အပိုင်း ၆၃
Viewers 18k

Chapter 63
ဆန်ပြုတ် နှင့်ကြက်ဥပေါင်း


ကျန်းရှုယောင် သူမလက်ထဲက ရွှေဆံထိုးကို စိုက်ကြည့်နေမိသည်—ဒါက သွေးပေမနေဘူး

သူမ ခေါင်းကို မော့လိုက်သည်နှင့် သူမ၏ မှုန်ဝါးသော အမြင်အာရုံတွင် အလင်းရောင်နှင့် ဆန့်ကျင်ဘက် ပုံသဏ္ဍာန်သည် တဖြည်းဖြည်း ရှင်းလင်းလာသည်။

ရှည်လျားသောဓားရှည်၊ တောက်ပသောအရာရှိဝတ်စုံ... နောက်ဆုံးတွင် ရှဲ့ရွှင်း၏မျက်နှာ။

တခြားသူတွေက ရှဲ့ရွှင်းကို အမြဲအေးစက်သည့်မျက်နှာထားကြောင့် ကြောက်ကြပေမဲ့ ကျန်းရှုယောင်ကမူ သူ့မျက်နှာမှာ စိတ်ခံစားချက်တွေ အများကြီးရှိနေသည်ကို သိ၏။

ယင်းက အမှန်တကယ် အေးစက်သောမျက်နှာဖြင့် ရှဲ့ရွှင်း၏ပုံစံကို သူမမြင်လိုက်ရသည့်အခိုက်အတန့်ထိသာပင်။

သူ့မျက်နှာက အေးစိမ့်နေပြီး သူ့မျက်လုံးတွေက ရန်လိုမှုများနှင့် ပြည့်နေသည်။သူ့ပတ်ဝန်းကျင်က လေတွေက တောင့်ခဲပြီး ဖိနှိပ်နေသည်။ သူက ငြိမ်းအေးဓားနှင့်တူသည်။ သူ့ခန္ဓာကိုယ်မှာ ထက်ရှသည့် စွမ်းအင်တွေ ပြည့်နေပြီး ကျန်းရှုယောင် အလိုလို ကြောက်လန့်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။

သူ့အကြည့်တွေက ဝတ်လုံကို ချွတ်ထားသည့် ဓားပြအပေါ်ကို ကျရောက်ပြီးနောက် စုတ်ပြဲနေသော ဝတ်ရုံလက်နှင့် လက်မောင်းပေါ်နေသည့်သူမဘက်ကို ပြန်လှည့်သွား၏။

ထိုလူက ရုန်းကန်ဆဲ။သူ ဒူးထောက်ပြီးထကာရှိသေး ရှဲ့ရွှင်းက မျက်တောင်မခတ်ဘဲ ခေါင်းကို ဓားနှင့် ခုတ်လိုက်သည်။

သွေးများပန်းထွက်လာသည့်အသံလိုမျိုးကြားလိုက်ရပြီး ကျန်းရှုယောင် လေထဲတွင် သွေးနံ့များရနေသော်လည်း သူမ၏မှုန်ဝါးသောအမြင်က ရှဲ့ရွှင်း၏ရန်လိုသောမျက်နှာကိုသာ အာရုံစိုက်နေလေသည်။

သူမ၏ ခွန်အားမရှိခြင်းကို သူမ မုန်းတီးပြီး ရှဲ့ရွှင်း၏အကြည့်များက သူမလက်မောင်းပေါ်ကို ငေးစိုက်လာပြန်သောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် သူမ၏ လက်ကို နောက်သို့ ဖုံးကွယ်ထားခြင်းဖြစ်သည်။

ရှဲ့ရွှင်းက ရုတ်တရက် ရှေ့သို့ လျှောက်လာကာ မသိစိတ်ဖြင့် နောက်ပြန်ဆုတ်သွားသော သူမကိုဆွဲ၍ လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။

သူ့လေသံက ခါတိုင်းလို တုံးတိဖြစ်မနေပါဘဲ တုန်ယင်နေ၏။

"အဆင်ပြေရဲ့​လား"

သူမ၏မျက်လုံးများတွင် သူ့ရုံးတော်အဝတ်အစားများ၏ အရောင်တောက်တောက်သာရှိနေပြီး သူမနားတွင် သူ့ရင်ဘတ်မှ စူးရှစွာခုန်ပေါက်နေသော နှလုံးခုန်သံများသာရှိနေသည်။

ကျန်းရှုယောင်၏ ဆင်ခြင်တုံတရားသည် သူမစိတ်ထဲ ပြန်မရောက်သေးဘဲ သူမက မညစ်ညမ်းသွားကြောင်း မသိစိတ်က ရှင်းပြချင်သည်။ရှဲ့ရွှင်းအား သူ့ဇနီးကို ဖျက်ဆီးခံလိုက်ရပြီး မဖြူစင်တော့ဟု ထင်မှတ်သည့် ပဒေသရာဇ်လူတစ်မျိုးဖြစ်မည်ကို သူမကြောက်သည်။

"ကျွန်မ" ဟူသော စကားလုံးကို သူမပြောလိုက်သည်နှင့် ရှည်လျားသော ကြောက်ရွံ့မှုတစ်ပုံတစ်ပင်က ရုတ်တရက် သူမကို ကြေမွသွားစေသည်။ မျက်ရည်များ တလိမ့်လိမ့်လိမ့်ကျလာကာ သူမ ရှိုက်ကြီးတငင် ငိုနေမိသည်။

စူးရှသောအသံနှင့်အတူ သံဓားက မြေပြင်ပေါ်သို့ ကျသွားသည်။

ရှဲ့ရွှင်း သူ့ဓားကို လက်လွှတ်ရန် တွန့်ဆုတ်မနေဘဲ သူမကိုပဲ သူ့လက်မောင်းများကြားသို့ ပိုမိုနက်ရှိုင်းစွာပွေဖက်ထားလိုက်သည်။

ရှဲ့ရွှင်း ကျန်းရှုယောင်ကို လွှတ်လိုက်ပြီး စိုးရိမ်သောကများဖြင့် သူမမျက်နှာလေးကို အုပ်ကိုင်ထားမိသည်။ သူမ ယခုလို ရှိိုက်ကြီးတငင် ငိုနေသည်ကို မြင်​သောအခါ သူ ထိတ်လန့်သွား၏။

သူ့မျက်လုံးများက ကျန်းရှုယောင်၏ မျက်လုံးများနှင့် ဆုံသွားပြီး သူမ သူ၏နှစ်သိမ့်ပေးနေသော မျက်လုံးများအောက်တွင် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

ရှဲ့ရွှင်းက အလွန်ပေါ့ပါးသော လှုပ်ရှားမှုဖြင့် သူမ၏မျက်ရည်များကို သုတ်လိုက်သော်လည်း ကျန်းရှုယောင် သူတုန်ယင်နေသည်ကို ခံစားရဆဲဖြစ်သည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ လေထုထဲတွင် သွေးရနံ့တို့ ရှင်းရှင်းလင်းလင်း ရှုရှိုက်နေရပါသော်လည်း ထူးထူးခြားခြား စိတ်ငြိမ်သက်မှု ရှိနေသည်။

ကျန်းရှုယောင် အငိုရပ်သွား၏။ ရှဲ့ရွှင်း သူမ၏မျက်နှာမှ သူ့လက်ကို ဖယ်ထားသင့်သည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း သူက သူမမျက်နှာကို မေ့သွားသလိုပင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။

သူ၏လက်ဖဝါးများသည် ပူနွေးခြောက်သွေ့ကာ ကျန်းရှုယောင်၏ပါးပြင်များကို အနည်းငယ်ပူစေသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဖက်ထားဆဲ။ ကျန်းရှုယောင် ၎င်းကို သတိထားမိပြီး ကိုးရိုးကားယားဖြင့် သူ့ခါးမှာ ရစ်ပတ်ထားသော သူမလက်များကို ပြန်ဆွဲယူလိုက်၏။

ရှဲ့ရွှင်းက မတုံ့ပြန်သေးပေမဲ့ ရှဲ့ဖေးက တံခါးကနေ အမြန်ပြေးဝင်လာပြီး အော်သည်။

"တတိယယောက်မ...တတိယယောက်မ–"

သူမ ရုတ်တရက် စကားမပြောနိုင်ဖြစ်ကာ စိုးရိမ်သောကရောက်နေသောအမူအရာက သူမ၏မျက်နှာပေါ်တွင် အေးခဲသွားသည်။

ဤရှုထောင့်မှကြည့်လျှင် ကျန်းရှုယောင်က ရှဲ့ရွှင်းအား သာခွေယိုင် ပွေ့ဖက်ထားပြီး ရှဲ့ရွှင်းက သူမမျက်နှာကို ကိုင်ထားလျက်ရှိကာ မိမိမှာတစ်စုံတစ်ခုကို နှောက်ယှက်မိသွားသကဲ့သို့ပင်။

အစောင့်များသည် ရှဲ့ရွှင်းထက် နောက်ကျမှရောက်လာပြီး သူမနောက်သို့ လိုက်သွားကြသည်။ သူတို့ရှေ့ရှိ မြင်ကွင်းကိုမြင်ပြီးနောက်တွင်သူတို့လည်းလည်း အေးခဲသွားသည်။

ရှဲ့ဖေး လှည့်ကြည့်လိုက်သောအခါ မျက်လုံးပြူးကျယ်ပြီး ထူးဆန်းသည့်အမူအရာတွေနှင့် လူအုပ်စုတစ်စုကို တွေ့လိုက်ကာ ရက်ရက်စက်စက် ပြောလိုက်၏။

"မကြည့်နဲ့... မျက်လုံးမှိတ်ထားးး..."

ထို့နောက် ခေါင်းကို လှည့်ကာ ပွေ့ဖက်နေသော လူနှစ်ယောက်အား အားမပါစွာပြောလိုက်သည်။

"အရင်ထွက်ရအောင်..."

ခြေထောက်ကို မြှောက်လိုက်သည်နှင့် သူမကို ရှဲ့ရွှင်းက တားလိုက်သည်။

"ခဏ...အဝတ်တစ်ထည်နဲ့ ပြန်လာခဲ့"

ရှဲ့ဖေး ထိတ်လန့်သွားသည်။ ကျန်းရှုယောင်ကို ကြည့်လိုက်သောအခါ သူမဝတ်ရုံလက်တစ်ခုတည်းသာ ပြဲနေသည်ကို တွေ့လိုက်ရပြီး စိတ်သက်သာရာ ရသွား၏။

ခဏကြာပြီးနောက် မြို့စားရှဲ့အိမ်တော်မှ ရထားလုံးသည် အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသည်။ ရှဲ့ဖေး ရထားလုံးပေါ်မှအဝတ်အစားအချို့ကိုယူ၍ပြန်လာပြီးနောက် နှစ်ယောက်သားက ထွေးဖက်ထားခြင်းမရှိတော့သော်လည်း ရှဲ့ရွှင်းက အလောင်းကို ကျန်းရှုယောင် မြင်ရမည်ကို စိုးသဖြင့် သူမ၏အမြင်ကနေပိတ်ဆို့ထား၏။

ရှဲ့ဖေးက လျှောက်လာပြီး ရှဲ့ရွှင်းကို ဝတ်ရုံတစ်ထည် ပေးလိုက်သည်။ ရှဲ့ရွှင်း ကျန်းရှုယောင်ကို ဝတ်ရုံနှင့်ထုပ်ပြီး သူမကို ကူတွဲလာခဲ့သည်။

ကျန်းရှုယောင်က ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ထိတ်လန့်သွားရုံဖြစ်သော်လည်း ရှဲ့ရွှင်းက လဲကျမည်ကို စိုးရိမ်သောကြောင့် သူမအား သူ့လက်ဖြင့် ကာကွယ်ထားဆဲဖြစ်သည်။

သူက ကျန်းရှုယောင် ရထားလုံးပေါ်သို့ ဂရုတစိုက် စောင့်ကြပ်ကာတ​င်ပေးခဲ့ပြီး သူတက်ခါနီးတွင် ရှဲ့ရွှင်းက ရုတ်တရက် သူ့ကိုတားလာခဲ့သည်။

ရှဲ့ရွှင်းက သူ့ခေါင်းကို လှည့်ပြီး စကားပြောရန် အမူအရာပြလိုက်၏။

ရှဲ့ဖေးက စကားတန်းမစဘဲ သူ့ကို ဘေးဆွဲခေါ်ပြီးမှတီးတိုးဆိုလေသည်။

"တတိယအစ်ကို...ညီမအသက်ကို တတိယယောက်မ ကယ်ခဲ့တာ"

ရှဲ့ရွှင်း သူမစကားကြားသောအခါ ခေါင်းညိတ်လိုက်ပြီး ထိုအချိန်က ကျန်းရှုယောင် မည်မျှကြောက်နေမည်ကို သူမတွေးနိုင်ပေ။ သူ သူ့စိတ်ထဲရှိ တင်းမာမှုကို မျိုသိပ်ပြီးပြောလိုက်၏။

"သူက ငါတို့ရှဲ့မိသားစုကို ကြင်နာတယ်ဆိုတာ ငါနားလည်ပါတယ်"

သူမျက်မှောင်ကြုတ်နေသည်ကိုမြင်သောအခါ ရှဲ့ဖေးက စိတ်မသက်မသာဖြစ်ပြီး သူ့ဝတ်ရုံလက်များကို ဆွဲကာပြောလိုက်သည်။

"အစ်ကို...တတိယယောက်မ အဆင်ပြေရင် စိတ်ထဲမရှိဘူးမလား... ငါတို့လို မိန်းမတွေက နာမည်ဆိုးရလိမ့်မယ်ဆိုတာ ငါသိတယ်...ဒါပေမဲ့ ဘာလို့လဲ...ငါတို့က အပြစ်ကင်းတယ်လေ... ခံရထိုက်တဲ့သူတွေက ဓားပြတွေပဲ...တတိယယောက်မက ငါ့အတွက်သာမဟုတ်ရင် ဒီအဆင့်ကို ရောက်မှာမဟုတ်ဘူး"

ရှဲ့ရွှင်းက ပြန်မဖြေဘဲ တူညီသည့်အမူအယာရှိနေတုန်းပါပင်။

ရှဲ့ဖေး ပို၍ပင် စိုးရိမ်လာပြီး နှုတ်ကထွက်မိသွားသည်။

"တတိယယောက်မကို ထားခဲ့ရင် ငါ...ငါ....."

သူမ သူ့ကိုခြိမ်းခြောက်ရရန် မမျှော်လင့်ထားသောကြောင့် ယခုလိုသာပြောနိုင်လေသည်။
"ငါ အစ်ကိုနဲ့သေချာပေါက်စာရင်းရှင်းမယ်"

သူမက ရှဲ့ရွှင်းကို ဒေါသတကြီးစိုက်ကြည့်နေသည်။

တစ်စက္ကန့်အကြာတွင် နောက်ဆုံး၍ ရှဲ့ရွှင်း၏အမူအရာပြောင်းသွားသည်။

သူက မျက်ခုံးမွှေးတွေကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး မျက်လုံးတွေ အနည်းငယ်ပြူးသွား၏။ နောက်ဆုံးတွင် သူ၏ ပုံမှန် အေးစက်သော မျက်နှာသည် ဖြည်းညှင်းစွာ စိတ်ပျက်လက်ပျက် ဖြစ်မှုအဖြစ်​ပြောင်းလဲသွားသည်။

"မင်း ဘယ်အကြောင်းပြောနေတာလဲ"
သူကပြော၏။

ရှဲ့ဖေး ယခုနလေးကပင် စိုးရိမ်နေသေးကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားသော်လည်း ယခုအချိန်တွင် သူမစိတ်တွေ ကပြောင်းကပြန်ဖြစ်နေသလို ခံစားရသည်။ သူမရဲ့တတိယမြောက်အစ်ကိုက သူ အေးစက်မနေတဲ့အချိန်က ဒီလိုပုံပေါ့...ဆိုတော့ သူက အမူအရာထုတ်ပြဖို့ ပျင်းလွန်းနေတာပေါ့လေ...

ရှဲ့ဖေး သူ့ကို ဘယ်လိုပြန်ပြောရမှန်းကို မသိတော့ပေ။
"အစ်ကိုစိတ်ထဲရှိလား"

"ငါကဘာစိတ်​ထဲရှိတာလဲ"

"တတိယယောက်မ... သူက ပြန်ပေးဆွဲခံရပြီး လူဆိုးနဲ့ တစ်ခန်းတည်းနေရ....."

ရှဲ့ဖေး နောက်ပိုင်းတွင် သူမဆိုလိုသည်ကို သဘောပေါက်ပြီး ရှဲ့ဖေး ၏ စကားများကို ဖြတ်ပြောလိုက်၏။

"ဘာလို့ စိတ်ထဲရှိရမှာလဲ"

စကားပြောပြီးနောက် သူက အေးစက်သောမျက်နှာကို တပ်ဆင်ကာ အံကြိတ်၍ဆိုလေသည်။

"ဒီကိစ္စက ငါ့ရဲ့ ပေါ့ဆမှုကြောင့်...အခုတလော ပေကျင်းမြို့ဆင်ခြေဖုံးမှာတောင် မလုံခြုံတော့တာကို ငါက ဆုတောင်းဖို့အပြင်ထွက်ခွင့်ပြုခဲ့မိတာ"

သူက ဒေါသကို ဖိနှိပ်ကာ အနည်းငယ် ငြိမ်သက်သွားပြီးဆိုလိုက်၏။

"ဒါကြောင့် မင်း တခြားလူတွေကို သိခွင့်ပြုလို့မရဘူး...ငါ ဂရုစိုက်လိုက်မယ်"

ထို့နောက် ရှဲ့ဖေးက သူ့ကို ဗြောင်ကျကျ စိုက်ကြည့်သည်။ ရှဲ့ဖေးက သူ့ကို အခုလေးတင် ကျန်းရှုယောင်အတွက်နှင့် ခြိမ်းခြောက်ခဲ့သည်ကို သတိရပြီး သူမကို ညင်သာစွာ ရှင်းပြလိုက်၏။

"သူ့ရဲ့ နာမည်ဂုဏ်သတင်း အသရေပျက်သွားတယ်လို့ ငါမထင်ပါဘူး... ငါ သူ့ကို လူပြောလည်းမခံစေချင်ဘူး...မင်းစိတ်ပူစရာမလိုဘူး"

ရှဲ့ဖေး သူ့တတိယမြောက်အစ်ကို ဤမျှလောက် စကားပြောသည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ကြောင်တောင်တောင် ခေါင်းညိတ်ပြလိုက်သည်။

ရှဲ့ရွှင်းက နောက်လှည့်၍ ရထားလုံးဆီသို့ လျှောက်သွားလေ၏။

ရှဲ့ဖေး သူလျှောက်သွားသည်ကို လှမ်းကြည့်လိုက်သည်။သူမအကြည့်များက သူလဲရန် ဂရုမစိုက်သည့် အရာရှိဝတ်ရုံကို စိုက်ကြည့်ရင်း ဝသီပါနေသော သူမ မျက်ခုံးမွှေးတို့ အချိန်အတော်ကြာအောင် ပင့်သွား၏။

"အစ်ကိုပိုကောင်းပေးရမယ်...မဟုတ်ရင် ...ဟမ့်"



ကျန်းရှုယောင် ရထားလုံးပေါ်တွင်အောင်းနေပြီး ရှဲ့ရွှင်းက ဝင်လာကာ လေနုအေးကို ယူဆောင်လာသည်။

သူက ကျန်းရှုယောင်ဘေးမှာ အမှုထမ်းနေသောအစေခံကို ရထားပေါ်မှဆင်းခိုင်းရန် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမဘေးမှာ ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်၏။


ကျန်းရှုယောင် မျက်လုံးမှိတ်ပြီး အနားယူနေလေသည်။ ဆူညံသံကြားပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။

ရှဲ့ရွှင်းကမေးသည်။

"ဘာဖြစ်နေတာလဲ... ဘယ်နေရာမှာ အဆင်မပြေဖြစ်နေလို့လဲ"

ကျန်းရှုယောင်က ခေါင်းခါလိုက်သည်။

သူက ရေနွေးအိုးကို လှမ်းကိုင်လိုက်ပြီး "လက်ဖက်ရည်ပူပူသောက်မလား"

ကျန်းရှုယောင်က ခေါင်းခါနေဆဲ။

ရှဲ့ရွှင်း သူမက အလွန်အားနည်းနေပုံရသည်ကိုမြင်လိုက်သောအခါတွင် သူ၏နှလုံးသား ပို၍မသက်မသာဖြစ်လာပြီး နှုတ်ခမ်းတို့တင်းတင်းစေ့သွား၏။

ကျန်းရှုယောင် သူ့ထံမှ ထွက်လာသော မကျေနပ်မှုကို ခံစားရပြီး ရှဲ့ဖေး၏ စိုးရိမ်ပူပန်မှုများကို တွေးကြည့်သောအခါ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။

ရှဲ့ရွှင်း ထင်မြင်ချက်ကို ဂရုမစိုက်ရန် သူမကိုယ်သူမဖျောင်းဖျပေမဲ့ ဖျောင်းဖျလေလေ သူမစိုးရိမ်လေလေပါပင်။ နောက်ဆုံးတွင် သူမ ရှဲ့ရွှင်းနှင့် ဝေးသော ထောင့်တစ်နေရာသို့ ကျုံ့သွားခဲ့သည်။

၎င်းကိုမြင်ပြီးနောက် ရှဲ့ရွှင်း၏လေသံက နူးညံ့သိမ်မွေ့လာပြီး သူမကိုထိတ်လန့်ကြောက်ရွံ့စေမှာစိုးသောကြောင့်ပြောလိုက်၏။

"အဆင်ပြေပါတယ်...မကြောက်ပါနဲ့"

ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုထားသည်။

ရှဲ့ရွှင်း သူမထံသို့ မချဉ်းကပ်ဝံ့တော့ဘဲ တိတ်တိတ်လေး ထိုင်နေလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူက လူငယ်တစ်ယောက်ဖြစ်၏။ သူအတော်လေး စိတ်မသက်မသာဖြစ်ပြီး စကားတစ်ခွန်းမှကိုမထိန်းနိုင်လိုက်။ခဏအကြာတွင် သူက ရုတ်တရက်ပြောလိုက်၏။ "တောင်းပန်ပါတယ်"

မစဉ်းစားဘဲ တောင်းပန်မှုတစ်ခုကြောင့် ကျန်းရှုယောင် သူ့ကို မော့ကြည့်လိုက်သည်။

"ငါ မင်းကို ကာကွယ်ပေးမယ်လို့ ငါပြောခဲ့တယ်... ဒါပေမဲ့ မင်းကို ဒီလိုအဖြစ်မျိုး ခံစားစေရတုန်းပဲ"
သူက ခေါင်းငုံ့ပြီး ကျန်းရှုယောင်ကို မကြည့်ဝံ့။

ကျန်းရှုယောင် သူ၏နက်မှောင်သောဦးထိပ်ကိုကြည့်ကာ သူဘာကိုဆိုလိုသည်ကို သူမနားမလည်မီ စက္ကန့်အနည်းငယ်ကြာခဲ့သည်။

ထိုအချိန်တုန်းကလည်း သူမ ရထားလုံးပေါ်၌ ရှိနေသည်ကို သတိရမိသည်။လင်းရှီ၏ကိစ္စတွေ ကြောင့် သူမ အလွန်ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေခဲ့၏။ သူမ၏ခါးသီးမှုတွေကို သွန်ချပြီးနောက် ရှဲ့ရွှင်းက ယခုလိုမျိုးပြောခဲ့သည်–"ငါ မင်းကို ကာကွယ်ပေးမယ်"

ထိုအချိန်တုန်းက သူမအလွန်စိတ်မကောင်းဖြစ်နေပြီး စိတ်ထဲမထည့်ခဲ့ပေ။ အချိန်အတော်ကြာပြီးနောက် သူမ ရှဲ့ရွှင်း၏စကားကို မေ့သွားခဲ့သည်။

ရှဲ့ရွှင်း အတွက် ဒါက ပေါ့ပေါ့ပါးပါး နှစ်သိမ့်မှုတစ်ခု မဟုတ်ဘဲ ကတိတစ်ခုလား...

ရုတ်တရက် မြေပြင်မှ စိမ်းလန်းသော အညှောက် တစ်ခုထွက်လာသကဲ့သို့ သူမ၏ နှလုံးသား ထိပ်ဖျားတွင် ထုံကျင်ကာ ယားယံလာသည်။

ထိုထူးဆန်းသောခံစားချက်ကို မျိုသိပ်ထားရင်း ကျန်းရှုယောင် အဖြစ်အပျက်ကို အလွန်အကျွံမတွေးရန် သူမကိုယ်သူမ သတိပေးခဲ့သည်။ ကျိုးရှီနဲ့လင်းရှီက လုံလောက်အောင် စိတ်မချမ်းမြေ့စရာမကောင်းလို့လား... မိန်းကလေးတစ်ယောက်အနေနဲ့ နှောင့်နှေးမနေစေဖို့ ကိုယ့်နှလုံးသားကိုထိန်းထားရမယ်...

ရှဲ့ရွှင်းက ထိုစကားများကို ပြောပြီးနောက် စကားမပြောတော့ပေ။ သူတို့နှစ်ယောက်သည် မြို့စားရှဲ့အိမ်တော်သို့ တိတ်ဆိတ်စွာ ပြန်သွားကြသည်။ ကျန်းရှုယောင် ရေချိုးပြီး အဝတ်အစားလဲပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ အိပ်မောကျ သွားခဲ့သည်။

ညနေစောင်းမှ နိုးလာပြီး သူမ အနားယူနေသောကြောင့် အစေခံများက မီးမထွန်းကြပေ။

သူမ ခေါ်လိုက်ပြီးနောက် ပိုင်ကျီက အပြင်​မှဝင်​လာသည်​။ သူမက အိပ်ရာကန့်လန့်ကာကို ချည်နှောင်ကာ ကူရှင်တစ်ခုကိုသူမအနောက်တွင် သွင်းကာ ကျန်းရှုယောင် ထထိုင်မည်ကို စောင့်ဆိုင်းနေခဲ့သည်။


ပိုင်ကျီက အမြဲသစ္စာရှိခဲ့သည်။ သူမ တစ်ခုခုဖြစ်ခဲ့သည်ကိုသာသိပါက စိုးရိမ်ပူပန်နေလိမ့်မည်ဖြစ်သော်လည်း ကျန်းရှုယောင် ပိုင်ကျီ၏မျက်နှာပေါ်တွင် စိုးရိမ်မှုတစ်စုံတစ်ရာကို မတွေ့မြင်ရပေ။

သူမမျက်နှာကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ပိုင်ကျီက မနေနိုင်ဘဲ သူမလက်များကိုအချင်းချင်းပွတ်သပ်ရင်းပြောလိုက်၏။

"သခင်မလေး... ဒီအစေခံရဲ့မျက်နှာမှာ တစ်ခုခုရှိနေလို့လား"

ကျန်းရှုယောင်က ခေါင်းခါပြီး “သိလား…..”ဟု ချီတုံချတုံနှင့် မေးလိုက်သည်။ တစ်ဝက်လောက်ပြောပြီးနောက် သူမ ပြန်ထိန်းထားလိုက်၏။

ပိုင်ကျီက သူမ တစ်ခုခုမှားနေပြီဆိုသည်ကို သတိမထားမိပေ။ ဝင်လာကတည်းက သူမမျက်နှာပေါ်က အပြုံးတွေက ပျောက်ကွယ်မသွားသေးချေ။ မျက်လုံးတွေက လခြမ်းလေးတွေလိုကွေးပြီး "သခင်မလေး ဗိုက်ဆာနေလား" ဟု ရွှင်မြူးစွာ မေးလိုက်သည်။

ကျန်းရှုယောင် အနည်းငယ် ဗိုက်ဆာနေ၏။ သူမက ခေါင်းညိတ်ပြီး
"ယာဂု သောက်ချင်တယ်"

ထိုစကားကိုကြားပြီးနောက် ပိုင်ကျီ၏မျက်နှာပေါ်ရှိ အပြုံးက သာ၍ပင်ဆိုးလာပြီး "ကောင်းပြီ...ဒါဆို ယာဂုပေါ့ "ဟု ​ပြောပြီး​နောက်​ ဦးညွှတ်​ပြီး အခန်းထဲက ထွက်​သွားသည်။

ကျန်းရှုယောင် တစ်ကိုယ်လုံး နာကျင်နေပြီး ယနေ့ ထိတ်လန့်မှုကြောင့် သူမ၏ ခွန်အားများ ဆုံးရှုံးသွားသဖြင့် ကူရှင်ပေါ်တွင် ရိုးရိုးသာ မှီလိုက်လိုက်ကာ မထချင်တော့ပေ။

ခဏအကြာတွင် အပြင်ဘက်မှ ခြေသံများထွက်လာသည်။

ပိုင်ကျီ ပြန်ရောက်လာသည်။ မီးဖိုချောင်က ယာဂုကို နွှေးနေပုံရ၏။

သူမ မော့ကြည့်လိုက်သော်လည်း ရှဲ့ရွှင်းက ယာဂုနှင့်အတူ ဝင်လာသည်ကို မြင်လိုက်ရသည်။

ကျန်းရှုယောင် အံ့ဩသွားသည်။

ရှဲ့ရွှင်းက ကုတင်ဘေးရှိ စားပွဲနိမ့်လေးပေါ်တွင် ညစာဗန်းကို တင်လိုက်ပြီး ကျန်းရှုယောင်၏ အမူအရာ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် သူ စိတ်သက်သာရာ ရသွား၏။

"ဘာလို့ဒီကိုရောက်နေတာလဲ ...ပိုင်ကျီရော..."
ကျန်းရှုယောင် အံ့သြစွာမေးလိုက်သည်။

ရှဲ့ရွှင်းက တုံ့ဆိုင်းနေပြီး အကြောင်းအရာကို ပြောင်းလိုက်ပြီးပြော၏။

"ငါတို့ အစေခံကိုဝင်လာပြီး မင်းကိုယာဂုကျွေးခိုင်းရမလား"

"မဟုတ်ဘူး... ကျွန်မလက် မနာဘူး"
သူမက ရုတ်တရက် နဖူးကို ပုတ်ပြီးထိတ်လန့်တကြား ပြောလိုက်သည်။
"ဒုတိယယောက်မ ဘယ်လိုနေလဲ...ဒဏ်ရာရသွားလား"

"ဒုတိယမရီးက ဓါးနဲ့ခိုက်မိသွားပေမဲ့ သမားတော်က အဆင်ပြေပါတယ်တဲ့"

ကျန်းရှုယောင် စိတ်ပူနေသည်ကိုမြင်သောအခါ သူက သေသေချာချာ ဖြေလိုက်သည်။

"သူ့ရဲ့ခြေထောက် ဒဏ်ရာရသွားပေမဲ့ ရှရာက မနက်ပါဘူး"


Xxxxxx