Chapter 66
ကြက်သွန်ဖြူဆော့စ်နှင့်အသားလွှာများ
ကျိုးရှီ ပို၍ပင် စိတ်မသက်မသာဖြစ်ပြီး "အေးပါ...အေးပါ" ဟု ရေရွတ်လိုက်သည်။
စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်ကြည့်လိုက်သည်။ ဆန်ပြုတ်ဖြူဖြူအပြင် အရိုးအကြီးကြီးများနှင့် အသားလွှာနှစ်ပန်းကန်လည်း ပါသည်။ ပန်းကန်ပြားတစ်ချပ်ကို အရောင်အသွေးစုံသော ဆော့စ်စမ်းထားပြီး နောက်တစ်ခုက ရိုးရိုးဖြစ်ပြီး အပိုဟင်းခတ်အမွှေးအကြိုင်များ မပါရှိပါချေ။
ကျန်းရှုယောင်က သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ချလိုက်ပြီး ဆော့စ်မပါသော အသားလွှာ ပန်းကန်ပြားကို သူမရှေ့ တွန်းပို့ကာဆိုသည်။
"ဒီပန်းကန်ကို စား"
အသားလွှားများကို ပါးပါးလှီးထားပြီး အထူအပါးညီမျှကာ လေးထောင့်ပုံထပ်ကာ စက်ဝိုင်းပုံတစ်ခုပြီးတစ်ခု စီထားသဖြင့် ကြည့်ရသည်မှာ အလွန်သပ်ရပ်ပြီး မျက်စိအေးလှသည်။
အသားလွှာများက အဆီအသားမျှတသည်။ အသားအပိုင်းက ပန်းဖျော့ရောင်ဖြစ်ပြီး အဆီအပိုင်းက ကျောက်စိမ်းကဲ့သို့ ကြည်လင်သည်။ အောက်ခြေပိုင်းသည် အဝါဖျော့ဖျော့အရေရှိပြီး အရောင်အကူးအပြောင်းသည် တစ်ပြေးညီဖြစ်ပြီး ကြည့်ရအဆင်ပြေစေသည်။
ကျိုးရှီ ကြည့်ရ အလွန်မျက်စိအေးသော်လည်း အရောင်ဖျော့နေသည့် အသားများကို ကြည့်လိုက်ပြီးနောက် ကျန်းရှုယောင်၏ အနီရောင်ဆီဆော့စ်ဖြင့်အသားလွှာပန်းကန်းကို ကြည့်ပြီး တံတွေးကို မျိုချလိုက်သည်။
သူမသည် မြောက်ပိုင်းတွင် ကြီးပြင်းလာသောကြောင့် မြို့တော်ရှိ ကြော့ရှင်းပြီး သန့်စင်သောမျိုးရိုးမြင့်များနှင့် ကွဲပြားသည်။ သူမသည် ထိုမကျက်တကျက်စွပ်ပြုတ်များကို မုန်းတီးပြီး အသားနှင့် ဘန်းမုန့်ခြောက်ကို မစားရသည်မှာ ကြာခဲ့ပြီဟု ခံစားရသည်။
သို့ရာတွင် သူမကနေမကောင်းဖြစ်နေပြီး အာဟာရဖြစ်စေမည့် ပေါ့ပေါ့ပါးပါးအစားအစာတွေကို စားသင့်သည်ဆိုသည်ကို သူမသိသည့်အတွက် ကျန်းရှုယောင်၏အစီအစဉ်ကို ဝန်လေးစွာလက်ခံခဲ့သည်။
သူမ အသားလွှာတစ်ပိုင်းကို ကောက်ယူလိုက်သည်၊ အဆီများသောအပိုင်းသည် အလင်းရောင်နှင့် ဆန့်ကျင်လျက် ဖောက်ထွင်းမြင်ရပြီး လင်းထိန်နေပုံရသည်။
ကျန်းရှုယောင်၏ စေ့စပ်သော ဓားကိုင်ကျွမ်းကျင်မှုကြောင့် သူမ အံ့အားသင့်ခဲ့ရပြီး အသားလွှာများပေါ်တွင်လည်း မျှော်လင့်ချက် အနည်းငယ် တိုးလာခဲ့သည်။ အမှန်တွင် ယခုလိုဓားကျွမ်းကျင်သည့်သူတွေက ရိုးရိုးရေထဲမှာ အသားထည့်ပြုတ်လျှင်ပင် မကောင်းသည့်အရာကို ချက်လိမ့်မည်မဟုတ်ပေ။
သေချာသည်ပင်၊ ပထမအကိုက်အပြီးမှာ အသား၏အရသာကို သူမခံစားလိုက်ရသည်။ကျန်းရှုယောင်က ပဲငံပြာရည်ကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များကို မထည့်ထားဘဲ အသား၏မျက်နှာပြင်ပေါ် ဆားအနည်းငယ်သာ ပွတ်သပ်ပေးထားသည်။ဆားကနုပေမဲ့
ဆားပွင့်လေးများ၏အထိအတွေ့ကို ခံစားနေရဆဲဖြစ်ပြီး အသားလွှာကို ပိုနူးညံ့စေ၏။
အဆီတွေကို သေချာကျန ပြုတ်ထားပြီး ပါးစပ်ထဲမှာ အရည်ပျော်သွားကာ အဆီများပေငြားမအီပေ။ အသားသည် ဝါးရသော်လည်း သစ်သားကဲ့သို့မဟုတ်ဘဲ အတွင်းပိုင်းက လတ်ဆတ်ပြီး နူးညံ့သည်။ ရိုးရှင်းသောဆားဖြင့် တွဲဖက်ထားသော မူရင်းစားမြိန်ရည်နှင့်အတူ ဝါးသောအခါ အသား၏ ချိုမြိန်ပြီး အရသာရှိမှုကို ထိန်းသိမ်းထားကာ လတ်ဆတ်မှုနှင့် အရသာကို တိုးမြင့်စေသည်။
ကျိုးရှီ အလွှာအနည်းငယ်ကို အဆက်မပြတ်စားခဲ့ပြီး မူလက တောက်ပြောင်မှုမရှိသော အစားအစာသည်လည်း အထူးအရသာရှိကြောင်း သူမဝန်ခံခဲ့သည်။ အသားအနည်းငယ်စားပြီး ပူနွေးသောဆန်ပြုတ်ဖြူကိုသောက်ပြီးနောက် သူမ၏ဗိုက်မှာပို၍သက်တောင့်သက်သာခံစားရပြီး စိတ်တိုဒေါသထွက်ခြင်းတို့ သက်သာလာသည်။
သူမ သူမပန်းကန်ထဲမှစားနေသော်လည်း ကျန်းရှုယောင်၏ပန်းကန်ကိုကြည့်လိုက်သည်။ အနီရောင်ဆီပါသည့် အသားက ဘယ်လိုအရသာရှိလဲဆိုသည်ကို သူမ မှန်းဆနေ၏။
ကျန်းရှုယောင် ရှေ့က ပန်းကန်မှာ ကြက်သွန်ဖြူ ဆော့စ် ရှိသည်။ အသားလွှာနှင့် သခွားသီးအချပ်နှစ်ခုစလုံးကို စက္ကူကဲ့သို့ ပါးပါးလှီးထားပြီး ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ငရုတ်ဆီတို့ကို မျက်နှာပြင်ပေါ်တွင် လောင်းချထား၏။ အရောင်တောက်ပပြီး ကြက်သွန်ဖြူရနံ့ လှိုင်လှိုင်ထနေသည်။
ကျိုးရှီ ခဏကြာအောင် ကြည့်နေပြီးနောက် ထိန်းမနေဘဲ မေးလိုက်သည်။
"နင့်ပန်းကန်ထဲက တစ်ခုက ဘာလဲ"
ကျန်းရှုယောင်က သူမကို မော့ကြည့်လိုက်သောအခါ သူမက သူမအကြည့်များကိုပြန်ရုတ်သိမ်းပြီး သတိလက်လွတ်ဖြစ်သွားဟန် ဟန်ဆောင်လိုက်၏။
"ငါကဒီအတိုင်းမေးတာ"
သူမကိုထိုသို့မြင်ရာတွင် ကျန်းရှုယောင်က သူမ၏ပန်းကန်ကိုတွန်းပို့လိုက်ပြီးဆိုသည်။
"သိချင်ရင် မြည်းကြည့်လို့ရပါတယ်...နည်းနည်းစားတာက ပြဿနာမရှိပါဘူး"
ကျိုးရှီ၏ နှလုံးသားက ရွှင်မြူးပြီး ခုန်ပေါက်နေ၏။ သခွားသီးနှင့်ထုပ်ထားသည့် အသားလွှာတစ်ဖတ်ကို ကောက်ယူပြီး ကြက်သွန်ဖြူဆော့စ် ထဲနှစ်ပြီး ပါးစပ်ကိုဖွင့်ကာ ထည့်လိုက်သည်။
အသားလွှာက နူးအိပြီး အရည်ရွှမ်းကာ နူးညံ့သော်လည်း ပျော့ပြဲခြင်းမရှိပါချေ။ သခွားသီးက ကြွပ်ဆတ်လတ်ဆတ်၏။ နှစ်ခုလုံးက ဟန်ချက်ညီပြီး ဘယ်သူကမှ ပိုကဲနေခြင်းမရှိပေ။ဆော့စ် စပ်ပြီး ကြက်သွန်ဖြူက အရသာပြင်းကာ ပထမအကိုက်မှာ အနည်းငယ်စပ်သည်။ ၎င်းသည် အရသာအလွှာကို ပိုမိုကောင်းမွန်စေပြီး လူတို့၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးသည်။
သူမသည် အိစက်နေသော အသားများကို ညင်သာစွာ ဝါးပြီး သားရေပြားကဲ့သို့သော အရေများကို တမြုံ့မြုံ့အရသာခံ၏။ ပါးစပ်ထဲမှာ အရည်ပျော်သွားသည့် အဆီများသော အစိတ်အပိုင်းတွေနှင့် ယှဉ်လျှင် နည်းနည်း ပိုဝါးရပြီး စွဲလမ်းစေမှု ပိုများလေသည်။
သူမဗိုက်ထဲသို့ မျိုချလိုက်ပြီးနောက်၊စူးရှသောအနံ့နှင့် သင်းကြိုင်သော အသားရနံ့သည် သူမ၏ ပါးစပ်ထဲတွင် ရောယှက်နေသည်။
သူမက စကားကို ထိန်းထားတတ်သူမဟုတ်သောကြောင့်တိုက်ရိုက်မေးလိုက်၏။
"ဒီအနံ့က ဘာလဲ... ကြက်သွန်ဖြူရဲ့ အစပ်အနံ့လို့ ထင်ရပေမဲ့ အနံ့က မတူဘူး"
ကျန်းရှုယောင် ကျိုးရှီက ငရုတ်သီးကို ပထမဆုံးအကြိမ်စားဖူးခြင်းဖြစ်သည်ကို သတိရသွားသည်။ကံကောင်းထောက်မစွာ သူမ ငရုတ်သီးကို အလွန်အကျွံမထည့်ထားသောကြောင့် အလွန်စိတ်လှုပ်ရှားစရာမဖြစ်သင့်ပါချေ။
"ဒါက အစပ်... ငရုတ်သီးအရသာ"
ကျိုးရှီ ငရုတ်သီးကို မသိသော်လည်း ငရုတ်ဆီ၏အသရေကြောင့် သိမ်းသွင်းခံလိုက်ရသည်။ အသားလွှာကို ကောက်ယူပြီး ဆီနီနီတွင်နှစ်ကာပြောလိုက်၏။
"ငရုတ်သီးလား...မကြားဖူးဘူး... ကောင်းတယ်ထင်တယ်"
ကျန်းရှုယောင်က သူမကို အလျင်အမြန်တားပြီးပြောသည်။
"လျှော့စားပါ...အစပ်များလွန်းရင် ဗိုက်က မခံနိုင်ဘူး"
ကျိုးရှီက ရှဲ့ရွှင်းကဲ့သို့ ကော်နယ်ဆီကနေ ငရုတ်ဆီသို့ ညှိယူထားခြင်းသောကြောင့် သူမ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်လောက်ပေ။
ထို့အပြင် ရှဲ့ရွှင်းက ကျန်းမာရေးကောင်းမွန်ပြီး အနည်းငယ်ပိုစားရန် ပြဿနာမဟုတ်သော်လည်း ကျိုးရှီက မတူပါချေ။
"ငါခံနိုင်ရည်ရှိပါတယ်"
ကျိုးရှီက နောက်ထပ် အလွှာအနည်းငယ်ကို အမြန်ယူရင်း ပြောလိုက်၏။ကျန်းရှုယောင် မလွှဲမရှောင်သာ စိတ်ပူသွားပြီး ပန်းကန်ပြားကို ဆွဲယူလိုက်သည်။
ကျိုးရှီ စိတ်ပျက်သွားပေမဲ့ တခြားသူ၏ပန်းကန်ထဲကနေအစားအသောက်သွားလုကာ သူမကိုယ်သူမ အရှက်မခွဲနိုင်သောကြောင့် လက်လျော့လိုက်ရ၏။
ခေါင်းငုံ့ကာ ယာဂုသောက်လိုက်ရာ ရုတ်တရက် နားထဲတွင် စုပ်ယူသံကြားလိုက်ရသည်။ သူမ မော့ကြည့်လိုက်သည့်အခါ အံ့သြသွား၏။
ကျန်းရှုယောင်က အရိုးကြီးကြီးကို သူမ၏ လက်ချောင်းထိပ်များဖြင့် ညှပ်ပြီး အရိုးကို အဆက်မပြတ် စုပ်နေသည်။
ကျိုးရှီ ခဏတာ မှင်သက်သွားသည်။
ဒါ မြို့တော်မှာ မဟုတ်ဘူးလား...ဒီပုံက မြောက်ပိုင်းမှာပဲ မြင်ရနိုင်တာမဟုတ်ဘူးလား...
ဆင်းရဲသားတို့သည် အသားမတတ်နိုင်သောကြောင့် ယခုကျန်းရှုယောင်ကဲ့သို့ပင် သူတို့၏လောဘကို ပြေပျောက်စေရန် အရိုးများကိုသာ ကိုက်ခဲနိုင်ကြသည်။
ကျန်းရှုယောင် အရိုးထဲကအချိုရည်ကို စုပ်ယူလိုက်ပြီး အရိုးမျက်နှာပြင်ပေါ်ရှိ အသားများကို ကျေနပ်စွာ ကိုက်လိုက်သည်။ ဤအသားမျိုးသည် အရသာအရှိဆုံးဖြစ်ပြီး ၎င်းကို အရိုးအကြီးကြီးများ၏ အနှစ်သာရများထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။
ကျိုးရှီ၏ ဝမ်းနည်းနေသော အရိပ်အယောင်ကို မြင်လိုက်ရသောအခါ သူမ ကျိုးရှီ၏ ရှေ့ကို အရိုးအကြီးကြီးများ ပါဝင်သော ဇလုံကို တွန်းပို့လိုက်သည်။
"မြည်းကြည့်လေ ...အရသာရှိတယ်...ဆားနည်းငနည်းကို တူဖျားနဲ့ တို့ပြီး အရိုးဝိုင်းဝိုင်းထဲ ထိုးထည့်...ပြီးရင်ခပ်ပြင်းပြင်းဖိပြီးစုပ်လိုက်...အရသာရှိတယ် "
ကျိုးရှီ တုံ့ဆိုင်းသွားသည်။ သူမသည် ရိုင်းစိုင်းပြီး ဂရုမထားသူဟု ဝေဖန်ခံရသော်လည်း မော့ပေ တွင်ရှိစဉ်အခါက အရိုးကိုတစ်ခါမှဝါးမစားခဲ့ဖူးပေ။
ကျန်းရှုယောင်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် သူမကို မျှော်တလင့်တကြီး ကြည့်နေသည်။
ကျိုးရှီ "မစားချင်ဘူး" ဟုပြောလုနီးပါးဖြစ်သော်လည်း စကားလုံးတွေက လည်ချောင်းထဲကို ရောက်ခါရှိသေး သူမက ပြန်ပြီး ဖိနှိပ်ထားလိုက်၏။ သူမ တစ်စုံတစ်ဦးအား သူမ၏လက်များကို ဆေးကြောရန် ရေထည့်ခိုင်းလိုက်ပြီးကျန်းရှုယောင်၏လှုပ်ရှားမှုများကို သင်ယူပြီးနောက် ခြေအရိုးတစ်ပိုင်းကို ကောက်ယူခဲ့သည်။
သူမပြောခဲ့သည့်စကားအတိုင်း တူများကို ဆားထဲနှစ်ပြီး အရိုးထဲထိုးကာ ပါးစပ်နှင့်စုပ်ကြည့်လိုက်၏။ ပျော့ပျောင်းပြီး ဖယောင်းကဲ့သို့သောခြင်ဆီကို စုပ်ထုတ်လိုက်ပြီး အတွင်းဘက်တွင် ကပ်နေသော အရိုးပြုတ်ရည်က ပါလာသည်။ နူးညံ့ပြီး ကြွယ်ဝသော အသားမွှေးရနံ့သည် သူမ၏ နှုတ်ခမ်းနှင့် ပါးတို့တွင် ချက်ချင်း ပြည့်လာသည်။
အသား၏လတ်ဆတ်သောရနံ့နှင့်မတူဘဲ အရိုးစုပ်ရသောရနံ့သည် ပိုမိုခိုင်ခံ့ပြီး ကြာရှည်ခံသည်။ ပါးစပ်ထဲမှာ စေးကပ်ပြီး ပျော့ပျောင်းသည့် ရိုးတွင်းခြင်ဆီ ရောက်သွားသည့်အခါ လတ်ဆတ်ပြီး အဆီများသော အသားလွှာနှင့် အစပ်အရသာပြင်းပြင်း ကြက်သွန်ဖြူတို့က အရိုးများ၏ ဖိအားကြောင့် အကုန်လုံးထိန်းချုပ်ခံလိုက်ရ၏။
တစ်ခုရှိလျှင် နှစ်ခုရှိမည်။ ကျိုးရှီ တစ်ခုစားပြီးနောက် သူမ ဒုတိယတစ်ခုကို စားရန် မထိန်းနိုင်ဖြစ်ကာ အရိုးများကိုကိုင်ရင်း ကျန်းရှုယောင် နှင့် အတူ စုပ်ခဲ့သည်။
ကျိုးရှီ အစားအသောက်အတွက် အလွန်ကျေနပ်နေပြီး နေရာတိုင်းတွင် သက်တောင့်သက်သာရှိနေသည်။ ကြီးစွာသောဝမ်းနည်းမှုပြီးနောက်တွင်ပင် ဤတစ်နပ်ကသူမ၏အပြုံးကို ပြန်လည်အသက်ဝင်လာစေသလိုခံစားလိုက်ရ၏။
ကျန်းရှုယောင် မူလက ညစာအတွက် အခြားတစ်ပိုင်းကို စားရန် စီစဉ်ထားသော်လည်း ကျိုးရှီက သူမ ညစာအတွက် အခြားအပိုင်းကို လိုချင်သည်ဟု ဆိုသည်။
ရှဲ့ရွှင်း ပြန်ရောက်သောအခါ အသားလွှာနှစ်ပန်းကန်နှင့် အရိုးပန်းကန်ကို ကိုင်ဆောင်လာသော အစေခံတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။
ကျန်းရှုယောင် ရှဲ့ရွှင်းနှင့် ညစာစားရန်အတွက် ပြင်ဆင်ရန် နေ့ခင်းဘက်တွင် နောက်ထပ်အသုတ်တစ်ခု ပြုလုပ်ခဲ့သည်။
ရှဲ့ရွှင်းက သူ့ဝတ်လုံကို သပ်ကာထိုင်ချလိုက်ပြီး "ပန်းကန်တွေက ဒုတိယအိမ်တော်ခွဲကို ပေးဖို့လား" ဟု မေးလိုက်သည်။
"မှန်တယ်"
ရှဲ့ရွှင်းလည်း ရိပ်မိသည်။ သူက ကျန်းရှုယောင်ကို ကောင်းကောင်းသိ၏။ ကျေးဇူးတင်ရမည်ဆိုလျှင်ပင် သူမ၏ပထမဆုံးတုံ့ပြန်မှုက တစ်ယောက်ယောက်ကို ချက်ပြုတ်ကျွေးရန်ပါပင်။
သူက ကျန်းရှုယောင်နှင့်စကားစမြည်ပြောပြီး ဆိုလိုက်၏။
"ဒါက ဒုတိယမရီးရဲ့ အကြိုက်နဲ့ ကိုက်ပါ့မလား မသိဘူး"
မမျှော်လင့်ဘဲ ကျန်းရှုယောင်ကပြောလေသည်။
"ကိုက်တာပေါ့... ဒီနေ့ နေ့လည်မှာ ဒုတိယယောက်မက ပန်းကန်တစ်ခုလုံး စားပြီးတောင် မကျေနပ်ဘူး"
ရှဲ့ရွှင်း ချက်ချင်း အဓိကအချက်ကိုဖမ်းမိ၏။
"ဒီနေ့နေ့လည်လား"
"ဟုတ်တယ်လေ "
ကျန်းရှုယောင်က ထမင်းစားရင်းဆိုသည်။
"ခဏလောက် ဒုတိယယောက်မနဲ့နေ့လည်စာစားဦးမယ်"
သူမက စိတ်ရင်းမှန်ပြီး ကျေးဇူးသိတတ်သူ၊ ကြင်နာတတ်ပြီး သဘောထားကြီးသူဖြစ်၏။
သို့သော် ရှဲ့ရွှင်း အနည်းငယ် မွန်းကြပ်သလို ခံစားရပြီး အနည်းငယ်ပင်ချဥ်စူးသွားရသည်။
သူမေးချင်သည်က: ဒုတိယမရီးက နေ့လည်စာ စားရတယ် ...သူကရော... သူ့နေ့လယ်စာဘူးကို မရတာ ရက်အတော်ကြာပြီ...
ရှဲ့ရွှင်း မတရားဟု ခံစားရသော်လည်း ဘာမှ မပြောခဲ့ပေ။
ညနေစောင်း၍ ကျန်းရှုယောင် ရေချိုးပြီးပြန်လာသောအခါ ပိုင်ကျီက တခြားအစေခံများကိုခေါ်ပြီး အတွင်းခန်းထဲမှာ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။သူမ စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
"ဘာလုပ်နေတာလဲ"
ပိုင်ကျီက သဘာဝကျကျပြန်ဖြေလာ၏။
"သခင်မ...အစေခံတွေက သခင့်အတွက် အိပ်ရာလုပ်နေတာပါ"
"အိပ်...အိပ်ရာလုပ်နေတယ်"
ကျန်းရှုယောင် နားမလည်ပေ။
"နင် သွားပြီး သခင်မ ဆံထုံးဖြည်တာကို စောင့်ပေးလိုက်...နင် ကသခင့်ကို အိပ်ရာဝင်ဖို့သွားခေါ်...မစောတော့ဘူး သခင်မက သူ့အတွက်မီးထွန်းထားတယ်လို့သာပြောလိုက်"
ပိုင်ကျီက စောင်ကို ချောမွတ်အောင် လုပ်ပြီး အစေခံများကို စည်းစနစ်တကျ လုပ်ခိုင်းနေသည်။
ကျန်းရှုယောင် ကြောင်တောင်တောင်ဖြစ်သွားပြီး ရှဲ့ရွှင်းအားသွားခေါ်မည့်အစေခံကို တားလိုက်၏။
"ခဏလေး... ဘာကိစ္စရှိလို့လဲ"
ပိုင်ကျီက အံ့သြသွားပြီးဆိုသည်။
"သခင်မက သခင့်ကို ဒီနေ့ ခုံတန်းလျားမှာ အိပ်စေ ချင်သေးတာလား"
သဘာဝအတိုင်းပင်၊ ကျန်းရှုယောင် ရှဲ့ရွှင်းကို ခုံတန်းလျားမှာအိပ်စေချင်ပါချေ။သူက အရပ်ရှည်ပြီး ခုံတန်းလျားမှာ ကောင်းကောင်းအိပ်ပျော်လိမ့််ည်မဟုတ်ပေမဲ့ သူမနှင့် ကုတင်ကို မျှဝေသည်ကလည်းမဟုတ်သေးပေ။
ကျန်းရှုယောင် တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ပိုင်ကျီက အပြုံးကြီးကြီး ပြုံးပြီး အစေခံလေးကို တစ်ချက်ကြည့်လိုက်သည်။ အစေခံငယ်လေးက ပျော်ရွှင်စွာ ပြေးထွက်သွားသည်။
ပိုင်ကျီက ပြုံးပြုံးရွှင်ရွှင် ရောက်လာပြီး အသံကိုနှိမ့်ကာဆို၏။
"သခင်မ...သခင်မနဲ့သခင်မခင်ပွန်းက အိမ်ထောင်ကျတာကြာပြီ...သခင်မက သီးခြားအခန်းမှာ အိပ်နေတုန်းပဲ...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းရှုယောင်က မရေမရာဖြင့်ပြောလိုက်သည်။
"ဒါပေမယ့် ငါတို့က မဟုတ်....."
တစ်ယောက်ကို တစ်ယောက် ချစ်ကြသည့် အိမ်ထောင်သည် စုံတွဲ မဟုတ်သလို သူမကလည်း ကုတင်ကြီးထဲမှာ တစ်ယောက်တည်း အိပ်ချင်နေသည်။
ပိုင်ကျီက သူမ ရှက်ရွံ့နေသည်ဟု ထင်ပြီး တမင်စကားလမ်းကြောင်းပြောင်းကာပြောလိုက်သည်။
"သခင်မ...ဒီအစေခံမလေးက သခင်မအတွက် ဆံထုံးဖြည်ပေးပါ့မယ်"
သူမက ကျန်းရှုယောင်ကိုမှန်တင်ခုံရှေ့ထိုင်ရန် ဖိတ်ခေါ်ပြီး တွန်းတစ်ဝက် တွဲတစ်ဝက်ဖြင့် ပိုင်ကျီကပဲ သူမ၏ ဆံပင်တွေကို ဖြည်ပေးလိုက်ကာ နောက်ဆုံးမှာ ကျန်းရှုယောင် စကားပြောနိုင်သွား၏။
"ဒါပေမဲ့ နင်သူ့ကို တမင်ဖိတ်လို့ မရဘူး... မနေ့ညက ငါကြောက်နေမှာစိုးပြီး သူဒီကိုလာတာ ဖြစ်နိုင်တယ်... ဒီညတော့ သူငါ့ကို စောင့်မပေးချင်လောက်—"
သူမစကားမဆုံးခင် ရှဲ့ရွှင်းကရောက်နေလေပြီ။
ကျန်းရှုယောင်:...
စာကြည့်ခန်းက အရှေ့တောင်ပံနဲ့ နီးသလား... ရှင်ဘာလို့ဒီလောက်မြန်နေတာလဲ...
ရှဲ့ရွှင်း ဝင်လာပြီး ကျန်းရှုယောင် သူမ၏ဆံပင်ကိုဖြည်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ မသိစိတ်က သူမကို စောင့်နေမိ၏။
ဘယ်အချိန်ကစမှန်းကား မသေချာ၊ သူမလုပ်စရာတွေလုပ်သည့်အခါ သူဘေးကနေ ကျန်းရှုယောင်ကို တိတ်တိတ်လေး စောင့်ပေးနေသည်အား ကျင့်သားရလာပြီဖြစ်သည်။
ပိုင်ကျီက ရှုပ်ထွေးသည့် ဆံထုံးကို ခွဲထုတ်လိုက်ပြီး အပေါ်ပိုင်းရှိ အနက်ရောင်ဆံပင်တွင် ရွှေဆံထိုးတစ်ခုတည်း ကျန်ချိန်မှာ ရုတ်တရက် ရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ ဦးညွှတ်၍ဆိုလေသည်။
"ဒီအစေခံက အရင်ထွက်သွားပါ့မယ်"
သူမစကားပြောပြီးနောက်တွင် အရိပ်တစ်ခုမျှ မကျန်ခဲ့ပေ။
ကျန်းရှုယောင် အများအားဖြင့် ပိုင်ကျီကို သူမ၏ဆံထုံးကို ပြန်ဖြည်ခိုင်းပြီး ဆံပင်ချလျက် အိပ်လေ့ရှိသည်။ ယခု သူမခေါင်းပေါ်တွင် ရွှေဆံထိုးတစ်ခု ရှိနေသေးသည်။ပိုင်ကျီက ပေါ့ပေါ့ဆဆ မေ့သွားသည်ဟု သူမထင်ပြီး ရေရွတ်ကာ ရွှေဆံထိုးကို ဆွဲထုတ်ရန် လက်လှမ်းလိုက်၏။
သူမ၏ လှပပြီး ကျက်သရေရှိသော ပုတီးစေ့စီခြယ်ပန်းဖွားနှင့် လက်ဝတ်ရတနာက ကြုံရာ ဆံချည်မျှင်တစ်ခုကိုညှိနေသည်။ သူမ စိတ်မရှည်စွာ နောက်တစ်ကြိမ် ဆွဲလိုက်သော်လည်း သူမ၏ ဆံပင်များကို ဆွဲဖြုတ်ရမည့်အစား ပိုပို၍ ရှုပ်လာသည်။
ဖယောင်းတိုင်မီးက မှိန်သွားပြီး ကြေးမှန်က မှုန်ဝါးသွား၏။ ကျန်းရှုယောင် သူမဆံပင်ကို ဖြည်ရန် ရှင်းရှင်းလင်းလင်းမြင်ရအောင် ကြိုးစားရင်း ရှေ့ကို ကိုင်းလိုက်သည်။
"ငါလုပ်ပေးမယ်"
ရုတ်တရက် အထက်မှ ရှင်းလင်းပြတ်သားသော အသံတစ်ခုထွက်ပေါ်လာပြီး ကျန်းရှုယောင် လန့်သွားရ၏။ ရှဲ့ရွှင်းက ယိမ်းထိုးနေသည့် ရွှေဆံထိုးကို ချောမွေ့စွာ ကိုင်ဆောင်လိုက်သည်။
သူ့လက်ချောင်းထိပ်များက ကျန်းရှုယောင် ၏လက်ချောင်းများကိုထိသွားကာ မီးလောင်သွားသကဲ့သို့ ကျန်းရှုယောင် သူမလက်ကို ချက်ချင်းဖယ်ထုတ်လိုက်သည်။
အခန်းက တိတ်ဆိတ်နေပြီး ဖယောင်းတိုင်မီး၏ တောက်လောင်နေသောအသံတဖျစ်ဖျစ်ကပင် သိသာနေ၏။
သူ့အသံက အလွန်နူးညံ့ပြီး ဖော်မပြနိုင်သော နူးညံ့သိမ်မွေ့မှုရှိသည်။
သူနှင့် နီးကပ်လာပြီးနောက် ကျန်းရှုယောင် သူ့ခန္ဓာကိုယ်ပေါ်ရှိ လတ်ဆတ်သော မှင်ရနံ့ကို အနံ့ခံနိုင်ခဲ့ပြီး သူမ၏ နှလုံးခုန်နှုန်းသည် မသိစိတ်မှ မြန်ဆန်လာသည်။
ရှဲ့ရွှင်း အပေါ်မှ ကိုင်းလျက် ရှုပ်ယှက်ခတ်နေသော ဆံပင်များကို ဂရုတစိုက် ဖြည်လိုက်သည်။
Xxxxxx