Chapter 140.2 [Final Chapter ]
ကလေးများ
ကလေးများ အသက်နည်းနည်းကြီးလာသည့်အခါ ရှဲ့ရွှင်းက သူ့ရာထူးကနေ ဖယ်ထုတ်ရန် တောင်းဆိုခဲ့သည်။ မူလကတည်းက ဧကရာဇ်သည် ရှဲ့ရွှင်း နှင့် အခြားသူများကို အိမ်ရှေ့စံ၏ ဝန်ကြီးများ ဖြစ်လာစေရန် လေ့ကျင့်ပေးလိုခဲ့သောကြောင့် သဘာဝအတိုင်း သဘောတူခဲ့သည်။
ထို့ကြောင့် ရှဲ့ရွှင်းက သူ့မိသားစုကို ဆွဲခေါ်ပြီး သူ့၏ရာထူးအသစ်ဆီကို ခရီးစတင်ခဲ့သည်။
အုပ်ချုပ်ရေးမှူးအသစ်သည် ငယ်ရွယ်ပြီး ကိုင်တွယ်ရလွယ်ကူသည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ သို့တိုင် ၎င်းတို့သည် ရှဲ့ရွှင်း၏ မိုးကြိုးပစ်သည့် နည်းလမ်းဟောင်းများက အရာရှိဟောင်းတစ်စုကို ရှင်းလင်းပစ်ရန် ၎င်းတို့ မမျှော်လင့်ခဲ့ပေ။သူက ရောက်လာသည်နှင့် တန်း နာမည်ကြီးလာခဲ့၏။
နောက်ပိုင်းတွင် လူအများက ရှဲ့ရွှင်းကို တဖြည်းဖြည်း နားလည်လာပြီး အသစ်ခန့်အပ်ထားသော အရာရှိအကြောင်း သိချင်စိတ်များ ပြည့်နှက်လာခဲ့သည်။ သူက ငယ်ငယ် ချောချောနှင့် ထက်မြက်ပြီး ကျွမ်းကျင်လိမ္မာ၏။ ထိုကဲ့သို့သော လူမျိုးက မည်မျှ ဆန်းကြယ်လိုက်သနည်း။
ရှဲ့ရွှင်း မျက်နှာ ပြလိုက်သောအခါတွင် လက်ထပ်ရန် စောင့်ဆိုင်းနေသော ဒေသခံမိန်းကလေးများသည် သူတို့ ၏နှလုံးသားများကို ထိန်းထားနိုင်ခြင်းမရှိပေ။ သူ့မိန်းမဘယ်သူလဲ၊ အခွင့်အရေးရှိသေးလားဟု မေးကြသည်။
ကျန်းရှုယောင်က အရာရှိဇနီးဖြစ်ရခြင်းကို ကျင့်သားမရဘဲ မည်သို့ပေါင်းသင်းဆက်ဆံရမည်ကို မသိပေ။သူတို့က ဒေသခံ အရာရှိတွေ၏ မိသားစုတွေအတွက် ဧည့်ခံပွဲ ကျင်းပပေးစေချင်ပေမဲ့ သူမက တစ်နေ့ကုန် လူတွေကို ထွက်မတွေ့ပါချေ။သူမဘာနှင့် အလုပ်ရှုပ်နေသည်ကို မည်သူသိပါမည်နည်း။သူတို့က ရှဲ့ရွှင်းကို ကြိမ်ဖန်များစွာ စကားအလိမ္မာသုံး ပြောခဲ့ကြသော်လည်း ရှဲ့ရွှင်းက သူတို့၏ စိတ်ကူးများကို သဘောမတူခဲ့ပေ။ အကြိမ်များစွာကြာပြီးနောက် လူတိုင်းက ပွဲတစ်ခုအကြောင်း တွေးခြင်းအားရပ်လိုက်ကြသည်။
လက်ထောက်တွေက သူတို့ထိုမှာ ဒုက္ခရောက်လိမ့်မည်ဟု ထင်ခဲ့ကြပေမဲ့ အစားအသောက်နှင့် အဖျော်ယမကာဆိုင်တွေ တော်တော်များများ ဒေသဈေးကွက်မှာ ဖွင့်ရန် အချိန်သိပ်မကြာခဲ့ပါချေ။ဒေသ ဓလေ့ထုံးစံနှင့် ကိုက်ညီပြီး ဈေးနှုန်းလည်း သက်သာသည်။ လက်ထောက်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ညည်းညူမှု များစွာ နည်းပါးသွားပြီး စိတ်ငြိမ်အေးချမ်းသာ စွာဖြင့် လုပ်ဆောင်ကြသည်။
သို့ပေမဲ့ မည်သို့ပင် ပေါင်းသင်းဆက်ဆံရေးကို တွန်းလှန်နေပါစေ၊ ဧည့်ခံပွဲတွေက မရှိမဖြစ်လိုအပ်နေဆဲပါပင်။
အချိန်အကြာကြီး စောင့်ပြီးနောက် အိမ်တော်ကို လာချင်သူတွေ တံခါးဘောင်ကို ချိုးတော့မတတ်ဖြစ်နေသည်။ လူတိုင်းတွင် မတူညီသော အတွေးအမြင်များ ရှိကြပြီး ပွဲက အလွန်အသက်ဝင်နေသည်။
အရာရှိများ၏ အကြံအစည်များကို မသိရသော်လည်း ၎င်းတို့၏ မိသားစုဝင်များ၏ အတွေးအမြင်များမှာ အလွန်ထင်ရှားသည်။
"အုပ်ချုပ်ရေးမှူးကတော်က ပေကျင်းက လာတာလို့ ကြားတယ်... ဒီနေ့ ပေကျင်းက စားကောင်းသောက်ဖွယ်တွေကို တွေ့နိုင်မယ်လို့ မျှော်လင့်မိတယ်"
လူတိုင်းက ထောက်ခံကြသည်။
စားပွဲကိုဖွင့်လိုက်သောအခါ လူတစ်စု၏ အမူအရာများ ရုတ်တရက် အေးခဲသွားသည်။
"ဒါက ကွေ့ယွင်မဏ္ဍပ်ရဲ့ အမှတ်သညာဟင်းပဲ မဟုတ်လား"
"ဒီဟင်းကလည်း ရင်းနှီးပြီးသား... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ငါစားခဲ့တယ်...လျှိုရှန်းလော်က ဟင်းဖြစ်လောက်တယ်"
စားပွဲပေါ်ရှိ ဟင်းပွဲများ၏ တစ်ဝက်ကို လူတိုင်း မှတ်မိကြသည်။
မျက်နှာရှည်ရှည်ဖြင့်သခင်မယိရုံက လက်ကိုင်ပုဝါကို ညှစ်လိုက်သည်။
"ပေကျင်းရဲ့ ဟင်းပွဲတွေကို မြင်ရမယ်လို့ ငါထင်ခဲ့ပေမဲ့ ဒီ စားသောက်ဆိုင်တွေဟင်းပွဲလေးတွေကို ကြည့်ပါဦး"
ပေါ်ပေါ်ထင်ထင် ခိုးပြောရင်း အုပ်ချုပ်ရေးမှူးကတော်ကရူးနေသည်ဟု ထောက်ပြလုနီးပါးပါပဲပင်။
တစ်စုံတစ်ယောက်က အသံနိမ့်နိမ့်ဖြင့် ချေပသည်။
"ဒါပေမဲ့ ဒီဟင်းတွေက စားရကျိုးနပ်တယ်...ဝယ်ချင်ရင် တစ်လကျော်လောက် တန်းစီရမှာ"
ရုံချန်က နှုတ်ခမ်းတွေကို မဲ့လိုက်ပြီး "အုပ်ချုပ်ရေးမှူးက သူတို့ကို စားသောက်ပွဲလုပ်ဖို့ အမိန့်ပေးထားတာ...အုပ်ချုပ်ရေးမှူးကတော်က တန်းစီစရာလိုသေးလို့လား"
သူမ မျက်နှာထက်တွင်မာန်တက်နေဟန်ဖြင့် အသက်ပြင်းပြင်းရှူကာဆိုသည်။
"ဒါက ငါတို့မြို့က စားသောက်ဆိုင်တွေက လုပ်ထားတာ...ပေကျင်းက ဟင်းပွဲတွေက ညံ့တယ်လို့ ထင်ပြီး ငါတို့အတွက် အုပ်ချုပ်ရေးမှူးကတော်က အထူးတလည် ပြင်ဆင်ထားတာဖြစ်မယ်"
တစ်စုံတစ်ယောက်က ပြန်ပက်သည်။
"မှားတယ်... ဒီဟင်းပွဲတွေကို ငါတို့ ငယ်ငယ်က မမြင်ဖူးဘူး...နောက်ပြီး ဒီစားသောက်ဆိုင်တွေ ဖွင့်တာ မကြာသေးဘူး...နောက်ကွယ်မှာ ဘယ်သူရှိလဲ ဘယ်သူကမှ ရှင်းမပြနိုင်သေးဘူး"
ရုံချန်၏မျက်နှာက တင်းမာနေဆဲဖြစ်သော်လည်း ရုတ်တရက် သူမနောက်ကျောတွင် နာကျင်မှုကို ခံစားလိုက်ရသည်။
လှည့်ကြည့်လိုက်သည့်အခါ တောက်ပသော မျက်လုံးများ၊သွားဖြူဖြူလေးများဖြင့် ကလေးမလေးက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမ နှုတ်ခမ်းစူနေပြီး စိတ်ဆိုးနေပုံရသည်။
သူမက ဗီဇအတိုင်း အကျင့်မကောင်းသော်လည်း ဤကလေးမသည် အလွန်လှပစွာမွေးဖွားလာကြောင်း ဝန်ခံရမည်။
ကလေးမလေးက မျက်မှောင်ကြုတ်ပြီး ဒေါသတကြီး ချစ်စရာအသံလေးနှင့်ဆို၏။
"ဒါတွေက မေမေရဲ့ ဟင်းချက်နည်းတွေ... စားသောက်ဆိုင်တွေလည်း ငါ့မေမေ ဖွင့်ထားတာ"
အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး ခဏကြာအောင် ဘာပြောရမှန်းကို မသိဖြစ်သွားခဲ့၏။
"ကလေးပြောတဲ့ပေါက်ကရ"
အခင်းဖြစ်ရာနေရာကို တစ်စုံတစ်ယောက်က ကယ်တင်ခဲ့သည်။မည်သို့ပင်ဖြစ်စေ ဤစားသောက်ဆိုင်တွေ၏ နောက်ကွယ်က ပိုင်ရှင်က အမျိုးသမီးဖြစ်နိုင်ပါချေ။
ကလေးမလေးက တစ်ခုခုပြောရန် စောင့်နေသေးပေမဲ့ ကောင်လေးတစ်ယောက်က သူမနောက်ကို ကမန်းကတန်းရောက်လာပြီး သူမကိုဆွဲသည်။
"ညီမလေး...နင်ဘာလို့ ထပ်ပြေးနေတာလဲ"
ထိုကလေးကလည်း ချောမောပြီး သူက အတော်လေးရင်းနှီးနေသလိုပင်။
ကလေးမလေးက သူ့လက်ကိုခါပြီး ခြေဆောင့်ကာ ပြောသည်။
"သူတို့က မေမေ့အကြောင်း မကောင်းပြောနေကြတာ"
သူမက လက်ကို မြှောက်လိုက်ပြီး စားပွဲဆီသို့ ညွှန်ပြလိုက်သည်။
ရှိနေသောအမျိုးသမီးများအားလုံး တောင့်တင်းနေကြပြီး ထိုသောင်းကျန်းသောမိန်းကလေးအား ကြိမ်းမောင်းရန် ကြိုးစားသော်လည်း စကားမပြောနိုင်ဘဲ ရှိနေသည်။
ညီမဖြစ်သူကို ဆူတော့မည့် ကောင်လေးက ထိုစကားကြားသောအခါ သူ့မျက်နှာ ရုတ်တရက် အေးစက်သွား၏။မျက်လုံးအသာအယာလှန်ပြီး စားပွဲမှာ ထိုင်နေသည့် လူကို ကြည့်လိုက်သည်။ ထို့နောက် သူ့ညီမကိုခေါ်ကာ လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
လူအုပ်စု ကောင်လေး၏အကြည့်ကြောင့် ထိတ်လန့်တကြားခံစားခဲ့ရပြီး ခုနက အမှားတစ်ခုခုများပြောခဲ့သလားဟု သေသေချာချာ ပြန်တွေးနေမိကြသည်။
"ကောင်လေးက ဘယ်ကလာတာလဲ... မောက်မာလွန်းတယ်"
ရုံချန်က ခပ်တင်းတင်းပြောသည်။
ရှဲ့ရွှင်း၏ စားပွဲမှာလည်း မငြိမ်းချမ်းပေ။ လက်အောက်ငယ်သားအုပ်စုတွင် အတွေးအမြင်အမျိုးမျိုးရှိသည်။ လူတိုင်းမှာ အိမ်ထောင်ပြုရန် သမီးတစ်ယောက်ရှိကြသည်။ ရှဲ့ရွှင်းက ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီး သူ၏အလုပ်သည် အနာဂတ်တွင် သေချာပေါက် ချောမွေ့နေမည်ဖြစ်သည်။
သို့သော်လည်း ရှဲ့ရွှင်းက ဘာမှ ထည့်မပြောသဖြင့် သူတို့၏ မိသားစုဝင်တွေကို ထည့်ပြောရန် ဘယ်သူမှ သတ္တိမရှိခဲ့ပါချေ။
သို့ပေမဲ့ ဤအစားအသောက်က တကယ်အရသာရှိ၏။
အားလုံးက တူတွေချရင်း အလုပ်ရှုပ်နေကြပြီး လုပ်ငန်းကို မေ့သွားလုနီးပါးပါပင်။
အလွန်အဖိုးတန်ပြီး ရှားရှားပါးပါး စားစရာတစ်ခုလို ဖြစ်နေသော ကြေးနီအဖုံးဖြင့် အုပ်ထားသည့် ဗန်းတစ်ခုနှင့် အစေခံအသစ်ဦး ရုတ်တရက် ရောက်လာသည်။
အားလုံးက သူတို့၏ တူတွေကို ရပ်လိုက်ပြီး ရှဲ့ရွှင်းကို မသိစိတ်ကနေ ကြည့်လိုက်ကြ၏။
အစေခံ ပြောသည်ကိုကြားပြီးနောက် ရှဲ့ ရွှင်း၏မျက်ခုံးများ ရုတ်တရက် ဆန့်ထွက်သွားကာ အဖုံးကိုဖွင့်လိုက်သည်။ ပန်းကန်ပြားပေါ်တွင် ဘန်းမုန့်ပေါင်းကဲ့သို့ အလွန်အရုပ်ဆိုးသော အရာတစ်ခု ရှိနေသည်။
ရှဲ့ရွှင်း၏ မျက်နှာသည် မပြောင်းလဲ။ သူက ထူးဆန်းသော ဘန်းမုန့်ပေါင်းကို ကောက်ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်တွင် လေးစားမှု အရိပ်အယောင်ကို ပြသကာ သပ်ရပ်စွာ ကိုက်လိုက်သည်။
၎င်းသည် လူအုပ်စုတစ်စုကို ပုရွက်ဆိတ်များကိုယ်ပေါ်မှာ တွားသွားသလို ခံစားစေသည်။ ဒီလိုရုပ်ဆိုးတဲ့ ဘန်းမုန့်က အရသာရှိနေတုန်း ဖြစ်နိုင်ပါ့မလား...
"အရမ်းကောင်းတယ်"
ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်ပြီး
"လက်ရာက တိုးတက်လာပြီ"
ဤစကားများထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းက သူတို့၏ နှလုံးသားထဲတွင် ခန့်မှန်းမိလာသည်။
ဒါက ရှဲ့သခင်မ လုပ်တဲ့ အစားအစာ ဖြစ်လောက်သလား...
သခင်ရှဲ့က မျိုးရိုးမြင့်တစ်ဦးဖြစ်သည်။မည်သည့် စားကောင်းသောက်ဖွယ်ကို မစားဖူးသေးဘဲနေမည်နည်း။ဤရုပ်ဆိုးသော ဘန်းမုန့်ကိုပင် ချီးမွှမ်းချင်ဟန်ဆောင်သည်။ သူ့မိန်းမရဲ့ ဒေါသက သေးငယ်မနေတဲ့အတွက် သခင်ရှဲ့က ကြောက်လို့များလား...
လူအများအပြားသည် အကြည့်ချင်းဖလှယ်ကြပြီး အချင်းချင်း၏ အတွေးအမြင်များကို အတည်ပြုကြသည်။
နူးညံ့သော "ဖေဖေ"ဟူသည့်အသံက စားပွဲ၏ ထူးဆန်းသော လေထုကို ချိုးဖျက်ပစ်လိုက်၏။
ကလေးမလေးတစ်ဦးက တင်းမာသောအကြည့်ဖြင့် ပြေးလာကာ ရှဲ့ရွှင်း၏ဒူးပေါ်သို့ ချောမွေ့စွာတက်ပြီး ရှဲ့ရွှင်းရှေ့ရှိ ဘန်းမုန့်ပေါင်းကိုကြည့်၍ ရုတ်တရက် ပြုံးသည်။
"ဖေဖေက သမီးလုပ်ထားတဲ့ ပန်းလိပ်ကို စားခဲ့တာလား"
ရှဲ့ရွှင်းက သူမ၏ဆံထုံးသေးသေးလေးကို ထိလိုက်ပြီးဆိုသည်။
"စားပြီးပြီ... ငါ့သမီးရဲ့ ဟင်းချက်ကျွမ်းကျင်မှုက ပိုပိုကောင်းလာတယ်"
ကလေးမလေးက ခေါင်းယမ်းလိုက်ပြီး ရှဲ့ရွှင်းဆီက ဆွဲထားခံလိုက်ရသည်။
"ဖေဖေက ဒီမှာ နာရီဝက်နေရဦးမှာ... မပြေးနဲ့"
ဤမြင်ကွင်းက အလွန် အံ့သြဖွယ်ကောင်းသည်။ လူအုပ်စုသည် မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ အံသြသွားကြသည်။
သူတို့တွေ မိန့်မောနေချိန်မှာပဲ ကောင်လေးတစ်ယောက်က အေးစက်စက် မျက်နှာနှင့် ရောက်လာ၏။ သူက ရှဲ့ရွှင်း နှင့် တထေရာထည်း ထွင်းထုထားသည်။
ရှဲ့ရွှင်းဘေးမှာ ရပ်လိုက်သည်နှင့် စားပွဲဝိုင်းက အမျိုးသမီးတွေ သူကဘာကြောင့် ဤမျှရင်းနှီးနေပုံရသည်ကို အခုမှ သဘောပေါက်သွားကြသည်။ အဝေးကနေ ကောင်လေး၏အဝတ်အစားတွေက ရှဲ့ရွှင်းနှင့် အရောင်တူသည်ကို တွေ့လိုက်ရ၏။ သူတို့ပြန်တွေးကြည့်သည့်အခါ သူ့မျက်ခုံးနှင့်မျက်လုံးကြားက အေးစက်မှုကလည်း သခင်ရှဲ့၏ခြေရာ အတိုင်းလိုက်ခြင်းဖြစ်သည်။
ကောင်လေးက ကလေးမလေးကိုဆူသည်။
"ညီမလေး... ထားလိုက်ပါ... လူကြီးတွေအားလုံးကို ဧည့်ခံဖို့ ဖေဖေက စားသောက်ပွဲလုပ်နေတာ... ဘယ်လိုဖြစ်လို့ ဒီလောက် ဆိုးနေတာလဲ"
ကလေးမလေးက နှုတ်ခမ်းစူပြီး ရှဲ့ရွှင်း၏ပေါင်ပေါ်မှ ဆင်းလာသည်။ သူမက ကောင်လေး၏အဝတ်ထောင့်ကို ကိုင်ထားလိုက်သည်။
နောက်ဆုံးတွင် စားပွဲရှိအရာရှိများသည် ပြန်လည်ကောင်းမွန်လာကာ ကောင်လေးကို ချီးကျူးစကားဆိုကြပြီး “ကျားဖအေမှာ ခွေးသားလေးများမရှိ” ဟူသော စကားမှလွဲ၍ ဘာမျှမပိုပါချေ။
ချီးကျူးစကားများစွာဖြင့်ပင် ကောင်လေး၏မျက်နှာသည် မပြောင်းလဲသေးပေ။
ရှဲ့ရွှင်း သူ့ကလေးတွေကို မိတ်ဆက်ပေးပြီး တစ်လက်စတည်း ယနေ့ပွဲကို မိတ်ဆက်ပေးလိုက်သည်။
"ဒါတွေအားလုံး ကျွန်တော့်မိန်းမက သေသေချာချာ ပြင်ဆင်ထားတာ...ဒါတွေက ကွေ့ယွင်မဏ္ဍပ်ရဲ့ အမှတ်သညာ ဟင်းပွဲတွေပါ...ဒါတွေက..."
သူ့မိတ်ဆက်စကားကြားသောအခါ လူတိုင်း ပဟေဠိဖြစ်သွားကြသည်။ ဤစားသောက်ဆိုင်များရှိ အစားအစာများကို ငွေဖြင့်ဝယ်၍မရသော်လည်း စားသောက်ဆိုင်များမှ အစားအစာများကို "စေ့စပ်သေချာစွာ ပြင်ဆင်ခြင်း" ဟု ယူဆနိုင်ပါသလော။
ရှဲ့ရွှင်း နောက်ဆုံးစာကြောင်းကို အပြီးသတ်ပြီးမှသာ နားလည်သွားကြသည်။
"ဟုတ်ပါတယ်...ကျွန်တော့်မိန်းမက ဒီစားသောက်ဆိုင်တွေကို ပိုင်တယ်လို့ ပြောဖို့မေ့သွားတယ်... သူက ဟင်းလျာတိုင်းကို ဖန်တီးထားတာ ...ကျွန်တော့်မိန်းမရဲ့ မိသားစုဖြစ်တဲ့ မြို့တော်က လင်းမိသားစုအကြောင်း ကြားဖူးလောက်ပါတယ်"
အားလုံး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ သူတို့ အလုပ်အကြောင်း သတင်းပို့ရန် ပေကျင်းကို သွားသည့်အခါ သူတို့ အကြိုက်ဆုံးက ပေကျင်းမြို့လယ်က လင်းမိသားစု၏လမ်းဘေးအစားအစာဈေးဖြစ်သည်။
ဤအချက်ကို သူတို့မချေဖျက်နိုင်ခင် ရှဲ့ရွှင်း နောက်မှာရပ်နေသည့် ကောင်လေးက လက်နှစ်ဖက်နောက်ပစ်လျက်ပြောသည်ကို သူတို့ကြားလိုက်ရသည်။
"ဖေဖေ... နောင်တစ်ချိန်မှာ မေမေ့အကြောင်း အများကြီးထည့်ပြောဖို့ မမေ့သင့်ဘူး...မေမေက နှိမ့်ချလွန်းပြီး ဒုက္ခရောက်သွားမှာစိုးလို့"
သူက သူ့ညီမကို ခေါ်ကာထွက်သွားသည်။သူ့လက်နှင့် လေသံက ရှဲ့ရွှင်း၏ ခါတိုင်းမိန့်ခွန်းပြောပုံနှင့် အတူတူပင်ဖြစ်ပြီး အရာရှိအိုတစ်စုကို ရုတ်တရတ် ကြက်သီးမွှေးညှင်းထသွားစေသည်။
"ဥပမာ ဒီနေ့ စုန့်ချန်ရှီရဲ့ ဇနီးနဲ့ လီစစ်မာရဲ့ဇနီးက ကျွန်တော့်အမေက စိတ်ရင်းမပါဘူးလို့ ထင်နေကြပြီး လူတွေကို လှည့်စားနေတယ်လို့တောင် ပြောခဲ့တယ်"
စကားပြောပြီးနောက် သူက ကလေးမလေးအား ခေါ်သွားပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားကာ ရှဲ့ရွှင်းကို ကြောက်လန့်တကြားနှင့် ရင်ဆိုင်ရန် လူတစ်စုကို ထားခဲ့သည်။
ပွဲပြီးသောအခါ သူတို့ဇနီးကအကြံအစည်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ပြန်လာသောအခါ ခင်ပွန်းဖြစ်သူ၏ ပညာပေးခြင်းခံခဲ့ရသည်။ ဖြစ်သင့်ဖြစ်ထိုက်သည့်အတွေးရော၊ မဖြစ်သင့်ဖြစ်ထိုက်သည့် အတွေးများပါ ပျောက်ကွယ်သွားသည်။ တစ်ခုပင်၊ သူတို့သမီးက ရှဲ့သခင်မနှင့် ယှဉ်နိုင်သည်လော။ သူမက လင်းမိသားစု၏ ထင်ရှားကျော်ကြားသော အကြီးဆုံးသခင်မလေး ဖြစ်သည်။ ဧကရာဇ်ပင်လျှင် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို ချီးကျူးခဲ့သည်။ ထောင့်တစ်ခုကို ဖြတ်ရန် ကြိုးစားသည်ထက် သူတို့လည်း အနှီသခင်မနှင့် ဆက်ဆံရေးကောင်းအောင်လုပ်၍ရသည်။ အနည်းဆုံး ထိုစားသောက်ဆိုင်များမှ အစားအစာများကို မြည်းစမ်းရန်အတွက် အနာဂတ်တွင် တစ်လထက်ပို၍ တန်းစီနေစရာ မလိုတော့ပေ၏
သူမရောက်သည်နှင့် အစားအသောက်လုပ်ငန်းနှင့် အလုပ်ရှုပ်နေသည့် ကျန်းရှုယောင်တစ်ယောက် ရှဲ့ရွှင်းကို တပ်မက်သည့်သူတစ်ယောက်မှ ရှာမတွေ့ခဲ့ပါချေ။ကျိုးရှီနှင့် လင်းရှီတို့ထံ စာရေးသောအခါတွင် သူမ သူတို့ကို အလွန်အမင်းအတွေး လွန်သည့်အတွက် ရယ်မောခဲ့သည်။သည်ကလူတွေက ရိုးရိုးရှင်းရှင်းနှင့်ရိုးသားကြသည်။ရှဲ့ရွှင်းကို မိန်းကလေးတွေ ဂရုမစိုက်သလို လက်အောက်ငယ်သားတွေလည်း အလှလေးတွေ မပို့ပါချေ။ သူမဘဝက ဘယ်လောက်တောင် သာယာပျော်ရွှင်စရာကောင်းလိုက်သလဲ...
နောက်ပိုင်းတွင် ဤစာကို သူမ၏ကလေးနှစ်ယောက်မှ မြင်တွေ့သွားပြီး မိခင်ဖြစ်သူ၏သတိကင်းမဲ့မှုအတွက် အကူအညီမဲ့နေကြောင်း ဖော်ပြခဲ့ရသည်။
[ET/N- ပြီးသွားပြီလို့ မယုံနိုင်ဘူးမလား...ငါသိတယ်၊ ငါလည်းမယုံဘူး... ခွေးစာ (လူစာ လည်း ပါတယ်) ကြောင့် မရိုးမယွ ခံစားရပေမဲ့ ကံမကောင်းစွာနဲ့ စာရေးသူက ဒီဇာတ်လမ်းကို အဆုံးသတ်လိုက်ပါတယ်...
မင်းတို့ရဲ့ပံ့ပိုးမှုအားလုံးကို ကျေးဇူးတင်ပါတယ် ('▽')ノ]
.........ပြီးပါပြီ ........
Translated by ..
Athet
Imperial meow 💜
Thanks 😊