အပိုင်း ၁၁၆
Viewers 16k

Chapter 116



"ရှင်ဒီမှာရပ်နေတဲ့အခါ ချက်ပြုတ်ရတာ အဆင်မပြေဘူး"ဟု သူမကပြောလိုက်သည်။

ရှဲ့ရွှင်းက နောက်သို့ ခြေတစ်လှမ်းသာလှမ်းကာ ရွှေအိုရောင်ခေါက်ဆွဲကို ကြည့်ပြီး စားချင်လောဘကြီးနေ သည်။

အရမ်းမွှေးတယ်...အပြင်မှာရောင်းတဲ့ မုန့်ကြိုးလိမ်က ဒီလောက်မမွှေးဘူး... အထဲမှာ ဥတွေပါနေလို့များလား...

"ဒီည ကြက်ဥကြော်နဲ့ ခေါက်ဆွဲစားချင်တယ်"
သူတောင်းဆိုလိုက်သည်။

ကျန်းရှုယောင်က သဘာဝအတိုင်း ခေါင်းညိတ်လိုက်သည်။

ရှဲ့ရွှင်းက ခေါက်ဆွဲခြောက်ကို တိတ်တဆိတ် ဘယ်လိုခိုးစားရမလဲဆိုသည်ကို တွေးနေချိန်မှာပဲ မုန်လာဥနီခေါင်းသေးသေးလေးက တံခါးအပြင်ဘက်ကနေ ပြေးလာပြီး ခုန်စွခုန်စွ အော်လာလေသည်။

"တတိယဦးလေး... တတိယဦးလေး"

ရှဲ့ရွှင်း၏ ဒဏ်ရာကြောင့် ရှုရှီက အမြွှာများကို နှောင့်ယှက်ရန် ခွင့်မပြုသဖြင့် အမြွှာများမှာ တတိယအိမ်တော်ခွဲသို့ အချိန်အတော်ကြာအောင် မလာခဲ့ကြရပေ။

အခု သူတို့ တတိယအိမ်တော်ခွဲသို့ ပြန်ရောက်လာနိုင်ပြီဖြစ်သဖြင့် ရှဲ့ကျောက်တစ်ယောက် စိတ်လှုပ်ရှားနေရုံသာမက ရှဲ့ယောင်လည်း နောက်က လှုပ်စိလှုပ်စိဖြင့်ပါလာသည်။ရှဲ့ရွှင်း ဒဏ်ရာရထားသည်က စိတ်မကောင်းစရာပင်။ သူတို့က သူ့အပေါ်ခုန်တက်မရတော့ပေမဲ့ သူ့ရှေ့မှာ ရပ်လိုက်သည်။

ရှဲ့ရွှင်း သူ့ပါးစပ်ထဲကို ခေါက်ဆွဲခြောက်ထည့်လိုက်သည်နှင့် ရှဲ့ကျောက်က အကောင်ပေါက်လေးလို ပြေးလာပြီး သူ့ကို ဖမ်းလိုက်သည်။

ရှဲ့ကျောက်၏ စပျစ်သီးနှင့်တူသော မျက်လုံးများသည် အကြိမ်အနည်းငယ် လှည့်ပတ်ကာ ရှဲ့ရွှင်းကို ကြည့်ပြီး ပြုံး၍ ဆိုသည်။

"တတိယ ဦးလေး~"

ရှဲ့ရွှင်း သူ့စိတ်ထဲတွင် အလွန်ရှက်ရွံ့နေသော်လည်း မျက်နှာပြင်ပေါ်တွင် တည်ငြိမ်နေဟန်ရှိသည်။ သူက လက်ယပ်ခေါ်လိုက်ပြီး ရှဲ့ကျောက်နှင့်ရှဲ့ယောင်က သူ့ဆီ လျှောက်သွား၏။

ကျန်းရှုယောင်က အလုပ်များနေပြီး သူတို့၏လှုပ်ရှားမှုလေးတွေကို မမြင်ရပါချေ။

ရှဲ့ရွင်းက တိုးတိုးလေးပြောသည်။

"မင်းတို့ရဲ့တတိယအဒေါ်တွေက ငါ့ကို အစာမာတွေ ဆီများတဲ့အစားအစားတွေ မစားခိုင်းဘူး"

ရှဲ့ကျောင် ခေါင်းညိတ်ပြပြီး နားလည်မှုပေးသည်။

ရှဲ့ယောင်က သူ့ကို တိတ်ဆိတ်စွာ ကြည့်ရင်းဆို၏။

"ဒါက ဦးလေးအစာခိုးရတဲ့အကြေားင်းအရင်းလား"

ရှဲ့ရွှင်း ပို၍ပင် ရှက်သွားသည်။သူ့အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုက သူ ငယ်ငယ်က ရှဲ့ယောင်၏စိတ်ထားမျိုးရှိသည်ဟု ဆို၏။သူ ငယ်ငယ်ကတည်းက အရွယ်ရောက်ပြီးသူအဖြစ် ဆက်ဆံခံရသည်မှာ အံ့သြစရာမရှိပါချေ။ဤကလေးမျိုးနှင့် ကြုံရသည်က လူကြီးတွေကို ကူကယ်ရာမဲ့ ဖြစ်စေသည်။

သူ အစားအသောက် ခိုးယူနေသည်ကိုချက်ချင်းလက်ငင်း လူမိသွား၏။ရှဲ့ကျောက်က ကောင်းကောင်းလုပ်ခဲ့ပြီး ခေါက်ဆွဲခြောက်အချို့ကိုလည်း ခြေဖျားထောက်ကာ ကုပ်ယူထားသည်။

သူက ရှဲ့ရွှင်းထက် များစွာ ရဲရင့်ပြီး မရပ်မနား ကျယ်လောင်စွာ တစ်ခု​​ပြီးတစ်ခု ဝါးနေသည်။

ရှဲ့ယောင်က ရှဲ့ကျောက်ကိုကြည့်လိုက်ပြီးနောက် ရှဲ့ရွှင်းကိုကြည့်သည်။ထို့နောက် စားရန် အသင့်စားခေါက်ဆွဲခြောက်တစ်ဖဲ့ကိုယူကာ သူ့နောက်မှလိုက်သွားခဲ့သည်။

ရှဲ့ရွှင်းလည်း သတိလက်လွတ်ဖြစ်သွားပြီး သူတို့နှင့်အတူ စားသောက်ခဲ့သည်။

ခေါက်ဆွဲခြောက်ပုံက အချိန်ခဏလေးအတွင်းမှာ ပြိုကျသွားလေသည်။ ထိုအချိန်တွင် ကျန်းရှုယောင်က လှည့်ကြည့်လာပြီး အစာခိုးနေသော ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ ပိုကြီးသည့်တစ်ယောက်က လက်ကိုတန်းပိတ်ပြီး လက်ပူးလက်ကြပ်မိမသွားပေ။

"ရှဲ့ပေါယွမ်..."

ကျန်းရှုယောင်က မျက်မှောင်ကြုတ်ပြီး အော်လိုက်သည်။

"ကလေးတွေက မသိနားမလည်ပေမဲ့ ရှင်က မသိတာလား"

သူမက လမ်းလျှောက်လာပြီး အမြွှာနှစ်​ယောက်ကိုမေး၏။

"မင်းတို့ လက်ဆေးပြီးပြီလား... မမေးဘဲ ဘယ်လိုလုပ် စားနိုင်တာလဲ...စားလို့မရတဲ့ဟာဆိုရင် ဘယ်လိုလုပ်မလဲ"

ရှဲ့ကျောက်က ရှဲ့ရွှင်းကို ရောင်းထုတ်ရန် ရည်မှန်းထားသည့်အတိုင်း စိုက်ကြည့်နေသည်။

ရှဲ့ရွှင်းက မြန်မြန်ပြောလိုက်သည်။
"သူတို့က ငါ့ကိုမေးတယ်"

ထိုစကားကိုကြားသောအခါ ကျန်းရှုယောင်က ရှဲ့ရွှင်းကို စိုက်ကြည့်နေခဲ့ပြီး ရှဲ့ရွှင်း ခဏတာ အပြစ်ရှိသလိုခံစားရသည်။ သူ့အမှားကို ဝန်ခံခါနီးမှာ ကျန်းရှုယောင်က ရေရွတ်သည်ကိုကြားလိုက်ရ၏။

"ရှင်ကဒီလိုပဲဆိုရင်...ရှင့်သားသမီးတွေကို အနာဂတ်မှာ ဘယ်လိုသင်ပေးနိုင်မှာလဲ"

ဤစကားတွေက ရှဲ့ရွှင်းကို ထိမှန်ပြီး ချက်ချင်းပဲ သူမျက်နှာနီသွားသည်။

"ဒါ ငါ့အမှားပါ... ငါသေချာပေါက်ပြင်ပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်မှာပါ"

ကျန်းရှုယောင် လက်ကျန်ခေါက်ဆွဲခြောက်ကို ထုတ်ယူပြီး ခေါက်ဆွဲပြုတ်ရန် မီးဖိုချောင်သို့ ပြန်သွားသောအခါ ရှဲ့ရွှင်းက အလေးအနက် ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်မှုထဲတွင် မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။

ရှဲ့ကျောက်က သူ့ဝတ်ရုံလက်များထဲမှ ဝှက်ထားသော အသင့်စားခေါက်ဆွဲခြောက်ကို ထုတ်ကာ တဂျွင်းဂျွင်း ဝါးလိုက်သည်။ သူက လည်ပင်းကိုမြှောက်ပြီးရှဲ့ရွှင်းအား ပြောလိုက်သည်။

"တတိယဦးလေး... တတိယအဒေါ်က ကိုယ်ဝန်ရှိနေတာလား"

ရှဲ့ရွှင်း ချက်ချင်း နိုးလာသည်။ ဟုတ်တယ်...မုန့်က မုန့်ဖိုထဲမှာ မရောက်သေးဘူး... သူဘာတွေပြန်လည်သုံးသပ်နေတာလဲ..(🤣)

မီးဖိုချောင်ထဲမှာ ကျန်းရှုယောင်တစ်ယောက် အသင့်စားခေါက်ဆွဲကို စလုပ်လေသည်။ ခေါက်ဆွဲ၏အထူက သင့်လျော်မှုရှိမရှိ စမ်းသပ်ရန်အတွက် သူမ ခေါက်ဆွဲကို ပြုတ်/ စိမ်ထားပြီး ၎င်းတို့ကို စမ်းသပ်ရန်အတွက် သီးခြားပန်းကန်လုံးများထဲတွင် ထည့်ထားသည်။

ဆော့စ်ထုပ်က ဆော့စ့်များစွာပါပြီး အသားများပြည့်နေသည်။ အမှုန့်ထုပ်ကို ရေညှိ ၊ ရှီတာ့ မှို စသည်များနှင့် ရောပြီး အနံ့အရသာကို တိုးမြင့်စေသည်။ ကုန်ချောက ခေတ်မီခေါက်ဆွဲခြောက်နှင့် အရသာတူသည်။ လုံလောက်သောပါဝင်ပစ္စည်းများကြောင့် ၎င်းတွင်အသားနှင့်အဆီ၏အနံ့ပို၍ပင်ရှိသည်။

ဟင်းရည်က ပြုတ်ရည်ထက် ပိုကြည်လင်ပေမဲ့ အမှုန့်ထုပ်ကြောင့် အရသာက မဆိုးလှပါချေ။ ခေါက်ဆွဲခြောက်ထဲမှာ ကြက်ဥကိုလည်း အသုံးပြုထားသောကြောင့် မွှေးပျံ့သောရနံ့ကိုလည်း အစားထိုးပေးသည်။ ရိုးရှင်းသည့် ခေါက်ဆွဲတစ်ပန်းကန်ကို ကြည့်လိုက်လျှင် တကယ့်ကို အတော်လေး တီထွင်ပုံကောင်းလေသည်။

ကျန်းရှုယောင် ပန်းကန်တစ်ခုစီကို မြည်းစမ်းပြီးနောက် အရသာကောင်းသည်ဟု ခံစားရသောကြောင့် နွေ ကြက်သွန်တို့ကို ဖြူး၊ အစိမ်းရောင်အသီးအရွက်အချို့ကို ရေနွေးဖျောပြီး ပန်းကန်လုံးထဲတွင် ထည့်ကာ ရှဲ့ရွှင်းတောင်းဆိုသည့်အတိုင်း ကြက်ဥတစ်လုံးကို ကြော်လိုက်သည်။

ဟိုကလေးနှစ်ယောက်ရှိသောကြောင့် ကျန်းရှုယောင် သူတို့စားရန် ပန်းကန်သေးသေးနှစ်လုံး ပေးလိုက်သည်။

သူတို့သုံးယောက် တန်းစီရပ်ပြီး အရသာခံရန် မစောင့်နိုင်တော့ပေ။

တူးများက ခုန်တက်လာပြီး သူတို့ ခေါက်ဆွဲတွေကို ပါးစပ်ထဲ စုပ်လိုက်သည် လှုပ်ရှားမှုတွေက သပ်သပ်ရပ်ရပ်နှင့် တစ်ပြေးညီပါပင်။

ကြက်ဥခေါက်ဆွဲက ရွှေအိုရောင်ရှိပြီး ခေါက်ဆွဲက ပုံမှန်ခေါက်ဆွဲထက် အနံ့အရသာ ပိုပြင်းသည်။ ကြော်ပြီးပါက အပူချိန်မြင့်မြင့်က ကြက်ဥ၏ရနံ့ကို ထိန်းထားနိုင်ပြီး ၎င်းသည် ပိုမိုအရသာရှိပြီး နူးညံ့သည်။ အသင့်စားခေါက်ဆွဲဟု ဆိုသော်လည်း နူးညံ့ ပျော့ပျောင်းသော ဆွဲခေါက်ဆွဲနှင့် ပိုတူသည်။ ရေနွေးနှင့်စိမ်ထားသည့် ခေါက်ဆွဲခြောက်များပင် ထူးခြားသည့် ချောမွေ့မှုကို မဆုံးရှုံးစေပါချေ။

ချောမွေ့သော ခေါက်ဆွဲကို ပဲပိစပ်ရနံ့ ဟင်းရည်အခြေခံဖြင့် ထုပ်ပိုးထားသည်။ အပူရှိန်က အနေတော်ဖြစ်သဖြင့် ခေါက်ဆွဲထဲမှာ ဆော့စ်၏ အမွှေးအကြိုင်တွေ ပေါင်းစပ်ထားပေမဲ့ ခေါက်ဆွဲက ဟင်းရည်ကို အလွန်အကျွံ စုပ်ယူကာ ပျော့အိ၊ဖယောင်းသားဖြစ်လာပြီး အသွင်အပြင်ကို ဆုံးရှုံးစေခြင်းမျိုးမရှိပေ။ ပျော့ပျောင်းခြင်းနှင့်နူးညံ့ခြင်း၏ တူညီသည့် တစ်ဖက်တစ်ချက်မှာ ရှိ၏။ ခေါက်ဆွဲကို ဝါးလိုက်သောအခါတွင် ကြွယ်ဝသော ကြက်ဥရနံ့နှင့် အဆီနံ့သင်းသင်းလေးသည် လျှာဖျားတွင် စွဲနေသည်။ သာမန်ခေါက်ဆွဲတွေနှင့် ယှဉ်လိုက်လျှင် ထူးခြားသည့်အရသာရှိ၏။

ပျော့ပျောင်းပြီး ခိုင်မာသည့်ခေါက်ဆွဲကို စားပြီးသည့်နောက်မှာ ပန်းကန်ထဲက ဟင်းရည်ကို မော့သောက်လိုက်ကြသည်။

အကြည်ရောင် ခေါက်ဆွဲပြုတ်မှာ ပဲငံပြာရည်နှင့် ပြုတ်ထားသည့် အသားရနံ့တွေ ပါရှိနေသည်။ နုတ်နုတ်စင်းထားသောအသားက ဟင်းရည်နှင့်ရောပြီး အရသာရှိလှသည်။ ဟင်းရည်ထဲမှာ ပြန့်ကျဲနေူည့် ခေါက်ဆွဲ၏ ကြက်ဥမွှေးရနံ့လည်း ရှိပါသည်။ယခုလိုအရသာရှိမျိုးနှင့်ဆိုလျှင် လမ်းမှာ ဗိုက်ဆာနေသည့် လမ်းသွားလမ်းလာတွေ မပြောနှင့်၊ အိမ်မှာနေသည့်သူတွေပင် ဤခေါက်ဆွဲပန်းကန်ကို မငြင်းနိုင်ပါချေ။ ပြုလုပ်ရသည်မှာ မြန်ဆန်ပြီး အဆင်ပြေ၏။ အရသာရှိပြီး နွေးထွေး နူးညံ့ကာ နှုတ်ခမ်းနှင့် ပါးများပေါ်တွင် မွှေးကြိုင်နေသည်။ လူတွေကို လုံးဝပျော်ရွှင်စေ၏။

ထိုသို့ဖြင့် ခေါက်ဆွဲစားပြီးသည်နှင့် သူတို့သုံးယောက် မတ်တပ်ရပ်ပြီး ကျန်းရှုယောင် ခေါက်ဆွဲထပ်ကြော်မည်ကို စိတ်အားထက်သန်စွာ စောင့်နေကြသည်။

ကျန်းရှုယောင် ဆက်လုပ်တော့မည့်အချိန်မှာ သခင်မကြီးက တစ်ယောက်ယောက်ကို သတင်းပို့ခိုင်းလိုက်သည်က သနားစရာပါပင်။ ပထမအိမ်တော်ခွဲ အကြီးဆုံးသခင်ငယ် နှင့် ဒုတိယသခင်ငယ် အကယ်ဒမီမှ ပြန်ရောက်လာသည်။သခင်မကြီးက တတိယအိမ်တော်ခွဲကို ညဘက် မိသားစု ညစာစားရန် လာစေချင်နေသည်။

အငယ်နှစ်ယောက်မပြောနှင့်၊ ရှဲ့ရွှင်းပင် အနည်းငယ် စိတ်ပျက်သွားသည်။

ရှဲ့ရယ် နှင့် ရှဲ့ဟောင် ရောက်ရှိလာသောအခါ ရှဲ့ကျောက် နှင့် ရှဲ့ယောင်တို့ အကယ်ဒမီမှပြန်လာသော သူတို့၏အကြီးဆုံးအစ်ကိုနှင့် ဒုတိယမြောက်အစ်ကိုအား ကြိုဆိုရန် ပြုံးပြလိုက်သည်။

ညီအကိုတတွေ အတူတူရှိတုန်းက အလွန် နွေးထွေးကြသည်။ယခု ပထမအိမ်တော်ခွဲ၏ သားလေးယောက်က တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးစွာ နှုတ်ဆက်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။

နှစ်ဖက်စလုံးက တစ်ဖက်ကို တစ်ချက်ကြည့်ကာ တစ်ဖက်သား မပျော်မရွှင် ဖြစ်နေသည်ကို ပဟေဠိဖြစ်နေကြသည်။

ရှဲ့ရယ် နှင့် ရှဲ့ဟောင်အတွက် အကယ်ဒမီမှ ပြန်လာပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံးတွင် လွတ်မြောက်လာခဲ့သည်။သို့ပေမဲ့ ယနေ့ သူတို့ စားသောက်ရန် လမ်းဘေးအစားအစာဈေးကို မသွားနိုင်ကြတော့ဘဲ မိသားစု ညစာ အရင်စားရသဖြင့် စိတ်တိုစရာ ကောင်းလှ၏။ အတန်းဖော်တွေကို နှုတ်ဆက်သည့် မြင်ကွင်းကို တွေးကြည့်လျှင် ရှဲ့ရယ်နှင့် ရှဲ့ဟောင်က သိပ်မပျော်ကြပါချေ။ သူတို့၏အတန်းဖော်များက လင်းဈေး၏အစားအစာကပင် အရသာရှိနေပြီဖြစ်သဖြင့် ရှဲ့ရယ်နှင့် ရှဲ့ဟောင်တို့ ရှဲ့အိမ်တော်သို့ ပြန်သွားသောအခါ ပို၍အရသာရှိသော အစားအစာကို သေချာပေါက်စားကြလိမ့်မည်ဟု ထင်ကြသည်။ ရှဲ့ရယ် နှင့် ရှဲ့ဟောင်မှာ အတန်းဖော်များ၏မနာလိုခြင်းကို ရင်ဆိုင်နေရသည်။

ထို့အပြင် လမ်းဘေးအစားအစာဈေးထက် ပိုအရသာရှိသည့် အစားအစာတွေကို မစားနိုင်ရုံတင်မကဘဲ ပေါ့ပါးပြီး အရသာမရှိသည့် အစားအစာတွေကို သခင်မကြီးနှင့်အတူ ထိုင်စားရဥိးမည်။

ဥပမာအားဖြင့် သူတို့ရှေ့က ဟင်းရည်ထဲမှာ လိပ်သားပြုတ်ကို သောက်သည့်အခါ သပ်သပ်ရပ်ရပ် ချက်ပြုတ်ထားပြီး လတ်ဆတ်နေပေမဲ့ အရသာ ကင်းမဲ့နေသည်။သူတို့ ဤအဖိုးကြီးသော ဟင်းလျာများနှင့် နှိုင်းယှဉ်လျှင် တုတ်ထိုးအစပ်ကြော်နှင့် ပူစပ်စပ်ဟင်းလျာများ သို့မဟုတ် မာလာထန့်ကို စားချင်ကြသည်။

ရှဲ့ကျောက်နှင့် ရှဲ့ယောင်၏စိတ်ထဲမှာမူ နောက်ဆုံးမှာ သူတို့အမေက တတိယအိမ်တော်ခွဲကို သွားခွင့်ပြုခဲ့ပြီး သည်ညမှာ ညစာစား၍ရပြီဖြစ်သော်လည်း အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကို ပြန်လာသည့်အတွက် ဤဟင်းရည်ကို စားနေရသည်က စိတ်မကောင်းစရာဖြစ်သည်။

ငယ်ရွယ်သူများက မပျော်သော်လည်း လူကြီးများက ပျော်ကြသည်။

ပေါ်လာခဲသော မြို့စားရှဲ့ပင်လျှင် ရှဲ့ရယ်နှင့် ရှဲ့ဟောင်ကိုကြည့်ရန် ရောက်လာသည်။

"မျက်စိတစ်မှိတ်အတွင်းမှာ မင်းနှစ်ယောက်က တော်ဝင်စာမေးပွဲဖြေတဲ့ အရွယ်ရောက်နေပြီ"
သူအသံ အတော်လေး စိတ်သက်သာရာ ရနေဟန်ပင်။

ကျန်းရှုယောင် တစ်ဘက်မှ နားထောင်ပြီး အနည်းငယ် အံ့သြသွားမိသည်။ သေသေချာချာ တွေးကြည့်ပြီးနောက် တော်ဝင်စာမေးပွဲဖြေဆိုရမည့်အချိန်ဖြစ်သည့် ဆောင်းဦးပေါက်ကာလဖြစ်သည်။

သခင်မကြီးကလည်း ပြုံးပြုံးလေးဖြင့် စကားအနည်းငယ် သံယောင်လိုက်က အဆင်သင့်ဖြစ်ပြီလား ၊ အားလုံး အစီအစဥ်တကျရှိရဲ့လား စသဖြင့် မေးသည်။

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့က မေးခွန်းတစ်ခုစီကို တစ်ခုပြီးတစ်ခု ဖြေကြသည်။

သခင်မကြီးက လက်ယက်ခေါ်လိုက်ပြီး အစေခံတစ်ယောက် ရှဲ့ရယ်နှင့်ရှဲ့ဟောင် ဆီကို လျှောက်သွားကာ သစ်သားသေတ္တာတစ်ခုကိုပေးသည်။

"အဘွား"
နှစ်ယောက်လုံး ပဟေဌိဖြစ်သွား၏။

"ဖွင့်ကြည့်လိုက်"
သခင်မကြီးက ကြင်နာစွာ ပြုံးပြသည်။

နှစ်ယောက်သား သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲမှာ အမြစ်ကောင်းကောင်းနှင့် ဂျင်ဆင်းတွေ ရှိနေသည်ကို တွေ့လိုက်ရ၏။

တော်ဝင်စာမေးပွဲ၏ စည်းမျဉ်းများသည် တင်းကျပ်သည်။ သူတို့သည် အခန်းကျဉ်းလေးထဲတွင် ပိတ်လှောင်ခံ ထားရပြီး အစားအသောက်နှင့် တည်းခိုရန်အတွက် အားလုံးကို ယူဆောင်လာရသည်။ ရိုးရှင်းသောအစားအစာများကိုသာ ခွင့်ပြုထားပြီး မုန့်ခြောက်များ၊ ပေါင်းထားသောဘန်းမုန့်များ သို့မဟုတ် ချဉ်ဖက်များထက် ဘာမှမပိုပါချေ။ သုံးရက်စာ လုံလောက်အောင်ယူသွားရသည်။လူအများသည် အများအားဖြင့် အိမ်သာသို့ အပြန်ပြန်အလှန်လှန်သွားရခြင်းမှ ရှောင်ရန် ရေနွေးကို များများသောက်ရန် မဝံ့ရဲကြပေ။

ရှဲ့ရွှင်းလည်း တော်ဝင်စာမေးပွဲတွင် ခံစားခဲ့ရသည်။သူ နောက်ဆုံးနေ့တွင် မစားမသောက်နိုင်ဖြစ်ပြီး နောက်ဆုံးထွက်သက်အထိ သူ့ကိုယ်သူ ခက်ခက်ခဲခဲအားပြုခဲ့ရသည်။နောက်ဆုံးမှာ သူတကယ် ဗိုက်ဆာပြီး အဆင်မပြေသော်လည်း မုန့်ခြောက်တွေကိုမစားချင်သောကြောင့် စောစောစီးစီး စာရွက်တွေ အပ်ခဲ့၏။

ထို့ကြောင့် ဂျင်ဆင်းသည် ဖြေဆိုသူများအတွက် အလွန်အရေးကြီးသည်။ အစားအသောက်နှင့် တည်းခိုနေထိုင်မှု အခြေအနေကို လိုက်မမီနိုင်သော်လည်း မေးခွန်းများကို တစ်ကိုက်ကိုက်ပြီး ဖြေဆိုရန် ခွန်အားရှိနိုင်သည်။

"ကျေးဇူးတင်ပါတယ် အဘွား"

နှစ်ယောက်သား မတ်တပ်ရပ်ပြီး သူမကို ဦးညွှတ်ကြသည်။

ရှဲ့ရွှင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီးဝင်ဖြတ်ပြောလိုက်သည်။

"စကားမစပ်... မင်းတို့ ချဉ်ဖတ်တွေ ယူသွားစရာ မလိုဘူး...မင်းတို့တတိယ အဒေါ်လုပ်ထားတဲ့ အသားဆော့စ် နည်းနည်း ယူသွား"

သူနှင့် အရှေ့နန်းဆောင်ရှိလုပ်ဖော်ကိုင်ဖက်များဆိုလျှင် ပေါင်းထားသော ဘန်းမုန့်များ၏အရသာကို နားလည်ခဲ့ကြသည်။

အသားဆော့စ်က ဘာလဲဆိုသည်ကို သူတို့နားမလည်ပေမဲ့ တတိယအဒေါ်၏ဆိုသည့် စကားလုံးနှစ်လုံးက အာမခံ သင်္ကေတတွေဖြစ်သည်။ ရှဲ့ရယ် နှင့် ရှဲ့ဟောင်က သူ့ကို အမြန်ကျေးဇူးတင်လိုက်သည်။

ထိုအချိန်တွင် ကျန်းရှုယောင်ကဆိုလိုက်သည်။

"အသင့်စားခေါက်ဆွဲခြောက်ကို ဘာလို့ယူမသွားတာလဲ...ငါ သူတို့ကို ဝါးကျည်တောက်ထဲမှာ ထုပ်လိုက်မယ်...ရေနွေးနဲ့ စိမ်ပြီး ကျည်တောက်တွေကို လွှင့်ပစ်လို့ရတယ်...ဘန်းမုန့်ပေါင်းစားတာထက် ပိုအရသာရှိတယ် “

ရှဲ့ရွှင်းက ရုတ်တရက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ရှဲ့ကျောက်က လည်းထောက်ခံသည်။ ရှုရှီကလည်း သူ့သားတွေကို အမြန် ကျေးဇူးတင်ခိုင်းသည်။ ရှဲ့လီက အသင့်စားခေါက်ဆွဲခြောက်ဆိုသည်က ဘာလဲဟုမေးပြီး ကျိုးရှီက အရသာအကြောင်း မေးသည်...

လူအုပ်စုသည် ပျော်ရွှင်တက်ကြွနေကြ သည်။သခင်မကြီး အနှစ် (၃၀) ကျော်အတွင်း စိတ်ပြေလက်ပျောက်ရှိပြီး ဆူညံပွက်လောရိုက်သည့် မိသားစုပွဲမျိုးကို တစ်ခါမှ မမြင်ဖူးပါချေ။

သခင်မကြီးက အရင်တစ်ခါ မျက်နှာကိုဖြတ်အရိုက်ခံရပြီးနောက် ရက်အတော်ကြာ ဆွံ့အခဲ့ရသော်လည်းအဆင်ပြေသွားခဲ့သည်။ သူမ သုတ္တန်များကို ရွတ်ဆိုကာ နေ့တိုင်း ဗုဒ္ဓကို ရှိခိုးပြီး တတိယအိမ်တော်ခွဲအကြောင်းကို မမေးဘဲ ရှို့နင်ခန်းမဆောင်တွင် တိတ်ဆိတ်စွာနေခဲ့သည်။

ယခုကြည့်လိုက်လျှင် မျက်စိတစ်မှိတ်မျှအတွင်းမှာ တစ်ချိန်က အခြားသူများမုန်းတီးခဲ့သော ကျန်းရှုယောင်က မြို့စားရှဲ့အိမ်တော်မှာ အချစ်ခံရဆုံးသူ ဖြစ်လာခဲ့သည်။ သူမ နားမလည်နိုင်သည့်အတွက် သိပ်နားမလည်ချင်ပေ။

ဆိတ်ဆိတ်နေတတ်သောမြို့စားရှဲ့သည်ပင် ၎င်းတို့၏ ဆူညံသော လေထုကို သဘောကျကာ ရယ်ပြီး သူ့ဘေးနားရှိ ရှဲ့လီကိုဆိုသည်။

"ကြည့်စမ်း...မင်းက တတိယချွေးမ ချက်တဲ့ အစားအစာကို စားဖူးပုံပဲ"

သခင်မကြီး သူတို့ ငြိမ်သက်သွားအောင် စောင့်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ လေထုက ပိုပိုပြီး သက်တောင့်သက်သာ ဖြစ်လာခဲ့၏။

သူမ၏ ကြောက်စရာကောင်းပြီး လေးနက်တည်ကြည်သော အကြီးဆုံးသားကပင်လျှင်မေးလေသည်။

"တတိယခယ်မ...အစပ်ချောင်းတွေကို လင်းမိသားစုရဲ့ စျေးမှာ ရောင်းလို့ရမလား... ငါ့လုပ်ဖော်ကိုင်ဖက်တွေက တစ်ကြိမ်စားကြည့်ပြီး တစ်နေ့လုံး ငါ့ကို နှောင့်ယှက်နေကြတယ်"

"ရနိုင်လောက်ပါတယ်... ဒါပေမဲ့ အစ်ကိုကြီး ဒီအကြောင်းကို ဒုတိယယောက်မကို မေးရမယ်...အဲဒီ အစပ်ချောင်းတွေက သူ့လက်ထဲကပဲ"

"အစပ်ချောင်းတွေ ရောင်းတော့မှာဆိုတော့ ကိတ်မုန့်ကကော ဘယ်လိုလဲ"

ဒါဘာလဲ...
သခင်မကြီး ခေါင်းကိုက်လာကာ သည်းမခံနိုင်တော့ဘဲအော်လိုက်၏။

"တိတ်တိတ်နေကြစမ်း... စည်းကမ်းတွေကို အမှတ်ရကြ"

အားလုံးက သူမကို တညီတညွတ်တည်း ခေါင်းလှည့်ကြည့်လာကာ သူမကို အပြင်လူဟုခံစားရ​စေသည်။

သူမ လေကို မျိုချလိုက်ပြီး သူမ၏ အကြည့်များက စားပွဲပေါ်ရှိ မျက်နှာများတလျှောက် ဖြတ်ကာရွေ့လျားသွား၏။

ပြောင်းလဲသွားပြီ... အရာအားလုံးပြောင်းလဲသွားပြီ...

တစ်ချိန်က ကျန်းရှုယောင်ကို မကြိုက်သည့်သူတွေက ကျောခိုင်းကုန်ကြပြီးဆိုသည်ကို ယခု သူမသေချာသွားလေပြီ။ ကျောခိုင်းရုံတင်မကဘဲ သူတို့က သူမကို လမင်းကဲ့သို့ ဆုပ်ကိုင်ထား သည်။ သူတို့သည် တစ်ချိန်က အရည်အချင်းမရှိခဲ့ဖူးသော ကျန်းရှုယောင်ကို ချစ်ခင်နေကြသည်။



Xxxxx