အခန်း ၁၄ အမုန်းတရားအတွက်အသက်ပေးခြင်း
Viewers 2k

အခန်း ၁၄။ အမုန်းတရားအတွက် အသက်ပေးခြင်း

မေမာယာသည် နေမဟော့်ဆီကပြန်လာပြီးနောက် မင်္ဂလာကိစ္စအတွက်နှစ်ဘက်မိဘတွေ့ဆုံရန် နိုင်ငံခြားမှာနေသည့် မိဘတွေထံသို့ အကြောင်းကြားလိုက်သည်။ ယခင်တုန်းက စေ့စပ်ထားရုံသာဖြစ်ပြီး ကျောင်းပြီးမှလက်ထပ်ပေးရန်အစီအစဉ်။

သို့သော်လည်း ယခုတော့ ချက်ချင်းလက်ထပ်ရန် အဖြေအနေဖြစ်သွားတာကြောင့် မိဘများပင်အံ့သြနေကြလေသည်။ မေမာယာလည်း သူမမည်သို့လုပ်ခဲ့သည်ဆိုတာကို မိဘများကိုတော့ အမှန်အတိုင်းပြောပြလိုက််သည်။ "ဒီလ်ိုမှမလုပ်ရင် မဖြစ်တော့တာမို့" ဟုအကြောင်းပြလိုက်တော့ သူမ၏မာမီကလက်ခံသည်။

ဒယ်ဒီကတော့ လိင်တူချစ်သူတွေအပေါ် နားလည်သူမို့ သမီးဖြစ်သူ၏လုပ်ရပ်ကိုသိပ်သဘောမကျ။ ဦးမင်းမဟော်၏ အတိတ်ကအကြောင်းကိစ္စများကို မေမာယာသိခဲ့တာကလည်း သူပြောပြခဲ့ဖူးတာကြောင့်ပင်။ မိတ်ဆွေရင်းတွေမို့ သူ့အကြောင်း၊ ကိုယ့်အကြောင်း သိနေကြတာဖြစ်သည်။

နေမဟော်ကလည်း သူ့ဒယ်ဒီလိုပဲဆိုတာ သိထားတာကြောင့် သမီးဖြစ်သူနှင့် စေ့စပ်စဉ်ကတည်းက သိပ်သဘောမတူချင်ခဲ့။ ဇနီးဖြစ်သူကြောင့်သာ ဘာမှသိပ်မပြောတာဖြစ်သည်။ မေမာယာကတော့ ပျော်ရွှင်နေမိသည်။ သူမ၏အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရပြီလေ။

ဘုန်းမြတ်ပိုင်ရေ နင့်အတွက်တော့ စိတ်မကောင်းပါဘူး။ နေကမကြာခင် ငါနဲ့လက်ထပ်တော့မှာ။ ဟင်းဟင်း...။ နင်ငါ့ကို ရှုံးသွားပြီ"

မေမာယာတစ်ယောက် ကျေနပ်စွာပြုံးလိုက်ရင်း သူမဖုန်းကိုထုတ်ကာ ဘုန်းမြတ်ပိုင်ထံသို့ ဖုန်းခေါ်လိုက်လေတော့သည်။

*******

စက်စဲကမ်းခြေ၏ နေ့လည်ခင်း။
ပင်လယ်ကမ်းခြေမို့ အေးမြသောလေတို့က တဖြူးဖြူးတိုက်ခတ်နေသည်။ ရုံးပိတ်ရက်ဖြစ်တာကြောင့်
အပန်းဖြေခရီးထွက်သူတွေမနည်း။ ထို့အပြင် မန်နေဂျာနေမကောင်းလို့ ခွင့်ယူထားတာကြောင့် နေအရောင်တစ်ယောက် ယခင်ထက်ပိုပြီး အလုပ်များနေရတော့သည်။

သည်ကြားထဲ စောစောက ဒယ်ဒီဖုန်းဆက်ကာ "ဒီရက်ပိုင်းအတွင်းအိမ်ပြန်လာဖို့"ပြောသည်။ အကြောင်းပြချက်က နေမဟော်နှင့် မေမာယာတို့၏ မင်္ဂလာကိစ္စစီစဉ်ရန်။

ထို့အတွက်ကြောင့် နေအရောင့်စိတ်တို့ မရွှင်မလန်းဖြစ်နေလေသည်။ ပင်လယ်လေတွေ ဘယ်လောက်ပင်တိုက််တိုက် သူ့ရင်ကို အေးမြမှုမပေးနိုင်။ ဖြစ်နိုင်မည်ဆိုလျှင် ချက်ချင်းပင် အိမ်ပြန်ချင်မိသည်။

ယာရေ လက်ထပ်တော့မယ်ဟုတ်လား။ မင်းစေ့စပ်ထားပါတယ်ဆိုတဲ့ ငါ့အစ်ကိုနဲ့လေ။ ပျော်နေတယ်မဟုတ်လား။ ငါတော့မပျော်ဘူး'ယာ'။
ဒါကြောင့် ငါနင်တို့ပွဲကိုရအောင်ဖျက်မှာ။

နေအရောင်တစ်ယောက် ပြတင်းပေါက်မှ ဖြတ်ကာ၀င်လာသည့် ပင်လယ်လေတို့ကိုရှူရှိုက်ရင်း စိတ်ထဲမှပြောနေမိသည်။ ထို့နောက်ဖုန်းထုတ်ကာ နေမဟော့်ဆီသို့ ဖုန်းခေါ်လိုက်လေသည်။

"ဒီကိစ္စကို ကျွန်တော်လက်မခံနိုင်ဘူးကိုနေ"

"မင်းလက်မခံလို့မရဘူး နေရောင်။ အရာအားလုံးဖြစ်ပြီးသွားပြီ ဘာမှပြန်ပြင်လို့မရတော့ဘူး"

"ကျစ်... ယာ့ကို ကျွန်တော်ကြိုက်နေတာသိရက်နဲ့ ကိုနေမို့လို့ လုပ်ရက်တယ်ဗျာ"

နေအရောင် မကျေမချမ်းပြောတော့ နေမဟော်လည်း မည်သို့ဆက်ပြောရမည်ပင် မသိဖြစ်သွားလေသည်။ ခဏကြာမှ သက်ပြင်းချလိုက်ရင်း ပြန်ပြောမိသည်။

"ငါတောင်မသိလိုက်ဘဲ ဖြစ်သွားတာလေ နေရောင်ရာ။ မဖြစ်နိုင်ဘူးလို့ ငါငြင်းပါသေးတယ်။ ဒါပေမယ့်ငြင်းလို့မရလောက်အောင် သက်သေတွေက ခိုင်လုံနေတယ်"

"အဲဒါဆို ဟိုတစ်ယောက်ကို ဘယ်လိုလုပ်မှာလဲ"

"ဘယ်တစ်ယောက်..."

"ဘုန်းမြတ်ပိုင်လေ"

ထိုအခါမှ နေမဟော်တစ်ယောက် ဘုန်းမြတ်ပိုင်ကို သတိရသွားမိသည်။ တစ်ချိန်တည်းမှာပင် ဒေါသတို့သည်လည်း ပြန်လည်အုံကြွလာပြန်သည်။

"ပြတ်သွားပြီ"

"ဟာ... ဘယ်လိုဖြစ်တာလဲ"

ထိုစကားကို နေအရောင်တစ်ယောက် မယုံကြည်နိုင်စွာဖြင့် ပြန်မေးမိသည်။ ဘေးလူတွေပင် မြင်ရလောက်သည်အထိ အချစ်ကြီးချစ်ခဲ့ကြသူနှစ်ယောက်က ဘာကြောင့်များ ပြတ်စဲကြသည့်
အခြေအနေအထိ ရောက်သွားရတာလဲ။

"ပြန်ရောက်မှ အကြောင်းစုံပြောပြမယ်။ ဒီရက်ထဲမင်းပြန်လာမယ်လို့ ဒယ်ဒီပြောတယ်"

နေမဟော်သည် ဒေါသများကိုချုပ်တီးရင်း နေအရောင့်ကိုပြန်ပြောလိုက်သည်။

"အင်း... မန်နေဂျာခွင့်ယူထားလို့ မနက်ဖြန်တော့ ပြန်လာလို့မရသေးဘူး။ သန်ဘက်ခါမှပြန်လာခဲ့မယ်"

"ok"

နေမဟော်ဖုန်းပြန်ချလိုက်ကာ အိပ်ရာပေါ် ပစ်လှဲလိုက်တော့ အိပ်ရာဘေးတွင် လုံးကာချထားသည့် မွေ့ယာကိုတွေ့လိုက်သည်။ ထိုအခါ မျက်လုံးထဲတွင် ပြန်ပေါ်လာသည်က အနီရောင်သွေးကွက်
တစ်ကွက်။

နေမဟော်သည် ထိုမွေ့ယာကို လက်နှင့်နည်းနည်းကလေးတောင် လျှော်လိုစိတ်မရှိတာမို့ washing machine ထဲသာ လုံးထည့်ပစ်လိုက်တော့သည်။

ထို့နောက် ကုမ္ပဏီကိုသွားရဦးမည်မို့ ရေချိုးရန်ပြင်လိုက်တော့သည်။ ပြန်ရောက်ကတည်းက hotel၏ တိုးတက်မှုအနေအထားကို အစီရင်မခံရသေးတာကြောင့်ဖြစ်သည်။

အ၀တ်တွေကိုတော့ မွေ့ယာနှင့် ရောကာမလျှော်ချင်တာကြောင့်အ၀တ်ခြင်းထဲသာ ပစ်ထည့်ထားလိုက်သည်။ ထို့နောက် ခါးပတ်ရန်တဘတ်ယူပြီးနောက် ရေချိုးခန်းထဲ၀င်လိုက်ကာ ခပ်မြန်မြန်ရေချိုးပြီး ပြန်ထွက်လာခဲ့သည်။

စားပွဲပေါ်ရှိဖုန်းကိုကြည့်မိတော့ မီးလေး မှိတ်တုတ်မှိတ်တုတ်ပြနေလေသည်။ ယူကာကြည့်လိုက်တော့ ဘုန်းမြတ်ပိုင်ထံမှ missed callများ။

*******

"ကျေးဇူးပြုပြီး ဖုန်းကိုင်ပါကိုကို။ ကိုကိုပြောတာကျွန်တော် သိရမှဖြစ်မယ်။ ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ""မင်းသိပ်၀မ်းနည်းနေလား"


"မေးရက်တယ် ကိုကိုရာ အဟင့်…"

"အဟက် မင်းငိုသံကြားရတာ ကျေနပ်ဖို့ကောင်းလိုက်တာကွာ"

"အဟင့်… ကိုကိုကျေနပ်တယ်မဟုတ်လား ပျော်တယ်မဟုတ်လား။ ရပါတယ် အရာအားလုံးကိုကို့ စိတ်ကြိုက်ပါပဲ။ ကိုကို့အမုန်းတွေပြေပျောက်ဖို့ မျက်ရည်ပင်လယ်ထဲ လက်ပစ်ကူးလို့ရလောက်တဲ့အထိ ကျွန်တော်ငိုပေးရမယ်ဆိုရင်လည်း ဖြစ်ပါတယ် ကိုကိုကျေနပ်မယ်ဆိုရင်ပေါ့"

"အဟက် ကြွေကျလောက်ပါရဲ့။ အဲဒီလိုအပြောလေးနဲ့ မိန်းကလေးဘယ်နယောက်လောက်ကိုများ ခြွေခဲ့ပြီးပြီလဲ"

"ကျွန်တော့်မှာ ဘယ်မိန်းကလေးမှ မရှိဘူး"

"အာ... ဟုတ်သားပဲ မင်းကယောကျ်ားတွေကိုပဲ ကြိုက်တာဆိုတော့ ယောကျ်ားတွေကိုပဲ မြှူဆွယ်ခဲ့မှာပေါ့"

"ပြောရက်လိုက်တာ။ ကျွန်တော့်အချစ်တွေကို စော်ကားရလောက်အောင် ကျွန်တော့်ကို... ကျွန်တော့်ကိုမုန်းနေခဲ့ပြီလား ကိုကိုရာ"

"ဟုတ်တယ် ငါမင်းကိုမုန်းတယ်။ အခုသိပြီလား။ အရင်ကသိပ်ချစ်ခဲ့သလောက် အခုအရမ်းမုန်းတယ်။ မင်းနဲ့ငါအခုချိန်ကစပြီး ပြတ်ပြီ။ နောက်လဲဖုန်းမဆက်နဲ့"

နေမဟော်သည် ပြောပြီးပြီးချင်း ဖုန်းကိုချပစ်လိုက်သည်။ ထို့နောက် သူ့ဒေါသများက အပြစ်မဲ့သောနံရံထက်ဆီသို့ ရောက်ရှိသွားတော့သည်။

"တောင်းပန်ပါတယ်ကလေး ကိုယ်တစ်ကယ်တောင်းပန်ပါတယ်။ မုန်းလိုက်ပါ။ သစ္စာမရှိတဲ့ ကိုယ့်လိုယောကျ်ားတစ်ယောက်ကို မေ့လိုက်ပါတော့။ ဆက်ချစ်နေရင် ကလေးပဲ ခံစားနေရမှာမို့ ကျေးဇူးပြုပြီး..."

နေမဟော်သည် တစ်ဖက်လူမကြားနိုင်သော်ငြားလည်း တောင်းပန်စကားဆိုရင်း နံရံကိုလက်သီးဖြင့် အဆတ်မပြတ်ထိုးနေသည်မှာ လက်ခုံတွေပေါက်
ပြဲကာ သွေးပင်ထွက်နေလေပြီ။ သို့သော်လည်း သူသတိမထားမိ။ ယခုအချိန်မှာ သူသိတာက သူ့ကြောင့်ခံစားနေရသည့် ချစ်သူအကြောင်းသာ။

သူနံရံကိုထိုးနေမိသည်မှာ မည်မျှကြာသွားပြီလဲမသိ။ ညာဘက်လက်ဆစ်များတွင် သွေးတို့ပင် ချင်းချင်းရဲနေလေပြီ။ သို့သော်လည်း သူ့လက်ကနာကျင်မှုထက် သူ့ကြောင့်ချစ်သူငိုနေရသည်ဆိုသည့် ခံစားချက်ကပိုပြီးနာကျင်ရသည်။

ထို့ကြောင့် လက်ကိုရေဖြင့်ဆေးပြီးနောက် ကိုယ့်ကိုယ်ကို အပြစ်ပေးသည့်အနေဖြင့် လုံး၀ဆေးမထည့်ဘဲ အလုပ်သွားရန်သင့်တော်ရာ၀တ်စုံထုတ်၍ ၀တ်လိုက်ပြီး hotelတိုးတက်မှုမှုတ်တမ်းဖိုင်နှင့် ကားသော့ကိုယူကာ ကုမ္ပဏီသို့သာ ထွက်ခဲ့တော့သည်။

*******

ဘယ်လိုမှ မဆုံတွေ့နိုင်တဲ့ မျဉ်းဖြောင့်နှစ်ကြောင်းပေါ်မှာ ခြေစုံရပ်ရင်းဆုံမှတ်ကိုရှာဖွေနေတဲ့သူလို နာကျင်နေတဲ့ နှလုံးသားကိုဆုပ်ကိုင်ပြီး သူ့ဆီကခွင့်လွှတ်မှုကို တောင်းဆိုနေမိသူ ကျွန်တော်က တစ်ကယ်ရောခွင့်လွှတ်မှုနဲ့ ထိုက်တန်ပါရဲ့လား။

ပြီးတော့ သူကခွင့်လွှတ်တယ်ထားဦးတော့ တစ်ဖက်ကနစ်နာသူကမိန်းကလေးမို့ ကျွန်တော်ရှေ့ဆက်ဖို့ကဘယ်လိုမှမဖြစ်နိုင်တော့။ ဒါကြောင့် မဖြစ်နိုင်ခြင်းအကြောင်းတရားတွေ ကြားကနေလွတ်မြောက်ပါရစေတော့။

ဘုန်းမြတ်ပိုင်သည် ခပ်တိုးတိုးရေရွတ်ရင်း စာရေးစားပွဲမှထကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ လက်ကလည်း စားပွဲပေါ်တင်ထားသည့် ဓာတ်ပုံလေးကိုလှမ်းယူရင်းပေါ့။

ထိုပုံကသူတို့နှစ်ယောက်တွဲပုံလေးကို မှန်ဘောင်ထဲသွင်းထားတာဖြစ်သည်။ ဓာတ်ပုံထဲတွင် သူ့မျက်နှာက စူပုတ်နေပြီး နေမဟော်ကတော့ ပါးဖောင်းဖောင်းလေးကို လှမ်းနမ်းနေပုံဖြစ်သည်။

ပုံလေးကိုကြည့်နေပြီးနောက် "ဒါကမြတ်နိုးလို့"ဆိုကာ ဓာတ်ပုံထဲမှ နေမဟော့်နဖူးလေးပေါ် အနမ်းတစ်ပွင့်ခြွေချလေသည်။ ထို့နောက် "ဒါကချစ်လို့"ဆိုတာ နောက်ထပ်အနမ်းတစ်ပွင့်ကတော့ နှုတ်ခမ်းပေါ်ကျရောက်သွားရသည်။

ပြီးနောက် ဖုန်းယူကာ recording ဖွင့်လိုက်သည်။ နောက်ဆုံးအနေဖြင့် သူမှာချင်တာလေးတွေ၊ ပြောချင်တာလေးတွေ အသံဖမ်းကာထားခဲ့ချင်သည်လေ။

"ကိုကိုရေ....
အမုန်းသစ်သီးတွေမြန်မြန်ကြွေဖို့
မျက်ရည်မိုး‌တွေရွာပေးရမှာလား...။
အချစ်သစ်သီးတွေသီးဖို့
မာနတွေခဝါချပေးရမလား...။
ကိုကို့အတွက်ဆို
သိက္ခာတွေပဲ ရေစုန်မျောပါစေ
မာနတွေပဲ မြေခပါစေ
ပတ်၀န်းကျင်ဘယ်လိုစောင်းမြောင်းပါစေ
အချစ်တစ်ခုထဲနဲ့သည်းခံနိုင်တယ်...။
ဒါပေမယ့်
ကိုကို့အမုန်းတွေကတော့
အက်စစ်နဲ့ပက်နေသလိုပဲဗျာ
ကျွန်တော့တစ်ဘ၀လုံးစုတ်ပြတ်သတ်သွားမှ
ကိုကိုကျေနပ်မှာလား...။
ဖြစ်ချင်တာသာပြောလိုက်ပါ
ကိုကို့စေလိုရာစေ
လေလွင့်တိမ်လေးပေမို့...။"

ရင်ထဲမှထွက်ပေါ်လာသည့် ကဗျာတစ်ပုဒ်ကို နာနာကျင်ကျင်ပင် လက်တန်းသီကုံးရင်း ကျဆင်းလာသည့်မျက်ရည်စကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

"ကျွန်တော်သေသွားတဲ့အခါ မိုက်ရူးရဲဆန်တဲ့ ကောင်လေးမဟုတ်ဘဲ ချစ်သူရဲ့အမုန်းအတွက် အသက်ပေးသွားတဲ့ ကောင်လေးတစ်ယောက်အဖြစ် သတိရပေးပါ။ ကိုကိုသိလား ကျွန်တော်ကိုကို့ကိုချစ်မိတာ ကင်ဆာရောဂါလိုပဲ တမြေ့မြေ့နဲ့ခံစားရတယ်။ တစ်ချိန်ချိန်မှာသေမယ်ဆိုတာသိနေလျက်နဲ့ ကုသမှုမခံယူသူတစ်ယောက်လို တစ်ချိန်ချိန်မှာ အဆုံးသတ်သွားမှာသိရက်နဲ့ ကျွန်တော်ရှေ့ကို ဆက်တိုးချင်နေမိတယ်။ ဒါကြောင့် ဘယ်လိုမှတားဆီးမရနိုင်တော့တဲ့ ကျွန်တော့်နှလုံးသားကို ကျွန်တော်ကိုယ်တိုင် ဒဏ်ခတ်လိုက်တော့မယ်။ ခွင့်လွှတ်ပါတော့ကိုကို။ ပြီးတော့ ဒါကတစ်ဘ၀လုံးနဲ့ရင်းပြီး ချစ်လို့"ဘုန်းမြတ်ပိုင်သည် စားပွဲပေါ်မှ ပုလင်းငယ်လေးတစ်ခုထံ လက်လှမ်းလိုက်ပြီးနောက် အဖုံးကိုဖွင့်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ တစ်ခါတည်းအရည်တွေကို မော့သောက်လိုက်လေသည်။ ထိုအရည်တွေကား အဆိပ်သာ။ ချက်ချင်းသေစေနိုင်သည့် အပြင်းစားကြီးတော့မဟုတ်။

ထို့နောက် ဓာတ်ပုံကိုရင်ဘတ်ပေါ်တင်ကာ လက်ဖြင့်ခပ်တင်းတင်း ဖက်ထားလိုက်သည်။ မျက်၀န်းမှာတော့ မျက်ရည်တို့ဝေ့သီလျက်။ နှုတ်ခမ်းအစုံကတော့ နောက်ဆုံးပြောခဲ့ချင်သည့် စကားများကို ဆက်လက်အသံသွင်းလို့နေသည်။

"ကိုကိုက ကျွန်တော့်နှလုံးသားမှာ အမြစ်ကပ်တွယ်နေတဲ့ ကင်ဆာရောဂါတစ်ခုပေါ့။ တမြေ့မြေ့လှိုက်စားနေပေမယ့် မကုစားချင်တော့လည်း ထားပါတော့လေ။ ကျွန်တော့်ဆီက ကိုကိုမကြားချင်ဆုံး စကားတစ်ခွန်းကိုကျေးဇူးပြုပြီး နောက်ဆုံးအကြိမ်အဖြစ် ပြောခွင့်ပြုပါ အရမ်းချစ်တယ်ကိုကို အဟွတ် အဟွတ်..."

တစ်စုံတစ်ယောက်သောသူ နားဆင်ရန်အတွက် အသံသွင်းနေချိန်မှာပင် အဆိပ်ကအစွမ်းပြလာသည်ထင့်။ အဖြူရောင်အမြှုပ်တစ်ချို့က နှုတ်ခမ်းပေါ်ဖြတ်ကာစီးဆင်းလာသည်။ သို့သော်လည်း သူ့နှုတ်ခမ်းထက်ကအပြုံးကတော့ ကြည်လင်ကာတောက်ပနေဆဲ။

"ကျွန်တော် သေတော့မယ်ထင်တယ်ကိုကို။ အသက်ရှူကြပ်လာသလိုပဲ။အဟွတ်... ကိုကိုကျွန်တော့်ဈာပနကို လာတဲ့အခါ မျက်ရည်တွေမြေမခပါစေနဲ့။ ကိုကို့မျက်ရည်မြင်ရတဲ့အခါ ကျွန်တော့နှလုံးသား မခံရပ်နိုင်အောင်ပူလောင်မှာ ကျွန်တော်မလိုလားဘူး။ အဟွတ်... ပြီးတော့ ကျွန်တော့်အလောင်းကိုမြေမချပါနဲ့ မြေကျင်းကလေးထဲမှာ ကျွန်တော့်ခန္ဓာကိုယ်မွန်းကြပ်နေမှာ ကျွန်တော်မလိုလားဘူး။ ကျေးဇူးပြုပြီး မီးပဲသင်္ဂြိုဟ်ပေးပါ။ ပြီးသွားတဲ့အခါ ပြာအိုးကိုမှန်ခန်းထဲမှာလဲ လှောင်မထားပါနဲ့။ ကျွန်တော့်ခန္ဓာကိုယ် လောင်ကျွမ်းရာကနေ ဖြစ်တည်လာမဲ့ ပြာမှုန်လေးတွေကို အိုးငယ်ထဲ မပိတ်လှောင်ပါနဲ့။ လေတဖြူးဖြူး တိုက်နေမဲ့အရပ်မှာ ကိုကိုကိုယ်တိုင်ကြဲဖြန့်ပေးပါနော်။ ကျွန်တော့်ပြာမှုန်လေးတွေ လေနှင်ရာမျောလွင့်ပါစေ။ လွတ်မြောက်ပါစေ။ သူတို့သွားလိုရာကို အေးမြတဲ့လေပြည်လေညှင်းနဲ့အတူ ခရီးထွက်ကြပါစေ အဟွတ်... ဟွတ်..."

"ကိုကိုရေ နေ့လည်စာစားရအောင်"

သူအသံသွင်းနေချိန်မှာပင် တံခါးခေါက်သံနှင့်အတူ ညီမဖြစ်သူ၏အသံကိုကြားလိုက်ရသည်။ သူ့ညီမလေးက ထမင်းစားဖို့လာခေါ်တာဆိုသော်လည်း သေခါနီးလူတစ်ယောက်အတွက်ထမင်းက မည်သို့အသုံး၀င်တော့မည်နည်း။

ဒီလိုပုံစံနှင့်သူမသေဆုံးခင် ညီမလေးကို မတွေ့စေချင်တာမို့ "စားနှင့်ညီမလေး ကိုကိုမစားချင်သေးဘူး"ဟု ဟန်ဆောင်ကာပြောချင်သော်လည်း သူ့အသံက အခန်းအပြင်မှ ညီမဖြစ်သူကြားရလောက်အောင်မကျယ်နိုင်တော့။ ထို့အတူသူ့မှာ လှုပ်နိုင်သည့် အင်အားလည်းမရှိတော့ပေ။

ထိုအချိန်မှာပင် နှင်းမြတ်ပိုင်လည်း အစ်ကိုဖြစ်သူ တံခါးမဖွင့်ပေးတာကြောင့် စိုးရိမ်တကြီးဖြင့် တံခါးကိုအတင်း ဖွင့်လေတော့သည်။ သူမအခန်းထဲရောက်လာတော့ အစ်ကိုဖြစ်သူ၏ မချိမဆန့်ဝေဒနာခံစားနေရသည်ကိုတွေ့တော့ အနားကိုပြေးသွားမိလေတော့သည်။

"ကိုကို.... ကိုကို သတိထားဦးလေ။ ကိုကို အဟင့်ဟင့်..."

သူမ‌အော်ဟစ်ခေါ်ငင်သော်လည်း သူ့တွင်ပြန်ထူးနိုင်သည့် အင်အားတို့မရှိတော့ဘဲ သူမလက်ထဲတွင် ပျော့ခွေနေလေပြီ။
နှင်းမြတ်ပိုငိသည် ငိုကြွေးနေမိရင်း ဘာဆက်လုပ်ရမလဲမသိ။ ကြီးစုထံဖုန်းဆက်တော့လည်းမကိုင်ပေ။ meeting room ထဲရောက်နေသလားတော့ မသိ။

နောက်တော့မှ သူရိန်စိုးတို့ထံဆက်သွယ်ဖို့ သတိရကာ ဖုန်းနံပတ်များကိုခပ်သွက်သွက်နှိပ်ရင်း ဖုန်းကိုင်ပါစေဟုသာ ဆုတောင်းနေမိတော့သည်။

သူမပဲကံဆိုးသည်လား၊ သူမအစ်ကိုပဲ ကံဆိုးသည်လားမပြောတတ်။ သူရိန်စိုးဆီဖုန်းခေါ်တော့ မကိုင်ပေ။ သူမဖုန်းကိုကိုင်ထားရင်း ရင်တွေအဆမတန် ပူလာသည်။

ထို့နောက် ထက်အာကာဆီ လှမ်းခေါ်ကြည့်တော့မှ တော်ပါသေးသည်။ ဖုန်းကိုင်လိုက်တာကြောင့် အစ်ကိုဖြစ်သူ၏ အခြေအနေကိုရှင်းပြက အိမ်ကိုအမြန်လာဖို့ ပြောလိုက်ရလေတော့သည်။

*******