အခန်း ၁၅ သေခြင်းတရားနှင့်ပြိုင်ဘယ်သူနိုင်
Viewers 2k

အခန်း ၁၅။ သေခြင်းတရားနှင့်ပြိုင် ဘယ်သူနိုင်

အိမ်ချင်းကအရမ်းမဝေးတာမို့ ခဏအကြာမှာ ထက်အာကာရောက်လာသည်။ သူရိန်စိုးကိုပါ ဖုန်းလှမ်းဆက်ထားသော်လည်း သူကတော့အနည်းငယ်ကြာ‌ပေဦးမည်။ ထက်အာကာသည် ဘုန်းမြတ်ပိုင်ကိုကြည့်ရင်း စိတ်ထဲမကောင်း‌ပေ။

သို့သော်လည်းဆေးရုံအမြန်ပို့ဖို့က ပိုအရေးကြီးတာကြောင့် ဘာတွေဖြစ်သည်ဆိုတာ မေးမနေ‌တော့ဘဲ စွေ့ခနဲပွေ့ချီကာ သူ့ကားဆီပြေးရသည်။ နှင်းမြတ်ပိုင်လည်း ကမန်းကတမ်း ကားတံခါးဖွင့်ပေးပြီးနောက် သူမပါ၀င်ထိုင်လိုက်ကာ အစ်ကိုဖြစ်သူ၏ကိုယ်ကို မလဲအောင်ထိန်းထားလိုက်သည်။

ထက်အာကာကတော့ အရှေ့ခန်းထဲ၀င်လိုက်ကာ ကားစက်နှိုးပြီးနောက် အနီးဆုံးဆေးရုံဆီ အသည်းအသန်မောင်းရတော့သည်။ နှင်းမြတ်ပိုင်လည်း အရေးပေါ်လူနာရှိကြောင်း ဆေးရုံကိုကြိုတင်ကာအကြောင်းကြားလိုက်သည်။

သူရိန်စိုးကိုလည်း ဖုန်းပြန်ဆက်ကာ ဆေးရုံအမည်ပြောပြီး လိုက်လာဖို့မှာလိုက်သည်။ ကံကောင်းချင်တော့ လမ်းတစ်လျှောက်လုံး တစ်နေရာမှမီးပွိုင့်မမိခဲ့။ ဆေးရုံရှေ့ရောက်ပြီး ကားရပ်လိုက်သည်နှင့် ဆရာ၀န်တစ်ချို့နှင့် သူနာပြုများ ရွေ့လျားလူနာကုတင်တွန်းကာ အမြန်ပြေးထွက်လာကြသည်။

ထို့နောက်ကားထဲမှ ဘုန်းမြတ်ပိုင်ကိုပွေ့ချီကာ ရွေ့လျားကုတင်ပေါ်တင်ပြီးနောက် ဆေးရုံထဲသို့အမြန်ဆုံး သယ်သွားကြလေသည်။ နှင်းမြတ်ပိုင်တို့ နှစ်ယောက်လည်း အနောက်မှ အပြေးလိုက်ရသည်။ ဆရာ၀န်များက လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ရန် operation roomထဲသို့ ဝင်သွားကြတာကြောင့် သူတို့နှစ်ယောက်လုံး အခန်းအပြင်မှာသာ စောင့်နေရလေသည်။

ခဏကြာတော့ လူနာကိုတာ၀န်ယူရမည့်ဆရာ၀န်က လူနာရှင်တွေကိုခေါ်တွေ့ကာ အဆိပ်တွေက ၀မ်းဗိုက်ထဲတော်တော် ရောက်ကုန်ပြီး အစာအိမ်နံရံကိုပါ ထိခိုက်ကုန်ကြောင်း၊ ဖြေဆေးထိုးရုံနှင့် မရနိုင်တာကြောင့်လူနာကိုခွဲစိတ်ရန် လိုအပ်ကြောင်း ပြောလာသည်။

နှင်းမြတ်ပိုင်လည်း အုပ်ထိန်းသူအနေနှင့် ခွဲစိတ်ခွင့်ပြုကြောင်း လက်မှတ်ထိုးပေးလိုက်ပြီးနောက် ခွဲစိတ်နေကြချိန်မှာပင် သူရိန်စိုးလည်း ရောက်လာလေသည်။

"ငပိုင်အဆင်ပြေရဲ့လား ဆရာ၀န်တွေကဘာတဲ့လဲ"

"အင်း... အဆင်ပြေသွားမှာပါ။ operationလုပ်နေတယ်"

သူငယ်ချင်းအတွက် စိုးရိမ်ပူပန်စွာ မေးလာသော သူ့ချစ်သူ၏အမေးကို ထက်အာကာကပင်ပြန်ဖြေရင်း သူ့ဘေးခုံတွင် ထိုင်စေသည်။

"ဘုရား ဘုရား ကံကောင်းလို့ ဘာမှမဖြစ်ပါစေနဲ့"

"ဘယ်လိုတွေဖြစ်ကုန်တာလဲ နှင်းမြတ်ရေ"

သူရိန်စိုးတစ်ယောက် ဘုရားတရင်း ဘေးခုံတွင်ထိုင်လိုက်သည်။ ထိုအခါမှ ထက်အာကာလည်း အကြောင်းရင်းကိုမမေးရသေးမှန်းသတိရကာ မေးလိုက်သည်။ ထိုအခါ မျက်ရည်တွေကြားထဲမှ နှင်းမြတ်ပိုင်၏ မျက်နှာမော့လာသည်။

"တစ်မနက်လုံး အခန်းအောင်းနေပြီး ထမင်းစားချိန် ရောက်နေတာတောင် အခန်းထဲကထွက်မလာလို့ သွားခေါ်တော့မှ အဟင့်... အဲဒီ့လိုဖြစ်နေတာပဲ"

"ဘာစိတ်ကူးပေါက်ပြီး ဒီလိုလုပ်ရတာလဲ ငပိုင်ရာ"

သူရိန်စိုးသည် သူငယ်ချင်းအတွက် စိတ်ထဲမကောင်းသည့်အပြင် ကိုယ်တိုင်ကလည်း စိတ်နုသူမို့ အလိုလိုမျက်ရည်တွေ ဝဲတက်လာလေသည်။

"အဟင့်ဟင့်..."

နှင်းမြတ်ပိုင်သည် အစ်ကိုဖြစ်သူကိုစိတ်ပူကာ ငိုရှိုက်မိသည်မို့ ထက်အာကာကပင် ပခုံးကိုပုတ်ကာ အားပေးလိုက်သည်။ ထို့နောက်တော့ နှင်းမြတ်ပိုင်ငိုနေသည်ကိုကြည့်ကာ သူရိန်စိုးလည်း မျက်ရည်များဝဲတက်ငိုလာတော့သည်။

"မငိုပါနဲ့နှင်းမြတ်ရယ်။ ညီရောပဲမငိုနဲ့။ သူဘာမှမဖြစ်နိုင်ပါဘူးကွာ"

ထက်အာကာကိုယ်တိုင်လည််း ၀မ်းနည်းကာမျက်ရည်၀ဲနေသည့်တိုင် နှစ်ယောက်စလုံးကို မငိုအောင်အားပေးနေရသည်။ သို့သော်လည်း အငိုမတိတ်ကြသည့်အပြင် သူ့ပုခုံးတစ်ဖက်ဆီမှီကာ ရှိုက်ငိုကြပြန်လေသည်။

သူသည်လက်တစ်ဖက်က နှင်းမြတ်ပိုင်၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်ရင်း တစ်ဖက်ကလည်း သူရိန်စိုး၏မျက်ရည်များကို သုတ်ပေးနေရလေသည်။ အခြားသူတွေအမြင်မှာတော့ အငိုသန်သည့် မောင်နှမကိုထိန်းနေရသည့် အစ်ကိုကြီးသဖွယ်။

"မငိုကြနဲ့တိတ်တိတ် သူသတိရတော့မှ ဘာလို့လုပ်တာလဲ။ ဘာပြဿနာတွေရှိလဲမေးကြတာပေါ့။ ကိုနေ့ကိုရော လာခဲ့ဖို့ဖုန်းဆက်ပြီးပြီလား"

နှင်းမြတ်ပိုင်ခေါင်းခါပြလိုက်သည်မို့ သူရိန်စိုးဖုန်းဆက်မည်ပြင်တော့ တားခံလိုက်ရသည်။

"ဘာဖြစ်လို့လဲ နှင်းမြတ်"

သူနားမလည်စွာ မေးခွန်းထုတ်တော့ နှင်းမြတ်ပိုင်က မျက်ရည်တွေကို သုတ်ပစ်ရင်းမှ ပြန်ဖြေသည်။

"ဒယ်ဒီတို့ကိစ္စတွေကြောင့် သူတို့ပြတ်သွားပြီထင်တယ်။ ဟိုနေ့ကပြဿနာတက်ကြတယ်"

"ဘာ..."

နှင်းမြတ်ပိုင်၏စကားအဆုံးတွင် ထက်အာကာရော သူရိန်စိုးပါ အံ့သြသွားမိသည်။ ယခုတော့ သူတို့သူငယ်ချင်း ဘာကြောင့်ဒီလိုလုပ်ရသည်ဆိုသည့် အကြောင်းရင်းကို ရိပ်မိလိုက်ကြချေပြီ။

"အဲဒါကြောင့်အဟင့် ကိုကိုခုလိုလုပ်တာထင်တယ် အဟင့်ဟင့်..."

"တောက် နေမဟော်... "

သည်ကိစ္စ၏တရားခံကို မှန်းဆနိုင်လိုက်ပြီဖြစ်တာကြောင့် ထက်အာကာတစ်ယောက် ခံပြင်းကာတောက်ခတ်မိသည်။ ထိုအချိန်မှာပင် operation room တံခါးပွင့်လာတော့ အခန်းထဲမှ ထွက်လာသည့် ဆရာဝန်လေးအနား သူတို့သုံးယောက်လုံးအပြေးသွားကာ အခြေအနေကိုမေးမိကြသည်။

"doctor သူ့အခြေအနေ ဘယ်လိုရှိလဲ"

"စိုးရိမ်ရတဲ့အခြေအနေတော့ ကျော်လွန်သွားပါပြီ။ ဒါပေမယ့်ကျွန်တော်တို့ လူနာရဲ့အခြေအနေကို စောင့်ကြည့်ရလိမ့်ဦးမယ်။ အဆိပ်ကချက်ချင်း သေစေနိုင်လောက်တဲ့အထိ အရမ်းမပြင်းတာမို့ ကံကောင်းစွာနဲ့ အသက်မှီသွားတယ်"ဆရာဝန်ထံမှ စကားကြားတော့မှ ရင်ထဲမှအလုံးကြီး လျော့ကျသွားကာ သက်ပြင်းကိုယ်စီချမိကြသည်။


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် doctor"

"nurseတွေက လူနာကို လုံခြုံစိတ်ချရတဲ့အခန်းဆီ ရွှေ့ပေးပါလိမ့်မယ်။ လူနာနဲ့ပတ်သတ်ပြီး မေးစရာလေးတစ်ချို့ရှိလို့ လူနာရှင်တစ်ယောက် ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ"

"ဟုတ်ကဲ့ ကျွန်မလိုက်ခဲ့ပါ့မယ်။ အစ်ကိုတို့က ကိုကိုနဲ့ခဏနေခဲ့ပေးပါဦးနော်"

"ok နှင်းမြတ်။ ဒီဘက်ကို စိတ်မပူနဲ့"

နှင်းမြတ်ပိုင် အကူအညီတောင်းလိုက်တော့ နှစ်ယောက်လုံးခေါင်းညိတ််ကာ ပြန်ဖြေသည်။ ထို့ကြောင့် သူမလည်း ဆရာဝန်လေး၏ အနောက်မှလိုက်သွားလေသည်။


လူနာအဆောင်များကိုကျော်ဖြတ်ကာ လျှောက်လာခဲ့ကြပြီးနောက် Dr. Nay Thu Ra(...) ဟူသည့် အမည်ကဒ်ပြားလေး ရှိသည့်အခန်းရှေ့ရောက်တော့ ဆရာဝန်လေးက တံခါးဖွင့်ကာအခန်းထဲ၀င်သည်။

နှင်းမြတ်ပိုင်လည်း ၀င်လာပြီးနောက် တံခါးကိုအသာအယာ ပြန်စေ့ပိတ်လိုက်သည်။ ထို့နောက် အခန်းထဲကိုမျက်လုံးဝေ့ကာ ကြည့်လိုက်တော့ ရုံးခန်းလေးက သန့်ရှင်းကာ သပ်ရပ်နေ‌‌သည်။

"ထိုင်ပါဦး ညီမ"

"ဟုတ်ကဲ့doctor"

ဒေါက်တာနေသူရ‌ပြောတော့ နှင်းမြတ်ပိုင်လည်း ခုံမှာ၀င်ထိုင်လိုက်သည်။ ထို့နောက်ပြောမည့်စကားတို့ကို နားထောင်လိုက်သည်။

"လူနာအတွက်ဆေးစာ ရေးပေးလိုက်မယ်။ အောက်ထပ်မှာ သွား၀ယ်ပြီးတော့ အချိန်မှန်မှန်တိုက်ပေးပါ။ အစာကတော့ စွပ်ပြုတ်အရည်လေးလောက်ပဲတိုက်ပါ။ သုံးရက်လောက်နေရင်တော့ ဆန်ပြုတ်စကျွေးလို့ရပါပြီ"

"ဟုတ်ကဲ့"

နှင်းမြတ်ပိုင်သည် ဆရာ၀န်၏မှာကြားချက်များကို အသေအချာမှတ်သား‌ပြီးနောက် ဆေးစာကိုယူလိုက်သည်။ ဒေါက်တာနေသူရလည်း လူနာအမည်၊ အသက်၊ နေရပ်လိပ်စာတို့ကိုမေးကာ စာရင်းဖြည့်လေသည်။ ပြီးနောက်မှ အခြားကျန်သည့်အရာများကို ဆက်မေးသည်။

"လူနာနဲ့ ဒီကညီမက..."

"မောင်နှမတွေပါdoctor"

"လူနာအဆိပ်မိတာကို ဘယ်လိုသိတာလဲ"

"မနက်စာစားဖို့ သွားခေါ်ချိန်မှာ သိတာပါရှင့်။ သိသိချင်း သူငယ်ချင်းတွေကိုခေါ်ပြီး ဒီကိုအမြန်ဆုံးလာခဲ့တာပါ"

"လူနာက လုပ်ကြံခံရတဲ့ ပုံစံမျိုးတော့မတွေ့ရတာမို့ ကျွန်တော်တို့အနေနဲ့ကိုယ့်ကိုယ်ကို ကြံစည်မှုလို့မှတ်ချက်ချထားတယ်"

"ဟုတ်ကဲ့"

မေးခွန်းတိုင်းကိုပြန်ဖြေရင်း နှင်းမြတ်ပိုင် သက်ပြင်းချမိတော့ ဒေါက်တာနေသူရကတော့ မေးရသည့် အကြောင်းရင်းကို ရှင်းပြလေသည်။

"သြော်ဒီလိုပါခင်ဗျ သူတစ်ပါးလုပ်ကြံတာခံရတယ်လို့ ကျွန်တော်တို့ဆေးစစ်ချက်မှာ သံသယဖြစ်ရင် ရဲဌာနကိုသတင်းပို့ရမှာပါ ဒါကြောင့် လူနာရှင်ဖြစ်တဲ့ ညီမကိုမေးရတာပါ"

"ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ် doctor"

"အခုတစ်လောလူနာမှာ စိတ်ဖိစီးတာမျိုး ဖြစ်တာတွေ့ရတတ်လား"

"ဟုတ်ကဲ့။ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့် တစ်ခါတစ်လေငိုနေတတ်ပါတယ်။ ဒါပေမယ့်အခုလို လုပ်တဲ့အထိဖြစ်သွားလိမ့်မယ်လို့တော့ မ‌သိခဲ့ပါဘူး"

"အရမ်းလည်းစိတ်မကောင်းမဖြစ်ပါနဲ့။ စိတ်ချရတဲ့ အနေအထားဖြစ်သွားပြီမို့လို့ အမြန်ဆုံးသတိရလာမှာပါ။ အရေးကြီးတာက ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်မဖြစ်အောင် လူနာကိုစောင့်ကြည့်နေဖို့ပါ။ အဲဒါပါပဲ"

"ဟုတ်ကဲ့doctor ဒါဆိုသွားခွင့်ပြုပါဦးနော်"

"ကောင်းပါပြီ။ လူနာလည်း အမြန်ဆုံးသတိရပါစေဗျာ"

ဒေါက်တာနေသူရ၏ ဆုတောင်းစကားအဆုံးမှာ နှင်းမြတ်ပိုင်တစ်ယောက် ကျေးဇူးတင်စကားပြောပြီးနောက် ဆေးစာရွက်နှင့်အတူ ပြန်လာခဲ့သည်။

*********

VIP လူနာခန်းအတွင်းရှိ လူနာကုတင်ပေါ်တွင် ဘုန်းမြတ်ပိုင်တစ်ယောက် ဆေးပိုက်များတန်းလန်းနှင့် လဲလျောင်းနေသည်။ သတိလစ်နေဆဲမို့ မျက်၀န်းများက စေ့ပိတ်နေဆဲ။ ယခင်က ပန်းရောင်သမ်းနေသည့်နှုတ်ခမ်းတစ်စုံဟာ ဖြူဖျော့နေလေပြီ။ ကုတင်ဘေးတွင်ထိုင်နေသည့် သူရိန်စိုးကတော့ ဘုန်းမြတ်ပိုင်၏ လက်လေးတစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ထားမိသည်။

"သူတစ်ယောက်ထဲ ဘယ်လောက်တောင်မှ စိတ်တွေပင်ပန်းနေခဲ့မလဲ"

ခပ်တိုးတိုးရေရွတ်မိတော့ နံဘေးမှလူက ပခုံးတစ်ဖက်ကိုပုတ်ကာ နှစ်သိမ့်အားပေးလာသည်။ သို့သော်သူလည်းရင်ထဲမှာ မချိတင်ကဲဖြစ်နေဆဲ။

"ရင်ဖွင့်စရာ ငါတို့ရှိပါရက်နဲ့ ဘာလို့များဒီလိုလုပ်ရတာလဲ ငပိုင်ရာ"

"သတ်သေဖို့အထိတောင် ကြိုးစားခဲ့တာဆိုတော့ သူဘယ်လောက်တောင် ပူဆွေးနေခဲ့မလဲ"

ထက်အာကာလည်း စိတ်မကောင်းစွာပြောတော့ စိတ်နုသူ သူရိန်စိုးတစ်ယောက် မျက်ရည်တို့ ရစ်၀ိုင်းလာပြန်လေသည်။

"ဟုတ်တယ်။ သူတစ်ယောက်ထဲ ကြိတ်၀မ်းနည်းနေခဲ့ရှာမှာ။ ထပါတော့ငပိုင်ရယ် ဆက်မအိပ်ပါနဲ့တော့။ အကြာကြီးအိပ်နေလို့မဖြစ်ဘူးလေ။ သတိရပါတော့ကွာ"

သူရိန်စိုးသည် ဘုန်းမြတ်ပိုင်၏လက်ဖဝါးနှစ်ဖက်ကိုဆုပ်ကိုင်ရင်း အမြန်ဆုံးသတိရ‌စေဖို့ စကားတွေပြောနေမိသည်။ ထိုအချိန်မှာပင် နှင်းမြတ်ပိုင် ပြန်ရောက်လာလေသည်။

"ဟောနှင်းမြတ်ပြန်လာပြီ"

ထက်အာကာဆီက အသံကြားလိုက်တော့ သူရိန်စိုးလည်း မျက်ရည်ဝဲနေသည့်မျက်လုံးအစုံကို လက်ခုံဖြင့်ကမန်းကတန်း သုတ်ပစ်လိုက်သည်။ သူတို့လို ဘေးကလူတွေတောင်မှ သည်မျှခံစားနေရလျှင် ညီမဖြစ်သူဆိုလျှင် ပိုဆိုးပေတော့မည်။

"နှင်းမြတ်... doctorကဘာတဲ့လဲ"

"အရမ်းကြီးစိုးရိမ်ဖို့မလိုဘူး မကြာခင်သတိရမှာပါတဲ့။ ဆေးစာရေးပေးလိုက်တယ်"

နှင်းမြတ်ပိုင်သည် သက်ပြင်းမောကို ခပ်ဖြည်းဖြည်းချရင်းပြန်ဖြေကာ ကုတင်ပေါ်တွင် ဘေးတစောင်းလေး၀င်ထိုင်လိုက်သည်။

"ဒီလိုလုပ်လိုက်လို့ရော ကိုနေ့အမုန်းတွေက ကြေပျက်ကုန်မှာမို့လားကိုကိုရယ်"နှင်းမြတ်ပိုင်သည် ဘုန်းမြတ်ပိုင်၏ မျက်နှာပေါ်တင်နေသည့် ဆံပင်လေးများကို အသာလေးသပ်တင်ပေးရင်း ခပ်တိုးတိုးပြောမိသည်။ မျက်၀န်းမှာတော့ မျက်ရည်ဥတို့က စိတ်တင်းထားသည့်တိုင် ခိုတွဲလို့ရယ်။

"နှင်းမြတ် မနက်စာ မစားရသေးဘူး မဟုတ်လား"

"ဟုတ် မစားရသေးဘူး။ အစ်ကိုတို့လည်း မစားရသေးဘူးမလား။ ၁၁နာရီတောင်ထိုးပြီ ဆာနေကြရောပေါ့"

သူရိန်စိုးလည်း နှင်းမြတ်ပိုင်ပြောကာမှ သတိရလေသည်။ မနက်ကသောက်ထားသည့် ကော်ဖီတစ်ခွက်နှင့် ကိတ်မုန့်တစ်ချို့က ယခုတော့ဘယ်နံကြား ကပ်သွားပြီလဲမသိတော့။ ပြန်တွေးမိတော့ ဗိုက်ထဲဆာလာသလိုလို။

"ကိုယ်တို့ကရတယ်။ အိမ်ကို ဖုန်းဆက်ပြီးလာပို့ခိုင်းလိုက်မယ်။ နှင်းမြတ်လည်း ဆာနေလောက်ရောပေါ့"

"ဟို... သိပ်တော့မဆာပါဘူး။ ဒါပေမယ့်ကိုကိုနိုးရင်တိုက်ရအောင် စွပ်ပြုတ်လေးတည်ဖို့တော့ အိမ်ခဏပြန််ချင်တယ်"

"အင်းရတယ်လေနှင်းမြတ်ရဲ့။ အစ်ကိုလိုက်ပို့မယ် ညီရောဗိုက်ဆာနေပြီလား"

"အင်း... နည်းနည်းတော့ဆာသလိုလို..."

သူရိန်စိုးသည် သူ့ဗိုက်ကလေးကိုပွတ်ရင်း ခေါင်းညိတ်ကာပြန်ဖြေလေသည်။ ထို့နောက်ရုတ်တရက်ပင် ထက်အာကာက သူရိန်စိုး၏နဖူးလေးကို ငုံ့ကာနမ်းလိုက်သည်။

"အိမ်ကိုဖုန်းဆက်ပြီး လာပို့ခိုင်းလိုက်မယ်နော်။ ရောက်လာရင်စားနှင့်"

နှင်းမြတ်ပိုင်ရှေ့မှာတင် နမ်းလိုက်တာမို့ သူရှက်သွားမိသည်မှာ ပန်းရောင်သမ်းသွားသည့် ပါးမို့လေးတွေက သက်သေပင်။ fujoshiမမကတော့ ယောင်ယောင်လေးသာ ပြုံး၍ကြည့်နေလေသည်။ ရင်ထဲမကောင်းနေချိန်မို့ အခါတိုင်းလို "အသည်းယားလိုက်တာဟယ်"ဟုပင် မအော်နိုင်တော့။

********

နှင်းမြတ်ပိုင်ကို အိမ်သို့ပြန်ပို့ပေးပြီးနောက် ထက်အာကာတစ်ယောက် နေမဟော့်ထံဖုန်းဆက်ကာ အခုဘယ်မှာရှိ‌နေလဲသိစေရန်မေးလိုက်သည်။ ရုံးမှာဟုပြန်ဖြေတာကြောင့် နှင်းမြတ်ပိုင်ကို အိမ်မှာထားခဲ့ပြီး ပြန်လာခေါ်မည်ဆိုကာ ကားကိုထိုနေရာဆီ ဦးတည်လိုက်သည်။

'Min Mahaw' hotel group သို့ရောက်သည်နှင့် ထက်အာကာသည် သူ့ကားကို parking မြန်မြန်ထိုးပြီးနောက် ၀င်သွားလိုက်ကာ receptionတွင် နေမဟော့်ရုံးခန်းဘယ်မှာရှိသလဲဆိုတာ မေးလိုက်သည်။

"ဧည့်သည် MDနဲ့တွေ့ဖို့ ကြိုချိန်းထားပါသလားရှင်"

"စောစောကပဲ ဖုန်းဆက်ထားတယ်"

"ဒါပေမယ့် ကျွန်မတို့ကို ဧည့်သည်လာမယ်ဆိုတာ အသိမပေးထားပါဘူးရှင့်။ ခဏစောင့်ပေးပါနော် လှမ်းမေးပေးပါ့မယ်"

"ကျစ်... အရေးမဟုတ်တာတွေ"

စိတ်တိုနေတာကြောင့် ထက်အာကာတစ်ယောက် စိတ်မရှည်စွာ ခပ်တိုးတိုးဆဲရေးရင်း ဆက်သွယ်ပေးနေသည်ကိုသာ စောင့်နေလိုက်ရတော့သည်။ ခဏအကြာမှာတော့ ဧည့်ကြိုဝန်ထမ်းက ခွင့်ပြုလိုက်ကြောင်းပြန်ပြောလေသည်။

"MDက တွေ့ဖို့ခွင့်ပြုပါတယ်တဲ့။ ဒီအတိုင်းတည့်တည့်လျှောက်သွားပြီး လမ်းဆုံးရင် ညာဘက်ချိုးလိုက်ပါနော်"

ထက်အာကာတစ်ယောက် ညွှန်ပြသည့်အတိုင်း လျှောက်လာပြီးနောက် နေမဟော့်အခန်းကိုတွေ့တော့ တံခါးပင်မခေါက်တော့ဘဲ ၀င်သွားလိုက်သည်။ ထိုအချိန်မှာပင် ရုတ်တရက်မြင်လိုက်ရသည့် အခန်းထဲမှမြင်ကွင်းက သူ့ဒေါသကိုအဆုံးစွန်ထိ မြင့်တက်သွားစေသည်။

နေမဟော်က မေမာယာ့မျက်နှာကို လက်နှစ်ဖက်နှင့်ကိုင်ကာ နမ်းနေဟန်ရပြီး တံခါးဖွင့်သံကြားတာကြောင့် လန့်ဖြန့်ကာလူချင်းခွာလိုက်သည်။ ထို့ကြောင့် ထက်အာကာတစ်ယောက် ဒေါသထွက်ကာ နေမဟော့်ဆီပြေးသွားပြီး မျက်နှာကိုလက်သီးဖြင့် ထိုးချလိုက်လေတော့သည်။

"ဟိုမှာလူတစ်ယောက်လုံး သေကောင်ပေါင်းလဲဖြစ်နေချိန် မင်းကတော့ သူနဲ့ပျော်ပါးနေနိုင်သေးတယ်ပေါ့လေ။ မင်းအမုန်းတွေကို မခံစားနိုင်တော့လို့ သတ်သေဖို့အထိကြံစည်တဲ့သူကိုမှ အားမနာ မင်းမို့လို့လုပ်ရက်တယ်ကွာ။ ပြောတော့ ငပိုင့်ကိုချစ်လှပါချည်ရဲ့ဆို တောက်... အခုမှပဲမင်းက စားပြီးနားမလည် လုပ်တတ်တဲ့ကောင်မှန်းသိတော့တယ်။ မင်းကသူ့အချစ်နဲ့လုံးဝ မတန်ဘူးကွ"

ထက်အာကာတစ်ယောက် ဒေါသထွက်ထွက်နှင့် မျိုးစုံဆဲရေးရင်း နေမဟော့်မျက်နှာကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထိုးလေတော့သည်။ မေမာ
ယာလည်း ဘာလုပ်ရမှန်းမသိဘဲ ကြောင်အနေမိတော့သည်။

********


ထို့နောက်သတိ၀င်လာပြီး သူတို့နှစ်ယောက်ကို လူချင်းခွဲ‌ပေးသော်လည်းမရပေ။ ထက်အာကာတစ်ယောက် စိတ်တိုတိုနှင့် အတင်း၀င်ဆွဲနေသည့် မေမာယာ့ကို ဆောင့်တွန်းလိုက်ပြီးကာမှ နေမဟော့်ကို လွှတ်ပေးလိုက်သည်။

ဆောင့်တွန်းလိုက်သည့် အရှိန်ကြောင့် စားပွဲခုံစောင်းနှင့် မေမာယာ့ခေါင်းမှာလည်း မိတ်ဆက်သွားလေသည်။ သူမခေါင်းကိုကိုင်လိုက်ပြီးနောက် လက်ကိုပြန်ကြည့်တော့ သွေးစတစ်ချို့က ကပ်ပါလာသည်မို့ ဒေါသထွက်ကာပါးရိုက်ရန် လက်ရွယ်လိုက်လေသည်။

"မင်းငါ့ကို ရိုက်ရဲရင်ရိုက်ကြည့်လိုက်လေ မေမာယာ။ ဒီနေရာမှာတင် မင်းကိုငါသတ်ရဲတယ်နော်"

ထက်အာကာက သူမကိုစိုက်ကြည့်ပြီး အံကြိတ်သံနှင့်ပြောတာမို့ တုန်တက်သွားရသည်။ နေမဟော်လည်း မေမာယာ့ကိုထွက်သွားရန် မျက်နှာရိပ်ပြလိုက်ရသည်။ ထိုအခါမှ မေမာယာလည်း သွေးထွက်နေသည့်ခေါင်းကိုအုပ်ကိုင်ကာ ထွက်သွားဖို့ပြင်လိုက်တော့သည်။

"ဆေးခန်းသွားဖြစ်အောင်သွားလိုက်ဦး"

နေမဟော်ပြောလိုက်တော့ အခန်းအ၀သို့ ရောက်နေပြီဖြစ်သည့် မေမာယာပြန်လှည့်ကြည့်ကာ ခေါင်းငြိတ်ပြသည်။ မျက်နှာမှာတော့ မကျေနပ်မှုများ ရှိနေဆဲ။

"ဟိုမှာ သေမလိုဖြစ်နေတဲ့သူကိုတော့ စိတ်မပူဘူး။ ခေါင်းလေးပေါက်ရုံလောက်ကို တော်တော်စိတ်ပူနေတယ်ပေါ့"ထက်အာကာက မေမာယာ့ကို သံယောဇဉ်မပြတ်ဖြစ်နေသည့် နေမဟော့်မျက်နှာကို ခွပ်ခနဲမြည်‌အောင် နောက်တစ်ကြိမ် ခပ်ပြင်းပြင်ထိုးလိုက်သည်မို့ ကြမ်းပြင်ပေါ် လဲကျသွားရတော့သည်။ သိုသော်လည်း နေမဟော်က အမှုမထားဟန်ဖြင့် ကွဲသွားသည့် နှုတ်ခမ်းထောင့်မှ ထွက်လာသည့်သွေးတို့ကို လက်ခုံနှင့်သုတ်ပစ်ရင်း မတ်တပ်ပြန်ရပ်လိုက်သည်။

ထက်အာကာ နောက်တစ်ကြိမ်ထိုးရန် လက်ရွယ်လိုက်သော်လည်း နေမဟော်ပြန်ဆောင့်တွန်းလိုက်တာကြောင့် နှစ်ယောက်သား လူချင်းကွဲသွားသည်။

"မင်းငပိုင့်ကို ဘာတွေပြောလိုက်တာလဲ။ မိဘတွေကြောင့်နဲ့ မင်းတို့လမ်းခွဲစရာလိုလို့လား။ အခုငပိုင်ဘာဖြစ်နေပြီလဲ မင်းသိလား ဟမ်...။ သူအခုဆေးရုံမှာကွ။ ဘာလို့ဆေးရုံရောက်နေတာလဲ ဆိုတာရောသိချင်လား။ မင်းအမုန်းတွေကို မခံစားနိုင်တော့လို့တဲ့။ အဆိပ်သောက်ပြီး သတ်သေဖို့လုပ်ခဲ့တာလေ"

"ဘာ... မင်းဘာပြောလိုက်တယ်"

နေမဟော်သည် ရုတ်တရက်ကြားလိုက်ရသည့်စကားကြောင့် အံ့အားသင့်ကာ ကြက်သေသေနေမိသည်။ ထို့ကြောင့် ထက်အာကာ၏ လည်ပင်းကော်လံကိုပြန်ဆွဲရင်း နားကြားမှားသလားအထင်နှင့် ပြန်မေးလိုက်သည်။

"ဟက် သိတောင်သိချင်ပါ့မလားလို့။ ဟုတ်တယ် ငပိုင်အဆိပ်သောက်ပြီးသေဖို့လုပ်ခဲ့တယ်"

ထက်အာကာပြန်ဖြေလိုက်သည့် စကားအဆုံးမှာတော့ နေမဟော်တစ်ယောက် ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားရပါတော့သည်။

"မင်းဘာလို့ ငပိုင့်ကိုထားခဲ့တာလဲ။ သူဘယ်လောက် ခံစားရမလဲဆိုတာ မင်းမသိဘူးလား။ သူမင်းကိုဘယ်လောက်ချစ်လဲ မင်းမသိလို့လား"

ထက်အာကာသည် နေမဟော့်ကိုစူးရဲစွာကြည့်ရင်း ဆူပူလေသည်။

"ငါကရော သူ့ကိုမချစ်တော့လို့ လမ်းခွဲဖို့လုပ်တယ်ထင်နေလား။ မိဘတွေကြောင့် လမ်းခွဲဖို့ကြိုးစားခဲ့ပေမယ့် ငါသူ့ကိုမုန်းလို့မရဘူး။ ဒါပေမယ့် ငါတို့လမ်းခွဲမှဖြစ်မှာကွ"

"ဟက်... ဘာလဲ မိဘပေးစားတဲ့သူနဲ့ ယူရမှာမို့လို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲ မဟုတ်..."

"မဟုတ်ဘူး"

ထက်အာကာ၏ ခနဲ့တဲ့တဲ့မေးလိုက်သည့်စကားသံက နေမဟော်ဖြတ်ပြောလိုက်တာကြောင့် ရပ်တန့်သွားရသည်။

"ဟိုတစ်ညက စိတ်ညစ်ညစ်နဲ့ barမှာငါတစ်ယောက်ထဲ သွားသောက်ပြီး မှောက်သွားတာ။ မနက်မိုးလင်းတော့ ငါ့အခန်းပြန်ရောက်နေပြီ။ ပြီးတော့ငါ့ဘေးမှာလည်း မေမာယာရှိနေတယ်။ ပုံစံကအတူအိပ်ထားသလိုမျိုး"

"ဘာ... ဟာကွာ..."

နေမဟော့်ရှင်းပြသံအဆုံးတွင် ပြန်လည်အံသြသွားရသူက ထက်အာကာပင် ဖြစ်လေတော့သည်။

"အဲဒါကြောင့် ငါသူ့ကိုလက်ထပ်ရတော့မယ် အာကာ။ ငါသူ့ကိုချစ်ပါတယ် ဒါပေမယ့်..."

"မင်းသူ့ကို တစ်ကယ်ချစ်တယ်ဆိုရင် သူ့ကွယ်ရာမှာ တစ်ခြားမိန်းကလေးတစ်ယောက်ကို နမ်းနေတာက ဖြစ်သင့်လို့လား။ အာ...sorry မင်းတို့ကအတူတောင် အိပ်ခဲ့ပြီးပြီပဲ"

ထက်အာကာထံမှ ခပ်ရွဲ့ရွဲ့စကားတို့ကို သူနားမလည်သည်မို့ ပြန်မေးလိုက်သည်။

"မင်းဘာပြောချင်တာလဲ အာကာ ငါဘယ်သူ့ကိုနမ်းလို့လဲ"

"မသိချင်ယောင်ဆောင်မနေနဲ့။ ငါအခန်းထဲ၀င်လာတော့ မင်းတို့နှစ်ယောက်..."

"သြော်... မျက်လုံးထဲ အမှုန်၀င်သွားလို့ မှုတ်ပေးနေတာကို မင်းကအဲဒီ့လိုထင်သွားတယ်ပေါ့ ဒါကြောင့်မပြောမဆိုနဲ့ ငါ့ကိုထိုးတာကိုး"

နေမဟော်ပြန်ရှင်းပြသော်လည်း ထက်အာကာဂရုမစိုက်တော့။ တစ်ကယ်နမ်းတာမဟုတ်ဘူး ဆိုသည့်တိုင် အတူအိပ်ခဲ့သည်ဆိုသည့် အမှန်တရားကတော့ ရှိနေဆဲပင်။

"အခုချိန်ကစပြီး ငပိုင်နဲ့အဝေးဆုံးမှာနေပေးပါ။ သူမင်းကိုမြင်ရင် ပိုပြီးခံစားရလိမ့်မယ်။ အခုတောင်မင်းအတွက် သူခံစားနေရတာ လုံလောက်ပါပြီ။ ငါတောင်းဆိုတာပါ။ ကျေးဇူးပြုပြီး သူ့ရှေ့မှာထပ်ပေါ်မလာပါနဲ့တော့"

ထက်အာကာသည် ပြောပြီးပြီးချင်း ရုံးခန်းထဲမှထွက်လာခဲ့သည်။ ရုံးခန်းကမှန်ဖြင့်ကာထားတာကြောင့် အထဲမှာဖြစ်နေသည့်အဖြစ်အပျက်များကို အပြင်မှအကုန်မြင်နေရသည်။

၀န််ထမ်းတွေကလည်း သူတို့သူဌေးကို ထိုးကြိတ်နေတာကို မြင်သည်ထင်ရဲ့။ အခန်းထဲကထွက်လာသည့် ထက်အာကာကို ၀ိုင်းကြည့်နေကြလေသည်။

"ငါ့ကြောင့်... ငါ့ကြောင့်ကွာ... တောက်"

ထက်အာကာထွက်သွားတော့မှ နေမဟော်တစ်ယောက် ဒေါသတွေနှင့် မခံမရပ်နိုင်မှုများကို အပြစ်မဲ့သည့်ကြမ်းပြင်ပေါ်သို့လွှဲချလိုက်ပြီး လက်သီးဖြင့် အဆတ်မပြတ်ထိုးနေမိတော့သည်။

"အဆိပ်တောင်မှ သောက်ခဲ့တယ်တဲ့လား ကလေးရာ။ အား... ဘာလို့လဲ။ ဘာလို့ ဒီလောက်တောင် မိုက်ရူးရဲဆန်ရတာလဲကွာ"

နေမဟော်တစ်ယောက် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့လာသည်နှင့်အမျှ အခန်းထဲရှိပစ္စည်းများ အကုန်ရိုက်ခွဲခံရတော့သည်။ အလှပန်းအိုးမှာလည်း ကြမ်းပြင်ပေါ်တွင်တစ်စစီကွဲကြေလျက်။ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကလည်း အကုန်ပြန့်ကျဲလျက်ရှိနေသည်။

အပြင်မှကြည့်နေသည့် ၀န်ထမ်းများကတော့ ချောင်းကြည့်နေကြရင်းမှ လန့်ဖြန့်ကာ ကိုယ့်အလုပ်ကိုယ်သာ ပြန်အာရုံစိုက်နေလိုက်တော့သည်။ သူတို့၏သူဌေးလေး ထိုမျှဒေါသတကြီးဖြစ်သည်ကို မမြင်ဖူးကြတာမို့ အံ့သြနေကြခြင်းလည်းဖြစ်သည်။

ဦးမင်းမဟော်ကတော့ meeting ပြီးသွားသည်နှင့် အိမ်ပြန်သွားတာကြောင့် နေမဟော်တို့ကိစ္စကို မသိနိုင်တာတော်သေးသည်ဟု ဆိုရမည်။ သူသာကုမ္ပဏီမှာရှိနေလျှင် ပြဿနာက ပိုကြီးနေဦးမည်လေ။

*******