို့သာ ငြင်းဆိုလိုက်လျှင် သူမ နောက်မှာရပ်နေသည့် အိုင်းဆက်က နောက်တစ်ကြိမ် ဓားနှင့် ပြန်ရွယ်ထားနိုင်ဖွယ် ရှိသည်။

ထို့နောက် ရိုစီနာ သည် ဧည့်ခန်းတံခါးကို ပိတ်လိုက်ပြီး ကြောက်လန့်နေသော အမျိုးသမီးများကို ချန်ထားခဲ့လိုက်သည်။ တံခါးပိတ်သံနှင့်အတူ နေရာလွတ်ကို နှစ်ပိုင်းခွဲလိုက်တာကြောင့်ယခုကစပြီး သူမ နှင့် ဘာမှမဆိုင်သော အမျိုးသမီး နှစ်ယောက် တစ်ဖက်ဧည့်ခန်းထဲတွင် ရှိနေသည်။

“…ဟား”

သူမ သက်ပြင်းမောကြီး ချလိုက်ရ၏။ယခုတာ့ သူမ ပြောချင်သမျှကို ပြောပစ်ခဲ့ပြီဖြစ်ကာ မိသားစုနှင့်လည်း နောက်ထပ် ပတ်သတ်စရာမလိုတော့။ အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးတာကြောင့် သူမ စိတ်ထဲ ဘာမှ မခံစားရလောက်ဟု ထင်ခဲ့ထားသော်လည်း ရင်ဘတ်တစ်ဖက်ခြမ်းက ပြုတ်ကျလာသလိုပင်။ ထို့နောက် သူမသည် တံခါးကို အကြာကြီး ကြည့်ပြီး လှည့်ထွက်သွားသည်။ လူသူကင်းမဲ့နေသည့် ခန်းမကြီးတစ်ခုထဲကို လျှောက်သွားရင်း အိုင်းဆက်က စကားဆိုလာသည်။

"အဆင်ပြေရဲ့လား..."

"ဟုတ်ကဲ့… ကျွန်မ အဆင်ပြေပါတယ်..."

အိုင်းဆက် တုံ့ဆိုင်းသွားသည်။ သူသည် ထရိအက် သူရဲကောင်းများ ၏ အဖွဲ့ဝင်များကြားတွင် မိန်းကလေးများ၏ စိတ်နေစိတ်ထားကို အတော်သိသူဟု နာမည်ကြီးသော်လည်း ယခုတော့ ဘာပြောလို့ပြောရမှန်း မသိပေ။ သူစိတ်ရှုပ်နေချိန်မှာ ရှေ့ကလျှောက်နေသည့် ရိုစီနာ က မေးလိုက်သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ရှင် သူ့ကို ပြောပြမှာလား..."

“…..”

အိုင်းဆက် တိတ်ဆိတ်သွား၏။ ထုံးစံအတိုင်း သတင်းပို့ရမည် ဖြစ်သည်။ငြင်းခုံရန်ဖြစ်ကြသည့်အပြင် ရိုစီနာ သည် အကြွေးများနှင့် ရင်ဆိုင်ခဲ့ရသည့် အကြောင်းကိုလည်း ပြောပြရပေမည်။ ထိုအခါ ရာဟန် ဒေါသထွက်သွားနိုင်ပြီး မြို့စားမင်း မိသားစုကို ဇောက်ထိုးလှန်ပစ်ဖို့တောင် ကြိုးစားလိမ့်မည်။

"သူ့ကို လျှို့ဝှက်ထားစေချင်တယ်..."

အိုင်းဆက်သည် သူမ အသံတိုးတိုးလေးကြောင့် တုန်လှုပ်သွားသည်။ သို့သော်လည်း သူမ မျက်လုံးတွေကို ကြည့်လိုက်သည်နှင့် ဟုတ်ကဲ့ ဟုပြောဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့။ ထို့နောက် အိုင်းဆက် သည် ရှေ့သို့ လျှောက်သွားရင်း သူမ နောက်ကျောကို ကြည့်လိုက်သည်။ သူမသည် ဘာမှမဖြစ်သလို အသာအယာ လမ်းလျှောက်နေသော်လည်း အထီးကျန်နေပုံရသည်။ထို့ကြောင့် သူမသည် ရာဟန် ကို တစ်ခါလောက် အားကိုးစေချင်မိသည်။

"သခင်မလေး..."

ခန်းမ၏အဆုံးတွင်၊အိမ်တော်ထိန်း အဘိုးက ရိုစီနာ ကိုခေါ်လိုက်သည်။သူမလည်း အံဩဝမ်းသာစွာ အဘိုးကို နှုတ်ဆက်လိုက်လေသည်။ဤအိမ်ကြီးထဲမှာ သူမ ယုံကြည်၍ရသော တစ်ဦးတည်းသော သူမှာ အဘိုးပင်ဖြစ်သည်။

"အဘိုးက သခင်မလေး မင်းကိုစောင့်နေတာ"

"သမီးကို စောင့်နေတယ် ဟုတ်လား..."

"ကျေးဇူးပြုပြီး အဘိုးနောက်ကို လိုက်ခဲ့ပါလား..."

ရိုစီနာ သည် မေးခွန်းမထုတ်ဘဲ သူ့နောက်ကို လိုက်သွားခဲ့သည်။ ခန်းမအောက်သို့ လျှောက်လာစဉ် သူမသည် အဘိုးကို သေချာကြည့်လိုက်သည်။ အချိန်တွေသာ ကုန်သွားတာကြောင့် အဘိုးလည်း ပြောင်းလဲသွားပေသည်။ အရေးအကြောင်းတွေက ပိုသိသာလာပြီး ဆံပင်လည်း ပိုဖြူလာသည်။

"သခင်မလေး မရှိတော့ အဘိုး အရမ်း အထီးကျန်တာပဲ..."

"…တောင်းပန်ပါတယ်"

"ဟုတ်တယ်…သခင်မလေး အိမ်ထဲက ထွက်သွားတာ အိမ်ကြီးတစ်ခုလုံးး လစ်ဟာသွားတယ်..."

ရိုစီနာလည်း စိတ်မကောင်းဖြစ်ရုံတစ်ပါး မတတ်နိုင်တော့ပေ။အဘိုးသည် ခန်းမ၏ အောက်ဘက်သို့ လှေကားဖြင့် ဆင်းသွားလိုက်သည်။ တတိယထပ်သည် ရိုစီနာ ၏ဖခင် မြို့စားမင်း ဖီလီယန် အက်စတာရော့ အသုံးပြုသည့် နေရာဖြစ်သည်။ ဖခင်ဆုံးပါးသွားပြီးနောက် သူမ သိပ်မရောက်ဖြစ်တော့ပေ။ တတိယထပ်ကို တက်သွားသောအခါ သူမ၏ နှလုံးခုန်သံများ စတင်ကျယ်လောင်လာရသည်။

"တတိယထပ်ကို လက်ရှိ မြို့စားမင်က သုံးပေမယ့် အရင်မြို့စားမင်း သုံးတဲ့ အခန်းလည်း ရှိသေးတယ်..."

ရိုစီနာ သည် ခန်းမပတ်ပတ်လည်ကို အရူးအမူးကြည့်နေရသဖြင့် သူ့ရှင်းပြချက်ကိုပင် ခေါင်းမညိတ်နိုင်ပေ။အဘိုးအိုက အထဲကို ဝင်လာပြီး အခန်းတစ်ခုရှေ့မှာ ရပ်လိုက်သည်။ဤအခန်းမှာ သော့ခတ်ထားပြီး သူမ အဖေဆုံးပြီးကတည်းက သော့ကို ရှာမတွေ့သည့်အတွက် ပစ်ထားခြင်းဖြစ်သည်။

"အရင် မြို့စားမင်းက အဘိုးကို ခိုင်းခဲ့တာ တစ်ခုရှိတယ်..."

" အဖေက…"

"သူ့ရဲ့ သမီးကြီး အရွယ်ရောက်ရင် ဒီဟာကို ပေးပါလို့ ပြောခဲ့ပါတယ်..."

ထို့နောက် အိမ်တော်ထိန်းသည် အလွန်သေးငယ်သော သေတ္တာတစ်ခုကို သူမအား ပေးလိုက်သည်။ ကတ္တီပါအနီစဖြင့် ထုပ်ပိုးထားသော သေတ္တာသည် ဟောင်းနွမ်းနေသော်လည်း သေချာ သိမ်းထားပုံရသည်။

"ဒါဆို အဘိုး သွားတော့မယ်…"

ထို့နောက် သူမလည်း သေတ္တာကို ဖွင့်လိုက်သည်။ ကတ္တီပါသေတ္တာသေးသေးလေးထဲမှာ သော့ကလေး တစ်ချောင်းသာ ရှိလေသည်။ ထိုအချိန်မှပင် သူမအား ဤနေရာကို အဘယ်ကြောင့် ခေါ်လာသည်ကို သိသွားရသည်။

“အဖေက ငါ့အတွက် ချန်ထားခဲ့တာပဲ…”

သော့တံသည် အလင်းရောင်အောက်တွင် တလက်လက် ဖြစ်နေသည်။ သူမ အဖေဆုံးသွားတာ ဆယ်နှစ်တောင်ရှိသွားပြီ ဖြစ်သည်။

10 နှစ်ကြာ ပိတ်ထားတဲ့ အခန်းထဲမှာ ဘာတွေရှိမလဲ…

ထို့နောက် သူမသည် တံခါးမဖွင့်မီ အိုင်းဆက်အား တောင်းဆိုလိုက်သည်။

"တောင်းပန်ပါတယ်… အပြင်မှာစောင့်လို့ရမလား…ဒီအခန်းကို ဘယ်လိုမှ သုံးလို့မရတော့ ဘယ်သူမှ ကျွန်မကို ဒုက္ခပေးမှာ မဟုတ်ပါဘူး..."

"နားလည်ပါတယ်… အဲ့ဒီအစား တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို လှမ်းခေါ်ဖို့ ‌မမေ့ပါနဲ့..."

အိုင်းဆက် နောက်ပြန်ဆုတ်သွားသည် ။

ထို့နောက် ရိုစီနာ သည် အသက်ပြင်းပြင်းရှူပြီးနောက် သော့ကို သော့ပေါက်ထဲသို့ ထည့်လိုက်သည်။ထို့နောက် အံဝင်ခွင်ကျဖြစ်သွားသော သော့ကို ဘေးတိုက်လှည့်လိုက်ရာ ချောက်ကနဲ မြည်သွား၏။ လေးလံလှသော သစ်သားတံခါးမှာ အသံ ထွက်လာပြီးနောက် အဖြူရောင် ဖုန်မှုန့်များ ပြန့်ကျဲသွားကာ လမ်းတစ်ခု ဖြစ်လာသည်။