အခန်း ၁၁ ဆွေပြမျိုးပြ
Viewers 2k

အခန်း ၁၁။ ဆွေပြမျိုးပြ

နှင်းမြတ်ပိုင်သည် ရေချိုးပြီးနောက် အ၀တ်လဲနေရင်း တစ်ယောက်ထဲကြိတ်ကာ ရယ်နေမိသည်။ လွန်ခဲ့သည့်ညက အစ်ကိုဖြစ်သူ ပြန်မလာတာမို့ တိတ်တိတ်ကလေး ပြန်ထွက်ကာချောင်းမိတော့ နေအရောင်တစ်ယောက် အခန်းထဲ၀င်သွားပြီးနောက် ချက်ချင်းပင်ပြန်ထွက်လာတာကို တွေ့လိုက်ရသည်လေ။

မျက်နှာကမူ ပြုံးစေ့စေ့နှင့်။ ထက်အာကာတို့အခန်းထဲ ၀င်သွားတာ တွေ့လိုက်မိကတည်းက သူမခန့်မှန်းမိပါသည်။ အစ်ကိုဖြစ်သူ ဘယ်ရောက်နေပြီလည်းဆိုတာကိုပေါ့။

"အဟိ... ငါနော် ပြန်တွေးရင်း အသည်းတွေယားလိုက်တာ"

ကိုယ့်ဘာသာတစ်ယောက်ထဲပြောရင်း မိတ်ကပ်လိမ်းဖို့ရာ မှန်ကိုကြည့်မိတော့ ပြုံးစေ့စေ့ဖြစ်ရုံတင်မကဘဲ စပ်ဖြီးဖြီးဖြစ်နေသည့် သူမမျက်နှာက မှန်ထဲမှာပေါ်လာလေတော့သည်။

ထိုအချိန်မှာပင် တံခါးခေါက်သံကြားလိုက်တာမို့ သွားဖွင့်ပေးလိုက်တော့ သူမအစ်ကိုပြန်လာတာဖြစ်‌နေသည်။ အသေအချာကြည့်လိုက်တော့ ပေါင်လယ်ထိဖုံးနေသည့် ရှပ်ပွပွကြီးနှင့်လေ။ အစ်ကိုဖြစ်သူကိုကြည့်နေရင်း ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။

"ကိုကို ဘယ်သူဟာကြီး၀တ်လာတာလဲ။ ပြောပါဦး။ ညကရော ဘယ်သွားအိပ်နေတာလဲ"

ရုတ်တရက်ပင် ဘုန်းမြတ်ပိုင်၏ ပါးမို့မို့လေးများက ပန်းရောင်သမ်းသွားရလေတော့သည်။

"ဟယ်... ကောင်လေးတစ်‌ယောက်ရှက်နေတယ်။ ကြည့်စမ်း ပါးလေးတွေရဲလို့ အဟမ်း…"

ညီမဖြစ်သူကစနောက်နေတာမို့ ဘုန်းမြတ်ပိုင်လည်း ပြန်ပြောမနေဘဲ မျက်နှာရဲရဲနှင့်ပင် အ၀တ်တစ်စုံကို ခပ်မြန်မြန်ယူပြီး အ၀တ်လဲခန်းထဲ ၀င်သွားလေတော့သည်။

ပြီးနောက်သူမတို့အားလုံး breakfast အတူတူစားကြသည်။ အဲဒီ့နောက်မှာတော့ သူမတို့၏ပျော်ရွှင်မှုများကို ရိုက်ချိုးမည့် အရာတစ်ခုကမကြာခင်မှာ ရောက်လာတော့မည်ဆိုတာ လုံး၀ကိုမရိပ်မိခဲ့ကြပဲ အိမ်ပြန်ခရီးကို ပျော်ရွှင်စွာစတင်ခဲ့ကြလေတော့သည်။

******

highwayလမ်းမပေါ်တွင် ကားလေးတစ်စင်း တရိပ်ရိပ်ပြေးနေသည်။ ကားနောက်ခန်းမှာတော့ နေမဟော်တို့စုံတွဲနှင့် နှင်းမြတ်ပိုင်တို့ ထိုင်နေလေသည်။

နေမဟော်သည် လိမ္မော်သီးလေးများကို အခွံခွာပြီးနောက် သူ့ချစ်သူကိုခွံ့ကျွေးသည်။ ဘုန်းမြတ်ပိုင်လည်း ပါးစပ်လေးဟပေးပြီးနောက် ညစ်ကျယ်ကျယ် တစ်ချက်ပြုံးကာ လိမ္မော်သီးအပြင် လက်ကိုပါခပ်ဖွဖွလေး ကိုက်ထည့်လိုက်သည်။ သို့သော် နေမဟော်က စိတ်မဆိုးသည့်အပြင် ရယ်မော၍သာ ခေါင်းလေးကိုဖွဖွပုတ်လိုက်သည်။

နှင်းမြတ်ပိုင်ကတော့ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေလေသည်။ ဘေးကအစ်ကိုနှစ်ယောက် ကလူကျီစယ်နေသည်ကို မသိမသာလေး snapဖမ်းနေတာမို့ မျက်နှာကပြုံးစေ့စေဖြစ်နေလေသည်။ ထို့နောက် facebook ထဲ၀င်ကာ 'ချစ်ဖို့ကောင်းတယ်မဟုတ်လား ငါ့ရဲ့OTP လေး အစစ်မ‌တွေ move... move...'ဟုရေးကာ postတင်ပြီး ဂုဏ်ဆာနေလေတော့သည်။

သည်လောက်တောင် ကြည်နူးဖို့ကောင်း၊ ချစ်စရာကောင်းသည့် အတွဲလေးကို အနီးကပ်support နေရသူမို့ fbပေါ်ကfujoshiမမတွေကြားမှာ သူမဂုဏ်ဆာနေမိတာပင်။

ကားရဲ့ရှေ့ခန်းထဲမှာတော့ ထက်အာကာသည် လက်တစ်ဖက်က ကားစတီယာရင်ကို ထိန်းကိုင်လျှက် ကျန်လက်တစ်ဖက်ကတော့ ဘေးခုံမှာထိုင်နေသည့် သူ့ချစ်သူလေးရဲ့လက်ကို ဆုပ်ကိုင်ထားလေသည်။

သူရိန်စိုးသည်လည်း အားနေသည့်လက်တစ်ဖက်နှင့် music box ကခလုတ်ကိုနှိပ်လိုက်တော့ ခပ်တိုးတိုး ပျံ့လွင့်လာသည်က pyramid ဟူသောသီချင်း။ ထို့နောက် မတိုးမကျယ်လေး ညည်းကာလိုက်ဆိုနေတော့ ဘုန်းမြတ်ပိုင်ကပါ အတူတူ၀င်ဆိုလေတော့သည်။

"Shawty's love is like a pyramid. We stand together till the very end. There'll never be another love sure. Iyaz and Charice let we go.

"ကလေး..."

ဘုန်းမြတ်ပိုင်တစ်ယောက် သီချင်းလိုက်ဆိုနေစဉ်မှာ ခေါ်သံကြားလိုက်တာမို့ ခေါင်းလေးစောင်းကာ ကြည့်မိတော့ အခါတိုင်းရယ်မြူးရိပ်တွေနဲ့ ပျော်ရွှင်နေတတ်သည့် ချစ်ရသူ၏မျက်လုံးအစုံဟာ အခုတောဖြင့် တည်ကြည်နေလေသည်။

"ဒီသီချင်းထဲကလိုပဲ ကိုယ်တို့အချစ်တွေက ပိရမစ်တွေလိုမျိုးပဲ ခိုင်မြဲနေမယ်ဆိုတာ ကလေးယုံတယ်မဟုတ်လား"

"ဟုတ်ကိုကို ကျွန်တော်တို့နှစ်ဦးကြား ငလျင်တွေ၊ မုန်တိုင်းတွေ ဘယ်လောက်ထန်ထန် ဘယ်လိုပဲဆိုးဝါးပါစေ ကျွန်တော်တို့အချစ်တွေက ထာ၀ရခိုင်မြဲနေမှာ"

ဘုန်းမြတ်ပိုင် လေးနက်စွာကတိပေးလိုက်တော့ နေမဟော်လည်း ပုခုံးလေးကိုဆုပ်ကိုင်ကာ သူ့ဘက်သို့မျက်နှာချင်းဆိုင်စေသည်။

"ကလေးတစ်ယောက်နဲ့တင် ကိုယ့်အချစ်တွေ လုံလောက်နေပြီမို့ နောက်တစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာမှာ မဟုတ်ဘူးဆိုတာလည်း ယုံတယ်မဟုတ်လား... ဟင် ကိုယ့်ဘေဘီလေး"

"ဟုတ် ကိုကို့ကိုယုံပြီးသား"

"ဘာအကြောင်းတွေပဲရှိရှိ ဘာကိစ္စတွေပဲဖြစ်လာဖြစ်လာ ကိုယ့်ကိုဘယ်တော့မှ လမ်းမခွဲပါဘူး ကိုယ့်လက်ကိုမလွှတ်တမ်း ဆုပ်ကိုင်ထားပါ့မယ်ဆိုတဲ့ ကတိရောပေးနိုင်မလား"

ဘုန်းမြတ်ပိုင်သည် နေမဟော်တစ်ယောက် သူ့မျက်လုံးအစုံကိုစိုက်ကြည့်ရင်း လေးနက်စွာပြောနေတာမို့ "ကျွန်တော်သာ ကိုကိုနဲ့လမ်းခွဲရမယ်ဆိုရင်" ဟုတွေးကြည့်ရင်း တုန်လှုပ်လာမိသည်။

"ကျွန်တော်ကဘာကိစ္စ ကိုကိုနဲ့ခွဲရမှာလဲ။ ဟင့်အင်းနော်။ ကိုကိုကိုယ်တိုင်က ထွက်သွားပါဆိုရင်တောင် ကျွန်တော်ကမသွားဘဲ တွယ်ကပ်နေမှာ။ အဲဒါကြောင့်လမ်းခွဲဖို့ စကားဦးမသန်းပါနဲ့ဗျာ"

ဘုန်းမြတ်ပိုင်၏ မျက်ရည်၀ဲနေသညိ့အသွင်ကြောင့် နေမဟော်လည်း စိတ်မကောင်းဖြစ်ကာ မျက်ရည်စတို့ကို သုတ်ပေးလိုက်သည်။"ဟူး ရင်တွေပူလိုက်တာကွာ"


ထက်အာကာတစ်ယောက် ကားမောင်းနေရင်းမှ သက်ပြင်းချကာဆိုတော့ ဘေးခုံမှာထိုင်နေသည့် သူရိန်စိုးက လှည့်ကြည့်လာသည်။ ထို့နောက် သူ့လက်ကို နဖူးပေါ်တင်ကာ စမ်းကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲကို... နေမကောင်းဘူးလား"

"မဟုတ်ပါဘူးညီရယ်။ ကိုနေနဲ့ငပိုင်တို့အစား ရင်ပူတယ်ပြောတာပါ"

"သြော်... မသိပါဘူး နေမကောင်းဘူးလားလို့... ကားက်ိုပဲဂရုစိုက်မောင်းဦး"

နဖူးကိုစမ်းမိသည့်လက်ကို ထပ်မံကာဆုပ်ကိုင်ခံလိုက်ရတော့ သူရိန်စိုးတစ်ယောက် ရှက်ပြုံးလေးနှင့် လက်ကိုအသာရုတ်လိုက်တော့သည်။

"နှင်းရောပဲ စိတ်ပူတယ်"

"သြော်ငါ့ညီမလေး အသက်ရှိသေးတာကိုး။ တစ်လမ်းလုံးပါးစပ်ကြီးပိတ်လို့ အခုမှပဲ အသံထွက်လာတယ်။ ဘာတွေများ စဉ်းစားနေတာလဲ"

ဘုန်းမြတ်ပိုင်တစ်ယောက် ပြုံးစစဖြင့်မေးတော့ နှင်းမြတ်ပိုင်လည်း တွေးဆနေဟန်ဖြင့် "အင်း... ကိုကိုတို့ရှေ့ရေးကို တွေးနေတာ"ဟု ဖြေလေသည်။

"ပြောပါဦး ငါ့ခယ်မလေးက ဘာတွေတွေး..."

"ဒီလိုလေ လိင်တူချစ်သူတွေရဲ့အချစ်ကို လက်မခံတဲ့အန်ကယ်လ်ရယ်၊ ကွေးနေတဲ့ ကိုနေရယ်၊ က်ိုနေနဲ့စေ့စပ်ထားတဲ့ ဟိုမိန်းမရယ်၊ သုံးယောက်ကြားညပ်နေတဲ့ ကိုကိုရယ် ဘာတွေများဆက်ဖြစ်ကြမှာလဲလို့လေ"

နှင်းမြတ်ပိုင်၏ စကားအဆုံးမှာတော့ နေမဟော်တစ်ယောက် သက်ပြင်းရှည်ကြီး ချလိုက်မိတော့သည်။ သူတစ်ကယ်ရင်မောမိပါသည်။

"အင်း ဒယ်ဒီနဲ့တော့ တော်တော်အတိုက်အခံ လုပ်ရလိမ့်မယ်"

"ကိုကို... ကျွန်တော်ကြောက်တယ်"

"မကြောက်ပါနဲ့ကလေးရယ် ကိုယ်ကာကွယ်ပေးမယ်ဆိုတာ ယုံတယ်မလား"

နေမဟော်သည် ကလေးလေးသဖွယ် ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလာသည့် ချစ်ရသူ၏ ဆံနွယ်လေးများက်ို မြတ်နိုးစွာနမ်းရှိုက်မိပြန်သည်။

"သြော်... ငပိုင်ရေ... ငါတို့လက်ထပ်ပွဲကျရင် မင်းတို့နှစ်ယောက် အရံလုပ်ပေးရမှာနော်"

သူရိန်စိုးတစ်ယောက် ကားနောက်ခန်းဆီီ လှည့်ကြည့်ကာပြောတော့ ဘုန်းမြတ်ပိုင်ထံမှ မကြည်ကြည့်တစ်ချက် ရလိုက်သည်။

"မိဘသဘောတူတဲ့ သူတွေကတော့ ဆောင်ကြပေါ့ကွာ ဟွန့်"

"နှင်းက‌ရော ဘာမှမလုပ်ရဘူးလားပြော"

"ဟာ... ငါတို့ညီမလေးက ပန်းကြဲရမယ်လေ"

"တစ်ကယ်နော်"

"အင်းတစ်ကယ်ပေါ့"

"သြော်... RSချပြစရာ မရှိတဲ့သူဆိုတော့လည်း သူများလက်ထပ်ပွဲမှာ ပန်းကြဲရမဲ့ဘ၀ ကျွတ်ကျွတ်... ဆိုးချက်နှယ်နော်"

နှင်စမြတ်ပိုင်သည် သူရိန်စိုးထံမှ စနောက်သည့်စကားကိုကြားပြီးနောက် သူမ၏ဆံပင်ကို ဟန်ပါပါသပ်ပြြလိုက်သည်။

"မလိုချင်လို့ ခါချနေရတာပါနော်"

"မယုံပေါင်"

သူရိန်စိုး လျှာထုတ်ကာပြောင်ပြတော့ နှင်းမြတ်ပိုင်တစ်ယောက် မျက်စောင်းတ၀င့်၀င့်ဖြစ်နေသည်မို့ ကားတစ်စီးလုံး ရယ်သံလေးတွေ လွှမ်းမိုးသွားရသည်။

*********

နေမဟော်သည် ထက်အာကာနှင့် သူရိန်စိုးတို့ကို သူတို့အိမ်တွေဆီ ပြန်လိုက်ပို့ပြီးနောက် ကားကို ဘုန်းမြတ်ပိုင်တို့ အိမ်ဆီဦးတည်လိုက်သည်။ အိမ်ရှေ့ရောက်တော့ မောင်နှမနှစ်ယောက် ကားပေါ်မှဆင်းကာ ပစ္စည်းတွေချပြီးနောက် ခပ်တိုးတိုးတိုင်ပင်လိုက်ကြသည်။ ဒီနေ့ရုံးပိတ်တာမို့ ကြီးစုတစ်ယောက်အိမ်မှာ ရှိနေမည်လေ။ ထို့ကြောင့်...

"ကိုကို မပြန်နဲ့ဦးလေ အိမ်ထဲ၀င်ပါဦး"

"ဘာဖြစ်လို့လဲ ကလေး"

"ဘာမှမဖြစ်ပါဘူး ဒီအတိုင်း..."

ဘုန်းမြတ်ပိုင်သည် "ကြီးစုနဲ့မိတ်ဆက်ပေးချင်လို့"ဟူသည့်စကားကို  ပြောမထွက်‌ပေ။ ထို့ကြောင့်နှင်းမြတ်ပိုင်ကပဲ ရှင်းပြရတော့သည်။

"ဒီလို ကိုနေရေ။ နှင်းတို့ကြီးကြီးနဲ့ မိတ်ဆက်ပေးမလို့။ အဲဒါကြောင့် အိမ်ထဲ၀င်ဦးလို့"

"ဖြစ်ပါ့မလား"

"ဘာလို့မဖြစ်ရမှာလဲ ကိုကိုရ"

"ကိုယ်နည်းနည်းတော့ကြောက်တယ်"

ဘုန်းမြတ်ပိုင်သည် သူ့ဆွေမျိုးကိုတွေ့ရမှာစိုးရိမ်ကြောင့်ကြနေသည့် ချစ်ရသူကို အားပေးသည့်အနေဖြင့် လက်ကိုဆုပ်ကိုင်ရင်း အားပေးလိုက်သည်။ အုပ်ထိန်းသူနှင့်တွေ့ရမှာမို့ အနည်းငယ် ရှိန်နေသည်ထင့်။ ဆုပ်ကိုင်ထားခြင်းခံရသည့် လက်ဖဝါးများ၌ ချွေးစေးများအင်စို့နေတော့သည်။

"ကြည့်ပါဦး။ အရမ်းသတ္တိကောင်းတဲ့ ကျွန်တော့်ချစ်သူကြီးက ချွေးစေးတွေတောင်ထွက်လို့ပါလား ကိုကိုရယ်။ ကျွန်တော်တို့ကိစ္စကို ကြီးစုကိုမပြောသေးပါဘူး။ ဒီအတိုင်းမိတ်ဆက်ပေးတဲ့ သဘောမျိုးလေးပဲကို။ မကြောက်ပါနဲ့။ ကျွန်တော်တစ်ယောက်လုံး ရှိပါတယ်"

ဘုန်းမြတ်ပိုင်သည် ချစ်ရသူစိတ်သက်သာရာရစေရန် ဟာသလုပ်ကာပြောနေသည့်တိုင် မျက်နှာပေါ်မှစိုးရိမ်ရေမှတ်က လျော့ကျမသွားသေးပေ။

"ကိုယ်ကဒယ်ဒီ့တောင် ကြောက်တာမဟုတ်ဘူး။ အခုမှ ဘယ်လိုဖြစ်နေမှန်းကိုမသိဘူး"

"relax ကိုကို relax... လေကိုဖြည်းဖြည်းရှူ ဖြည်းဖြည်းပြန်ထုတ် okလား"

"အင်း"

ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော့်ပုခုံးကို ခပ်ဖွဖွကိုင်လိုက်ရင်း အားပေးမိသည်။ သူတို့စိတ်ပူနေကြချိန်မှာပင် ဒေါ်စုမြတ်ပိုင်တစ်ယောက် ခါးတွင်apron ၀တ်လျက်နှင့် မီးဖိုခန်းထဲမှ ထွက်လာလေသည်။

"ဟော... ပြန်လာကြပြီလား။ ကားသံကြားပြီး အိမ်ထဲ၀င်မလာကြသေးလို့ ထွက်ကြည့်တာ"

"ဟုတ်ကြီးစု ဒီမှာသူငယ်ချင်းကို နှုတ်ဆက်နေလို့။ မိတ်ဆက်ပေးရဦးမယ်။ ဒါသမီးတို့သူငယ်ချင်းလေ နေမဟော်တဲ့။ စက်စဲမှာတုန်းက သူ့hotelမှာ သမီးတို့တည်းကြတာလေ။ ကိုနေ ဒါကနှင်းတို့ကြီးကြီးလေ ဒေါ်စုမြတ်ပိုင်တဲ့။ နှင်းတို့ကတော့ ကြီးစုလို့ပဲခေါ်တယ်"

နှင်းမြတ်ပိုင်သည် အခွင့်အရေးရတုန်း သွက်လက်စွာပင် နေမဟော်နှင့် ဒေါ်စုမြတ်ပိုင်ကို မိတ်ဆက်ပေးလိုက်သည်။

"သြော်ဟုတ်လား အေးကွယ်"တူမဖြစ်သူက မိတ်ဆက်ပေးနေတာမို့ ၀တ်ကျေတန်းကျေ ပြန်ဖြေလိုက်သော်လည်း ဒေါ်စုမြတ်ပိုင်၏မျက်နှာသည် တစ်စုံတစ်ခုကို တွေးဆမိရင်း စိုးရိမ်နေသည့်ပုံစံ ဖြစ်နေသည်။

နေမဟော့်အမည်ကိုကြားတော့ သူမသိခဲ့သည့် တစ်စုံတစ်ယောက်နှင့် ဆင်တူနေသည်ကို သတိထားလိုက်မိသည်။ သို့သော်လည်း ရုပ်ရည်မတူတာမို့ စိတ်ထင်လို့ဖြစ်မှာပါဟုသာ တွေးယူလိုက်သည်။

"ဟုတ်ကဲ့ကြီးစု... အဲ... သူတို့ခေါ်သလိုပဲ ခေါ်မယ်နော်"

"အေးပါကွယ်။ လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ် အိမ်ထဲ၀င်ထိုင်ဦးလေ"

နေမဟော် မရဲတရဲခွင့်တောင်းကာ ပြောလာတော့ ဒေါ်စုမြတ်ပိုင်က ခပ်နွမ်းနွမ်းအပြုံးတစ်ပွင့်နှင့် တုံ့ပြန်လေသည်။

"ကိုနေ လာ‌လေ အိမ်ထဲ၀င်"

"ကျွန်တော် မ၀င်တော့ဘူးခင်ဗျ။ ဒယ်ဒီ့ကို လချုပ်စာရင်းတွေ အမှီအပ်ရမှာမို့ပါ"

နေမဟော်အကြောင်းပြလိုက်သည်။ အမှန်တော့ သူမနှင့်စကားပြောနေစဉ်မှာ ဖိအားတစ်မျိုးခံစားရပြီး အနည်းငယ်ရှိန်နေတာကြောင့်ဖြစ်သည်။ ဒေါ်စုမြတ်ပိုင်ကတော့ နေမဟော့်မိဘတွေအကြောင်း မေးလိုသော်လည်း ပြန်တော့မည်ဆိုတာမို့ တူမဖြစ်သူကိုမေးရန်သာ စိတ်ကူးလိုက်တော့သည်။

"အေးပါကွယ်။ ကားကို သတိထားမောင်းနော်"

"ဟုတ်ကဲ့ဗျ"

နေမဟော် နှုတ်ဆက်ပြီးနောက် ကားပေါ်တက်လိုက်သည်။ ထို့နောက် ဒေါ်စုမြတ်ပိုင်မမြင်ခင် တစ်ယောက်သောသူကို လက်လေးထောင်ကာ တာ့တာလုပ်ပြခဲ့လေသည်။

****

"ဘာတွေချက်နေတာလဲကြီးစုရဲ့။ မွှေးနေရောပဲ"

"သားနဲ့သမီးအကြိုက် ၀က်ပုန်းရည်ကြီးချက်နေတာလေ"

"ရေး… ငါတို့ကြီးစုက ချစ်ဖို့ကောင်းလိုက်တာ မွမွ"

နှင်းမြတ်ပိုင်သည် ကလေးတစ်‌ယောက်သဖွယ် ကြီးဒေါ်ဖြစ်သူကိုဖက်ကာ ချွဲနေလေသည်။ ဘုန်းမြတ်ပိုင်ကတော့ သူမ၏ခရီး‌ဆောင်အိတ်ကိုပါ မနိုင်မနင်းဆွဲပေးနေရလေသည်။

စိတ်ထဲမှာလည်း "တော်တော်ချစ်ဖို့ကောင်းတဲ့ညီမ။ ငရဲအိုးချိုးကပ်ဦးမယ်"ဟု မေတ္တာပို့နေတော့သည်။ သို့သော်လည်း သူမကသူတို့နှစ်ဦးကြားက မြားနတ်မယ်လေးပင်မဟုတ်ပါလား။

******

နေမဟော်တစ်ယောက် အခြားသူတွေအားလုံးကို အိမ်ပြန်လိုက်ပို့ပြီးသည့်နောက် အိမ်သို့မောင်းလာခဲ့သည်။

"တော်တော်မှ ပျော်ခဲ့ရဲ့လား"

ခရီးကအပြန် ပင်ပန်းနေသည့်အပြင် အိမ်ထဲရောက်ရောက်ချင်းမှာပင် စိတ်ညစ်စရာ အခြေအနေကိုကြုံလိုက်ရတာကြောင့် နေမဟော်၏ လှမ်းလက်စခြေလှမ်းတို့ ရပ်တန့်သွားမိသည်။

သို့သော်ဒယ်ဒီဖြစ်သူ၏ အမေးစကားကို ပြန်မဖြေသေးဘဲ ခရီးဆောင်အိတ်ကို ဧည့်ခန်းကြမ်းပြင်မှာ ချလိုက်ကာ kitchen room ဆီသွားလိုက်သည်။

ရေခဲသေတ္တာထဲမှ ရေသန့်တစ်ဘူးကို ယူကာအ‌မောပြေအောင် သောက်လိုက်ပြီးမှ ဧည့်ခန်းပြန်လာလိုက်သည်။ ဦးမင်းမဟော်ကတော့ သူ့စကားကိုအရေးမလုပ်သည့် သားဖြစ်သူကို ဒေါသများဖြင့် စိုက်ကြည့်နေသည်။

"ကြည့်ရတာတော့ တော်တော်ပျော်ခဲ့ပုံပဲ"

နေမဟော်တစ်ယောက် ဒယ်ဒီဖြစ်သူ၏ နှုတ်မှထွက်ကျလာသည့် ခပ်ရွဲ့ရွဲ့စကားတွေကြောင့် သူတို့အကြောင်းကိုပြန်ကြားပြီးပြီဆိုတာ သိလိုက်လေပြီ။ သို့သော်လည်း သူ့ဆန္ဒကိုအရဲစွန့်ကာတောင်းဆိုလိုက်သည်။

"ကျွန်တော်တို့ကို သဘောတူပေးပါဒယ်ဒီ"

"ဟက်... မင်းကိုမေမာယာနဲ့အတူ hoteကြီးကြပ်ဖို့ လွှတ်လိုက်တာ။ ငါ့ကွယ်ရာမှာ တခြားသူနဲ့ဖြစ်ချင်တိုင်း ဖြစ်နေဖို့မဟုတ်ဘူး။ မေမာယာက မင်းရဲ့ဇနီးလောင်းဆိုတာလည်း ခေါင်းထဲထည့်ထားဦး နေမဟော်"

သူတို့ကို ဒယ်ဒီသဘောတူဖို့ဆိုတာ မလွယ်ကူမှန်းသိသော်ငြားလဲ အလျှော့ပေးလို့မဖြစ်။ သူမချစ်၊ မနှစ်သက်သည့် မေမာယာ့ကို လုံးဝလက်မထပ်လိုပေ။

"ကျွန်တော်အရင်ကလည်း ပြောခဲ့ဖူးတယ်နော် ဒယ်ဒီ့စိတ်တိုင်းကျ ကျွန်တော်စေ့စပ်ခဲ့ပြီးပြီ။ လက်ထပ်ဖို့အထိတော့ အတင်းမလုပ်ပါနဲ့လို့။ အချစ်မပါတဲ့အိမ်ထောင်ရေးက်ို ကျွန်တော်မတည်ထောင်ချင်ဘူး"

နေမဟော် မည်သို့ပင် တောင်းဆိုနေပါစေ။ ဦးမင်းမဟော်ကတော့ လုံး၀အလျှော့မပေး။ သူဖြစ်စေချင်တာကိုပဲ ဦးတည်နေပြန်လေသည်။

"ငါတို့hotelတိုးချဲ့ဖို့ မေမာယာ့မိဘတွေဆီက အကူအညီလိုတယ်နေမဟော်။ ဒါကြောင့် မင်း... မေမာယာနဲ့ ယူကိုယူရလိမ့်မယ်"

"မိဘပေးစားတဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးရဲ့ အကျိုးဆက်ကို ဒယ်ဒီကြုံခဲ့ဖူးရဲ့သားနဲ့ ဘာလို့အတင်းအကျပ် လုပ်ချင်နေရတာလဲ ဒယ်ဒီ"

"အေး ငါကြုံခဲ့ဖူးလို့ပြောနေတာပေါ့။ တစ်ကယ်တော့လိင်တူအချစ်ဆိုတာအလကားပဲကွ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော အဆုံးသတ်မှာ သစ္စာမရှိကြတဲ့သူကများတယ်။ မင်းကောင်လေးလည်း ဘာထူးလဲ။ ဒီပုတ်ထဲကဒီပဲ ပဲဖြစ်မှာပဲ"

ဦးမင်းမဟော်၏စကားက နေမဟော်၏ သည်းခံနိုင်စွမ်းတို့ကို ရိုက်ချိုးနေသည့်ပမာ။ နေမဟော်ဆိုသည်မှာလည်း သူ့က်ိုထိခိုက်တာသည်းခံနိုင်သော်ငြား သူ့ချစ်သူကို ထိပါးလာတာတော့ သည်းမခံနိုင်တော့ပေ။

"တော်ပါတော့ဒယ်ဒီ။ ကျွန်တော်တို့အချစ်ကို လက်မခံပေးချင်နေပါ စော်ကားတာမျိုးတော့မလုပ်ပါနဲ့။ ကျွန်တော့်ကိုဒုတိယ ဦးမင်းမဟော်ဖြစ်အောင်လည်း မလုပ်ပါနဲ့။ ဒုတိယဦးမင်းမြတ်ပိုင်လည်း ထပ်မတွေ့ချင်သလို မေမာယာ့ကိုလည်း ဒုတိယဒေါ်နှင်းဧကရီ မဖြစ်စေချင်ဘူး။ ကျေးဇူးပြုပြီး အတင်းအကျပ် မလုပ်ပါနဲ့"

နေမဟော်သည် ဒေါသတွေဖြင့်ပေါက်ကွဲပြီးနောက် ခရီးဆောင်အိတ်ကိုယူကာ သူ့အခန်းဆီသို့ ပြန်လာလိုက်သည်။ သူ့ဒယ်ဒီကတော့ အနောက်မှဆက်ကာ အော်ပြောနေလေသည်။

"မင်းနဲ့မေမာယာကိစ္စ ငါအမြန်ဆုံးစီစဉ်မှာ။ နေမဟော်... မင်းမေမာယာနဲ့ လက်ထပ်ပွဲ လုပ်ကိုလုပ်ရမယ်"နေမဟော်ကတော့ ဆက်ပြောချင်တာပြောပါစေ ဂရုစိုက်မနေတော့ဘဲပြန်လာကာ ကုတင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲချပြီး သက်ပြင်းချမိသည်။

"ကလေးရေ... ကိုယ်တို့ရဲ့ရှေ့ဆက်ရမဲ့ခရီးလမ်းက ဆူးငြောင့်ခလုတ် တွေပေါမယ်ထင်ပါရဲ့။ အဆင်မပြေမှုတွေ ကြီးထွားလာတဲ့အခါ ကလေးကိုယ့်လက်က်ို မြဲမြဲဆုပ်ကိုင်ထားနိုင်ပါ့မလား ကိုယ်ကတော့ မလွှတ်တမ်း ဆုပ်ကိုင်ထားမယ်ဆိုတာ ယုံကြည်နေပေးပါကွာ"

နားနေရင်းနှင့် တော်တော်လေးအကြာမှာတော့ စိတ်ပင်ပန်းတာနှင့် ခရီးပန်းလာတာပေါင်းသွားကာ အိပ်ချင်လာတာမို့ လန်းသွားအောင်ရေချိုးဖို့ စိတ်ကူးလိုက်သည်။ လူကနုံးကာ ခွေချင်သလိုဖြစ်နေတာမို့ သည်အတိုင်း အိပ်လိုက်လျှင် ဖျားနိုင်သည်လေ။ ရေချိုးခန်းဆီသွားကာနီးမှာပဲ စားပွဲပေါ်တင်ထားသည့် ဖုန်းလေးက အသံမြည်လာတော့သည်။

"အင်း ကလေးပြောလေ"

"ကိုကို အိမ်ပြန်ရောက်ပြီလား"

"အင်း ရောက်ပြီကလေး"

"အခုဘာလုပ်နေလဲ"

"အင်း… ဘာလုပ်နေလဲဆိုတော့ အ၀တ်တွေချွတ်နေတာ ဘာဖြစ်လို့လဲရော သိချင်လား"

"အာ... ကိုကို မညစ်ပတ်နဲ့နော်"

"အမ်… ဘာမှလဲ မပြောရသေးဘဲနဲ့ ကောင်လေးတစ်ယောက် ဘာတွေတွေးနေလဲ မသိပါဘူးဟေ့..."

"ဟာ... ခင်ဗျားကြီးနော်"

နေမဟော် စနောက်ကာပြောနေတာကြောင့် တစ်ဖက်မှဘုန်းမြတ်ပိုင်ထံမှ အော်ခံလိုက်ရပြီး ဖုန်းနှင့်နားပင် ခွာလိုက်ရသည်။ ထုံးစံအတိုင်း စိတ်ဆိုးလျှင်ခေါ်သည့်အတိုင်း ခင်ဗျားကြီးဟူသည့်နာမ်စားက မပါမဖြစ်။

"နောက်တာပါကလေးရာ။ ကိုယ်ရေချိုးမလို့ပါကွ"

"ဟာ အခုပဲခရီးက ပြန်လာတာကြီးကို မချိုးနဲ့ဦးလေ။ အပူရှပ်ပြီးခင်ဗျားကြီး သေသွားရင် ကျွန်တော်က ဘယ်သူ့ကိုယူရမှာလဲ"

သြော် ချစ်ဖို့ကောင်းတဲ့ကလေး... စိတ်ပူပေးတတ်လိုက်တာရယ်လို့ နေမဟော်တွေးမိရင်း စိတ်တိုနေသည်ကိုပင်မေ့ကာ ပြုံးမိသွားလေတော့သည်။

"စိတ်ထဲမှာနုံးနေလို့ ရေချိုးလိုက်ရင် လန်းသွားမလားလို့လေ"

"မချိုးနဲ့ဦးနော်။ ကလေးရဲ့ကိုကိုကလိမ္မာပါတယ်"

"ဟက်ဟက် ဟုတ်ပါပြီဗျာ။ ကိုယ့်ကလေးသဘောပါ"

"အာဘွား ကိုကိုလိမ္မာလို့ဆုချတာ"

ဘုန်းမြတ်ပိုင်သည် ပြောပြီးသည်နှင့် ချက်ချင်းပင် ဖုန်းချသွားတော့သည်။ ရှက်ရင်လည်း သူ့အပြင်နှစ်ယောက်မရှိတဲ့ ကလေးစုတ်လေး။ နှာခေါင်းလေးတွေ ရဲနေမှာတော့အသေအချာ။ ချစ်သူလေးရှက်တဲ့အခါ နီရဲသွားတတ်တဲ့ ပါးမို့မို့လေးနှစ်ဖက်ကို သူချစ်သည်။

ဆေးကူစရာမလိုဘဲ သဘာ၀အတိုင်းကို ပန်းနုရောင်လေးစိုနေတတ်သည့် နှုတ်ခမ်းပါးလေးတွေကိုလည်း သူချစ်သည်။ လန့်သွားသည့်အခါ ၀ိုင်းစက်သွားသည့် မျက်လုံးလေးတွေ၊ တစ်ခုခုကို မကျေမနပ်ဖြစ်တိုင်း စူထော်လာတတ်သည့် နှုတ်ခမ်းတစ်စုံနဲ့ ချစ်ဖို့ကောင်းလိုက်သည့် ထိုကလေးကသူ့ကို မည်မျှအထိ ပြုစားထားခဲ့ပါသနည်း။

နေမဟော်တစ်ယောက် တွေးရင်းတွေးရင်း ချစ်သူလေးကို ချစ်မြတ်နိုးစိတ်တွေကတားဆီးမရ။ ထို့ကြောင့် သူ့ချစ်သူလေးနှင့် နီးစပ်ဖို့လမ်း ဘယ်လ်ိုပင်ကြမ်းတမ်းပါစေ ရအောင်ဖြတ်လျှောက်မည်ဟု ဆုံးဖြတ်လိုက်သည်။

*******