Chapter 13
Viewers 2k

🧶 Chapter 13

ခင်ဗျားကျွန်တော့်ကို မစဥ်းစားပေးဘူးလား



ရွှီကျိက ထိုစကားနှင့် ပတ်သက်၍ မည်သည့်ထင်မြင်ချက်မျှ မပေးပေ။ သူက မငြင်းသလို ထောက်ခံခြင်းလည်းမရှိချေ။ လိထျင်း၏ရုပ်ရည်ချောမောမှုက အမှန်တကယ်ပင် ပိရမစ်ထိပ်ဆုံးတွင် ရပ်တည်နိုင်သော်လည်း သူ[ရွှီကျိ]ကျင်လည်ရသည့်နယ်ပယ်ကြောင့်လည်း ဖြစ်နိုင်သည်၊ အနုပညာရှင်များစွာနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးနောက် မတူကွဲပြားသည့် အလှပဂေးတို့အား မြင်တွေ့ခဲ့ရသဖြင့် လိထျင်းကို သာမန်ဟုသာ မြင်ခဲ့သည်။


ယင်းမှာ အမှားသေးသေးလေးများကိုလုပ်မိလျှင် ချစ်စရာကောင်းအောင် လုပ်ပြရုံဖြင့် ခွင့်လွှတ်ပေးနိုင်လောက်သည့် ရုပ်ရည်မျိုး ဖြစ်သည်။


သို့သော်လည်း လိုအပ်သည်က ရွှီကျိနှင့် ရင်းနှီးသူတစ်ဦးတော့ ဖြစ်ရပေမည်။ ဆိုရလျှင် သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် အရေးပါသော အခြားသူတစ်ဦး ဖြစ်ရန်လို၏။ သို့သော်လည်း မူလက လိထျင်း၏ လိမ်ညာကာ ဟန်ဆောင်ခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူတို့က ရွှီကျိ၏ သူ့အပေါ် အမြင်ကောင်းကို ပင်လယ်အောက်ခြေအထိ ထိုးဆင်းသွားစေခဲ့သည်။


သူက "အိုး" ဟူ၍ ဆိုလိုက်ပြီးနောက် ကြေညာစာတမ်းဖတ်သည့်လေသံဖြင့် ပြောလိုက်သည်။

"မင်း တကယ်တော့ ငါ့ကို မကြိုက်ဘူးကိုး…" 


လိထျင်းမှာ တစ်ဖက်လူအား တကယ်ကို လိင်စိတ်မရှိသူဟု သံသယဝင်ခဲ့ခြင်းဖြစ်ကာ သူက ပြန်ဖြေလိုက်သည်။

"အွန်း…" 


အတည်ပြုပေးသည့်အဖြေကို ကြားလိုက်ရသည်နှင့် ရွှီကျိက ဆိုဖာနောက်သို့ မှီလိုက်ပြီး အနားယူလိုက်သည်။

 "ဒါဆို ကွာရှင်းကြရအောင်…"


"ဒါပေမဲ့ ကျွန်တော်မှ မကွာရှင်းချင်တာ…"  

လိထျင်းက တည့်တိုးပြောလိုက်ပြီးနောက် ရွှီကျိ၏ မျက်ခုံးလှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။


လိထျင်း သတိပြုမိသည်မှာ ရွှီကျိက သူ တစ်စုံတစ်ရာကို နားမလည်သည့်အချိန်တိုင်း 'ဘာလို့လဲ'ဟုတိုက်ရိုက်မေးမည့်အစား သူသံသယဖြစ်နေသည်ကို မျက်ခုံးပင့်ကာ ဖော်ပြလေ့ရှိ၏။ ယင်းမှာ တိုက်ရိုက်မေးလိုက်လျှင် အလွန်တုံးအသွားသလို ခံစားရ၍လည်း ဖြစ်နိုင်သည်။


လိထျင်းက အဆက်အစပ်မရှိသည့် မေးခွန်းတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

 "ခင်ဗျား အရင်က လိယွဲ့နဲ့တွေ့ခဲ့တယ်မလား…" 


ရွံစရာကောင်းသည့်မျက်နှာက ရွှီကျိ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ သူက ယင်းကို ဖျောက်ဖျက်ပစ်ရန် မျက်လုံးများကို မှိတ်လိုက်သည်။ 

"အင်း"


လိထျင်းက ပြောလိုက်သည်။

"သူက တရားမဝင်ကလေးလေ…"  


"ဟမ်…" 

ရွှီကျိ အနည်းငယ် အံ့သြသွားသည်။


သူက တရားမဝင်ကလေးဆိုပေမဲ့ လိထျင်းထက် အသက်ကြီးတာလား… ဒါက အဓိပ္ပာယ်မရှိဘူးမလား… အဲ့လိုဖြစ်ခဲ့ရင်တောင် လိထျင်းက ပိုပြီး အချစ်ခံရသူ ဖြစ်သင့်တာပေါ့… ဘာလို့ သူတို့ရဲ့ သားအရင်းကို ပူးပေါင်းလက်ထပ်ပွဲကို ပို့လိုက်တာလဲ…


မဟုတ်သေးပေ။ ရွှီကျိ သတိရလိုက်သည်မှာ လိမိဘများက လိယွဲ့ကို သူတို့၏ "အကြီးဆုံးသား" အဖြစ် မိတ်ဆက်ပေးခဲ့ဖူး၏။ ထို့အပြင် လိယွဲ့မှာ ဆိုးသွမ်းပျက်စီးနေသည့် လူချမ်းသာကလေးတစ်ဦး၏ ပုံပန်းသဏ္ဍာန်ရှိနေခြင်းပင်ဖြစ်သည်။


လိထျင်းက မျက်လွှာချလိုက်ရာ သူ၏အပေါ်သို့ ကော့တက်နေဟန်ရသည့် မျက်ခုံးများက အောက်သို့ငိုက်ကျသွားသည်။ သူ၏ပုံစံက လူအများကို သူ့အပေါ် သနားစိတ်ဝင်သွားစေသည်။ 

"လက်ရှိတစ်ယောက်က ကျွန်တော့် မိထွေးပါ… ကျွန်တော် လေးနှစ်သားအရွယ်တုန်းက သူတို့က အိမ်မှာ နေရာရအောင်ယူပြီး ကျွန်တော့်ကို တရားမဝင်ကလေးအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲပစ်လိုက်တာ…" 


ရွှီကျိက တခဏမျှ စဉ်းစားပြီးနောက် လိမိဘများနှင့်လိယွဲ့၏ အသွင်အပြင်တို့ကို တွေးကြည့်လိုက်ရာ အရာအားလုံး အဓိပ္ပာယ်ရှိသွားသည်။


လိထျင်းက ဆက်ပြောသည်။

"ကြည့်ရတာကတော့ တစ်နေရာရာမှာ ကျွန်တော့် ညီလေးတစ်ယောက် ရှိနေသေးတယ်…" 


ချန်လျန့်ပြောလေ့ရှိသည့် "ယောက်ျားတွေ ရိုးသားနေဖို့ဆိုရင် နံရံပေါ် ချိတ်ထားမှရမယ်" ဟူသော စကားမှာ နောက်ဆုံး၌ မမှားပုံပင်။ ယင်းကို ကြားပြီးသည်နှင့် ရွှီကျိက တိတ်ဆိတ်နေပြီးနောက် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူက မေးလိုက်သည်။ 

"ဒါဆို မင်းဒါတွေအားလုံး ငါ့ကိုဘာလို့ ပြောပြနေတာလဲ…"  


"ခင်ဗျား ကျွန်တော့်ကို မသနားဘူးလား…" 

လိထျင်း၏မျက်နှာမှာ ရုတ်တရက် ဝမ်းနည်းသွားပုံရသည်။ သူ့မျက်လုံးထဲတွင်သာ မျက်ရည်အနည်းငယ်ရှိနေပါက တွက်ချက်ကာ သနားစရာကောင်းအောင် လုပ်တတ်သည့် လင်တိုက်ယွီနှင့် တူနေပေလိမ့်မည်။


လိထျင်းက ပြောလိုက်သည်။

 "ကျွန်တော့်မိသားစုက ကျွန်တော့်ကို ဆိုးဆိုးရွားရွား ဆက်ဆံတဲ့ဟာ… ဒါကြောင့် ကျွန်တော် ပြန်မသွားချင်ဘူး…" 


ယင်းက ရွှီကျိကို ပို၍သာ စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ 

"မင်းမိဘတွေက မင်းကို တစ်ခုခုနဲ့ ဖိအားပေးထားလို့လား ဥပမာ အဖော်အချွတ်ပုံတို့ဘာတို့..."


လိထျင်းက ရွှီကျိသူ့အား လှောင်နေသည်ကို နားလည်လိုက်သော်လည်း ဒေါသထွက်ခြင်းမရှိပေ။ 

"ဘာတွန်းအားပေးတာမျိုးမှ မရှိပါဘူး…"


ရွှီကျိက လိထျင်း၏အမူအရာကို စောင့်ကြည့်ရင်း ခဏမျှ တိတ်ဆိတ်နေခဲ့သည်။

 "မင်းမှာ အလုပ်ရှိသလား…"


လိထျင်းက သံသယဖြင့် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေခဲ့သည်။

 "မရှိဘူးဆိုရင်ရော…"


ရွှီကျိက ချက်ချင်း ထရပ်လိုက်ပြီး သူ့အသံမှာ အေးစက်နေသည်။

"ကွာရှင်းမယ်…"


သူ့အနေဖြင့် လိထျင်းနှင့် စတွေ့ချိန်မှစ၍ သူ၏ IQ မှာ တစ်ဝက်မျှ ကျသွားသလို ခံစားခဲ့ရပြီး အကြိမ်ကြိမ်အခါခါ လှည့်စားခံခဲ့ရသည်။


သူ မှတ်မိနေသည်မှာ မှန်ပါက လိထျင်းက အတိအကျ ၂၃ နှစ်ရှိပြီဖြစ်သည်။ ယင်းက ၁၃ နှစ် မဟုတ်ဘဲ ၂၃ နှစ်ပင်။


အရွယ်မရောက်သေးသူတစ်ဦးသာ ကံမကောင်းသောမိသားစုတွင် မွေးဖွားလာခဲ့ပါက စီးပွားရေးအခြေအနေမကောင်းသူများအနေဖြင့် ယာယီအနစ်နာခံရတတ်သည်။ သို့သော်လည်း ယာယီအနစ်နာခံရခြင်းက ဘာမှမလုပ်ဘဲ ပုံမှန်အတိုင်းနေရမည်ဟု မဆိုလိုပေ။


ရည်မှန်းချက်ရှိသူများသာဆိုလျှင် အခိုင်အမာ ရပ်တည်နိုင်အောင် ကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်းသို့ ဝင်ခွင့်ရရှိရန် ကြိုးစားပညာသင်ကြားကြပေလိမ့်မည်။ ထို့နောက် အချိန်ပိုင်းအလုပ်လုပ်ကာ ဝင်ငွေရှာလျက် သူတို့၏မူလမိသားစုမှ ခွဲထွက်သွားကြပေလိမ့်မည်။


ဒါပေမဲ့ လိထျင်းကရော…


သူ့တွင် ကျန်းမာကြံ့ခိုင်သည့်ခန္ဓာကိုယ်ရှိကာ ဘွဲ့ရကျောင်းသားတစ်ဦးနှင့် မတူခဲ့ပေ။ ဘွဲ့ရပြီး နှစ်နှစ်ကြာသည်အထိ အလုပ်လက်မဲ့ဖြစ်နေဆဲသာ။ သူ့တွင် မကျေနပ်ချက်များရှိနေသည်မှာ ရှင်းလင်းနေပါသော်သော်လည်း ထိုအတိုင်းသာ ရောထွေးနေခဲ့ပြီး တကယ်တမ်း၌ ပြောင်းလဲရန် မကြိုးစားဘဲ ညည်းညူရန်သာသိသူပင်။ သူက ပွစိပွစိညည်းညူတတ်သည့် ခင်ပွန်းတစ်ဦးနှင့်သာ တူ၏။ ရွှီကျိက တိုးတက်အောင် မကြိုးစားကြသည့် ထိုသို့သောလူများကို မုန်းသည်။


သူတို့က ရိုးရှင်းစွာပင် မတူညီသည့်ကမ္ဘာမှ လူများဖြစ်ကြ၏။


လိထျင်းမှာ ဤသခင်လေး၏ အမြီးကို မည်သည့်နေရာတွင် ထပ်နင်းမိပြန်သည်ကို မသိတော့ပေ။ သူက ထရပ်ကာ သူ့ကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ 

"ကျွန်တော် တစ်ခုခု မှားပြောမိလို့လား…"


ရွှီကျိ၏ မျက်နှာထက်တွင် သနားညှာတာမှု လုံးဝမရှိပေ။

 "ထွက်သွား…"


လိထျင်းက သူတို့ပြောခဲ့သည်တို့ကို အမြန်ပြန်တွေးလိုက်ပြီး အနှီသခင်လေး ပေါက်ကွဲရသည့် အကြောင်းအရင်းကို စဥ်းစားလိုက်သည်။ သူက မသေချာသဖြင့် ထပ်မေးလိုက်သည်။


 "ကျွန်တော့်မှာ အလုပ်မရှိလို့လား အဲဒါကြောင့်လား…ခင်ဗျားက ဒီလောက်တောင် အလုပ်ကို အလေးအနက်ထားတာလား…"


ရွှီကျိက သူ့ကို စိတ်ရှုပ်ခံကာ ကြည့်ပင်မကြည့်လိုတော့ဘဲ ရှောင်ရှားချင်စိတ်သာရှိ၏။


လိထျင်းသည်လည်း အနည်းငယ် ဒေါသထွက်လာခဲ့သည်။ သူက ထပ်မံ၍ လိမ်ညာရန် စိတ်ကူးခဲ့သည်ကို ဝန်ခံ၏။ အမှန်တကယ်ဆိုရလျှင် သူ့အနေဖြင့် ရွှီကျိအား အရာအားလုံးကို ဖွင့်ဟပြောပြလိုစိတ် မရှိပေ။ သို့သော်လည်း သူ၏ လှည့်ကွက်လေးများကို ထိုမျှရှင်းရှင်းလင်းလင်း မြင်အောင် ကြည့်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


သူက ရွှီကျိထံမှ မျက်နှာသာပေးခံရရန် လိုအပ်သောကြောင့် ချက်ချင်းပင် ရှင်းပြရန် ရွေးချယ်လိုက်ရသည်။ သူက အလွန်နှိမ့်ချသည့်ပုံစံဖြင့် ပြောလာသည်။

 "အတိအကျ ပြောရရင် ကျွန်တော့်မှာ အလုပ်မရှိပေမဲ့ ဘာမှမလုပ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး… ကျွန်တော့်ကို ပြောပြခွင့်လေးတော့ပြုပါဦး ဟုတ်ပြီလား… ကျွန်တော် ခင်ဗျားကို အားလုံးပြောပြပါ့မယ်…"


ရွှီကျိ၏ နှုတ်ခမ်းများက တစ်တန်းတည်းဖြစ်နေပြီး အနည်းငယ် အောက်သို့ဖိချထားသယောင်ရှိ၏[မသိမသာမဲ့နေ]။ သူက အေးစက်ကာ သေချာနေသည့်အသံဖြင့် ပြောလိုက်သည်။ 

"စီးပွားရေးလုပ်ရင် အခြေခံက ရိုးသားမှုပဲ… မင်း အမှန်အတိုင်း မပြောချင်ဘူးဆိုရင် လူတိုင်းရဲ့အချိန်ကို ဖြုန်းတီးနေဖို့ မလိုဘူး…"


"ဟုတ်ကဲ့ပါ ကောင်းပါပြီ ကျွန်တော် ပြောပြပါ့မယ်…" 


လိထျင်းက အပေါ်ယံတွင် နှိမ့်ချထားပုံပေါ်နေသော်လည်း သူ၏စိတ်ထဲတွင်မူ ကျိန်ဆဲနေခဲ့၏။

ဒီလောက်ကြီး ယုတ်မာမနေစမ်းပါနဲ့…


ရွှီကျိတွင် ထပ်မံထိုင်မည့် ရည်ရွယ်ချက်ရှိပုံမရပေ။ လိထျင်းသာ သူ့စိတ်မှလက်မခံနိုင်သည့်အရာ တစ်ခုခု ပြောလာပါက ချက်ချင်း ထထွက်သွားမည်ဟု အရိပ်အမြွက်ပြနေသည့်အတိုင်းပင်။


လိထျင်းက ပြောသည်။

 "လိယောင်ဟန်က ကလေးရတာနောက်ကျတယ်လေ... သူက အခုဆို ၆၂ နှစ်ရှိပြီ… သူက သူ့အသက် ၆၀ပြည့် မွေးနေ့မှာ နောက်ဆိုရင် ကုမ္ပဏီကို လိယွဲ့ဆီ လွှဲပြောင်းပေးမယ်ဆိုပြီး ကြေညာခဲ့တာ…"


သူက အနှီစိတ်ပျက်ဖွယ်ရာ ကိစ္စများကို ပြောပြနေရချိန်၌ သူ၏စိတ်ထဲတွင် အဆုံးမဲ့မှောင်မိုက်နေသည့် အတွေးတို့ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း သူက ရွှီကျိကို လိမ္မာစွာပင် ပြုံးပြနေပြီးပြောလိုက်သည်။

 "ဒါပေမဲ့ ကျွန်တော် ဘာမှမပြောခဲ့ပါဘူး… လူတိုင်းလိုပဲ လီယွဲ့အတွက် ဂုဏ်ပြုလက်ခုပ် တီးခဲ့ပါသေးတယ်…" 


ရွှီကျိက ချမ်းသာသောမိသားစုများတွင် အမြဲလိုလို ပြဿနာများစွာရှိသည်ကို သိထားသည်။ ဥပမာအားဖြင့် လမ်းတစ်ဖက်ရှိ သူတို့၏ အိမ်နီးချင်းများကို ကြည့်ပါက နေ့စဉ်နှင့်အမျှ အမွေအတွက် အမြဲရန်ဖြစ်နေကြသော မိသားစုဝင် ဒါဇင်ပေါင်းများစွာ ရှိသည်။


သူ၏ ကိုယ်ပိုင်မိသားစုနှင့်ပတ်သက်၍မူ... သူနှင့် ချန်လျန့် နှစ်ဦးစလုံးက ရွှီချန်းယွဲ့ အမျိုးသမီးများစွာနှင့် ပရောပရည်လုပ်ခဲ့ဖူးသည်ကို သိထားကြသော်လည်း ထိုသူ အမှန်တကယ် ဖောက်ပြန်ခဲ့ခြင်း ရှိ၊ မရှိကိုမူ မသိကြပေ။


ရွှီကျိ၏ မျက်လုံးများက အေးစက်ပြီး မာနတို့ပြည့်နေခဲ့သည်။ 

"စိတ်မကောင်းပါဘူး ဒါပေမဲ့ ငါမင်းကို သနားပဲ သနားတာ မင်းကို မစာနာပေးနိုင်ဘူး…"


အနှီစကားကို ကြားလိုက်ရသည်နှင့် ပြုံးနေသည့် လိထျင်းတစ်ယောက် သူ၏ မျက်နှာအမူအရာကို မထိန်းချုပ်နိုင်လုနီးပါးဖြစ်သွာ၏။ သူ၏မျက်နှာမှာ ရုတ်တရက် မှုန်မှိုင်းသွားပြီး တောင့်တင်းသွားကာ သူ၏မျက်နှာကြွက်သားများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ သူက မေးလိုက်သည်။ 

"ခင်ဗျား ဘာပြောလိုက်တာလဲ…"


"မင်းက တခြားသူတွေကို အပြစ်တင်ဖို့ပဲ သိတာဆိုရင် ငါမင်းကို လေးလေးစားစားမဆက်ဆံပေးနိုင်ဘူး…"

ရွှီကျိက တစ်ဖက်လူ၏ မျက်လုံးနက်နက်တို့အား အကြောက်အလန့်မရှိ တိုက်ရိုက်စိုက်ကြည့်လိုက်သည်။

 "မင်း တစ်ခုခုကိုလိုချင်ရင် ရအောင်ယူလေ မင်းပိုင်တာသာဆို ဘာကို ကြောက်နေတာလဲ…"


လိထျင်းက တခဏမျှ တုန့်ဆိုင်းသွားပြီးနောက် သူကခေါင်းကို ငုံ့လျက် ခပ်တိုးတိုးရယ်လာသည်။ သူ၏ဆံပင်ရှည်တို့က မျက်နှာထက်တွင် အရိပ်ကျနေခဲ့သည်။


သူက အတော်ကြာအောင် ရယ်မောပြီးနောက်မှ ခေါင်းကိုမော့ကာ နဖူးထက်မှဆံပင်များကို လက်ဖြင့် နောက်သို့သပ်ဆွဲလိုက်ပြီး သူ၏ တောက်ပနေသည့် မျက်နှာကို လှစ်ဟပြလာသည်။ 

"ခင်ဗျားပြောတာ မှန်တယ် ကျွန်တော်သာ တစ်ခုခုကို လိုချင်ရင် သွားယူရမှာပဲ…"


ထိုအခိုက်အတန့်လေးတွင် လိထျင်း၏အလှမှာ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်သည့်ပုံ မဟုတ်တော့ဘဲ လူအများကို အရိပ်မမြင်ရစေဘဲ ဖြတ်တောက်ပစ်လိုက်နိုင်သည့် လေဓါးကဲ့သို့ဖြစ်နေ၏။


ရွှီကျိမှာ ထိုသူ၏ရယ်သံက ကြောက်စရာကောင်းသလို ခံစားလိုက်ရသည်။ သူ လိထျင်း၏အမူအရာကို ကြည့်ပြီးနောက် စောစောက သူ၏ တုံ့ပြန်မှုများကို စဉ်းစားမိသွားသည်။


သူ၏ သားရဲဗီဇက တစ်ခုခု မှားနေသည်ကို ခံစားမိသွားသည်။ ရုတ်တရက် ရွှီကျိတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး မေးလိုက်သည်။

 "လိမိသားစု ဒေဝါလီခံရတာက မင်းလုပ်တာလား…"


"အာ ဟုတ်တယ်လေ…" 

လိထျင်းက ယခုတစ်ကြိမ်တွင် အလွယ်တကူပင် ဝန်ခံလာသည်။ 

"အခုထိ သူတို့က ဘယ်မှာပြဿနာရှိနေလဲဆိုတာ မသိကြသေးဘူး…"


"ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး…" 

သူ၏အသံအနေအထားမှာ လျင်မြန်စွာပင် ပြောင်းလဲသွားပြီး ရွှီကျိကို စိတ်အားထက်သန်စွာ ကြည့်လာသည်။ 

"ခင်ဗျားသာ ကျွန်တော့်ကို ကူညီမယ်ဆိုရင် ကျွန်တော် တကယ်ပဲ နောက်ဆုံးအဆင့်ကို သွားလို့ရပြီ…"


ရွှီကျိက ဘာမှမပြောခဲ့ပေ။ နောက်ဆုံး၌ မမျှော်လင့်ထားစွာဖြင့် လိထျင်းမှာ မည်သို့ငိုရမည်ကိုသာသိသော အားနည်းသည့်ယုန်ငယ်လေး မဟုတ်ခဲ့ပေ။


သူက တစ်ဖက်လူမှာ အပေါ်ယံတွင် ဟန်ဆောင်ထားသလို အပြစ်ကင်းစင်ခြင်းမရှိကြောင်းနှင့် နာခံမှုမရှိသလို နူးညံ့သိမ်မွေ့ခြင်းအလျဥ်း လုံးဝမရှိကြောင်းကို သိထားပြီးဖြစ်၏။ သိူ့တိုင် အများဆုံးဆိုရလျှင် သူက ထက်ရှသည့်သွားချွန်ငယ်တို့ဖြင့် မြေခွေးတစ်ကောင်ဟုသာ တွေးထင်ထားခဲ့ခြင်းဖြစ်၏။


ဒါပေမဲ့ အဲလိုလည်းမဟုတ်ဘူးဆိုတော့ သူ့ပုံစံအမှန်က ဘာလဲ…


သွားရည်များ တတောက်တောက်စီးကျနေသော ခွေးအတစ်ကောင်၏ ပုံရိပ်မှာ ရွှီကျိ၏ စိတ်ထဲတွင် အကြောင်းအရင်းမရှိ ပေါ်လာခဲ့သည်။ 


အင်း လိထျင်းရဲ့ မျက်နှာကို နည်းနည်းတော့ စော်ကားရာများ ရောက်မလား…


"ခင်ဗျား ကျွန်တော့်ကို သွားတိုင်မှာတော့ မဟုတ်ဘူးမလား…" 

လိထျင်းက သူ့ရှေ့သို့ မှီချလိုက်ရာ သူ၏ယခင်က ခံ့ညားသောပုံစံမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ 

"ခင်ဗျားက ကျွန်တော့်ဘက်က ဟုတ်ပါတယ်နော်…"


ရွှီကျိက သူ့ကို မဆိုင်းမတွပင် တွန်းထုတ်လိုက်သည်။

 "ငါ့ရှေ့မှာ ဟန်ဆောင်မနေနဲ့တော့ ဒီတော့ အခု မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ…"


လိထျင်းက ပြောလာသည်။ 

"ကျွန်တော် လိမိသားစုကုမ္ပဏီကို ဝယ်ချင်တာ…"


ရွှီကျိ မျက်ခုံးပင့်လိုက်သည်။

 "မင်းမှာ ပိုက်ဆံမရှိဘူး မဟုတ်လား ငါ့ဆီက ပိုက်ဆံချေးချင်တာလို့တော့ မပြောနဲ့နော်…"


လိထျင်းက အလျင်အမြန်ပင် နူးညံ့စွာပြုံးပြလိုက်သည်။ 

"မဟုတ်ပါဘူး အဲဒါက ကျွန်တော်ကိုင်တွယ်နိုင်ပါတယ်…"


ရွှီကျိက ဝမ်ယွဲ့အုပ်စု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သော်လည်း သူက ကုမ္ပဏီ၏ ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုအကြောင်း ဘာမှမသိပေ။ လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများရှိကြပြီး လိထျင်းအနေဖြင့် ကုမ္ပဏီကို အပြည့်အဝ ဝယ်ယူနိုင်ရန် လုပ်ကိုင်ရမည့်အရာတို့အား နားမလည်ချေ။


"တခြားနည်းနဲ့ ပြောရရင် မင်းက မင်းမိဘတွေရှေ့မှာ ၂၃ နှစ်ကြာအောင် ဟန်ဆောင်နေခဲ့တာပေါ့…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ ပြောလိုက်သည်။


လိထျင်းက တရင်းတနှီးလေသံဖြင့် ပြန်ဖြေလိုက်သည်။ 

"တကယ်တော့ ကျွန်တော်က ၂၅ နှစ်ပါ…"


ရွှီကျိမှာ လိထျင်းအကြောင်းကို နာမည်မှလွဲ၍ ဘာမှမသိခဲ့သူဖြစ်ရာ မျက်တောင်မခတ်ဘဲ "ဪ" ဟူ၍သာ ပြောလိုက်မိသည်။


လိထျင်းက စိတ်ထဲမထားဘဲ ပြောလိုက်သည်။ 

"သူတို့ အမြင်မှာ ကျွန်တော်က အားနည်းပြီး ကြောက်တတ်တဲ့သူသက်သက်ပဲ… ကြိုးစားချင်စိတ်မရှိတဲ့လူ အိမ်မှုကိစ္စတွေ လုပ်ရတာကြိုက်တဲ့သူ ပြီးတော့ ပိုင်ဆိုင်တာဆိုလို့ ကြည့်ကောင်းတဲ့မျက်နှာလေးပဲ ရှိတယ်ဆိုပြီးလေ…"


ရွှီကျိမှာ အနည်းငယ် စပ်စုချင်သွားသည်။ 

"မင်းအဖေနဲ့ မိထွေးက မင်းချက်တာတွေ အရသာရှိတယ်လို့ ပြောဖူးတာ မှတ်မိတယ် အဲဒါလည်း အပြင်က ဝယ်တာလား…"


"သိသာနေတာပဲကို…" 

 á€œá€­á€‘ဝင်းက အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ 

"ခင်ဗျားတစ်ယောက်တည်းပဲ ကျွန်တော့်ကို ချက်ခိုင်းနိုင်တာ…"


ရွှီကျိက လှောင်ပြောင်လိုက်သည်။ 

"ငါ့အတွက်ကလည်း အပြင်က ဝယ်တာတွေချည်းပဲ မလား…"


"တောင်းပန်ပါတယ်…" 

လိထျင်းက ရိုးသားစွာပင် တောင်းပန်လာသည်။

"ဒါပေမဲ့ ကျွန်တော်တကယ်ချက်တတ်ပါတယ်… ခင်ဗျား တစ်ခုခု စားချင်တယ်ဆိုရင် ကျွန်တော် လုပ်ပေးနိုင်တယ်ရယ်…"


ရွှီကျိက လုံးဝ ဂရုမစိုက်ပေ။ 

"မလိုပါဘူး…"


လိထျင်းက ရွှီကျိ၏အမူအရာကို ကြည့်လိုက်ပြီး ဘာမှမပြောပေ။ သူက စကားပြောခွင့်ရရန် စောင့်ဆိုင်းနေသကဲ့သို့ပင်။


ရွှီကျိက သူ့ဘာဖြစ်နေသည်ကို မသိဘဲ အမူအရာမဲ့စွာဖြင့် ပြောလိုက်၏။

"ဒါပဲလား…"


လိထျင်းက ပြောသည်။ 

"လိယောင်ဟန်က အပြင်ကအကြောင်းပြချက်ကို ရှာမတွေ့တော့ အခု အတွင်းလူတွေကို စပြီးစုံစမ်းနေပြီ… ဒါကြောင့် ကျွန်တော် ပိုပြီး သတိထားနေရတာ မဟုတ်ရင် ကျွန်တော်ကြိုးစားခဲ့သမျှအားအားလုံး အလကားဖြစ်သွားလိမ့်မယ် အဲဒါကြောင့်လည်း ခင်ဗျားကို စောစောက မပြောပြခဲ့တာပါ ခင်ဗျား ကျွန်တော့်ကို အပြစ်မတင်ဘူးမလား…"


ရွှီကျိက ထိုစကားများ မည်မျှအထိမှန်သည်ကို တွေးကြည့်လိုက်သည်။


"ခင်ဗျား မိဘတွေရဲ့အိမ်မှာ စာရွက်စာတမ်း အထပ်လိုက်ကြီး တွေ့ခဲ့တယ်..."  

လိထျင်းက ဥာဏ်ဥာဏ်နက်တို့ပြည့်နေသည့် ရည်ရွယ်ချက်ဖြင့် စတင်တိုက်ခိုက်လိုက်သည်။ 

"ကျွန်တော်တို့ ကွာရှင်းခဲ့ရင်တောင် ခင်ဗျားမိဘတွေက ခင်ဗျားလက်ထပ်ဖို့ တခြားတစ်ယောက်ကို ရှာကြဦးမှာပဲ… ဒါဆို ခင်ဗျားဆီဝင်လာတဲ့ ဖုန်းတွေအများကြီးကို ချပစ်နေရတော့မှာမလား အရမ်းပင်ပန်းမှာနော်…"


"ပြီးတော့ ကျွန်တော်က ခင်ဗျားကို လုံးဝစိတ်အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး… ဘယ်တော့မှ အနှောင့်အယှက် မပေးဘူး… ဒါ့အပြင် ခင်ဗျားရဲ့ နောက်တစ်ယောက်က ခင်ဗျားကို တကယ်ကြိုက်နေရင် ဘယ်လိုလုပ်မလဲ ခင်ဗျားအနေနဲ့ သူတို့ကို ငြင်းနေဖို့ အကြောင်းပြချက်တွေရှာရဦးမှာ အရမ်းကို ဒုက္ခများလိမ့်မယ်…"


လိထျင်းက သူ၏အသံအနေအထားကို အလွန်ညင်သာစေလိုက်သည်။ နတ်ဆိုးတစ်ပါးမှလူသားကို သွေးဆောင်နေသကဲ့သို့ပင်။ 

"ကျွန်တော် ခင်ဗျားကို အားလုံးပြောပြပြီးပြီ… ကျွန်တော့်ကို စဉ်းစားပေးမယ်မလား… ကျွန်တော်တို့ တစ်ယောက်လျှို့ဝှက်ချက်တစ်ယောက် ထိန်းပေးထားလို့ရတယ် ခင်ဗျားရဲ့ကိစ္စကို ခင်ဗျားလုပ်လေ ကျွန်တော့်ကိစ္စကို ကျွန်တော်လုပ်မယ် ကျေးဇူးပြုပြီး...နော်…"


ထိုအရာများအားလုံးက ရွှီကျိ ယခင်က စဉ်းစားခဲ့ဖူးသည့် ပြဿနာများသာ။ သူသာ အရာအားလုံးကို သေချာစွာ သိခဲ့ရပါက အကောင်းဆုံး ဖြစ်လိမ့်မည်။ သူ လိထျင်းအား ယခင်က လက်မခံလိုခဲ့ခြင်းမှာ လိထျင်း၏ ရည်ရွယ်ချက်အစစ်အမှန်တိုကို မသိ၍ပင်။ ယနေ့ လိထျင်း၏ ဝန်ခံချက်များက အမှန်တကယ်ဖြစ်နိုင်ခြေ အများဆုံးဖြစ်၏။


"ငါက ကွာရှင်းဖို့ပဲ ဆက်တောင်းဆိုမယ်ဆိုရင် ဘယ်လိုလုပ်မလဲ…" 

ရွှီကျိက မေးလိုက်သည်။


လိထျင်းတွင် လှည့်ကွက်အချို့ ကျန်ရှိနေဆဲပင်။ သူက ရွှီကျိ သူ့ကို သနားလာအောင်ကြည့်ကာ အသံသေးသေးလေးဖြင့် တောင်းပန်လိုက်သည်။ 


"ဒါဆိုလည်း ကျွန်တော့်ဘက်က ခင်ဗျားကို ထွက်မသွားဖို့ တောင်းပန်ရုံပေါ့ ခင်ဗျား သဘောမတူချင်ဘူးလားဟင် ကျေးဇူးပြုပြီး…"



🧶🧶🧶