Chapter 140.1 [FINAL-1]
ကလေးမွေးခြင်း
နွေရာသီ၏အဆုံးဖြစ်သည်။
အပူရှိန်သည် လုံးဝမပျောက်သေးဘဲ သစ်ပင်ထိပ်များတွင် ပုစဉ်းရင်ကွဲများ ရှိနေသေးသည်။ပျင်းရိဖွယ်အချိန်ဖြစ်မည်ဟု ထင်ရသော်လည်း မြို့စားရှဲ့အိမ်တော်သည့် စိတ်လှုပ်ရှားမှုအပြည့်ရှိသည်။
ကျန်းရှုယောင်၏ ခန္ဓာကိုယ်က ပိုပို၍ လေးလာကာ ၎င်းသည် သူမ၏ ပထမဆုံး ကလေးဖြစ်သည်။ တစ်ခုခုမှားမှာစိုးသဖြင့် အစေခံများက သူမကို နေ့တိုင်း အနီးကပ် စောင့်ကြည့်နေရသည်။
သူမ ကလေးမွေးဖွားပြီးနောက် သက်တောင့်သက်သာရှိနိုင်မည်ဟုသာ မျှော်လင့်ထားပြီး နွေရာသီမကုန်ဆုံးမီ အအေးအနည်းငယ်သောက်နိုင်ခဲ့သည်။
ယခုလအတွင်း ရှဲ့ရွှင်း ညဘက်တွင် အိပ်မပျော်ခဲ့ပေ။ နောက်ဆုံး အိပ်ပျော်သွားသည့်အခါတွင်လည်း သူက ညသန်းခေါင်တွင် နိုးလာကာ အိပ်မောကျပြီး တစ်စုံတစ်ရာကို လွဲချော်မည်ကို စိုးရိမ်သောကြောင့် သူမ၏ အခြေအနေကို ကြည့်နေလိမ်မည်ဖြစ်သည်။သူက ငယ်ရွယ်ပြီး ကြံ့ခိုင်သည်ဆိုသော်ငြား အနည်းငယ် မျက်တွင်းကျလာလေသည်။
ထိုနေ့တွင် သူတာဝန်ချိန်၌ရှိနေစဥ် မိန်းမစိုးက မြို့စားရှဲ့အိမ်တော်မှ အကြောင်းကြားစာတစ်ခုနှင့်အတူ အခန်းထဲသို့ဝင်လာသည်။
ရှဲ့ရွှင်းက ကျန်းရှုယောင်၏ မွေးဖွားခြင်းအတွက် မူလကတည်းက စိုးရိမ်နေသည်ဖြစ်ရာ "စပြီ" ဟူသော စကားကိုကြားသောအခါ အိမ်တော်သို့ အမြန်ပြန်သွားခဲ့သည်။
မြင်းစီးရင်း လမ်းတလျှောက်မှာ မရေမတွက်နိုင်သော ကြောက်စရာကောင်းသည့် အတွေးတွေ သူ့စိတ်ထဲမှာ ပေါ်လာသည်။ သူ့နှလုံးသားက ရုတ်ချည်းတင်းကြပ်လာခဲ့ပြီး၊ သူ့စိတ်က အဆင်သင့်မဖြစ်သေးပါချေ။
မြင်းပေါ်မှ ဆင်းပြီးနောက် အသက်အောင်ပင်မရှူဘဲ တတိယအိမ်တော်ခွဲ၏ ခြံဝင်းဆီသို့ တစ်ချိုးတည်းပြေးခဲ့ကာ အလွန်အမင်းပျာယာခတ်နေခဲ့သည်။
သို့သော် ထိတ်လန့်ဖွယ်မြင်ကွင်း ပေါ်မလာခဲ့ပါချေ။ အစေခံများက ခြံဝင်းအတွင်းရှိ ပစ္စည်းများနှင့် စနစ်တကျ အလုပ်ရှုပ်နေကြသည်။ လူတချို့က ဘာမှမဖြစ်ထားသလို လက်ဗလာနှင့် ဖြတ်သွားကြ၏။
ကျန်းရှုယောင် စတင်နေပြီလို့ သူတို့ပြောတာမဟုတ်ဘူးလား...
လူတွေက ခြံဝင်းကို သန့်ရှင်းရေးလုပ်ထားပြီး အထူးသဖြင့် မီးဖွားခန်းကို ပြင်ဆင်ပြီးဖြစ်ကြပေမဲ့ ဤမျှမြန်မြန်ပြီးရန်က မဖြစ်နိုင်ပါချေ။
အခြေအနေက အရမ်းစိုးရိမ်ရလို့ သူမကို တခြားတစ်နေရာကို ခေါ်သွားတာ ဖြစ်မလား...
မည်သို့ပင်ဆိုစေကာမူ ဖရိုဖရဲ တွေးခေါ်မှုသည် အမြဲတမ်း ကြောက်စရာကောင်းသည်။
ရှဲ့ရွှင်း၏ မျက်နှာသည် ဖြူဖျော့သွားကာ သူ့ရှေ့တွင် ဖြတ်သွားသော အစေခံငယ်လေးကို လှမ်းဆွဲလိုက်သည်။ သူက အေးစက်စွာမေးလိုက်၏။
"မင်းရဲ့သခင်မကို ဘယ်ကိုခေါ်သွားတာလဲ"
အစေခံလေး ခဏတာမျှ မတုံ့ပြန်နိုင်ဖြစ်သွားသော်လည်း ရှဲ့ရွှင်း၏ အေးစက်သောမျက်နှာကို တွေ့လိုက်ရသောအခါ တုန်လှုပ်သွားသည်။သူမက အထစ်ထစ်အ,အအဆို၏။
“တတိယသခင်ကို ပြန်ကြားပါတယ် ...သခင််မ... ဘယ်မှမသွားပါဘူး”
ရှဲ့ရွှင်း မူလကတည်းက စိုးရိမ်နေခဲ့သည်။ သူမ၏ တုန်တုန်ယင်ယင်အသံကိုကြားသောအခါ သူ ပိုစိုးရိမ်လာ၏။
"အခု မင်းသခင်မက ဘယ်မှာလဲ"
အစေခံလေးက တံတွေးမျိုချလိုက်ပြီး လက်ကို တုန်တုန်ရီရီဖြင့် မြှောက်လိုက်ပြီး အရှေ့တောင်ပံကို ညွှန်ပြသည်။
ရှဲ့ရွှင်း မယုံနိုင်စွာနှင့် အခန်းဆီသို့ လျှောက်သွားလိုက်သည်။အစေခံများက သူ့ကို တစ်ယောက်ပြီး တစ်ယောက် ရှောင်သွားကြ၏။ တံခါးနားမရောက်ခင်မှာ ရှုရှီ၏အသံကိုကြား သူလိုက်ရသည်။
"စားဦးမှာလား"
"ဟုတ်ကဲ့"
ဤသည်မှာ ကျန်းရှုယောင်၏ အသံဖြစ်ပြီး အသံက တစ်ခုခုမှားနေသည်။
ရှဲ့ရွှင်း ကြောင်သွားသည်။
အသက်အနည်းငယ်ရှူပြီး အရှေ့တောင်ပံကို လှမ်းကြည့်လိုက်သည်။
ကျန်းရှုယောင်က စားပွဲပေါ်ရှိ အစားအစာများကို အရူးအမူး သွတ်နေပြီး ရှုရှီက သူမကို အမြတ်တနိုးကြည့်နေသည်။
"ဘာလို့ပြန်လာတာလဲ"
ကျန်းရှုယောင်က ကြက်ဥတစ်လုံးစားပြီးနင်နေသည်။ရေနွေးလေးသောက်ပြီးသည်နှင့် ရှဲ့ရွှင်းကို တံခါးဝမှာတွေ့လိုက်ရ၏။
ရှဲ့ရွှင်းက ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းပြီး တွန့်ဆုတ်စွာဖြင့်မေးလိုက်သည်။
"မင်းမစသေးဘူးလား"
နဖူးပေါ်က အေးစက်နေသည့် ချွေးတွေကို သုတ်လိုက်ပြီး သူဆက်ပြောသည်။
"ဘာလို့ ဒီမှာ ထိုင်နေ..."
ပြီးအရူးအမူးစားနေတာလဲ...
သူအကုန်မပြောပေမဲ့ ကျန်းရှုယောင်က သူဘာကိုဆိုလိုသလဲဆိုစည်ကို နားလည်နိုင်သည်။
"ကျွန်မက ညသန်းခေါင်အထိတရားဝင်စမှာမဟုတ်ဘူးလို့ ယောက်မက ခန့်မှန်းတယ်...ဒါကြောင့် အဲဒီအချိန်မှာအားအင်မဆုံးရှုံးအောင် အခုပိုစားခိုင်းတာ"
ရှဲ့ရွှင်း ခေါင်းညိတ်လိုက်သည်။
သူ့စိတ်ခံစားမှု အတက်အကျတွေက ကြီးလွန်းလှသည်။သူ့နာမ်ဝိညာဉ်သုံးခုနှင့် ရုပ်ဝိညာဉ်ခြောက်ခု ပြန်မရောက်သေးဘဲ သူကို့ကြည့်ရသည်မှာ အတော်လေးမိုက်မဲသလိုရှိသည်။
သူဘာတွေတွေးနေလဲ ဘယ်သူမှာသိလဲ...
သူ တတိယ ခြံဝင်းရှိ ဟင်းလင်းပြင် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
သူထိုင်ပြီးပြီးချင်းမှာပဲ ကျိုးရှီက လက်ထဲမှာ အငွေ့တထောင်းထောင်း ဆန်ပြုတ်ပန်းကန်လုံးနှင့် ရောက်လာသည်။
ရှဲ့ရွှင်းကိုတွေ့လိုက်ရသောအခါ သူမအံ့သြသွား၏။
"တတိယမောင်ငယ်က ဘာလို့ပြန်လာတာလဲ"
ရှဲ့ရွှင်း သူ့နှုတ်ခမ်းထောင့်ကို ကူကယ်ရာမဲ့ ဆွဲဆန့်လိုက်ပြီး ရှုံ့မဲ့စွာ ပြုံးပြလိုက်သည်။
ကျိုးရှီက သူ့အတွေးတွေကို နားမလည်သလို ဆက်လည်းအရေးတယူလုပ်မနေပေ။အရှေ့တောင်ပံကို ဝင်သွားပြီး
သူမလက်ထဲက ပန်းကန်ကိုချလိုက်သည်။
"ဒုတိယယောက်မရဲ့ လက်ရာကပိုပိုကောင်းလာတယ်"
ကျန်းရှုယောင် စားရင်းနှင့်မြှောက်လိုက်သည်။
"တစ်ခုချင်းစီတိုင်းမှာ ယောက်မရဲ့အထူးသီးသန့်'အရသာ'ပါတယ်...ရိုးရှင်းပေမဲ့ ချက်ပြုတ်နည်းကောင်းတွေထက် ပိုအရသာရှိတယ်"
ကျိုးရှီ နှုတ်ခမ်းတွန့်သွား၏။
"ဘာကိုလက်ရာလဲ...ဆန်ပြုတ်အိုးကြီးတစ်အိုးလုပ်ရုံတင်ကို"
သူမ မျက်နှာပေါ်ရှိအမူအရာက မနှစ်မြို့ဟန်ရှိနေသော်လည်း သူမအသံက အလွန်ကို ပျော်နေသည်။
ရှုရှီ၏ ညင်သာသောစကားများက ကျန်းရှုယောင်ကို နားမချနိုင်လေရာ ကျိုးရှီ၏"ကြမ်းတမ်းသော"နည်းလမ်းက အသုံးတည့်လာသည်။ အစားအသောက်ကို ပြန်သိမ်းပြီးနောက်တွင် သူမက ကျန်းရှုယောင်ကို ခြံဝင်ထဲတွင် လမ်းပတ်လျှောက်ရန် ကူတွဲပေးလိုက်သည်။
ရှဲ့ရွှင်းလည်း အရှေ့နန်းဆောင်ကို ပြန်မသွားခဲ့ပေ။ခြံဝင်းထဲမှာပဲ ထိုင်နေပြီး သူ့နှလုံးသားက စိုးထိတ်မှုများပြည့်နေခဲ့သည်။
ရှုရှီက မွေးဖွားမည့်အချိန်ကို ခန့်မှန်းခဲ့ပြီး၊ ညနေပိုင်းတွင် ကျန်းရှုယောင်က စတင်ခဲ့သည်။ ပြင်ဆင်ထားသော်လည်း လူအုပ်စုသည် ပျာယာခတ်နေဆဲဖြစ်၏။ ကျိုးရှီ နှင့် ရှုရှီက မီးဖွားခန်းသို့ အမြန်ပြေးသွားသော်လည်း ကူညီလိုသော ရှဲ့ရွှင်းတစ်ယောက် ကန်ထုတ်ခံခဲ့ရသည်။
ရှဲ့ရွှင်း စိတ်မသက်မသာဖြစ်ပြီး အခန်းအပြင်ဘက်မှာ ခဏထိုင်နေကာ ၎င်းနောက် မတ်တပ်ထလိုက်သည်။ ခဏအကြာတွင် အသံမထွက်တော့ပေ။ သူ လန့်သွားပြီး တံခါးကို တွယ်ကပ်ကာအော်လိုက်သည်။
"ဘာလို့ ဘာသံမှ မထွက်တာလဲ"
ခြံဝင်းထဲမှာရှိနေသည့် ရှဲ့လီက သူ့ကို နောက်ပြန်ဆွဲထုတ်ပြီး လုပ်ငန်းစဉ်ကို နှောင့်နှေးအောင် မနှောက်ယှက်နိုင်ရန်ကာကွယ်လိုက်သည်။
"မလန့်နဲ့"
ခဏအကြာတွင် မီးဖွားခန်းမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ရှဲ့ရွှင်း နဖူးပေါ်မှ ချွေးစေးများဖြင့် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"ဘာလို့ အသံကကျယ်နေတာလဲ...အရမ်းနာကျင်နေတာဖြစ်မှာ"
သူက ဘေးမှာရပ်နေသည့်သခင်မကြီးကို ကပျာကယာမေးလိုက်သည်။
“လက်သည်နဲ့ ရပါ့မလား...သမားတော်တွေရော...သမားတော်တွေ စောင့်နေကြလား”
သာမာန်နေ့တွေမှာက သူနှင့်လုံးဝမတူဘဲ အတောမသတ်အောင် စကားတွေပြောနေခဲ့သည်။
ကျန်းရှုယောင် ၏ပထမဆုံးမီးဖွားမှုသည်အလွန်ချောမွေ့ခဲ့သည်။ သန်းခေါင်ယံအချိန်၌ လက်သည်က တံခါးကိုဖွင့်ကာ ရှဲ့ရွှင်းကို အမြွှာနှစ်ယောက် ပိုင်ဆိုင်ရခြင်းအတွက် ဂုဏ်ပြုပေးခဲ့သည်။
ရှဲ့ရွှင်း ဘာသံမှမကြားရ။ တစ်စုံတစ်ယောက်က တံခါးကို တွန်းတွန်းနေသည်ကို မြင်လိုက်သည်နှင့် သူလေပြင်းတိုက်သလို ပြေးဝင်သွားခဲ့သည်။ အတွင်းရှိလူများက သူ့ကို မတားနိုင်လိုက်ပေ။
အခန်းထဲမှာ သွေးနံ့က ပြင်းထန်နေသည်။ ရှဲ့ရွှင်း ကုတင်ဆီသို့ လျှောက်သွားသောအခါ မူးဝေပြီး တုန်ရီနေခဲ့သည်။
ကျန်းရှုယောင်က မီးဖွားပြီးစတွင် ပင်ပန်းလွန်းသဖြင့် သတိရတစ်ချက်မရတစ်ချက်ဖြစ်နေသည်။ကုတင်ဘေးကလူကို သူမမြင်လိုက်ရသည့်အခါ သူမမျက်လုံးတွေကို အာရုံစူးစိုက်လိုက်ရာတွင် ယင်းကရှဲ့ရွှင်းဆိုသည်ကို သူမသိလိုက်ရ၏။
သူမ၏ အနက်ရောင် တောက်ပသော ဆံနွယ်များက သူမ၏ နဖူးတွင် ကပ်နေလျက်၊ သူမ၏ တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး သူမ၏ အနီရောင် နှုတ်ခမ်းများက စိုရွှန်းမှုတို့ ပျောက်ကွယ်နေသည်။သူမကို ဤမျှနွမ်းနယ်ပြီး ကျိုးပဲ့လွယ်လွန်းသည့်ပုံစံနှင့် မြင်ရခဲ၏။
ရှဲ့ရွှင်း အတော်လေး စိတ်မကောင်းဖြစ်သွားရသည်။သူမက တစ်စုံတစ်ခုပြောရန် ပါးစပ်ဖွင့်တော့မည်ကို မြင်သောအခါတွင် သူ့ခန္ဓာကိုယ်ကို သူမအနီးသို့ နိမ့်ချလိုက်သည်။
ကျန်းရှုယောင်က သူမ၏နှုတ်ခမ်းကို ဖွင့်လိုက်ပြီး စကားနှစ်ခွန်းကို အားကုန်သုံးကာဖွင့်ဟလိုက်သည်။
"ထွက်သွားးး..."
ရှဲ့ရွှင်းကို ယခုအချိန်တွင် သူမ၏ပုံစံကို မမြင်စေချင်ပေ။
ရှဲ့ရွှင်း သူမလက်ကို ကိုင်လိုက်ပြီး
"မသွားဘူး"
ကျန်းရှုယောင်က သူ့ကို စိုက်ကြည့်နေသည်။
ရှဲ့ရွှင်း မရယ်နိုင် မငိုနိုင်ဖြစ်သွားရပေမဲ့
သူမ၏အတွေးများကို အလွယ်တကူထွင်းဖောက်မြင်နိုင်၏။
"မင်းကဒီလိုပုံစံနဲ့လဲလှတယ်"
စကားကို ပြောပြီးနောက် သူမလက်ဖမိုးကို နမ်းလိုက်သည်။
နွေးထွေးနူးညံ့သော အထိအတွေ့က သူမ၏လက်ဖမိုးပေါ်သို့ ကျဆင်းလာသည်။တစ်နည်းနည်းနှင့် ကျန်းရှုယောင် ရုတ်တရက် သူမ၏ ခွန်အားတွေ ဆုံးရှုံးသွားပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ အိပ်ပျော်သွားသည်။
ရှဲ့ရွှင်း သူ့နဖူးကို သူမလက်ဖမိုးနှင့် ကပ်ထားမိသည်။ သူလုံးလုံးလျားလျား စိတ်သက်သာရာရသွာားပြီး ရေရွတ်လိုက်၏။
"ငါတို့ ဘယ်တော့မှ ကလေးထပ် မယူတော့ဘူး...ဘယ်တော့မှထပ်မယူတော့ဘူး"
ရှုရှီ နှင့် တခြားသူတွေက ရှဲ့ရွှင်းနှင့်သူ့မိန်းမအတွက် သီးသန့်အချိန်တချို့ပေးလိုက်ကြသည်။ခဏအကြာတွင် မိခင်အသစ်စက်စက်၏အနားယူခြင်းကို ဟန့်တားခြင်းမှ ကာကွယ်ရန် သူ့ကို ခေါ်ရန်အချိန်တန်ပြီဖြစ်သည်။သို့ပေမဲ့ ရှဲ့ရွှင်းက ကျန်းရှုယောင်၏ လက်ကို ဆုပ်ကိုင်ထားပြီး အိပ်ယာဘေးမှာ လဲလျောင်းနေသည်ကို တွေ့ကြရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပါချေ။
ကျိုးရှီ သူမပါးစပ်ကို အုပ်ကာ ပြုံးလိုက်ပြီးဆို၏။
"တတိယယောက်မက မွေးတဲ့သူမှန်းအသိသာကြီးကို...တတိယမောင်ငယ်က ပင်ပန်းတဲ့သူဖြစ်နေတယ်"
ရှုရှီကလည်း ရယ်နေပြီး ထူးထူးဆန်းဆန်း ပြောသည်။
"အင်း...တတိယမောင်ငယ်ကို မလှောင်ပါနဲ့... သူ မျက်လုံးမမှိတ်တာ တစ်လကျော်ရှိပြီ အိပ်ပါစေ...အစေခံတွေကို အပြင်မှာနေခိုင်းလိုက်ပါ"
ရှဲ့ရွှင်းက သူတို့ နောက်ထပ် ကလေး ထပ်ယူမှာ မဟုတ်ဟုပြောသည့်အတွက် နှစ်အနည်းငယ်ကြာသည်ထိတိုင် သူတို့မှာ ဒူးအောက်မှာ သားတစ်ယောက်နှင့် သမီးတစ်ယောက်ပဲ ရှိလေသည်။
Xxxxxx