အပိုင်း ၁၁၄
Viewers 16k

Chapter 114
ရှဲ့လန်



"ဒုတိယယောက်မ"

သူမ၏ အမူအရာ မူမမှန်သည်ကို သတိပြုမိပြီး ကျန်းရှုယောင် သူမကို ခေါ်လိုက်သည်။

ကျိုးရှီက  ရှုပ်ထွေးနေသည့် ခံစားချက်တွေကို စိတ်ထဲမှာ ဖယ်ထားလိုက်ပြီးပြောလိုက်သည်။

"နင်နဲ့ ငါပဲ ဒီလောက်အရသာရှိတဲ့ အစားအစာတွေကို စားရတာ စိတ်မကောင်းစရာပဲ...အားရှန့်က ငယ်သေးတော့ စပ်တဲ့အစားအစာတွေကို မစားနိုင်ဘူး... စကားမစပ် အိမ်တော်ခွဲကိုလည်း ငါပေးလိုက်မယ်"

ကျန်းရှုယောင် ပဟေဠိဖြစ်သွားပြီး
"အကြီးဆုံးယောက်မက အစပ်မစားနိုင်ဘူးလေ"

ကျိုးရှီက မျက်ခုံးပင့်လိုက်ပြီး အလျင်အမြန်ထွက်သွားသည်။

"သူ မစားနိုင်ဘူးဆိုတာ ငါသိလို့ ပို့ပေးလိုက်တာလေ...စပ်လိုသေသေ ၊စားချင်လို့သေသေ ဟားဟားဟား"

ကျိုးရှီနှင့် ရှုရှီတို့က တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိကြသည်။ရှုရှီ ရှေ့တွင် အစပ်ချောင်း ချလာသောအခါ သူမ ကျိုးရှီ၏ အတွေးများကို ချက်ချင်း မှန်းဆမိလိုက်သည်။

ပုံစံက အလွန်စားချင်စရာကောင်းသည်။ မကြိုက်သော်လည်း သူမတစ်ကိုက်စားလိုက်သေးသည်။ ပြင်းထန်သော အစပ်အရသာက ချက်ချင်းပင် သူမကို ဖမ်းစားသွားသည်။အစပ်ထဲတွင် ချိုမြိန်မှုအရိပ်အမြွက် ပါရှိပြီး ၎င်းသည် အူမာမီ အရသာရှိသည်။ သူမ ပဲပိစပ်လိပ်များကို ကြီးစွာသောခွန်အားဖြင့် ဝါးလိုက်သည်။ ဝါးလေလေ မွှေးလေလေပါပင်။ ပဲပိစပ်အနံ့နှင့် စပ်သောအရသာတို့ကို ပေါင်းစပ်ထားသည်။ အများအပြားဝါးရပြီးနောက် ၎င်းသည် အံ့သြစရာကောင်းလောက်အောင် အရသာရှိနေဆဲဖြစ်သည်။

အစပ်တွေ အများကြီးမစားနိုင်သည်က သနားစရာပါပင်။ တစ်ချောင်း စားပြီးသောအခါ အရသာကို ဖိနှိပ်ရန် မတ်ပဲကိတ်တစ်ကိုက် ကိုက်ထည့်လိုက်ရသည်။

မတ်ပဲကိတ်ကို လက်ဖက်ရည်နှင့်မျောချနေစဥ်တွင် ရှဲ့လီက အပြင်ကနေ ရောက်လာသည်။

ရှုရှီ တနင့်တပိုးစားသည်ကို မြင်တွေ့ရခြင်းမှာ သူ့အတွက် ရှားရှားပါးပါး ဖြစ်ပြီး အံ့သြကာ စိုးရိမ်သွား၏။

"မင်းဘာလို့ နင်နေတာလဲ"

ရှုရှီက ခေါင်းယမ်းကာ မတ်ပဲကိတ်ကို မျိုချလိုက်ပြီး "မဟုတ်ဘူး...ကျွန်မအလောတကြီးသောက်မိရုံ" ဟု ရှင်းပြလိုက်သည်။

ရှဲ့လီက ခေါင်းညိတ်ပြီး သူ့ရှေ့က အစပ်ချောင်းကြောင့် ရုတ်တရက် ဆွဲဆောင်ခံခဲ့ရပြီးမေးလိုက်သည်။

"ဒါက..."

"စပ်တဲ့အစားအစာ...အစပ်ချောင်းဆိုလားဘာလားပဲ"

"အစပ်ချောင်း..."

ရှဲ့လီက တံတွေးမျိုချပြီးဆို၏။
“တတိယအိမ်တော်ခွဲကနေ ပို့လိုက်တာလား”

"မဟုတ်ဘူး... အဲဒါက ဒုတိယအိမ်တော်ခွဲက"

အဖြေက ရှဲ့လီမျှော်လင့်ထားသည်ထက် ကျော်လွန်နေပေမဲ့ သူသေချာစဉ်းစားလျှင် လက်ခံနိုင်မည်ဟု ထင်သည်။ ကျိုးရှီက ကျန်းရှုယောင်နှင့် ဟင်းချက်သင်သည်မှာ ကြာပြီဖြစ်ပြီး နေ့တိုင်း လေ့ကျင့်နေဆဲဖြစ်သည်။ သူမကိုယ်တိုင် ဟင်းလျာချက်ပြုတ်နိုင်သည်မှာ အံ့သြစရာမဟုတ်ပါချေ။

ရှဲ့လီ သူ၏ဒုတိယညီနှင့် ဒုတိယခယ်မတို့ကြား အငြင်းပွားမှုကို တွေးကာ သက်ပြင်းချလိုက်သည်။ ဒုတိယညီက သူ့မိန်းမနှင့်စကားမပြောသည်မှာ နှစ်လလောက်ရှိပြီဟုဆိုသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူထွက်သွားပြီး ပြန်လာသောအခါ စိတ်ဓာတ်ကျနေလေသည်။ ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိပါချေ။

ရှုရှီက သူ့ယောကျ်ားကို အမြဲတမ်း ကောင်းကောင်းသိပြီး သူတွေးနေသည်ကို မြင်သောအခါ ဘာတွေးနေမှန်းတန်းသိလိုက်၏။

"ရှင့်သူတို့ထဲဝင်မစွက်ဖက်သင့်ဘူး"

ရှဲ့လီက သူ့မုတ်ဆိတ်မွေးကို ကိုင်လိုက်ပြီး "နားလည်ပါတယ်...ငါ့ညီနဲ့ သူ့မိန်းမရဲ့ ကိစ္စတွေကို ငါဘယ်လိုလုပ် လှမ်းဂရုစိုက်နိုင်မှာပဲ"

သူ မုတ်ဆိတ်မွေးကို သပ်ကာ သက်ပြင်းတစ်ဝက်ချရင်း တစ်ခုခုမှားနေပုံပေါ်သည် သတိရသွားသည်။

"ရှင်မ... အရင်က ဒုတိယခယ်မနဲ့မင်းက သဟဇာတမဖြစ်ဘူးမလား...မင်းက သူ့ကို အခုနောက်ပိုင်း အကာအကွယ်ပေးနေတယ်လို့ ဘာကြောင့် ထင်ရတာလဲ... ဥပမာ၊ မင်း အစေခံတွေကို ဒုတိယခယ်မအကြောင်း ဒုတိယညီကို အစီရင်ခံခွင့်မပြုဘူး...ပြီးတော့ ဒုတိယခယ်မကို အမေ့ရှေ့မှာကူညီပေးပေးတယ်... အခုချိန်ထိ ဒုတိယခယ်မကို တစ်နေ့လုံး အပြင်ထွက်ပြေးနေတာကို အမေ မသိရသေးဘူ... ငါ့ကိုလည်း ဒုတိယညီကိုအဖော်ပြုပြီးမသောက်စေချင်...."

ရှုရှီ သူ့ကို ညင်သာစွာ ဖြတ်ပြောလိုက်၏။

"အဲဒါဘာဖြစ်လဲ"

သူမ၏မူပိုင်အပြုံးကို ပြုံးပြကာ ရှဲ့လီ၏ရှေ့တွင် ပန်းကန်ပြားကိုတွန်းလိုက်ပြီးပြောသည်။

"ဒီအစပ်ချောင်းကို စားကြည့်လိုက်ပါ... အရသာက အရမ်းကောင်းတာ"

ရှဲ့လီ စိတ်ရှုပ်ထွေးသွားပြီး သူ့ပါးစပ်ထဲကို အစပ်အချောင်းတစ်ချောင်းကို ကောက်ယူထည့်လိုက်သည်။

အစပ်အရသာက ဤမျှပြင်းထန်မည်ဟု သူ မမျှော်လင့်ထားပါချေ။ အငန်မဟုတ်သော်လည်း စပ်၊ အညှော်၊ ချို၊ မွှေး စုံလင်သောအရသာက အလွှာများစွာရှိ၏။ပဲပိစပ်လိပ်၏ မျက်နှာပြင်ကို အစပ်ဆီတွင် စိမ်ထားပြီး ပဲပိစပ်လိပ်၏ အတွင်းပိုင်းက ထူထဲပြီး မခြောက်ချေ။ ဟင်းခတ်အမွှေးအကြိုင်တွေအပြည့်နှင့် ဝါးရသည်။

"မဆိုးပါဘူး"

သူ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။
"အရသာရှိတယ်"

နောက်တစ်ခုကို ဝါးပြီးသည်နှင့် သူရပ်လိုက်ပြီးမေး၏။

"ရှင်မ မနက်ဖြန် ဒါကို အလုပ်ယူသွားရင် မင်းစိတ်ဆိုးမှာလား... ပင်ပန်းနေတဲ့အခါ တစ်ခုလောက် ဝါးရရင် စိတ်သက်သာရာရလိမ့်မယ်"

မှန်ပေသည်၊ ရှုရှီက အစပ်ချောင်းများအတွက် သူနှင့်ယှဉ်ပြိုင်မည်မဟုတ်သောကြောင့် ရှဲ့လီတစ်ယောက် နောက်နေ့တွင် အစပ်ချောင်းများကို ဆီစိမ်စက္ကူဖြင့်ထုပ်ပြီး ပျော်ရွှင်စွာအလုပ်ယူသွားခဲ့သည်။

*

ကျန်းရှုယောင် နံနက်စောစောတွင် ဒုတိယအိမ်တော်ခွဲသို့ ကျိုးရှီနှင့် နံနက်စာထွက်ကုန်အသစ်များအကြောင်းနှင့် အစပ်ချောင်းများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် သွားခဲ့သည်။ သူမ အလုပ်သွားမည့် ရှဲ့လီနှင့်လမ်းမှာဆုံပြီး မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားသည်။

မနက်စာစားပြီးနောက် ရှဲ့လီက ယာဂုသောက်ပြီး ပါးစပ်ထဲတွင် အရသာမရှိသောကြောင့် အစပ်ချောင်းတစ်ချောင်း ဝါးလိုက်သည်။သူက သူ့အသွင်အပြင်ကို အာရုံစိုက်လေ့ရှိသော်လည်း အစပ်ချောင်းများသည် အသစ်အဆန်းဖြစ်ပြီး ကြည့်ရသည်မှာ အဖိုးတန်လှသည်။ရှဲ့လီ နှမ်းစေ့ကိတ်ကိုင်သည်ထက် အစပ်ချောင်းတွေဝါးရသည်က ပိုကောင်းသည်ဟု ခံစားရသောကြောင့် လမ်းလျှောက်ရင်း အစပ်ချောင်းတွေကို အေးအေးဆေးဆေးဝါးနေသည်။

ကျောင်း၏စည်းကမ်းဌာနမှူးထက် မျက်နှာပိုမည်းသည့် လူလတ်ပိုင်း ဦးလေးချောချောတစ်ယောက်က သူ့မျက်နှာမှာ လေးလေးနက်နက် အရသာခံပြီး လေးလေးနက်နက် နှစ်ခြိုက်နေသောအမူအရာဖြင့် အစပ်ချောင်းတွေကို အားရပါးရ ဝါးနေသည်။ ဒီမြင်ကွင်းက အရမ်းလှတယ်...

ရှဲ့လီ ကျန်းရှုယောင်ကိုမြင်ပြီး အစပ်ချောင်းများကို မျိုချကာ ကျန်းရှုယောင်အား တည်ငြိမ်သောလေသံနှင့်အမူအရာတို့ဖြင့် နှုတ်ဆက်လိုက်သည် သူ့အမူအရာက နံနက်စောစော ကင်းလှည့်ကာ နောက်ကျနေသော ကျောင်းသားများကို ဖမ်းသည့် ကျောင်း၏ စည်းကမ်းဌာနမှူး၏ ပုံသဏ္ဍာန်နှင့် ပိုတူနေသည်။

သူထွက်သွားပြီးနောက် ကျန်းရှုယောင် ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေခဲ့ပြီး အသိစိတ်ပြန်မဝင်နိုင်ပေ။

သူမ ထင်သည်ကမမှားလျှင် အစ်ကိုအကြီးဆုံးက အစပ်ချောင်းတွေကို ရုံးတော်ထိယူသွားလိမ့်မည်။ သူ၏လုပ်ဖော်ကိုင်ဖက်များက အရှေ့နန်းဆောင်မှ အစားကြူးသူများကဲ့သို့ အစားလောဘကြီးနေပါက မြို့တော်၏ကြီးကျယ်ခမ်းနားပြီး ခေတ်နောက်ကျသော သက်လတ်ပိုင်းအရာရှိများက အစပ်ချောင်း ဝါးနေဦးမည်လား။ဤသည်က ကြောက်စရာကောင်းလွန်း၏။

သူမ အစပ်ချောင်းများကို ပြုလုပ်ကတည်းက ၎င်းကို စိတ်နှလုံးအကြွင်းမဲ့ အာရုံစိုက်ခဲ့ပြီး တစ်ချိန်တည်းတွင်ပင် အခြားအစပ်ဟင်းလျာများကို စတင်စဉ်းစားခဲ့သည်။ သူမ အဆိုအရ ဆောင်းရာသီရောက်သည့်အခါ အစပ်ဟင်းတွေက အင်မတန် နွေးထွေးစေလိမ့်မည်။

လင်းရှီက အစပ်ချောင်း မြည်းစမ်းကြည့်ပြီးနောက် ကျန်းရှုယောင်၏ ထင်မြင်ချက်များနှင့်ပေါင်းစပ်ကာ သူမ သရေစာဆိုင်တစ်ဆိုင်အတွက် စတင်စီစဉ်ခဲ့သော်လည်း ကျန်းရှုယောင်က သူမကိုဆွဲကာ သူမကလေးကို အိမ်တွင် ပြုစုပျိုးထောင်ခိုင်းခဲ့သည်။

အစပိုင်းတွင် ကျိုးရှီ အစပ်များကိုသာ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှဲ့ရှန့် စာဖတ်ရသည်ကို ငြီးငွေ့လာသောအခါတွင် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် အနည်းငယ် ဝါးနိုင်အောင် မစပ်သည့်အရာများလည်းပြုလုပ်ခဲ့သည်။ကျိုးရှီအကြိုက်ဆုံးက အစပ်ဆုံးအရသာပါပင်။

နွေးထွေးမှုက ဝမ်းဗိုက်ထဲကို တည့်တည့်တိုးဝင်သွားသည်။ ဤသည်က မော့ပေ၏ တောက်လောင်နေသော ဓားလို စပ်ပြီး စားရသည်မှာကြည်နူးစရာပါပင်။

၎င်းကို တွေးလိုက်တိုင်း သူမ အနည်းငယ် ထိတ်လန့်သွားသလို ခံစားရသည်။

ဘယ်အချိန်ကစမှန်း မသေချာပေ။သူမ မော့ပေကို အခါအားလျော်စွာ အမြဲတွေးမိသည်။အတွေးတွေ ပေါ်လာသည်နှင့် ထိန်းလို့မရတော့ပေ။

ရှဲ့ရှန့်က ကျိုးရှီး ငေးကြောင်နေသည်ကိုမြင်ပြီးခေါ်လိုက်သည်။
"အမေ"

ကျိုးရှီ ရှဲ့ရှန့် ဘဲသားယာဂုသောက်ပြီးပြီဖြစ်သည်ကိုမြင်သောအခါ သူမ ပြုံးပြီးပြောလိုက်၏။
"ဗိုက်ပြည့်ပြီလား"

ရှဲ့ရှန့်က ခေါင်းညိတ်လိုက်သည်။ သူမ တုံ့ဆိုင်းသွားပြီးမေးလိုက်၏။
“အမေ စိတ်ထဲမှာ တစ်ခုခုရှိလား”

ကျိုးရှီ ခုနက တွေးလိုက်မိသည့်အကြောင်းကို စဥ်းစားပြီး သူမသမီး သူမ မော့ပေ အကြောင်းတွေးနေသည်ကို မြင်မှာကြောက်ကာ ထိတ်လန့်တကြားနှင့် အဝေးကို လှမ်းကြည့်လိုက်သည်။

ရှဲ့ရှန့်က အသက်ရှူချိန်အနည်းငယ်မျှ ငြိမ်သက်သွားပြီးနောက် ဖြည်းညှင်းစွာ သက်ပြင်းချကာဆို၏။
"အမေ အဖေနဲ့ စကားပြောပြီးပြီလား"

သူမက ရုတ်တရက် ရှဲ့လန်ကိုထည့်ပြောလာသည့်အခါ ကျိုးရှီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။

"ဘာဖြစ်လို့လဲ"

ရှဲ့လန် နှင့် အငြင်းပွားပြီးနောက် သူမ အကြောက်ဆုံးအရာမှာ ရှဲ့ရှန့်ထိခိုက်မှာကိုဖြစ်သည်။ သူမ လျှောက်သွားပြီး ရှဲ့ရှန့်၏ လက်ကိုဆွဲကာဆိုလိုက်သည်။

"သမီးအဖေနဲ့အမေကြားမှာ ဘာပဲဖြစ်နေဖြစ်နေ...သမီးက ဒုတိယအိမ်တော်ခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သမီးအဖေက သမီးကိုအမြဲတမ်းချစ်နေမှာပါ..."

ရှဲ့ရှန့်က ကျိုးရှီ၏ နှစ်သိမ့်လိုသည့်အတွေးများကို နားမလည်ခဲ့ပေ။ သူမ၏အမြင်တွင် ထိုသည်ကဖြစ်သင့်သည်။

"အမေ သမီးနားလည်ပါတယ်...သမီးက အစကတည်းက ရှဲ့မိသားစုရဲ့ သမီးပါ...သမီးက
သမီးရဲ့ အထောက်အထား၊ အဖွားရဲ့ အလိုလိုက်မှု၊ ရှဲ့မိသားစုရဲ့ စည်းမျဥ်းစည်းကမ်းတွေကိုမှီခိုနေတာ... အဖေ့ရဲ့ ချစ်ခြင်းမေတ္တာကို မဟုတ်ဘူး"

ကျိုးရှီသည် သူမယခုလို ပြောမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသမီးက သူမထက်ငယ်ပေမဲ့ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ သူမ စိတ်ထဲမှာ နာကျင်နေပြီး အချိန်အတော်ကြာသည့်တိုင် ဘယ်လိုပြောရမှန်းမသိပေ။

ဤရက်ပိုင်း ရှဲ့ရှန့်က ကျိုးရှီနှင့်တတွဲတွဲရှိနေခဲ့သည်။ အမေနှင့်သမီး ရင်ကြားစေ့ပြီးနောက် သဘာဝအတိုင်း ရင်းနှီမှု ပြန်ရလာသည်။

သူမက ကျိုးရှီ၏လက်ကိုပြန်လှုပ်ယမ်းကာ
"အမေကလည်း ဒီလိုပါပဲ...အမေက မိသားစုရဲ့ ဒုတိယသခင်မဖြစ်ပြီး ကျိုးမိသားစုရဲ့သမီးပါ... ဘာလို့ နှစ်ပေါင်းများစွာ ချုပ်တည်းထားတာလဲ"

ရှဲ့ရှန့်က အချစ်ကို နားမလည်သောကြောင့် ရှဲ့လန်အတွက် မိမိ၏ဒေါသကို ချိုးနှိမ်ခဲ့သည် ကျိုးရှီ၏ ဆန္ဒကို သူမ နားမလည်ခဲ့ပေ။သို့ပေမဲ့လည်း သူမအမေက အနောက်ခြံဝင်းမှာ ကိုယ်လုပ်တော်များနှင့် နှစ်အတော်ကြာ ငြင်းခုံခဲ့ကာ စိတ်ဓာတ်ကျပြီး အစွဲအလမ်းကြီးနေသည့် အကြောင်းအရင်းကို သူမ နားမလည်ပေ။ဤအခွင့်အရေးကိုသုံပြီး သူမ အချိန်အတော်ကြာအောင် မေးခွန်းနေထုတ်ခဲ့သည့် သံသယကို ရိုးရိုးရှင်းရှင်းပဲ မေးလိုက်၏။

ကျိုးရှီ သူမ၏ ခုနစ်နှစ်သမီးလေးနှင့် ဤအကြောင်းပြောရသည့် တစ်နေ့ ရှိလာမည်ဟု မမျှော်လင့်ထားပေ။ သူမက ခါးခါးသီးသီး ပြုံးလိုက်ပြီးပြောသည်။

"ဒါက သမီးအဖေကို စိတ်ပြောင်းစေမယ်လို့ အမေထင်ခဲ့တာ...သမီးပိုပြီးကောင်းကောင်းမွန်မွန်ရှင်သန်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ"

ရှဲ့ရှန့် ကျိုးရှီ၏ အတွေးများကို နားမလည်ပါချေ။

သူမ ခေါင်းငုံ့ကာ တွေးနေသော်လည်း ကျိုးရှီက လက်ကို မြှောက်ပြီး သူမခေါင်းကို ပွတ်ကာဆို၏။

"အဲဒါကို မစဉ်းစားနဲ့တော့...ဘာပဲဖြစ်ဖြစ် ရယ်စရာသက်သက်ပါပဲ... အဲဒါ မထိုက်တန်ဘူးဆိုတာ အခုမှ နားလည်သွားတယ်"

ရှဲ့ရှန့်က ခေါင်းညိတ်ပြီး အဖြေမပေးချေ။

နှစ်ယောက်သား ငြိမ်ကျသွားသည်။ ကျိုးရှီက အကြောင်းအရာပြောင်းလိုက်ပြီး အစေခံများကို ပန်းကန်သွားဆေးခိုင်းကာ အစားအစာအကြောင်း စဉ်းစားရန် တတိယအိမ်တော်ခွဲကို ပြန်သွားရန် ပြင်ဆင်လိုက်သည်။ မတ်တပ်ထရပ်လိုက်သောအခါတွင် ရှဲ့ရှန့်က ရုတ်တရက် တားလိုက်သည်။

"အမေ"

သူမ ခေါင်းလှည့်လိုက်ပြီးကြည့်လိုက်ရာ ရှဲ့ရှန့် မျက်နှာမှာ ရှားရှားပါးပါး ရှက်ရွံ့နေဟန်ကို တွေ့လိုက်ရ၏။ သူမ မျက်လုံးရွှဲကြီးများက ပုတ်ခတ်ပုတ်ခတ်လုပ်ကာဆိုသည်။

"သမီး အမေဓားကစားတာကို တစ်ခါလောက်ကြည့်လို့ရမလား

ကျိုးရှီ လုံးဝကြောင်အသွားသည်။

ရှဲ့ရှန့်က ၎င်းကိုမြင်သောအခါ ခေါင်းငုံ့ပြီးတောင်းပန်လိုက်၏။

"သမီးရဲ့တောင်းဆိုချက်က ယုတ္တိမဲ့လွန်းသွားတယ်... စိတ်မဆိုးပါနဲ့ အမေ"

ကျိုးရှီ ပထမတုန်းက အံ့အားသင့်သွားပြီး ၎င်းနောက်ရယ်လိုက်သည်။

"အမေ သိုင်းပညာ တတ်တယ်ဆိုတာ ဘယ်လိုသိတာလဲ... သမီးအဖေဆီကလား"

ရှဲ့ရှန့်က ရှဲ့လန်ကို မဆိုင်းမတွ ရောင်းစားလိုက်ပြီး "ဟုတ်ကဲ့"ဟုဆို၏။

ကျိုးရှီ၏ ရယ်မောသံက အနည်းငယ် ငြိမ်သက်သွားပြီး နောက်ဆုံးတွင် သူမ၏ အပြုံးသည် လုံးဝ ပျောက်ကွယ်သွားသည်။

"ငါ ဓားမကစားတာ နှစ်ပေါင်းများစွာ ကြာပါပြီ" ဟုဆိုရင်း ခြံထဲက အကိုင်းအခက်တစ်ခုကို ကြုံသလို ချိုးလိုက်၏။

ပြီးသွားသောအခါ သူမ သူမလက်ကောက်ဝတ်များကို လှန်လိုက်ကာ နူးညံ့သောအကိုင်းအခက်များသည် သူမလက်ထဲတွင် ရုတ်တရက် တောင့်တင်းလာပြီး ကျိုးနေသောအရွက်များပင်လျှင် ဓားစွမ်းအင်ဖြင့် ပေါင်းစပ်သွားလေသည်။

ရှဲ့ရှန့် မှင်သက်သွားပြီး လှုပ်ရှားမှုတစ်ခုလေးလွတ်သွားမည်ကိုပင် စိုးရိမ်သောကြောင့် ချက်ချင်း ထရပ်လိုက်သည်။

ကျိုးရှီ ငယ်စဉ်ကတည်းက ပြည်နယ်၏ရန်သူများကို တိုက်ခိုက်ခဲ့သော သူမ၏အစ်ကိုများနှင့် သိုင်းပညာကို လေ့ကျင့်ခဲ့သည်။ သူမ၏ ဓားပညာသည် ယောက်ျားများထက် မနိမ့်ကျပေ။ သစ်ကိုင်းတစ်ခုမျှဖြင့် သူမက လေပြင်းတိုက်နိုင်သည်။ သူမ အနည်းငယ် လှုပ်ရှားကခုန်ခဲ့ပြီး သူမ၏လက်ထဲမှ သစ်ကိုင်းက ရုတ်တရက်လွတ်ထွက်ကာ ခြံဝင်းဆီသို့ တည့်တည့်သွားပြီး တံခါးဆီသို့ ပြေးသွားခဲ့သည်။

သူမလက်ထဲမှာရှိသည့် သစ်ကိုင်းကို သူမ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့်နှင်းခါးဓားအဖြစ်မှတ်ယူခဲ့ပေမဲ့ သစ်ကိုင်းက သစ်ကိုင်းတစ်ခုမျှသာပါပင်။ လေထဲတွင် ချွန်ထက်သော အဝန်းပိုင်းကိုရေးဆွဲပြီးနောက် လမ်းတစ်ဝက်တွင် မြေပြင်ပေါ်သို့ ကျသွားသည်။

ရှဲ့လန်က ဝင်းတံခါးဝတွင် ရပ်ကာ ရှုပ်ထွေးသော အမူအရာများဖြင့် သူမကို ကြည့်နေသည်။

ကျိုးရှီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဓားနှင့်ပစ်သည့် လှုပ်ရှားမှုကို ရပ်လိုက်ကာသူ့ကို မကြည့်ချင်တော့ပေ။

ရှဲ့လန် ကျိုးရှီကို အရင်တစ်ခေါက် မနက်စာဆိုင်မှာ တွေ့ကတည်းက ရက်ပေါင်းများစွာ စိတ်ဓာတ်ကျနေခဲ့သည်။သူ သူမကို လိုက်မရှာရဲတော့ပေ။

ယနေ့ သူမကို ရှာပေမဲ့ သူမက ဓားနှင့်ကခုန်နေ၏။

သူ့စိတ်ထဲတွင် သူမ၏ရုပ်သွင်က ဟိုးယခင် သူမကို ပထမဆုံးမြင်ဖူးစဥ်က တောက်ပသောမိန်းကလေးနှင့် တဖြည်းဖြည်းချင်း ပုံရိပ်တို့ထပ်လာနေသည်။

ရှဲ့လန်သူ့ရင်ထဲမှာ နာကျင်နေပြီး သူ့ခံစားချက်တွေကို ထိန်းမထားနိုင်တော့ဘဲ ကျိုးရှီ ဆီကို လျှောက်သွားကာပြောလိုက်သည်။

"မင်းနဲ့ စကားပြောလို့ရမလား"

ကျိုးရှီ သူ့ထံမှ လမ်းပိတ်ခံလိုက်သဖြင့် မျက်မှောင်ကြုတ်ကာပြောလိုက်၏။
"နင်နဲ့ ငါပြောစရာမရှိဘူး"

"ကိုယ့်မှာရှိတယ်"
ရှဲ့လန်က ပြောသည်။

ရှဲ့လန်က ဆက်ရပ်နေပြီး ကျိုးရှီ  သူမတို့ နှစ်ယောက်ကြား အငြင်းပွားသည်ကို ရှဲ့ရှန့်အား မကြည့်စေချင်သောကြောင့် ဝန်လေးစွာ သဘောတူလိုက်၏။

နှစ်ယောက်သား အတန်ကြာအောင် လမ်းလျှောက်လာရင်း တိတ်ဆိတ်သော မဏ္ဍပ်ငယ်တစ်ခုမှာ ၀င်ထိုင်လိုက်ကြသည်။

ကျိုးရှီက ထိုင်ပြီးသည်နှင့် စိတ်မရှည်စွာပြောလိုက်၏။

"ဘာပြောချင်တာလဲ"

အိမ်ထောင်သက် ခုနစ်နှစ်တာကာလအတွင်း သူမ ရှဲ့လန်အပေါ် မည်သည့်အချိန်က ယခုလိုသဘောထားရှိခဲ့သနည်း။ ရှဲ့လန် သူ့နှလုံးသားထဲမှာ ခါးသီးစွာဖြင့် တိုးတိုးလေးပြောလိုက်၏။

"မင်း ကိုယ့်ကို အရမ်းမုန်းနေတာလား"

မည်သို့ပင်ဖြစ်စေ သူမက တစ်ချိန်က သံယောဇဥ်တွယ်တာခဲ့သူဖြစ်သည်။ သူ၏နူးညံ့သိမ်မွေ့သာ့် အသွင်အပြင်ကိုမြင်သောအခါ ကျိုးရှီ ခဏတာတိတ်ဆိတ်သွားပြီး နောက်ဆုံးမှာ ပြင်းထန်သည့်အရှိန်အဟုန်က ပျောက်ကွယ်သွား၏။ သူ့မေးခွန်းကို မဖြေဘဲ “ရှင် ဘာပြောချင်လဲ... ပြောသာပြောပါ” ဟုသာဆိုလိုက်သည်။

ပြောစရာတွေ အလွန် များခဲ့၏။ ရှဲ့လန် ဘယ်ကနေစရမှန်း မသိသဖြင့် နောက်ဆုံးမှာပြောလိုက်၏။

"မင်းသိုင်းပညာကို ပြန်ကျင့်နေတာလား"

"မဟုတ်ဘူး"

ရှဲ့လန် ကျိုးရှီ ဘက်သို့ ကြည့်လိုက်ရာ သူမ သူ့ကို မကြည့်ချင်ကြောင်း တွေ့လိုက်ရသည်။ သူက သူ့ကိုယ်သူ ရယ်မောရင်း အကူအညီမဲ့စွာပြောလိုက်၏။

"တကယ်တော့... ကိုယ်တို့ ဒီလိုဖြစ်စရာ မလိုဘူး"

ကျိုးရှီ သူ့ကို အံ့သြတကြီး ကြည့်လိုက်မိသည်။


Xxxxx