🧶 Chapter 14
သူက မရီးကိုအရမ်းချစ်တာပဲ
ရွှီကျိက သဘောတူခဲ့၏။ ဆုံးရှုံးစရာမရှိသည့်အာမခံနှင့် သဘောတူညီချက်ကို သူ တကယ်ပင် မငြင်းဆန်နိုင်ပေ။
ကျိဖန်းချီက သူ့ထံအမြန်ပင်ဖုန်းခေါ်ကာ မေးလာ၏။
"ကော ဘာဖြစ်သွားပြီလဲ… အကူအညီလိုသေးလား မရီးသူ့အဝတ်တွေထုပ်နေပြီလား… ကျွန်တော်ဝင်လာပြီးကောကို ကူပေးရမလား… အဖောက်ပြန်ခံရတဲ့အချိန် တစ်ယောက်တည်းရှိနေရတာက အရမ်းကိုဝမ်းနည်းစရာကောင်းမှာ…"
“မလိုဘူး…”
ရွှီကျိမှာ လိထျင်းအား စိုက်ကြည့်လိုက်၏။ အနှီသူမှာ သူလိုချင်သည်ကို ရပြီးသွား၍ ပြန်လည်ကာ အပြစ်ကင်းဖြူစင်ဟန်ဆောင်နေပြန်သည်။ ရွှီကျိက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ငါက မင်းမရီးကို ခွင့်လွှတ်ပေးနေတာ...”
ပန်းခြုံနောက်၌ ကိုယ်ကိုကျုံ့လျက်ပုန်းနေပါသည့် ကျိဖန်းချီမှာ အလွန်အကျူးပင် ထိတ်လန့်သွားရှာသည်။ အစကနေအဆုံးထိ သူအထင်မှားနေမိခဲ့သည်ကိုသာ သတိပြုမိသွား၏။
မတရားကြီးကို မှားနေခဲ့တာဟေ့…
သူက သူ့မရီးကသာလျှင် ရွှီကောအား အရူးအမူးချစ်နေခဲ့သူဟု အမြဲတွေးခဲ့သော်ငြား မထင်မှတ်ထားစွာဖြင့် ယင်းကပြောင်းပြန်ဖြစ်နေခဲ့ပါ၏။
သူက မရီးကိုသောက်ရမ်းတွေ ချစ်နေတာဟ…
“ကော စိတ်လျှော့ပါဦး…”
ကျိဖန်းချီက ပူပန်မှုတို့အပြည့်ဖြင့် ပြောလိုက်သည်။
“အခုက မင်း အချစ်ကြောင့်ကန်းနေတာ ဒါကြောင့်မို့ ဒီလိုကျူးလွန်တာမျိုးကို လွယ်လွယ်ခွင့်လွှတ်ပေးလိုက်လို့ မရဘူးနော်…”
ရွှီကျိ၏အသံက အလွန်တရာပင် တည်ငြိမ်အေးဆေးနေပါ၏။
“အေးဆေးပါ ငါဘာလုပ်နေလဲ ငါသိတယ်…”
မင်းက သောက်ကျိုးနည်းဘာမှကိုသိမနေဘူး…
ကျိဖန်းချီမှာ ရူးသွားတော့မတတ်ပင်။
"ငါ အရင် ဖုန်းချတော့မယ်…"
ရွှီကျိက ပြောလိုက်သည်။
"မင်း ဘာစားမလဲတွေးပြီးရင် ငါ့ကိုခေါ်လိုက် ငါမင်းကိုလာကြိုပေးမယ်…"
"ကော… ရွှီကျိကော…"
ကျိဖန်းချီ၏ နှလုံးကွဲကြေမတတ်ဝမ်းပန်းတနည်းခေါ်သံမှာ 'တူ တူ တူ'ဟူသောအသံနှင့်အတူ ဆက်သွယ်မှုလိုင်းဖြတ်တောက်ခြင်းကိုသာ ခံလိုက်ရလေ၏။
သို့ပေသိ ကျိဖန်းချီကို ကျေးဇူးတင်ရပေမည်။ သူ့ကြောင့် ရွှီကျိက တစ်စုံတစ်ရာကို သတိရသွားချေ၏။ ရွှီကျိ လိထျင်းထံ လှည့်လျက်မေးလိုက်သည်။
"ဒါနဲ့ မင်းကဘာလို့ အဲဒီအန်တီ့ခါးကို ဖက်ထားရတာလဲ နှာဘူးလား မင်းက…"
လိထျင်းက နားမလည်သည့်အလား "ဟမ်"ခနဲ ဆို၏။
သူက ခပ်မြန်မြန်ပင် ဘာဖြစ်နေသည်ကို သတိပြုမိသွားကာ "အိုး"ဟူ၍ အာမေဍိတ်သံပြုလိုက်ပြီး ပြောလာ၏။
"ဒီတော့ ခင်ဗျားကို သတင်းပေးတဲ့လူရှိတာကိုး ကျွန်တော့်ကိုအချိန်မှီ အမိဖမ်းဖို့ ပြန်လာတာလား…"
ရွှီကျိက မျက်လွှာအားပင့်လျက် သူ့ကိုကြည့်လိုက်သည်။
"ငါ မေးတာပဲဖြေ..."
လိထျင်းက ယောင်ယောင်လေးပြုံးလိုက်ပြီး တံခါးထံလျှောက်သွား၏။
"အန်တီက တံခါးမှာချော်လဲလို့ သွားကူပေးတာ…"
သူက ပြောပြီးသည်နှင့် တံခါးကိုဖွင့်လိုက်ရာ ပန်းခြုံပုတ်နောက်တွင် ကိုယ်ကိုကျုံ့လျက်ဝပ်နေသည့် ကျိဖန်းချီအား မြင်သွားလေလေသည်။
“အာ… ဒီတော့ မင်းကိုး…”
လိထျင်း၏ နှုတ်ခမ်းတို့က အထက်သို့မြင့်တက်သွား၏။
ကျိဖန်းချီမှာ အဖမ်းခံလိုက်ရပြီဖြစ်သည်။ သူ ခေါင်းမော့လိုက်ချိန်တွင် မြင်ရသမျှက ရင်းနှီးနေပြီးသား အပြုံးလှလှလေးသာ။
လိထျင်းမှာ အလွန်အရပ်ရှည်ကာ သူ့အားငုံ့ကြည့်လာချိန်တွင် အမှောင်ထုဖြင့် လွှမ်းခြုံခံလိုက်ရလေသည်။ သူ့မျက်နှာထက်တွင် အပြုံးမမည်သောအပြုံးတစ်ခုရှိနေပြီး ခြိမ်းခြောက်နေသည့်ခံစားချက်အား အပြည့်အဝ ဖော်ထုတ်ပြသထား၏။
ကျိဖန်းချီမှာ ထိတ်လန့်သွားပြီး တုန်ရီသွားရလျက် မြေပြင်ထက် နောက်ပြန်ပြုတ်ကျလုနီးနီးပင်။
ကံကောင်းထောက်မ၍ ကယ်တင်ရှင်က အချိန်မှီ ရောက်လာခဲ့လေသည်။ ရွှီကျိက လက်ပိုက်ထားရင်း မေးလာသည်။
"မင်း ဘာလုပ်နေတာလဲ…"
“ဘာမှမလုပ်ပါဘူး”
ရွှီကျိအား ကြည့်လိုက်ချိန်တွင်မူ လိထျင်း၏မျက်လုံးတို့တွင် ချိုမြိန်သောအပြုံးတို့ပြည့်နေလေ၏။
“ကလေးပေါက်စကို ဟယ်လိုလို့ နှုတ်ဆက်နေရုံလေးပါ…”
တစ်ဦးမှာ ၂၆နှစ်ရှိပြီဖြစ်ကာ တစ်ဦးမှာမူ ၂၅နှစ်ဖြစ်၏။ သူတို့အတွက်မူ အခုမှအထက်တန်းပြီးကာစ တစ်စုံတစ်ယောက်သောသူက ကလေးပေါက်စလေးသာဖြစ်၏။
“ကောင်းပြီလေ ပြောစရာရှိတာပြောပြီးပြီဆိုတော့ ငါသွားတော့မယ်…”
ရွှီကျိက ပြောလိုက်၏။ သူက ပန်းခြုံဘေးမှ ဖြတ်သွားချိန်တွင် ကျိဖန်းချီကို ပြောလိုက်လေသည်။
“ထတော့ ငါမင်းကို ပြန်ခေါ်သွားပေးမယ်…”
ကျိဖန်းချီက သူ့ဘောင်းဘီမှဖုန်များကို ခါထုတ်လိုက်ပြီး သူ့နောက်ကလိုက်လာသည်။ သူက ခေါင်းလှည့်ကြည့်လိုက်ရာ အလှလေးက တံခါးကိုမှီလျက်ရပ်နေပြီး သူတို့ထွက်သွားသည်အား အပြုံးတစ်ပွင့်ဖြင့် ကြည့်နေဆဲပင်။
“ကျွန်တော်နဲ့သဘောတူထားတာ မမေ့နဲ့နော်…”
လိထျင်းက ပြောသည်။
ရွှီကျိက ပြန်မလှည့်ကြည့်သော်ငြား သူသိကြောင်းအချက်ပြသည့်အနေဖြင့် လက်ကိုမြှောက်ပြလိုက်၏။
ကျိဖန်းချီ၏ သတိပေးသံများမှာ မြည်လာသည်။
ဘာသဘောတူညီချက်လဲ… ဖြစ်နိုင်တာက မရီးက ရွှီကျိကောရဲ့ သူ့အပေါ်ထားတဲ့အချစ်တွေကို အခွင့်ကောင်းယူပြီး မမျှတတဲ့သဘောတူညီချက်ကို ဖိအားပေး လက်မှတ်ထိုးခိုင်းတာများလား… အဲဒါက အဲဒီ့မိန်းမနဲ့ သူ့ကြားက ဆက်ဆံရေးကိုမပျက်စေဘဲ ရွှီကျိကောကို ငကန်းလုံးလုံးဖြစ်စေနိုင်တဲ့ တစ်ခုခုများလား…
ဘယ်လိုလုပ်ပြီး ဂုဏ်သတင်းကြီးမြတ်လှတဲ့ ရွှီကျိကောက အဲဒီ့မြေခွေးကောင်လေးဆီကို နစ်မြုပ်သွားရတာလဲ…
ကျိဖန်းချီမှာ အပြင်းအထန် ဒေါသ အမျက်ခြောင်းခြောင်းထွက်နေပေပြီ။ သူက လိထျင်းအား ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သောပြီး သန့်ရှင်းဖြူစင်သော အလှလေးအဖြစ် ဆက်မမြင်နိုင်တော့ပေ။ ထိုအစား သူ့ရွှီကျိကော၏ ခန္ဓာနှင့်နှလုံးသားကို လိမ်လည်လှည့်ဖြားကာ အိမ်ထောင်ရေး ဖောက်ပြန်သည့် ဆိုးရွားသောမြေခွေးတစ်ကောင်အဖြစ်သာ မြင်ချေတော့၏။
ထို့နောက်တွင် ရွှီကျိက လက်မထပ်မီက ပျော်ရွှင်စရာကောင်းသည့် သူ၏စင်ဂယ်ခွေးဘဝလေးသို့ ပြန်သွားခဲ့သည်။
ယခုသူတို့ကြားတွင် ဝှက်ဖဲဟူ၍မရှိပေ။ အပတ်တိုင်းလည်း ပြန်သွားစရာ မလိုတော့သလို လိထျင်းသည်လည်း အမြန်ပြန်လာစရာမလိုအပ်တော့ချေ။ နှစ်ဦးနှစ်ဖက်ကျေနပ်သည့် အခြေအနေပင်။
ထို့ကြောင့်ပင် အစွန့်ပစ်ခံ ပင်ဟိုင်အိမ်မှာ နှစ်ပတ်လုံး မီးအလင်းရောင်ဟူသည်နတ္တိဖြစ်ကာ တစ်အိမ်လုံးက အမှောင်ကျလျက်ဖြင့်ပင်။
ရွှီကျိ ပြန်သွားခဲ့သည်မှာလည်း လုံးဝမတော်တဆပင်။ ထိုနေ့က သူ အကြံဉာဏ်ထုတ်မရသဖြင့် တစ်ယောက်တည်း ရုံးတွင် သန်းခေါင်ယံအချိန်နီးပါးအထိနေခဲ့သော်လည်း သူရေးဆွဲခဲ့သောပုံမှာမူ သူ၏မျှော်လင့်ထားသည်များနှင့် လွဲချော်နေဆဲဖြစ်၏။
အလွန်အကျူးအာရုံစိုက်ကာ စဥ်းစားခြင်းက သူ့အားပင်ပန်းစေ၏။ သို့ဖြစ်ရာ မိနစ်၃၀ကြာအောင် မောင်းရမည့်အိမ်ထက် ၁၅မိနစ်သာမောင်းရသည့်အိမ်အား ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ဆိုစေ ထိုနေရာတွင် လိထျင်းသည်လည်း မနေတော့ပေ။
လဝက်ခန့် မည်သူကမှ ဤနေရာကို ရောက်မလာခဲ့ကြပေ။ ဗီရို၊ စားပွဲနှင့်ကြမ်းပြင်တို့ထက်တွင် ခပ်ပါးပါး ဖုန်တစ်လွှာက တည်ရှိနေပေပြီ။ အနည်းငယ်မျှရှင်းလင်းပြီးသည့်နောက် ရွှီကျိကျေနပ်သွားကာ ချက်ချင်းပင် အိပ်မောကျသွားလေသည်။ မျှော်လင့်ထားခဲ့သလိုပင် ၈နှစ်တာမျှ အသုံးပြုလာခဲ့သည့်သူ့အိပ်ရာကသာ သက်တောင့်သက်သာအဖြစ်ဆုံးပင်။
ထို့နောက်တွင် သူက စတင်၍ ဤနေရာသို့ အကြိမ်ကြိမ်ပြန်လာခဲ့ကာ ဟန်ကျင်းရှိအိမ်မှ ပစ္စည်းတို့ကိုလည်း ဖြည်းဖြည်းချင်းပြန်ရွှေ့လာလိုက်၏။ ဤအချိန်အတောအတွင်းတွင် ရွှီကျိနှင့်လိထျင်းတို့က အချင်းချင်း မဆက်သွယ်ခဲ့ကြပေ။
နောက်တစ်လ ကုန်လွန်သွားပြန်၏။ ရွှီကျိတစ်ယောက် သူ့အား အချိန်အကြာကြီး အလုပ်များနေစေခဲ့သည့် ပရောဂျက်မှ လွတ်မြောက်သွားလေပြီဖြစ်သည်။ စီမံကိန်းမှာ ပြီးဆုံးသွားပြီဖြစ်၏။ သူက ရေဆိုဖာထက်တွင် နေ့လည်ခင်းတရေးတမော အိပ်နေခဲ့ပြီးနောက် သူ့အခန်းမှ ထွက်လာချိန်တွင် လိထျင်း၏အခန်းတံခါးအောက်မှ အနီရင့်ရောင်အရည်အိုင်ကြီးတစ်ခု စိမ့်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ယင်းက ရေချိုးခန်းအထိ ပြန့်သွားလုမတတ်ပင်။
သာမန်လူများသာ ထိုမြင်ကွင်းကိုမြင်လိုက်ရပါက အလိုအလျောက်ကြောက်လန့်သွားကာ လူသတ်သမားက အလောင်းဖျောက်သည့် ဇာတ်ကွက်မျိုးပေါင်းများစွာကို ပြေးတွေးမိကြပေလိမ့်မည်။ သို့သော်လည်း ရွှီကျိက မတူညီပေ။ သူက မျက်မှောင်ကြုတ်ကာ ပို၍နီးကပ်အောင် သွားလိုက်၏။ ထို့နောက် အရက်နံ့ပြင်းပြင်းကို ရလိုက်လေသည်။
သူက တုံ့ဆိုင်းမနေဘဲ လိထျင်းထံဖုန်းခေါ်လိုက်ရာ အမြန်ပင်ဖြေလာသည်။ နောက်တွင် လူများစွာက ရှုပ်ထွေးဆူညံစွာ ပြောဆိုနေကြသည်။ ရွှီကျိက သူ၏ဖုန်းကို နားမှအနည်းငယ် ခွာလိုက်ပြီးပြောလိုက်သည်။
"ဟေ့ မင်း အခန်းထဲမှာ အရက်တွေ ဖိတ်သွားတယ်…"
“အမ်...”
ကြည့်ရသည်မှာ လိထျင်းက နေရာရွှေ့လိုက်ပုံရသည်။ ပိုမိုတိတ်ဆိတ်သွား၏။
“အရက်မှောက်ကျတယ်လား ဘယ်လိုဖြစ်ပြီးတော့လဲ…”
ရွှီကျိတွင် ရှင်းပြလိုစိတ်ရှိမနေ။ သူက ဆိုလိုက်သည်။
“ဖိတ်ကျရုံလေးတင် ပြန်လာပြီး သန့်ရှင်းရေးလုပ်ဦး…”
“ကျွန်တော်က အခု Sမြို့မှာ…”
လိထျင်းက ဆိုသည်။
“ခင်ဗျား အခန်းထဲဝင်ပြီး ဘယ်ပုလင်းမှောက်ကျတာလဲဆိုတာ ကြည့်ပေးလို့ရလားဟင်…”
ရွှီကျိက ပြောသည်။
“မင်းအခန်းတံခါးက ပိတ်ထားတယ်...”
လိထျင်းက ပြန်ပြောလာသည်။
“ကျွန်တော် သော့ခတ်မထားဘူး ဒီအတိုင်းသာဝင်သွားလိုက်...”
ရွှီကျိမှာ တစ်ပါးသူ၏အခန်းထဲ ဝင်မသွားချင်သော်ငြား လက်ရှိတွင် လိထျင်းက ပြန်မလာနိုင်ပေ။
သူ အရက်ကိုမှောက်ကျတဲ့အတိုင်းကြီး ဒီလောက်ရက်တွေကြာအောင် ထားခဲ့တာမဟုတ်လောက်ပါဘူးနော်… သူထားခဲ့တာများလား…
လိထျင်းက သူ့အတွေးကိုသိနေပုံဖြင့် ဖုန်းတစ်ဖက်မှနေ၍ ညင်ညင်သာသာရယ်မောလာ၏။
“ရပါတယ် ခင်ဗျားဝင်သွားလိုက်ပါ…”
“အဲဒါက အရမ်းရွံစရာကောင်းတယ်လို့တော့ မပြောနဲ့နော်…”
ရွှီကျိက သူ့ဆံပင်တို့အား အားအပြည့်ထိုးဖွလိုက်သည်။
“ဒါဆို ငါဝင်သွားတော့မယ်…”
ဧည့်သည်ခန်းက အလွန်ပင်ရိုးရှင်းသည်။ စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးမှလွဲ၍ အခြားမည်သည့်အရာမှမရှိသည်မှာ ရှင်းလင်း၍နေပြီး လူမနေသည့်အတိုင်းပင်။ လိထျင်းတစ်ယောက် ဤနေရာတွင် အတော်ကြာအောင်နေထိုင်ခဲ့သော်လည်း ပြောင်းလဲမှုဟူ၍မရှိပေ။ သို့သော် ကြာအောင်နေသည်ဟူ၍ ပြောမရချေ။ ဘယ်ကြောင့်ဆိုသော် သူက တစ်ပတ်လျှင် နှစ်ကြိမ်သာ ပြန်လာတတ်သောကြောင့်ပင်။
တစ်ခုတည်းသော ကွာခြားချက်မှာ တံခါးဘေးတွင် ရှိနေသော အရက်ပုလင်းထားသည့်ဗီရိုငယ်လေးသာဖြစ်ပြီး ၎င်းပေါ်တွင် နိုင်ငံခြားဖြစ်အရက်ပုလင်း ငါးလုံး ခြောက်လုံးခန့် ရှိနေသည်။ ထိုအထဲရှိ တစ်လုံးမှာ ယခုအချိန်တွင် ကြမ်းပြင်ပေါ်တွင် ကျကွဲနေလေပြီ။
ရွှီကျိက အရက်တို့ကို ရှောင်ကာခြေလှမ်းတို့အားနင်းလျက် ကွဲနေသောပုလင်းကို ကောက်ယူကြည့်လိုက်ပြီးပြောလိုက်သည်။
"Louis XIII"
"အာ..."
လိထျင်းက ရင်ကွဲနာကျသလို သက်ပြင်းချလာ၏။
"ကျွန်တော် ကြားဖူးတာ အဲဒါက ဈေးကြီးတယ်တဲ့…"
“ကြားဖူးတယ်တဲ့လား…”
လိထျင်းက ပိုက်ဆံအတွက် နှမြောနေဆဲပင်။
"ကျွန်တော် တံဆိပ်တွေအကြောင်းကို မသိဘူး တစ်ယောက်ယောက်က ပေးသွားတာ ဈေးအရမ်းကြီးတယ်လို့ ပြောတယ်…"
"ဘာမှမဖြစ်ပါဘူး…"
ရွှီကျိ ဤအရက်ကို သိသည်။ သူ အကြိမ်များစွာ သောက်ဖူး၏။ Louis XIII မှာ နှိုင်းယှဉ်ရလျှင်အတော်လေးကောင်းမွန်သည့် နိုင်ငံခြားဖြစ်အရက်တစ်မျိုးဖြစ်သည်။
"ဘာမှ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်…"
လိထျင်းက လက်ဦးမှူယူလျက် ခပ်တိုးတိုးရှင်းပြလာသည်။
"ကျွန်တော် S မြို့ကို ပြန်လာတာကလေ ဒီဘက်က ကုမ္ပဏီအတွက် လုပ်စရာကိစ္စတွေရှိလို့ပါ… ခင်ဗျားမိဘတွေ မေးလာရင်လည်း လျှို့ဝှက်ချက်တွေကို မဖော်လိုက်ပါနဲ့နော်…"
ရွှီကျိ: "အင်း သိပြီ"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသောအခါ လိထျင်းက သူ၏ ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ပြီး ဖုန်းကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ရွှီကျိသာ ကတိပေးလာလျှင် သူ ထိုကတိကို ကောင်းစွာစောင့်ထိန်းလိမ့်မည်ဟု ယုံကြည်နေမိခြင်းမှာ အမှန်ပင် ထူးဆန်းသည်။ ဤယုံကြည်မှုက မည်သည့်နေရာမှ ရောက်လာသည်ကို သူမသိပေ။
ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ရွှီကျိက ကိစ္စတွေကို အလေးအနက်ထားတတ်သူဖြစ်နေလို့များလား… အဲဒါကြောင့် ငါက ရွှီကျိရဲ့အကျင့်စရိုက်အပေါ် အရမ်းယုံကြည်မိနေတာလား…
သူက တစ်ခါတစ်ရံဆို အတော်လေးခေါင်းမာပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပေမဲ့လည်းပေါ့…
"လိထျင်း...မင်း အထဲမှာ ဘာလုပ်နေတာလဲ အလုပ်မလုပ်ချင်လို့ ရေသာခိုနေတာလား…"
မီးဖိုချောင်တံခါးကို အပြင်ဘက်မှ ကြမ်းတမ်းစွာ ဆွဲဖွင့်ခံလိုက်ရပြီး လိယွဲ့က ကျောပေးထားသောလိထျင်း၏ နောက်ကျောကို မြင်လိုက်ရသည်။ တစ်ခုခု မကောင်းသည့်အရာလုပ်နေသကဲ့သို့ပင်။ လိယွဲ့က လိထျင်း၏ ဆံပင်ရှည်များကို ချက်ချင်းပင် ဆုပ်ကိုင်ဆွဲယူလိုက်ပြီး ပြောလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ ဟမ်…"
လိထျင်းမှာ နောက်သို့အဆွဲခံလိုက်ရပြီး နာကျင်သွားသော်လည်း လိယွဲ့ကို ပြုံးပြနေဆဲပင်။
"တောင်းပန်ပါတယ် ခုနက ကျွန်တော့်အမျိုးသားက ဖုန်းခေါ်လို့ ဖုန်းဖြေဖို့ ဝင်လာတာ…"
လိယွဲ့က အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်ပြီး လွှတ်ပေးလိုက်သည်။
"မင်း ယောက်ျားတစ်ယောက်ကို လက်ထပ်ရတာကို မရှက်ဘူးလား… နေ့တိုင်း တခြားသူတစ်ယောက်အတွက် အရာရာလုပ်ပေးနေတာ ညဘက်ကျရင်ရော သူ့ကို မင်းကိုဖာ့ခ်ပေးဖို့ ဒူးထောက်တောင်းပန်ရသေးလား…"
အေပရွန်ကိုဝတ်ထားသည့်လိထျင်းက ခေါင်းငုံ့လျက် အလွန်နာခံတတ်သည့်အမူအရာဖြင့် ရပ်နေပြီး သူ့မျက်နှာအမူအရာမှာ မသဲကွဲပေ။
လိယွဲ့က သူ၏ခပ်ကျုံ့ကျုံ့အမူအရာကိုကြည့်ကာ အော်ဂလီဆန်လာသလို ခံစားလိုက်ရသည်။ ပထမတွင် လိယွဲ့က မိသားစုအမွေတို့အတွက် လိထျင်းနှင့် တိုက်ခိုက်လာမည်ကို စိုးရိမ်နေမိခဲ့သော်ငြား အနှီသူရဲဘောကြောင်သူက သူနှင့်ပင် အငြင်းမပွားရဲပေ။ အလွန်ပျင်းစရာကောင်းလွန်း၏။ လိယွဲ့က ဆိုသည်။
“အမေက မင်းကိုခိုင်းလိုက်တယ် အပြင်ကဒါရိုက်တာအတွက် သစ်သီးတွေလှီးလာတဲ့...”
လိထျင်း အသံထွက်ရုံမျှသာ တုန့်ပြန်လိုက်သည်။ လိယွဲ့က ထွက်မသွားမှီ စော်ကားပြောဆိုသွားသည်။
“မင်းက လူရှေ့သူရှေ့ထုတ်ပြလို့တောင် မကောင်းတဲ့အခြောက်ပဲ…”
တံခါးက ဘန်းခနဲပိတ်သွား၏။
ခဏအကြာတွင် လိထျင်းက သူ့နှုတ်ခမ်းထောင့်တို့အား ဆွဲဆန့်လျက် လည်ချောင်းထဲမှလာသောအသံဖြင့် အူလှိုက်သည်းလှိုက် ရယ်မောလာ၏။ သူက ဖရိုဖရဲဖြစ်သွားသည့်ဆံပင်တို့အား လက်မြှောက်လျက် သပ်ရပ်အောင်ပြုလိုက်သည်။ သူက လိယွဲ့ထွက်ခွာသွားရာဘက်သို့ ကြည့်နေပြီး သူ၏နက်မှောင်နေသောမျက်ဝန်းတို့က အသူရာချောက်နက်ပမာ ကျောချမ်းစေသည့် အေးစက်စက်ခံစားချက်ကို ချန်ရစ်ကာဖြင့်ပင်။
🧶🧶🧶