🧶 Chapter 12
ကျွန်တော်က ကြည့်အကောင်းဆုံးဖြစ်လို့လေ
ရွှီကျိကမူ လိထျင်း ဖောက်ပြန်သည်ဖြစ်စေ အခြားသောယောက်ျား သို့မဟုတ်အခြားအမျိုးသမီးတစ်ဦးဦးနှင့်အတူတူ တစ်အိပ်ရာတည်းတွင် အတူနိုးထကြသည်ဖြစ်စေ ဂရုမစိုက်ပေ။
သူ ဂရုစိုက်သည်က လိထျင်း တစ်စုံတစ်ယောက်ကို အိမ်ခေါ်လာသည်ဟူသော အချက်ပင်။ ၎င်းမှာ သူ၏ အိမ်ဖြစ်သည်။ လက်ရှိအခြေအနေမှာ လိထျင်းနှင့်အခြားလူတစ်ဦးက သူ၏ အိပ်ရာပေါ်တွင် နိုးထလာကြမည်ဟူသော အချက်ပင်။
ယင်းမှာ သူစိမ်းတစ်ဦးက အခြားသူစိမ်းတစ်ဦးကို သူ၏အိပ်ရာပေါ်သို့ ခေါ်လာခြင်းနှင့် အတူတူပင်။
ထိုအကြောင်းကို တွေးလိုက်သည်နှင့် ရွှီကျိမှာ ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာသည်။ သူက ကျိဖန်းချီအား အလျင်အမြန် ပြောလိုက်သည်။
“မင်း အနားမှာနေပြီး သူတို့ကို စောင့်ကြည့်ထား… လိထျင်းနဲ့ အဲ့ဒီမိန်းမကို ထွက်မသွားစေနဲ့ ငါ ချက်ချင်း ပြန်လာခဲ့မယ်…”
ဤတစ်ကြိမ်တွင် ကွာရှင်းမည့် စိတ်ကူးက ယခင်ထက်ပင် ခိုင်မာနေ၏။ လိထျင်းသာ တကယ်ပင် တစ်စုံတစ်ဦးကို အိမ်သို့ခေါ်ဆောင်လာပါက မည်သည့်အကြောင်းပြချက်ကြောင့်ပင်ဖြစ် သူ နားထောင်တော့မည် မဟုတ်ပေ။
ရွှီကျိက အိမ်ရှိ ဆိုဖာကို မတွေးဘဲ မနေနိုင်တော့ပေ။ သူ ပင်ပန်းနွမ်းနယ်သလိုခံစားရတိုင်း ထိုဆိုဖာပေါ်တွင် အိပ်တတ်သည်။ ယခု လိထျင်းနှင့် အနှီသူစိမ်းလူက ထိုဆိုဖာပေါ်တွင် ရှိနေပြီး ၎င်းကို စိုစွတ်အောင်လုပ်ကာ ညစ်ပတ်စေခြင်းရှိမရှိကို မည်သူမှ မသိနိုင်ပေ။
သူ၏ရင်ဘတ်ကို အုပ်ကာလိုက်ရင်း ပျို့အန်ချင်သည့် စိတ်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက သူ၏လည်ချောင်းအထက်သို့ ဆန်တက်လာပြီး အန်လုနီးပါး ဖြစ်သွားသည်။
ယာဉ်မောင်းက သူ၏တိုက်တွန်းမှုကြောင့် တစ်နာရီကြာ ခရီးကို မိနစ်လေးဆယ်အထိ လျှော့ချလိုက်သည်။ သူက အတော်လေးကွာဝေးသည့် နေရာတွင် ဆင်းလိုက်၏။ ထိုအခါ ကျိဖန်းချီတစ်ယောက် ပန်းခြုံနောက်တွင် ပုန်းအောင်းကာ အလွန်အလေးအနက်ထား၍ စူးစမ်းနေသည်ကို မြင်လိုက်ရသည်။
ရွှီကျိက ကျိဖန်းချီ၏ ခေါင်းကို နောက်မှနေ၍ အားဖြင့် ပုတ်လိုက်သည်။
"ကျေးဇူးပဲ ညီလေး… ညစာ ငါကျွေးမယ်…"
ကျိဖန်းချီတစ်ယောက် လန့်သွားသည်။ ဤမှုန်မှိုင်းနေသည့်အသံမှာ ငရဲ၏ ၁၈ ထပ်မြောက်မှ ထွက်ပေါ်လာသကဲ့သို့။ သူ ရွှီကျိ၏ကျောပြင်ကို ကြည့်လိုက်ချိန်တွင် ထိုသူ့ထံမှ အနက်ရောင်အခိုးအငွေ့များ ထွက်လာသလို ထင်သွားရသည်။ ရွှီကျိက လူသတ်ချင်စိတ်ဖြင့် ခြံဝန်းလှေကားများကို တစ်ထစ်ချင်း နင်းတက်သွားပြီး ခြေလှမ်းတိုင်းမှာ အောက်ရှိကျောက်ပြားများကို ကျိုးကြေစေတော့မည့်အတိုင်း။
ကျိဖန်းချီက လေသံလေးဖြင့်ပြောလိုက်သည်။
“ကော မင်းဘာလို့ အရင်ဆုံး စိတ်မလျှော့တာလဲ… အိမ်တွင်းအကြမ်းဖက်လို့မရဘူးနော် မင်း အဖမ်းရပြီး အစစ်ဆေးခံရလိမ့်မယ်…”
ရွှီကျိက မကြားချင်ယောင်သာ ဆောင်နေလိုက်သည်။ သူက လျှို့ဝှက်နံပါတ်ကို အမြန်ရိုက်ထည့်ပြီး တံခါးကို အားအင်အပြည့်ဖြင့် ဆွဲဖွင့်လိုက်သည်။
ဒုန်း…
သူ့နောက်မှ တံခါး ပိတ်သွားသည်။
“ဂိမ်းပြီးဆုံးသွားပါပြီ~”
ခြောက်ကပ်ကပ် စက်သံက ဗလာကျင်းနေသော ဧည့်ခန်းထဲတွင် ထပ်မံထွက်ပေါ်လာသည်။
ဂိမ်းစက်က ဆိုဖာပေါ်တွင် ကျနေသည်မှာ ကြာပြီဖြစ်၏။ လိထျင်းနှင့် တံခါးဝတွင်ရှိနေသော ရွှီကျိတို့ တစ်ယောက်ကိုတစ်ယောက် မည်မျှကြာသည်အထိ စိုက်ကြည့်နေမိကြသည်ကို မသိတော့ပေ။ သူ၏ပါးစပ်မှာ အနည်းငယ်ပွင့်ဟနေပြီး သူ၏လှပသောမျက်နှာလေးထက်တွင် စိတ်ရှုပ်ထွေးနေဟန်ရသည့် လက္ခဏာအချို့ ရှားရှားပါးပါး ပေါ်ထွက်လာသည်။
ရွှီကျိသည်လည်း ထိုနေရာတွင် မှင်သက်နေခဲ့သည်။ သူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖောက်ပြန်မှုကိုဖမ်းရန်နှင့် နောက်ဆက်တွဲအနေဖြင့် ပျော်ရွှင်စွာကွာရှင်းနိုင်ရန် အတင်းဝင်ရောက်ခဲ့ခြင်းပင်။ ထိုသူနှစ်ဦးသားက ဧည့်ခန်း သို့မဟုတ် အိပ်ခန်းထဲတွင် ရှိနေလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူတို့အနေဖြင့် အိပ်ခန်းထဲတွင် ရှိနေနိုင်ခြေပိုများသည်ကို သိလိုက်ရ၏။ ထို့ကြောင့် အစပိုင်းတွင် သူက ဧည့်ခန်းကို ဂရုမစိုက်လိုက်ပေ။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ဧည့်ခန်းထဲတွင်ရှိသော လိထျင်းနှင့် သူမျက်လုံးချင်းဆုံသွားရသည်။
အိပ်ရာပေါ်တွင် လှဲနေရမည့် ဇာတ်ဆောင်က သက်တောင့်သက်သာရှိမည့် ပေါ့ပေါ့ပါးပါး အဝတ်အစားများဖြင့် ဆိုဖာပေါ်တွင် လှဲလျောင်းနေသည်။ သူ၏ခြေထောက်များကို သူရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် တင်ထားသည်။ ဘောင်းဘီပွပွကြီးက သူ၏ ခြေသလုံးအထိ လျှောကျနေပြီး ရှည်လျားပြီး ဖြူဖွေးနေသော ခြေတံကိုဖော်ပြ၍နေ၏။
ပြင်းထန်ပြီး တင်းမာနေသည့်စိတ်ပိုင်းဆိုင်ရာအခြေအနေထဲတွင် သူယုံကြည်ထားသည့် အချက်အလက်များကြောင့် သတိလက်လွတ်ဖြစ်သွားပြီး အလျင်အမြန် မတုံ့ပြန်နိုင်ခဲ့ပေ။
သူတို့နှစ်ဦးစလုံး မလှုပ်မရှားဖြင့် တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ စိုက်ကြည့်နေမိကြသည်။
"ဘ...ဘာဖြစ်နေတာလဲ…"
နေရခက်နေသည့် အငွေ့အသက်ကို ကွမ်တုံးလေသံတစ်ခုက ရုတ်တရက် ဝင်ပြောကာကာ ဖျက်ဆီးလိုက်သည်။
ထိုအခါမှ ရွှီကျိသည်လည်း မှင်သက်နေရာမှ သတိပြန်ဝင်လာပြီး မီးဖိုချောင်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ အနည်းဆုံး အသက်လေးဆယ်ခန့်ရှိပုံရသည့် အမျိုးသမီးတစ်ဦးက အဝတ်စတစ်ခုကို ကိုင်ထားပြီး သူတို့ကို မျက်လုံးပြူးလျက် ကြည့်နေသည်။ သူမက မေးလာသည်။
"မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သိတာလား မသိတာလားဟင်… သန့်ရှင်းရေးက ဆက်လုပ်ရမှာလား…"
ရွှီကျိမှာ သူ၏IQအမှတ် ၁၀၀မျှ လျော့ကျသွားလျှင်ပင် ယင်းက နားလည်မှုလွဲခြင်းဖြစ်သည်ကို သိ၏။ သူက အမျိုးသမီးအား ပါးစပ်ထဲရှိသမျှစကားလုံးတို့ကို ပြောလိုက်လေသည်။
"ဒီနေ့တော့ မလိုတော့ဘူး… တောင်းပန်ပါတယ် ခင်ဗျားရဲ့ လုပ်အားခတော့ ရမှာပါ…"
လိထျင်းလည်း သတိပြန်ဝင်လာသည်။ သူက ထရပ်လိုက်ပြီး သူ့စိတ်တို့က လျင်မြန်စွာလှုပ်ရှားသွားကာ တတိယအကြိမ်မြောက် အကြောင်းပြချက်တစ်ခုခုကို ရှာဖွေရန် ကြိုးစားနေလိုက်၏။
အမျိုးသမီးက အလျင်အမြန်ပင် ထွက်သွားသည်။ စောစောက ရှုပ်ထွေးသည့် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သော်လည်း ရွှီကျိမှာ တည်ငြိမ်နေသည်။ သူက ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး ပြောလိုက်သည်။
"ရှင်းပြ…"
သို့သော်လည်း လိထျင်း၏ အမြင်တွင် ယင်းက မုန်တိုင်းမလာမီ တည်ငြိမ်နေခြင်းသာ။ သူက အနည်းငယ် ပွနေသောဆံပင်များကို နောက်သို့ သပ်တင်လိုက်ပြီး ရွှီကျိ၏ တင်းမာနေသည့် စိတ်ခံစားချက်အဆင့်ကို ခန့်မှန်းကာ တွန့်ဆုတ်ဆုတ်ဖြင့် ပြောလာသည်။
"ကျွန်တော် ဒီရက်ပိုင်း တကယ်ကို အလုပ်များနေခဲ့တာလေ... ဒါပေမဲ့ အိမ်ကိုတော့ သန့်ရှင်းအောင် ထားရမှာမို့လို့ ကျွန်တော်..."
သူ စကားမဆုံးခင်မှာပင် ရွှီကျိက ထရပ်လိုက်သည်။ သူ၏မျက်လုံးများမှာ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသည်။ သူနှင့်မသက်ဆိုင်သော သက်မဲ့အရာဝတ္ထုတစ်ခုကို ကြည့်နေသကဲ့သို့ လိထျင်းကို ငုံ့ကြည့်လိုက်သည်။
သူ၏အမူအရာများက လိထျင်းကို 'သူနှင့်အတူ အိမ်ထောင်သည်အဖြစ် ဟန်ဆောင်ကစားချင်သည့်တိုင် ယခုမူအလွန်ပျင်းစရာကောင်းသည်ကို တွေ့လိုက်ရသဖြင့် ဆက်ကစားလိုစိတ်မရှိတော့'ဟူ၍ ပြောပြနေသည်။
ရွှီကျိက တည်ငြိမ်စွာပင် ကြေညာလိုက်သည်။
"ငါ ငါ့မိဘတွေကို ကွာရှင်းမဲ့အကြောင်း ပြောလိုက်မယ်… ပြီးတော့ ကွာရှင်းရတဲ့အကြောင်းရင်းကိုလည်း သူတို့ကို ပြောပြမှာပဲ မင်း သုံးရက်အတွင်း ငါ့အိမ်ကနေ ပြောင်းသွား…"
လိထျင်းမှာ လိမ်လည်၍ ရှောင်ထွက်၍မရတော့သဖြင့် ပထမဆုံးအကြိမ်အဖြစ် ရွှီကျိအရှေ့တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူ ပုံမှန်ပြုံးနေကျ အပြုံးကို ဖယ်ရှားလိုက်ရာ သူ၏နှုတ်ခမ်းထောင့်စွန်းများက အောက်သို့ကွေးကျသွားသည်။ သူက ခေါင်းကိုမော့ကာ မျက်လွှာပင့်လိုက်ချိန်တွင် သူ့မျက်လုံးထောင့်စွန်းများက ပင့်တက်သွားသည်။ ယင်းက မြေခွေးနှင့်မတူဘဲ အဆိပ်ပြင်းသော ကင်းမြီးကောက်နှင့် ပိုတူသည်။ သူ၏မျက်နှာတစ်ခုလုံးက အေးစက်နေသော်လည်း လှပနေဆဲသာ။
ရွှီကျိအတွက်မူ လိထျင်း၏မျက်နှာထက်မှ အေးစက်စက်အမူအရာမှာ သူ၏အပြုံးထက် ပို၍ကြည့်ကောင်းနေသည်ကို တွေ့ရှိလိုက်ရသည်။ သူ ချက်ချင်း ထွက်သွားရန်ပြုလိုက်စဥ်...
"ကျွန်တော် ရိုးရိုးသားသား ပြောပြမယ်…"
လိထျင်းက ပြောရင်း သူ၏ရှပ်အင်္ကျီကို ဆွဲကိုင်လာ၏။
ရွှီကျိက သူ့လက်ကိုခါချလိုက်ပြီး ထေ့ငေါ့ကာ ပြောလိုက်သည်။
"မင်းအတွက် နောက်ထပ်အခွင့်အရေး မရှိတော့ဘူး ငါ မကြားချင်ဘူး…"
လိထျင်းက ဆက်ပြောလာသည်။
"အစကနေ အဆုံးထိ အိမ်ကို သန့်ရှင်းရေးလုပ်တဲ့ အန်တီကပဲ ဂရုစိုက်ပေးခဲ့တာပါ… ပြီးတော့ ကျွန်တော် ခင်ဗျားအခန်းထဲကို ဘယ်တုန်းကမှ မဝင်ခဲ့ဖူးပါဘူး…"
ရွှီကျိတွင် နားထောင်ရန် ရည်ရွယ်ချက်မရှိပေ။ သူက တံခါးထံသို့ လျင်မြန်စွာ လျှောက်သွားကာ တံခါးလက်ကိုင်ကို လှည့်၍ ဖွင့်လိုက်သည်။ အပြင်ဘက်မှ အလင်းရောင်မှာ မျက်စိစူးလောက်အောင် တောက်ပနေပြီး သူ၏ပန်းပုကဲ့သို့သော ပြီးပြည့်စုံသည့် မျက်နှာသွင်ပြင်ထက်သို့ ရွှေရောင်အလင်းတန်းတစ်ခုက ထိုးကျနေသည်။
နောက်တစ်ခဏတွင် ကျယ်လောင်သည့် "ဒုန်း" ဟူသောအသံ ထွက်ပေါ်လာပြီး နေရောင်ခြည်မှာ ပျောက်ကွယ်သွားသည်။ ရွှီကျိက တံခါးပေါ်သို့ ဖိထားသောလက်ကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုလက်၏ အရိုးအဆစ်တို့မှာ ထင်ရှားနေပြီး ရှည်လျားကာ အားအင်အပြည့်ဖြင့်ပင်။ လက်ဖမိုးထက်တွင်လည်း သွေးကြောများက အနည်းငယ် ကြွတက်ကာ ထင်း၍နေသည်။
ရွှီကျိက တိတ်တဆိတ်အားအနည်းငယ်မျှ စိုက်ထုတ်လိုက်သော်လည်း တံခါးက မြဲမြံစွာ ပိတ်နေဆဲပင်။ သူက ကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။
လိထျင်းမှာ မည်သည့်အချိန်ကတည်းက သူ့နောက်တွင် ရပ်နေခဲ့ပြီး လက်တစ်ဖက်က သူ့ပခုံးပေါ်မှကျော်၍ တံခါးအား ဖိထားသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ သူ၏မျက်တောင်ရှည်များက အောက်သို့ငိုက်ကျနေပြီး သူ၏မျက်ခုံးများနှင့် မျက်လုံးတို့မှာ အရိပ်ထဲတွင် ဖုံးကွယ်ခံထားရသည်။
သူတို့၏နှာခေါင်းထိပ်ဖျားများမှာ စင်တီမီတာအနည်းငယ်မျှသာ ကွာဝေးတော့၏။ နှစ်ဦးစလုံးက အလျှော့မပေးဘဲ နောက်တစ်စက္ကန့်တွင် ပေါက်ကွဲထွက်ကာ တိုက်ခိုက်ကြတော့မည့်အလားပင်။
စိတ်ဆိုးနေသည်နှင့်အမျှ ရွှီကျိမှာ လိထျင်းနှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မလိုလားတော့ပေ။ သူ၏မျက်လုံးများက ထက်ရှသွားပြီး လက်ကိုထုတ်လျက် လိထျင်း၏လက်ကောက်ဝတ်ကို အတိအကျ ဖမ်းကိုင်လိုက်ကာ အားဖြင့်ဖိညှစ်ရင်းဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"ဘယ်သူကများ မင်းကို ငါ့ကို တားခွင့်ပေးလိုက်တာလဲ…"
လိထျင်းမှာ နာကျင်သွားသော်လည်း သူ၏လက်ကို ပြန်မရုတ်လိုက်ပေ။ သူက မျက်နှာကိုမော့ကာ တစ်ဖန်ပြန်ပြုံးပြလိုက်ရာ ရေခဲများ အရည်ပျော်သွားသကဲ့သို့ပင်။
သို့သော်လည်း ဤတစ်ကြိမ်အပြုံးမှာ ယခင်က တမင်တကာ လုပ်ယူထားသည့် မုန်းစရာအပြုံးများနှင့် ကွဲပြားနေ၏။ သူ၏မျက်လုံးမျက်ခုံးတို့က နူးညံ့နေပြီး ပျင်းရိဟန်စွက်နေသော်လည်း အလှလေးတစ်ဦး၏ ထူးခြားသည့် မာနအရိပ်အယောင်တို့ ရှိနေသည်။
သူက ပြောသည်။
"အဲ့လောက်ကြီး မရင့်သီးပါနဲ့ ကျွန်တော် ခင်ဗျားကို အားလုံး ပြောပြပါ့မယ်…"
ရွှီကျိက စကားမပြောဘဲ အေးစက်စွာသာ စောင့်ကြည့်နေသည်။
လိထျင်း၏ စိတ်နေစိတ်ထားတစ်ခုလုံးမှာ သူ ပြန်လည်မွေးဖွားလာသည့်အတိုင်းပင်။ သူက ထက်ရှပြီး ဖိနှိပ်နိုင်စွမ်းအပြည့်ဖြစ်ပြီး ရွှီကျိထက် တစ်လက်မလေးပင် အားမနည်းပေ။ ရွှီကျိက လိထျင်းထံမှ ထွက်ပေါ်လာသော ရန်လိုမှုကို ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း ယင်းက သူ့ထံသို့ ဦးတည်နေခြင်း မဟုတ်ပေ။ ကျောဆန့်ကာ အပန်းဖြေနေသည့် ခြင်္သေ့ဖိုတစ်ကောင်ကဲ့သို့ အေးဆေးကာ ပေါ့ပါးနေသည်။
သူ ရွှီကျိကို ကြည့်လာသည့်အခါ သူ၏ မျက်လုံးထောင့်များက အပေါ်ဘက်သို့ နူးညံ့စွာကော့တက်နေသည်။ သူက ခေါင်းကို ငုံ့လိုက်ပြီး ပထမဆုံး စတင်ကာ ပြောလိုက်၏။
"ကျွန်တော် မှားပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်စကားကို နားထောင်ပေးပါ…"
ရွှီကျိက သူ့မျက်နှာဘေးရှိ လက်မောင်းတို့ကိုကြည့်ရင်း အမူအရာမဲ့စွာ ရှိနေဆဲပင်။
လိထျင်း၏စကားလုံးတို့က သူ့အားနည်းချက်ကို ထုတ်ပြနေသလိုဖြစ်နေသည့်တိုင် အပြုအမူတို့ကမူ သူ၏အင်အားကို ပြသနေဆဲဖြစ်၏။
"အာ တောင်းပန်ပါတယ်…"
လိထျင်းကပြုံးကာ လက်ဖယ်လိုက်သည်။ သို့သော်လည်း သူက ကိုယ်ကို ရှေ့သို့ပို၍ယိမ်းလိုက်၏။
"နားထောင်ပေးပါ... နော်..."
နှစ်ဦးသားက အရပ်အမောင်းညီလုနီးပါးဖြစ်ကာ အကျင့်စရိုက်ကလည်း တူညီကြ၏။
ရွှီကျိက နောက်ကျောဘက်မှ တံခါးထံ ပို၍တိုးကပ်လိုက်သော်ငြား ထပ်မံ၍ဆုတ်စရာနေရာမရှိတော့ပေ။ သူကတကယ်ကို လိထျင်း၏မျက်နှာအား ထိုးပစ်ချင်သွား၏။
ရွှီကျိက အေးစက်စွာဆိုလိုက်သည်။
"နောက်ဆုတ်…"
သူ အနောက်သို့ အနည်းငယ် ဆုတ်ပေးလိုက်ပြီးနောက် ရွှီကျိက ပြောလိုက်သည်။
"တကယ်တော့ မင်းဘယ်အကြောင်းပြချက်နဲ့ အိမ်သန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်းရေးအန်တီကြီးကိုခေါ်ခေါ် အရေးမကြီးဘူး…အဲဒါတွေက အပေါ်ယံအကြောင်းပြချက်သက်သက်ပဲ…"
"ကျွန်တော် သိပါတယ်…"
လိထျင်းက ညင်သာစွာ ပြောလိုက်သည်။
"ဒါတင်မကဘူး ခင်ဗျားသိချင်တဲ့ အကြောင်းအရာတိုင်းကို ကျွန်တော် ပြောပြပါ့မယ်…"
ရွှီကျိက လက်ပိုက်လိုက်သည်။ အဆုံးတွင် ကွာရှင်းမည် မကွာရှင်းမည်ကို ဆုံးဖြတ်ရမည့်လူက သူသာဖြစ်ရာ ယင်းမှာ အမှန်တကယ်ပင် အကျိုးအမြတ်ရှိသည့် အပေးအယူတစ်ခု ဖြစ်သည်။
ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး "အာ" ဟူ၍ဆိုကာ ပြောလိုက်လေသည်။
"ဒါဆို ဒါက မင်းတစ်ယောက်ယောက်ကို တောင်းပန်တဲ့ပုံလား…"
ငိုးမသား…
လိထျင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူ့မျက်နှာထက်တွင် အပြုံးလေးရှိနေဆဲဖြစ်ကာ သူ၏စကားလုံးများဖြင့် တစ်ဖက်လူ စိတ်ကျေနပ်အောင် ကြိုးစားပြောလိုက်သည်။
"ဒါဆို ခင်ဗျားနည်းနည်းပဲဖြစ်ဖြစ် ပိုပျော်သွားအောင် ကျွန်တော် ဘာလုပ်ပေးရမလဲ…"
ဤအခြေအနေတွင် သူ့အနေဖြင့် ရွှီကျိကို တံခါးဝမှ ထွက်သွားခွင့် မပြုနိုင်တော့ပေ။ ရိုက်လျှင်လည်း ခံနိုင်၏။ အခြားမည်သည့်အရာကိုမဆို လက်ခံနိုင်သော်လည်း ရွှီကျိသာ သူ့ကို ဒူးထောက်တောင်းပန်ခိုင်းပါက သူချက်ချင်း ဒေါသပေါက်ကွဲမိပေလိမ့်မည်။
ပြဿနာအနည်းငယ် ရှိနိုင်သော်လည်း နည်းလမ်းတစ်ခုခုက အမြဲရှိသည်ပင်။ ရွှီကျိသာ သူ့နှင့် ပူးပေါင်းဆောင်ရွက်ပါက သူ့အတွက် ပို၍ များစွာလွယ်ကူသွားလိမ့်မည်။
ကံကောင်းစွာဖြင့် ရွှီကျိမှာ ထိုသို့သော အဆိုးမြင်ဝါဒီသမားတစ်ယောက် မဟုတ်ပေ။ သူက လိထျင်းကို ခဏမျှ စိုက်ကြည့်လိုက်ပြီး ပြောလာသည်။
"မင်းပါးစပ်ပိတ်ထား မပြုံးနဲ့တော့…"
လိထျင်းက နာခံစွာဖြင့် သူ၏နှုတ်ခမ်းများကို ဖြောင့်တန်းလိုက်သည်။
ထိုအခါမှ ရွှီကျိက အနည်းငယ် ကျေနပ်သွားပြီး မေးလိုက်၏။
"မင်း ဘာလို့ ငါ့ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တာလဲ…"
လိထျင်းမှာ သူ၏အပြုံးကို သဘောမကျသောသူတစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းပင်။ သူက ပြောလိုက်သည်။
"ကျွန်တော် ပြောပြရင် ခင်ဗျား ယုံမှာလား…"
ရွှီကျိက တည်ငြိမ်စွာပင် ပြန်ဖြေ၏။
"အဲဒါက ငါ ဆုံးဖြတ်ရမယ့်ကိစ္စ…"
လိထျင်းက ရိုးရိုးသားသားပင် ပြန်ဖြေပေးလိုက်သည်။
"ခင်ဗျားက ချောလို့လေ ကျွန်တော်လည်း ကိုယ့်အတွက် ရုပ်ဆိုးတဲ့လူကို ရှာလို့တော့မရဘူးမလား… လိမိသားစုက ဒေဝါလီခံလိုက်ရတော့ ကျွန်တော့်မိဘတွေက ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်G မြို့မှာ စီးပွားဖက်လက်ထပ်ပွဲ စီစဉ်ပေးတယ်… လူတိုင်းရဲ့ အချက်အလက်ပုံထဲမှာ ခင်ဗျားက အချောဆုံးပဲ…"
ရွှီကျိက မျက်ခုံးပင့်လိုက်၏။ လိထျင်းနှင့် ဆက်ဆံရချိန်တိုင်း အမြဲခံစားရတတ်သည့် ပျို့အန်လိုစိတ်မှာ လိထျင်းဟန်ဆောင်ခြင်းကို ရပ်လိုက်သည်နှင့် ပျောက်ကွယ်သွားသည်။
"ဒါဆို ငါ့မိဘတွေရော ဘာလို့ မင်းကို ရွေးခဲ့တာလဲ…"
ရွှီကျိက ရွှီချန်းယွဲ့နှင့် ချန်လျန့်တို့ သူ့အတွက် အိမ်ထောင်ဖက်ကို အချိန်အတော်ကြာသည်အထိ ရှာဖွေနေခဲ့ကြသည်ကို သိထားသည်။ သို့သော်လည်း သူသိသမျှထဲတွင် ၉၀ရာခိုင်နှုန်းနီးပါးမှာ နူးညံ့သိမ်မွေ့သည့် မိန်းကလေးများ ဖြစ်ကြသည်။
လိထျင်းက တခဏမျှ မှင်သက်သွားပြီးနောက် ရယ်စရာတစ်ခုခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။
သူက ခေါင်းကိုအနည်းငယ်စောင်းကာ ဖရိုဖရဲဖြစ်နေသည့်ဆံပင်များကို နားနောက်သို့ သပ်တင်လိုက်သည်။ ထိုလှုပ်ရှားမှုမှာ ပုံမှန်ဖြစ်ပြီး ရိုးရှင်းသော်လည်း သူ၏မျက်နှာလေးဖြင့် တွဲဖက်လိုက်သောအခါ ရှင်းပြမရနိုင်သည့် ဆွဲဆောင်မှုနှင့်အတူ လူအများ၏စိတ်ဝင်စားမှုကို ဆွဲယူနိုင်ကာ ရှက်သွေးဖြာသွားစေနိုင်၏။
သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသောသူက လိင်စိတ်ရှိပုံမရသည့် ရွှီကျိသာမဟုတ်လျှင် ကျန်တစ်ဦးမှာ ဆွဲဆောင်မှုကို ယခုအချိန်အထိ တောင့်မခံနိုင်ဘဲ သူ့အပေါ်သို့ ခုန်အုပ်မိလောက်ပြီဖြစ်သည်။
လိထျင်းက သူကြည့်ကောင်းသည်ကို သူသိသည်။ သူက ထိုအချက်ကို အမြဲသေချာသိထားပြီး သူ၏အားသာချက်အဖြစ် အသုံးပြုခဲ့သည်။
သူက ညင်သာစွာ ရယ်မောလိုက်ပြီးပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်ကလည်း ကြည့်အကောင်းဆုံးနဲ့ အနာခံတတ်ဆုံးဖြစ်လို့လေ…"
🧶🧶🧶