အပိုင်း ၆၇
Viewers 16k

Chapter 67
ခေါက်ဆွဲအေး


ရွှေဆံထိုးကို ဆွဲထုတ်ပြီးနောက် သူမ၏ မှင်ရောင်ဆံပင်က ရေကဲ့သို့ ပြန့်ကျဲသွားပြီး ပိုးသားနှယ် သူ့လက်ဖမိုးပေါ်သို့ လျှောကျသွားသည်။ ယင်းကအေးစက်ပြီး အိစက်ကာ ထိတွေ့မှုက သူ့လက်မှ သူ့နှလုံးသားဆီသို့ ရွေ့လျားသွားပြီး သူ့အားအသက်အောင့်ထားမိစေ၏။

ကျန်းရှုယောင်က ကြေးမှန်ထဲမှ သူ့ကိုကြည့်လိုက်ကာ သူ ကြေးမှန်ဆီသို့ အကြည့်ရွှေ့လိုက်သောအခါတွင် အလျင်အမြန် မျက်လွှာချလိုက်သည်။

သူမ တည်ငြိမ်ဟန်ဆောင်ကာ မတ်တတ်ထရပ်ပြီး "အနားယူရအောင်" ဟုပြောလိုက်သည်။

ရှဲ့ရွှင်းက ခေါင်းညိတ်ပြပြီး အတွင်းခန်းထဲသို့ လိုက်သွားခဲ့သည်။ အတွင်းခန်းကို လှမ်းကြည့်လိုက်သောအခါ စောင်မရှိရုံမက ကူရှင်လည်း မရှိတော့သည်ကို တွေ့လိုက်ရ၏။

သူ ကျန်းရှုယောင်ကို လှည့်ကြည့်လိုက်ပြီး အတော်လေး ပဟေဠိဖြစ်သွားသည်။

"ဒါက..."

ကျန်းရှုယောင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ သူမ ထိုကောက်ကွေ့သော အတွေးများကို တွေးနေခြင်းအားရပ်လိုက်ပြီး ရှုပ်ထွေးမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်၏။

"ဒီနေ့ ရှင်အိပ်ရာပေါ်အိပ်လိုက်ပါ"

ရှဲ့ရွှင်း ချီတုံချတုံ ဖြစ်နေသည်။
"မင်းကရော"

ကျန်းရှုယောင် သူ့လေသံကိုကြားသောအခါတွင် သူက ဆန့်ကျင်ဘက်ဘက်သို့ မသွားချင်ကြောင်း သူမသိခဲ့ရပြီး ပို၍ပင် ရှက်သွား၏။
"ကျွန်မလည်း အိပ်ရာထဲမှာ အိပ်မှာ"

လေထုသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ရှဲ့ရွှင်းက တွန့်ဆုတ်စွာ ထအော်သည်။
"ဟမ်"

ကျန်းရှုယောင် သူမဘာသာသူမ ကုတင်ပေါ်သို့တက်ကာ စောင်နှစ်ထည်ကို ခွဲထုတ်ကာ မျဥ်းကျယ်ကြီး ခွဲလိုက်သည်။

"ခုံပေါ်မှာအိပ်ရင် ရှင်ကောင်းကောင်းမအိပ်နိုင်ဘူး” ဟု သူမက ပြောလိုက်သည်။ယင်းက သူ့အတွက် ရှင်းပြချက်တစ်ခု ဖြစ်ခဲ့သည်။

ရှဲ့ရွှင်းက မတ်တပ်ရပ်နေဆဲဖြစ်ပြီး လှုပ်ရှားမှုမရှိသဖြင့် ကျန်းရှုယောင်ကို ပိုရှက်သွားစေသည်။

"ဟေး"

သူမမျက်နှာက ပူနေပေမဲ့ တင်းမာ ဟန်ဆောင်ပြီး​ပြောလိုက်၏။

"ဘာလို့ မအိပ်တာလဲ"

စကားပြောပြီးသောအခါ သူမက ကုတင်၏အတွင်ဘက်မှာလဲလျောင်းကာ နံရံကို မျက်နှာမူပြီး သူမကိုယ်သူမ ပုစဉ်းရင်ကွဲ ပိုးတုံးလုံးကဲ့သို့ စောင်ဖြင့် ပတ်ထားသည်။ ရှဲ့ရွှင်း သူမ၏ နောက်စေ့လုံးလုံးကို ကြည့်ပြီး သူ့လက်တွေခြေတွေကို ဘာလုပ်ရမှန်းမသိပါဘဲ လျှောက်သွားလိုက်သည်။ ကုတင်ပေါ်ကို အလွန်ကိုမှ ကိုယ်ဖော့ပြီး လှဲချလိုက်သည်။ သူ့အသံက အရင်အတိုင်း အေးစက်နေပေမဲ့ အနည်းငယ် တောင့်တင်းပြီး တုန်နေ၏။

"မီးမှုတ်လိုက်မယ်"

"အင်း"

ရှဲ့ရွှင်း မီးခွက်ကိုမှုတ်ပြီး အပြင်ဘက်ခြမ်းတွင် ဖြည်းညှင်းစွာ အိပ်လိုက်သည်။

အခန်းသည် တိတ်ဆိတ်လွန်းသဖြင့် သူ တစ်ခန်းလုံး သူ့နှလုံးခုန်သံကို ခံစားနေရသည်။

ကျန်းရှုယောင် အသံကြားသွားမှာစိုးပြီး သူ့လက်ဖြင့် ရင်ဘက်ကိုဖိထားလိုက်၏။

ရှဲ့ရွှင်းက သူမနံဘေးတွင် လှဲနေသည်။ကျန်းရှုယောင် မကြောက်ပေမဲ့ မနေ့က မငြိမ်မသက်ဖြစ်နေချိန်ထက်စာရင် အိပ်ပျော်ရန် ပိုခက်နေ၏။

သူမ ဘေးတစ်စောင်း လဲလျောင်းရာမှ ပက်လက်လှန်ကာ ကုတင်ထိပ်ကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။

ရှဲ့ရွှင်းက မလှုပ်ဝံ့။ အိပ်ပျော်နေပုံမရသော သူမ၏ အသက်ရှုသံကို ကြားလိုက်ရသည်နှင့် အဆင်မပြေသော တိတ်ဆိတ်မှုကို သည်းမခံနိုင်တော့ဘဲ "အိပ်မပျော်ဘူးလား" ဟု ဆိုလေသည်။

ကျန်းရှုယောင်အား သူမနားတွင် တီးတိုးတီးတိုးပြောနေသလို ခံစားရစေသည့် တမင်နူးညံ့ပျော့ပျောင်းသော အသံဖြင့် သူကပြော,ခဲ,သည်။သူမ နှလုံးသား ယားယံလာ၏။

"ဟုတ်တယ်"

သူမက ကြောင်တက်တက်နှင့် ပြန်ဖြေပြီးဆင်ခြေရှာလိုက်၏။
"အရမ်းပူတယ်"

ရှဲ့ရွှင်းတစ်ယောက် ပထမဆုံးအကြိမ် လူတွေကိုစကားပြောရသည်က ခက်ခဲသည်ဟု ခံစားလိုက်ရသည်။“ဟုတ်တယ်...နည်းနည်းပူတယ်” ဟု တောင့်တောင့်ကြီး ဟုပြောလိုက်၏။ သူပြောပြီးနောက် ဤဝါကျက တိုလွန်းပြီး ဝတ်ကျေတမ်းကျေပုံပေါက်မှာကို စိုးရိမ်ပြီး ထပ်ပြောလိုက်သည်။
"အရှေ့တောင်ပံက စာကြည့်ခန်းထက် အများကြီး ပိုအေးတယ်...လေဝင်လေထွက် ပိုကောင်းတယ်"

"..."

"အိပ်ရာက အများကြီး ပိုနူးညံ့ပြီး ပိုကျယ်တယ်...လရောင်က ပိုတောက်ပတယ်"

ရှဲ့ရွှင်းက ဆက်ပြောသည်။

ကျန်းရှုယောင် ကုတင်ထိပ်ကို စိုက်ကြည့်နေသည်၊ အထူးသဖြင့် သူမ၏လက်များကို သွားပေါ်တင်ကာ ထူးထူးခြားခြား အသံများမဖြစ်အောင် ကိုက်ဝါးချင်နေသည်။

ဒါ သူမထင်နေတဲ့ဟာလား... ရှဲ့ရွှင်းက တစ်ခုခုကို ရည်ညွှန်းဖို့ ကြိုးစားနေတာလား...သူက အရှေ့တောင်ပံကို ပြန်ပြောင်းချင်တယ်လို့ အရိပ်အမြွက်ပြနေတာလား...

သူမပြန်မဖြေသည်ကိုမြင်သောအခါ ရှဲ့ရွှင်းက သူမဘက်ကို ဘေးတိုက် လှမ်းကြည့်၏။ သူ့လည်ပင်းကို လှည့်လိုက်ရုံနှင့်မသက်မသာ ခံစားရသည့်အတွက် လှည့်ပြီး ဘေးတစောင်းလှဲကာ သူမကိုမျက်နှာမူလိုက်သည်။

သူ့လှုပ်ရှားမှုတွေကို ခံစားလိုက်ရသော ကျန်းရှုယောင်တစ်ယောက် တောင့်တင်းသွား၏။

သူ့အကြည့်က သူမမျက်​နှာ​ပေါ်​ရောက်​​တော့မည့်အချိန်​မှာပဲ သူမကရုတ်​တရက်​ ပြင်းထန်​စွာ​ဟောက်​လိုက်​သည်။

"ရှင်ပြန်လှည့်"

ဘေးတစောင်း လှဲပြီး ကိုယ်ဟန်အနေအထားကို ချိန်ညှိရန် အချိန်မရှိသော ရှဲ့ရွှင်းတစ်ယောက် ထိတ်လန့်သွားသည်။ သူက လျင်မြန်စွာ နောက်ပြန်လှည့်ကာ ပက်လက်အိပ်ပြီး "အိုး"ဟု နာခံစွာအသံပြုလိုက်၏။

လေထုက တိတ်ဆိတ်သွားပြန်သည်။

ကျန်းရှုယောင် ယခုမှပင် သူမ၏ လေသံက အနည်းငယ် ပြင်းထန်ပုံပေါက်သည်ကို သဘောပေါက်ပြီး ရှင်းပြချင်သော်လည်း မည်သို့မည်ပုံရှင်းပြရမှန်း မသိပေ။ သို့ရာတွင် ရှဲ့ရွှင်းက သူမထက်ပိုပြီး တိတ်ဆိတ်မှုကို သည်းမနိုင်တော့ဘဲပြောလိုက်ပြန်၏။

"မနက်ဖြန်ရော ဒုတိယမရီးနဲ့ နေ့လည်စာသွားစားမှာလား"

"ဟုတ်တယ် "

ရှဲ့ရွှင်းက နေ့လည်စာအကြောင်းပြောနေစဉ် ကျန်းရှုယောင် ရုတ်တရက် သတိရသွားပြီးပြောလိုက်သည်။

"စကားမစပ် ...ဒီရက်ပိုင်း ရှင့်အတွက် နေ့လည်စာဘူးပြင်ဆင်ဖို့ မေ့သွားလို့ တောင်းပန်ပါတယ်"

"တောင်းပန်စရာမလိုပါဘူး"

ရှဲ့ရွှင်း သူမကိုကြည့်ရန် ခေါင်းကို လှည့်ချင်ပေမဲ့ စောစောက သူမအော်ဟစ်သည်ကို သတိရပြီး အလျင်အမြန်ပင် သူ့ဆန္ဒကိုထိန်းလိုက်၏။
"မင်း အလုပ်များပြီး ပင်ပန်းနေရင် ငါ့အတွက် နေ့လယ်စာ ပြင်စရာ မလိုဘူး...ကိစ္စမရှိဘူး"

"အဲဒါက အဆင်မပြေဘူး...ကျွန်မရှင့်ကို ကတိပေးထားတယ်လေ"

ရှဲ့ရွှင်း ခဏလောက်တုံ့ဆိုင်းသွားပြီး တွန်းအားပေးမှုတစ်ဝက် စိတ်ပါမှုတစ်ဝက်ဖြင့်ပြောလိုက်သည်။

"...ဒါဆို မင်း ပင်ပန်းရတော့မှာပဲ"

သူ့နှုတ်ခမ်းထောင့်တွေကို ဖိနှိပ်ရန်ကြိုးစားပေမဲ့ မတတ်နိုင်ခဲ့ပါချေ။ နောက်ဆုံးတော့ သူ ရိုးရိုးရှင်းရှင်းပဲ ယင်းကိုခွင့်ပြုထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ မှောင်နေပြီး ဘယ်သူမှ မမြင်နိုင်ပေ။

လေထုက အနည်းငယ်ဟိုလိုလိုသည်လိုလိုနှင့် ကိုးရိုးကားယားဖြစ်နေသော်လည်း နွေးထွေးသောငြိမ်သက်မှုမျိုးရှိနေသည်။ နှစ်ယောက်သား ကုတင်ထိပ်ကို စိုက်ကြည့်ပြီး ခဏကြာမှ အိပ်ပျော်သွားကြသည်။

ကျန်းရှုယောင် နောက်တစ်နေ့ အရုဏ်မတက်မီ နိုးလာသည်။ သူမ ထထိုင်ကာ ပုံမှန်အတိုင်း ခါးဆန့်ကာ အိပ်ရာပေါ်မှ ထရန် စောင်ကို မရန်ပြင်လိုက်သည်။ စောင်ကိုထိလိုက်သောအခါတွင် သူမ ချက်ချင်းပင် ငြိမ်ကျသွားပြီး သူမဘေးတွင် လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သော ရှဲ့ရွှင်းကို ရုတ်တရက်ကြည့်လိုက်၏။

သူ၏အိပ်ပျော်နေသော မျက်နှာက အလွန်ထူးဆန်းပြီး အနက်ရောင်ဆံပင်များက သူ့အသားအရေကို ကျောက်စိမ်းကဲ့သို့ဖြူဖွေးစေကာ မျက်တောင်များက ရှည်လျားပြီး ထူထဲနေသည်။ အိပ်ပျော်နေချိန်က နိုးနေစဥ်လောက် အေးစက်သည့်ပုံမပေါ်ဘဲ တိတ်ဆိတ်ပြီး ယဥ်ကျေးပုံပေါ်၏။

ကျန်းရှုယောင် ဘာဖြစ်နေမှန်း မသိ။ ရုတ်တရက် သူမ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ပြုံးရယ်မိသည်။ ကုတင်ဘေးသို့ ညင်သာစွာ တွားသွားကာ အသံမထွက်ရန်နှင့် သူ့ကိုအနှောက်အယှက်မဖြစ်စေရန် ရုန်းကန်နေရလေသည်။

ရှဲ့ရွှင်း အသက်ညှင်းညှင်းရှုကာအိပ်ပျော်နေခဲ့၏။ ကုတင် အနည်းငယ်လှုပ်ခါသွားသည်ကို ခံစားလိုက်ရသဖြင့် အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ကျန်းရှုယောင်က သူ့ကိုယ်ပေါ်မှ လက်နှစ်ဖက်ဖြင့် တွားသွားနေသည်ကို တွေ့လိုက်ရသည်။

သူမ၏ဝတ်ရုံကော်လာက လျော့တိလျော့ရဲကျနေကာ ဖြူဖွေးနုပျိုသောအသားအရည်တစ်ပိုင်းကို ပေါ်လွင်စေပြီး မျဉ်းကြောင်းများသည် တဖြည်းဖြည်း တအိအိလှုပ်ခါနေသော တစ်နေရာရာသို့...

အိပ်ယာမှနိုးလာခါစ ရှဲ့ရွှင်းသည် စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး အတွင်းရှုခင်းများကို ကြောင်တက်တက်ကြည့်နေခဲ့ကာ သူမြင်သောအရာကို သိရှိရန် နှစ်စက္ကန့်ကြာခဲ့သည်။

ဤအချိန်မှာ မည်မျှပင် အိပ်ချင်မူးတူးဖြစ်နေပါစေ အကုန်လွင့်စင်သွားလေပြီ။ ရှော့ရမှုက သူ့ဦးခေါင်းထိပ်ကို လျှပ်စစ်စီးကြောင်း ပြေးဝင်လာသကဲ့သို့ ဦးရေပြားယားယံပြီး ပါးပြင်တွေ ထုံကျင်သွားသည်။

သူ ကုတင်ပေါ်ကနေ ရုတ်တရက် ခုန်ဆင်းလိုက်၏။ သူ့လှုပ်ရှားမှုတွေက အလွန်ကြီးပြီး သူ့လက်တွေက တဟုန်ထိုးဖြစ်နေသောကြောင့် ကျန်းရှုယောင် သူ့ကို အမြန် ရှောင်လိုက်ရသည်။

ပရမ်းပတာဖြင့် ရှဲ့ရွှင်း ကျန်းရှုယောင်နှင့် တိုက်မိလုနီးပါးဖြစ်သွားသည်။

"ဘန်း—"
အဆုံးတွင် နောက်ပြန်ဆုတ်သွားကာ ကုတင်တိုင်နှင့်ဆောင့်မိသွားသောသူက သူ ဖြစ်သည်။

“ဘုတ်-”

ဤသည်က နာကျင်မှုကြောင့် ပြန်ကန်ထွက်လာပြီး ကုတင်နှင့်တိုက်မိသွားသော သူ ဖြစ်၏။

နောက်ဆုံးတွင် "ဘုန်း——" ဆိုသည့် အသံနှင့်အတူ အခန်းက လုံးဝ တိတ်ဆိတ်သွားသည်။

ကျန်းရှုယောင် တိတ်ဆိတ်ငြိမ်သက်စွာ ကုတင်ပေါ်၌တွားသွားရင်း ကုတင်ပေါ်မှ လှိမ့်ထွက်သွားသော ရှဲ့ရွှင်းကို ကြည့်ကာ "အဆင်ပြေရဲ့လား" ဟု သတိကြီးကြီးနှင့် မေးလိုက်သည်။



ရှဲ့ရွှင်း သူ၏နဖူးတွင်အတွင်းကြေဒဏ်ရာတစ်ခုဖြင့် နေ့လည်စာဘူးကို အရှေ့နန်းဆောင်သို့ သယ်ဆောင်သွားခဲ့သည်။

ဖိုင်များ လွှဲပြောင်းပေးအပ်ပြီး ကိစ္စများကို ဆွေးနွေးသည့်အခါ လူတိုင်း တိတ်တဆိတ် အတင်းအဖျင်းပြောကြမည်မှာ မလွဲမသွေဖြစ်သည်။ သူတစ်ကြောင်း ကိုယ်တစ်ကြောင်းခန့်မှန်းရင်း နောက်ဆုံးမှာ သူတို့ ကြောက်စရာကောင်းသည့် နိဂုံးချုပ်ချက်တစ်ခုကို ရောက်ရှိလာခဲ့၏–ရှဲ့ပေါ်ယွမ် ရဲ့ နဖူးပေါ်က ခရမ်းရောင် အမှတ်အသားက သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ ဇနီးဖြစ်သူက သူ့ကို ရိုက်နှက်မှုကြောင့်ပါပဲ...

ထိုနေ့တုန်းက ဆိပ်ကမ်းတွင် သူတို့ ထိုလင်မယားနှင့်ဆုံမိကြသည်။ သူ့မိန်းမက တောက်ပပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးဖြစ်ပြီး ရိုင်းစိုင်းကြမ်းတမ်းသည့် မိန်းမမျိုးနှင့် မတူပါချေ။

ဘယ်သူကမှ ပြီးပြည့်စုံမှုရှိဟန်မရဘဲ ဘဝက ခက်ခဲလေသည်။ ကောင်းချီးမင်္ဂလာကို ခံစားရလျှင် တစ်ခါတစ်ရံ အရိုက်ခံရနိုင်သည်။

ရှဲ့ရွှင်းကို လူတိုင်းက စာနာကြရင်း သူတို့ နှလုံးသားများကို အရှက်မရှိ တိတ်တိတ်လေး ထိန်းညှိကြသည်။

ယခု ရာသီဥတုက ပူလာပြီဖြစ်ရာ အရှေ့နန်းဆောင်က ပြင်ဆင်ထားသော ဟင်းအေးအေးများက သိပ်သည်းမခံနိုင်စရာမဟုတ်တော့ပေ။

လင်းချန် ရှဲ့ရွှင်း၏မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ရှဲ့ရွှင်း မနာလိုမှုများအား ဆွဲထုတ်ရန် အစားအသောက်ဘူးများ ယူဆောင်လာသည်ကို ကြည့်နေသည်။

အေးစက်စက် အသားဟင်းရည်ကို တစ်လုတ်စားရင်း လင်းချန် သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။အပြင်မှာ ပူနေတယ်...သူ့ရဲ့ ပူပူနွေးနွေးအစားအစာကို ဘယ်သူမှ ဂရုမစိုက်ဘူး...

ရှဲ့ရွှင်း၏နေ့စဉ်အစားအစာများသည် အခန်းထဲကို မွှေးရနံ့များပြည့်စေရန် အပူပေါ်တွင်သာမူတည်ထားပြီး လူတိုင်းကို သွားရည်ကျစေသည်။

သို့သော် ယနေ့ ရှဲ့ရွှင်းက ခါတိုင်းကဲ့သို့ သူ့နေ့လည်စာကို အပူမပေးဘဲ အစားအသောက်ဘူး၏အဖုံးကို တိုက်ရိုက်ဖွင့်ကာ စားရန်ပြင်ဆင်သည်။

လင်းချန် မှားကြောင်း အချက်အလက်များက သက်သေပြခဲ့သည်။ သူက သူ၏အစားအစာကို ပြန်အပူမပေးဘူးဆိုလျှင်ပင် အရသာရှိသည့် အစားအစာတွေက အခန်းကို မွှေးရနံ့တွေနှင့် ပြည့်စေနိုင်၏။

ချိုချိုချဉ်ချဥ် လတ်ဆတ်သော ရနံ့သည် နှာခေါင်းထဲသို့ တိုးဝင်ကာ မွှေးပျံ့သောအသားရနံ့ထဲတွင် မသိမသာကြားညှပ်နေသည်။လင်းချန် ရှဲ့ရွှင်း၏ပန်းကန်ကိုမကြည့်ဘဲမနေနိုင်ပေ။

ကျန်းရှုယောင်က ခေါက်ဆွဲအေးများ ပြည့်လျှံသွားမည်ကို စိုးသောကြောင့် ရှဲ့ရွှင်း ယခုတစ်ကြိမ်တွင် ကြီးမားသော ဆယ်လာဒုံပန်းကန်တစ်လုံး ယူလာခဲ့သည်။ အညိုဖျော့ဖျော့ဟင်းရည်အခြေခံတွင် နက်မှောင်သော ခေါက်ဆွဲအေးနှင့် အဝါရောင်နှင့် အဖြူရောင် ကြက်ဥမျှင်များနှင့်အတူ ကြွယ်ဝသော ပါဝင်ပစ္စည်းများဖြင့် ပြည့်နေသည်။အနီရောင်ငရုတ်ဆော့စ်၊ကြက်ဥဝိုင်းဝိုင်း၊ စိမ်းစိုနေသော သခွားသီး ... နှမ်းလှော်ကို အပေါ်ယံတွင် ဖြူးထားပြီး အရောင်စုံလင်ကာ စိုစိုလွင်လွင်ရှိပြီး လူအများကို သွားရည်ကျစေသည်။

အေးမြမွှေးပျံ့သောရနံ့ကို ရှူရှိုက်ရင်း ရောင်စုံခေါက်ဆွဲအေးကိုကြည့်ကာ လင်းချန် “ဂလု” ခနဲတံတွေး မျိုချလိုက်သည်။ မုန်းတယ်...

ရှဲ့ရွှင်းက ပါဝင်ပစ္စည်းများကို ညင်သာစွာမွှေလိုက်သည်။ ပန်းကန်လုံးအကြီးကြီးထဲမှာ ပစ္စည်းတွေ အများကြီးရှိသဖြင့် မွှေရသည်မှာ အနည်းငယ်ပင်ပန်း၏။

လင်းချန် စပ်စုလိုက်၏။
"မင်းအိမ်က ဒီလိုပန်းကန်ကြီးကြီးတစ်လုံးကို ဘယ်မှာဝယ်တာလဲ" 
ကုန်မှကုန်ပါ့မလားကွာ...

ရှဲ့ရွှင်းကပြန်ဖြေသည်။
" မသိဘူး...ငါ့မိန်းမ ဝယ်ထားတာ"

လင်းချန် သူ့နှလုံးသားထဲမှာ မျက်ရည်နှစ်ကြောင်း ချန်ထားခဲ့၏။ ဒီအဖြေက ရှင်းတယ်မဟုတ်လား...ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာလဲ... ဒီမေးခွန်းကို သူဘာလို့မေးမိတာလဲ...

ရှဲ့ရွှင်း ခေါက်ဆွဲအေးကို ရောမွှေပြီး ခေါက်ဆွဲအထွေးကြီးများကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ခေါက်ဆွဲများကို ပန်းဂျုံ ဖြင့်ပြုလုပ်ထားသည်။ အရသာက ချောမွတ်ပြီး စေးကပ်ကာ နူးညံ့ပေမဲ့ မာ၏။ ၎င်းကို ချိုချိုချဉ်ချဥ်နှင့် လတ်ဆတ်ပြီးစပ်ကာ ပေါ့ပါးပြီး အရသာစုံလင်သည့် အအေးခံထားသော ဟင်းရည်အခြေခံထဲတွင် ထုပ်ပိုးထားသည်။ ဟင်းရည်က အရေကျဲသည်။ များများဝါးလေလေ အရသာပိုရှိလေပါပင်။

ဟင်းရည်အခြေခံက ကြည်လင်ပြီး အရသာရှိသည်အထိ စစ်ထုတ်ထားသော ကြက်စွပ်ပြုတ်တစ်မျိုးဖြစ်သည်။ ကျန်းရှုယောင် ငရုတ်သီး ၊ ငရုတ်ကောင်း ၊ သကြားညို ၊ ဆန်ရှာလကာရည် ၊ သစ်တော်သီးရည် ၊ ပန်းသီးရည် နှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားသည်။ အရသာက ချို၊ ချဉ်၊ စူးရှ၊ စပ်၊ မွှေးပြီး အေးသည်။ ၎င်းသည် လည်ချောင်းကို စိုစွတ်စေပြီး အစာစားချင်စိတ်ကို တိုးစေသည်။

ခေါက်ဆွဲအေးကို သခွားသီးမျှင်၊ကြက်ဥမျှင်လေးများဖြင့် ရစ်ပတ်ထား၏။ တွဲစားသည့်အခါ လန်းဆန်းသည့်အရသာနှင့်မွှေးကြိုင်သည့် ကြက်ဥရနံ့ကို ရရှိစေသည်။ ဟင်းရည်က ပါဝင်ပစ္စည်းတိုင်းထဲကို စိမ့်ဝင်ထားသည်။ ဟင်းရည်က မပျစ်သဖြင့် ပါဝင်ပစ္စည်းများ၏ မူရင်းအရသာကို ပျောက်စေမည်မဟုတ်ပါချေ။ ယင်းအစား ၎င်းတို့ကို အူမားမီအရသာဖြင့် ဆေးဆိုးထားသည်။

ဟင်းရည် အများကြီးရှိသောကြောင့် စားသည့်အခါ ဆူညံသံ အနည်းငယ် ရှိလာမည်ကားအမှန်ပင်။လင်းချန် သူ့တံတွေးတွေ ထွက်လာသံကို ကြားနေရပြီးနှိမ့်ချစွာ ပြောလိုက်သည်။

"အဲဒီပန်းကန်ထဲမှာ အများကြီးပဲနော်"

"အွန်း"

ရှဲ့ရွှင်း က အလုပ်ရှုပ်နေ၏။

"ဘာလို့ ချိုချဉ်​အနံ့​မွှေး​နေရတာလဲ... ​အေး​မဲ့ပုံပဲနော်"

ရှဲ့ရွှင်းက သူ့ကို နားမလည်မှာကြောက်ပြီး သူက ရိုးရိုးရှင်းရှင်းပဲပြောလိုက်သည်။

"ငါ့ကို ပေးမြည်းပါ့လား"

ရှဲ့ရွှင်း သူ့ပန်းကန်ထဲက ခေါက်ဆွဲအေးကို ကြည့်လိုက်သည်။ နည်းနည်းများလွန်းသည့်အတွက် သူသဘောတူပြီး လင်းချန်ကို ပန်းကန်သေးသေးတစ်လုံး ပေးလိုက်၏။

ပန်းကန်သေးသေးလေးကို ယူပြီးနောက် လင်းချန် စားရန် မစောင့်နိုင်တော့ပေ။ ခေါက်ဆွဲအေးက လတ်ဆတ်ပြီး လန်းဆန်းသည်၊ ချိုချိုချဥ်ချဥ်နှင့် အနံ့ထက် ပိုအရသာရှိသည်။

သူက ကြက်သားလုံးတွေကို အရင်စားလိုက်၏။ အသားလုံးတွေက ပျော့အိ၊ နူးညံ့ပေမဲ့ ဝါးရပြီး ဟင်းရည်က အရသာရှိသည်။ ကြက်သား၏ လတ်ဆတ်မှု နှင့်ချိုချဉ် ဟင်းရည်တို့ကို ကောင်းမွန်စွာ ပေါင်းစပ်ထားပါ၏။ စားပြီးသည့်နောက် သူ့နှုတ်ခမ်းနှင့်ပါးတို့ လန်းဆန်းသွားရသည်။

ပန်းကန်လုံးထဲက ကြက်သားလုံးတွေကို လှန်လောစားရင်း တစ်ခါတည်း အရံဟင်းတွေပါ စားလိုက်သည်။ သခွားသီးအမျှင်လေးတွေက ကြွပ်ပြီး ကြက်ဥအမျှင်လေးတွေက နူးညံ့၏။ ဟင်းရည်ထဲနှစ်ထားသော သာမန်ကြက်ဥပြုတ်သည်ပင် ယစ်မူးဖွယ်ကောင်းပြီး ကြာရှည်စွာ အရသာရှိလှသည်။

လင်းချန်အကြိုက်ဆုံးက ကြွပ်ရွပြီး အစိမ်းလိုက်ဖြစ်သော နီနီရဲရဲနှင့်စပ်သည့် ဂေါဖီထုပ်ဖြစ်၏။ ငန်စပ်စပ်ဟင်းရည်ဖြင့် ယင်းက ချိုချိုချဉ်ချဥ်ဖြစ်လာသည်။ အလွန်စားချင်စရာပါပင်။ ဤအစပ်ဂေါ်ဖီထုပ်ကို ထမင်းနှင့်အဖြူရောင် အသားဖြင့် ကျွေးလျှင် သူ ပန်းကန်လုံးကြီးတစ်လုံး စားနိုင်သည်။

သူ သူ့တူများကို လှည့်ကာ ခေါက်ဆွဲအေး အစုအဝေးကြီးကို ရစ်ပတ်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်၍ အတွင်းဘက်၌ အရာခပ်သိမ်းကို ထည့်လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ ဝါးလိုက်ရာ မတူကွဲပြားသော ပါဝင်ပစ္စည်းများ၏ အရသာကို ခံစားရပြီး အလွန်စိတ်ကျေနပ်စရာကောင်းသည်။

ခြောက်သွေ့သော ပါဝင်ပစ္စည်းများကို စားပြီးနောက် ပန်းကန်လုံးကို ကောက်ယူကာ ဟင်းရည်ကို သောက်လိုက်သည်။ လည်ချောင်းမှ အေးမြမှုက ဖြည်းညှင်းစွာ လျှောကျလာသည်ကို ခံစားလိုက်ရပြီး အပူကြောင့်စပ်ဖျဥ်းဖျဥ်းဖြစ်ခြင်းသည် ချက်ချင်းပင် လန်းဆန်းပြီး သက်တောင့်သက်သာ ဖြစ်လာသည်။

ချိုချဉ်အရသာသည် သကြားနှင့် ဆန်ရှာလကာရည်တို့မှသာမက သစ်တော်သီးအရည်နှင့် ပန်းသီးအရည်တို့မှလည်းဖြစ်သည်။ ထို့ကြောင့် ချိုချဉ်အရသာက ထူးထူးခြားခြား လတ်ဆတ်ပြီး ကြက်စွပ်ပြုတ်၏တစိမ့်စိမ့်အရသာနှင့် လိုက်ဖက်နေသည်။ လေးပင်ပြီး ပြင်းသောအရသာ မဟုတ်ပါချေ။

လင်းချန် ပန်းကန်သေးသေးလေးကို လွယ်လင့်တကူ စားပြီးနောက် နှုတ်ခမ်းကို စုပ်ကာ ငြိမ်သွားသည်။

မတ်မတ်ထိုင်စားနေသော ရှဲ့ရွှင်း ကိုကြည့်ပြီးနောက် သူ့ကိုယ်ပိုင်ဟင်းရည်ပန်းကန်သေးသေးလေးကိုကြည့်ကာ အရှေ့နန်းဆောင်၏နေ့လည်စာကိုကြည့်သည်။

ရုတ်တရက် ထမင်း၏အရသာက ဖယောင်းကိုဝါးနေရသည်နှင့် တူသလိုခံစားလိုက်ရ၏။ အရသာမရှိ၍ သူလုံးဝမစားနိုင်ပါချေ။

လင်းချန်တွင် အမုန်းတရားများ ပြည့်နှက်နေသည်။

မစားသည်က ပိုကောင်းပါ၏။ ပန်းကန်လုံးတစ်လုံးစားပြီးသည်နှင့် စားချင်စိတ်ကို မလျော့ပါး စေရုံတင်မကဘဲ သူတကယ်ကို စားချင်စိတ် ပိုတိုးလားတော့သည်။
အူးးး...
(Oooooo)


Xxxxx