Chapter 64
ကျန်းရှုယောင်က စိတ်ပူပြီးပြောလေ၏။
"အခု သူ့ကို သွားတွေ့မယ်"
ရှဲ့ရွှင်း သူမပုခုံးကို ဖိလိုက်သည်။
"ဒုတိယမရီးက အနားယူနေတာ.. ဘာသွားလုပ်မှာလဲ... မနက်ဖြန်အထိ စောင့်"
ကျန်းရှုယောင် တွေးနေသည်ကို ရပ်လိုက်၏။
ရှဲ့ရွှင်းက ညစာဗန်းကို ကောက်ကိုင်လိုက်ပြီး သူ့မရှေ့မှာ ကိုင်ထားပေးကာဆိုသည်။
"စား"
သူ့လုပ်ရပ်က ကျန်းရှုယောင်ကို ရယ်လည်းရယ်ချင် ငိုလည်းငိုချင်ဖြစ်သွားစေ၏။
"ကျွန်မ ဒဏ်ရာမရဘူးလို့ ပြောခဲ့တာကို ရှင်က–"
စကား တစ်ဝက်လောက်တွင် ကျန်သည်များက သူမ လည်ချောင်းထဲတွင် နစ်မြုပ်နေခဲ့သည်။
သူမ အကြည့်များက ညစာ ဗန်းပေါ် ကျရောက်သွားပြီး ဆန်ပြုတ်ဖြူပန်းကန်နှင့် ကြက်ဥပေါင်း ပန်းကန်တို့ ပူနွေး မွှေးပျံ့သော အနံ့လေးဖြင့် အငွေ့တထောင်းထောင်းထနေသည်ကို တွေ့လိုက်ရသည်။
သူမ အံ့အားသင့်သွားသည်ကိုမြင်သောအခါ ရှဲ့ရွှင်း စိတ်လှုပ်ရှားစွာမေးလိုက်မိ၏။
"ဟုတ်တယ်မဟုတ်လား"
ကျိုးရှီဆီ လူမမာသွားမေးစဥ်က ရှုရှီက ကျန်းရှုယောင်၏ အခြေအနေကို မေးခဲ့သည်။ ရှဲ့ရွှင်း သူမကို စကားအနည်းငယ်ပြောခဲ့ပြီး ရှုရှီက တစ်ချိန်က သူမနေမကောင်းသည့်အခါ သူမအမေလုပ်ထားသည့် ဆန်ပြုတ်နှင့် ကြက်ဥပေါင်းစားချင်သည်ဟု ကျန်းရှုယောင်ကပြောခဲ့ဖူးသည်ဟုထည့်ပြောလာ၏။
ကျန်းရှုယောင်က သူမအမေကိုယ်တိုင် ချက်ပြုတ်ထားသည်ကိုစားရမှသာ စိတ်သက်သာရာရနိုင်သည်ဟု ရှုရှီက ပြောသည်။ ရှဲ့ရွှင်းတစ်ယောက် သခင်ရှန်းယန်၏အိမ်တော်သို့ သွားကာ လင်းရှီကို ထိုအရာများယူလာခိုင်း၍ ဘယ်သောအခါမှ ရမည်မဟုတ်သောကြောင့် သူ့အနေဖြင့် မီးဖိုချောင်သို့သွားကာနှစ်ပန်းကန်လုပ်ရတော့သည်။
ကျန်းရှုယောင် ရှဲ့ရွှင်းကိုကြည့်လိုက်သောအခါတွင် သူမ သူ၏ အကြောသေနေသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုကို ထင်ရှားစွာခံစားရသည်။
သူမ ဆန်ပြုတ်ပန်းကန်ကို ကောက်ယူလိုက်ပြီး ဇွန်းကို ပါးစပ်ထဲထည့်လိုက်သည်။
ဆန်ပြုတ်ဖြူဖြူကို ဆန်များအကုန်အစင်ပွက်ပွက်ဆူလာသည်အထိ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ကျိုထားသည်။အထဲမှာ အသီးအရွက်များ အနည်းငယ်ထောင်းထည့်ထား၏။ ဟင်းခတ်အရသာက ဆားနှင့် နှမ်းဆီ အနည်းငယ်မျှသာ ဖြစ်သော်လည်း ပေါ့ပါးပြီး နွေးထွေးသော အရသာရှိသည်။
ရှဲ့ရွှင်း မနေနိုင်ဘဲမေးလိုက်၏။
"ဘယ်လိုနေလဲ"
သူအလွန်စိတ်လှုပ်ရှားနေသည်။ ကျန်းရှုယောင်က သူ့ကို ထူးဆန်းစွာ ကြည့်ကာဆို၏။
"အဆင်ပြေပါတယ်"
ရှဲ့ရွှင်း စိတ်သက်သာရာရသွားသည်။ အိုးသုံးအိုးကို ဖြုန်းတီးပြီးနောက် ဤဆန်ပြုတ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ကျန်းရှုယောင် ဇွန်းရေ အနည်းငယ်ထပ်စားလိုက်သည်။ ဆန်ပြုတ်က တကယ်ကို နူးညံ့ပြီး ဝါးစရာမလိုဘဲ အရည်ပျော်သွား၏။ ဆန်၏မူလအရသာနှင့် နှမ်းဆီအနည်းငယ်တို့ဖြင့် နူးညံ့ပြီး ပျစ်သည်။
ဤဆန်ပြုတ်ကို ချက်သည့်သူက တကယ်ကို ဂရုတစိုက်ချက်ပြုတ်ထားပုံရသည်။ ယခုလို ဆန်ပြုတ်မျိုးလုပ်ရန်အတွက် မီးဖိုနားမှာ မတ်တပ်ရပ်ပြီး ကြေမသွားအောင် အဆက်မပြတ်မွှေပေးရသည်။
ရှဲ့ရွှင်းက ကုတင်ဘေးတွင်ထိုင်ကာ သူမကိုကြည့်နေသည်။ သူမပန်းကန်လုံးကိုင်ပြီး ဆန်ပြုတ်ပန်းကန်အသေးလေးကို သောက်နေသည်ကိုမြင်ပြီး သူကပြောလိုက်၏။
"ကြက်ဥပေါင်းစား...အေးမသွားစေနဲ့"
ကျန်းရှုယောင် မော့ကြည့်လိုက်ရာ သူက နောက် ဗန်းတစ်ချပ်ကို တစ်ဖန် ယူလာပြီးသားဖြစ်နေသည်။
သူမ ဆန်ပြုတ်ပန်းကန်ကို သစ်သားဗန်းပေါ်တွင် တင်ကာ ကြက်ဥပေါင်းပန်းကန်ကို မရတော့သည်။
ကြက်ဥပေါင်းက ရိုးရှင်းပေမဲ့ အလွန်ကြည့်ကောင်း၏။
အရောင်က အဝါဖျော့ဖျော့။ မျက်နှာပြင်သည် ချောမွေ့ပြီး ညီညာကာ နွေကြက်သွန်တို့ ဖြူးထားသည်။ ပဲငံပြာရည် အနည်းငယ်ကို ရေနှင့် ရောစပ်ပြီး မျက်နှာပြင်ကို ကြည်လင်သော အညိုရောင်အဖြစ်သို့ ပြောင်းလဲစေသည်။
ကြက်ဥပေါင်း၏ မျက်နှာပြင်သည် ဇွန်းမှ ထိတွေ့မှုနှင့်အတူ ကွဲအက်ကာ တုန်ရီနေသည်။ယင်းက အလွန်နူးညံ့ကိုချောမွေ့နေချေသည်။
အထဲရှိ ကြက်ဥပေါင်းက အနည်းငယ်ပူ၏။ ကျန်းရှုယောင် ကြက်ဥပေါင်းကို ပါးစပ်နားတေ့ပြီး မှုတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။
နူးညံ့သောကြက်ဥက ပါးစပ်ထဲတွင် အရည်ပျော်သွား၏။သန့်စင်သော ကြက်ဥအနံ့က သိမ်မွေ့ပြီး စိတ်အေးသာသာရှိသောအရသာ၊ ပေါ့ပါးသော ပဲငံပြာရည်အနံ့၊ အငန်ဓာတ်နှင့်တို့နှင့် နူးညံ့လှသည်။
သေသေချာချာ ဝါးနေစရာ မလိုပါချေ။ အနွေးဓာတ်က လည်ချောင်းကနေ အစာအိမ်အထိ စိမ့်ဝင်သွားအောင် မျိုချလိုက်ရုံပါပင်။
သိသာထင်ရှားသည်မှာ ၎င်းသည် ရိုးရိုးကြက်ဥတစ်လုံးမျှသာဖြစ်သော်လည်း ကျန်းရှုယောင် သူမ ငယ်စဉ်က မိခင်ဖြစ်သူ သူမကို ပြုစုစောင့်ရှောက်သည့်အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ၎င်းကို အလွန် အလေးအနက်မှတ်ယူခဲ့သည်။
ကြက်ဥပေါင်းကို စားပြီးနောက် သူမ ပန်းကန်အလွတ်ကို ရှဲ့ရွှင်းအား ပေးကာပြောလိုက်၏။
"ယောက်မက ရှင့်ကို ပြောခဲ့တာလား"
ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်ပြီး ပန်းကန်ကို ယူလိုက်သည်။
ရှဲ့ရွှင်း၏ ချောမောတင့်တင့်သော ရုပ်သွင်ကို သူမ ကြည့်လိုက်သည်။ အဖြေကို သူမ မှန်းဆပြီးဖြစ်သော်လည်း မေးလိုက်ဆဲပါပင်။
"ရှင်လုပ်ထားတာလား"
ရှဲ့ရွှင်း သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး အနည်းငယ် စိတ်ပျက်အားလျော့သွားသလို ခံစားလိုက်ရသည်။
"မင်းအရသာခံနိုင်လို့လား"
သူမက နေ့စဉ်နေ့တိုင်း ချက်ပြုတ်လေ့ရှိပြီး သူမချက်သည်ကို သူမ စားသုံးလေ့ရှိသည်။ ဆန်ပြုတ် တစ်ပန်းကန်ကပင် သူ့ကို အခက်တွေ့စေ၏။ သူနှင့် ထမင်းချက်ကြားတွင် ခြားနားချက်တစ်ခု ရှိနေပုံရသည်။
သူစိတ်မချမ်းသာသည်ကိုမြင်သောအခါ ကျန်းရှုယောင် သူမ၏အပြုံးကိုထိန်းလိုက်၏။ ဘယ်လိုလုပ် အရသာခံနိုင်မှာလဲ... သူစိတ်လှုပ်ရှားနေတာကို သူမ မမြင်နိုင်ဘူးလို့ သူတကယ်ထင်နေတာလား...
ရှဲ့ရွှင်း သူ၏ ပထမဆုံး ချက်ပြုတ်ရန် ကြိုးပမ်းမှုတွင် လုံးဝ မအောင်မြင်ခဲ့ဟု ထင်သွားသည်။ သူက ကျန်းရှုယောင်ကိုပင် အရသာဆိုးသည့် ကြက်ဥပေါင်းတစ်ပန်းကန်လုံးကို ကုန်အောင်စားခိုင်းလိုက်သေး၏။ သူ့မျက်နှာက အနည်းငယ် ရှက်သွားပြီး
"ငါ အစေခံကိုဝင်ခိုင်းပြီး မင်းပလုပ်ကျင်းတာကိုစောင့်ခိုင်းလိုက်မယ်"
ထို့နောက် ညစာဗန်းကို ကိုင်ကာ စိတ်ဓာတ်ကျကာ ထွက်သွားလေသည်။
သူထွက်သွားပြီးနောက် ကျန်းရှုယောင် မရယ်ဘဲမနေနိုင်။ သူကိုယ်တိုင် ချက်ပြုတ်ပေးသည်ဟု တွေးလိုက်သည့်အခါ သူမမျက်ခုံးထောင့်များက နွေးထွေးမှုများနှင့်အတူကွေးတက်သွားရ၏။
"ကောင်းပြီ...ဒီရက်ပိုင်း သူ့ကို ကျွေးမွေးတာ အလကားမဖြစ်ဘူးပဲ"
ညသန်းခေါင်တွင် ကျန်းရှုယောင်တစ်ယောက် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး အိပ်မရဖြစ်နေသည်။ မြို့စားရှဲ့အိမ်တော်မှာ သူမ အန္တရာယ်မဖြစ်ဘူးဆိုသည်ကို သူမသိပေမဲ့ မျက်လုံးမှိတ်ပြီး အိပ်ရန်အတွက် စိတ်မသက်မသာဖြစ်နေတုန်းပါပင်။
သူမ သူမ၏စောင်ပါးလေးကို မကာ ဖိနပ် စီးပြီးနောက် အပြင်ကို ထွက်လာသည်။
ပိုင်ကျီက အတော်လေးကို အိပ်မောကျနေ၏။ သူမ၏ ရှည်လျားသော အသက်ရှုသံများက ကျန်းရှုယောင်၏စိတ်ကို တဖြည်းဖြည်း တည်ငြိမ်သွားစေသည်။
ပိုင်ကျီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုမြင်သည့်အခါ ကျန်းရှုယောင် သူမကိုနှိုးပြီး သူမနှင့်အတူ အတွင်းခန်းကိုလာခိုင်းမနေချင်သည့်အတွက် သူမ တိတ်တဆိတ်ဆုတ်ခွာပြီး သူမအခန်းထဲပြန်ဝင်လာခဲ့၏။
အခန်းထဲကို ဝင်လိုက်သည်နှင့် ပန်းပုထွင်း ပြတင်းပေါက်မှ အသံအနည်းငယ်ကို ရုတ်တရက် ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်သောအခါ အပြင်ဘက်တွင် အမှောင်ရိပ်တစ်ခု ဖျတ်ခနဲ လွင့်နေသည်ကို တွေ့လိုက်ရသည်။
သူမ လန့်သွားသည်။ သူမ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်ပြီး စားပွဲကို ဆောင့်တိုက်မိလိုက်ရာ စားပွဲပေါ်ရှိ ကြွေပန်းအိုးက တုန်ခါသွားသည်။
အနက်ရောင်ပုံရိပ်က ပန်းပုထွင်း ပြတင်းပေါက်ဆီသို့ မိနစ်အနည်းငယ်ကြာ ကိုင်းညွှတ်လာပြီး ခေါင်းငုံ့ကာ စဉ်းစားနေသကဲ့သို့ မဝံ့မရဲ ခေတ္တရပ်လိုက်သည်။
ကျန်းရှုယောင် လုံးလုံးလျားလျား လန့်နိုးသွားသည်။ သူမ ပန်းပုထွင်းထုပြတင်းပေါက်ဆီကို လျှောက်သွားပြီး မင်းတုန်းဖွင့်ကာ ရုတ်တရတ် တွန်းဖွင့်လိုက်၏။
အေးမြသောလေနုအေးက တရှဲရှဲမြည်နေပြီး ပြတင်းပေါက်အပြင်ဘက်ရှိလူမှာ ခေါင်းနှင့်ဆောင့်မိ လုမတတ်။
"ရှင်ဒီမှာဘာလုပ်နေတာလဲ"
ကျန်းရှုယောင် ရှဲ့ရွှင်းကိုကြည့်ကာ အနည်းငယ်အံ့သြသွားသည်။
ညနက်သန်းခေါင်မှာ အမျိုးသမီးတစ်ယောက်၏ အိပ်ခန်း ရှေ့ကို လာသည်က အဓိပ္ပါယ်မဲ့ပြီး မကောင်းဟုထင်ရ၏။
ရှဲ့ရွှင်း၏မျက်နှာသည် ရှက်ရွံ့မှုကြောင့် ပူလောင်သွားပြီးအလျင်အမြန် ရှင်းပြလိုက်သည်။
"မင်းကိုတွေ့ဖို့ ရောက်နေတာ"
ကျန်းရှုယောင် အံ့ဩသွားသည်။
ရှဲ့ရွှင်း အနည်းငယ် စိတ်မသက်မသာဖြစ်ပြီးပြောလိုက်၏။
"ငါ့ညီမ ရှဲ့ဖေးက အစောင့်တွေကိုပတ်ပတ်လည်ဝိုင်းထားခိုင်းပြီး ညဘက်မှာလည်း သူ့ဘေးမှာ အိပ်ဖို့ အနီးကပ်အစေခံ တစ်ယောက် ရှိတယ်...ငါ မင်းလည်းသူလိုကြောက်နေမယ်ထင်လို့ တစ်ချက်လောက် မလာကြည့်ဘဲ စိတ်သက်သာရာမရဘူးဖြစ်နေတာ"
ကျန်းရှုယောင်က စကားမပြောပေ။
ရှဲ့ရွှင်း စကားပြောပြီးနောက် သူမည်မျှကြောင်တောင်တောင်ဖြစ်နေပုံရသည်ကို သတိပြုမိသည်။ ညခင်းအား သူ့ကို ဦးနှောက်ကို နှေးကွေးစေ၍ အပြစ်တင်ပစ်လိုက်၏။
"ငါ မင်းကို ခြောက်မိသွားလား"
သူက ကပျာကယာမေးလိုက်သည်။
"အင်း"
ကျန်းရှုယောင်က ပြတ်ပြတ်သားသား ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရှဲ့ရွှင်းပို၍ပင် နောင်တရသွား၏။ သူ ကျန်းရှုယောင်ကို ခေါင်းမော့ကာကြည့်လိုက်ရာ စကားလုံးများက စကားမပြောမီ သူ့လည်ချောင်းထဲတွင် ရုတ်တရက် နစ်မြုပ်သွားခဲ့သည်။
ယခုအချိန်တွင် သူမ၏ဆံပင်ကို ရိုးရိုးဆံထုံးအဖြစ် လိပ်ထားပြီး ပါးလွှာသော အပြင်ဘက်အလွှာကိုသာ ၀တ်ဆင်ထားသည်။ သူမ၏ အနက်ရောင်ဆံပင်သည် ဖဲသားနှင့်တူပြီး သူမ၏ပုံသဏ္ဍာန်က သွယ်လျကာချောမောသည်။ လရောင်အောက်တွင် သူမ၏လှပသောမျက်နှာသည် အိပ်မက်တစ်ခုထက်ပိုမိုနူးညံ့ပြီး မှုန်ဝါးသောရောင်လျှံစက်ဝန်းတစ်ခုဖြင့် ဆေးဆိုးထားသည်။
ရှဲ့ရွှင်း သူ့မျက်လုံးများ မီးလောင်သွားသလို ခံစားလိုက်ရကာ ရုတ်တရက် အဝေးကို လှမ်းကြည့်လိုက်သည်။
ကျန်းရှုယောင် အမှန်အတိုင်းပြောနေသော်လည်း သူမပြောပြီးနောက် မသင့်လျော်ပုံပေါ်ကြောင်း သူမသိလိုက်သည်။ ၎င်းကိုပြင်ဆင်ရန် သူမကြိုးစားနေချိန်မှာ ရှဲ့ရွှင်းက ဦးဆောင်လာခဲ့၏။
ယဥ်ကျေးသမှုဖြင့် သူမကို နောက်တစ်ကြိမ် မကြည့်တော့ဘဲ မျက်လုံးကို လွှဲထားရင်းပြောလိုက်သည်။
"တောင်းပန်ပါတယ်.. ငါက ကောင်းကောင်းမတွေးနိုင်ခဲ့လို့ပါ... မင်းရဲ့အစေခံတွေရော ဘယ်လိုလဲ...သူတို့နဲ့ အိပ်လို့ရလား"
ကျန်းရှုယောင် အတွင်းစိတ်က ရုန်းကန်နေသည်ကို ရပ်လိုက်ပြီးပြန်ပြောလိုက်သည်။
"အင်း...ကျွန်မသူ့ကို ကျွန်မနဲ့လိုက်အိပ်စေချင်တယ်...ဒါပေမဲ့ စဉ်းစားလည်းပြီးရော သူက အပြင်ခန်းမှာ အိပ်ပျော်နေပြီ"
ရှဲ့ရွှင်းက စက္ကန့်အနည်းငယ် တိတ်သွားပြီး ရုတ်တရက်ကြီးထပြောလာ၏။
"ငါဆိုရင်ရော"
"ဟင်"
ကျန်းရှုယောင် ခဏလောက် ကြက်သေသေသွားသည်။
"ငါ မင်းကို စောင့်ပေးရင်း မင်းကြောက်ဦးမှာလား"
ရှင်းရှင်းပြောရလျှင် ဤသည်က
သာမန်မေးခွန်းတစ်ခုမျှသာဖြစ်ပေမဲ့ သူမနှလုံးသားကို လှုပ်ခါစေပြီး ခံစားချက်တို့ နူးညံ့ထုံထိုင်းသွားရ၏။
သူမ လှုပ်ခါနေသော နှလုံးသားကို ဖိနှိပ်လိုက်ပြီး မနေ့က သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားသည့် အခိုက်အတန့်ကို တွေးလိုက်မိသည်။ သူမ၏ မျက်လုံးများရှေ့တွင်က သူ၏ ခမ်းနားထည်ဝါပြီး ဖြောင့်မတ်သော အရာရှိဝတ်ရုံဖြစ်ပြီး သူမ၏ နားများက သူ၏ ပြင်းထန်သော နှလုံးခုန်သံများကို ကြားနေရသည်။ သူမ မည်မျှထိ ထိတ်လန့်ကြောက်ရွံ့နေပါစေ သူ၏နွေးထွေးသည့် ပွေ့ဖက်မှုမှာ ပျောက်ကွယ်သွားခဲ့၏။
သူမ၏အသံက ပျော့ပျောင်းလာသည်။
"ဟင့်အင်း"
"ဒါဆို မင်းအိပ်နေတာကို ငါစောင့်ကြည့်ပေးမယ်"
"ဟမ်"
"ဝင်လာလို့ရမလား"
ကျန်းရှုယောင် သူမ ယခုလိုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ အချိန်အတော်ကြာပြီးနောက် "အင်း"ဟု ပြန်ဖြေခဲ့၏။
သူမ နောက်ပြန်ဆုတ်ကာ သူ့ကို တံခါးဖွင့်ပေးရန် လှည့်လိုက်သော်လည်း ရှဲ့ရွှင်းက ပြတင်းပေါက်မှ ရုတ်တရက် ခုန်ဝင်လာသည်။
ကျန်းရှုယောင် မှင်သက်သွားသည်။
ရှဲ့ရွှင်းက အရပ်ရှည်ပြီး အထူးသဖြင့် ပေါ့ပေါ့ပါးပါးနှင့် လျော့လျော့ရဲရဲ ၀တ်ဆင်ထားသည့်အခါတွင် သူမထံ ချဉ်းကပ်သည့်အချိန်၌ဝယ် ဖိနှိပ်ခံရသလို ခံစားရပြီး ချောမောပြီး အေးစက်သော စိတ်နေစိတ်ထားမှာ ခါတိုင်းထက် ပိုလေးလံနေသလို ခံစားရသည်။
သူကဆို၏။
"အိပ်တော့...မင်းကိုစောင့်ပေးဖို့ ငါရောက်လာပြီ... မင်းမျက်လုံးတွေဖွင့်လိုက်တာနဲ့ ငါ့ကိုတန်းမြင်ရမှာ"
ကျန်းရှုယောင်၏ နှလုံးခုန်သံသည် နားမလည်နိုင်စွာ မြန်လာသည်။ သူမ ကြောင်တက်တက် ခေါင်းညိတ်ပြပြီး ကုတင်ဘက်သို့ အမြန်ပြန်လှည့်လိုက်သည်။
ကုတင်ဘေးသို့ လျှောက်သွားကာ ကုတင်ပေါ်သို့ တွားတက်ပြီး ကန့်လန့်ကာကို ချလိုက်သည်။ သူမ၏နှလုံးသားထဲရှိ တဒုတ်ဒုတ်မြည်သံက
ဖိနှိပ်ရရုံမျှသာရှိ၏။
ကုတင်ကန့်လန့်ကာ၏တစ်ဖက်မှာ ရှဲ့ရွှင်း၏ပုံသဏ္ဍာန် အနည်းငယ် မှုန်ဝါးသွားသည်။
ကျန်းရှုယောင် ပျော့ပျောင်းသော ခုံတန်းလျားပေါ်တွင် ထိုင်ပြီး သူမကို ကြည့်နေသည့်ကို သူ့ကိုမြင်လိုက်ရ၏။သူမ သူ့ကိုမြင်နိုင်သည်ဆိုခြင်းကို သေချာပြီးနောက်မှာ သူကခေါင်းကိုလှည့်ပြီး မျက်လုံးတွေကိုမှိတ်ကာ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။
ကျန်းရှုယောင် တကယ်ပဲ စိတ်သက်သာရာ ရသွား၏။ သူမ တစ်ဖက်တွင် လှဲလျောင်းကာ ဖြောင့်စင်းသောကျောပြင်ဖြင့် မတ်မတ်ထိုင်ရင်း မျက်လုံးများကိုမှိတ်ထားသော သူ့ကို ကြည့်နေခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်များကွေးညွတ်သွားခဲ့၏။
သူမ သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် တဖြည်းဖြည်း စွဲညှိလာသည်။ လက်ကိုမြှောက်ကာ ကန့်လန့်ကာပေါ်ရှိ သူ၏ မှုန်ဝါးဝါး ကောက်ကြောင်းကို သူမ၏လက်ချောင်းထိပ်များဖြင့် ရေးဆွဲမိတော့၏။
...ခဏလေး တစ်ခုခုတော့မှားနေပြီ...
ကျန်းရှုယောင်ကမေးလိုက်သည်။
"ရှင်အဲဒီမှာ တစ်ညလုံးထိုင်မှာလား"
ရှဲ့ရွှင်းက ထိုသို့စီစဥ်ထားခြင်းဖြစ်၏။
"မနက်ဖြန် အလုပ်သွားရမှာမဟုတ်ဘူးလား"
"တစ်ညလုံး နေရုံတင်... အဆင်ပြေပါတယ်"
သူက ပြန်ဖြေသည်။
ကျန်းရှုယောင် သူ့အား ဤကဲ့သို့ တစ်ညလုံး ထိုင်ခွင့်မပြုလိမ့်မည်မှာ သဘာဝပင်။ သူမထကာ ဗီရိုထဲမှ စောင်ပါးတစ်ထည်ကို ထုတ်ကာ ရှဲ့ရွှင်းအားပေးလိုက်၏။
"စောင်အောက်မှာ ခဏလောက်လှဲလိုက်ပါ"
ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်ပြီး စောင်ပါးကို ယူလိုက်သည်။
ကျန်းရှုယောင် ကုတင်ပေါ်ပြန်တက်လာပြီး ရှဲ့ရွှင်း စောင်ခြုံပြီး ဖြည်းညှင်းစွာလှဲအိပ်နေသည်ကို ကြည့်လိုက်၏။
သူ့မှာ ရှည်လျားပြီး ခြေတံရှည်ရှည်များရှိပြီး ယင်းတို့က ခုံတန်းလျားမှာ အိပ်သည့်အခါ ကိုးရိုးကားယားကျဆင်းနေပြီး အနည်းငယ် မှားနေပုံပေါ်လေသည်။
ကန့်လန့်ကာတစ်ဖက်တွင် ကျန်းရှုယောင် သူ၏ ဝိုးတဝါးအသွင်အပြင်ကို စိုက်ကြည့်ကာ အလွန်အေးချမ်းသလို ခံစားရပြီး "ရှဲ့ပေါယွမ်... ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
ရှဲ့ရွှင်းက "အမ်း"ဟုအသံထွက်လာပြီး အခန်းက တိတ်ဆိတ်သွားပြန်၏။
ကျန်းရှုယောင် စကားမပြောတော့ပေ။ သူမ၏ အိပ်ငိုက်ခြင်းသည် ဖြည်းညှင်းစွာရောက်ရှိလာပြီး တဖြည်းဖြည်း အိပ်ပျော်သွားသည်။
ဤတစ်ခါ သူမ ချောမောစွာ အိပ်ပျော်သွားခဲ့ပြီး သူမ နိုးလာသောအခါ ကောင်းကင်တွင် နေက မြင့်နေလေပြီ။
သူမခါးကိုဆန့်ပြီး ထထိုင်လိုက်သည်။ ရှဲ့ရွှင်း ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး စခုံတန်းလျားပေါ်တွင် စောင်ပါးကိုပင် ချန်မထားခဲ့ပါချေ။
သူမ နိုးလာခါစဖြစ်၍ အနည်းငယ်မူးနောက်နောက်ဖြစ်နေသည်။ မနေ့ညက အိပ်မက်မက်ခဲ့သလား မပြောတတ်ပေ။
ပိုင်ကျီက အသံကြားပြီး သူမကို လာစောင့်နေ ၏။ အိပ်ရာကနိုးသည်နှင့် အဝတ်အစားလဲရန် ကူညီပေးခဲ့ပြီး သူမ၏အမူအရာက အနည်းငယ် ထူးဆန်းနေသည်။ ကျန်းရှုယောင်၏ဆံပင်ကို ဖြီးရင်း သူမ မထိန်းနိုင်ဘဲမေးလိုက်၏။
“သခင်မ... မနေ့ညက သခင် ဘယ်တုန်းက လာတာလဲ”
ကျန်းရှုယောင်က ဆိုလိုက်သည်။
"အချိန်ကို မမှတ်မိဘူး"
ပိုင်ကျီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလေ၏။
" သခင်က မနေ့ညက ဘာလို့ အိပ်ပျော်သွားတာလဲ"
သူ ဒီကို ရောက်နေပြီလေ... ဘာလို့ အိပ်ပျော်သွားရုံလဲ...
ကျန်းရှုယောင် သူမ ဘာကိုဆိုလိုသည်ကို နားမလည်ဘဲယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"သူက ငါ့ကြောက်နေမှာစိုးပြီး လာနေပေးတာ"
အပြည့်အဝအိပ်စက်ပြီးနောက် ကျန်းရှုယောင် သူမ၏အားအင်ကို ပြန်လည်ရရှိခဲ့သည်။ နေက ကွက်တိဖြစ်ကာ နေရောင်က နွေးထွေးနေပြီး သူမစိတ်အခြေအနေက အလွန်တိုးတက်လာ၏။
"ဒုတိယယောက်မ ဘယ်လိုနေလဲ"
သူမ ပိုင်ကျီကို မေးလိုက်သည်။
ပိုင်ကျီးက ကျန်းရှုယောင်၏ညွှန်ကြားချက်ကို လိုက်နာပြီး ဒုတိယအိမ်တော်ခွဲကို အာရုံစိုက်ခဲ့၏။ “ဒုတိယသခင်မက ပြဿနာတွေထပ်ရှာနေပါတယ်...သူက ကုတင်ပေါ်မှာ လှဲမနေချင်ဘဲ စိတ်အရမ်းညစ်နေတယ်... နောက်ဆုံးမှာ သခင်မကြီးက သူ့ကို ချုပ်နှောင်ဖို့ အဲဒီကို သွားခဲ့တယ်”
သူမက ခဏရပ်ပြီး
"ဒါ့အပြင် ဒုတိယသခင်မက ဒုတိယသခင်နဲ့ အဆင်မပြေဖြစ်ပုံရပြီး ဒုတိယသခင်ကို တွေ့ခွင့်မပေးဘူး"
Xxxxx