Chapter 100 (End of extra)
ရှန်းချင်း
စာရေးသူများ တွေ့ဆုံပွဲက မပြီးသေးသော်လည်း စာရေးသူများ၏ ဓါတ်ပုံများမှာ ဝေ့ပေါ်တွင် တင်ထားခဲ့ပြီး ဖြစ်သည်။ ချန်းချင်းယန် ဝင်လာသည့်ပုံနှင့် စင်ပေါ်သို့ တက်ကာ ဆုယူသည့် ပုံများလည်း တင်ထားပြီးသား ဖြစ်နေသည်။ စာဖတ်သူများက ၎င်းကို တွေ့သောအခါ သူမ၏ ဝေ့ပေါ်တွင် စာများ ချန်ထားခဲ့ကြသည်။
( "နတ်ဘုရားမ လီမွန်ရေ... ငါ့ကို လက်ထပ်ပါ")
ချန်းချင်းယန်၏ ဘဝင်ခိုက်မှုများက ထင်မှတ်ထားသကဲ့သို့ပင် ကျေနပ်စရာကောင်းသည်။ နောက်ဆုံးတော့ ဂဏန်းလေးလုံး ကျသင့်တဲ့ ဝတ်စုံက သူ့တန်ဖိုးကို ထုတ်ပြလာပြီပဲ...
ဤတစ်ကျော့တွင် ချန်းချင်းယန်ကသာ အလုံးစုံ အောင်နိုင်သူ ဖြစ်ပြီး အထူးသဖြင့် ရှန်းယွမ်ဇယ် သူမကို လာကြိုသည့်အချိန်တွင် မင်းသမီးလေး တစ်ယောက်ကဲ့သို့ ခံစားလိုက်ရလေသည်။
“အရမ်းပျော်နေလား”
ရှန်းယွမ်ဇယ်က သူ့ဘေးမှ လူယုတ်မာပြုံး ပြုံးနေသူထံ ကြည့်ကာ သူ့နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးလာပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒါပေါ့... ရှင် ဒီနေ့ ဂန္ဓမာပန်းရဲ့ မျက်နှာကို မတွေ့လိုက်လို့နော်... မျက်နှာက စီချွမ်အော်ပရာလို ပြောင်းသွားတာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ" ချန်းချင်းယန်က ပြောပြီးနောက် အနည်းငယ် ဝမ်းနည်းသွားလေသည်။
"ဒါပေမယ့် သူ အိမ်ပြန်ရောက်တာနဲ့ သူ့ကောင်လေးနဲ့ လမ်းခွဲလောက်တယ် ထင်တယ်"
သူမက နှစ်စက္ကန့်မျှသာ ဝမ်းနည်းပြီးနောက် ဝါးလုံးကွဲ ရယ်ချလိုက်လေသည်။
ရှန်းယွမ်ဇယ်: “…”
သူ တကယ်ပဲ မိန်းမတွေရဲ့ တိုက်ပွဲကို နားမလည်နိုင်တော့ဘူး...
ချန်းချင်းယန်က စိတ်ကောင်းဝင်လျက်ဖြင့် ဝေ့ပေါ်သို့ ဝင်ကြည့်လိုက်ပြီးနောက် တွေ့လိုက်ရသည်မှာ...
မော့ကျန်း v: [ဒီနေ့ ငါ့အမျိုးသမီးကို ကျန်းမာရေး စစ်ဆေးဖို့ ဆေးရုံကို အဖော်ပြုပြီး လိုက်ပေးခဲ့တယ်... ဒေါက်တာက ပြောလိုက်တယ်... မကြာခင် ငါ အဖေတစ်ယောက် ဖြစ်တော့မယ်တဲ့... ကျေးဇူးပြုပြီး ငါ့ကို ဆုမွန်ကောင်း တောင်းပေးကြပါ...]
ချန်းချင်းယန်: “…”
“သောက်ကျိုးနဲ... ဘားကို သွားရအောင်”
ရှန်းယွမ်ဇယ်မှာ ထိုမျှ အသက်ကြီးနေပြီ ဖြစ်သော်လည်း လီယန် သူ့ကို ငြင်းလိုက်သည့် အကြိမ်မှ လွဲ၍ ဘားကို မသွားဖူးပေ။ သူက အများကြီး မသောက်ခဲ့ပေ။ ချန်းချင်းယန်က သူမကိုယ်သူမ အရက်များ အဆက်မပြတ် လောင်းထည့်နေသည်ကို တွေ့သောအခါ သူမလက်ထဲမှ ဝိုင်ပုလင်းကို ဆွဲယူ၍ သူမကို သယ်လျက် ထွက်လာခဲ့သည်။ သူက ဘားများကို သဘောမကျပေ။ သူမ ထိုနေရာတွင် ရှိနေသည်ကိုလည်း မကြိုက်ခဲ့ပေ။
ချန်းချင်းယန်က အရက်မူးနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ယခင်တစ်ခေါက်ကဲ့သို့ သူ့အပေါ် အန်မချခဲ့ပေ။ သူမက လမ်းတလျှောက် သီချင်းဆိုလာခဲ့သည်။
"ငါ့မှာ နှလုံးသားတစ်ခုပဲ ရှိချင်တယ်... ခေါင်းဖြူလေးက သစ်တော်သီးတွေနဲ့ စုံတွဲတွေကို မခွဲပါဘူး..."
ရှန်းယွမ်ဇယ်: ” …”
သူက သူမကို ထိုပုံစံဖြင့် သူမ၏ အိမ်သို့ မခေါ်သွားနိုင်သဖြင့် ထုံးစံအတိုင်း ဟိုတယ်ကိုသာ မောင်းလိုက်ရတော့သည်။
သူ ချန်းချင်းယန်ကို အိပ်ရာပေါ်သို့ လျှောက်နိုင်ရန် ကူညီပေးနေစဥ်မှာပင် သူမ၏ ဖုန်းသံ မြည်လာခဲ့သည်။ ရှန်းယွမ်ဇယ်က သူမအိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်ရာ ရှောင်းပေါင်ဟု ခေါ်သည့် လူတစ်ယောက် ခေါ်ဆိုလာခြင်း ဖြစ်နေသည်။
သူ မျက်ခုံးပင့်ကာ ဖုန်းကိုင်လိုက်သည်။ သူစကား မပြောနိုင်ခင်မှာပင် တစ်ဖက်လူ၏ တက်ကြွနေသော အသံတစ်သံ ထွက်လာခဲ့သည်။
"ချစ်သူလေးရေ... ဒီနေ့ရော ကိုယ့်ကို လွမ်းနေလား"
ရှန်းယွမ်ဇယ်: “……”
သူ့အပေါ် တစ်ကိုယ်လုံး ပစ်မှီထားသော နံဘေးမှလူကို ကြည့်၍ တိတ်တဆိတ် ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ"
တစ်ဖက်မှလူကလည်း တစ်ခဏမျှ ကြက်သေသေသွားဟန် ပေါ်သွားပြီးနောက် မေးလိုက်သည်။
"ခင်ဗျားကရော ဘယ်သူလဲ"
“ငါက ဖုန်းပိုင်ရှင်ရဲ့ ချစ်သူပဲ”
ရှောင်းပေါင်: “…”
“ဟားဟား... ကျွန်တော်က ထောင်ပေါင်ကနေ ဝယ်ထားတဲ့ စမတ် ချစ်သူကောင်လေး ဆောဖ်ဝဲပါဗျာ... သူ့ကို ဟယ်လိုနဲ့ ဂွတ်နိုက်လို့ ပြောပေးဖို့ အချိန်မှန် ဖုန်းဆက်ပေးရတာ"
ရှန်းယွမ်ဇယ်: “…”
သူ ဖုန်းကို အိပ်ရာပေါ်သို့ ပစ်လွှင့်လိုက်ပြီးနောက် ချန်းချင်းယန်ကို ကြည့်လိုက်သည်။ သူမလေးက ကြောင်လေးတစ်ကောင်ကဲ့သို့ မျက်လုံးများ မှေးကျဥ်းနေပြီး သူ့အပေါ်ကို နူးနူးညံ့ညံ့လေး မှီတွယ်နေကာ သူမကို လမ်းတလျှောက် ဆွဲလာရသဖြင့် သူမ၏ စကပ်ကလည်း အနည်းငယ် တွန့်ကြေနေသည်။ သူမ၏ ရင်ဘတ်နေရာမှ မြင်ကွင်းကလည်း သူ့ရှေ့တွင် ဘွားကနဲ ပေါ်လာခဲ့သည်။
ရှန်းယွမ်ဇယ်၏ မျက်လုံးများ နက်မှောင်သွားသည်။ သူ ဒီကောင်မလေးနဲ့ ဟိုတယ်အခန်းထဲရောက်တာ သုံးခေါက် ရှိသွားပြီ... ဘာမှ မဖြစ်သေးဘူးဆိုရင် ဟိုတယ်ခန်းလေးကို အားနာနေရတော့မှာပဲ...
သူ ဒီအခြေအနေကို အခွင့်ကောင်း မယူချင်ပေမယ့်လည်း ဒီကာင်မလေးက သူ့နောက်ကွယ်မှာ အင်တာနက်ကနေ ချစ်သူကောင်လေး ရှာရဲလိုက်သေးတယ်... ကြည့်ရတာ သင်ခန်းစာ ကောင်းကောင်း မပေးရင် လိမ်မာတော့မှာ မဟုတ်ဘူး...
သူက ထိုလူသားလေးကို အိပ်ရာပေါ်သို့ လဲချလိုက်ပြီးနောက် အပေါ်မှ စီးမိုးကာ သူမကို ဖိချထားလိုက်သည်။
နောက်တွင်...
ချန်းချင်းယန် နိုးလာသောအခါ သူမနှင့် ရှန်းယွမ်ဇယ်တို့ အိပ်ရာ တစ်ခုတည်းတွင် အဝတ်မကပ်ဘဲ လဲလျောင်းနေသည်ကို တွေ့သွားပြီးနောက် ပါးစပ်အုပ်ထားပြီး တီးတိုး အော်ဟစ်လိုက်သည်။
သူမ၏ နှလုံးသားထဲတွင် အတွေးတစ်ခုသာ ရှိနေခဲ့သည်။ သူတို့ နောက်ဆုံးတော့ အတုကနေ အစစ် ဖြစ်သွားပြီ... ကြည့်ရတာ သူတို့လက်တွေ ခွဲခွာလို့ မရနိုင်တော့သလိုပဲ....
သူမက အိပ်ရာပေါ်မှ ထလိုက်ချင်ပါသော်လည်း သူမ လှုပ်ရှားလိုက်သည့်အချိန်တွင် တင်းတင်းကြပ်ကြပ် အဖက်ခံလိုက်ရသည်။
"ဘယ်သွားမလို့လဲ"
"ရေချိုးမလို့"
ရှန်းယွမ်ဇယ်က မျက်လုံး မဖွင့်ဘဲ ပြုံးလိုက်သည်။
"ကိုယ်လည်း ချိုးချင်တယ်"
ချန်းချင်းယန်: "..."
"ရှင်ချိုးချင်ရင် အရင်သွားချိုးလိုက်လေ"
"အတူတူ ချိုးမယ်"
သူက ချန်းချင်းယန်ကို ဖက်ထားပြီး ပြောလိုက်ချိန်တွင် ချန်းချင်းယန်က စတင် အော်ဟစ်လာခဲ့လေသည်။
ရေချိုးခန်းထဲမှ မြင်ကွင်းက အတော်လေး ကောင်းသည်။ ရှန်းယွမ်ဇယ်မှာ သူ့ကိုယ်သူ ထပ်ပြီး ထိန်းမထားနိုင်တော့ဟု ခံစားလိုက်ရသည်။ ချန်းချင်းယန်ကို နှင်းကပ်မှန်ပေါ်တွင် ဖိထားပြီး သူမ၏ နှာခေါင်းထိပ်လေးကို နမ်းလိုက်လေသည်။
"လက်ထပ်ရအောင်"
ချန်းချင်းယန်: “…”
သူမကအခု ဖြစ်သွားတဲ့ အခြေအနေကို တစ်နည်းနည်းနဲ့ သဘောကျနေပေမယ့်လည်း တကယ် ခုခံမှာ မဟုတ်ဘူးလေ... လက်ထပ်ဖို့ကျတော့ အရမ်းစောလွန်းမနေဘူးလား...
“နံပါတ်စဥ်ရေတာ 3 2 1 ပြီးသွားပြီ.. မင်းလက်ခံတယ်လို့ပဲ ယူဆလိုက်တော့မယ်"
ချန်းချင်းယန်: “…”
သူမ ထိုသူကို မယုံသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။ ဒီလူ ထပ်ပြီး အရှက်မဲ့နေအုံးမှာလား...
ရလဒ်အနေဖြင့် သူတို့ လက်ထပ်ခဲ့ကြပြီး မကြာမီပင် ရှန်းချင်းဟု ခေါ်သော သမီးလေးတစ်ယောက် ရလာခဲ့သည်။
သူမ ငယ်ရွယ်စဥ်ကပင် ဒေါက်တာက သူမကို အိုင်ကျူစစ်ဆေးမှု လုပ်ပေးခဲ့ရာ အလွန် မြင့်မားသည့် အိုင်ကျူရှိကြောင်း တွေ့ခဲ့ရသည်။ ချန်းချင်းယန်သည်လည်း ယခု ၎င်းကို မြင်တွေ့နေရပေသည်။
သူမလေးက သချ်ာတွင် သာမန်ထက် ထူးကဲသော ပါရမီ ရှိနေပုံ ရသည်။
“မားမား... သမီး အိမ်စာ ပြီးသွားပြီ" ငါးနှစ်သမီးလေး ရှန်းချင်းက ဧည့်ခန်းထဲသို့ ပြေးလာပြီး သူမ၏ အမေကို ပြောလိုက်သည်။ ချန်းချင်းယန်က သူမ၏ လက်ထဲမှ စာအုပ်ကို ကြည့်၍ မျက်မှောင်ကြုံ့လိုက်သည်။
"ဒါ သမီး ဆရာမပေးထားတဲ့ အိမ်စာလား"
“မဟုတ်ဘူး... ဆရာမ ပေးတဲ့ အိမ်စာက ရိုးရှင်းလွန်းတယ်... သမီးက ခြောက်တန်း အိမ်စာ လုပ်ထားတာ"
ချန်းချင်းယန်: “…”
“ဒါပေမယ့် သမီး အခု ခြောက်တန်းစာတွေ အားလုံး ပြီးသွားပြီ... နောက်တစ်ပတ်ဆိုရင် ဂျူနီယာအထက်တန်းက အိမ်စာတွေ စလုပ်တော့မယ်"
ချန်းချင်းယန်: “…”
“မားမား... ဆုဒိုခု ကစားရအောင်"
ချန်းချင်းယန်၏ နှုတ်ခမ်း တွန့်သွားလေသည်။ "သမီးပါးပါးကို သွားရှာလေ"
“ဒါပေမယ့် ပါးပါးက ကျောင်းမှာပဲ ရှိသေးတာလေ"
“ဒါဆို Piကို အရင်သွားရွတ်နေလိုက်အုံး"
“Pi ရွတ်ရတာ အကြိမ် တစ်ထောင်ထက်တောင် ကျော်နေပြီ"
ချန်းချင်းယန်: “…”
ကူညီပါအုံး... ဒီမွန်းစတားလေးက ဘယ်လိုလုပ်ပြီး သူမရဲ့ သမီး ဖြစ်လာတာလဲ...
ရှန်းချင်းက မော့ချန်းရွေ့ထက် တစ်နှစ် ငယ်သော်လည်း သူမက ပထမတန်း ပြီးနောက် တတိယတန်းသို့ အတန်းကျော်ခဲ့သည်။ ထို့ကြောင့် သူမက မော့ချန်းရွေ့နှင့် အတန်းတူသွားပြီး သူ့ထိုင်ခုံဖော် ဖြစ်လာခဲ့သည်။ သေချာပေါက်ပင် ၎င်းက ရှန်းယွမ်ဇယ် ရှန်းချင်းကို ကျောင်းပို့လာစဥ်က ကျောင်းအုပ်ကြီးကို ထိုသို့ လုပ်ရန် အထူးတလှယ် မှာကြားခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူ့သမီးက မော့ချန်းရွေ့ကို သိသဖြင့် သူက မော့ချန်းရွေ့ကို သူမလေးအား စောင့်ရှောက်ပေးစေလိုခဲ့ခြင်း ဖြစ်သည်။
မော့ချန်းရွေ့၏ ထိုင်ခုံဖော် ဖြစ်ရခြင်းက ချိုမြိန်သေူ ဆွဲဆောင်မှု တစ်ခု ဖြစ်သည်။ မိန်းကလေးပေါင်း မြောက်များစွာက သူနှင့် တစ်ခုံတည်း ထ်ုင်ချင်နေကြသော်လည်း ထိုနေရာကို ရုတ်တရက် ပေါ်လာသည့် ကောင်မလေးက အလစ်သုတ်သွားမည်ဟု ထင်မထားခဲ့ကြပေ။
ရှန်းချင်းက ဤနှစ်တွင် ခုနစ်နှစ်သာ ရှိသေး၍ အတန်းထဲတွင် အငယ်ဆုံး ဖြစ်သည်။ သူမက တတိယတန်းသာ ရှိသေးသော်လည်း မျက်နှာထက်တွင် မှန်ထူထူ မျက်မှန် တစ်လက် ရှိနေခဲ့ပြီးသား ဖြစ်သည်။ အတန်းထဲမှ ကျောင်းသူများက သူမက ထိုပုံစံ ရှိနေပြီး မော့ချန်းရွေ့နှင့် အတူတူ ထိုင်ခွင့် ရဆဲ ဖြစ်သည်ကို တွေ့သောအခါ လက်မခံနိုင်ကြသဖြင့် ရှန်းချင်းကို မဖော်ရွေကြပေ။ သို့သော်လည်း ရှန်းချင်းက စိတ်ထဲမထားပေ။ သူမက နေ့တိုင်းပင် ဘောပင်လေးကို ထုတ်ကာ မှတ်စုစာအုပ်ပေါ်တွင် ရေး၍ တွက်ချက်နေပြီး သူမ၏ ကိုယ်ပိုင် ကမ္ဘာလေးမှာသာ ပျော်မွေ့နေခဲ့သည်။
ရှန်းချင်း၏ အဆင့်များက အလွန်ကောင်းပြီး သူမက စာမေးပွဲတိုင်းတွင် ပထမချိတ်လေ့ရှိကာ အချိန်တိုင်း အမှတ်တစ်ရာ အပြည့် ရလေ့ရှိသည်။ မော့ချန်းရွေ့၏ အဆင့်များက အကောင်းကြီး မဟုတ်ပေ။ သူက စာမေးပွဲ မကျသော်လည်း အမှတ် 80 အထက် မရခဲ့ဖူး။
သို့သော်ငြား သူက အမှန်တကယ်ပင် အမှတ်မြင့်မြင့် ရချင်စိတ် ရှိမနေခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ့ပင်ကိုယ်စွမ်းရည်က ချောမောနေခြင်း ဖြစ်သည်။ မော့ချန်းရွေ့က သူ့ဘေးတွင် ထိုင်နေသည့် ကြက်ဆံမြီးလေး နှစ်ခု ကျစ်ထားပြီး မျက်လုံးများက မှန်များဖြင့် လုံးဝ ဖုံးကွယ်ခံထားရသည့် ရှန်းချင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဘုရားသခင်က မျှတသည်ဟု တွေးမိသွားလေသည်။
“ဘာကြည့်နေတာလဲ”
ပုံများ ဆွဲနေသည့် ရှန်းချင်းက ရုတ်တရက် ထမေးလာခဲ့သည်။ သူမက အခြားသော အတန်းဖော်များနှင့် စကားပြောရသည်ကို နှစ်သက်လေ့ မရှိပေ။ မော့ချန်းရွေ့မှာ အဓိကအားဖြင့် မည်သူကမှ သူမကို စကားမပြောချင်ကြသောကြောင့်ဟု တွေးမိပါသော်လည်း ယခုတွင် သူမက စကားစပြောလာလေရာ မော့ချန်းရွေ့က အနည်းငယ် အံ့အားသင့်သွားဆဲ ဖြစ်သည်။
"ဘာမှ မဟုတ်ဘူး"
သူက စကားပြောပြီးနောက် ခေါင်းလှည့်သွားသည်။ ထိုအချိန်မှာပင် သူတို့အတန်း၏ ပန်းကလေးက ပြေးလာခဲ့သည်၊
"မော့ချန့်ရွေ့... အပြင်ဘက်ကို ထွက်ပြီး ကစားကြရအောင်လေ"
“တော်ပြီ” အတန်း၏ ပန်းကလေးကိုပင် မော့ချန်းရွေ့က ညီတူညီမျှ အေးတိအေးစက် ဆက်ဆံလေ့ရှိသည်။
ရှောင်ပန်ဟွား(အတန်း၏ ပန်းလေး)က ထိချက်ပြင်းသွားဟန် တူပြီး အလိုလိုက်ခံထားရသည့် ကလေး တစ်ယောက်လိုပင် သူ့လက်ကို ဆွဲလေတော့သည်။
"လာပါဆို... သူတို့အားလုံး အပြင်မှာ... ပျော်စရာ ကောင်းတယ်"
မော့ချန်းရွေ့က ကူကယ်ရာမဲ့စွာ အခက်အခဲ ဖြစ်သွားပြီး သူ့လက်ကို ပြန်ဆွဲကာ ရှန်းချင်း၏ မှတ်စုစာအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။ "သူရေးတာကို နားလည်ရင် ငါနင်နဲ့ အတူ အပြင် ထွက်ပေးမယ်"
“တကယ်လား” ရှောင်ပန်ဟွား၏ မျက်လုံးလေးများ တောက်ပသွားပြီးသူမက ရှန်းချင်း၏ ရေးနေဆဲ လက်လေးများ အောက်မှ စာအုပ်ကို ဆွဲယူလိုက်သည်။ တစ်ခဏ ရပ်သွားပြီးနောက် သူမ ဘာမှ ပြောမလာတော့ပေ။
“ကောင်းပြီလေ... နင်ဘာတွေ ရေးထားတာလဲ"ရှောင်ပန်ဟွားက သူမ၏ မျက်လုံးများထဲမှ မနှစ်မြို့မှုများကို ဖုံးကွယ်မထားဘဲ စာအုပ်ကို ရှန်းချင်း၏ ရှေ့သို့ ပြန်ပစ်လွှင့်လိုက်သည်။ ရှန်းချင်းက မျက်မှန်ကို ပင့်တင်၍ စာအုပ်ကို ဖြန့်လိုက်ပြီး ဆက်ရေးနေသည်။
"အနှစ်ချုပ် ဖန်ရှင်... နင့်အိုင်ကျူနဲ့သာဆို အထက်တန်းပြီးသွားရင်တောင် နားလည်နိုင်မှာ မဟုတ်ဘူး"
ရှောင်ပန်ဟွားက သူမ၏ စကားများကို နားမလည်ပါသော်လည်း သူမက ကြိမ်းမောင်းခံလိုက်ရသည်ကို နားလည်လိုက်သည်။ ထို့ကြောင့် ငိုချလေရာ မော့ချန်းရွေ့က ပြောစရာမဲ့စွာဖြင့် မျက်မှောင်ကြုံ့ထားလိုက်သည်။ သူမ၏ ငိုသံက ဆရာမကို ဆွဲခေါ်မိသွားသည်။ ဆရာမက သူမ၏ ခေါင်းလေးကို ထိ၍ နှစ်သိမ့်ပေးလိုက်ပြီး မေးလိုက်သည်။
"ဟွားဟွား... ဘာလို့ ငိုနေတာလဲ"
“ရှန်းချင်း သမီးကို ဆူနေတာ"
ဟွားဟွားက ရက်စက်ကြမ်းကြုတ်လှသော မကောင်းမှု ပြုသူကို လက်ညှိုးထိုးပြနေသည့်အလား ရှန်းချင်းကို ထိုးပြလိုက်သည်။
“သမီး မလုပ်ဘူး... သမီးက အချက်အလက်ကို ပြောပြရုံပဲ" ရှန်းချင်းက မျက်လုံးပင့်မလာဘဲ စာဆက်ရေးနေသည်။ ဆရာမသည်လည်း ထိုဥာဏ်ကြီးရှင် ကောင်မလေးကို သိနေခဲ့သည်။ သူမက မှတ်စုစာအုပ်ကို ကြည့်လိုက်ရာ ကြက်သေသေသွားရလေသည်။ ၎င်းတို့က အထက်တန်းအဆင့် ဖန်ရှင်များ ဖြစ်ကြသည်။ ၎င်းတို့မှာ အထက်တန်းကျောင်းသား များစွာအတွက် အိမ်မက်ဆိုးကြီး ဖြစ်သော်လည်း ထိုခုနစ်နှစ်အရွယ် မိန်းကလေးမှာ ဆော့ကစားနေသည့်အလား ၎င်းတို့ကို တွက်ချက်နေလေသည်။
သူမက ရှန်းချင်းမှာ အတန်းသားများထံမှ အပယ်ခံနေရသည်ကို သိနေခဲ့သည်။ သူမက ထိုဥာဏ်ကြီးရှင်လေးမှာ တစ်ယောက်တည်းဖြစ်ရန် ကံပါပြီးသား ဖြစ်မည်ဟု တွေးမိလေတော့သည်။ _(:3∠)_
ဆရာမက ရှန်းချင်းအား အပြစ်မပေးသည်ကို တွေ့ရသောအခါ ဟွားဟွားက ပိုငိုလေတော့သည်။ ဆရာမမှာ ရွေးချယ်စရာ မရှိဘဲ မော့ချန်းရွေ့ကို မေးလိုက်ရသည်။
"မော့ချန်းရွေ့... ရှန်းချင်းက ဟွားဟွားကို ဆူခဲ့တာလား"
"သားမကြားပါဘူး"
ဆရာမ: “…”
ဒါကလည်း ဘိုးဘေးလေးပဲ... ရှစ်နှစ်အရွယ်ကတည်းက မော့ကျန်းရဲ့ ပုံစံ ဖြစ်နေပြီ...
ဟွားဟွားက မော့ချန်းရွေ့ ရှန်းချင်းအတွက် ကူပြောပေးသည်ကို တွေ့သောအခါ ထိန်းမနိုင်သိမ်းမရ ငိုချင်းချတော့သည်။ ဆရာမက ခေါင်းကိုက်လာပြီး သူမကို အပြင်ခေါ်ထုတ်လိုက်သည်။ ကော်ရစ်ဒါမှ အသံများ ပျောက်ကွယ်သွားမှသာ မော့ချန်းရွေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ သူက ခေါင်းငုံ့ထားဆဲ ဖြစ်သော ရှန်းချင်းကို ကြည့်လိုက်ပြီးနောက် မျက်ခုံးကြုံ့မိသွားပြန်သည်။
"ဘာလို့ ဒါတွေကို တစ်နေကုန် ရေးနေရတာလဲ"
ရှန်းချင်းက နောက်ဆုံး၌ စာရေးခြင်း ရပ်သွားပြီး မော့ချန်းရွေ့၏ 83မှတ်ရသော သင်္ချာ ဘာသာရပ် စစ်ဆေးမှု အဖြေလွှာကို ကြည့်လိုက်သည်။
"နင့်လို အာဟာရအားလုံး မျက်နှာမှာပဲ သုံးလိုက်တဲ့ လူတွေကတော့ သေချာပေါက် ဘယ်နားလည်မလဲ"
မော့ချန်းရွေ့: “…”
သူက နှုတ်ထမ်းထောင့်လေးများ ကော့တက်လာပြီး ပြုံးလာခဲ့သည်။
"လက်ထပ်နိုင်မှာ မဟုတ်တဲ့ ရုပ်ဆိုးဆိုး မွန်းစတားလေးထက်တော့ သာတာပေါ့"
ရှန်းချင်းက စတင် ငိုကြွေးလာခဲ့ပြီး သတိပေးခြင်း အလျင်း မရှိဘဲ မျက်ရည်များ ကျဆင်းလာတော့သည်။
မော့ချန်းရွေ့က သတိပြန်လည်သွားသည်။ ထိုမျက်ရည်ကျမှု အရှိန်က သူ့ဖခင်နှင့်ပင် မလိုက်ဖက်ပေ။
“ဘာလို့ ငိုနေတာလဲ"
မော့ချန်းရွေ့က သူမ ငိုသွားသဖြင့် ပြာယာခတ်သွားသည်။ ငိုတာက ကူးစက်တတ်တာလား... ဒီကောင်မလေးတွေ မျက်ရည်က တဲတစ်လုံးစာလောက်ထိ ငိုနေကြတာပဲ...
ရှန်းချင်းက သူမ အဘယ်ကြောင့် ငိုနေရသည်ကိုလည်း မသိတော့ပေ။ အတန်းထဲမှ ခပ်ဆိုးဆိုး ကောင်လေးများကလည်း သူမကို ရုပ်ဆိုးမဟု ပြောလေ့ ရှိကြသည်။ သူမက ဘယ်တုန်းကမှ ဗွေမယူခဲ့။ သို့သော်လည်း ယခုတွင် မော့ချန်းရွေ့က ထိုသို့ ပြောလာသောအခါ ဝမ်းနည်းရလွန်း၍ ငိုချင်လာတော့သည်။
“မငိုပါနဲ့တော့... ငါ့အမှားပါ"
မော့ချန်းရွေ့က တောင်းပန်လိုက်သော်လည်း ရှန်းချင်းက အငိုမရပ်နိုင်ဆဲ။
“ကတိပေးမယ်လေ... ဘယ်သူ့မှ မင်းကို လက်မထပ်ချင်ရင် ငါမင်းကို လက်ထပ်မယ်လေ... အိုကေလား"
ရှန်းချင်းက အကြိမ်အနည်းငယ် ရှိုက်လိုက်ပြီးနောက် အငိုတိတ်သွားလေသည်။ မော့ချန်းရွေ့က စိတ်မရှည်လက်မရှည်ဖြင့် တစ်သျူး တစ်ရွက်ကို ဆွဲကာ သူမမျက်နှာပေါ်က မျက်မှန်ကိုလည်း ချွတ်ပေးလိုက်သည်။
“ဘာဖြစ်လို့လဲ” ရှန်းချင်းက သူ့ကို မျက်လုံးနီနီလေးများဖြင့် ကြည့်လာခဲ့သည်။
“ဘာမှ မဟုတ်ဘူး" မော့ချန်းရွေ့က တစ်သျူးကို ဆွဲယူ၍ သူမ၏ မျက်နှာကို သုတ်ပေးလိုက်သည်။ ထိုကလေးမလေးက မျက်မှန် ချွတ်လိုက်သောအခါ လှသွားမည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုအချင်းကိစ္စပြီးနောက် ရှန်းချင်းက သူမ၏ တွက်ချက်မှုများကို ဆက်ရေးနေခဲ့သည်။ မော့ချန်းရွေ့က မေးလေးကို ထောက်ကာ သူမကို အချိန်အကြာကြီး ကြည့်နေခဲ့ပြီးနောက် အဆုံးတွင် ပြောလိုက်သည်။
"မင်းက မျက်မှန်မပါရင် ကြည့်ကောင်းတယ်"
ရှန်းချင်း၏ ဘောပင်လေး ရပ်သွားသည်။ အချိန်အတော်ကြာပြီးမှ သူမက ပြောလာခဲ့သည်။
"မျက်မှန် မပါရင် သေသေချာချာ မမြင်ရဘူး"
မော့ချန်းရွေ့က သူမ၏ နားနီနီလေးကို ကြည့်လိုက်ပြီးနောက် မပြုံးမိဘဲ မနေနိုင်။
"ကြီးလာရင် မျက်ကပ်မှန်တပ်လို့ ရတယ်လေ... အခုတော့ မျက်မှန်ပဲ တပ်ပေါ့"
“အိုး” ရှန်းချင်းက ပြန်ဖြေကာ မှတ်စု စာအုပ်ပေါ်တွင် ဆက်ဆွဲနေခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်၌ မော့ချန်းရွေ့၏ မျက်လုံးလှလှလေးများကို ဆွဲနေခြင်းပါပေ။
.......ပြီးပါပြီ ......
Translated by ....
Nadi
Imperial meow 💜
❤️ Thanks 😊 ❤️