အပိုင်း ၆၈
Viewers 19k

Chapter 68
လျန့်ဖိနှင့် သကြားရေခဲဂျယ်လီ


နွေရာသီတွင် ကျန်းရှုယောင် ညစာကို သိပ်ဂရုမစိုက်ဘဲ ၎င်းကိုညလည်စာနှင့် သရေစာမျိုးစုံဖြင့် အစားထိုးခဲ့သည်။

ညနေခင်းတွင် ရေချိုးပြီးနောက် ကျန်းရှုယောင် ခြံဝင်းသစ်ပင်အောက်ရှိညောင်စောင်းပေါ်တွင် အိပ်နေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိုဓာတ်က ပပျောက်မသွားဘဲ ဆံပင်များက ပြန့်ကျဲနေသည်။ သူမ ကြယ်ရောင်စုံကောင်းကင်ကို မော့ကြည့်ပြီး ဘဝက အံ့သြဖွယ်ကောင်းသည်ဟု သက်ပြင်းချမိသည်။

အိမ်ပြန်ရောက်ပြီးနောက် ရှဲ့ရွှင်း ရေချိုးပြီး အဝတ်အစားများလဲခဲ့သော်လည်း ညနေစာဖတ်ရန် စာကြည့်ခန်းသို့သွားပြီးနောက် ချွေးများထွက်လာပြန်သဖြင့် ချိုးရေထပ်ပြင်ခိုင်းရတော့၏။

စာကြည့်ခန်းက အပြင်မှာထက် ပိုပူသည့်အတွက် စာအုပ်ကို ချလိုက်ပြီး အေးမြသည့်လေကို ခံစားရန် အပြင်ထွက်ခဲ့သည်။

ကျန်းရှုယောင် သူမ၏ လျောင်းစက်ရာဘေးတွင် စားပွဲများနှင့် ကုလားထိုင်များကို ချထားသည်။ ရှဲ့ရွှင်း လတံခါးကို ဖြတ်လျှောက်လာသောအခါတွင် သူမက အရိပ်အောက်တွင် လှဲလျောင်းနေသည်ကိုတွေ့ရသဖြင့် သူမထံသို့ သဘာဝအတိုင်း လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။

စားပွဲပေါ်တွင် ပန်းကန်များစွာရှိပြီး အကုန်လုံးက ကျန်းရှုယောင်၏ညလယ်စာများသာဖြစ်၏။ ရှဲ့ရွှင်းက ၎င်းကို မြင်ပြီးပြောလိုက်သည်။

"မင်း ညစာအတွက် အလုတ်နည်းနည်းပဲစားတာကိုတွေ့တော့ စားချင်စိတ်မရှိဘူးလို့ ငါထင်ခဲ့တာ...လက်စသတ်တော့ ဗိုက်ပြည့်ဖို့ ညလယ်စာကိုစောင့်နေတာကိုး ...အဲဒါမကောင်းဘူး...မင်းအချိန်မှန် တစ်နေ့ ထမင်းသုံးနပ်စားရမယ်.

သူက သားသမီးတွေကို ကောင်းကောင်းစားရန်ညွှန်ကြားနေသော မိဘတစ်ယောက်လိုမျိုး ပြင်းပြင်းထန်ထန် သတိပေးလေသည်။ ကျန်းရှုယောင် သူကဤအရွယ်လေးနှင့် ဤမျှ ရှေးရိုးဆန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမထထိုင်ပြီး သူ့ရှေ့ကို ပန်းကန်တစ်ချပ်ကို တွန်းပို့ကာပြောလိုက်သည်။

"ညလယ်စာမဟုတ်ဘူး...သရေစာပါနော်"

ညသန်းခေါင်သရေစာစားသည်က စွဲလမ်းစေသည့်​အတွက် သူမ ရှဲ့ရွှင်းကို ရေထဲဆွဲချရမည်။

သူမနှင့်ရှဲ့ရွှင်းတို့သည် နေ့ရောညပါ ပေါင်းသင်းနေကြသော စုံတွဲဖြစ်သည်။ သူမတွင် ခင်ပွန်းဖြစ်သူကို လေ့ကျင့်ပေးနိုင်သည့်ကျွမ်းကျင်မှု မရှိသော်လည်း ရှဲ့ရွှင်း၏အကြိုက်ကို သူမ စိတ်ကြိုက် ပြုစုပျိုးထောင်ရန် ခက်ခဲလွန်းလှသည်တော့ မဟုတ်ပေ။

ရှဲ့ရွှင်း ပန်းကန်ထဲသို့ ကြည့်လိုက်သည်။ ကျန်းရှုယောင်က ထူးဆန်းသော အစားအစာများကို အမြဲပြုလုပ်လေ့ရှိသောကြောင့် သူ မအံ့သြပေ။

"သကြားရေခဲဂျယ်လီ...ချိုလို့ အပူဒဏ်ကို သက်သာစေတယ်"

ကျန်းရှုယောင်က သေသေသပ်သပ် မိတ်ဆက်ပေးသည်။

သူတို့နှစ်ဦးသည် "အိပ်ရာအတူတူမျှဝေ "နေကြပြီဖြစ်သောကြောင့် ရှဲ့ရွှင်း ကျန်းရှုယောင်အား ယဉ်ကျေးနေခြင်းကိုရပ်လိုက်ပြီး အရသာခံရန် ဇွန်းကိုကောက်ယူလိုက်သည်။

သကြားရေခဲဂျယ်လီသည် ရွှေရောင်အကြည်ရေခဲတုံးများကဲ့သို့ အလွန်ကြည်လင်ပြီး ထွင်းဖောက်မြင်နေရ၏။ ၎င်းသည် ပျော့ပျောင်းပြီးချော်နေကာ ဇွန်းဖြင့် ထိတွေ့သောအခါ အပိုင်းပိုင်းကွဲသွားသည်။

သကြားအညိုဆော့စ်ကို အပေါ်မှလောင်းပြီး ကြေသွားသောဂျယ်လီအပေါ်ကို ဖြန့်ခင်းလိုက်၏။ လှပပြီး ဆွဲဆောင်မှုရှိကာ ချိုမြိန်သောအရသာရှိသည်။

ရှဲ့ရွှင်း တစ်ဇွန်းကော်လိုက်ပြီး ဂျယ်လီက ဇွန်းပေါ်တွင် တုန်နေသည်။ မဝါးမီတွင် ပါးစပ်ထဲမှာကြေသွားပြီး နူးညံ့ပြီး ချိုမြိန်သော ရေခဲအေးအဖြစ်သို့ ပြောင်းသွား၏။

သကြားညိုဆော့စ်သည် ချိုမြိန်ပြီး လန်းဆန်းစေသော အခါးအရသာ အနည်းငယ်ရှိသည်။ သကြားရေခဲဂျယ်လီကို လှီးထားသော ဟော်သွန်း စိတ်များ၊ စပျစ်သီးခြောက်များ၊ မြေပဲထောင်းများဖြူးထားသည်။ဟော်သွန်းစိတ်လေးများက
ချိုချိုချဉ်ချဥ်၊စပျစ်သီးခြောက်များက ဝါးရကာ မြေပဲများက ကြွပ်ပြီး ဂျယ်လီက ပေါ့ပါးအေးမြသည်။ အတူတူ ပေါင်းစပ်လိုက်လျှင် သူ့ခန္ဓာကိုယ်က အပူများ ချက်ချင်း ကင်းစင်သွားကာ လန်းဆန်းသွားသည်။

ရှဲ့ရွှင်းအတွက် အဓိက အစားအစာက ခေါက်ဆွဲ နှင့် ထမင်းဖြစ်ရမည်ဖြစ်လေရာ ဤသကြားရေခဲဂျယ်လီ တစ်ပန်းကန်က စားပြီးသည့်နောက်မှာ ဘာအလေးချိန်မှမရှိဘဲ လန်းဆန်းစေသည့် အချိုရည်နှင့်တူလေသည်။

ကျန်းရှုယောင်က တိုက်ရိုက်မေးလိုက်၏။ "အရသာ ဘယ်လိုလဲ"

"အရမ်းကောင်းတယ်...ချိုမြိန်ပြီး ရေငတ်ပြေတယ်"

"အခုကစပြီး ညတိုင်းအပူလျော့အောင်တစ်ပန်းကန်စားရင်ရော"

ရှဲ့ရွှင်းက ဝမ်းသာအားရ ခေါင်းညိတ်ကာဆို၏။ "အွန်း"

ကျန်းရှုယောင် လျန့်ဖိပန်းကန်ကို  သူ့ရှေ့တွန်းလိုက်သည်။

"ဒါစားကြည့်"

ရှဲ့ရွှင်း  ထမင်းလည်းမဟုတ် ခေါက်ဆွဲလည်းမဟုတ်သော လျန့်ဖိကိုကြည့်လိုက်သည်။ သူ့အတွက်က ညလယ်စာဟုမသတ်မှတ်ဘဲ သရေစာများချည်းပါပင်။

ထို့ကြောင့် သူ သူ၏ တူများကို ကောက်ကိုင်လိုက်ပြီး ပွဲတော်တည်ရန် မတွန့်ဆုတ်ခဲ့ပေ။

လျန့်ဖိက ကြက်သွန်ဖြူရည်၊ ငရုတ်ဆီ၊ သကြား၊ ရှာလကာရည်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များပါသော အဖြူရောင် ခေါက်ဆွဲကဲ့သို့ ကြည်လင်တောက်ပသော ဟင်းလျာတစ်မျိုးဖြစ်သည်။ အလယ်ဗဟိုတွင် စိမ်းစိုပြီး ညီညာသော သခွားသီးမျှင်များအစီအရီ၊ပဲပင်ပေါက်ဖြူ၊ အနီတောက်တောက် ငရုတ်သီးအစပ် နှင့် နှမ်းဖြူစေ့များရှိ၏။ အရောင်မျိုးစုံက ပေါ်လွင်ထင်ရှားနေသည်။ ကြည့်ကောင်းပြီး ချဉ်စပ်စပ်ရနံ့ သင်းပျံ့နေသည်။

သူသကြားရေခဲဂျယ်လီတစ်ပန်းကန်သာစားခဲ့ပြီး လန်းဆန်းသောချိုမြိန်မှုက သူ့ဗိုက်ကိုပိုမိုသက်တောင့်သက်သာဖြစ်စေသည်။ အပူတွေ ပျောက်ပြီး စားချင်စိတ် ပေါ်လာခဲ့၏။

ရှဲ့ရွှင်း လျန့်ဖိပန်းကန်ကို ရောမွှေပြီး တစ်လုတ်စားလိုက်သည်။

လျန့်ဖိက ချောမွေ့ပြီး နူးညံ့သည်၊ အနေအထားက အနည်းငယ်စေးကပ်ကာ ပါးလွှာ ပျော့ပျောင်းပြီး အလွန်သိမ်မွေ့သော လိုက်လျောညီထွေမှုရှိသည်။

ငရုတ်ဆီက သိပ်မစပ်သော်လည်း အထူးရနံ့ရှိသည်။ သူ့မှာ မွှေးပျံ့ပြီး ရှည်ကြာသောရနံ့ရှိသည်။ သကြားထည့်ပြီးနောက် ချိုမြသောအရသာရှိသည်။ ၎င်းကို တူညီစွာမွှေးပျံ့သော ရှာလကာရည်ရနံ့နှင့် ရောစပ်ထားပြီး စပ်သော်လည်း ချဉ်ပြီး လတ်ဆတ်သော အရသာကို ရရှိစေသည်။

သခွားသီးအမျှင်လေးတွေက လန်းဆန်းပြီး ဆီရွှဲနေသည်။ ပဲပင်ပေါက်တွေက ကြွပ်ပြီး အစိမ်းလိုက်ဖြစ်ကာ ဝါးလျှင် အနည်းငယ် ချို၏။ လျန့်ဖိနှင့် တွဲဖက်၍ နူးညံ့ပြီး အရသာရှိကာ ချဉ်စပ်စပ်ဖြစ်လေသည်။

လျန့်ဖိ ပန်းကန်က နည်းလွန်း၏။ သူ ၎င်းကို သုံးဇွန်းနှင့်အပြောင်ရှင်းလိုက်သည်။သို့ပေမဲ့ မကျေမနပ်သေးသဖြင့် သကြားရေခဲဂျယ်လီနောက်တစ်ခွက်ကို စားလိုက်ပြီးမှ ဗိုက်ပြည့်သွားသည်။

ကျန်းရှုယောင် သူကုန်အောင်စားနေသည်ကို ကျေကျေနပ်နပ်ကြီးကြည့်နေပြီး သူက စိတ်ကျေနပ်ရန်လွယ်ကူလွန်းသဖြင့် သက်ပြင်းချလိုက်သည်။ အ​ပြန်မရှိသည့်လမ်းကို(ညလယ်စာစားခြင်း) လျှောက်လှမ်းရန် သူ့ကိုခေါ်ရသည်က တကယ်ကို အပန်းမကြီးလှ။

ကျန်းရှုယောင် သက်ပြင်းချပြီးနောက် သူပျော်ရွှင်စွာ စားသောက်နေသည်ကိုကြည့်ပြီး သူတို့ဤကဲ့သို့ထာဝရ ပေါင်းသင်းနိုင်လျှင် တစ်သက်လုံး အေးအေးဆေးဆေး နေရန်က မဖြစ်နိုင်သည်မဟုတ်ဟု တွေးလိုက်မိသည်။

ရှဲ့ရွှင်းလည်း ယခုလိုဘဝက အံ့သြစရာကောင်းသည်ဟု ခံစားရ၏။ သူအမုန်းဆုံးဖြစ်ခဲ့ဖူးသော အိုက်စပ်ကာ မနေသာမထိုင်သာဖြစ်ရသည့် နွေရာသီညများပင်လျှင် အရသာရှိလာသည်။

ကျန်းရှုယောင်က ကုလားထိုင်ပေါ်တွင် သူမကိုယ်သူမ ယပ်ခတ်နေပြီး မကြာမီ သူမ၏လက်များ နာကျင်လာသည်။ သူမ ယပ်တောင်ဝိုင်းကို အောက်ချမည်အပြုတွင် ရှဲ့ရွှင်းက သဘာဝအတိုင်း ၎င်းကိုယူခဲ့သည်။

သူက ဖြည်းညှင်းစွာ လှုပ်ရှားပြီး သူမကိုစည်းချက်ကျကျယပ်ခတ်ပေးရင်းဆို၏။

"မနက်ဖြန် နေ့လည်စာအတွက် လျန့်ဖိယူသွားလို့ရမလား"

"ရတယ်လေ... မီးဖိုချောင်ထဲမှာ ကျန်တာတွေရှိတယ်...လောက်တယ်ရယ်"

ကျန်းရှုယောင် သူမမျက်နှာဆီသို့ တိုးဝင်လာသော လေနုအေးကို ခံစားရင်း သက်တောင့်သက်သာရှိစွာ မျက်လုံးများမှေးထားမိသည်။

"ခေါက်ဆွဲအေးရော"
ရှဲ့ရွှင်းက မေးသည်။

"ကုန်အောင် စားနိုင်ရင် အကုန်ယူသွား... မဖြုန်းတီးနဲ့"

သူ့အဖြေကို ခန့်မှန်းရန် မလိုပါချေ။
"ကောင်းပြီ ...ငါမကုန်ရင် ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ပေးလို့ရတယ်"

ပိုင်ကျီ သူတို့ကို အဝေးကနေ လှမ်းကြည့်ရင်း စိတ်တွေ လှုပ်ရှားကာ မျက်ရည်ကျလုမတတ်။

လင်နှင့်မယားကြားက ချစ်ခြင်းမေတ္တာဆိုသည်က ယခုလိုဖြစ်နိုင်သည်။သခင်မနှင့်သခင်က အချစ်အကြောင်းပြောနေသည်လား တစ်ယောက်ကိုတစ်ယောက် စကားစမြည်ပြောနေသလားကိုကား သူမမသိ။ ကြည့်လိုက်ရုံနှင့်လူတွေ၏ နှလုံးသားကို ပျားရည်တွေနှင့် ပြည့်စေသည်။

သူမအခန်းထဲကို ချက်ခြင်းပြန်သွားပြီး နောက်နေ့ ရှန်းယန်အိမ်တော်ကို ပို့ပေးရန် စီစဉ်ပြီး စာတစ်စောင်ရေးလိုက်၏။သခင်မကြီး ၎င်းကို မြင်လျှင် အတော်လေး ဝမ်းသာသွားလိမ့်မည်။

နှစ်ယောက်သား စကားစမြည်ပြောကြပြီးနောက် ခဏတာ ပြောစရာစကားမရှိဖြစ်သွားပြီး ပတ်ဝန်းကျင်က ရှက်ကိုးရှက်ကန်းမဟုတ်ဘဲ ငြိမ်သက်ခြင်းတစ်မျိုးရှိနေသည်။

ရှဲ့ရွှင်းက လက်ပြောင်းပြီး သူမကိုယက်ခတ်ပေးလိုက်ရင်း ကျိုးရှီအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။

“ဒါနဲ့ ဒုတိယမရီးရဲ့ဒဏ်ရာက ဘယ်လိုနေလဲ"

"သိပ်တော့မဆိုးလောက်ဘူး ...ဒီနေ့ အိပ်ရာထဲထပြီး လမ်းလျှောက်ဖို့ ငြင်းခုံနေတာ"

ရှဲ့ရွှင်းက "အိုး" ဟုပြောပြီး တိတ်ဆိတ်သွားပြန်သည်။

သူမ အရင်က ၎င်းကို အမှတ်မရပေမဲ့ ကျိုးရှီအကြောင်း ပြောသည့်အခါ ကျန်းရှုယောင် ထိုရှုပ်ယှက်ခတ်သည့် အတွေးတွေကို ပြန်သတိရပြီး ရှဲ့ရွှင်းကို မော့ကြည့်လိုက်၏။

သူက သူ့ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်ထားပြီး အေးစက်သည့်မျက်နှာနှင့် ရှေ့ကို မျှော်ကြည့်နေပေမဲ့ ကျန်းရှုယောင် သူ့စိတ်တွေ ပျံ့လွင့်နေမှန်း သိလေသည်။

ယခုလို ချစ်စရာကောင်းပြီး ရယ်စရာကောင်းသည့် ခြားနားမှုမျိုးက သူမကို စိတ်သက်သာရာရစေသည့်အတွက် သူမ သံသယတွေကို ရုတ်တရက် ထုတ်မေးလိုက်၏။

"ဒုတိယယောက်မ အကြောင်း သိလား"

ရှဲ့ရွှင်း အာရုံပြန်ဝင်လာပြီး သူမကိုငုံ့ကြည့်ကာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျန်းရှုယောင် ထိုနေ့ရှို့နင်ခန်းမဆောင်ရှိ ကျိုးရှီ၏ပြဿနာကို ပြောပြလိုက်၏။

ရှဲ့ရွှင်းက အတွင်းခြံဝင်း၏ကိစ္စကို တမင်အာရုံစိုက်လိမ့်မည်မဟုတ်သလို သူ့ရှေ့တွင် လျှာကိုဝါးမည့်သူလည်းမရှိသောကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး သူယခုမှပထမဆုံးကြားလိုက်ရခြင်းပင်။ ထိုအရာအားလုံးကြားပြီးသောအခါ မျက်မှောင်ကြုတ်သွားသည့။

ပြောပြီးသည့်​နောက်မှာ ကျန်းရှုယောင် အနည်းငယ်စိတ်လှုပ်ရှားလာကာ မျက်နှာမှာ ဘာအမူအရာမှ မပြချင်ခဲ့ပေ။

“တကယ်လား…”
သူက သိပ်မဝေဖန်ဘဲ သက်ပြင်းချလိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက ရုတ်တရက် ခေါင်းငုံ့ကာ ကျန်းရှုယောင်ကို စိုက်ကြည့်ရင်းဆိုသည်။

"ဒါဆို ဒီအဖြစ်အပျက်ကြောင့် ဒုတိယမရီးကို သနားနေတာလား"

ကျန်းရှုယောင် အံ့အားသင့်သွားပြီး
"ကျွန်မအသက်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ဖို့ ချက်ပေးနေတာပါ"

ယနေ့ည၏လေနုအေးနှင့် လရောင်တို့က နှလုံးသားချင်းစကားပြောရန် သင့်လျော်သောကြောင့်ဖြစ်နိုင်သည်၊ သို့မဟုတ် ကျန်းရှုယောင်က ဖြည်ချထားသောဆံနွယ်တို့ဖြင့် ညောင်စောင်းပေါ်တွင် လဲလျောင်းနေပြီး သက်တောင့်သက်သာရှိလွန်းဟန်ရှိသောကြောင့်ဖြစ်နိုင်သည်။ ရှဲ့ရွှင်း တုံ့ဆိုင်းသွားပြီး တဖန်ပြောလိုက်၏။

"မင်းရဲ့စကားတွေကနေ မင်းသူ့အတွက်စိတ်မကောင်းဖြစ်နေတယ်ဆိုတာရယ်... ငါ့ရဲ့ ဒုတိယအစ်ကိုအပေါ် မကျေနပ်တာတွေလည်း ရှိတယ်ဆိုတာ ငါနားလည်နိုင်ပါတယ်"

ရှဲ့ရွှင်း နှုတ်နည်းပြီး စိတ်ခံစားချက်တွေကို ပြသခဲသောကြောင့် ဖြစ်နိုင်သသည်။ သူက ကျော်ကြားသည့် ပါရမီရှင်တစ်ယောက်ဖြစ်လျှင်ပင် စိတ်ခံစားချက်ဆိုင်ရာတွင်အနည်းငယ်နှေးကွေးသည်ဟု ကျန်းရှုယောင် အမြဲတွေးခဲ့သည်။

သို့သော် သူက သူမ၏ အတွေးများကို ယခုလို တိုက်ရိုက် ထိုးဖောက်မြင်ခဲ့သဖြင့် အနည်းငယ် ရှက်သွားသည်။ သူမ အတွေးတွေကို ပိုမြင်သွားမှာကို ကြောက်ပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။

ရှဲ့ရွှင်းက ထိုအကြောင်းကို ဆက်မပြောဘဲ အေးအေးဆေးဆေးပဲဆိုလေ၏။

"မင်းက ဒုတိယမရီးမဟုတ်သလို... ငါကလည်း ဒုတိယအစ်ကို မဟုတ်ဘူးလေ"

ဤရိုးရှင်းသောစကားသည် ကျန်းရှုယောင်ကို ထိုညတစ်ညလုံး အိပ်မပျော်နိုင်ဖြစ်သွားစေသည်။ သူမသည် သူက ဤအရာများကို ပြောမည့်လူမျိူးမဟုတ်ဟု ခံစားရသည်။

ထိုသည်က ချစ်စကားတစ်ခွန်းလိုလို၊ကတိတစ်ခုလိုလို၊သာမာန်ဝါကျတစ်ခုလိုလိုပါပင်။

သူမ ရှုပ်ထွေးပွေလီသော စိတ်အခြေအနေတွင် ရှိနေကာ သူ့စကားများက သူမ၏ အတွေးများကို ရှုပ်ထွေးစေသောကြောင့် ရှဲ့ရွှင်းကို အများကြီး ကျိန်ဆဲခဲ့သည်။

အများကြီးစားနေတာတောင် သူ့ပါးစပ်က မပိတ်နိုင်သေး... သူက ရက်စက်ကြမ်းကြုတ်တဲ့ အစားအသောက်စမ်းသပ်သူနဲ့ လက်ကျန်သန့်ရှင်းရေးစက်ပဲမဟုတ်ဘူးလား... သူဘာကြောင့် စိတ်လှုပ်ရှားစရာ တစ်ခုခုပြောဖို့လိုတာလဲ...

*........

ကျိုးရှီ ကျန်းရှုယောင်ကို ခဏခဏ ကြည့်မိသည်။ သူမ သိချင်စိတ်ကို မထိန်းနိုင်ဘဲမေးလိုက်၏။

“နင်ဘာဖြစ်နေတာလဲ”

ကျန်းရှုယောင် အသိပြန်ဝင်လာပြီး သူမ၏မျက်နှာကို ပွတ်သပ်ရင်းဆိုလိုက်သည်။

"အဆင်ပြေပါတယ်... ကျွန်မ စိတ်ထဲမှာ နည်းနည်းလေး ရှုပ်ထွေးနေသလို ခံစားရလို့...သိပ်နားမလည်ဖြစ်နေတာ"

ကျိုးရှီက ရှုရှီမဟုတ်ပါချေ။ သူမက သူများတွေကို နှစ်သိမ့်ပေးတတ်သူ တစ်ယောက် မဟုတ်ပါချေ။ပလုပ်ပလောင်း စားနေရင်းနှင့်သူမကပြောလိုက်သည်။

"ဒါဆို စိတ်ပူမနေနဲ့...အဖြေက အမြဲရှိနေမှာ... လွှတ်ထားလိုက်... များများဇွဲနပဲကြီးလေလေ အဆုံးမသတ်နိုင်လေလေပဲ"

ထမင်းပန်းကန်ကို ပြောင်လက်နေအောင်စားပြီး ပါးစပ်ကို ဝမ်းသာအားရ သုတ်ရင်းသူမကဆို၏။
"ငါနားလည်သလောက်ဆိုရင် ကောင်းကင်ကြီးက ကြီးတယ်... ဒါပေမဲ့ အစားအသောက်က အကောင်းဆုံးပဲ"

ကျန်းရှုယောင် ရယ်မိသွားသည်။ ငေါ့တော့တော့မဟုတ်တော့သည့်ကျိုးရှီက အလွန်ချစ်စရာကောင်းသည်။

သူမက "အာ"ဟု ပြောပြီး အလုပ်ကိစ္စကိုအမှတ်ရသွား၏။

"စကားမစပ် ဒီနေ့ အားကျောက်နဲ့အားယောင် ရဲ့ မွေးနေ့လေ...ညနေကျရင် မွေးနေ့အထိမ်းအမှတ်နဲ့သူတို့အတွက် တစ်နပ်ချက်ပေးမလို ဒုတိယယောက်မ လာမှာလား"

ကျိုးရှီက ပထမအိမ်တော်ခွဲနှင့် အမြဲဆန့်ကျင်နေခဲ့သည်။သူမကို စိုက်ကြည့်ကာ ဆိုလေ၏။

"ငါက ဘာအတွက် လာရမှာလဲ"

သူမရှဲ့ကျောက်နှင့် ရှဲ့ယောင်တို့ဖြင့် စကားပင်မပြောဖူးပေ။

"တကယ်တော့ မွေးနေ့ပွဲတွေက စည်ကားပြီး တက်ကြွတယ်"  

ကျန်းရှုယောင် သူမ၏အဆိုပြုချက်နှင့် ပတ်သက်ပြီး ရှုရှီကို ပြောပြပြီးနောက် ရှုရှီက အမြွှာနှစ်ယောက်ကို သူမဆီ လာခွင့်ပြုရန် သဘောတူခဲ့ပေမဲ့ သူမကိုယ်တိုင်လာမလာဆိုသည်ကိုကား မပြောခဲ့ပါချေ။

ထို့ကြောင့် လောလောဆယ်မှာ သူတို့ သုံးယောက်ဖြင့်သာ အမြွှာနှစ်ယောက်၏ မွေးနေ့ပွဲကို ကျင်းပမှာဖြစ်သည်။ ကျန်းရှုယောင် ပွဲကျင်းပသလိုမျိုး ခံစားချက်မရှိဟု ခံစားရသည်။

ကျိုးရှီက အရူးအမူး ခေါင်းယမ်းလိုက်ပြီး "ဘယ်လောက်ပဲပျော်စရာကောင်းနေပါစေ ဝင်မပျော်နိုင်ပါဘူး... အကြီးဆုံးယောက်မက ငါ့ကို မတွေ့ချင်သလို ငါကလည်း သူ့မတွေ့ချင်ဘူး...မသွားဘူး... စိတ်ရှုပ်စရာကောင်းတယ်"

"ဒါက ရိုးရိုးရှင်းရှင်းစားသောက်ပြီး ပျော်ကြပါးကြတာပါ... သူတို့ နှစ်ယောက်က ငယ်ငယ်ကတည်းက မပျော်ခဲ့ကြဘူး... ဒီနေ့ သူတို့ မွေးနေ့မှာ ပျော်ရွှင်စေချင်တယ်"

ကျိုးရှီက ရေရွတ်သည်။

"ကလေးက ဘာမွေးနေ့ပွဲ ကျင်းပတာလဲ...မနက်စောစော ခေါက်ဆွဲတစ်ပန်းကန် စားတာနဲ့ မလုံလောက်ဘူးလား"

သူမ မလိုလားသည်ကိုမြင်ရာတွင် ကျန်းရှုယောင် သူမကို အတင်းအကြပ်မလုပ်ခဲ့ပါချေ။

ညစာစားချိန်အစတွင် အမွှာများသည် ကျန်းရှုယောင်၏ ခြံဝင်းဆီသို့ ပြေးသွားကြသည်။

ယနေ့က မွေးနေ့ဖြစ်သဖြင့် ဆရာက အတန်းကို စောစော ဆင်းပေးလိုက်သည်။ကျန်းရှုယောင်၏ မွေးနေ့ပွဲကျင်းပမည်ဆိုသည်ကို အမှတ်ရနေသောကြောင့် သူတို့နှစ်ယောက် မရပ်မနား ပြေးခဲ့ကြ၏။

ရှုရှီက သူတို့ကို စည်းကမ်းအလွန်းတင်းကြပ်သည့်အတွက် သူတို့၏ မွေးနေ့ပွဲကိုကျင်းပသည်က မည်သို့မည်ပုံဆိုသည်ကို သူတို့မသိပေ။ သူတို့ အင်မတန် မျှော်လင့်ထားကြသည်။ သူတို့၏ အနက်ရောင်မျက်လုံးများသည် ကျန်းရှုယောင်ကို တောက်ပစွာ ကြည့်နေကြပြီး သူမကို ချက်ချင်းလုပ်ဆောင်နိုင်စေရန် ဆန္ဒရှိနေသည်။

ကျန်းရှုယောင်က သူတို့ကို စားပွဲဆီသွားပြီး ထိုင်ခိုင်းလိုက်၏။ ထို့နောက် သူမက ကိတ်မုန့်ကိုယူရန် မီးဖိုချောင်ထဲသို့ ပြန်သွားခဲ့သည်။ ပန်းများဖြင့် အလှဆင်ကာ ယိုဖြင့် ပုံစံဖော်ထားပြီး မွေးနေ့ကိတ်အဖြစ် မှတ်ယူရရုံသာဖြစ်၏။

ကိတ်မုန့်ကိုကိုင်ကာ ပြန်လှည့်လာပြီး စားပွဲတွင်ထိုင်နေသောလူကိုတွေ့သောအခါ ရုတ်တရက်ရပ်သွားသည်။

ကျိုးရှီ  နှင့် ရှုရှီတို့သည်  စားပွဲတစ်ခုတည်းတွင်ထိုင်ကာ မျက်လုံးကြီးကြီးနှင့် မျက်လုံးသေးသေးလေးဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်။ နှစ်ယောက်စလုံးက သူတို့၏ ဒေါသကို ထိန်းထားကာ လေထုထဲတွင် ယမ်းနံ့ သင်းပျံ့နေ၏။

ကျန်းရှုယောင် ပြန်လာသည်ကိုမြင်သောအခါ နှစ်ယောက်သား တပြိုင်ထဲ ခေါင်းလှည့်လာကြပြီး ဓားကဲ့သို့သောမျက်လုံးများကိုပြသကြလေသည်။

မတရားမှု တစ်မျိုးမျိုးနှင့် နာကြည်းချက် တစ်မျိုးမျိုးတို့ ရှိနေသည်။ သူတို့မျက်လုံးတွေက ဤစကားများကို ပြောလုနီးပါး။

"ငါ့ကိုပဲဖိတ်တာလို့ထင်ခဲ့တာလေ"

ကျန်းရှုယောင် :...

ဒီထူးဆန်းတဲ့ အသူရာကွင်းပြင်မှာ ဘာတွေဖြစ်နေလဲ သူမကို ဘယ်သူပြောနိုင်သလဲ...

[ET/N: Shura 修羅 သို့မဟုတ် Asura 阿修羅 သည် ဂျပန်ဗုဒ္ဓဘာသာ စစ်ပွဲနတ်ဘုရားဖြစ်သည်။ anime အများအပြားတွင် "Shura Field" သည် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပြီး အမျိုးသမီးဇာတ်ကောင်များကို တွေ့ဆုံပြီး ပဋိပက္ခများဖန်တီးရန် တမင်စီစဉ်ပေးကာ အဓိကဇာတ်ကောင်ကို ၎င်းတို့ကြားတွင် ရွေးချယ်ခိုင်းစေသည်။]


Xxxx