အပိုင်း ၆၉
Viewers 18k

Chapter 69
ဘဲကင်



ကျန်းရှုယောင် လျှောက်သွားကာ ကိတ်မုန့်ကိုချပြီး ကိုးရိုးကားယား ဆိုလိုက်သည်။

"အကြီးဆုံးယောက်မ... ဒုတိယယောက်မ"

ကျိုးရှီက သူမကိုဘာကြောင့် ဝါးစိမ်းခြံဝင်းကိုလာပြီး သူတို့ထဲမှာပါဝင်ရန် ရွေးချယ်ခဲ့သလဲဟု ကျန်းရှုယောင်က မေးသည်အထိ မစောင့်ခဲ့ပါချေ။

"ဘာဘဲဖြစ်ဖြစ် ငါကအားနေတာလေ... နင်ကငါ့ကို စိတ်ရင်းမှန်နဲ့ဖိတ်ခေါ်တဲ့အတွက် ငါလာခဲ့တာ"

ယခုလိုပြောနေပေမဲ့ စိတ်ထဲမှာမူ နောင်တရနေမိသည်။ သူမ စောစောက ထိုမျှလောက် မြန်မြန်ဆန်ဆန်နှင့်မငြင်းလိုက်သင့်ပေ။

သူမက ကျန်းရှုယောင်ကိုပြောနေသော်လည်း သူမ၏အကြည့်က ရှုရှီ၏ မျက်နှာပေါ်တွင် ရှိနေပြီး "နင်ကငါ့ကို စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်တယ်" ဆိုသည့် စကားလုံးလေးလုံးကို လေးနက်သောအဓိပ္ပါယ်ဖြင့်ပြောခဲ့သည်။

ရှုရှီက  သူမစကားကြားသောအခါ နူးညံ့စွာပြုံးပြီး ကျန်းရှုယောင်၏ လက်ကိုဆွဲကာဆို၏။

"ကိစ္စတွေအမြန်ပြီးအောင်လုပ်ပြီး ဒီကိုအပြေးလာခဲ့တာ...ဘယ်လိုပဲဖြစ်ဖြစ် မင်းကလူများရင် ပိုအသက်ဝင်မယ်လို့ ပြောတယ်လေ"

သူမ၏ သဘောထားသည် အလွန်နူးညံ့သိမ်မွေ့ပြီး စဥ်းစားပေးတတ်ကာ ကျန်းရှုယောင်၏မျက်လုံးများကို လှုပ်သွားစေခဲ့သည်။

ရှူး--

ကျိုးရှီ  အသက်ပြင်းပြင်းရှူလိုက်သည်။ သူမက အမှားလုပ်ခဲ့ပြီး ရှုရှီ၏နူးညံ့သိမ်မွေ့သောအသွင်အပြင်ကြောင့် အမှောင်ဖုံးသွားခဲ့သည်။ သူမ တကယ်ကို သူ့ပါးစပ်သူ ရိုက်ချင်နေသည်။ ဘာကြောင့် ဒီလောက် မာဆတ်ဆတ်နိုင်ရတာလဲ...

ကျန်းရှုယောင်က သူမ၏အဆင်မပြေမှုတွေကို ဂရုမစိုက်ဘဲ သူတို့ရှေ့မှာ ကိတ်မုန့်ကို တွန်းပို့ရင်း အမြွှာနှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်၏။

"ဒါက မွေးနေ့ကိတ်...အတူတူလှီးရအောင်"

ကျန်းရှုယောင် ကိတ်မုန့်ပေါ်တွင် မည်သည့်ဖယောင်းတိုင်မျှ မထည့်ခဲ့ပေ။ သူတို့အတွက် ကံမကောင်းစေသော အယူသီးမှုတစ်ခုရှိမည်ကို သူမစိုးရိမ်ခဲ့သည်။

"မလှီးခင် မျက်လုံးမှိတ်ပြီး ဆန္ဒတစ်ခုဆုတောင်းဖို့ မမေ့ပါနဲ့"

ရှုရှီနှင့် ကျိုးရှီတို့  ဤထူးဆန်းသောဓလေ့ကို တွေးတောနေကြစဉ် ရှဲ့ကျောက်က ကျန်းရှုယောင်ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားနေနှင့်လေပြီ။

"သားဆုတောင်းက တကယ်ဖြစ်လာမှာလား"

ကျန်းရှုယောင်က "အာ"ဟုပြောလိုက်သည်။ "စိတ်ရင်းမှန်နဲ့ ဆုတောင်းတာ ကောင်းပါတယ်... ဒါပေမဲ့ ဒီနေ့က မင်းမွေးနေ့ပဲ... ဘုရားက မင်းအကြောင်းကို စဉ်းစားလောက်မှာပါ"

ရှဲ့ကျောက်က ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး "ကောင်းတယ်... ကောင်းတယ်"ဟုဆိုသည်။ ထို့နောက် ရှဲ့ယောင် ဘက်သို့ လှည့်ကာ
"စတုတ္ထညီ... အတူတူ ဆုတစ်ခုတောင်းကြရအောင်"

ရှဲ့ယောင်က ခေါင်းညိတ်ကာ မျက်လုံးမှိတ်၍ သူဆန္ဒကိုတွေးတောလိုက်သည်။

ရှဲ့ကျောက်က သူ့လက်ကို တွဲပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးတွေကိုမှိတ်ထားရင်း စကားရှည်ကြီးကို ရေရွတ်လိုက်၏။

"ကောင်းပြီ ပြီးပြီ...တတိယအဒေါ်နဲ့ နှစ်တိုင်း မွေးနေ့ကို ဖြတ်သန်းရဖို့ မျှော်လင့်ပါတယ်"

သူက မျက်လုံးဖွင့်ပြီး ကျန်းရှုယောင်အား အသံကျယ်ကျယ်နှင့် သူဆုတောင်းကို ထပ်ခါ ပြောပြလိုက်သည်။

ကျန်းရှုယောင် အံ့သြသွားသည်။ တစ်ခုက သူ့ဆုတောင်းကို သူများတွေကို မပြောပြသင့်သောကြောင့်ဖြစ်ပြီး နောက်တစ်ခုက သူ့ဆုတောင်းက သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသောကြောင့်ဖြစ်သည်။

ထိုအချိန်မှာ ရှဲ့ယောင်ကတိုးတိုးလေးရေရွတ်၏။ "အမေနဲ့ ဒုတိယအဒေါ်တို့နဲ့ရော"

သူပြောပြီးသည်နှင့် သူမအဖြေကို မျှော်လင့်ရင်း တောက်ပသော မျက်လုံးများဖြင့် ကျန်းရှုယောင်ကို စိုက်ကြည့်နေသည်။

ဤချစ်စရာကောင်းသော မုန့်လုံးများကြောင့် ရောက်ရှိလာသော လူကြီး သုံးယောက်လုံး အရည်ပျော်သွားကြသည်။

ကျန်းရှုယောင်၏ နှလုံးသားသည် နူးညံ့ပျော့ပျောင်းလာပြီး ရယ်ရမလိုငိုရမလိုဖြစ်သွား၏။

"ကောင်းပြီ... ဒါပေမဲ့ မင်းတို့ကြီးလာရင် သေချာပေါက် ငါတို့ကို လိုချင်တော့မှာမဟုတ်ဘူး"

ရှဲ့ကျောက်က သူမကို ကတိပေးခဲ့သည်။ သူက ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ပြီး “မဖြစ်နိုင်ဘူး”ဟု မြူးထူးစွာ ပြန်ပြောလိုက်၏။

ကျန်းရှုယောင် သူ၏ ကလေးဆန်သော စကားကြောင့် ရယ်မောကာ ကိတ်မုန့်ကို အမြန်လှီးခိုင်းသည်။

လူငါးဦးသာရှိသော်လည်း အလွန်တက်ကြွပြီး နွေးထွေးသောခံစားမှုတစ်ခုရှိသည်။

ကျိုးရှီ ဤခံစားချက်ကို မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်ပြီး ထိုင်ခုံတွင် မသက်မသာဖြင့် ဟိုလှည့်သည်လှည့်လုပ်နေမိ၏။

သူမ ရှုရှီကိုကြည့်လိုက်ရာ  သူမမျက်နှာပေါ်ရှိ မပြောင်းလဲသော နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိသော မျက်နှာဖုံးကို ချွတ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအစား ကျေးဇူးတင်သည့်မျက်လုံးနှင့် ဟန်ဆောင်မှုမရှိသောအပြုံးတစ်ခုရှိနေ၏။

ကျိုးရှီ သူမနှင့် နှစ်အတော်ကြာ အတူရှိနေခဲ့ပြီး သူမထံတွင် အစစ်အမှန် ခံစားချက်ကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းပင်။ ရုတ်​တရက်​ အနည်းငယ်စိတ်ခံစားချက်တို့ပြင်းထန် သွားသည်။

သူမပန်းကန်ပေါ်တွင် ကိတ်မုန့်တစ်ပိုင်းတင်နေသော ကျန်းရှုယောင်ကိုကြည့်လိုက်သည်။

"ဒုတိယယောက်မ စားကြည့်ပါဦး...ဒါ ကျွန်မရဲ့ကိတ်မုန့်ကို ပထမဆုံးအကြိမ် စားကြည့်တာမလား"

သူမက ပြုံးလိုက်သည်။

သူမ၏ အပြုံးသည် ပူနွေးသော ဆောင်းနေခြည် ကဲ့သို့ နွေးထွေးသည်၊ ကျိုးရှီ၏ မျက်လုံးများသည် အချိန်တိုအတွင်း ချဉ်စူးလာပြီး မျက်တောင်ခတ်ကာ မျက်ရည်စတို့ကိုပထုတ်လိုက်သည်။

"ယောက်မ"
ကျန်းရှုယောင်က ရှုရှီအတွက် ကိတ်မုန့်ကို ဆက်ပြီး ဝေပေး၏။

"ကျေးဇူးတင်ပါတယ်"
ရှုရှီကဆိုလိုက်သည်။ပထမဆုံးအကြိမ် သူမရင်ထဲကလာသည့်စကားကိုပြောလိုက်ခြင်းဖြစ်၏။

"အရင်တစ်ခေါက် လုပ်ထားတဲ့ ကိတ်မုန့်ကို စားပြီး အခုထိ တွေးနေမိတုန်းပဲ"

ပြောပြီးသည့်အခါ သူမ အတော်လေး စိတ်ရွှင်သွား၏။ မှန်သည်၊ အရင်တစ်ခေါက် ကျန်းရှုယောင် လုပ်ထားသည့်အချိုပွဲကို သူမ စားခဲ့သည်။

ကြင်နာမှုကြောင့် အလွန်စိတ်လှုပ်ရှားနေသော ကျိုးရှီက နားရွက်လှုပ်ကာအမှတ်မထင်ပြောဟန်ဆောင်လိုက်၏။

"နင်တို့က အစားမကျွေးခင်မှာ သိပ်မရင်းနှီးကြဘူးနော်"

"ဟိုတုန်းကတော့ သိပ်မရင်းနှီးဘူး...ငါကလူပါးဝ တယ်လေ...ဒါပါပဲ"

သူမက ကျန်းရှုယောင်ကို တစ်ချက်ကြည့်လိုက်ပြီး
"ငါ့ယောက်မလေးက ကြင်နာတတ်ပြီး ပေါင်းသင်းရလွယ်တယ်"

ကျိုးရှီနှင့်ရှုရှီတို့၏အကြည့်များက လေထဲမှာ ဆုံမိပြီး သူတို့ မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ဟုတ်တယ်...သူဘာလို့ ငါ့အတွက် ထမင်းချက်ပေးပြီး နေ့လယ်စာ အတူစားဖို့ ဆန္ဒရှိရတာလဲ... ငါ့စိတ်ထဲမှာ အမြဲတမ်း အပြစ်ရှိသလို မကျေမနပ်ဖြစ်နေတယ်...ငါကသူ့ဂရုစိုက်မှုနဲ့မထိုက်တန်ဘူး"

ရှုရှီ မျက်ခုံးတစ်ဝက်ကို ပင့်လိုက်ပြီး မျက်လုံးများကို အနည်းငယ်မှေးကျဥ်းလိုက်ကာ ယင်းကသူမမျက်နှာပေါ်ရှိ အပြုံးကို ပိုမို နက်နဲလာစေသလိုပင်။

လူတိုင်းအတွက်ကိတ်မုန့်တွေကို ဝေပေးနေသည့်ကျန်းရှုယောင်တစ်ယောက် ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်က ထူးဆန်းနေသည်ကို တွေ့လိုက်ရ၏။

သူမ တစ်ယောက်ကို တစ်ယောက်ကြည့်နေသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့ မျက်လုံးချင်း ဆုံလိုက်သည်နှင့် အနားတစ်ဝိုက်တွင် လျှပ်စစ်မီးပွားများ တောက်လောင်နေ၏။

"အဟွတ်"

သူမ ခေါင်းကို အမြန်ငုံ့လိုက်ပြီး အမွှာများကဲ့သို့ နာခံမှုရှိရှိဖြင့် ကိတ်မုန့်ကို စားလိုက်သည်။

ထိုင်ရင်း သိပ်မစားကြဘဲ ကိတ်မုန့်စားပြီးနောက် ဗိုက်တစ်ဝက်ပြည့်သွားကြသည်။

ရှဲ့ကျောက်က ထပ်စားချင်ပေမဲ့ ကျန်းရှုယောင်ကတားလိုက်၏။

"အရသာရှိတာရှိသေးတယ်လေကွယ်... မင်းဗိုက်ထဲမှာ နေရာနည်းနည်းချန်ထား"

ရှဲ့ကျောက် ချက်ခြင်းပင် စိတ်အားထက်သန်လာသည်။

"ဘာအရသာတာရှိလဲ...သားတို့အရင်က စားဖူးလား"

"ဘယ်ဟုတ်မလဲ"

ကျန်းရှုယောင်က မတ်တပ်ရပ်ပြီး
"ပြီးပြီလားလို့ ငါသွားကြည့်လိုက်ဦးမယ်"

သူမထွက်သွားသည်နှင့် ရှဲ့ကျောက်က သူမကို အလျင်အမြန်အမီလိုက်သည်။ ရှဲ့ယောင်က ခဏလောက် အရှိန်လျှော့သွားသော်လည်း နောက်ကလိုက်သွားဆဲဖြစ်ပြီး ရှုရှီနှင့်ကျိုးရှီပဲကျန်ရစ်ခဲ့သည်။

ကျိုးရှီ သည်းမခံနိုင်တော့ဘဲ ချိုင်းထောက်များဖြင့် ထရပ်ပြီး ထော့နဲ့ထော့နဲ့ လိုက်သွားခဲ့၏။

၎င်းကိုမြင်သောအခါ ရှုရှီလည်း သူတို့နောက်ကို လိုက်သွားခဲ့သည်။

ရလဒ်အနေဖြင့် လူလေးယောက် တန်းစီရပ်ပြီး ကျန်းရှုယောင် ထမင်းချက်ကို ဘဲကင်လုပ်ရန် ညွှန်ကြားသည်ကို ကြည့်နေကြ၏။

ထို့နောက် သူတို့သည် မုန့်ဖိုတံခါးကိုဖွင့်ကာ ဘဲကင်ရန်အတွက် အောက်ခံ သစ်သီးသစ်သားများကို တင်ကြသည်။

ထို့နောက် ဘဲကို မီးတောက်ပေါ်တွင် ချိတ်ဆွဲကာ ကင်ကြသည်။ သစ်သီးသစ်သားသည် မီးခိုးကင်းစင်ပြီး အောက်ခြေတွင် ပိုခိုင်သည်။ ဘဲကို သံချိတ်ဖြင့် ထိပ်တွင် ချိတ်ဆွဲထားပြီး အပူအညီအမျှရရန် ထမင်းချက်က ဘဲကို အဆက်မပြတ် လှည့်ပေးရသည်။ဤသည်ကစိတ်ရှည်မှုနှင့် အရည်အချင်းကို စမ်းသပ်နေ၏။ ထို့ကြောင့် သန်မာသည့် ထမင်းချက်အဒေါ်ကို အထူးတလည် အကူအညီခေါ်ထားခြင်းဖြစ်သည်။

သစ်သီးသစ်သားသည် တောက်ပစွာ လောင်ကျွမ်းနေပြီး မီးဖို၏အတွင်းပိုင်းက လိမ္မော်နီရောင်ဖြစ်ကာ ဘဲအရေခွံက တောက်ပနေသည်။ ဘဲသားသည် အဆီများပြီး နူးညံ့ကာ အတွင်းပိုင်းအဆီများများရှိသည်။ မီးတောက်နှင့် တိုက်ရိုက်ကင်ပြီးနောက် အဆီများ အရည်ပျော်သွားကာ ဆီနှင့် အချိုရည်များက တရှဲရှဲအသံနှင့်အတူ မီးပေါ်သို့ ကျသွားသည်။ အနံ့က ပြည့်လျှံနေပြီး လေထဲမှာ အသားကင်နံ့ပြင်းပြင်းရနေ၏။

"ကျက်ခါနီးပြီ"
ကျန်းရှုယောင်က ပြောသည်။

ထမင်းချက်က ခေါင်းညိတ်သည်။ သူမက တံစို့ကနေ ဆွဲကာ ဘဲကို မီးဖိုထဲမှထုတ်ပြီး ၎င်းဘေးရှိ သစ်သားပြားကြီးပေါ်တွင် တင်လိုက်သည်။

ဘဲသားကို လတ်လတ်ဆတ်ဆတ် ကင်ထား၏။ အရောင်က ခရမ်းရောင်ဖြစ်ပြီး အသားက ပျားရည်အလွှာလို တောက်ပြောင်နေသည်။

ကျန်းရှုယောင်က အစေခံကို အရံဟင်းတွေ ယူလာခိုင်း၏။ ထမင်းချက်၏အကူအညီဖြင့် သူမ အသွားသုံးချောင်းခက်ရင်းကို ထုတ်ယူကာ ဘဲကင်ကို ဖိကာ ဘဲသားကို ဓားဖြင့်စတင်ထွင်းခဲ့သည်။

သူမ၏ ကျွမ်းကျင်မှုမှာ သပ်ရပ်ပြီး အနီရောင် အဆီရွှဲနေသော ဘဲကင်များသည် အချပ်များအဖြစ် ပြောင်းလဲကာ အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် သပ်သပ်ရပ်ရပ် စီထားသည်။ ဘဲသားသည် နူးညံ့သည်၊ လိမ္မော်နီရောင် ဘဲအရေခွံသည် အလွန်ပါးလွှာပြီး ဖြူသောအသားနှင့် တင်းတင်းကြပ်ကြပ် ကပ်ထားသည်။ အသားက ပန်းကန်ပြားတစ်ခုကနေ ပန်းကန်တစ်ခုအထိ အနီရောင်မျဉ်းတွေ ဖန်တီးပေးပြီး လူအများအား ကြည့်မိသည်အခါ လက်ညိုးရွှေ့ချင်မိစေသည်။

ကျန်းရှုယောင် ဘဲကင်ကို လှီးဖြတ်ပြီးနောက် လူတိုင်း စားပွဲဆီသို့ ပြန်သွားကြသည်။ အစေခံများက အရံဟင်းလျာများဖြစ်သည့် ပါးပါးနုနုကြာရွက်ဘန်းမုန့်၊ပါးပါးလှီးထားသော နွေကြက်သွန်၊ကြွေပန်းကန်လုံးငယ်တစ်ခုထဲရှိ ချိုမြိန်ပျစ်နှစ်သောဟွိုင်စင်ဆော့စ်၊ သခွားသီးအမြှောင်းများ၊ မုန်လာဥနီအမြှောင်းများစသဖြင့်တို့ကို အောင်အောင်မြင်မြင် စားပွဲပေါ်တင်လိုက်ကြသည်။

ပန်းကန်ပြင်ဆင်ပြီးနောက် အစေခံတစ်ယောက်က သူတို့လက်ကို တစ်ဖန်ဆေးကြောစေပြန်၏။ ကျိုးရှီ နှင့် ရှုရှီ ပဟေဠိ ဖြစ်သွားသည်။ ကျန်းရှုယောင်ကရှင်းပြလိုက်၏။

"ဒီဟင်းကို လက်နဲ့စားရမယ်"

လူတိုင်းလက်ကို ဆေးကြောသန့်စင်ပြီးနောက် ရှဲ့ကျောက်က မစောင့်နိုင်တော့ဘဲ ဘဲကင်ကိုကြည့်ပြီးသွားရည်ကျနေလျက်ဆိုသည်။

"သားတို့စားလို့ရပြီလား"

"ဒါပေါ့"

ကျန်းရှုယောင် စကားဆုံးသည်နှင့် ဘဲကင်တစ်ဖတ်ကို သူ့ပါးစပ်ထဲကို လှမ်းယူထည့်လိုက်၏။

ဘဲကင်၏အရေပြားသည် မွှေးပြီး ကြွပ်နေသော်လည်း အသားကနူးညံ့ပြီး စိုစွတ်နေသည်။ ဘဲ၏အရေခွံအောက်ရှိ အဆီက ပျစ်ပြီး နူးညံ့ ပြည့်ဖောင်းသွားသည်အထိ ကင်ထားသည်။သွားတွေထိလိုက်သည့်အခါ ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး ဘဲသားအဆီတွေ ပြန့်ကျဲလာ၏။ အသားသည် မွှေးပျံ့ပြီး ရှည်ကြာသောအနံ့ရှိသည်။

သေးငယ်သောအပိုင်းလေးက အဆီများပြီး ပိန်ပါးသည်။ ဝါးခြင်း သို့မဟုတ် အပိုဆော့စ်မပါဘဲ ပါးစပ်ထဲထည့်လိုက်ပါ။ အရသာရှိသော ဘဲသားအရသာကို သင့်ပါးစပ်အတွင်း ပျံ့နှံ့စေကာ နူးညံစိုပြေစေရန် ဖြည်းဖြည်းချင်း အရသာခံဝါးရသည်။ ဆီ၏ရနံ့သည် သူတို့၏ နှုတ်ခမ်းနှင့် သွားများ၏ လက်မတိုင်းတွင် စိမ့်ဝင်နေသည်။ပြည့်ဖြိုးသောအသားက အသီးရနံ့ကို သယ်ဆောင်သည်။

ကျန်းရှုယောင်က ပြုံးပြီးဆို၏။

"ဒီလိုစားရင် အီလိမ့်မယ်... ကြာရွက်ဘန်းမုန့်နဲ့ထုပ်စားရမယ်"

ကြာရွက်ဘန်းမုန့်တစ်ခုကို ကောက်ကိုင်လိုက်သည်။ မုန့်ကို နူးညံ့ပျော့ပျောင်းပြီး အနံ့သင်းသင်းလေးဖြစ်အောင် ဖုတ်ထား၏။ ချိုမြိန်သော ဟွိုင်စင်ဆောစ့်ဖြင့် လိမ်းကျံပြီး ဘဲသားသုံးလေးဖတ်ထည့်ကာ အသီးအရွက်များထည့်၍ ကြာရွက်ဘန်းမုန့်ကို လိပ်လိုက်သည်။ ပါးလွှာသော ဘန်းမုန့်အပေါ်ယံလွှာက ပြည့်ဖောင်းနေသော ဘဲသားကို အပြည့်မဖုံးနိုင်ပါချေ။

ရှဲ့ကျောက်က နောက်ကလိုက်လုပ်သည်။ သူလိပ်ထားသောမုန့်က အနည်းငယ်ပိုကြီးသောကြောင့် အားလုံးကိုထည့်ရန် ပါးစပ်ကိုကျယ်ကျယ်ဖွင့်ထားရသည်။

သူက ပါးစပ်ကိုဖွင့်ကာ ကြာရွက်လိပ်၏အဆုံးကို ဖိကာ ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ တွန်းထည့်ကာ ဝါးလိုက်သည်။

ချိုမြိန်သောဟွိုင်စင်ဆော့စ်သည် အရသာကို မြှင့်တင်ပေးပြီး ဘဲကင်ကို ပိုမိုငန်ပြီး ချိုစေသည်။ နူးညံ့သော အပေါ်ယံလွှာထဲသို့ ကိုက်ပြီးနောက် ကြွပ်ရွသော အပြင်အရေပြား၊ အတွင်းတွင် စိုစွတ်ပြီး နူးညံ့သော ဘဲကင် နှင့် မွှေးကြွပ်သော ကြက်သွန်စိမ်းတို့က အရသာ ကြွယ်ဝစွာ ပါဝင်သည်။ မွှေးပျံ့ပြီး ဆီရွှဲသောအနံ့ကို လတ်ဆတ်ပြီး ချိုသော နွေကြက်သွန်တို့နှင့်နှင့် ရောစပ်ထားသည်။

"အရသာရှိတယ်"
သူက ပါးစပ်ကို အုပ်ပြီး ဗလုံးပထွေး ချီးမွမ်းသည်။

ရှုရှီက  အဆီများသော အစားအစာ သို့မဟုတ် အသားစားခြင်းကို မကြိုက်ဘဲ ယင်းကို ရှဲ့ကျောက်၏ စားကြူးသော ချဲ့ကားမှုဟု ထင်ခဲ့သည်။ အသားတစ်ဖတ်ကို လိပ်ပြီး ပါးစပ်ထဲထည့်လိုက်သည်နှင့် အသားက အလွန်အရသာရှိနိုင်ကြောင်း သူမသဘောပေါက်လိုက်သည် ။

ဘဲသားအရေခွံက ကြွပ်ဆတ်ပြီး နူးညံ့သည်၊ အဆီများသော်လည်း မအီပေ။ ဘန်းမုန့်၊ ဆော့စ် နှင့် ကြက်သွန်တို့ အားလုံးက ကြွပ်ရွပြီး အရသာရှိသော ဘဲကင်နှင့်လိုက်ဖက်နေသည်။

ဘဲသားကို မီးတောက်နှင့် တိုက်ရိုက်ကင်သည့်အခါ ဘဲခေါင်းကို ရေဖြည့်ပေးရသည်။ ဘဲသားကို မီးကင်နေချိန်တွင် ရေနွေးငွေ့က ဘဲ၏ကိုယ်တွင်းခေါင်းကို အစိုဓာတ်မဆုံးရှုံးစေရန်နှင့် သစ်သားကဲ့သို့ဖြစ်မလာစေရန် ကျားကန်ပေးထား၏။ ထိုသို့ဆိုလျှင် ဘဲကင်က နူးညံ့ပြီး ပြည့် ဖောင်းလာပါလိမ့်မည်။

သူမပင် ဘဲသားအနည်းငယ်ကိုလိပ်ပြီး ဘဲသား၏အရသာကြောင့် အံ့သြသွားခဲ့လေရာ ဘဲသားအဖတ်ပေါင်းများစွာကို လိပ်ကာ ပါးစပ်ထဲထည့်ထားသော အခြားသူများဆိုလျှင်ပြောစရာပင်မလိုပါချေ။

ကျိုးရှီကလည်း ရှုရှီထက် ပိုသာမနေပါချေ။ ဘဲကင်တစ်ကိုက် စမ်းကြည့်ပြီးနောက် သူမသည် မှန်ကန်သော စားသောက်မှုပုံစံကို လုံးဝဖယ်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမ ၎င်းကို ကျင့်သားရနေပြီဖြစ်ကာ သိပ်ဂရုမစိုက်ပေ။

သူမနှင့် ရှဲ့ကျောက်သည် ဘဲကင်ခြောက်ဖတ်သို့မဟုတ် ခုနစ်ဖတ်ကို ပန်ကိတ်အကြီးကြီးတစ်ခုထဲသို့ ပေါင်းထည့်ရန် ဆန္ဒရှိနေသည်။

ဘဲသားကို ရေဖြင့် ဖြည့်သွင်းသည့် လုပ်ငန်းစဉ်သည် ဘဲသား၏ နူးညံ့မှုနှင့် အချိုရည်များကို ပိတ်လှောင်ကာ ဘဲအရေကို ဖွင့်ကာ အလွန်ပါးလွှာစေရန် ရေနွေးငွေ့ကို အသုံးပြုခဲ့သည်။ ဘဲသားကို မီးတောက်ပေါ်တွင် တိုက်ရိုက်ကင်သောအခါ ဘဲအဆီများ ပြည့်လျှံလာကာ ဘဲအရေခွံက ကြွပ်လာပြီး မွှေးလာမည်ဖြစ်သည်။ဤသည်က ဘဲကင်၏ အနှစ်သာရပါပင်။

ရှဲ့ယောင် ဘဲအရေခွံကို အလွန်နှစ်သက်ပြီး ဘဲသားလေးများပါရှိသော ဘဲကင်အဖတ်များကို ပို၍ကြိုက်သည်။ ဘဲအရေခွံက ကြွပ်ရွပြီး ဘဲအရေခွံထဲကို ဆီက လုံးဝစိမ့်ဝင်နေသည်။ ကြွပ်ရွပြီး ပါးလွှာသော်လည်း နူးညံ့ပျော့ပျောင်းသည်။ ကိုက်လိုက်တိုင်း ပါးလွှာသည့် အရေပြားကနေ အဆီအလုံအလောက်ရနိုင်၏။

ကောင်လေးနှစ်ယောက်နှင့် ကျိုးရှီ၏ပါးစပ်သည် ဆီရွှဲနေပြီး ထိန်းထိန်းသိမ်းသိမ်းနေသည့်ရှုရှီပင်  မထိန်းနိုင်။

စားပြီးနောက် ဘယ်သူမှ မလှုပ်ချင်ကြပေ။ ထို့ကြောင့် သူတို့သည် နေဝင်ချိန်ကိုကြည့်ရန် ဘေးချင်းကပ် ထိုင်ကာ ဝါးစိမ်းခြံဝင်းတွင် အနားယူကြသည်။


Xxxxx