အပိုင်း ၁
Viewers 18k

#TheBewitchingCourtier

Chapter 1: ဘာကြောင့်လဲ


ဤညသည်လည်း လပြည့်သာသောညတစ်ညပင်ဖြစ်သည်။


အဆောင်တော်ထဲမှ ပိုးကန့်လိုက်ကာများ၏နောက်တွင် ဖယောင်းတိုင်မှ ဖယောင်းရည်များက ဖြေးညှင်းစွာစီးကျနေ၍ အရိပ်နှစ်ခုက တစ်သားတည်းပေါင်းစီးသွားသည်ကို ထင်ဟပ်ပြနေလေသည်။


ချန်ရုံသည် ညောင်ပင်၏အောက်တွင် မူးဝေစွာ ရပ်နေ၍ အဆောင်ထဲမှစုံတွဲတို့ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသည်ကို နှုတ်ခမ်းများတင်းတင်းစေ့ကာ ခံစားချက်မဲ့သောမျက်နှာဖြင့် ကြည့်နေမိသည်။


လောင်ကျွမ်းနေသော မီးရောင်အောက်တွင် ရယ်သံက ချန်ရုံဆီသို့ ပျံ့လွင့်လာသည်။ ထိုရယ်သံသည် ကြည်လင်သောအသံဖြင့် နုပျိုလန်းဆန်းနေကာ ကမ္ဘာပေါ်၌ နာကျင်မှုဆိုသည်ကို မသိနိုင်သည့် နွေဦးပန်းပွင့်များကဲ့သို့ ကြည်လွင်နေသည်။


ချန်ရုံ၏အနောက်မှ မမျှော်လင့်ထားသည့် နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။


"ဪ နင်ကိုး...အရှင်က နင့်ကို နှင်မထုတ်သေးဘူးလား...ဪ ဟုတ်သားပဲ...နင်က ငိုယိုပြီး တောင်းပန်ထားလို့ ဒီမှာ ရက်အနည်းငယ် ထပ်နေခွင့်ပေးထားတာပဲ..."


ထိုရက်စက်သောစကားလုံးများနှင့်အတူ မွှေးကြိုင်သောရနံ့များက နှာခေါင်းထဲတိုးဝင်လာသည်။ သေးကွေးသော အမျိုးသမီးပုံသဏ္ဍာန်တစ်ခုက ချန်ရုံ၏ဘေး၌ လာရပ်လိုက်သည်။ သူမသည် ချန်ရုံကြည့်နေသောနေရာသို့ ကြည့်လိုက်၍ အဆောင်တော်ထဲ၌ ပူးကပ်နေကြသော အရိပ်နှစ်ခုကို မြင်သောအခါ သူမ၏ နှုတ်ခမ်းများသည်လည်း တင်းတင်းစေ့သွားကြသည်။


အမျိုးသမီး၏မျက်လုံးများ၌ မနာလိုမှုများနှင့် ပြည့်သွားသော်လည်း ချန်ရုံတစ်ယောက် ယိုင်နဲ့စွာရပ်နေသည်ကို မြင်သောအခါတွင်တော့ ဝမ်းသာသွားသည့်ပုံပေါ်သွားသည်။ အမျိုးသမီးသည် နူးညံ့စွာ ရယ်လိုက်ပြန်သည်။


"အို ဘုရားရေ အဲ့ဒါ နင့်ရဲ့ ဝမ်းကွဲညီမ မဟုတ်လား...အရှင်က နင့်ကို ဇနီးအဖြစ် ကောက်တော်မူအောင်လို့ နင်က နင့်ညီမကို နည်းမျိုးစုံနဲ့ ရှင်းခဲ့တာမဟုတ်လား...နင်မပိုင်ဆိုင်တဲ့ပစ္စည်းတွေကို နင်ဘယ်တော့မှ ပိုင်ဆိုင်ရမှာမဟုတ်ပဲ တစ်နေ့မှာတော့ နင့်ညီမက သူပိုင်တဲ့အရာကို ပြန်လာယူသွားမှာကို နင်‌မတွေးထားမိဘူးထင်တယ်..."


သေးကွေးသော အမျိုးသမီးက စုပ်သပ်၍ ပြုံးလိုက်သည်။


"အကြံအစည်တွေအမျိုးမျိုး လုပ်ခဲ့တာတောင်မှ အခုလိုမျိုး စွန့်ပစ်ခံလိုက်ရတယ်...ချန်အိမ်တော်ရဲ့ အားရုံလေး...ငါသာ နင့်နေရာမှာဆိုရင်တော့ အရာအားလုံးကို ဖျောက်ဖျက်ဖို့ ငါ့ကိုယ်ငါ မီးရှို့လိုက်မိမှာပဲ..."


အမျိုးသမီးသည် ကြမ်းတမ်း၍ ရက်စက်သော စကားများကို တစ်ခွန်းပြီးတစ်ခွန်း ပြောနေတော့သည်။ သို့သော် အမျိုးသမီးကမည်မျှပင် စကားနာထိုး၍ လှောင်ပြောင်နေစေကာမူ သူမ၏အရှေ့မှ ပြိုင်ဘက်ကတော့ စကားတစ်ခွန်းမှ မပြောချေ။ ယခင်က အတွင်းကျိတ်၍ ဉာဏ်နီဉာဏ်နက်များသုံးကာ အကောက်ကြံတတ်သော ချန်ရုံသည် ယခုတွင်တော့ အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ချန်ရုံသည် ကန့်လန်ကာနောက်မှ ပူးကပ်ဖက်တွယ်‌နေသာ ပုံရိပ်နှစ်ခုကို ခံစားချက်ကင်းမဲ့သည့် ညှိုးငယ်သော မျက်နှာဖြင့်သာ ကြည့်နေသည်။


ချန်ရုံထံမှ ဘာမှပြန်မပြောသောအခါ သေးကွေးသော အမျိုးသမီးက ထပ်၍ လှောင်ပြောင်လိုက်သည်။


"ဪ ဟုတ်သားပဲ...နင်နဲ့ လက်ထပ်ပြီးတာတောင်မှ အရှင်က နင့်ကို တစ်ခါမှတောင် မထိဘူး လို့ ငါကြားတယ်...ကျွတ် ကျွတ် ကျွတ်...အရမ်းလှပပြီး အရမ်းကိုထက်မြက်တဲ့ နာမည်ကြီး ချန်အိမ်တော်က အားရုံလေးအတွက်တော့ ဝမ်းနည်းစရာပဲနော်...အရှင်က အစတည်းကိုက နင့်ကို နှိမ့်ချခဲ့တာပဲ..."


အမျိုးသမီး၏စကားများသည် ချန်ရုံ၏နှလုံးသားထဲမှ သွေးများပေါက်ပေါက်ကျအောင် ထိုးဆွနေသော ဓားချက်များကဲ့သို့ ဖြစ်နေသည်။


လှုပ်ရှားသံနှင့်အတူ မလှုပ်မယှက်ရပ်နေသော ချန်ရုံသည် ချက်ချင်းပင် တစ်ဖက်သို့ လှည့်လိုက်သည်။


ချန်ရုံ၏အသက်မဲ့သော မျက်လုံးများသည် ကြောက်စရာကောင်းလောက်အောင်ပင် မှုန်မှိုင်းနေကြသည်။ ချန်ရုံ၏အကြည့်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သေးကွေးသော အမျိုးသမီးသည် မတတ်နိုင်ပဲ နောက်သို့ ဆုတ်လိုက်မိသည်။


ချန်ရုံက အမျိုးသမီးဆီသို့ ခြေတစ်လှမ်းထပ်လှမ်းလိုက်သည်။


အမျိုးသမီးသည် ကြောင်အနေ၍ နောက်သို့ ဆုတ်ကာ အမြန်မေးလိုက်သည်။


"နင်....နင်ဘာလုပ်မလို့လဲ..."


ချန်ရုံက ကြောက်လန့်နေသော အမျိုးသမီးကို အေးစက်သောအပြုံးဖြင့် မျက်နှာချင်းဆိုင်လိုက်သည်။ မရည်ရွယ်ပဲ ချန်ရုံသည် အမျိုးသမီးအား ကျောနှင့် ညောင်ပင် ကပ်သွားအောင် လုပ်မိလျက်သားဖြစ်သွားသည်။


အမျိုးသမီး၏အော်သံနှင့်အတူ အလင်းရောင်တစ်ချက်လက်သွားသည်။


"ဒုတ်"


ဓားမြှောင်သည် အမျိုးသမီး၏ ဆံပင်များကို ပွတ်သပ်ဖြတ်ကျော်၍ သစ်ပင်၏ပင်စည်ထဲသို့ သုံးလက်မခန့် စိုက်ဝင်သွားသည်။


သေးကွေးသောအမျိုးသမီးက ကြောက်လန့်သောအသံဖြင့် အော်လိုက်လေသည်။


"တိတ်စမ်း..."


ချန်ရုံက လူသတ်ချင်စိတ်များပြည့်နေသောအသံဖြင့် အသံမာမာပြောလိုက်သည်။ အမျိုးသမီးက တုန်သွား၍ တကယ်ပင် ပါးစပ်ကို ပိတ်လိုက်သည်။


ချန်ရုံ အမျိုးသမီးအား စိုက်ကြည့်လိုက်သည်။ လရောင်အောက်တွင် ချန်ရုံ၏မျက်လုံးများသည် ဝံပုလွေများ၏မျက်လုံးကဲ့သို့ မည်းမှောင်၍ နက်ရှိုင်းနေသည်။


"အစကတော့..."


ချန်ရုံက အေးစက်သောအသံဖြင့် စပြောလိုက်သည်။


"ငါ နင့်ကို သတ်မလို့ပဲ...ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ နင်က အရှင့်ရဲ့ အရေးပေးမှုကို ရတယ်လို့ ဟန်ဆောင်တဲ့နေရာမှာတော်တော် အသားကျနေပြီပဲ...ငါ နင့်ကို အသက်ရှင်ခွင့်ပေးလိုက်ရင် ငါ့ရဲ့ ဝမ်းကွဲညီမကို နည်းနည်းတော့ စိတ်ထိခိုက်အောင် လုပ်နိုင်လိမ့်မယ်..."


ချန်ရုံက ထိုသို့ပြောနေရင်းဖြင့် ဓားမြှောင်အား လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ ဓားမြှောင်ကို ချန်ရုံ၏ အင်္ကျီလက်ထဲသို့ ထည့်ပြီးပြီးချင်းမှာပင် အမြန်ပြေးလာသော ခြေသံများကို ကြားလိုက်ကြရသည်။ အစောင့်များစွာက အော်ဟစ်လိုက်သည်။


"ဘယ်သူလဲ...လုပ်ကြံသူတွေ ရောက်နေတာလား..."


"ဘာမှမဖြစ်ပါဘူး..."


အမျိုးသမီးနှစ်ယောက်လုံးက ပြိုင်တူဖြေလိုက်သည်။


အစောင့်များသည် အမျိုးသမီးနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်ကို တွေ့လိုက်ရ၍ နောက်သို့ ပြန်ဆုတ်သွားကြသည်။ သခင်မချန် နှင့် သခင်မလု တို့သည် ဘယ်တုန်းကမှ မတည့်ကြပဲ တွေ့သည့်အခါတိုင်း အမြဲ ရန်စောင်နေကြသည်မှာ ပုံမှန်ပင်ဖြစ်၍ အခြားလူများသည် ဤကဲ့သို့သော အခြေအနေမျိုးကို နေသားကျနေကြပြီဖြစ်သည်။


အစောင့်များ ထွက်သွားပြီးပြီးချင်းမှာပင် ချန်ရုံသည် အင်္ကျီဝတ်ရုံလက်ကို လှုပ်ခတ်၍ လှည့်ထွက်သွားတော့သည်။


သခင်မလုသည် ချန်ရုံ၏ တဖြည်းဖြည်းသေးသွားသော ပုံသဏ္ဍာန်ကိုကြည့်၍ ဘာကြောင့်မှန်းမသိပဲ ချမ်းအေးလာမိသည်။ သခင်မလုသည် ချမ်း၍ တစ်ချက်တုန်သွားကာ ချန်ရုံကဲ့သို့ မာန်မာနကြီးလွန်းသောအမျိုးသမီးသည် သူတို့၏အရှင်ကဲ့သို့ နှလုံးသားကင်းမဲ့သောလူကိုမှ ချစ်ကြိုက်မိခြင်းသည် တကယ်တော့ ဝမ်းနည်းစရာကောင်းလှသည်ဟု တွေးလိုက်မိသည်။


ထိုအတွေးဖြင့် သခင်မလုသည် သက်ပြင်းတစ်ချက်ချကာ သူမ၏အဆောင်ရှိရာ ခြံဝန်းသို့ စိတ်မချမ်းမြေ့စွာ ပြန်သွားမိတော့သည်။


သခင်မလု သူမ၏ခြံဝန်းထဲသို့ ခြေချလိုက်ပြီး မကြာခင်မှာပင် အရှေ့ဘက်အဆောင်များဆီမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ အရှေ့ဘက်မှ မီးခိုးလုံးကြီးများနှင့် လောင်ကျွမ်းနေသော မီးရောင်ကို မြင်လိုက်ရလေသည်။


"ရေယူခဲ့...ရေယူခဲ့..."


အော်ဟစ်သံများနှင့် ပြေးလွှားနေသောခြေသံများ ထွက်ပေါ်လာသည်။ သခင်မလု၏ နှလုံးသည် ရုတ်တရက် တုန်သွားသည်။ အပြင်ဝတ်ရုံကိုပင် မယူမိပဲ သခင်မလုသည် အရှေ့ဘက်အဆောင်ဆီသို့ ပြေးသွားလိုက်မိသည်။ ထိုအဆောင်သည် ချန်ရုံ၏ အဆောင်မဟုတ်လား။ ထိုမိန်းမ၏ ခေါင်းမာတတ်သည့်အကျင့်နှင့်ဆိုလျှင် သခင်မလုပြောသည်ကို တကယ်နားထောင်ပြီး သူမကိုယ်သူမ မီးရှို့နေပြီလားမသိပေ။


သခင်မလု ပြေးနေရင်းဖြင့် သူတို့၏ အရှင်နှင့် အသစ်စက်စက်ဇနီးလေးတို့သည်လည်း ပင်မအဆောင်မှ အရှေ့ဘက်အဆောင်သို့ ပြေးထွက်သွားကြသည်ကို မြင်လိုက်ရသည်။


သုံးယောက်သားသည် အရှေ့အဆောင်သို့ ပြေးသွားလိုက်ကြသည်။


ခြံဝန်းထဲသို့ ဝင်လိုက်ကြသောအချိန်မှာပင် ရူးသွပ်စွာ ရယ်မောလိုက်သံကို ကြားလိုက်ကြရသည်။ ထိုအက်ကွဲနေသော‌ရယ်သံထဲတွင် မတိုင်းဆနိုင်သော နာကျင်မှု၊ မုန်းတီးမှုနှင့် နောင်တများ ပါဝင်နေသည်။


သခင်မလုသည် ယိုင်နဲ့စွာဖြင့် အရှေ့သို့ အနည်းငယ် ထပ်လှမ်းလိုက်သည်။ ထို့နောက် မော့ကြည့်လိုက်သောအခါ မျက်နှာက သွေးဆုတ်ဖြူလျော်သွားသည်။


တောက်လောင်နေ‌သောမီးထဲတွင် အဆောင်၏ အရှေ့ပိုင်းတစ်ခြမ်းလုံးသည် လောင်ကျွမ်းပြာကျနေကာ အနောက်ဘက်ထောင့်၏ နံရံများသာ ကျန်နေတော့သည်။ ထိုနံရံများသည်လည်း မီးကူး၍ ယိုင်နဲ့နေပြီဖြစ်သည်။ အုံကြွနေသော မီးခိုးလုံးများက ခြံဝန်းတစ်ခုလုံး၌ ပြည့်နေသည်။ ထိုလောင်ကျွမ်းနေသော မီးတောက်များကြားတွင် ပိုးအင်္ကျီဝတ်ဆင်ထား၍ ဆံပင်ရှည်များကို ဖားလျားချထားသော အမျိုးသမီးတစ်ဦးသည် ကောင်းကင်သို့မော့ကြည့်၍ ရယ်နေလေသည်။


အဲ့ဒါ ချန်ရုံ မဟုတ်လား...


သူ...သူ တကယ်ပြောနေခဲ့တာပဲ...


သခင်မလု၏ မျက်နှာသည် ဖြူလျော်သွား၍ ယိုင်တိုင်တိုင်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ထိုအချိန်၌ သခင်မလု၏စိတ်ထဲ၌ မဖော်ပြနိုင်သော သနားမှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်သွားသည်။


ချက်ချင်းပင် သူမတို့အရှင်၏ အမိန့်ပေးသံကို ကြားလိုက်ရသည်။


"သူ့ကိုကယ်စမ်း...သူ့ကို ကယ်ကြစမ်း..."


အမိန့်ကို အလျင်အမြန်ပေးပြီးသောအခါ အရှင်က ဘေးမှလူများအား မေးလိုက်သည်ကို သခင်မလု ကြားလိုက်သည်။


"မီးက ဘာဖြစ်လို့ လောင်သွားရတာလဲ..."


"သခင်မချန်ကြောင့်ပါ အရှင်...သခင်မချန်က ကျွန်တော်မျိုးမတို့ကို ထွက်သွားခိုင်းပြီး သူ့ကိုယ်သူ မီးရှို့လိုက်တာပါ..."


အရှင့်၏မျက်နှာသည် အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်သွားသည်။ သူသည် အဆောင်ဘက်သို့ အမြန်လှည့်၍ မီးတောက်များကြား၌ ချန်ရုံအား ရှာဖွေနေလေသည်။ ညဉ့်၏ကောင်းကင်အောက်တွင် အရှင့်၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။


"ချန်ရုံ...မင်း ဘာဖြစ်လို့ အခုလို လုပ်ရတာလဲ..."


လင်းထိန်နေသော အနီရောင်မီးတောက်များ၏အောက်တွင် တော်ဝင်ဆန်ဆန် ချောမောလွန်းလှသော အရှင့်၏မျက်နှာ၌ သေချာမဖုံးကွယ်ထားသော စိတ်ညစ်ညူးမှုများက ပေါ်လွင်နေသည်။


မီးပင်လယ်ထဲမှ ချန်ရုံကတော့ ဘာမှပြန်မဖြေချေ။ ချန်ရုံသည် သူမ၏ခင်ပွန်းကိုသာ မျက်တောင်မခတ်စိုက်ကြည့်၍ အရူးပမာ ရယ်မောနေလေသည်။ သူမသည် ကောင်းကင်သို့ မော့ကြည့်၍ လက်များကို ဆန့်တန်းကာ အသံများ အက်ကွဲလာသည်အထိရယ်မောနေလေသည်။ ချန်ရုံ၏ရယ်သံသည် ဂန္ထဝင်ကဗျာတစ်ပုဒ်ကို သီဆိုနေသကဲ့သို့ ဖြစ်နေကာ တစ်ချိန်တည်းမှာပင် ငိုကြွေးနေသကဲ့သို့လည်း ဖြစ်နေသည်။ ချန်ရုံ၏ နာကျင်သောရယ်သံသည် ရူးသွပ်မှုနှင့်အတူ တဖြည်းဖြည်း ပို၍ ကျယ်လောင်လာစဉ်တွင် မီးတောက်များကလည်း ချန်ရုံကို တစ်စ တစ်စ ဝါးမျိုနေလေသည်။


ထိုမြင်ကွင်းကိုကြည့်၍ ချန်ရုံ၏ခင်ပွန်း အရှင်သည် မျက်မှောင်ကျုံ့၍ လက်များကို ဝှေ့ယမ်းကာ အေးစက်စွာ အော်ပြောလိုက်သည်။


"သူသေချင်နေတယ်ဆိုလည်း လွှတ်ထားပေးလိုက်ကြ..."


ထို့နောက် မီးထဲသို့ ဝါးမျိုခံနေရသည့် အမျိုးသမီးကို ကျောခိုင်းထားခဲ့ကာ အင်္ကျီလက်များကို ဝှေ့ယမ်း၍ ဘာမှမဖြစ်သည့်ပုံနှင့် ထွက်သွားတော့သည်။


သခင်မလုသည် သူတို့အရှင်၏ လျစ်လျူရှုနိုင်မှုကို တုန်လှုပ်စွာ ကြည့်နေမိသည်။ ထိုအချိန်၌ အရိုးထိအောင် အေးစက်ကြောက်လန့်မှုကို သခင်မလု ခံစားလိုက်ရသည်။ သူမသည် ချန်ရုံရှိရာသို့ လျင်မြန်စွာလှည့်ကြည့်လိုက်သောအခါ ချန်ရုံကတော့ ပို၍သာ ရယ်မောနေသည်ကို တွေ့ရသည်။ ချန်ရုံ၏မျက်နှာ‌၌ မျက်ရည်စီးကြောင်းနှစ်ခုမှ မျက်ရည်များသည် မီးထဲသို့ စီးကျ၍ ပြာများဖြစ်သွားသည်ကို သခင်မလု မြင်လိုက်ရသည်။ ထို့နောက် မျက်ရည်များစီးကျ၍ ရူးသွပ်စွာရယ်မောနေခဲ့သော ချန်ရုံသည် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာမှုနှင့် နာကျင်မှုတို့နှင့်အတူ ရယ်သံများက တဖြည်းဖြည်းတိုးသွားသည်။ ချန်ရုံပြောနေသည့်စကားများကိုလည်း သခင်မလုသည် ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။


"ဘာကြောင့်လဲ!...ဘာကြောင့်လဲ!...ဘာကြောင့်လဲ..."


ရယ်သံများသည် တဖြည်းဖြည်း တိုးသွား၍ နောက်ဆုံးတွင်တော့ ဘာမှမကျန်တော့အောင် ပျောက်ကွယ်သွားတော့သည်။


***


"အား..."


အော်သံက ညကောင်းကင်အနှံ့ ပြန့်သွားသည်။ ချန်ရုံ ထထိုင်၍ လက်ဖြင့်ရင်ဘတ်ပေါ်ဖိကာ အသက်ကို မနည်းရှူနေလိုက်ရသည်။


အသက်ကို ခဏမျှပြင်းစွာရှူပြီးသောအခါ သူမ ကုတင်ပေါ်မှဆင်း၍ မီးအိမ်မှအလင်းရောင်၏အကူအညီဖြင့် စားပွဲပေါ်မှ ကြေးမှန်ချပ်ဆီသို့ သွားလိုက်သည်။


ကြေးမှန်ပြင်ပေါ်၌ ငယ်ရွယ်၍ သိမ်မွေ့နုနယ်ကာ ချောမောသည့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအချိန်၌ ထိုမိန်းကလေး၏မျက်နှာသည် ချွေးစေးများပြန်၍ ကြောက်လန့်မှုနှင့် ရူးသွပ်မှုများသည် ပြူးကျယ်နေသော မျက်လုံးထဲ၍ ကြွင်းကျန်နေသေးသည်။


ချန်ရုံ အင်္ကျီလက်ကို ဖြေးညှင်းစွာမြှောက်၍ မျက်နှာမှ ချွေးများကို သုတ်လိုက်သည်။


ဘေးခန်းမှ အမြန်လျှောက်လာသော ခြေသံများပေါ်လာ၍ နူးညံ့၍ စိတ်ပူနေပုံပေါက်သော အသံတစ်သံက တံခါးအပြင်မှ ထွက်ပေါ်လာသည်။


"မမလေးအားရုံ...အိပ်မက်ဆိုးမက်လို့လား..."


ချန်ရုံက ‌တံခါးကို ကျောခိုင်း၍ အသက်တစ်ချက်ရှူကာ ပြန်ဖြေလိုက်သည်။


"အခု အဆင်ပြေနေပါပြီ..."


တံခါးနောက်မှ အမျိုးသမီးတစ်ဦး၏ ခေါင်းပြူထွက်လာသည်။ အမျိုးသမီးသည် ချန်ရုံ့အားလှမ်းကြည့်၍ နှစ်သိမ့်သည့်အသံဖြင့် ပြောလိုက်သည်။


"တောင်ဘက်ပိုင်းမှာ မျိုးနွယ်ကလူတွေ ရှိပါတယ်...အားရုံ အရမ်းစိတ်ပူမနေပါနဲ့..."


"ကျွန်မသိပါတယ်...ရှင်သွားလို့ရပြီ..."


ခြေသံများ တဖြည်းဖြည်းဝေးကွာသွားသည်ကို နားထောင်၍ ချန်ရုံသည် အင်္ကျီလက်ဖြင့် ချွေးများကို သုတ်လိုက်ပြန်သည်။ ထို့နောက် မှန်တင်ခုံဆီသို့လျှောက်သွား၍ ကြေးမှန်ပြင်ရှေ့၌ ထိုင်လိုက်သည်။


မှန်ထဲမှ လှပသောမိန်းမငယ်လေးက မည်းနက်၍ နက်ရှိုင်းသောမျက်ဝန်းများဖြင့် ချန်ရုံအား ပြန်ကြည့်နေသည်။


ချန်ရုံ၏နှုတ်ခမ်းသည် တဖြည်းဖြည်းပင့်တက်သွားပြီး ဖြူဖွေးနေသောသွားများပေါ်လာသည်အထိပြုံးလိုက်သည်။ ချန်ရုံက ‌တိုးတိုးလေးပြောလိုက်သည်။


"ဒါတွေအကုန်လုံးက ပြီးသွားပြီး နောက် ထပ်မဖြစ်တော့ဘူးမလား..."


မှန်ထဲမှမိန်းမငယ်လေးက ချန်ရုံအား ပြုံး၍သာကြည့်နေသည်။


ထိုအပြုံးကိုကြည့်၍ ချန်ရုံသည် ကျေနပ်သွားမိသည်။ မတ်တပ်ထ၍ နွားဦးချိုဖြင့်ပြုလုပ်ထားသော ဘီးကိုယူကာ ရှုပ်ပွနေသော ဆံပင်များကို ဖြီးသင်လိုက်သည်။


မှန်ထဲ၌ ချန်ရုံသည် အသက် ၁၄ နှစ် ၁၅ နှစ် အရွယ်သာရှိသေးသည်။ အရွယ်သိပ်မရောက်သေးသော်လည်း နုပျို‌သော အပြစ်ကင်းစင်မှုက ချန်ရုံ၏ လှပလွန်းသောမျက်နှာကို မဖုံးကွယ်နိုင်ဖြစ်နေသည်။


ချန်ရုံသည် အတိတ်သို့ ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။


ရူးသွပ်မိုက်မဲမှုများ၊ တစ်ကိုယ်တည်းပိုင်ဆိုင်လိုခဲ့သည့် တမ်းတမ်းစွဲချစ်ခြင်းများ၊ ခေါင်းမာ၍မာနကြီးခဲ့မှုများ၊ မုန်းတီးမှုများနှင့် နာကျင်မှုများအားလုံးသည် ချန်ရုံ နိုးထလာသောအခါ မှတ်ဉာဏ်များအနေဖြင့်သာ ကျန်ခဲ့တော့သည်။


ချန်ရုံသည် သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအားလုံးကို မှတ်မိနေသေးသော်လည်း ခန္ဓာကိုယ်ကတော့ နုပျိုသည့် ၁၅ နှစ်အရွယ်သာရှိသေးသည်။


ချန်ရုံသည် ချန်ရုံသာဖြစ်နေသေး၍ ဘာမှမပြောင်းလဲသွားချေ။ ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာက အချိန်သာဖြစ်သည်။ ကောင်းကင်ဘုံသည် ချန်ရုံအား ကျီစယ်၍ ဘာအဖြစ်အပျက်မှ မဖြစ်သေးသည့် အချိန်သို့ ပြန်ပို့ပေးလိုက်ခြင်းဖြစ်သည်။


ဤနှစ်၌ ကျရောက်လုဆဲဆဲစစ်ပွဲကြောင့် ချန်ရုံအပါအဝင် ဖျင်မြို့တော်မှ လူများအားလုံးသည် တောင်ဘက်ပိုင်းသို့ အလျင်အမြန် ပြေးခဲ့ကြရသည်။ ချန်ရုံသည် သူမ၏ မျိုးရိုးအိမ်တော်ဆီသို့ ပြန်ရောက်ရကာ သူမဘဝ၏ အိပ်မက်ဆိုးများနှင့် စတင်ကြုံတွေ့ခဲ့ရသည်။


သို့သော် ဤအကြိမ်တွင်တော့ အိပ်မက်ဆိုးဖြစ်တော့မည်မဟုတ်ပါ။ ချန်ရုံသည် မှန်ထဲမှ သူမ၏အရိပ်ကို ပြုံးပြလိုက်ကာ လက်ဖြင့် မျက်နှာကို ညင်သာစွာပွတ်သပ်၍ တီးတိုးပြောလိုက်သည်။


"နင်က အရင်တစ်ခေါက်တုန်းက အရမ်းမိုက်မဲခဲ့တာကိုး...အခု ကောင်းကင်ဘုံက နင့်ကို အရာရာကို အစကပြန်စဖို့ အခွင့်အရေးနောက်တစ်ကြိမ်ပေးခဲ့ပြီမို့လို့ ဒီစစ်တုရင်ပွဲအသစ်မှာ နင်ကိုယ်တိုင်ဝင်ကစားရတော့မယ်...ဘယ်လိုလဲ ချန်ရုံ..."


မှန်ထဲမှ မိန်းမငယ်လေးက ချန်ရုံ၏မေးခွန်းကို တောက်ပသောအပြုံးဖြင့်သာ ပြန်ဖြေလိုက်လေသည်။


Xxxxxx