အခန်း ၁၃ အရှက်မဲ့စွာပူးပေါင်းကြံစည်ခြင်း
Viewers 2k

အခန်း ၁၃။ အရှက်မဲ့စွာပူးပေါင်းကြံစည်ခြင်း

နှစ်ဖက်မိဘများကတော့ သားနှစ်ယောက်ကိုကြည့်ကာ ပြုံးကြလေသည်။ ခြံထဲရောက်တော့ နှစ်ဦးသား ဒန်းလေးပေါ်မှာ ထိုင်လိုက်ကြသည်။ ထက်အာကာတစ်ယောက် ယခုအချိန်ထိ အရှက်သည်းနေဆဲ ချစ်သူလေးကိုကြည့်ကာ မြတ်နိုးစိတ်တို့က တရိပ်ရိပ်တက်နေသည်။

"ညီ"

"ဗျာ"

"မျက်နှာလေးမော့ပါဦးကွာ။ တစ်ချိန်လုံးငုံ့ချည်းနေတာပဲ"

ထက်အာကာရယ်မောလိုက်ရင်း သူရိန်စိုး၏ မေးလေးကိုပင့်ကိုင်ကာ မျက်နှာကိုမော့စေသည်။ သို့သော်လည်း ခဏတာပင်။ "ကိုကလည်း"ဟုရေရွတ်ရင်း မျက်နှာရဲရဲလေးနှင့် ပြန်ငုံ့သွားလေသည်။

"မမော့ရင် ဒီလိုကြည့်မှာပေါ့"

ထက်အာကာသည် ရုတ်တရက်ပင် ဒန်းပေါ်မှဆင်းလိုက်ကာ ရှေ့တွင်ဆောင့်ကြောင့်ထိုင်လိုက်ပြီး မျက်နှာကိုတဝကြီးကြည့်နေလေတော့သည်။

"ကြည့်ပါဦး ငါ့ချစ်သူလေးက ရှက်နေလိုက်တာ"

ထက်အာကာတစ်ယောက် သဘောတကျရယ်မောကာ အရှက်သည်းနေဆဲချစ်သူလေး၏ နှာခေါင်းထိပ်ကို အသည်းယားစွာ ဆွဲညှစ်လိုက်တော့သည်။

"အား... နာတယ် ကိုရဲ့"

"ဟာ....နာသွားလားညီ sorry ဥုံဖွ ဥုံဖွ"

မနာဘဲနှင့် နာဟန်ဆောင်နေမှန်း သိသော်လည်း ဥုံဖွလုပ်ပေးပြီး ပါးလေးကို ရွှတ်ခနဲလှမ်းနမ်းလိုက်တော့ မျက်စောင်းကြီးခဲကာ ပြန်ကြည့်ခံလိုက်ရသည်။

"နှာခေါင်းကနာတာကို ပါးကိုလာနမ်းနေတယ် အသားယူလိုက်တာ"

"ဘာလဲ... မကျေနပ်ဘူးလား"

"ဟွန့် မကျေနပ်ပါဘူး"

"ဒါဆို ပြန်နမ်းလေ"

"နစ်နာသွားဦးမယ်"

ထက်အာကာက သူ့ပါးတစ်ဖက်ကိုထိုးပေးနေတာကြောင့် သူရိန်စိုးတစ်ယောက် မျက်စောင်းထိုးလိုက်ရင်း ထိုပါးပြင်ထက် နှာခေါင်းလေးမြုပ်အောင်ပင် နမ်းရှိုက်လိုက်သည်။

"ဒီဘက်ကျန်သေးတယ်"

ညာဘက်ပါးလေးကို လက်ညှိုးလေးနှင့် ထောက်ပြတော့ ထပ်နမ်းမည်ပြုစဉ်မှာပင် တည့်တည့်လှည့်လာသည့် မျက်နှာကြောင့် နှုတ်ခမ်းတစ်စုံမှာ တစ်ထပ်တည်းကျသွားရတော့သည်။

"အာ… ကို... လူဆိုးကြီး။ ဘာလို့ ခေါင်းကြီးကလှည့်လာတာလဲ"

မကျေမနပ်ဖြင့်ရေရွတ်ရင်း လက်သီးဆုပ်ကာထုလေတော့ တဟားဟား အော်ရယ်လို့နေလျက်။ သူရိန်စိုးကတော့ မျက်စောင်းတခဲခဲနှင့်သာ။

*******

"hello uncel ရေ good afternoonပါ"

"good afternoon ပါ သမီး။ လာထိုင်..."

"ဟုတ်"

မေမာယာသည် ဦးမင်းမဟော်ကို နှုတ်ဆက်ရင်း ၀င်ထိုင်လိုက်သည်။ နေမဟော်တို့ကိစ္စကို သိသိချင်းပင် ဦးမင်းမဟော်ရှိရာ ရုံးချုပ်သို့လာခဲ့တာဖြစ်သည်။ ဦးမင်းမဟော်လည်း အတွင်းရေးမှူးကိုခေါ်ကာ ဧည့်သည်အတွက် coffee ဖျော်ပေးရန်ပြောလိုက်သည်။

သို့သော်မေမာယာက သောက်လာပြီးကြောင်းပြောကာ ငြင်းလိုက်ပြီးနောက် သူမကြားခဲ့ရသမျှ အကြောင်းအရားလုံးကို ပြန်လည်ပြောပြလိုက်တော့သည်။

"ဒါဆို ဟိုကောင်လေးက မင်းခန့်မြတ်ရဲ့သားပေါ့"

"ဟုတ်တယ် uncle... အခုသမီးတို့ဘာဆက်လုပ်မှာလဲ"

"အခြေအနေကို စောင့်ကြည့်ရမှာပေါ့ သမီးရယ်"

ဦးမင်းမဟော်ပြန်ဖြေလိုက်ရင်း သက်ပြင်းချမိသည်။ ဘယ်လောက်ပင် မေ့ထားသည်ဆိုဆို မေ့မရနိုင်သည့် အချစ်ဦး၏သားနှင့်မှ ပတ်သတ်စေဖို့ အကြောင်းဖန်ရသလား။ ကံကြမ္မာ ကျီစယ်လွန်းလှသည်။

********

နှင်မြတ်ပိုင်တစ်ယောက် kitchen roomထဲ၌ မနက်စာချက်နေရင်း ဒေါ်စုမြတ်ပိုင် ပြောသွားသည်များကို ပြန်လည်ကာ စဉ်းစားနေမိသည်။ ထိုအရာက သူမတို့မသိထားသည့် နေမဟော့်မိဘတွေနှင့် သူမတို့ဒယ်ဒီ၏ ပတ်သတ်မှုလည်းဖြစ်သည်။

မနက်ကထိုကိစ္စကိုမေးချိန်တွင် ကြီးဒေါ်ဖြစ်သူသည် မဖြေချင်သည်မို့ အင်တင်တင်လုပ်ကာ ကုမ္ပဏီသွားဖို့သာ ပြင်ဆင်နေလေသည်။ သူမ,မရမကမေးတော့မှ အနည်းငယ်ပြောပြလေသည်။ သူမသိလိုက်ရသည်က နေမဟော့်ဒယ်ဒီက သူမတို့ဒယ်ဒီကို တစ်ကယ်မချစ်ဘဲနှင့် ကစားခဲ့ခြင်းဖြစ်သည်တဲ့။

မိဘများကသိတော့ အတင်းပဲခွဲကြသည်။ သူမတို့ဒယ်ဒီက မိဘတွေပြောတာမယုံဘဲ ကိုယ်တိုင်ပြောမှသာယုံကြည်မည်ဆိုကာ နောက်ဆုံးအကြိမ် တွေ့ခွင့်တောင်းသော်လည်း သူတို့၏သားက မတွေ့ချင်ဘူးဆိုကာ ငွေဖြင့်ပစ်ပေါက်ခဲ့သည်။ သို့သော်လည်း မာနကြီးသော သူမတို့ ဒယ်ဒီက တစ်ပြားတစ်ချပ်မျှပင် မယူခဲ့ပေ။

ထို့နောက် သူတို့၏သားကို မိန်းကလေးတစ်ဦးနှင့် လက်ထပ်ပေးခဲ့သည်။ သူမကား နေမဟော့်မာမီပင်ဖြစ်လေသည်။ သူမတို့၏ဒယ်ဒီကတော့ အစ်မဖြစ်သူတားသည့်ကြားက နိုင်ငံခြားထွက်ကာ အလုပ်လုပ်ခဲ့သည်။

အမေရိကမှာပင် မြန်မာအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျကာ သူမတို့ကိုမွေးခဲ့သည်။ မွေးပြီးမကြာခင်မှာပင် မာမီဆုံးပါးသွားခဲ့ပြီး သူမတို့ဒယ်ဒီကတော့ အလုပ်ကတစ်ဖက် ကလေးနှစ်ယောက်ကတစ်ဖက်နှင့် ဒုက္ခရောက်နေတာမို့  မြန်မာပြည်သာ ပြန်လာခဲ့သည်။

မိတ်ဆွေတစ်ယောက်၏ companyတွင် ရှယ်ယာ၀င်ရင်း တဖြည်းဖြည်း ကိုယ်ပိုင်company တစ်ခု တည်ထောင်လာနိုင်ခဲ့သည်။ တစ်နေ့မှာတော့ သူမ၏အစ်ကိုဖြစ်သူက ကျောင်းမှာကောင်လေးတစ်ယောက်နှင့် ရန်ဖြစ်ခဲ့သည်။

ထိုကိစ္စကြောင့် အတန်းပိုင်ဆရာမက မိဘများကိုခေါ်တွေ့တော့ နှစ်ဦးသားပြန်တွေ့ခဲ့ကြသည်။ တစ်ဖက်မှ ကောင်လေး၏အဖေသည် သူမဒယ်ဒီ၏အချစ်ဦးဖြစ်နေခဲ့လေသည်။ သူမ၏ဒယ်ဒီက ပြန်လည်မဆက်သွယ်လိုသော်လည်း အဘယ်ကြောင့်သူ့ကို ကစားခဲ့သည်ဆိုတာကို သိဖို့ကြိုးစားခဲ့သည်။တစ်ဖက်မှ ဦးမင်းမဟော်၏အမျိုးသမီးကတော့ နှစ်ယောက်သား ပြန်ဆက်သွယ်ကာ ရှုပ်နေသည်အထင်နှင့် စွပ်စွဲဖို့ကြိုးစားခဲ့သည်။ ထိုအကြောင်းအရာတွေကို သူမတို့သေသေချာချာ မသိခဲ့။ ထိုနောက်ပိုင်း ဒယ်ဒီသည် သူမတို့ကိုအားလုံးကိုခေါ်ပြီး အမေရိကကိုပြန်သွားဖို့ရာ ကြိုးစားခဲ့သည်။


သို့သော်လည်း မြန်မာပြည်ကိိုချစ်သော သူမတို့မောင်နှမက ဒယ်ဒီနှင့်မလိုက်ဘဲ ကြီးစုနှင့်သာ နေခဲ့ကြသည်။ ထိူလူတွေနှင့်ပြန်တွေ့မည်ကို စိုးရိမ်တာကြောင့် ကြီးစုကသူမတို့ မောင်နှမနှစ်ယောက်စလုံးကို ကျောင်းပြောင်းခဲ့သည်။

ထိုနောက်ပိုင်း သူမတို့ဒယ်ဒီလည်း အမေရိကန်မှာပဲအခြေချရင်း ထိုနိုင်ငံသားခံယူလိုက်သည်။ သူမတို့ကို ကျောင်းတက်ဖို့ ခေါ်သော်လည်း ခေါင်းမာစွာပင်မသွားကြတော့ တစ်နှစ်တစ်ခေါက်တော့ ပြန်လာတွေ့သည််မှာ ယခုအချိန်အထိပင်။

နှင်းမြတ်ပိုင်တစ်ယောက် မနက်စာချက်ရင်း ထိုအကြောင်းများကို ပြန်တွေးကာ သက်ပြင်းချမိသည်။ ကမ်းခြေမှာတုန်းက နေမဟော်ပြောခဲ့ဖူးသည်။ သူ့မာမီကိုဆုံး‌ပါးစေသည့်တရားခံကို မုန်းသည်တဲ့လေ။

သူမုန်းနေသူက သူမတို့ဒယ်ဒီဆိုတာ တစ်ချိန်ချိန်မှာ သိသွားခဲ့လျှင် အစ်ကိုဖြစ်သူနှင့်ဝေးသွားနိုင်မလား တွေးမိကာရင်လေးသွားမိသည်။ ထိုအချိန်မှာပင် မျက်ရည်များနှင့်ငိုယိုရင်း အိမ်ပေါ် သို့ပြေးတက်လာသည့် အစ်ကိုဖြစ်သူကို သူမတွေ့လိုက်ရလေတော့သည်။

"ဘုရားဘုရား ငါထင်နေတာတွေ မဖြစ်ပါစေနဲ့"ဟု ဆုတောင်းရင်း lockချထားသည့် အစ်ကိုဖြစ်သူ၏ အခန်းတံခါးကို တဒုန်းဒုန်းထုကာဖွင့်ခိုင်းမိသည်။ သို့သော် တံခါးကိုလုံး၀ လာမဖွင့်ပေးပေ။

"ကိုကို ဘာဖြစ်လာတာလဲ။ အဆင်ပြေရဲ့လား။ ကိုကို ညီမလေးစိတ်ပူလို့ တံခါးဖွင့်ပေးပါ"

သူမ မည်မျှပင်ပြောပါစေ ဘုန်းမြတ်ပိုင်က ဘာမျှပြန်မပြောဘဲနေသည်။ တံခါးမဖွင့်ပေးသည့်အပြင် ရှိုက်ကာရှိုက်ကာငိုနေသည့်အသံကို ကြားနေရတော့ သူမလည်းသည်အတိုင်း မနေနိုင်တော့ဘဲ သော့ပိုကိုသုံးပြီး ဖွင့်ရလေတော့သည်။

အခန်းထဲကိုရောက်တော့ အခန်းထောင့်လေး၌ ဒူးလေးပိုက်ကာ ထိုင်နေသူကို မြင်လိုက်ရသည်။ နီရဲနေသည့် မျက်လုံးတစ်စုံနှင့် ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းများကတော့ နင့်သီးစွာငိုထားမှန်းသိသာစေသည်။

"ညီမလေး အဟင့်ဟင့် ဟီး..."

ဘုန်းမြတ်ပိုင်သည် အခန်းထဲဝင်လာသည့် ညီမဖြစ်သူကိုမြင်သည်နှင့် ထပ်မံငိုကြွေးမိပြန်လေသည်။ သူမလည်း အစ်ကိုဖြစ်သူကို ဖက်ထားကာ အားပေးနှစ်သိမ့်နေရင်းမှ သူမလည်း မျက်ရည်များ စီးကျလာတော့သည်။

*********

ဘုန်းမြတ်ပိုင်သည် ကော်ဖီဆိုင်တွင် နေမဟော့်ထံမှအော်ငေါက်ခြင်းကိုခံရပြီးနောက် ပြေးထွက်လာမိပြီး ကားမပါလာတာကြောင့် taxi ငှားကာ အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်သည်နှင့် မငိုဘူးဟုတင်းထားသော စိတ်တို့ကိုထိန်းချုပ်မရတော့တာကြောင့် ငိုရင်းနှင့်သာ အခန်းထဲ ပြေး၀င်သွားခဲ့သည်။

"အနည်းဆုံးတော့ ကျွန်တော်ရှင်းပြတာ နားထောင်သင့်တယ်မဟုတ်လားကိုကို။ အဲဒါတွေကျွန်တော် တစ်ကယ်ကိုမသိခဲ့တာပါကိုကိုရာ။ မမြင်မတွေ့ချင်တော့လို့ နှင်လွှတ်တဲ့အထိ ကိုကိုကျွန်တော့်ကိုသိပ်မုန်းသွားပြီလား။ ဒယ်ဒီတို့ပတ်သတ်ခဲ့တဲ့ကိစ္စတွေ ကျွန်တော်မသိခဲ့ဘူးဆိုတာ ကိုကိုကဘာလို့မယုံရတာလဲ အဟင့်။ ကျွန်တော်ကိုကို့အပေါ် ဘယ်တုန်းကများ လိမ်ညာဖူးလို့လဲ။ ဘာလို့ ကျွန်တော့်ကို လူကြားထဲအော်ရတာလဲ အဟင့်ဟင့်…"

ဘုန်းမြတ်ပိုင်သည် ထောင့်လေးတွင် ငုတ်တုပ်ထိုင်ကာ တစ်ယောက်သောသူ မကြားနိုင်မှန်း သိနေသော်လည်း တရှုံ့ရှုံ့နှင့်ငိုရင်းပြောနေမိသည်။

"ကိုကို ဘာဖြစ်လာတာလဲ အဆင်ပြေရဲ့လား။ ကိုကို ညီမလေးစိတ်ပူလို့ တံခါးဖွင့်ပေးပါ"

အခန်းအပြင်မှ ညီမဖြစ်သူက တံခါးဖွင့်ခိုင်းနေသံကို ကြားသော်လည်း လျစ်လျူရှုထားမိသည်။ အတော်ကလေးကြာတော့ တံခါးဖွင့်ကာ ဝင်လာလေသည်။

"ညီမလေး အဟင့်ဟင့်..."

အခန်းထဲ၀င်လာသည့် ညီမဖြစ်သူကိုမြင်သည်နှင့် ဘုန်းမြတ်ပိုင်တစ်ယောက် ၀မ်းနည်းစိတ်တို့က ထပ်မံတိုးပွားလာရပြီး ပို၍ငိုမိပြန်သည်။

"မဟုတ်ဘူးမလားဟင်ညီမလေး။ သူမုန်းနေတဲ့လူက ကိုကိုတို့ဒယ်ဒီတဲ့။ မဖြစ်နိုင်ဘူးမလားဟင် ဟင့်ဟင့်"

နှင်းမြတ်ပိုင်သည် နင့်နင့်သီးသီး ငိုကြွေးနေသည့် အစ်ကိုဖြစ်သူကိုနှစ်သိမ့်ရင်း သူမလည်းမျက်ရည်ကျမိသည်။ ရက်စက်လိုက်တာ ကံကြမ္မာရယ်။ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကိုမှ ဘာကြောင့် ဒီလိုမျိုးလုပ်ရက်ရတာလဲ။

"သူနောက်နေတာမဟုတ်လားဟင် ညီမလေး။ ဟုတ်တယ်။ သူနောက်နေတာပဲဖြစ်မှာပါနော်"

"ကိုကိုရယ်..."

ဘုန်းမြတ်ပိုင်၏စိတ်ထဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို အိပ်မက်တစ်ခုသာ ဖြစ်စေချင်မိသည်။ စနောက်ခြင်းဟုသာ ယုံကြည်ချင်မိသည်။ သို့
သော်လဲမဖြစ်နိုင်တော့။ ညီမဖြစ်သူ၏ မျက်ရည်တွေကိုကြည့်ရင်း ဒါဟာအမှန်တရားဆိုတာ လက်မခံချင်ဘဲ လက်ခံလိုက်ရလေသည်။

*******

"တောင်းပန်ပါတယ်ကလေးရာ ကိုယ်မင်းကို မအော်လိုက်သင့်ဘူး။ အဲဒီ့တုန်းကကိုယ့်စိတ်တွေ ထိန်းချုပ်နိုင်စွမ်းမဲ့နေခဲ့တယ်။ အမှန်ဆိုရင်ရှင်းပြတာလောက်တော့ ကိုယ်နားထောင်ပေးခဲ့သင့်တာ"

တစ်ယောက်တည်း ပြောနေသော ခပ်တိုးတိုးလေသံလေးက vibrateနှင့်အတူ မြည်လာသော phone ringtone သံကြားမှာပင် ပျောက်ဆုံးသွားလေသည်။ သူ၏မျက်၀န်းမှာတော့ မျက်ရည်စတို့ဝေ့သီလျက်။"ဟင့်အင်းမဟုတ်ဘူး။ ဘာလို့ဖြေရှင်းချက်ကို နားထောင်ပေးရမှာလဲ။ သူ့အဖေဘက်ကပဲ ကာကွယ်ပြောမှာပေါ့။ ငါမုန်းရမယ် ဟုတ်တယ်။ သူ့အဖေကြောင့် မာမီဆုံးခဲ့ရတာမို့ ငါမုန်းသင့်တယ်"

နေမဟော်သည် အဆတ်မပြတ်မြည်နေသည့် ဖုန်းသံကိုလျစ်လျူရှုကာ မျက်၀န်းတွင်ပိတ်ဆို့လာသည့် မျက်ရည်ကြည်တို့ကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ မူးယစ်သွားမှသာ နာကျင်နေသည်တို့ သက်သာမည်မို့ တစ်ခွက်ပြီးတစ်ခွက်သာ ဆင့်သောက်နေမိသည်။ ထို့နောက်မှာတော့ ရှေ့ကခုံပေါ် ခေါင်းစိုက်သွားရလေတော့သည်။

"ဟေ့လူ ဟေ့လူ ထထ"

ဆိုင်သိမ်းချိန်ရောက်ပြီဖြစ်တာကြောင့် ခုံပေါ်ခေါင်းမှောက်နေသောသူ့ကို စားပွဲထိုးကောင်လေးက နှိုးရသည်။ သို့သော်လည်း နှိုး၍မရပါချေ။ ထိုအချိန်မှာပင် ဖုန်းသံထပ်မြည်လာတာကြောင့် ကောင်လေးက နေမဟော့်ဖုန်းကိုယူကာ ဖြေပေးလိုက်သည်။

******

အကြိမ်ပေါင်းများစွာ ဖုန်းခေါ်နေသော်လည်း လုံးဝမကိုင်တာကြောင့် မေမာယာတစ်ယောက် ဒေါသထွက်နေသည်။ မကိုင်မချင်း အကြိမ်ကြိမ်ခေါ်ကာမှ တစ်ဖက်မှကိုင်လိုက်သည်။ သူမစိတ်တိုစွာပင် အော်မြည်ကြံပြီးမှ တစ်ဖက်ကစကားကြောင့် ပါးစပ်အမြန်ပိတ်လိုက်ရသည်။

"hello အစ်မက မေမာယာလားခင်ဗျ"

"ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူး"

"Lin Lyan barကပါခင်ဗျ။ ဒီဖုန်းပိုင်ရှင် မူးပြီးမှောက်နေလို့ပါ။ ကျွန်တော်တို့ဆိုင်က ပိတ်တော့မှာခင်ဗျ"

"သြော်ဟုတ်ကဲ့။ ကျွန်မအခုပဲလာခဲ့ပါ့မယ်။ ခဏစောင့်ပေးပါနော်"

မေမာယာသည် ဖုန်းပြန်ချလိုက်ကာ ကားသော့ယူပြီး အမြန်မောင်းထွက်ခဲ့လိုက်သည်။ လက်မှနာရီကိုကြည့်လိုက်တော့ ည(၁၁)နာရီထိုးကာနီးလေပြီ။

bar သွားပြီးဒီအချိန်အထိ သောက်နေရလား'နေ'ရယ်။

သက်ပြင်းချရင်း ပူပန်စိတ်တို့ကို ဖိနှိပ်ရသည်။ barကိုရောက်တော့ တခြားသူများအကူအညီနှင့် နေမဟော့်ကို ကားဆီတွဲခေါ်သည်။ ဘယ်လောက်တောင် သောက်လိုက်သည်မသိ။ ဒယိမ်းဒယိုင်ဖြစ်
နေသူကို ကားဆီရောက်အောင် ခက်ခက်ခဲခဲ တွဲခေါ်လိုက်ရသည်။

ထို့နောက် ကားနောက်ခန်းထဲတွင် ကွေးကွေးကလေး အိပ်ပျော်သွားသူကြည့်ရင်း သူမသက်ပြင်းချမိသည်။ ထို့နောက်တော့ နေမဟော်တို့အိမ်သို့ မောင်းခဲ့တော့သည်။

ခြံရှေ့ရောက်တော့ ဟွန်းသံပေးလိုက်တာကြောင့် ခြံစောင့်ကတံခါးလာဖွင့်သည်။ သူမလည်း ခြံထဲမောင်း၀င်လိုက်သည်။ ဦးမင်းမြတ်ပိုင်လည်း ကားသံကြားတော့ အိမ်ထဲမှထွက်လာလေသည်။

"အန်ကယ်လ်… သူမူးလာလို့"

ကားထဲကနေမဟော့်ကိိုပြပြီးနောက် မနိုင်မနင်းဆွဲထုတ်နေတာကြောင့် သူလည်းမ‌ေနသာဘဲ သားဖြစ်သူကိုကူတွဲရလေသည်။

နှစ်ယောက်သား နေမဟော့်အခန်းဆီရောက်အောင် တွဲပို့လိုက်သည်။ နေမဟော့်တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေတာကြောင့် အ၀တ်အစားလဲပေးဖို့ပြင်တော့ မေမာယာက ဧည့်ခန်းမှာ စောင့်နေလိုက်သည်။

ခဏအကြာမှာတော့ ဦးမင်းမဟော််တစ်ယောက် ဒေါသထွက်နေသည့် အမူအရာနှင့် အပေါ်ထပ်မှ ပြန်ဆင်းလာလေသည်။

"အန်ကယ်လ် ဘာဖြစ်လို့လဲဟင်"

"တောက်... ဒီလောက်ပြဿနာ ဖြစ်ထားတာတောင်မှ ဟိုကောင်လေးနာမည် ယောင်နေသေးတယ်"

"ဒီလိုဆိုလက်ထပ်ဖို့ကိစ္စက ကြာဦးမယ်ထင်တယ် အန်ကယ်လ်ရယ်"

"ဟူး… အန်ကယ်လ်လည်း ဘယ်လိုပြောရမှန်းကို မသိတော့ဘူး"

ဦးမင်းမဟော်သည် သက်ပြင်းချရင်း ခေါင်းကိုထိုးဖွလိုက်သည်။ ခဏကြာတော့ အမူအရာက တွေးတွေးဆဆဟန် ဖြစ်လာလေသည်။

"အကြံတစ်ခုတော့ရှိတယ်သမီး ဒါပေမယ့်..."

"ဟုတ်ဆက်ပြောပါအန်ကယ်လ်..."

လူကြီးတစ်ယောက်အ‌နေဖြင့် ထိုစကားမျိုးမပြောသင့်တာအမှန်။ သို့သော် စီးပွား‌ရေးပူး‌ပေါင်းဆောင်ရွက်မှုများအတွက်‌ကြောင့်မို့ သူဆက်ပြောလိုက်သည်။ ထိုအခါ မေမာယာတစ်ယောက် အရှက်သည်းစွာ ခေါင်းငုံ့သွားလေသည်။ ဦးမင်းမဟော်ပြောသည်က "သားအခန်းမှာ ဒီညအိပ်လိုက်ပါ"ဟုပင် ဖြစ်လေသည်။

*******

ညမီးအိမ်၏ခပ်ဖျော့ဖျော့ အလင်းရောင်သမ်းနေသည့်အခန်းငယ်။ အခန်းထဲမှာတော့ အိပ်ပျော်နေဟန်ရှိသော်လည်း 'ကလေး'ဟူသည့် နာမ်စားလေးကို ရွတ်နေသည့် နေမဟော့်ကို မေမာယာတစ်ယောက် ဒေါသမျက်၀န်းများဖြင့် စိုက်ကြည့်နေလေသည်။

ထို့နောက် သူမ၏မျက်၀န်းများ ပြန်လည်ပျော့ပျောင်းသွားပြီးနောက် နေမဟော်၏ရှပ်ကြယ်သီးများကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်သည်။

"မူးပြီးအိပ်ပျော်နေချိန်မှာတောင် သူ့ကိုပဲတမ်းတနေတုန်းလားနေမဟော်။ ဒါပေမယ့် မိုးလင်းတာနဲ့ နင်ကငါ့အပိုင်ဆိုတာ နင်လက်ခံရတော့မှာ"

မေမာယာသည် နေမဟော့်ရင်ဘတ်ကို လက်ချောင်းလေးတွေနှင့် ခပ်ဖွဖွတို့ထိ ကစားပြီးနောက် ပြုံးလိုက်ရင်း သူမကိုယ်ပေါ်က အ၀တ်ကိုလဲ ဆွဲချွတ်လိုက်သည်။ ထို့နောက်မှာတော့...

*******

ငှက်ကလေးများ၏ ကျီကျီကျာကျာအော်မြည်သံနှင့်အတူ အရှေ့ဘက်မိုးကုပ်စက်၀ိုင်းမှ နေမင်းကြီး ပေါ်ထွက်လာသည်။ နံနက်ခင်းတစ်ခုအစပြုခဲ့လေပြီ။

ကုတင်ပေါ်မှာတော့ ခါးအထိစောင်ခြုံထားကာ အပေါ်ပိုင်းအ၀တ်မဲ့နေသော ကောင်လေးနှင့် ရင်ဘတ်အထိ စောင်ခြုံထားသည့်ကောင်မလေးတစ်ယောက် အတူရှိနေကြလေသည်။ အိပ်ရာနိုးနေပြီဖြစ်သော မေမာယာက ဘေး၌နှစ်ခြိုက်စွာ အိပ်မောကျနေသော နေမဟော့်ကိုကြည့်ကာပြုံးနေလေသည်။

နင်သာယောကျ်ားကောင်း တစ်ယောက်လို့ ကိုယ့်ကိုယ်ကို လက်ခံထားရင် ငါ့ကိုလက်ထပ်မယ်မလား 'နေ'...။စိတ်ထဲတွေးနေစဉ်မှာပင် နေမဟော်၏ ခန္ဓာကိုယ်လှုပ်လာသည်မို့ ပြန်၍အိပ်ပျော်နေဟန်ဆောင်လိုက်သည်။ နေမဟော်ကတော့ အိပ်ရာနိုးလာပြီးနောက် အုံခဲနေသောခေါင်းကို ဖိနှိပ်မိသည်။ ပြီးမှဘေးမှာရှိသည့် သူကိုမြင်ပြီး အံ့အားသင့်ကာ ငုတ်တုပ်ထထိုင်မိသည်။

"ဘယ်လိုဖြစ်လို့ သူကငါ့အခန်းထဲရောက်နေတာလဲ"

'ဘာတွေဖြစ်ကုန်တာလဲ'ဟု စိတ်ထဲမှ ရေရွတ်မိရင်း လွန်ခဲ့သည့်ညကအကြောင်း ပြန်စဉ်းစားတော့ bar တွင်မှောက်သွားသည် အထိသာမှတ်မိပြီး အိမ်ကိုဘယ်သူပြန်ခေါ်လာသည်ဆိုတာ မသိတော့ပေ။

ကုတင်ဘေးကိုကြည့်မိတော့ မိန်းကလေးအ၀တ်များနှင့် သူ့အဝတ်တွေက ဟိုနားတစ်ထည်၊ သည်နားတစ်ထည်နှင့်။ သည်တော့မှ နေမဟော်သည်လန့်ဖြန့်ကာ ကိုယ်ပေါ်ကစောင်ကို လှပ်ကာကြည့်လိုက်တော့ တစ်ထည်မျှမရှိတော့ပေ။

"ဟာ ဘယ်လိုတွေဖြစ်ကုန်တာလဲ"

ထိုအခါမှ မေမာယာက ယခုမှနိုးလာသည့်ဟန်ဆောင်လိုက်သည်။ နေမဟော်လည်း သူမနိုးလာသည်ကိုမြင်သည်နှင့် သူ့ကိုယ်ပေါ်သို့ စောင်ဖြင့်ပြန်အုပ်လိုက်ရသည်။

သူမလည်း နေမဟော့်ကိုတွေ့ပြီးမှ သူမကိုယ်သူမငုံ့ကြည့်ကာ စောင်ဖြင့်အတင်းပင် ဆွဲပတ်ထားလေတော့သည်။ မျက်နှာမှာတော့ ရှက်ရွံ့စိတ်များ အထင်းသားပေါ်လွင်နေလေသည်။

"ယာ... ဒါကဘယ်လိုဖြစ်ရတာလဲ"

နေမဟော်မေးလိုက်သည်နှင့် မေမာယာတစ်ယောက် ရုတ်တရက်ပင် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

"ညက... ညကအဟင့်... နင်ဘာမှမမှတ်မိဘူးလားနေယ်"

"ကျစ်... ငါမမှတ်မိလို့ နင့်ကိုမေးနေတာပေါ့"

"ညက... နင်မူးနေပြီးတော့... ငါ့ကို... အဟင့်... ငါ့ကိုလေ..."

"တော်တော့မေမာယာ အခြေအနေကိုကြည့်ပြီး ငါသဘောပေါက်သွားပြီ။ နင်အဲဒီ့လောက် တန်ဖိုးမဲ့လိမ့်မယ်လို့ ငါမထင်ထားမိဘူး"

"ဘာပြောလိုက်တယ်နေ"

"ညကငါမူးနေပေမယ့် ဘာမှမဖြစ်တာ ငါ့ကိုယ်ငါသိတယ်။ နင်ဇာတ်လမ်းတွေဆင်မနေနဲ့"

နေမဟော့်စကားကြောင့် သူမမျက်နှာတွင် မယုံကြည်နိုင်ခြင်းများက စိုးမိုးသွားလေသည်။ မေမာယာတစ်ယောက် ဝေ့သီနေသောမျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း မျက်နှာကိုမဲ့လိုက်သည်။

"ငါနင့်ကို ယောကျ်ားကောင်းတစ်ယောက်လို့ ထင်ထားတာ။ လတ်စသတ်တော့ နင်ကဒီလိုလူမျိုးလား။ ရတယ်နေမဟော် ငါကလည်း မာနနဲ့မိန်းမတစ်ယောက်ပါ။ နင်တာ၀န်မယူချင်တဲ့ ဘ၀တစ်ခုကို အတင်းထိုးပေးဖို့ဆန္ဒလည်း ငါ့မှာမရှိဘူး"

မေမာယာသည် သူမကိုယ်သူမ စောင်ဖြင့်ပတ်ထားသည့်အတိုင်း ကုတင်ပေါ်မှဆင်းလိုက်သည်။ ထို့နောက် ဟိုတစ်ထည်၊ သည်တစ်ထည်ပြန့်ကျဲနေသည့် အ၀တ်များကိုကောက်သိမ်းကာ ရေချိုးခန်းထဲ ဝင်သွားလေသည်။

နေမဟော်လည်း စိတ်ရှုပ်ထွေးစွာ ကျစ်ခနဲစုတ်သပ်လိုက်ရင်း သူ့အ၀တ်တွေကို ပြန်ဝတ်လိုက်သည်။ ထိုစဉ်မှာပင် မွေ့ယာပေါ်၌ အနီရောင်အကွက်တစ်ခုကို တွေ့လိုက်ရလေသည်။

"ဟာ... တစ်ကယ်ပဲ ငါသူ့ကို..."

နေမဟော်သည် အံ့သြမှုတို့နှင့်အတူ မယုံကြည်နိုင်စွာရေရွတ်မိသည်။ ဖြစ်နိုင်လို့လား။ ဒါကတစ်ကယ်ပဲလား။ သူ… ညကတစ်ကယ်ပဲ မေမာယာ့ကို…

သူတွေးနေစဉ်မှာပင် မေမာယာပြန်ထွက်လာတာကြောင့် သွေးစွန်းနေသည့် မွေ့ယာကို ဆွဲကာလုံးလိုက်မိသည်။ မေမာယာကတော့ ဂရုမထားမိသည့်အလား အိတ်နှင့်ကားသော့ယူကာ ထွက်သွားလေသည်။ ကျန်ခဲ့သည့်နေမဟော်မှာတော့ မေမာယာ့ကိုကြည့်ကာ ဘာပြောရမည်ပင်မသိတော့ချေ။

ဘယ်လိုလဲနေ။ ငါ့အကြံပိုင်တယ်မဟုတ်လား။ နင်လွယ်လွယ်လက်ခံမှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်လေ။ အဲဒါကြောင့် ညကတည်းက နင့်အခန်းထဲက ဆေးသေတ္တာကိုယူ၊ အထဲကဆေးနီဘူးဖွင့်ပြီး မွေ့ယာပေါ်လောင်းချထားတာလေ ဟင်းဟင်း။

မေမာယာတစ်ယောက် အခန်းအပြင်ရောက်သည်နှင့် နှုတ်ခမ်းအစုံကို တွန့်ချိုးလိုက်သည်။ မျက်နှာတွင်မူ ကျေနပ်အားရမှုတို့ ပြည့်နှက်လို့နေလျက်။ အခန်းအပြင်ရောက်တော့ ဦးမင်းမဟော်လည်း သူ့အခန်းထဲကထွက်လာလေသည်။

လက်မထောင်ပြလိုက်တော့ ဦးမင်းမဟော်လည်း ခေါင်းပြန်ညိတ်ပြလေသည်။ ထို့နောက်နှစ်ဦးသား ဧည့်ခန်းတွင် ခေတ္တမျှစကားပြောကြသည်။ နေမဟော် သူမကို ငြင်းသည့်အကြောင်းပြောပြတော့ ဦးမင်းမဟော်တစ်ယောက် ဒေါသထွက်သွားလေသည်။ သို့သော်လည်း သူမဆက်ပြောလိုက်သည့်စကားကြောင့် ပြုံးသွားရပြန်သည်။

"တော်သေးတယ်အန်ကယ်လ် ဒဏ်ရာထည့်တဲ့ဆေးအနီတွေ ညကတည်းက ကုတင်ပေါ်လောင်းခဲ့တယ်"

သည်လိုဆိုလျှင် နေမဟော်မငြင်းနိုင်တော့ဘူးမဟုတ်ပါလား။ ထိုစဉ်မှာပင် နေမဟော်တစ်ယောက် အပေါ်ထပ်မှပြေးဆင်းလာတာကြောင့် မေမာယာက ပြန်တော့မည့်ဟန်ပြင်ကာ လှည့်ထွက်လိုက်သည်။ ဦးမင်းမဟော်ကတော့ ဒေါသထွက်ဟန်ဆောင်ကာ နေမဟော့်မျက်နှာကို ခွပ်ခနဲမြည်အောင် ထိုးလိုက်လေသည်။

"မင်းယောကျ်ားမဟုတ်ဘူးလား ဟမ်… ယောကျ်ားဖြစ်ပြီး တာဝန်ယူတတ်တဲ့ စိတ်မရှိဘူးလား"

နေမဟော်သည် မျက်နှာပေါ်ကျရောက်လာသည့် လက်သီးကြောင့် နာကျင်သွားရသော်လည်း ဂရုမစိုက်နိုင်ဘဲ လှည့်ထွက်သွားသည့် မေမာယာ့လက်ကိုသာ လှမ်းဆွဲထားလေသည်။

"ငါနင့်ကိုလက်ထပ်မယ်။ ငါ့အမှားအတွက် ငါတာ၀န်ယူပါ့မယ်"

နေမဟော်ထံမှ ကတိစကားကြားသည်နှင့် မေမာယာတစ်ယောက် ပျော်ရွှင်သွားသည့်မျက်နှာနှင့် နေမဟော့်ကိုလှည့်ကြည့်လိုက်လေတော့သည်။ သူမတို့၏အကြံအစည် အောင်မြင်သွားချေပြီ။

"ကျေးဇူးတင်ပါတယ်နေ။ ငါ့ဘက်ကိုပြန်ကြည့်ပေးလို့"

မေမာယာသည် အထိုးခံလိုက်ရတာကြောင့် သွေးစို့သွားသည့် နေမဟော်၏နှုတ်ခမ်းထောင့်ကို လက်ဖြင့်အသာအယာသုတ်ပေးရင်း အလှဆုံးအပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက်ချိတ်ဆွဲထားလိုက်တော့သည်။

********