အပိုင်း ၆၅
Viewers 16k

Chapter 65
ဝမ်တန်ခေါက်ဆွဲ




"တစ်ခြားရှိသေးလား"

ပိုင်ကျီကဆိုသည်။

"ဒုတိယသခင်မက ဒေါသကြီးတယ်...အစေခံအနည်းငယ်ကပဲ အိမ်ထဲဝင်ပြီး အလုပ်အကျွေးပြုရဲတာ ... သခင်မက သူ့ဆီသွားလည်မှာလား"

ကျန်းရှုယောင် နေကို မော့ကြည့်လိုက်ပြီး အချိန်ကို ခန့်မှန်းကာပြောလိုက်၏။
"သွားမှာ...ဒါပေမဲ့ လက်ဗလာနဲ့ သွားလို့မရဘူး"

"သခင်မ...ခန်းဝင်ပစ္စည်းထဲမှာ ရှားပါးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ ရှိတယ်"

"တချို့လောက် သွားယူ"

ကျန်းရှုယောင် အမိန့်ပေးပြီးနောက် လှည့်၍ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

ကျိုးရှီအတွက် နေ့လယ်စာ ချက်ပြုတ်ရန် သူမ စီစဉ်နေ၏။

စောသေးသဖြင့် အပြေးအလွှားလုပ်ပြီးနောက် နေ့လည်စာ မှီအောင် ချက်နိုင်ခဲ့သည်။ ကျိုးရှီအား ဆေးပစ္စည်းများနှင့် ကျေးဇူးတင်စကား ပေးပို့ရုံဖြင့်  သူမ၏ ကျေးဇူးတင်မှုကို မပြသနိုင်ပေ။ ချက်ပြုတ်သည်က မတူ၊ အနည်းဆုံး ကျိုးရှီအတွက် ဤသည်က သူမတွေးနိုင်သည့် အရိုးသားဆုံးအရာပါပင်။

ကျိုးရှီ၏  ဒဏ်ရာကြောင့် သူမ ပေါ့ပါးပြီး အရသာရှိသော အစားအစာများကို ချက်ချင်သည်။ ၎င်းကို တွေးပြီး ဝမ်တန်ခေါက်ဆွဲကို ရွေးလိုက်၏။

ဝမ်တန်ခေါက်ဆွဲကောင်းတစ်ပွဲဟူသည် ဝမ်တန်၊ လတ်ဆတ်သော ဟင်းရာ်နှင့်ကောင်းမွန်သောခေါက်ဆွဲများ ပေါင်းစပ်မှုကို အလေးပေးသည်။ အရသာရှိပြီး အရသာလည်း ကြွယ်ဝသည်။

လတ်ဆတ်သော ဟင်းရည် ၎င်း၏ ဆွဲဆောင်မှုရှိရာ နေရာဖြစ်သည်။ ငါး၊ ပုဇွန်ဥ၊ ဝက်အရိုး စသည်များကို မီးအေးအေးဖြင့် ပြုတ်ထားသောကြောင့် ဟင်းရည်က မွှေးပြီး ရှင်းလင်းပြတ်သားသောအရသာရှိ၏။

သုံးသည့်ခေါက်ဆွဲများက ရိုးရာခေါက်ဆွဲများမဟုတ်ပါချေ။ ဆုပ်နယ်ပြီး လှိမ့်မည့်အစား ဝါးတုတ်များဖြင့် ဖိထားသည်။ ခေါက်ဆွဲထဲကို ရေထည့်၍မရ၊ ကြက်ဥကိုပဲသုံးရသည်။ ဝါးခေါက်ဆွဲများသည် မွှေးရနံ့များ ကြွယ်ဝပြီး အသား ကြမ်းသည်။

ဝမ်တန်ဌာပနာကို အဆီနည်းဝက်သား၊ဝက်အဆီနှင့် လတ်ဆတ်သည့် ပုဇွန်တို့ဖြင့် ပြုလုပ်ထား၏။ ပုဇွန်ကိုငုံ၍ အသားလုံးဖြင့်ရစ်ပတ်ထားသည်။ သော့ချက်မှာ အသားအရသာရှိအောင် ဝမ်တန်ကို ချိပ်ပိတ်ရန် ကြက်ဥအနှစ်ကို အသုံးပြုရန်ဖြစ်သည်။ သူမ ဝမ်တန်ကိုလုံးဝိုင်းနေစေရန် လုံလောက်သော ပါဝင်ပစ္စည်းများကို အသုံးပြုထားသည်။

ဝမ်တန်ခေါက်ဆွဲ ပန်းကန်လုံးသေးသေးလေး ချက်ပြုတ်ခြင်းက စွမ်းအင်အများကြီးကုန်စေ၏။ ကျန်းရှုယောင်နား လွယ်လွယ်ရှိသောအစေခံများအားလုံးကို အကူအညီ တောင်းခဲ့ရသည်။ အိုးထဲက ဝမ်တန်ခေါက်ဆွဲ ထွက်လာသောအခါ ထမင်းစားရန် အချိန်ရောက်ပြီဖြစ်၏။

အစေခံတစ်ယောက်က ဗန်းများကိုကိုင်၍ သူမနှင့်အတူ ဒုတိယအိမ်တော်ခွဲကို လိုက်ပါခဲ့သည်။ ကျိုးရှီတို့အခြမ်းကို သူမရောက်သည့်အခါ ကျန်းရှုယောင်ကိုတွေ့ပြီး အစေအပါးတွေအားလုံး ထိတ်လန့်သွားကြ၏။ ဘယ်သူမှ ဝင်ပြီး သတင်းမပို့ရဲကြပေ။

ကျိုးရှီ၏ အသက်ကယ်ကြင်နာမှု ကြောင့် သူမကျိုးရှီနှင့် တစ်ဖက်သတ်ပို၍ရင်းနှီးလာခဲ့သည်။ သူမကို ဘယ်သူမှ အကြောင်းကြားပေးသည်ကို မတွေ့သည်နှင့် အိမ်ထဲကို တည့်တည့်ဝင်သွားခဲ့၏။

ကျိုးရှီက  ခြေသံကိုကြားပြီး အတွင်းကနေ လှမ်းအော်ပြောသည်။

"ငါ့ကို မနှောင့်ယှက်နဲ့"

ထို့နောက် သူမက ထပ်ပြော၏။

"ထမင်းမစားချင်ဘူး”

သူဟောက်ပြီးသွားသောအခါတွင် ခြေသံများ ဆက်လာနေသည်ကို သူမ သတိပြုမိပြီး တံခါးဝကို ဒေါသတကြီးကြည့်လိုက်ချိန် ရောက်လာသူမှာ အစေခံမဟုတ်ဘဲ ကျန်းရှုယောင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

သူမကြည့်ရသည်မှာ အနည်းငယ် ကိုးရိုးကားယားဖြစ်သွားဟန်ပင်။

ကျန်းရှုယောင် ပိုင်ကျီထံမှ နေ့လည်စာဗန်းကို ယူကာ သူမကို အရင်ထွက်ခိုင်းလိုက်သည်။ ၎င်းနောက် သစ်သားဗန်းကို ကိုင်ကာလျှောက်သွားလိုက်၏။

"ဘာလို့ ထမင်းမစားချင်တာလဲ"

ကျိုးရှီက မဖြေဘဲပြန်မေးလာသည်။

"နင်ဘာလို့ဒီကိုရောက်နေတာလဲ"
သူမ၏ လေသံက အလွန်ကြမ်းတမ်းပြီး စိတ်မရှည်ဖြစ်နေသည်။

"ရှင့်ကိုတွေ့ဖို့"

ကျိုးရှီက အပိုမလုပ်ဘဲပြောလာ၏။
"ကောင်းပြီ ...နင်ပြီးရင် သွားလို့ရပြီ"

ကျန်းရှုယောင် နေ့လည်စာဗန်းကို ချပြီးပြောလိုင်သည်။

"ဟင့်အင်း...ကျွန်မမပြီးသေးဘူး...ရှင်စားမပြီးမချင်းစောင့်ရဦးမယ်"

ကျိုးရှီက  သူမကို ဤမျှလောက် လူပါးဝမည်ဟု မမျှော်လင့်ထားသောကြောင့် သူမအား ကတ်သီးကတ်သတ် ပြုံးပြကာ ညည်းလိုက်သော်လည်း ဘာမှ မပြောပေ။

ကျန်းရှုယောင်က ကုတင်ဘေးမှာထိုင်ပြီး
"ဒုတိယယောက်မ... ဒါကကျွန်မကိုယ်တိုင်လုပ်ထားတဲ့ ဝမ်တန်ခေါက်ဆွဲ...မြည်းကြည့်ပါ့လား"

ကျိုးရှီက  ခေါင်းကို လှည့်လာပြီး မျက်မှောင်ကြုတ်၏။

"နင်ကိုယ်တိုင် လုပ်ထားတာလား"

"ဒါက နည်းနည်းတော့ ဒုက္ခများတယ်...အဲဒါကြောင့် အစေခံတွေရဲ့အကူအညီလည်းပါတာပေါ့"

ယင်းက အဓိကအချက်မဟုတ်ပေ။ ကျိုးရှီက ထပ်မေးလိုက်သည်။

"နင် ချက်ထားတာလား"

"ဟုတ်ကဲ့"

သူမက တိတ်ဆိတ်နေပြီး ရန်လိုမနေတော့ပေ။ သူမမျက်လုံးများ အနည်းငယ် ခါးသီးသွား၏။ “နင်တကယ်ပဲ..…”

သူမ(ကျန်းရှုယောင်)က အိမ်ထောင်ကျပြီးကတည်းက မီးဖိုချောင်ထဲဝင်ခဲ့ပြီး တခြားသူတွေ၏အမြင်ကို တစ်ခါမှဂရုမစိုက်ဖူးပုံရသည်။ သူမကိုယ်သူမနှင့် နှိုင်းယှဥ်ကြည့်ပါက အစွန်းနှစ်ဖက်ကဲ့သို့ပင်။

ကျန်းရှုယောင် ကျိုးရှီ၏ မူမမှန်သောစိတ်ဓာတ်ကို သိပြီး သူမ၏ သဘောထားကို ဂရုမစိုက်ပေ။ သူမက ပြုံးပြီးပြောလိုက်သည်။

"ကျွန်မကဘာလဲ"

ကျိုးရှီ သူမက ဤမျှ စိတ်ရှည်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ အနည်းငယ် အံ့သြသွားမိသည်။ နှစ်များစွာကြာပြီးနောက် သူမ ဆိုးသွမ်းပြီး ခေါင်းမာမှုကို ကျင့်သားရလာခဲ့သည်။ သူမက အပေါက်ဆိုးပြီး ယင်းကို သူမ မပြောင်းလဲနိုင်သောကြောင့် သူမအကြောင်းပြချက်မရှိဘဲ ဒေါသထွက်နေမိသော ကျန်းရှုယောင် အတွက် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။

သူမ သူမ၏ လက်ဖဝါးများကို မသက်မသာ ကုတ်လိုက်ပြီး "နင်က အရမ်းလက်ပေါက်ကတ်တာပဲ" ဟု ရေရွတ်လိုက်သည်။

ကျန်းရှုယောင်က သူမဆီကို ဗန်းတွန်းလိုက်ပြီးဆို၏။
"အရင်စားပါ"

ပြင်းထန်သောရနံ့တစ်ခုက သူမ၏နှာခေါင်းပေါက်ထဲသို့ စိမ့်ဝင်သွားပြီး ကျိုးရှီ  ဝမ်တန်ကို ကြည့်လိုက်သည်။ ဗိုက်လုံးလုံးသဏ္ဍာန် ဝမ်တန်များက ကြည်လင်သော ဟင်းချိုထဲတွင် ပေါလောပေါ်နေကာ ပန်းရောင် အသားများကို ဝိုးတဝါးမြင်နေရ၏။ ငန်းဝါရောင် ဝါးခေါက်ဆွဲသည် ငွေပိုးကဲ့သို့ ပါးလွှာပြီး ချည်မျှင်ကဲ့သို့ တုန်နေကာ ဟင်းရည်ပေါ်တွင် ရွှေဆီလွှာပါးပါးလေး ပေါ်နေသည်။ နွေကြက်သွန်တို့ ဖြူးပြီး အစိမ်းရင့်ရောင်အနည်းငယ်ဖြည့်စွက်ထား၏။

အသွင်အပြင်ကို အကဲဖြတ်ကြည့်သောအခါ အဘယ်ကြောင့် ဒုက္ခများသည်ဟုပြောလဲကို ကျိုးရှီ နားလည်သွားခဲ့သည်။

သူမ၏ နှလုံးသား ဆူပွက်လာသလို ခံစားလိုက်ရသည်။ သူမ စောင်ကို မကာ ထလိုက်၏။

"စားပွဲကို သွားစား"

သူမ အပြင်ဝတ်ရုံကို ဝတ်ကာ စားပွဲဆီသို့ အကူအညီမပါဘဲ ခြေတစ်ချောင်းဖြင့် ခုန်၍သွားကာ ထိုင်လိုက်သည်။

ကျန်းရှုယောင် ကျိုးရှီ၏အနှီဘက်ခြမ်းက အလွန်ချစ်စရာကောင်းသည်ဟု ခံစားရ၏။ ဗန်းကို စားပွဲပေါ်တင်ပြီး မျှော်တလင့်တကြီး ကြည့်မိသည်။

ကျိုးရှီ၏ စိတ်သည် ရှုပ်ထွေးနေသည်။ အကြောင်းပြချက်မရှိဘဲ သူမကို စိတ်ဆိုးဒေါသထွက်မိသောကြောင် ကျန်းရှုယောင်ကို မျက်နှာသာအနည်းငယ်ပေးချင်သည်။ ယခုမူ သူမက မိမိနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ကာ မျှော်လင့်တကြီး အကြည့်ဖြင့် ကြည့်နေသည်။ ရုတ်​တရက်​ သူမ တူများကို လှုပ်​ရန်ရှက်​သွား၏။

အရသာက စားမဖြစ်လျှင် သူမက ဆက်လက်စားပြီး ချီးမွမ်းနေမည့်လူကား မဟုတ်ပါချေ။

သူမ တူများကို ကောက်ယူပြီး ငန်းဝါခေါက်ဆွဲတစ်ထွေးကို မွှေလိုက်သည်။

ထိုအချိန်တွင် ခေါက်ဆွဲပြုတ်က တုန်ခါသွားပြီး မွှေးကြိုင်သော အနံ့က ပို၍ သိပ်သည်းလာသည်။

ထိုရနံ့ကို အနံ့ခံရင်း တစ်နေ့လုံး စားချင်စိတ်မရှိပေမဲ့ ရုတ်တရက် ဗိုက်ဆာသွား၏။

ခေါက်ဆွဲကို ဟင်းရည်ပူပူနှင့်ထုပ်ထားသည်။ ပထမအကိုက်တွင် ခေါက်ဆွဲက ငွေပိုးကဲ့သို့ ချောမွေ့ပြီး ပါးလွှာသည်။ လက်ရာမြောက်သော ပြင်ဆင်မှုနည်းလမ်းကြောင့် ခေါက်ဆွဲသည် အလွန်ကြွပ်ဆတ်ပြီးသားရည်ကဲ့သို့ဖြစ်သည်။ခေါက်ဆွဲသားရင့်မှု အပြည့်ရှိသည်။ဟင်းရည်၏ ချိုမြိန်မှုနှင့်ကြက်ဥ၏မွှေးပျံ့သော ရနံ့များလည်းပါဝင်၏။

တစ်လုတ်ထည့်ရုံဖြင့် သူမ အံ့အားသင့်သွားသည်။ သူမ၏ မက်မုံဝါမျက်လုံးများက အနည်းငယ် စိုက်ကြည့်ကာ ကျန်းရှုယောင်ကို အံ့သြစွာ ကြည့်လိုက်သည်။

ကျန်းရှုယောင်က မီးဖိုချောင်တွင် တစ်နေ့တာလုံး အစားအသောက်ချက်ပြုတ်ရသည်ကို နှစ်သက်ကြောင်း ကြားလိုက်ရသောအခါ သူမ နားမလည်ခဲ့ပေ။ ကျန်းရှုယောင်က သူမ၏အိမ်ထောင်ရေးအစမှာတုန်းကလောက် အဆင်မပြေဘူးဟု သူမခံစားခဲ့ရသည်။ ယခု သူမချက်ပြုတ်ထားသော အစားအစာကို စားပြီးသောအခါ ကျန်းရှုယောင် ၏ ဟင်းချက်ကျွမ်းကျင်မှုသည် အလွန်ကောင်းမွန်ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားသည်။သူမသာ ချက်ပြုတ်ခြင်းတွင်နေရာအခိုင်အမာရှိမနေလျှင် ဘယ်သူမှရှိမနေသင့်တော့ပေ။

သူမ ဝါးခေါက်ဆွဲအနည်းငယ်ကို စားပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ယူလိုက်သည်။ ကြွပ်ပြီး လန်းဆန်းသွား၏။ ဟင်းရည်၏ အရသာသည် သာမန် အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို ပို၍ အရသာရှိစေသည်။

သူမ ဇွန်းတစ်ချောင်းတောင် မလိုအပ်ဘဲ အဆီနှင့် ဝမ်တန်ဝိုင်းဝိုင်းကို ကောက်ယူရန် တူများကို အသုံးပြုခဲ့သည်။ သူမ မှုတ်လိုက်ပြီး ပါးစပ်ထဲကို စိတ်အားထက်သန်စွာ ထည့်လိုက်၏။

ဝမ်တန်ဌာပနာတွင် ပုစွန်၊ ဝက်သား နှင့် ငရုတ်ကောင်းတို့ ပါဝင်သည်။ ဥအနှစ်ချိပ်ပိတ်က အတွင်းပိုင်းရှိ အသားအရသာကို ထိန်းသိမ်းထားပြီး အနံ့ပြင်းပြင်းရှိစေ၏။

ဝမ်တန်အရေခွံက အလွန်ချောမွတ်ပြီး အသားအဆာက နူးညံ့သည်။ အံ့သြစရာအကောင်းဆုံးအရာက ၎င်း၏ဖွဲ့စည်းမှုပင်။ ၎င်း ချောမွေ့ပြီး ကျုံ့နိုင်ဆန့်နိုင်ဖြစ်ကာ အလွန်ကြွပ်ဆတ်သည်။ ကိုက်ပြီးနောက် အသားနိုင်ချင်းကြွပ်ဆန်မှုတး်ခုရှိလာသည်။

အသားက အရသာ ကြွယ်ဝပြီး ရောမွှေလိုက်သည့်အခါ အရသာမှာမွတ်သွား၏။ အသားကင်နှင့်တူသည့် အရသာရှိသည်။ အတွင်းမှ ကြွပ်ဆတ် နူးညံ့သော ပုဇွန်ကို ဖြည်းညှင်းစွာ ဝါးလိုက်သောအခါ အူမားမီအရသာအလျှံအပယ်က သူမ၏ ခံတွင်းထဲတွင် ထာဝရ တည်တံ့နေခဲ့သည်။

သေချာဝါးစားချင်ပေမဲ့ လျှာကိုမျိုချရန် မစောင့်နိုင်လောက်အောင်ကောင်း၏။ ဤလတ်ဆတ်သောအရသာကို သူမ မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

ကျန်းရှုယောင်ရှိနေခြင်းကြောင့်သာမဟုတ်လျှင် ပန်းကန်ကိုမပြီး ဟင်းရည်ကို သေချာပေါက် သောက်နိုင်ပေမဲ့ ယခုမူ ဇွန်းကိုပဲသုံးပြီး ဟင်းရည်ကို ဖြည်းညှင်းစွာသောက်နိုင်တော့၏။

ဟင်းရည်အခြေခံသည် ပေါ့ပါးပြီး ကြည်လင်သည်။နွေကြက်သွန်ကို ချန်ထားခဲ့ကာ ဟင်းရည်တစ်ဇွန်းကို လှမ်းယူလိုက်သည်။ ဟင်းရည်တွင် ဆီအနည်းငယ် စုပုံနေသေးသည်။ ပထမဆုံး ယင်းက အငွေ့တထောင်းထောင်းနှင် ပူပူလောင်လောင်ဖြစ်ပြီး သူမဗိုက်ထဲကို ပျံ့နှံ့သွား၏။ ဟင်းရည်က အရသာအလွန်ကြွယ်ဝသော်လည်း အီခြင်းလုံးဝမရှိပေ။ ခေါက်ဆွဲထဲက ငရုတ်ကောင်းက အနည်းငယ်ပိုပူလာစေသည်။ ဝမ်တန်ခေါက်ဆွဲတစ်ပန်းကန်ကို စားပြီးနောက် သူမတစ်ကိုယ်လုံးမှာ ဘာပြဿနာမှ မရှိတော့ဟု ခံစားရသည်။ သူမ ခန္ဓာကိုယ်ကို ဆန့်ပြီး လန်းဆန်းမှုကို ခံစားလိုက်၏။

သူမ စားရန်ပဲ အာရုံစူးစိုက်ပြီး ခေါက်ဆွဲကိုပြောင်လက်နေအောင်စားမိသွားမှန်း ခဏတာမေ့သွားခဲ့သည်။ ဟင်းရည်တစ်စက်ပင် မကျန်ခဲ့။

ကျန်းရှုယောင် အတော်လေးကျေနပ်သွားပြီးပြောလိုက်၏။

"ဒါက ဒုတိယယောက်မအကြိုက်နဲ့ ကိုက်ညီနေပုံရတယ်"

ပါးစပ်က ပျော့သည့်အခါ လက်က တိုသည်။ ကျိုးရှီတစ်ယောက် မည်မျှပင် ကြမ်းကြမ်းခက်ထန်နေပါစေ ဘာမှ မပြောနိုင်ပေ။

[ET/N- ပါးစပ်က ပျော့သွားသည့်အခါ လက်က တိုသည်။ ဆိုလိုသည်က တစ်စုံတစ်ယောက်၏ အစားအစာကို စားသည့်အခါ သူတို့နှင့် ဆန့်ကျင်ဘက် ဘာမှ မလုပ်နိုင်ဘူးဟုဆိုလိုခြင်းဖြစ်၏။]

ကျန်းရှုယောင်ကို မျက်နှာမူပြီး ကျိုးရှီ အလွန် စိတ်မသက်မသာ ဖြစ်နေသည်။ မိမိ အရင်က သူမကို ပစ်မှတ်ထားခဲ့ပေမဲ့ သူမက ဂရုမစိုက်ပေ။ နောက်ပိုင်းတွင် မိမိ၏ရှို့နင်ခန်းမဆောင်တွင်ရုတ်ရုတ်သဲသဲ အရှက်ကွဲမှုကို သူမမြင်ခဲ့သည်။ ကျိုးရှီ စိတ်အအနှောက်အယှက်ဖြစ်ဆုံးအရာမှာ ကျန်းရှုယောင်ခေါ်ဆောင်သွားခြင်းခံရသည်ကို သူမမြင်လိုက်ရခြင်းဖြစ်သည်။ တားရန်ကျရှုံးခဲ့သည်က ရှက်စရာဖြစ်၏။

သူမ အ​ပြင်းအထန် တွေးပြီး တောင့်တောင့်ကြီးပြောလိုက်သည်။

"အင်း အဆင်ပြေပါတယ်... အမ်း ငါ့အကြိုက်နဲ့ကိုက်တယ်"

စကားပြောပြီးနောက် သူမခြေထောက်ရှိ နာကျင်မှုကြောင့် အံကြိတ်ကာ အဆင်မပြေလှစွာလှုပ်မိသွား၏။

သူမ ခံစားနေရတုန်းမှာပဲ ကျန်းရှုယောင်၏အသံက ရုတ်တရက်နားထဲဝင်လာသည်။

"ယောက်မရဲ့အကြိုက်နဲ့ကိုက်တယ်လို့ ထင်ရင် နောင်မှာ ရှင့်အတွက် တစ်ခုခုလုပ်ပေးရမလား...ကျွန်မက ဟင်းလည်း ချက်တတ်တယ်"

သူမ မော့ကြည့်လိုက်သောအခါ ကျန်းရှုယောင်၏ မျက်စိပသာဒဖြစ်လှသော မျက်ခုံးမွှေးများကို တွေ့လိုက်ရပြီး သူမကို တောက်တောက်ပပနှင့် စိတ်အားထက်သန်စွာ ပြုံးပြနေလေသည်။ တစ္ဆေသရဲကဲ့သို့သောအမူအရာဖြင့် ခိုင်မာသောစကားတစ်ခွန်းကို သူမနှုတ်ကဖွင့်ဟလိုက်၏။

"ကောင်းပြီ"

---

ကျန်းရှုယောင်က သူမအတွက် ချက်ပေးမည်ပြောခဲ့သော်လည်း သူမ(ကျိုးရှီ)၏ အမြင်အရ အကုန်လုံး အပြောသက်သက်သာဖြစ်လိမ်မည့် ဖြစ်ပြီး အမှန်မဟုတ်နိုင်ပါချေ။ သူမက ကျန်းရှုယောင်ကို ကယ်တင်ရှင်တစ်ယောက် ရှာဖွေရန်သာ ကူညီပေးခဲ့ခြင်းဖြစ်လေရာ ၎င်းသည် အသက်ကယ်ကျေးဇူးမဟုတ်သောကြောင့် ၎င်းကို ပြန်ဆပ်ရန် မလိုအပ်ပေ။

ထို့ပြင်ကျန်းရှုယောင်က ထမင်းချက်မဟုတ်ပါချေ။ သူမသည် အသက်ကြီးသူ သို့မဟုတ် သူမခင်ပွန်းအတွက် ထမင်းချက်ရန်ပင် မသင့်ပေ။ တခြားအိမ်တော်ခွဲက သူမ၏ ဒုတိယယောက်မအတွက် ချက်ပြုတ်ခြင်းသည်တကယ်ကို မလျှော်ကန်ပါလေ။

သို့သော်လည်း ကျန်းရှုယောင်က သူမပြောသမျှကို အမှန်တကယ်လုပ်ခဲ့ပြီး နောက်တစ်နေ့ နေ့လည်စာစားချိန်၌ သူမ၏အခန်းသို့ ရောက်ရှိလာပြန်ကာ သူမ အံ့သြမိတော့၏။

"နင်ဘာလို့ဒီကိုရောက်နေတာလဲ"

သူမ ထထိုင်လိုက်ပြီး ခဏလောက် မတုံ့ပြန်နိုင်ဖြစ်သွားသည်။

"ယောက်မအတွက် စားစရာ ယူလာပေးတာ" ကျန်းရှုယောင်က လက်ဝှေ့ယမ်းလိုက်ပြီး သူ့မနောက်က အစေခံနှစ်ယောက်က နေ့လည်စာဗန်းကို ချလိုက်၏။

ကျိုးရှီ ဆွံ့အသွားရသည်။

"ဒုတိယယောက်မက အိပ်ရာထဲမှာစားချင်တာလား စားပွဲကိုလာမလား"

သူမမှာ နွေးထွေးပြီး သဘာဝကျသော သဘောထားရှိပြီး ကျိုးရှီအား နေမကောင်းသော သူငယ်ချင်းကို ပြုစုစောင့်ရှောက်သည့် စိတ်ဖြင့် ဆက်ဆံနေသည်။ ကျိုးရှီ ခဏလောက် အနည်းငယ်စိတ်ခံစားချက်တို့ပြင်းထန်သွား၏။

အစေခံများက သူမကို ရှောင်နေကြသောကြောင့် သူမ ယနေ့ လူတွေကို မဆူမငေါက်ရသေးပေမဲ့ ကျန်းရှုယောင် ယခုလိုမျိုးမြင်လိုက်ရသောအခါ သူမ မည်မျှပင် စိတ်တိုနေပါစေ၊ဆိုးရွားသည့်စကားတွေ မပြောနိုင်ခဲ့ပါချေ။

သူမက ရေရွတ်လိုက်၏။

"အိမ်မှာ ထမင်းချက် မရှိတာလည်း မဟုတ်ဘူး...ကိုယ်တိုင် ချက်တာက နင့်အတွက်ပင်ပန်းတာပေါ့"

သူမ အိပ်ရာထဲက ထွက်ရန် ကြိုးစားလိုက်သည်။

ကျန်းရှုယောင်က သူမကို အလျင်စလို ပြေးကူ၏။ သူမ၏ နူးညံ့သောလက်မောင်းက မိမိကို ထိတော့မည်ကို ကြောက်ရွံ့ပြီး ချက်ချင်းပင် ရှောင်ထွက်မိလိုက်သည်။ ကြမ်းပြင်ပေါ်သို့ လဲကျပြီး ဒဏ်ရာများကိုပိုဆိုးအောင်လုပ်မိလုနီးပါးပင်။

"နင်... နင် ဘာလုပ်နေတာလဲ"

သူမ အိမ်ထောင်ကျသည်မှာ နှစ်အတော်ကြပြီဖြစ်သည်။သူမပတ်ဝန်းကျင်တွင် သူမကို ဂရုမစိုက်သော ယောက်မတစ်ယောက်၊စည်းကမ်းတင်းကြပ်သောယောက္ခမနှင့် ကြောက်လန့်ပြီး နှိမ့်ချသော အစေခံများသာရှိသည်။ သူမ ကျန်းရှုယောင် ကဲ့သို့သောလူနှင့်တစ်ခါမှ မတွေ့ဖူးပေ။

ကျန်းရှုယောင်ကို လူကောင်းမဟုတ်ဟု ပြောရန် ကမဖြစ်နိုင်ပေ။ ကျိုးရှီတွင် IQ အကန့်အသတ်ရှိသော်လည်း သူမက သဘာဝအတိုင်း အာရုံခံစားတတ်ပြီး ကျန်းရှုယောင်၏ ရိုးသားမှုကို ခံစားနိုင်သည်။

သူမက စိတ်အားထက်သန်ပြီး သဘောထားကြီးသည်။မိမိ၏အေးစက်သောမျက်နှာကို ခံနိုင်ရည်ရှိပြီး ယခင်က မကျေနပ်မှုများကိုလျစ်လျူရှုထား၏။ နူးညံ့ပြီး ညင်သာသည်... သို့သော် ပြဿနာမှာ မိမိအပေါ် အဘယ်ကြောင့် ဤမျှလောက်ကောင်းနေရသနည်း။

"ကျွန်မရှင့်ကို ကူညီချင်လို့ပါ"

ကျန်းရှုယောင်က ခေါင်းငုံ့ပြီး ပိတ်စနှင့်ပတ်ထားသော ကျိုးရှီ၏ ဘယ်ခြေထောက်ကို ကြည့်လိုက်သည်။ ထိုနေ့က ဓားကိုဆွဲလိုက်သောအခါ သူမ မည်သို့မျှ နောက်တွန့်မသွားသည်ကို တွေးရင်း ကျန်းရှုယောင်၏ အမူအရာမှာ ပို၍ပျော့ပျောင်းလာသည်။

သူမက ကျိုးရှီကို  တောက်ပပြီး နူးညံ့သည့် အပြုံးနှင့်စိုက်ကြည့်ရင်း ကျိုးရှီကို  ထိတ်လန့်တုန်လှုပ်စေ၏။ ကျိုးရှီက စိတ်မသက်မသာနှင့်ပြောလိုက်သည်။

"မလိုဘူး...ငါ ကိုယ့်ဘာကိုယ် သွားနိုင်တယ်"

ထို့နောက် သူမ အမြန်ထရပ်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

ကျိုးရှီသည် နှစ်ပေါင်းများစွာ အခြားသူများထံမှ ကြင်နာမှုမရခဲ့ဘဲ သူမ၏ စိတ်နေသဘောထားမှာ ရွဲ့စောင်းနေခဲ့သည်။ အခုလေးတင်က သူမ ကျန်းရှုယောင်ကြောင့် စိတ်လှုပ်ရှားသွားပြီး အကျင့်ပါကာပြောလိုက်၏။

"ငါက ကြုံရာကျပန်းမစားဘူး"

သူမ၏ လေသံမှ နားမလည်နိုင်သော "ကြီးကျယ်ပြီး အထက်ဆီးဆန်"သည့် ခံစားချက်တစ်ခု ရှိလာသည်။

သူမ စားပွဲဆီသို့ ခုန်စွခုန်စွသွားကာပြောလိုက်၏။ "ငါက ယာဂုကို အမုန်းဆုံးပဲ"

စကားမဆုံးခင်မှာ စားပွဲပေါ်မှာ ဆန်ပြုတ်ဖြူဖြူကို တွေ့လိုက်ရသည်။

အပေါ်ယံတွင် မောက်မောက်မာမာနှင့် အထင်အမြင်သေးသည့်လေထုဖြင့် သူမ ချက်ချင်းလက်ငင်း ပြောမိသွားသော်လည်း သူမသူမ၏ပါးစပ်ကို တိတ်တိတ်လေးစိတ်ဆိုးသွားခဲ့သည်။

"ရှင်က လူနာတစ်ယောက်လေ...ဒီရက်ပိုင်းအိပ်ရာထဲမှာပဲ နေရမယ်...ယာဂုသောက်ရင် ရင်ပြည့်မှာမဟုတ်တော့ဘူး"

ကျန်းရှုယောင် စိတ်မဆိုးဘဲ စိတ်ရှည်ရှည်နှင့်ရှင်းပြ၏။


Xxxxx