Chapter 2: အကောက်ကြံသူ
ပိုးကန့်လန့်ကာများ၏နောက်တွင် ကောင်းကင်သည် အေးမြ၍ ကြည်လင်နေသည်။ ကျယ်ပြန့်လွန်းသော ကောင်းကင်၌ ကြယ်လေးများအနည်းငယ်ကို ကြဲပက်ထားသကဲ့သို့ဖြစ်နေ၍ ထိုကြယ်လေးများကိုကြည့်ရသည်မှာ အထီးကျန်ဆန်လွန်းလှသည်။
ချန်ရုံ ကြေးမှန်ပြင်ဆီမှ အကြည့်လွှဲလိုက်ကာ ညကောင်းကင်ကို ကြည့်လိုက်မိသည်။ ကောင်းကင်အား အချိန်အတော်ကြာမျှ မျက်တောင်မခတ်ပဲ ကြည့်နေပြီးမှ နောက်သို့မှီလိုက်ကာ မျက်လုံးများကိုမှိတ်၍ အချိန်များကုန်သွားစေရန် တိတ်တဆိတ်စောင့်နေလိုက်သည်။
လွန်ခဲ့သောရက်များတွင် ချန်ရုံသည် သူမ၏ အိပ်မက်ဆိုးကဲ့သို့သောအတိတ်များကြောင့် နိုးလာတိုင်း ပြန်မအိပ်တော့ပဲ အရုဏ်တက်မည့်အချိန်ကို ထိုင်စောင့်နေလေ့ရှိသည်။ သူမ အတိတ်ကို တမ်းတနေသောကြောင့် သို့မဟုတ် အမုန်းတရားများက ကြီးမားနေသောကြောင့် မဟုတ်ပေ။ သူမကောင်းကင်ကို တိတ်ဆိတ်စွာကြည့်၍ ပြန်လည်မွေးဖွားလာရခြင်း၏ကံကောင်းမှုကိုသာ ကျေးဇူးတင်မိနေခြင်းဖြစ်သည်။
တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တဝိုက်တွင် မြူများ ပါးလျစပြုလာသည်။ ထို့နောက် အသံများ တစ်စ နှစ်စကလည်း လတ်ဆတ်သော မနက်ခင်းလေထုထဲ၌ ထွက်ပေါ်လာကြသည်။
အသံများက အစတွင် တစ်သံ နှစ်သံနှင့် နောက် တဖြည်းဖြည်းနှင့် အသံများက များလာကာ ဆူညံစပြုလာသည်။
ခြေသံများထွက်ပေါ်လာသည်။ ထို့နောက် မနေ့ညက ချန်ရုံဆီသို့ လာခဲ့သော သက်လတ်ပိုင်းအမျိုးသမီး၏ နူးညံ့၍ စိတ်ပူသောအသံကို ကြားလိုက်ရသည်။
"အားရုံလေး...နိုးနေပြီလားရှင့်..."
"နိုးနေပါပြီ..."
ချန်ရုံက ပြန်ပြောကာ ကုတင်ပေါ်မှ ထလိုက်သည်။
အမျိုးသမီးက ချက်ချင်း အမိန့်ပေးလိုက်သည်။
"အထဲဝင်ပြီး အားရုံ မျက်နှာသန့်စင်ဖို့ကို ကူပေးလိုက်..."
တံခါးက ကျွိခနဲပွင့်သွားကာ ရေဇလုံကိုကိုင်ထားသော အစေခံတစ်ယောက်ဝင်လာသည်။ သက်လတ်ပိုင်း အမျိုးသမီးကတော့ ချန်ရုံ၏အနောက်သို့သွားကာ ချန်ရုံ၏ ဆံပင်များကို ဖြီးသင်ပေးနေသည်။
ထိုအမျိုးသမီးသည် ပြည့်ဝန်းသောမျက်နှာနှင့် သေးငယ်သော မျက်လုံးတစ်စုံရှိသည်။ သူမ၏ ပြုံးချိုနေသောမျက်နှာမှ ကြင်နာမှုများကို မြင်တွေ့နေရသည်။ အမျိုးသမီးက ချန်ရုံကို သေချာစွာကြည့်၍ပြောလိုက်သည်။
"အစေခံတွေက ပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီ...ကျွန်မတို့ ဘယ်အချိန်မဆို ထွက်လို့ရနေပြီ..."
ချန်ရုံက လည်ချောင်းသံဖြင့်ပင် ပြန်ဖြေလိုက်သည်။ ချန်ရုံ၏ တည်ငြိမ်သောမျက်နှာကို မြင်သောအခါ အမျိုးသမီးက အနည်းငယ် စိတ်သက်သာရာရသွား၍ ဆက်ပြောလိုက်သည်။
"အားရုံ...ဒီနေရာက မလုံခြုံတော့ဘူး ကျွန်မတို့ တောင်ပိုင်းကို ရွှေ့ကိုရွှေ့ကြရမှာ...တခြား အာဏာကြီး အိမ်တော်တွေထက်စာရင် ချန်အိမ်တော်က အများကြီးပိုကောင်းပါတယ်...အနည်းဆုံးတော့ တောင်ပိုင်းမှာ ကိုယ့်ရဲ့ မျိုးနွယ်တွေ ရှိသေးတာပေါ့..."
ချန်ရုံကလည်ချောင်းသံနှင့်ပင် ထပ်ဖြေပေးလိုက်သည်။(လည်ချောင်းသံဆိုတာက ပါးစပ်မဖွင့်ပဲ အင်း လုပ်တာ)
ချန်ရုံက ရွှင်ရွှင်ပျပျဖြင့် သဘောတူကာ မျက်နှာကလည်း အရင်ရက်များကကဲ့သို့ တွေတွေဝေဝေမရှိတော့သဖြင့် အမျိုးသမီးသည် ပျော်သွား၍ ထပ်ပြောလိုက်သည်။
"အားရုံ အခြေအနေတွေကို နားလည်ပြီလား...ဒီညတော့ အိပ်မက်ဆိုးတွေမတော့ဘူးမလား..."
ချန်ရုံက ခေါင်းငြှိမ့်ပြလိုက်သည်။
ထိုအချိန်၌ အပြင်မှ အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"အားရုံ အထုပ်အပိုးတွေ အကုန်ပြင်ပြီးပါပြီ...ဘယ်တော့ထွက်ကြမလဲ..."
ထိုရင်းနှီးနေသော အသံကို နားထောင်၍ ချန်ရုံက ရုတ်တရက် မေးလိုက်သည်။
"ဒီနေ့ ဘာနေ့လဲ..."
အမျိုးသားက ခဏမျှ ကြောင်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဒီနေ့က နွားနေ့ပါ..."
[T/N: သူတို့သုံးတာက နှစ် ၆၀ စက်ဝန်းမှာသုံးတဲ့ ပင်စည်တွေနဲ့ သစ်ကိုင်းတွေပါတဲ့ ရက် ၆၀ စက်ဝန်းဖြစ်ပါတယ်။ ဒီ နွားနေ့ကို (辛丑)ရှင်းချုံနေ့ လို့လည်းခေါ်ပါတယ်။ ရှင်း ဆိုတာက ပင်စည် ဖြစ်ပြီး ချုံ(နွား) ကတော့ သစ်ကိုင်းပါ။]
နွားနေ့ ဆိုပါလား။
ချန်ရုံ မတ်တပ်ထရပ်လိုက်သည်။ နွားနေ့! ဟုတ်သည်။ ယနေ့မှစ၍ နောက်သုံးရက်၏ ညသန်းခေါင်တွင် သူမ၏ ပထမဆုံး ဒုက္ခကို ကြုံတွေ့ရမည်ဖြစ်သည်။
အမျိုးသမီးကြီးက ထိတ်လန့်အံ့ဩနေဆဲမှာပင် ချန်ရုံက ခပ်ဖြည်းဖြည်းပြန်ထိုင်၍ မေးလိုက်သည်။
"ဦးလေးက ဦးလေးဝူ လား..."
အပြင်၌ရပ်နေသော သတ်လတ်ပိုင်း အမျိုးသားကြီးကလည်း အံ့ဩသွားကာ အသံကျယ်ကျယ်နှင့် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်...ဦးလေးက ဦးလေးဝူပါ...အားရုံ ဘာဖြစ်လို့လဲ..."
ပြောနေရင်းဖြင့် အမျိုးသားကြီးသည် တံခါးဆီသို့ တန်းလာကာ တွန်းဖွင့်လိုက်သည်။ မေးစေ့၌ မုတ်ဆိတ်မွှေးကျိုးတိုးကျဲတဲနှင့် ပိန်ပါး၍ ဖြူဖျော့နေသောမျက်နှာတစ်ခုက ချန်ရုံ၏ မျက်လုံးထဲ၌ ပေါ်လာသည်။
ချန်ရုံသည် ထိုအချိန်၌ မျက်နှာသစ်နေဆဲပင်ရှိသေးသည်။ ထိုအရွယ် အမျိုးသားတစ်ယောက်အနေဖြင့် ဤကဲ့သို့ တံခါးကိုတွန်းဖွင့်၍ ဝင်လာရန်မှာ မသင့်တော်သော အပြုအမူပင်ဖြစ်ပါသည်။
ချန်ရုံက ထိုအမျိုးသားကြီးအား မော့ကြည့်လိုက်သည်။ ဤဘဝ၌ ဒုတိယအကြိမ် ပြန်လည်နေထိုင်သောအခါမှပင် ထိုအမျိုးသား၏ နူးညံ့၍ ရိုးသားပုံပေါက်သောမျက်နှာအောက်မှ ကောက်ကျစ်ယုတ်မာမှုကို ချန်ရုံ သတိထားမိတော့သည်။
ချန်ရုံ၏ရှေ့မှ အမျိုးသားကြီးသည် ချန်ရုံ၏ဖခင် ခရီးသွားစဉ်က ကယ်တင်ပေးခဲ့သော ပညာတတ်တစ်ဦးဖြစ်သည်။ ချန်ရုံ၏ဖခင်က ထိုအမျိုးသားအား သူငယ်ချင်းတစ်ယောက်ကဲ့သို့ ခင်မင်ရင်းနှီးခဲ့သည်။ အိမ်တော်၌ နေခွင့်ပေးခဲ့ကာ ချန်ရုံနှင့်တကွ အခြား အိမ်အစေခံများအားလုံးကိုလည်း ထိုလူ့အား "ဦးလေး" ဟု ခေါ်ခိုင်းခဲ့သည်။
သို့သော် သူခိုးများနှင့် ပူးပေါင်းကြံစည်ခဲ့သူမှာလည်း ထိူလူသာဖြစ်သည်။ ချန်ရုံတို့ တောင်ဘက်ပိုင်းသို့ မထွက်ခွာခင်ညတွင် အိမ်ကို အဖောက်ထွင်းခံရ၍ ပိုင်ဆိုင်သမျှအရာအားလုံး အခိုးခံခဲ့ရသည်။
ချန်ရုံ၏ဖခင်သာ သူ၏စာကြည့်ခန်းထဲ၌ ရွှေအနည်းငယ် မဖွက်ထားခဲ့ပါက သူမတို့ တောင်ပိုင်းသို့ပင် သွားနိုင်တော့မည်မဟုတ်ချေ။ လမ်းပေါ်၌သာ တောင်းစားနေရမည်ဖြစ်သည်။
ချန်ရုံ ဦးလေးဝူ ဟုခေါ်သော ထိုအမျိုးသားကို စိုက်ကြည့်၍ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"ကျွန်မတို့ ဒီနေ့လည်ပဲ စထွက်မယ်..."
"ဘယ်လို...ဒီနေ့လည် ထွက်မယ်ဟုတ်လား...အားရုံ ရက်နည်းနည်းလောက် စောင့်လိုက်ပါဦးလား..."
ချန်ရုံက ရင်ထဲမှ တိတ်တဆိတ်လှောင်ရယ်ရယ်၍ မျက်နှာကို တင်းကာပြောလိုက်သည်။
"ဒီနေ့လည်ထွက်မယ်လို့ ကျွန်မ ပြောပြီးပြီလေ..."
ချန်ရုံက အသံကျယ်ကျယ်ပြောလိုက်သည်။
သို့သော် ချန်ရုံသည် လူများကို လွှမ်းမိုးမှုအာဏာမရှိသေးသည့် မိန်းမငယ်လေးသာ ဖြစ်နေသေးသည်။ အမျိုးသားသည် ချန်ရုံနောက်မှ အမျိုးသမီးကြီးကို ကြည့်၍ ခပ်မာမာပြောလိုက်သည်။
"အထိန်းတော်ဖျင်...ခင်ဗျား အားရုံကို ဘာတွေ သွားပြောထားတာလဲ...ခရီးသွားတယ်ဆိုတာ သေချာစီစဉ်ပြီးမှသွားရတာ ဒီလို ထွက်ချင်တိုင်းကောက်ထွက်လို့ရတာမဟုတ်ဘူး..."
ထို့နောက် တစ်စုံတစ်ခုကို သတိရသွား၍ အသံကိုမြှင့်ကာ ထပ်ပြောလိုက်သည်။
"ပြီးတော့ အားရုံက ညတိုင်း အိပ်မက်ဆိုးတွေမက်နေတာ...နောက်ထပ် နှစ်ရက်လောက်တော့ ဆက်နားနေသင့်တယ်..."
ကြင်နာတတ်သည့် အထိန်းတော်ဖျင်သည် ချန်ရုံ၏ရှေ့သို့ အမြန်လာကာ ချန်ရုံကို မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။
"မမလေး...ဦးလေးဝူပြောတာလည်း မှန်နေ..."
ချန်ရုံက အော်ဟစ်၍ ဖြတ်ပြောလိုက်သည်။
"ဒီနေ့လည်ပဲ ထွက်မယ်လို့ ကျွန်မ ပြောနေတယ်လေ..."
ဦးလေးဝူက ချန်ရုံ၏အမိန့်ကို ဖီဆန်ချင်နေသော်လည်း ချန်ရုံ၏ နက်ရှိုင်းမည်းမှောင်နေသောမျက်လုံးများကို တွေ့သောအခါ တုန်လှုပ်သွားမိ၍ သူပြောချင်နေသည့်စကားများကို ပြန်မျိုချလိုက်ရသည်။
"တံခါးပိတ်လိုက်ပါ..."
ချန်ရုံက အကြည့်ကိုမလွှဲပဲ အမိန့်ပေးလိုက်သည်။
ဦးလေးဝူက တစ်စက္ကန့်မျှ ကြောင်နေသေးသည်။ ပြီးမှသာ ချန်ရုံက သူ့ကိုပြောနေမှန်း သတိထားမိသွားသည်။ ဦးလေးဝူသည် အံ့ဩစိတ်များနှင့် တံခါးကိုပိတ်လိုက်ကာ နှလုံးသားကလည်း မသက်မသာခံစားမှုများဖြစ်ပေါ်နေသည်။
အားရုံဘာဖြစ်သွားတာလဲ...ဘာဖြစ်လို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ...
ဦးလေးဝူ ထွက်ထွက်သွားချင်းပင် ချန်ရုံက ထူထဲသောဝါးပုရပိုက်များနှင့် ပိုးပေစာများ များစွာရှိသော စာကြည့်ခန်းထဲသို့ သွားလိုက်သည်။ အတိတ်တွင် ဦးလေးဝူက သူခိုးများနှင့်ပေါင်း၍ ချန်ရုံ၏ မိသားစုပိုင်ဆိုင်မှုများကို ခိုးယူသွားခဲ့သောအခါ ချန်ရုံသည် သွေးရူးသွေးတမ်းဖြစ်၍ သူမအဖေ၏ မှာကြားမှုကို သတိရသွားခဲ့သည်။ ချန်ရုံ၏ဖခင်က မမျှော်လင့်ထားသောအရာများဖြစ်ခဲ့ပါက စာကြည့်ခန်းသို့သွားရန် ပြောခဲ့ဖူးသည်။ စာကြည့်ခန်းထဲ၌ သည်းထန်စွာငိုကြွေးပြီးသောအခါ ချန်ရုံသည် ဝါးနှင့် ပိုးပေစာများကြား၌ ရွှေသစ်ရွက်များ များစွာကို ရှာတွေ့ခဲ့သည်။ ထိုရွှေသစ်ရွက်များကြောင့်သာ ဘဝကို ရှေ့ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြင်ပ၌ ပစ္စည်းရွှေ့သံ၊ ထိခိုက်သံများ ကျယ်လောင်စွာ ပေါ်ထွက်နေသည်။ အစေခံများက ပစ္စည်းများထုတ်ပိုးသိမ်းဆည်းနေကြသည့် အသံများဖြစ်သည်။ ယခုအချိန်၌ အိမ်တော်တစ်ခုလုံးသည် ထုတ်ပိုးပြီလုနီးပါးဖြစ်နေလေပြီ။ မကြာခင်၌ သူတို့သည် စာကြည့်ခန်းကို ရှင်းလင်းကြတော့မည်ဖြစ်သည်။
ထိုဆူညံသောအသံများ၊ တစ်ခုနှင့်တစ်ခု ထိခိုက်နေသည့်အသံများသည် ချန်ရုံ၏နားထဲတွင်တော့ ဂီတသံကဲ့သို့ သာယာနေလေသည်။ ဘာဖြစ်လို့များ အရင်က ဒါတွေကို သတိမထားခဲ့မိပါလိမ့်။
သူမ ဖြည်းဖြည်း ထိုင်ချလိုက်၍ ပိုးပုရပိုက်တစ်ခုကို ဖွင့်လိုက်သည်။ နားကတော့ ပြင်ပမှ လှုပ်ရှားနေသံများကို နားစွင့်ထားလိုက်သည်။
ချန်ရုံသည် စာကြည့်ခန်းထဲ၌ အချိန်မည်မျှကြာသွားသည်မသိသော်လည်း အပြင်မှ ကျယ်လောင်သောအသံတစ်ခုက အော်ခေါ်လိုက်မှပင် ပြန်အသိဝင်လာတော့သည်။
"အားရုံ...အားရုံ စာကြည့်ခန်းထဲမှာလား...အဖိုးစွင်းရောက်နေပါတယ်..."
အသံမှာ ဦးလေးဝူ၏ အသံဖြစ်လေသည်။
ချန်ရုံ၏မျက်နှာက မဲ့သွားသည်။ ထိုလူသည် ဘယ်အချိန်၌ လက်လျှော့ရမည်ကို မသိသူပါလား။ သူသည် အဖိုးစွင်းကိုပင် ဖိတ်ခေါ်လိုက်သေးသည်။
"အထိန်းတော်ဖျင်...အားရုံ စာကြည့်ခန်းထဲမှာလား..."
ဦးလေးဝူ၏ အော်ဟစ်နေသံက ထပ်ထွက်လာပြန်သည်။
"အဖိုးစွင်းက အားရုံ နေမကောင်းဘူးဆိုလို့ လာကြည့်တာ...အဖိုးကို ကြိုဆိုရအောင်လို့ အားရုံကို အသိပေးလိုက်ပါဦး..."
ချန်ရုံက မတ်တပ်ထလိုက်သည်။ အထိန်းတော်ဖျင် ဘာမှပြန်မပြောနိုင်ခင်မှာပင် ချန်ရုံက ကြည်လင်သောအသံလေးဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မ လာပါပြီ..."
ထို့နောက် စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
ခြံဝန်းတံခါး၌ အဖြူရောင်မုတ်ဆိတ်နှင့် ဆံပင်များရှိသော အဖိုးအိုတစ်ယောက်ရပ်နေသည်။ ထိုအဖိုးအိုမှာ အဖိုးစွင်း ဖြစ်သည်။ ချန်ရုံ၏အဖေရှိစဉ်က အဖေသည် ချန်ရုံ၏ ငွေကြေးကိစ္စအဝဝနှင့် ပညာရေးကို အဖိုးစွင်းလက်ထဲသို့သာ အပ်ထားခဲ့သည်။ အဖိုးစွင်း၏ရှေ့၌ဆိုလျှင် ချန်ရုံ ဘာမှ သိပ်ပြော၍မရချေ။
ချန်ရုံက သူ့ကိုယ်သူကျေနပ်နေပုံရသော ဦးလေးဝူအား တစ်ချက်လှမ်းကြည့်ပြီးမှ အဖိုးစွင်းအား အရိုအသေပေးလိုက်သည်။
"မင်္ဂလာပါ အဖိုးစွင်း..."
အဖိုးစွင်းက ခေါင်းတစ်ချက်ငြှိမ့်လိုက်သည်။ သူသည် ချန်ရုံနားသို့ လျှောက်လာ၍ ချန်ရုံ့အား အကဲခတ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
"သခင်မလေး ညဘက်တွေဆိုရင် အိပ်မက်ဆိုးတွေမက်နေတယ်လို့ အဖိုးကြားတယ်...သမားတော်နဲ့ ပြပြီးပါပြီလား..."
"မပြရသေးပါဘူး အဖိုး..."
ချန်ရုံက ခေါင်းခါပြလိုက်သည်။
အဖိုးစွင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာကိုမြင်သွားသော ဦးလေးဝူက ဘေးမှ ဝင်ပြောလိုက်သည်။
"ဆရာကြီး အားရုံကို နားဝင်အောင် ပြောပေးပါဦး...ဒီလိုအခြေအနေမှာ ဒီနေ့လည် ခရီးစထွက်မယ်ပြောနေတယ်...တောင်ပိုင်းကိုရောက်ဖို့ဆိုတာ အဝေးကြီးသွားရမှာ...လမ်းခရီးမှာ တစ်ခုခုဖြစ်မှ ဘာမှလုပ်မရပဲ နောင်တပဲရနေရလိမ့်မယ်..."
အဖိုးစွင်းက ခေါင်းငြှိမ့်လိုက်သည်။ ထို့နောက် ချန်ရုံ၏အနောက်၌ရပ်နေသော အထိန်းတော်ဖျင်ကို လှမ်းကြည့်၍ပြောလိုက်သည်။
"အထိန်းတော်ဖျင်...မင်းရဲ့ သခင်မလေးကို အခန်းဆီကို ပြန်ခိုင်းလိုက်ပါ...နောက် သုံးရက်ကြာမှ ဒီကနေ ထွက်ရမယ်..."
"ဟုတ်ကဲ့ပါ ဆရာကြီးရှင့်..."
ထို့နောက် အဖိုးစွင်းက အနီးအနား၌ရှိသော အစေခံများကိုလည်း မိန့်ကြားလိုက်သည်။
"ဒါက ပေါ့သေးတဲ့ကိစ္စမဟုတ်ဘူး...သခင်မလေးအားရုံကို အမြဲမပြတ်စောင့်ကြည့်နေကြပါ...သူ ခေါင်းမာနေမယ်ဆိုရင် အခန်းထဲကနေ အပြင်ကို မထွက်စေနဲ့..."
"ဟုတ်ကဲ့ပါ ဆရာကြီး..."
"အခုချက်ချင်း သမားတော်ကို သွားပင့်ကြတော့လေ..."
"ဟုတ်ကဲ့..."
အဖိုးစွင်းက အမိန့်များတစ်ခုပြီးတစ်ခုပေးပြီးသွားသောအခါမှ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်၍ လှည့်ထွက်သွားတော့သည်။
ဦးလေးဝူက ချန်ရုံအား ကြည့်လိုက်၍ မည်သူမျှ မမြင်သည့်အချိန်၌ ကျိတ်ပြုံးပြုံးလိုက်ကာ အဖိုးစွင်းနောက်သို့ ပြေးလိုက်သွားတော့သည်။
Xxxxxxxx