Chapter 115
အသင့်စားခေါက်ဆွဲခြောက်များ
တစ်ချို့အရာတွေက အစဝါကျပြီးလျှင် ဆက်ပြောရန် သိပ်မခက်ပါချေ။ရှဲ့လန်က ဆို၏။
"ကိုယ်တို့ ဒီအခြေအနေကို ဘယ်လိုလုပ် ရောက်သွားတာလဲ...ကမ္ဘာပေါ်က ချစ်သူတွေအတွက် တစ်ယောက်ကိုတစ်ယောက် ချစ်တာနဲ့ မလုံလောက်ဘူးလား"
"ချစ်တာလား"
ကျိုးရှီက နှာခေါင်းရှုံ့သည်။
"ရှင်ကအကုန် အပြောချည်းပါပဲ"
ရှဲ့လန် သူမစကားများကြောင့် အနာပေါ်တုတ်ကျဖြစ်သွားရသည်။
"လောရင်... ကိုယ်တို့ အေးအေးဆေးဆေး စကားပြောလို့မရဘူးလား"
ကျိုးရှီ လှည့်ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူပြီးပြောလိုက်သည်။
"ကောင်းပြီ.. . စကားပြောကြရအောင်...ရှင် ကျွန်မကိုချစ်တယ်လို့ပြောတယ်...ဒါပေမဲ့ ရှင်ကျွန်မကိုတကယ်ချစ်ရင် ရှင်ဘာလို့ကိုယ်လုပ်တော်ယူသေးတာလဲ... ဘာဖြစ်လို့ တခြားမိန်းမတွေနဲ့ ကလေးယူရမှာလဲ"
သူမ၏ ရွဲ့စောင်းခြင်းနှင့် မေးခွန်းထုတ်မှုကြောင့် ရှဲ့လန် အနည်းငယ်ကြောင်အသွားခဲ့သည်။ သူက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး စိတ်တိုဒေါသထွက်ခြင်းမရှိပေ။ သူမစကားကို နားထောင်ပြီးနောက် သူ့အကြည့်များက လုံးလုံးလျားလျား ဗလာဖြစ်သွား၏။
“မင်း…စိတ်ထဲရှိလား”
သူက လွန်ခဲ့သည့် ခုနှစ်နှစ်တာကာလကို ပြန်ပြောင်းပြောပြသည်။
"မင်းကစိတ်ထဲရှိရင်လည်း ဘာလို့ ပြတ်ပြတ်သားသား မပြောတာလဲ...နှစ်ပေါင်းများစွာ ပြဿနာသေးသေးလေးပဲတွေရှာပြီး နောက်ရက်မှာ မင်းက ဒေါသတွေ ပြေသွားတယ်...မင်းက ကလေးဆန်ပြီး တခြားသူတွေနဲ့ မျှဝေရတာ မကြိုက်ဘူးလို့ပဲကိုယ်ကထင်ခဲ့တာ... နောက်ကျ ပြဿနာရှာပြီးရင် မင်းကနားလည်ပေးပြန်ရော"
ကျိုးရှီက သူ့ကို အံ့အားသင့်စွာ ကြည့်ပြီး ပြုံးလိုက်၏။
"ကျွန်မဓားကို တခြားလူက မထိရဘူး... တခြားသူတွေ ကျွန်မမြင်းကိုမစီးရဘူး...ကျွန်မက အဲဒါကို မြတ်နိုးတယ်ဆိုရင် ဘာလို့ မျှဝေရမှာလဲ...ရှဲ့ရှုယွင် ကျွန်မက ကလေးမဟုတ်ဘူး...ကျွန်မနှလုံးသားထဲမှာ ရှင်ရှိနေလို့"
သူမ ယခုလိုပြောသည့်အခါ ရှဲ့လန်၏ နှလုံးသားက တုန်ယင်သွားပြီး နားမလည်သလိုလိုဖြစ်ကာမေးလိုက်သည်။
"တခြားအမျိုးသမီးတွေက မင်းဆီက ကိုယ့်နှလုံးသားကို ယူသွားတဲ့အတွက် မင်းစိတ်ဆိုးတာလား"
သူက တကယ်ကို နားမလည်နိုင်ဖြစ်ကာ လှိုက်လှိုက်လှဲလှဲဆိုလိုက်၏။
"လောရင်...ကိုယ်ဘယ်လိုလုပ်ရမလဲ...ကိုယ့်စိတ်ထဲမှာ မင်းက သူတို့နဲ့မတူဘူး...မင်းက ကိုယ့်ဇနီး၊ ကိုယ့်ချစ်သူ...သူတို့က ကိုယ်လုပ်တော်တွေတင်...ကိုယ့်နှလုံးသားကို မင်းဆီက ဘယ်လိုလုပ်ခွဲပေးမှာလဲ"
(😑)
ကျိုးရှီက သူ့စကားကိုကြားသောအခါ အကြာကြီး စကားမပြောဘဲ သူ့ကို တိတ်တဆိတ်ကြည့်နေသည်။
ပြေပျောက်ရန် ခက်ခဲသော သူမ၏ နှလုံးသားထဲကခံစားချက်၊ သူမ၏ နှလုံးသားထဲက မလိုလားမှုများနှင့် မျိုသိပ်မရနိုင်သော လွမ်းဆွတ်မှု ခြေရာများသည် ရှဲ့လန်၏ စိတ်ရင်းမှန်ဖြင့်စည်းမစောင့်မှုတွင် အလုံးစုံ ပျောက်ကွယ်သွားခဲ့သည်။
"ကောင်းပြီ"
သူမ ရုတ်တရက်ပြုံးပြီး ခေါင်းခါလိုက်သည်။ "အစကတည်းက ကျွန်မမှားခဲ့တယ်"
သူမ ထိုသို့ပြုံးနေသည်ကို မြင်ပြီး ရှဲ့လန် ဆက်မထိုင်နိုင်သည့်အထိ ပျာယာခတ်သွား၏။
"လောရင်..."
သူမက ရှဲ့လန်ကိုကြည့်ပြီး ဖြည်းညှင်းစွာပြောသည်။
"ရှင်က မြို့တော်က မြင့်မြတ်သားတော်ပါ...ရှင်က အရမ်းချမ်းသာတယ်...တခြားသူတွေက ရှင့်ကို ငယ်ငယ်လေးကတည်းက ထိန်းကျောင်းခဲ့တာ...ကျွန်မ မော့ပေမှာ ကြီးပြင်းလာတဲ့ မိန်းကလေးဖြစ်ပြီး ငယ်ငယ်ကတည်းက တစ်မြို့လုံးက အစ်ကိုတွေနောက်လိုက်ခဲ့တယ်...ကျွန်မတို့က မတူညီကြဘူး "
ဤအကြောင်းကို သူမပိုတွေးလေလေ ရယ်စရာကောင်းသည် ဟုခံစားရလေလေ၊ သူမလေသံလည်း သက်သာရာရလေလေဖြစ်၏။
"အဖေ့စကားအတိုင်း မော့ပေမှာပဲ လက်ထပ်ဖို့ လူကောင်းတစ်ယောက်ရှာသင့်တာ...အခုအချိန် ကျွန်မကို သူတို့ ဒီလိုမျိုး ဆက်ဆံရဲရင် ကျွန်မကြာပွတ်ကို သုံးပစ်တာကြာပြီ"
သူမ၏လေသံက တည်ငြိမ်ပြီး သက်တောင့်သက်သာရှိလေလေ၊ ရှဲ့လန်ပျာယာခတ်လေလေပါပင်။သူ့ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံထားရသလိုမျိုး နာကျင်မှုကြောင့် အသက်ရှူမှားလုမတတ်။
သူမ ထွက်သွားရန်ထရပ်သည်ကိုမြင်သောအခါ ရှဲ့လန် သူမဝတ်ရုံလက်တွေကို အမြန်ဆွဲပြီး တောင်းဆိုလိုက်သည်။
"နားမလည်ဘူး...ရှင်းရှင်းလင်းလင်း ရှင်းပြပေးနိုင်မလား"
ကျိုးရှီက လှည့်ကြည့်လိုက်ပြီး စိတ်မပါဟန်ဖြင့်ဆိုသည်။
"ဘာထပ်ကြားချင်သေးလို့လဲ"
ခုနက သူမပြောခဲ့သည်များကို တွေးကြည့်လိုက်သောအခါ ရှဲ့လန် သူမပြန်ပြီး စိတ်ပြောင်းသွားလိမ့်မည်ဟု သူ့ကိုယ်သူမလှည့်စားနိုင်တော့ပေ။ သူ့နှလုံးသားထိပ်ဖျားမှာ ဓားနှင့်ထိုးခံရသလို ခံစားရ၏။ သူ အစွမ်းကုန် ကြိုးစားပြီး ဖြူလျော့စွာမေးလိုက်သည်။
"တခြား ကိုယ်ဘာလုပ်နိုင်မလဲ"
သူ သူမ ဝတ်ရုံလက်ကို ဖြည်းညှင်းစွာ လွှတ်ပြီး မေးလိုက်သည်။
"... မင်းနှလုံးသားထဲမှာ ကိုယ်ရှိနေသေးလား"
"ကျွန်မနှလုံးသားထဲမှာ ရှင်ရှိတယ်"
ကျိုးရှီက အေးဆေးသက်သာ ဖြေလိုက်သည်။
ရှဲ့လန် သူမ ယခုလိုဖြေမည်ဟု လုံးဝမမျှော်လင့်ထားပါချေ။ နှစ်ထောင်းအားရမှုတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသော်လည်း သူမကို ငေးကြည့်ပြီးနောက် အရာအားလုံး ပျောက်ကွယ်သွားပြီး ရေခဲဂူထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။
"ဘာလို့လဲဆိုတော့ ရှင်က အားရှန့်ရဲ့ဖခင်နဲ့ ကျွန်မရဲ့ခင်ပွန်းဖြစ်နေလို့"
သူမက ဝတ်ရုံလက်များကို ချိန်ညှိလိုက်ပြီး သူမ၏စကားများက ရှဲ့လန်ကို သေဒဏ်ချမှတ်ခဲ့သည်။
"ဒါပေမဲ့ ရှင့်ကို ကျွန်မသဘောမကျတော့ဘူး... အခုချိန်ကစပြီး ရှင်ကိုယ်လုပ်တော်ယူတာပဲဖြစ်ဖြစ် ကလေးယူတာပဲဖြစ်ဖြစ် ကျွန်မဂရုမစိုက်တော့ဘူး"
စကားဆုံးသွားပြီးနောက် သူမက အတိတ်ကိုတသသလွမ်းနေခြင်း မရှိဘဲ ထွက်ခွာသွားခဲ့သည်။
*
ရှဲ့ရွှင်းက သိုင်းပညာကို ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့သည်။ သူ့ဒဏ်ရာတွေ ပျောက်သည်က သာမန်လူတွေထက် ပိုမြန်၏။ ခဏလောက် လှဲလျောင်းပြီသည်နှင့် လှည့်ပတ်ကြည့်၍ရလေသည်။
သူ ကုတင်ပေါ်တွင် အချိန်အတော်ကြာ လဲလျောင်းနေခဲ့ပြီး လမ်းလျှောက်ရန် မေ့လုမတတ် ခံစားခဲ့ရသည်။ မူလက ကျန်းရှုယောင်က သူ့ကို တတိယအိမ်တော်ခွဲ၏ ခြံဝင်းထဲမှာပဲ လမ်းလျှောက်ခိုင်းပေမဲ့ သူ အိမ်တော်ဝင်းထဲကို ဝင်ခဲ့သည်။
ကျန်းရှုယောင်က သူ့ကို တစ်ယောက်တည်း လွှတ်ထားလို့ မရသဖြင့် သူနှင့်အတူလိုက်ပါရတော့၏။
"ပင်ပန်းရင် ကျွန်မကိုပြောရမယ်... တင်းမခံနဲ့"
ရှဲ့ရွှင်းက အကူအညီမဲ့သွားရသည်။
"ငါက ရင်ဘက်မှာဒဏ်ရာရတာပါ...ခြေထောက်မဟုတ်ပါဘူး"
ညစာစားပြီးခါစလည်းဖြစ်သဖြင့် ကျန်းရှုယောင် သူ့လက်ကိုကိုင်ကာ သူနှင့်အတူ အိမ်တော်တဝိုက်တွင် လှည့်လည်ပြီး အစာချေရန် လမ်းလျှောက်ခဲ့သည်။
တစ်နေရာသို့ရောက်သောအခါ ရှဲ့ရွှင်းက ရုတ်တရက်ရပ်သွားသည်။ ကျန်းရှုယောင် သူ့ဒဏ်ရာက မသက်မသာဖြစ်နေပြီထင်ပြီး ချက်ချင်းပင် စိတ်ပူသွားသည်။
သူက ၎င်းကိုခံစားရပြီး သူမလက်ကို ဆုပ်ညှစ်ကာပြောလိုက်၏။
"အဆင်ပြေပါတယ်... ဒုတိယအစ်ကိုကိုတွေ့လိုက်လို့"
ကျန်းရှုယောင် သူ့အကြည့်နောက်သို့လိုက်ကာ မဏ္ဍပ်တွင်ထိုင်နေသော ရှဲ့လန်ကိုကြည့်လိုက်သည်၊ သူထိုနေရာတွင်ထိုင်နေသည်မှာမည်မျှကြာသည်ကို မည်သူသိပါမည်နည်း။
သူ မလှုပ်မယှက်ဖြစ်နေသည်ကိုမြင်ရာတွင် ရှဲ့ရွှင်း အနည်းငယ်စိုးရိမ်သွားပြီး ကျန်းရှုယောင်ကိုပြောလိုက်၏။
"ငါသူနဲ့ စကားနည်းနည်းပြောလိုက်ဦးမယ်...ငါ့ကိုစောင့်နေပေးနိုင်မလား"
ကျန်းရှုယောင်က ခေါင်းညိတ်ပြီး သဘောတူလိုက်ပြီး ရှဲ့ရွှင်းကို ထိုနေရာမှ စောင့်နေသည်။
ရှဲ့ရွှင်း ရှဲ့လန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူထိုင်ပြီးသည့်တိုင်အောင် ရှဲ့လန်က မတုံ့ပြန်ခဲ့ပေ။
"ဒုတိယအစ်ကို"
သူ့ကိုခေါ်ရန်ကလွဲ၍ ရွေးစရာမရှိတော့ပေ။
ရှဲ့လန်က အသိပြန်ဝင်ပြီး သူ့ကို မော့ကြည့်လိုက်ကာ ထိုမှသာ မှောင်နေပြီဆိုသည်ကို သတိထားမိသွားသည်။
"မင်းဘာလို့ဒီမှာထိုင်နေတာလဲ"
သူ ရှဲ့လန်ကို စချင်သော်လည်း သူ့ပုံစံကို မြင်သောအခါတွင် အပြုံးရပ်ပြီးမေးလိုက်သည်။
"မင်းမိန်းမနဲ့ စကားပြောခဲ့တာလား"
ရှဲ့လန်က ခေါင်းညိတ်လိုက်သည်။
ရှဲ့ရွှင်း ဘာပြောရမှန်းမသိပေ။ ဒုတိယအိမ်တော်ခွဲ၏ ကိစ္စမှာ သူ ဝင်မစွက်ဖက်ချင်ပါချေ။
"ဒီမှာ ထိုင်မနေနဲ့... စောစောပြန်" ဟုသာ ပြောလိုက်သည်။
ရှဲ့လန်က ရုတ်တရက်ဆို၏။
"တတိယညီ... မင်း တတိယခယ်မကို မဆုံးရှုံးစေနဲ့"
ရှဲ့ရွှင်းက မျက်မှောင်ကြုတ်ပြီး
"ဒါပေါ့ ငါအဆုံးရှုံးမခံဘူး"
ရှဲ့လန်က သူ့စကားကို ကြားသောအခါပြုံးလိုက်သည်။
"ငါသိပါတယ် ...မင်းက ငါမဟုတ်ဘူး"
သူ့အပြုံးက အရင်ကလို နူးညံ့ပေမဲ့ ခါးသီးမှုက ပြင်းထန်လွန်းနေသဖြင့် အပြုံးက အရင်ကလို သာယာမှု မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူက သူ့အစ်ကိုအရင်းဖြစ်သည့်အတွက် ရှဲ့ရွှင်း သူ့ကို နှစ်သိမ့်ပေးချင်သော်လည်း မည်သို့ပြောရမည်ကို မသိပေ။
ရှဲ့လန်က ခေါင်းခါပြီး
"မင်းပြောချင်တာကို ငါသိတယ်...အဆင်ပြေပါတယ်...တတိယခယ်မက မင်းကို စောင့်နေတုန်းပဲ ...သွားတော့"
ရှဲ့ရွှင်း ခေါင်းမော့ကာ မဝေးလှသောနေရာတွင် ကျောက်ခဲများနှင့် ကစားနေသော ကျန်းရှုယောင်ကို ကြည့်လိုက်သည်။
သူက ကျန်းရှုယောင်နှင့်ကျိုးရှီတို့ကြားက ဆင်တူမှုတွေကို တွေးပြီး မနေနိုင်ဘဲ ပြောလိုက်၏။
"ဒုတိယအစ်ကို...မင်းဘာတွေစဥ်းစားနေတာလဲ"
ရှဲ့လန် အံ့သြသွားသည်။
"မင်းနှလုံးသားထဲမှာ မင်းမိန်းမ မရှိရင် ဘာလို့ စိတ်ဓာတ်ကျပြီး အခုပုံစံဖြစ်နေရတာလဲ... ဒါပေမဲ့ မင်းရဲ့နှလုံးသားထဲမှာ မင်းမိန်းမရှိတယ်ဆိုရင်လည်း ဘယ်လိုလုပ် တခြားမိန်းမတွေကို ချစ်ကျွမ်းဝင်၊အိမ်ထဲကိုခေါ်သွင်းပြီး မင်းမိန်းမကို နာကျင်စေရတာလဲ"
မကြာသေးမီကမှ ချစ်ကျွမ်းဝင်ခဲ့သော သူ့ညီလေးပင်လျှင် ၎င်းကို သူ့ထက် နားလည်နိုင်သည်။ ရှဲ့လန် ခေါင်းခါပြီးပြောလိုက်သည်။
"ငါနားမလည်ခဲ့ဘူး... မာနကြီးပြီး ယုတ္တိမဲ့ပြီး နောက်ဆုံးမှာ ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးခဲ့တယ်"
"ကောင်းပြီ မြန်မြန်သွား...ငါ ခဏထိုင်ပြီး ပြန်စဉ်းစားလိုက်ဦးမယ်"
ရှဲ့ရွှင်းက ခေါင်းညိတ်ကာ ထ၍ ကျန်းရှုယောင်ဆီသို့ သွားခဲ့သည်။
သူရောက်လာသည်နှင့် တပြိုင်နက် ကျန်းရှုယောင်သည် ဖြတ်သွားသော အစေခံများ သူမကိုမြင်ပြီးရယ်ကြမည်ကို လုံးဝမကြောက်ဘဲသူ့လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။
ရှဲ့လန်သည် အဝေးမှ ကြည့်နေခဲ့ပြီး သူတို့ သူ့အမြင်အာရုံထဲက ပျောက်ကွယ်သွားပြီးမှသာ သူ့မှတ်ဥာဏ်မိားထဲမှ နိုးထလာသည်။
.......
ရှဲ့ရွှင်း ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ကျန်းရှုယောင် သူမ၏ ယခင်အလေ့အထသို့ ပြန်ရောက်ရှိသွားပြီး တစ်နေ့လုံး အစားအသောက်အကြောင်း အချိန်များစွာ တွေးတောနေခဲ့သည်။ မကြာသေးမီက ရှဲ့ရွှင်း ရုံးတော်ကိစ္စတစ်ခုအတွက် ပေကျင်းမှထွက်သွားသော်လည်း ကျန်းရှုယောင် ပြင်ဆင်ရန်အချိန်မရှိသောကြောင့် သူမ ဆော့စ်နှင့် ဝက်ပေါင်ခြောက်များကိုသာ ထုပ်ပိုးနိုင်ခဲ့သည်။ ယခုအခါ သူမ အတိတ်မှ သင်ယူခဲ့ပြီး သယ်ဆောင်ရလွယ်ကူပြီး လုပ်ရလွယ်ကူသော အစားအစာများ ပြုလုပ်ရန် စတင်စဉ်းစားလာခဲ့သည်။
ရှဲ့ရွှင်းက သူ၏ပြန်လည်ကုစားရေးကာလပတ်တွင် လမ်းလျှောက်ရင်း စိတ်ဝင်စားစရာကောင်းသောအရာများကို မကြာခဏပြောပြလေ့ရှိရာ ကျန်းရှုယောင် ရှေးခေတ်လူတို့၏အလေ့အထကို ပိုနားလည်လာသည်။
လူအများစုသည် ခရီးသွားစဉ်တွင် ထမင်း၊ အသား သို့မဟုတ် ဟင်းသီးဟင်းရွက်များနှင့်အတူ အိုး၊ခွက်များ ယူဆောင်သွားခြင်းမရှိကြပေ။ အစာခြောက်ကိုသာ စားကြသည်။ ရှဲ့ရွှင်း နှင့်အဖွဲ့သည် အစာခြောက်များစားရသည်ကို သိပ်မကြိုက်ကြသောကြောင့် ပျော့သွားစေရန် ရေနွေးဖြင့်စိမ်ပြီး ထမင်းဆမ်းဆော့စ်ဖြင့် စားသုံးကြသည်။
သူ စကားများများပြောလေ၊ ကျန်းရှုယောင်၏ စိတ်ထဲတွင် အတွေးများ ရှင်းလင်းလေလေဖြစ်သည်။
ရေနွေးတစ်ခုတည်းဖြင့် အရသာရှိပြီး သယ်ရလွယ်ကူသော ဟင်းလျာကို မည်သို့ ပြုလုပ်နိုင်မည်နည်း။
သူမ ဤရက်အနည်းငယ်အတွင်း မီးဖိုချောင်တွင် အလုပ်များနေသည်။ ရှဲ့ရွှင်း၏ဒဏ်ရာအနည်းငယ်သက်သာလာပြီးနောက်တွင် သူက သူမအား မီးဖိုချောင်သို့လိုက်ပါအဖော်ပြုကာ ဘေးတွင်ရပ်ကြည့်နေခဲ့သည်။
ရှဲ့ရွှင်း မီးဖိုချောင်ငယ်လေးထဲသို့ ဝင်သွားသောအခါတွင် ပြတင်းတံခါးရွက်တစ်ခုကို ဖယ်ရှားထားသည်ကို တွေ့လိုက်ရသည်။ ခေါက်ဆွဲအမြောက်အမြားကို ပြတင်းပေါက်ရှေ့မြင့်မားသော သစ်သားဘောင်တစ်ခုတွင် ချိတ်ဆွဲထားသည်။
ကျန်းရှုယောင် ပြတင်းပေါက်များကို ချွတ်ပြီး ပျောဖတ်များ တပ်ဆင်ထားသည်။ ယခုအခါ ခေါက်ဆွဲခြောက်များ ခြောက်လုနီးပါးဖြစ်နေပြီဖြစ်ပြီး နောက်တစ်ဆင့်တက်ရန် အချိန်တန်လေပြီ။
"ဘာလို့ ခေါက်ဆွဲကိုအခြောက်ခံနေတာလဲ"
သူသိချင်မိသည်။
ခေါက်ဆွဲကို ဖယ်နေစဉ် ကျန်းရှုယောင်က ရှင်းပြ၏။
"ဒါက အသင့်စားခေါက်ဆွဲခြောက်ပဲ...ဒီခေါက်ဆွဲမျိုးက အခြောက်ခံပြီး သိမ်းရတာ ပိုလွယ်တယ်.. နောက်တစ်ခါ ခေါက်ဆွဲစားချင်ရင် မုန့်စိမ်းကို ဆုပ်နယ်စရာမလိုဘူး...ခေါက်ဆွဲခြောက်ကိုလက်တစ်ဆုပ်စာလောက်ယူရုံပြီး အိုးထဲမှာ ချက်ပေးရုံပဲ"
ရှဲ့ရွှင်ူ ခေါင်းညိတ်ပြီး သက်ပြင်းချရင်းဆိုသည်။
"ဒါဆို ဒီလိုမျိုး ဖြစ်နိုင်တာကိုး"
စကားပြီးသွားသည့်အခါ သူက ခဏရပ်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။
"ဒီလိုဆိုရင် နောက်တစ်ခေါ ငါအလောတကြီးထွက်ရတဲ့အခါ ခေါက်ဆွဲခြောက်တွေ ယူသွားပြီး ချက်ပြုတ်လို့ရတာပေါ့... အစာခြောက်စားစရာ မလိုတော့ဘူးပေါ့"
ကျန်းရှုယောင်က ပြုံးပြီးပြော၏။
"ရိုးရိုးခေါက်ဆွဲက ဘာအရသာရှိမှာလဲ"
"ထမင်းဆမ်းဆော့စ်လည်း ရှိတယ်လေ... ခေါက်ဆွဲကို ပြုတ်ပြီး ဆော့စ် နဲ့ ရောစားလို့ ရပါတယ်"
အစားအသောက်ကို မြန်မြန်စဉ်းစားလိုက်ပေမဲ့ သူပြောလိုက်သည့်အခါ အနည်းငယ် ဗိုက်ဆာလာသည်။
ကျန်းရှုယောင်က ခဏလောက်စဉ်းစားပြီး
"ဒါလည်း အဆင်ပြေပါတယ်"
ဆီနီခေါက်ဆွဲ၊ ကြက်ဥခြောက်ခေါက်ဆွဲ နှင့် ခေါက်ဆွဲခြောက်အပြား စသဖြင့် အမျိုးအစားများစွာရှိသည်။ ခေါက်ဆွဲတွေအပြင် ကြာဇံကို ရေနွေးနှင့် ပြုတ်ပြီး၊စိမ်ပြီးလည်း စားသုံးနိုင်သည်။
သို့သော် အစားအသောက်နှင့်ပတ်သက်လာလျှင် လူကြိုက်အများဆုံး အသင့်စားအစားအစာဖြစ်သည့် အသင့်စားခေါက်ဆွဲထက် ပိုကောင်းသောအရာမရှိပါချေ။
အသင့်စားခေါက်ဆွဲခြောက်များသည် အထက်ဖော်ပြပါ အစားအစာများနှင့် ကွဲပြားသည်။ ခေါက်ဆွဲများကို အကြွပ်ကြော်ထားသောကြောင့် စိမ်ပြီးပါက ပိုမွှေးပိုမာသည်။ ရေနွေးမရှိလျှင် အခြောက်တိုက်စားနိုင်၏။ အရသာက သရေစာတွေထက် မလျော့ပါချေ။ အချိန်အကြာကြီးလည်း သိမ်းထားနိုင်၏။
သူမ လုပ်သော ခေါက်ဆွဲခြောက်သည် သမားရိုးကျဖြစ်ပြီး သေးသွယ်သည်။ သူမ ၎င်းတို့ကို ဖယ်ထုတ်ပြီး အိုးတစ်လုံးထဲတွင် ပြုတ်သည်။ ပြီးလျှင် အိုးထဲကနေထုတ်ပြီး ရေစစ်ထား၏။ ခေါက်ဆွဲခြောက်သွားသောအခါ အိုးထဲသို့ ဆီများစွာလောင်းထည့်ကာ ခေါက်ဆွဲကိုထည့်သည်။
ဆီရနံ့က ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြည့်လျှံလာသည်။
ရှဲ့ရွှင်းက နေ့တိုင်း လဲလျောင်းနေရသောကြောင့် သူ အစာမကြေဖြစ်မည်ကို ကြောက်သဖြင့် ကျန်းရှုယောင် သူ့ကို အစာမာများမစားခိုင်းပေ။ ထို့ကြောင့် ယခု ရှဲ့ရွှင်း ဆီပြန် ရနံ့ကို ရှူမိသည်နှင့် တပြိုင်နက် တံတွေးမျိုချလိုက်သည်။
ဆီပူဖောင်းတွေ ပွက်ပွက်ဆူလာပြီးနောက် ကျန်းရှုယောင် တူများကိုသုံးကာ ခေါက်ဆွဲကို ဆယ်လိုက်သည်။ခေါက်ဆွဲက ကြက်ဥခေါက်ဆွဲဖြစ်သည်။ ကြော်ပြီးနောက် အနံ့ပြင်းပြီး မွှေးကြိုင်၏။ အပူကို ထိန်းချုပ်သည်က အနေတော်ဖြစ်သည်။ခေါက်ဆွဲများသည် ရွှေရောင်အဆင်းရှိပြီး ကွဲပြားသောပုံစံရှိကာ ကြွပ်ရွပြီး အရသာရှိသည်။
ရှဲ့ရွှင်း မုန့်ကြိုးလိမ်ပုံစံတစ်ခုကိုစားခဲ့ပြီး ကျန်းရှုယောင် ယခုတစ်ကြိမ်ပြုလုပ်နေသည့်တစ်ခုကို သူစဥ်းစားခဲ့သည်။မုန့်ကြိုးလိမ်ပုံစံလိမ်မည့်အစား အဆုံးကို ခွဲရခြင်းအကြောင်းရင်းကို သူနားမလည်သော်လည်း ရွှင်မြူးဆဲဖြစ်ပြီးဆိုလိုက်သည်။
"အနံ့ကောင်းတဲ့မုန့်ကြိုးလိမ်"
ထို့နောက် သူသည် ကျန်းရှုယောင်၏ဘေးနားတွင် ခိုးကြောင်ခိုးဝှက်လျှောက်ကာ လက်လှမ်းပြီး တစ်ခုခိုးစားရန်ပြင်လိုက်သည်။
ကျန်းရှုယောင် လှည့်ကြည့်လိုက်သည့်အခါ အပြစ်ရှိသလိုခံစားရပြီး လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။
"အဲဒါက မုန့်ကြိုးလိမ်မဟုတ်ဘူး... ခေါက်ဆွဲပဲ"
[ET/N–စန်းဇီ သို့မဟုတ် မုန့်ကြိုးလိမ်သည် တရုတ်နိုင်ငံမြောက်ပိုင်းတွင် လူကြိုက်များသော သရေစာဖြစ်သည်။ ၎င်းသည် လိမ်ထားသော ပုံစံဖြင့် ကြော်ထားသော ဂျုံမုန့်ညက်ဖြစ်သည်။ ဂျုံမုန့်ညက်ကို ကြိုးပါးပါးလေးဖြစ်အောင် ဆွဲဆန့်ကာ ကြော်ပြီး သရေစာအဖြစ် ပြုလုပ်၏။ကြိုးများကို အကွင်းလိုက်ပုံသဏ္ဍာန်လုပ်ပြီး လိမ်ထားသည်။]
"ခေါက်ဆွဲ"
ရှဲ့ရွှင်း ပို၍ပင် အံ့သြသွား၏။
"မင်းကဘာလို့ ခေါက်ဆွဲခြောက်ကိုကြော်နေတာလဲ...ဒီခေါက်ဆွဲခြောက်ကို ဘယ်လိုလုပ် စားရမှာလဲ"
"ဟုတ်တယ်...ခေါက်ဆွဲကို ရေနွေးနဲ့ ပြုတ်ပြီး စိမ်ရတယ်"
ကျန်းရှုယောင်က ခေါက်ဆွဲခြောက် ဟင်းခတ်မှုန့်ကို စတင်ပြင်ဆင်သည်။ အချို့သော ဟင်းသီးဟင်းရွက်များကို အခြောက်လှန်းရန် အချိန်မရှိသောကြောင့် ဟင်းရည်၏အခြေခံအရသာအတွက် ဟင်းသီးဟင်းရွက်ခြောက်များကို အားကိုး၍မရပါချေ။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ထောက်ပံ့ ပေးရမည်။
သူမ နောက်သို့ လှည့်သွားရာ ရှဲ့ရွှင်းက နောက်တစ်ကြိမ်လှုပ်ရှားပြန်သည်။
သူ ရွေ့ရန် ပြင်ဆင်နေချိန်မှာ ကျန်းရှုယောင်က တစ်ဖန် လှည့်ပြီး ဆော့စ်ပုလင်းကို ယူလိုက်ရာ ဘေးမှာ ရပ်နေသည့်ရှဲ့ရွင်းကို တွေ့လိုက်ရ၏။
Xxxxx