အခန်း ၁၂ အတိတ်မှအသိအကျွမ်းများ
Viewers 2k

အခန်း ၁၂။ အတိတ်မှ အသိအကျွမ်းများ

တီ...တီ...တီ...တီ...။
အိပ်ရာဘေးမှ စားပွဲတင်နာရီလေး၏ alarmသံကြောင့် အိပ်ရာနိုးလာခဲ့သော်လည်း လူကမထချင်သေး။ မနေ့က ခရီးပန်းလာသော်လည်း ညကတော်တော်နှင့် အိပ်မပျော်ခဲ့။ ချစ်သူအနားမှာ မရှိသည့်ညတာဟာ သာမန်ထက် ရှည်လျားလွန်းသည်ဆိုသည်မှာအမှန်ပင်။

အိပ်ပျော်အောင် ဘယ်လိုပင်အိပ်သော်လည အိပ်လို့ကိုမရ။ ခက်လှချေသည်။ သူတို့နှစ်ယောက်ရဲ့ အနာဂတ်ဆိုသည့်အရာကြီးက အိပ်မရအောင် အတွေးပေါင်းစုံနှင့် ခြောက်လှန့်နေပြီး မရရအောင် ဇွတ်အိပ်စက်တော့မှပဲ အိပ်ပျော်သွားခဲ့သည်။

အခုလည်း alarmသံက နှောင့်ယှက်ပြန်သည်။ ဘုန်းမြတ်ပိုင်တစ်ယောက် အိပ်ရေးမ၀သေးသည့် မျက်လုံးတို့ကို မှိတ်လျှက်နှင့်ပင် နာရီဆီလက်လှမ်းကာ alarmကို ပ်ိတ်လိုက်သည်။ သို့သော်လည်း အသံကကြားနေရဆဲမို့ မဖွင့်ချင်ဖွင့်ချင်ဖြစ်နေသည့် မျက်လုံးတွေကို အတင်းဆွဲဖွင့်တော့မှ ဖုန်းမည်နေတာဖြစ်မှန်း သိလိုက်ရသည်။

"Hello ကိုကို"

"Morning ကလေး"

"အွန်း..."

နေမဟော့်အသံက ရွှင်လန်းနေသော်လည်း ဘုန်းမြတ်ပိုင်ကတော့ အသံမပွင့်တပွင့်နှင့်ဖြေမိသည်။  သည်တော့ နေမဟော်လည်း သူမခေါ်ခင်အထိ ဘုန်းမြတ်ပိုင်တစ်ယောက် အိပ်ပျော်နေခဲ့တာမှန်း သိလိုက်သည်။

"ခုမှနိုးတာလား ကလေး"

"ဝါး... ဟုတ်... ညကအိပ်မပျော်ဘူး အဲဒါကြောင့်"

ဘုန်းမြတ်ပိုင်သည် ပြန်ဖြေ‌နေရင်း အိပ်ချင်စိတ်မပြေသေးတာမို့ ဝါးခနဲပင်သမ်းမိသည်။ သူတစ်ကယ်အိပ်လို့မ၀သေး။ ဖြစ်နိုင်လျှင် ထပ်အိပ်ချင်သေးသည်။

"ကဲ ဟုတ်ပါပြီဗျာ။ နေ့ခင်းမှပြန်အိပ်တော့နော်။ အခုထပြီး မျက်နှာသစ်သွားတိုက်တော့"

"ဟင့်အင်း မထချင်ပါဘူး"

"ကလေးကလည်းကွာ။ ကိုယ့်ကိုချစ်ရင် အိပ်ရာထတော့။ နေမြင့်အောင်အိပ်ရင် နေမကောင်းဖြစ်မယ်လေ"

"ဖြစ်ပါစေ။ ကိုကိုဆေးလာတိုက်ပေါ့"

"ချွဲပိုလေး ထတော့"

"ဟင့်အင်း... အိပ်ချင်တယ်"

"အပြင်မှာမုန့်သွားစားဖို့ လာခေါ်မလို့ကို မလိုက်ချင်ရင်လည်းနေပေါ့ကွာ"

"တစ်ကယ်လား"

ထိုအခါမှဘုန်းမြတ်ပိုင်တစ်ယောက် ရုတ်ခနဲ ငုတ်တုပ်ပင် ထထိုင်လိုက်မိသည်။ ကိုကိုလာမည်မို့လား၊ မုန့်စားရမည်မို့လားဆိုတာကတော့ သူသာသိပါလိမ့်မည်။

"ခွေးစုတ်လေး... အခုကျတော့ အသံကတစ်မျိုး။ အသင့်လုပ်ထား ကိုယ်ခုပဲလာခဲ့မယ်။ အရမ်းချစ်တယ် puppyလေး"

"ရား... ကိုကိုနော်"

သူ့ကိုpuppyလေးဟု ခေါ်သည်မို့ ပြန်အော်သည့် အသံစူးစူးလေးကြောင့် နေမဟော်တစ်ယောက် ဖုန်းနှင့်နားကိုပင် အမြန်ခွာလိုက်ရသည်။

"အော်လိုက်တာ ခွေးစုတ်လေးရာ။ မုန့်သံကြားတာနဲ့ အတင်းအိပ်ရာထတော့တာပဲ ဟားဟား"

နေမဟော်ရယ်လိုက်ပြီးနောက် သွားခေါ်ဖို့ရာ ပြင်ဆင်လိုက်တော့သည်။ ဆံပင်ကိုသေသပ်အောင်ဖြီးသင်ရန် မှန်ကိုကြည့်မိတော့ ချောမောခန့်ညားသည့် ကောင်လေးတစ်ယောက် မှန်ထဲမှ‌နေ၍ ပြန်ကြည့်နေသည်။

အားကစားလိုက်စားသူမို့ ရင်ဘတ်က ကြွက်သားများက ထင်းနေပြီး ရင်ဘတ်မှာလည်း ခပ်ပါးပါးအမွှေးတစ်ချို့။ ကိုယ့်ကိုယ်ကိုမှန်ထဲပြန်ကြည့်ရင်း ယောကျ်ားလေးဖြစ်ပြီး အမွှေးအမျှင်ကင်းသည့် ရင်ဘတ်တစ်စုံကို သတိရမိပြန်တာမို့ ပြုံးမိပြန်သည်။

ထို့နောက် ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ခြင်းအမှုကို လက်စသတ်ပြီး အဖြူရောင်ရှပ်လေးကို ထုတ်ကာ၀တ်လိုက်သည်။ ဘောင်းဘီကိုတော့ နက်ပြာရောင်ဂျင်းလေးသာ ရွေးချယ်လိုက်သည်။

ထို့နောက်ခေါင်းကို hair coatလေးအနည််ငယ် ပွတ်လိုက်ပြီး ဘီးဖြင့်သေသပ်စွာဖြီးလိုက်သည်။ မှန်ထဲပြန်ကြည့်လိုက်တော့ လေးထောင့်မကျတကျ မျက်နှာနှင့်ခပ်ထူထူမျက်ခုံးတစ်စုံ ပိုင်ဆိုင်သည့်သူဟာ မထူမပါးနှုတ်ခမ်းတစ်စုံနှင့်အတူ smartကျလို့နေသည်။

နေမဟော်တစ်ယောက် ကိုယ့်ကိုယ်ကို စိတ်ကျေနပ်သည်အထိ ပြင်ဆင်ပြီးနောက် ကားသော့ယူကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ရင်ထဲမြူးနေသည်မို့ လေကလေးတချွန်ချွန်ဖြင့် ဧည့်ခန်းကိုဖြတ်ကာ လျှောက်လာတော့ ဒယ်ဒီက coffee သောက်ရင်းမှ သူ့ကိုလှမ်းကြည့်နေလသည်။

"သားကြီး ဘယ်သွားမလို့လဲ။ coffee မသောက်တော့ဘူးလား"

"မသောက်တော့ဘူးဒယ်ဒီ ကျွန်တော်အပြင်သွားမလို့"

"ဒီနေ့ meeting ရှိတယ်နော်။ မေ့မနေနဲ့ဦး"

"ကျွန်တော် အမှီပြန်လာမှာပါ"

နေမဟော်ပြောပြီးသည်နှင့် ထွက်လာခဲ့တော့သည်။ သူ့ချစ်သူလေး စောင့်နေလောက်ပြီလေ။

****

မနေ့ကညနေက နေမဟော်ပြန်ရောက်ပြီဟု ဦးမင်းမဟော် ပြောတာကြောင့် မေမာယာတစ်ယောက် ချက်ချင်းသွားတွေ့ချင်မိသော်လည်း ခရီးပန်းလာမှာမို့ နားပါစေဟုတွေးရင်း သွားမတွေ့ဖြစ်ခဲ့။ ထို့ကြောင့်အိပ်ရာနိုးသည်နှင့် မျက်နှာသစ်၊ ရေချိုးပြီးနောက် မိတ်ကပ်ပါးပါးလေးလိမ်းရင်း အလှဆုံးဖြစ်အောင် ပြင်ဆင််မိသည်။

အစိမ်းရောင် ဒူးဖုံးဂါ၀န်လေး၀တ်လိုက်ပြီး မဟော်ဂနီရောင် ဆံနွယ်ခွေတွေကိုပါ ဖြီးသင်လိုက်သည်။ ထို့နောက်မှန်ရှေ့မှာရပ်ကာ ပြန်ကြည့်လိုက်တော့ မှန်ထဲကသူမဟာ လုံး၀perfect ဖြစ်သွားလေပြီ။

အဖြူရောင်လက်ကိုင်အိတ်လေးနှင့် ကားသော့ကိုယူပြီးနောက် Kitchen roomထဲ ၀င်လိုက်ကာ အိမ်ထိန်းအဒေါ်ကြီးကို နှုတ်ဆက်လိုက်သည်။

"ဒေါ်ကြီး ဗိုက်ဆာရင်စားနှင့်နော်။ သမီးအပြင်မှာ စားချင်စားလာမှာမို့"

"အေးအေး... သမီး... ကားလည်းဂရုစိုက်မောင်းနော်"

"ဟုတ် သမီးသွားပြီနော်"အိမ်ထိန်းအဒေါ်ကြီးဆိုသော်လည်း သူမနှင့်အမျိုးတော်သူမို့ အုပ်ထိန်းသူဆိုလည်း မမှားပေ။ သူမမိဘတွေက နိုင်ငံခြားမှာ အခြေချနေကြတာဖြစ်ပြီး အတူနေဖို့ခေါ်ပေမယ့် သူမကမသွားဘဲနေနေတာမို့ တစ်ယောက်ထဲမဖြစ်အောင် မိဘတွေက စီစဉ်ပေးထားခြင်းပင်။


သူမလက်ထပ်ပြီးလျှင်တော့ အလည်အပတ်ဖြစ်ဖြစ်သွားမည်ဟု စိတ်ကူးထားသည်။ သူမအတွေးများနှင့် ကားမောင်းလာရင်း နေမဟော့်အိမ်ရှေ့နား ရောက်ကာနီးလေပြီ။ ထိုအချိန်မှာပဲခြံထဲက ကားတစ်စီးထွက်လာတာမို့ သေချာကြည့်လိုက်တော့ နေမဟော့်ကားမို့ အနောက်ကနေ အသာလေးလိုက်သွားမိသည်။

နေမဟော်မောင်းနေသည့် directionက သူတို့ရဲ့hotel groupကို မဟုတ်ဘဲ တစ်ခြားဘက်ဖြစ်နေသည်။ ထို့ကြောင့်မေမာယာတစ်ယောက် ယာဉ်ကြောတွေရှုပ်နေသည့်ကြားက အမှီမောင်းကာ လိုက်ကြည့်မိသည်။

အတော်ကြာကြာမောင်းပြီးနောက် ခြံတစ်ခြံရှေ့၌ ကားရပ်ပြီး ဟွန်းသံပေးလိုက်တာမို့ သူမ၏ကားကိုလည်း ခပ်လှမ်းလှမ်းမှာ ရပ်လိုက်ပြီး အခြေအနေစောင့်ကြည့်လိုက်သည်။

ခဏနေတော့ခြံတံခါးပွင့်သွားပြီး ကားကိုအထဲမောင်း ၀င်သွားလေသည်။ အနောက်မှ လိုက်ချောင်းသည်ဆိုသော်လည်း အခုကျတော့ ဘက်လုပ်ရမလဲဆိုတာ သူမ,မသိတော့။

နေပါဦး။ ဒါက Min Myat Paing companyရဲ့ CEO ဒေါ်စုမြတ်ပိုင်ရဲ့ အိမ်မဟုတ်လား။ ဘာလို့'နေ'က...

မေမာယာ အံ့သြကာတွေးနေစဉ်မှာပင် နေမဟော့်ကား ပြန်ထွက်လာသည်။ သူ့ဘေးမှာတော့ သူမသိပ်မုန်းသော ဘုန်းမြတ်ပိုင်ဆိုသည့်လူက အခန့်သားလိုက်ပါသွားလေသည်။

သြော်... လက်စသတ်တော့ ဒါနင့်အိမ်ပေါ့ ဟုတ်လား။ တွေ့ကြသေးတာပေါ့ ဘုန်းမြတ်ပိုင်ရယ်။ မေမာယာစိတ်ထဲမှ ကြိမ်းဝါးလိုက်တော့သည်။

*******

ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော်နှင့်ဖုန်းပြောပြီးနောက် အိပ်ရာပင်မသိမ်းနိုင်ပဲ ခပ်မြန်မြန်ရေချိုးလိုက်သည်။ ထို့နောက် အဝတ်လဲနေစဉ်မှာပင် တံခါးခေါက်သံနှင့်အတူ ညီမဖြစ်သူ၏အသံကို တစ်ဆက်တည်းကြားလိုက်ရသည်။

"ကိုကိုရေ နိုးပြီလား "

"နိုးပြီညီမလေးရေ။ ၀င်လာခဲ့ lockမချထားဘူး"

"စောစောကရေကျသံကြားလို့ ရေပိုက်ယိုနေတာဖြစ်မှာစိုးလို့ လာကြည့်တာ ရေချိုးနေတာလားကိုကို"

"ဟုတ်တယ်ညီမလေး"

နှင်းမြတ်ပိုင်၀င်လာကာ အစ်ကိုဖြစ်သူရှေ့၌ရပ်ပြီး ကြယ်သီးများ ကူတပ်ပေးလိုက်သည်။

"uke လို့ကိုမပြောရဘူး။ ရင်အုပ်လည်းမရှိ ပြားချပ်နေတာပဲ"

"ဒီကောင်မလေးတော့ အစ်ကိုကို.."

ကူညီပေးနေရင်း ပါးစပ်ကလည်း အငြိမ်မနေသည့် ညီမဖြစ်သူကို လက်သီးရွယ်ပြလိုက်တော့ နှင်းမြတ်ပိုင်တစ်ယောက် ရယ်နေလေသည်။

"မြန်မြန်၀တ်။ ကြီးစုက breakfastစားဖို့ စောင့်နေတယ်။ ပြီးရင်company သွားရဦးမို့မှာတဲ့"

"မစားတော့ဘူးညီမလေးရေ။ ကိုကိုအပြင်သွားမလို့"

"ဟင်းဟင်း ဘယ်သူနဲ့ သွားတွေ့မလို့ဆိုတာ သိနေသလိုပဲနော်"

"သိရင်လည်း တိတ်တိတ်နေ"

"မနေနိုင်ပါဘူး"

အစ်ကိုဖြစ်သူကိုစနောက်ရင်း လျှာထုတ်ကာပြောင်ပြလေတော့ ဘုန်းမြတ်ပိုင်က သူမခေါင်းကိုလက်သီးဖြင့် ခပ်ဖွဖွလှမ်းထုသည်။ မနာအောင်ထုသည်မှန်သော်လည်း သူမကတော့ အသာလေးရှောင်ကာ အောက်ထပ်သို့ ပြေးဆင်းသွားလေတော့သည်။

ညီမဖြစ်သူကိုကြည့်ရင်း သူရယ်မောကာ ခေါင်းခါလိုက်မိသည်။ တစ်ကယ့်ကို မနိုင်စိန်လေးပင်။ သူအောက်ထပ်ကိုရောက်တော့ ကြီးဒေါ်နှင့်ညီမဖြစ်သူက breakfast စားနေလေပြီ။

"ကိုကိုလာပြီ ကြီးစုရေ။ ကိုယ့်ဘာသာမေးပေတော့"

နှင်းမြတ်ပိုင်တစ်ယောက် ဘုန်းမြတ်ပိုင်ကိုကြည့်ရင်း စပ်ဖြီးဖြီးလေးရယ်နေသည်မို့ 'အင်း... ဒီကောင်မလေး ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ'ဟု တွေးလိုက်မိလေပြီ။

"ထိုင်ဦး‌လေသား... ထမင်းကြော်စားဦး"

"ဟို... သားအပြင်သွားမလို့ breakfast မစားတော့ဘူးကြီးစု"

"အဲဒါဆိုလည်း coffeeတော့ သောက်သွားလေ။ သားအကြိုက် ဖျော်ပေးထားတာ"

"ဟုတ်"

ဘုန်းမြတ်ပိုင်သည် သူ့အကြိုက်အရသာ ဖျော်ပေးထားသည်ဆိုတာမို့ ခုံမှာ၀င်ထိုင်ရင်း တစ်ငုံသောက်လိုက်တော့ ချိုစိမ့်စိမ့်အရသာလေးက လျှာပေါ်မှတစ်ဆင့် ခံတွင်းထဲပျံ့နှံ့သွားလေသည်။

"ကြီးစုကအမြဲ လက်ရာမှန်နေတာပဲ good"

ပါးစပ်ကပြောရင်း လက်မလေးထောင်ပြတာကြောင့် ဒေါ်စုမြတ်ပိုင်ပြုံးလိုက်ပြီး နှင်းမြတ်ပိုင်ကတော့ မျက်စောင်းထိုးလေသည်။

"အဲဒါ ညီမလေးဖျော်ထားတာ"

"ထင်ပါတယ်... လက်ရာက အဲဒီ့လောက်ဆိုးနေကတည်းက"

"ကိုကိုနော်..."

"ကဲ... ဒီမောင်နှမဟာလေ တွေ့တာနဲ့ရန်ဖြစ်ဖို့ပဲ"

ဘုန်းမြတ်ပိုင်သည် တမင်တကာမျက်နှာကိုမဲ့ပြလိုက်ပြီး လက်ကျန်coffeeလေးကို ဆက်သောက်လိုက်သည်။

"မနေ့ညက အိမ်လိုက်ပို့‌ပေးတဲ့ကောင်လေးက သားချစ်သူဆို ဟုတ်လား"

ဒေါ်စုမြတ်ပိုင်၏ အမေးစကားကြောင့်  သောက်လက်စ coffeeပင် သီးသွားရလေသည်။ နှင်းမြတ်ပိုင်ကို လှမ်းကြည့်လိုက်တော့ မျက်နှာကစပ်ဖြဲဖြဲ။ ဒီကလေးမ သူ့ကိုဆေးထိုးလိုက်ပြီဆိုတာ သေချာနေပါပြီ

ဖိတ်ကျကုန်သည့် coffeeတွေက သူ့အ၀တ်‌တွေမှာပါ ပေကုန်တာမို့ tissueဖြင့် သုတ်ပစ်နေချိန်မှာပဲ ခြံရှေ့မှကားဟွန်းသံကြားလိုက်ရသည်။ ဘုန်းမြတ်ပိုင်လည်း နေမဟော်ရောက်လာပြီဆိုတာ သိလိုက်တာမို့ ဒီပုံစံကြီးကိုတော့မမြင်စေချင်။

"သားအ၀တ်သွားလဲလိုက်ဦးမယ် ကြီးစုသိချင်တာ ညီမလေးသာမေး"

အနားမှာဆက်နေလျှင် မေးခွန်းတွေတစ်သီကြီး မေးခံရတော့မည်ဆိုတာ သိနေတာကြောင့် အ၀တ်လဲရန်အကြောင်းပြကာ အခန်းထဲ အမြန်ပြေးမိသည်။ ပါးစပ်ကလည်း ညီမကိုမေတ္တာပို့မပျက်ပေ။kitchen roomထဲမှာ ကျန်နေခဲ့သည့် ဒေါ်စုမြတ်ပိုင်၏မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြမှုတွေ ကြီးစိုးနေခဲ့သည်ဆိုတာကိုတော့ ဘုန်းမြတ်ပိုင်တစ်ယောက် မမြင်လိုက်မိပေ။ နေမဟော်ကတော့ နှင်းမြတ်ပိုင် တံခါးလာဖွင့်ပေးတာမို့ ကားကိုခြံထဲသို့ မောင်း၀င်လာခဲ့လေသည်။

"လာ ၀င်ခဲ့လေကိုနေ။ ကိုကိုက အ၀တ်လဲနေလို့"

"ဟို... ကြီးစုရှိနေလား"

နေမဟော်တစ်ယောက် ကားပေါ်ကဆင်းရင်း နှင်းမြတ်ပိုင်ကို လှမ်းမေးလိုက်တော့ ပြုံးစစနှင့် ခေါင်းညိတ်ပြလေသည်။

"အာ... အဲဒါဆို... ကားထဲကပဲ စောင့်နေလိုက်မယ်လေ နော်..."

"ဘာလဲ။ ကြီးစုကိုကြောက်လို့လား"

"ဟဲဟဲ နည်းနည်းရှိန်နေသေးလို့"

နှင်းမြတ်ပိုင်က သူ့အကြောင်းသိနေတာကြောင့် အမှန်အတိုင်းပင် ဖြေလိုက်သည်။ သူမက သူ့ရဲ့ခယ်မလောင်းလေး မဟုတ်ပါလား။

"လာပါ မရှိန်ပါနဲ့။ ကြီးစုက သဘောကောင်းပါတယ်။ ကိုနေနဲ့ ကိုကို့ကိစ္စလည်းသိသွားပြီ"

နေမဟော်တစ်ယောက် အိမ်ထဲလှမ်းဝင်လိုက်စဉ်မှာပဲ နှင်းမြတ်ပိုင် ဆက်ပြောလိုက်သည့်စကားကြောင့် မျက်လုံးပြူးသွားမိသည်။

"အမ်... ဒါဆို"

"မကြောက်ပါနဲ့။ ကြီးစုက ခေတ်အမြင်ရှိပါတယ်။ ကန့်ကွက်မှာမဟုတ်ပါဘူး။ လာပါ"

နှင်းမြတ်ပိုင်သည် တွန့်ဆုတ်နေသည့် နေမဟော့်ကိုဆွဲကာ အိမ်ထဲခေါ်သွားလေသည်။ ထိုသို့နှင့် ခယ်မလောင်းလေး နှင်းမြတ်ပိုင်၏လက်ထဲ နေမဟော်တစ်ယောက် ယက်ကန်ယက်ကန်နှင့် ပါသွားရလေတော့သည်။

ဧည့်ခန်းထဲရောက်တော့ ဒေါ်စုမြတ်ပိုင်ကပြုံးကာ ဆိုဖာကိုလက်နှင့်ညွှန်ပြလိုက်ပြီး ထိုင်စေသည်။ နှင်းမြတ်ပိုင််ကတော့ kitchen room ထဲ၀င်သွားလေသည်။

"မင်းနာမည်က နေမဟော်နော်"

"ဟုတ်ပါတယ်ခင်ဗျ"

"မိဘတွေရော ရှိသေးလား ဘာလုပ်ကြတုန်းကွဲ့"

"hotel လုပ်ငန်းပါခင်ဗျ။ မာမီကတော့ဆုံးသွားပါပြီ"

"သြော်စိတ်မကောင်းတာကွယ်"

ဒေါ်စုမြတ်ပိုင်မေးနေသည်များကို နေမဟော်တစ်ယောက် ခပ်ရှိန်ရှိန်နှင့် ပြန်ဖြေနေမိသည်။ ဘယ်အချိန် သူတို့နှစ်ယောက်ကိစ္စ မေးလိုက်မလဲ တွေးကာရင်ပူနေမိတာလဲ ပါသည်ပေါ့။

ထိုစဉ်မှာပင် နှင်းမြတ်ပိုင် ပြန်ရောက်လာသည်။ ကိုင်လာသည့် coffee ခွက်ကို သူ့အရှေ့မှာချပေးပြီး "coffeeသောက်ပါဦး"ဟု ဆိုတာမို့ နေမဟော်လည်းပြုံးကာ ခေါင်းငြိတ်ပြလိုက်လေသည်။

"မင်းနာမည်က နေမဟော်ဆိုတော့ အဖေ့နာမည်က မဟုတ်မှ ဦးမင်းမဟော်လား"

"အာ... ဟုတ်ပါတယ်ခင်ဗျ။ ကျွန်တော့်မိဘတွေက ဦးမင်းမဟော်နဲ့ ဒေါ်နှင်းဧကရီပါ"

နေမဟော်တစ်ယောက် မိဘနာမည်တွေပြောလိုက်ချိန်မှာပင် ဒေါ်စုမြတ်ပိုင်၏မျက်နှာ‌ပေါ်တွင် ဒေါသနှင့်အတူ ခပ်ရွဲ့ရွဲ့မဲ့ပြုံးတို့ ပေါ်ထွက်လာလေသည်။

"ကြီးစုက ဒယ်ဒီတို့နဲ့သိတယ်လား"

"ဟက်သိတာမှ ရင်းရင်းနှီးနှီးပဲလေ။ လက်စသတ်တော့ မင်းကသူ့မျိုးဆက်ပါလား။ ဘယ်လိုလဲ။ ငါ့မောင်လေးကို တစ်ဘ၀လုံး အရှက်ရအောင်လုပ်ခဲ့တဲ့ မင်းအဖေ ကျန်းခန့်သာလို့မာရဲ့လား"

"ခင်ဗျာ... ကြီးစု ဘာတွေပြောနေတာလဲ။ ကျွန်တော်နားမလည်ဘူး"

နေမဟော်တစ်ယောက် ဒေါ်စုမြတ်ပိုင်၏ စကားကိုနားမလည်ဘဲ အူကြောင်ကြောင်ပင်ဖြစ်သွားရသည်။ ထိုအချိန်မှာပင် ဘုန်းမြတ်ပိုင်သည်လည်း လှေကားမှ ပြန်ဆင်းလာလေသည်။

"ညီမလေး ဘာတွေဖြစ်နေတာလဲ"

ဘုန်းမြတ်ပိုင်တစ်ယောက် သူ့ညီမကိုလှမ်းမေးလိုက်သော်လည်း နားမလည်သည့်မျက်နှာနှင့် ခေါင်းခါပြတာကိုသာ ရလိုက်လေသည်။

"မင်းသူနဲ့လိုက်သွားစရာမလိုဘူး။ အခုချက်ချင်း အပေါ်ကိုပြန်တက်တော့ ဘုန်းမြတ်ပိုင်"

ဒေါ်စုမြတ်ပိုင်သည် မကြုံစဖူးပင် ဘုန်းမြတ်ပိုင်ကို လေသံမာမာနှင့်ပြောလိုက်သည်။ တစ်ခါမျှ ထိုသို့အပြောဆို မခံခဲ့ရဘူးသော်လည်း ဘုန်းမြတ်ပိုင်ကတော့ လက်မလျှော့နိုင်။

"ဘာတွေဖြစ်နေတာလဲဆိုတာ သားကိုအရင်ပြောမှပေါ့ ကြီးစုရဲ့"

"ငါသူ့ကိုမေးစရာတွေရှိသေးတယ်။ နှင်းမြတ်ပိုင် သူ့ကိုအပေါ်ခေါ်သွားတော့"

ဒေါ်စုမြတ်ပိုင်ပြောလိုက်သော်လည်း သူမကတော့ မလှုပ်မယှက်ရပ်နေရင်း အစ်ကိုဖြစ်သူကို မျက်စပစ်ပြနေလေသည်။ ဘုန်းမြတ်ပိုင်လည်း သဘောပေါက်တာမို့ "ကြီးစု သိချင်တာရှိရင် ပြန်လာမှမေးတော့ဗျာ သားဗိုက်ဆာနေပြီ မုန့်သွားစားတော့မယ်"ဟု အကြောင်းပြကာ ရှေ့ကထွက်သွားတော့ နေမဟော်လည်း နောက်မှ ကမန်းကတမ်းလိုက်ရလေသည်။

"တောက်... ဘုန်းမြတ်ပိုင်... နင်ပြန်လာခဲ့စမ်း"

သူမ‌အော်ခေါ်သော်လည်း ပြန်လှည့်မလာသည်မို့ ဒေါ်စုမြတ်ပိုင်တစ်ယောက် မကျေမနပ်မျက်နှာနှင့် ဒေါသထွက်ရင်း ကျန်နေခဲ့လေသည်။ ကားပေါ်ရောက်တော့မှ ဘုန်းမြတ်ပိုင်လည်း သက်ပြင်းချမိတော့သည်။ ဘာတွေဖြစ်နေတာလဲဆိုတာ သူနားမလည်တော့။

နေမဟော်သည်လည်းပဲ အခုလောလောဆယ်တော့ သူ့ချစ်သူလေးက ဗိုက်ဆာနေပြီဆိုတာမို့ ခြံထဲကနေထွက်နိုင်ဖို့က ပို၍အရေးကြီးနေလေသည်။ ထို့ကြောင့် ကားကိုပဲမြန်မြန်မောင်း ထွက်လာတော့သည်။ ထိုအချိန်တွင် ကိုယ့်အပူနှင့်ကိုယ်မို့ ခြံထောင့်မှာရပ်ထားသည့် ကားတစ်စီးပေါ်တွင် သူတို့ကိုစောင့်ကြည့်နေသူ ရှိနေသည်ကိုတော့ နှစ်ယောက်စလုံးသတိမပြုမိခဲ့ပေ။

*******

ကော်ဖီဆိုင်၌...။

"စောစောက ဘာတွေဖြစ်နေတာလဲဆိုတာ ကျေးဇူးပြုပြီး ကျွန်တော့်ကိုရှင်းပြပါကိုကို"

နေမဟော်သည် ဘုန်းမြတ်ပိုင်၏ အမေးစကားအဆုံးတွင် မျက်စိရှေ့မှ coffeeခွက်ကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေရင်း သက်ပြင်းချလေသည်။

"ကြီးစုက ကိုယ့်မိဘတွေကိုသိနေတယ်ကလေး"

"ဟင် ဟုတ်လား ကောင်းတာပေါ့ကိုကိုရဲ့""စိတ်ထဲလေးလံနေသလိုပဲကလေးရာ။ ကိုယ့်မိဘတွေနာမည်မေးလို့  ပြောလိုက်တဲ့အချိန်မှာ ကြီးစုမျက်နှာကတစ်မျိုးပဲ။ ပြီးတော့မေးသေးတယ်"

"ဘာဖြစ်လို့လဲကိုကို ကြီးစုကဘာမေးတာလဲ"

"ငါ့မောင်လေးကို တစ်ဘ၀လုံးအရှက်ရအောင် လုပ်ခဲ့တဲ့မင်းအဖေ ကျန်းခန့်သာလို့မာရဲ့လားတဲ့"

ဘုန်းမြတ်ပိုင်သည် နေမဟော်ပြောပြနေသော စကားများ၏ဆိုလိုရင်းကို နားမလည်ပေ။ ကြီးစုပြောသည့်စကားများက ဘာကိုဆိုလိုနေပါသနည်း။

"ကိုကို့မိဘတွေက ဘယ်သူတွေလဲ"

"ဦးမင်းမဟော်နဲ့ ဒေါ်နှင်းဧကရီတဲ့။ ကလေးရောသိလို့လား"

"ဟင့်အင်း အခုမှသိတာ။ ဒါပေမယ့် ကြားဖူးနေသလိုပဲ"

သူပြန်ဖြေလိုက်ရင်း မျက်ခုံးလေးကျုံ့ကာ မည်သည့်နေရာမှာ ကြာဖူးခဲ့သလဲဆိုတာ စဉ်းစားနေလေသည်။

"ကိုယ်တော့ ဘာတွေဖြစ်ကုန်တာလဲ မသိတော့ပါဘူးကွာ"

"ကိုကို..."

နေမဟော်သည် စဉ်းစားနေရင်းမှ ရုတ်တရက် ခေါ်သံကြားလိုက်ရတာကြောင့် coffeeကို ငုံ့ကာသောက်နေရင်းမှ ပြန်ကြည့်လိုက်သည်။

"ကျွန်တော်တစ်ခုခုကိုတွေးမိလိုက်ပြီ"

"ဘာလဲကလေး"

"ကျွန်တော်... ကျွန်တော်မပြောချင်ဘူး"

"ကိုယ်သိရမှ ဖြစ်မယ်လေကလေးရဲ့။ အဲဒါမှ ကြီးစုလက်ခံအောင် ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်လို့ရမှာ"

ဘုန်းမြတ်ပိုင်၏ မျက်နှာပျက်ယွင်းနေသော်လည်း နေမဟော်ဆက်မေးမိသည်။ သူသိရမှဖြစ်မည်လေ။ ဒါမှဘာဆက်လုပ်ရမလည်းဆိုတာ တွေးလို့ရမှာဖြစ်သည်။

"ဦးမင်းမဟော်ဆိုတာ ဒယ်ဒီ့ Exလားမသိဘူး။ ကိုကို့ဒယ်ဒီနဲ့ ကျွန်တော့်ဖေဖေတို့ အရင်ကပတ်သတ်ခဲ့ဖူးတယ်ထင်တယ်"

"အင်းလေကလေးရဲ့။ ကြီးစုပြောတဲ့ပုံအရ အဲလိုပဲလေ"

နေမဟော်ခေါင်းညိတ်ကာ ထောက်ခံသော်လည်း ဘုန်းမြတ်ပိုင်ကတော့ ခေါင်းခါကာဆက်ပြောလေသည်။

"မဟုတ်ဘူး ကျွန်တော်ပြောချင်တာက ကိုကို့ဒယ်ဒီနဲ့ ပါတ်သတ်ခဲ့တဲ့သူနာမည်က ဦးမင်းခန့်မြတ်ဆို"

"အင်းလေ..."

"ကျွန်တော့်ဒယ်ဒီက ဦးမင်းမြတ်ပိုင်လေ။ တူမှမတူတာ။ ဒါပေမယ့် ဒယ်ဒီများ နာမည်ပြောင်းထား..."

"ဘာပြောလိုက်တယ်ကလေး"

ဘုန်းမြတ်ပိုင်၏ စကားမဆုံးသေးခင်မှာ ဖြတ်မေးလိုက်သည်။ စိတ်ကူးဖြင့်တွေးကြည့်ရုံနှင့်ပင် ဘယ်လိုမှမဖြစ်နိုင်သည့် အရာ။ အနာဂတ်ယောက္ခထီးလောင်းက အဘယ်ကြောင့် ရန်သူဖြစ်နေနိုင်မည်နည်း။

"ခဏလေးကျွန်တော့်မှာ ဒယ်ဒီ့ပုံရှိတယ်"

ဘုန်းမြတ်ပိုင်သည် Galleryထဲ သိမ်းထားသည့် ဖခင်ဖြစ်သူ၏ပုံကို ပြလိုက်သည်။ ထိုပုံသည် သူတို့နှစ်ယောက်အတွက် ကွဲကွာခြင်း၏အစ ဖြစ်မည်ဆိုတာသာ ကြိုသိခဲ့ပါလျှင် သူပြခဲ့မိမှာမဟုတ်ပေ။ သို့သော်လည်း သူသိလိုက်ရချိန်မှာ နောက်ကျသွားခဲ့လေပြီ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါကတစ်ကယ်ပဲ ကလေးရဲ့ဒယ်ဒီလား"

နေမဟော်သည် ဓာတ်ပုံကိုကြည့်နေရင်း မယုံကြည်နိုင်ခြင်းတို့က မျက်နှာထက်တွင် ပေါ်လွင်နေသည်။ သူငယ်စဉ်ကတည်းက ကလဲ့စားချေဖို့ရာ မှတ်ထားခဲ့သောလူ၏ မျက်နှာကိုသူကောင်းစွာ မှတ်မိနေသေးသည်။

"ဘာတွေဖြစ်ကုန်တာလဲ။ ကျွန်တော်နားမလည်တော့ဘူး ကိုကို"

ဘုန်းမြတ်ပိုင်တစ်ယောက် စိတ်ရှုပ်ထွေးစွာရေရွတ်နေမိပြီး နေမဟော်ကတော့ ဓာတ်ပုံကိုကြည့်ကာ သွေးတို့ပွက်ပွက်ဆူနေလေပြီ။

"ဟားဟားဟား... တွေ့ချင်လို့လိုက်ရှာနေတုန်းကမတွေ့ဘဲ အခုတော့တိုက်တိုက်ဆိုင်ဆိုင်ကြီးပါလား"

"ကိုကို..."

"မခေါ်နဲ့ မင်းငါ့ကိုမခေါ်နဲ့..."

အံ့သြကာ မယုံကြည်နိုင်ခြင်းတို့မှ ဒေါသအဖြစ်ကူးပြောင်းသွားချိန်မှာတော့ ထိုဒေါသတို့သည် အနီးဆုံးမှာရှိသည့် ဘုန်းမြတ်ပိုင်အပေါ်သို့ စုပြုံကာကျရောက်သွားရတော့သည်။

"ဒီကိစ္စတွေကို မင်းအရင်ထဲက သိနေတာမဟုတ်လား ဟမ်ပြောစမ်းပါ"

ပခုံးကိုခပ်ကြမ်းကြမ်းကိုင်လှုပ်ကာ မေးတော့ သူမသိကြောင်းသာပြန်ဖြေမိသည်။ သို့သော်လည်း နေမဟော်၏ အသိစိတ်သည် ဒေါသကြောင့် အမှားအမှန်မြင်နိုင်စွမ်းမရှိတော့။ ဆူပွက်နေသောဒေါသတို့က ဘုန်းမြတ်ပိုင်အပေါ်သာ စုပုံပြုံကျကုန်တော့သည်။

"တော်လိုက်တော့ ဘုန်းမြတ်ပိုင် လူသတ်သမားရဲ့သားမှန်းမသိဘဲ ငါမင်းကိုချစ်ခဲ့မိတာ"

"မဟုတ်ဘူး ကိုကို... ကျွန်တော် ဘာမှမသိ..."

"တော်ပါတော့... ကလဲ့စားချေချင်စိတ်ကို အသက်မသွင်းစေချင်ရင် ကျေးဇူးပြုပြီး ငါ့ရှေ့ကထွက်သွားပါတော့"

နေမဟော်သည် သူ့ကိုဆက်ပြောခွင့်မပေးဘဲ ဖြတ်အော်လိုက်တာကြောင့် ဘုန်းမြတ်ပိုင်တစ်ယောက် ရှင်းပြခွင့်မရသည့်အပြင် မျက်ရည်တို့၀ဲလာလေပြီ။

"ကိုကို... အဟင့်..."

အရင်ကဆိုလျှင် သူငိုဖို့မပြောနှင့်။ မျက်နှာတစ်ချက်ညှိုးလျှင်ပင် နေမထိ၊ ထိုင်မထိဖြစ်တတ်သူက အခုတော့ လူအများကြားတွင် အော်ငေါက်သည်အထိ ဒေါသကြီးနေခဲ့လေပြီ။

"သိပ်ချစ်ခဲ့ဖူးတဲ့သူမို့ ညှာတာပေးနေတာ ဘုန်းမြတ်ပိုင်။ ကြာကြာနေရင် ငါမင်းက်ို ဘာလုပ်မိမလဲမသိဘူး"

"အဟင့်... ဟင့်..."

ဘုန်းမြတ်ပိုင်သည် နေမဟော်တစ်ခါမျှ သည်လောက်အထိဒေါသထွက်တာမျိုး မမြင်ဖူးတာမို့ ရင်ထဲလှိုက်တက်လာပြီး ငိုမိတော့သည်။ သို့သော်လည်း အသိစိတ်ကို ဒေါသဖုံးနေပြီဖြစ်သော နေမဟော်ကတော့ သနားရကောင်းမှန်း မသိတော့ပေ။

"သွားတော့လို့ပြောနေတယ်လေ"

"အဟင့်... ဟင့်..."

တစ်ရှိန်ထိုးထွက်လာသည့် ဒေါသနှင့်အတူ နောက်တစ်ကြိမ် အော်လိုက်မိတော့ ဆိုင်ထဲတွင် စားသောက်နေကြသူများ လှမ်းကြည့်ကြလေတော့သည်။ ဘုန်းမြတ်ပိုင်ကတော့ မျက်ရည်တွေနှင့်အတူ ဆိုင်ထဲက ပြေးထွက်သွားခဲ့လေပြီ။နေမဟော်တစ်ယောက် ဒေါသကိုမထိန်းချုပ်နိုင်ဘဲ အော်မိပြီးကာမှ လွန်သွားပြီမှန်းသိသော်လည်း အာရုံတွေက ထွေပြားနေလေသည်။ ထို့နောက် ခုံပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်ချရင်း စိတ်ငြိမ်အောင် ပြန်လည်ထိန်းချုပ်နေမိသည်။

စရောက်တည်းက ကိုယ့်အာရုံနှင့်ကိုယ်မို့ သူတို့ဝိုင်းနှင့် နောက်ကျောကပ်တွင်ထိုင်ကာ သူတို့ပြောသမျှကို နားထောင်နေခဲ့သည့် မိန်းကလေးတစ်ယောက် ရှိနေခဲ့သည်ကိုတော့ သူတို့သတိမထားမိခဲ့ကြပေ။ သူမ၏ အနီရဲရဲဆိုးထားသည့် နှုတ်ခမ်းတစ်စုံကို လှပစွာတွန့်ချိုးလိုက်တော့ ခပ်မဲ့မဲ့အပြုံးတစ်ပွင့်က နှုတ်ခမ်းထက် ပေါ်ထွက်လာလေသည်။

အဟင်း… နင်တို့ကိုခွဲဖို့ ငါဘာမှတောင် မကြိုးစားရသေးဘူး။ ပြတ်ကြပြီလား။ စိတ်မကောင်းပါဘူး ဘုန်းမြတ်ပိုင်ရေ။ နင့်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့သူက နင့်ကိုမုန်းသွားခဲ့ပြီ။ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုတော့ နင်ဘယ်လိုဆက်လုပ်မှာလဲဆိုတာ ငါဆက်ပြီး စောင့်ကြည့်ရတော့မှာပေါ့ နေမဟော်ရယ်။

********

နေမဟော်နှင့် ဘုန်းမြတ်ပိုင်တို့နှစ်ယောက် ပြဿနာဖြစ်နေသော်လည်း ထက်အာကာနှင့် သူရိန်စိုးတို့အတွဲကတော့ သာယာနေလေသည်။  ယနေ့ကသူတို့စေ့စပ်ပွဲဖြစ်ပြီး သူရိန်စိုး၏အိမ်မှာလုပ်တာဖြစ်သည်။ နှစ်ဖက်မိဘများက ဟိုအရင်ကတည်းက စီးပွားဖက်မိတ်ဆွေများဖြစ်ပြီး ခေတ်အမြင်ရှိကြသူတွေမို့ သူတို့နှစ်ဦးကို ကန့်ကွက်ခြင်းမရှိကြပေ။

စေ့စပ်ပွဲဆိုသော်လည်း ခမ်းခမ်းနားနားကြီးမဟုတ်ဘဲ နှစ်ဖက်မိဘတွေနှင့် ရပ်ကွက်လူကြီးအချို့သာ။ ထက်အာကာကတော့ လက်ထပ်ခွင့်တောင်းထားပြီးပြီမို့ လက်ထပ်ပွဲ တစ်ခါတည်းလုပ်လိုက်ချင်သော်လည်း မိဘများကကျောင်းပြီးမှသာ လက်ထပ်ပေးမည်ဆိုသောကြောင့် စေ့စပ်ပွဲလေးအနေနှင့်သာ ကျေနပ်လိုက်ရလေသည်။

ကာယကံရှင်နှစ်ဦးအနက် ထက်အာကာက ပျော်နေသလောက် သူရိန်စိုးကတော့ ခေါင်းကိုသာ အတင်းငုံ့ထားလေတော့သည်။ သို့နှင့်ထက်အာကာတစ်ယောက် စေ့စပ်ပွဲတစ်ချိန်လုံး ချစ်ရသူလေး၏မျက်နှာကို အပြည့်အ၀ကြည့်ခွင့်မရတာမို့ စေ့စပ်ပွဲပြီးသည်နှင့် မိဘတွေထံမှ ခွင့်တောင်းကာ သူရိန်စိုး၏လက်ကိုဆွဲပြီး ခြံထဲဆင်းခဲ့လေတော့သည်။

*******