အပိုင်း ၃
Viewers 18k

Chapter 3: ပျံ့နှံ့သွားသော ပိုင်ဆိုင်မှုများ


အဖိုးစွင်း၏ မှာကြားချက်အောက်တွင် အိမ်တော်ထဲမှ လှုပ်ရှားသွားလာနေသောလူများအားလုံး ရပ်တန့်သွားကြသည်။ သူတို့အားလုံးသည် ချန်ရုံအား မော့ကြည့်၍ ချန်ရုံပြောမည့်စကားကို စောင့်နေကြသည်။


ချန်ရုံအနည်းငယ် စဉ်းစားလိုက်ပြီးမှ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။


"အိမ်တော်ထဲက အစေခံအားလုံးကို စုလိုက်ပါ...ကျွန်မ ပြောစရာတစ်ခုရှိတယ်လို့ ပြောပါ..."


"ဟုတ်ကဲ့ပါ မမလေး..."


"အထိန်းတော်ဖျင်...ပစ္စည်းတွေအားလုံးကို ခြံဝန်းထဲ ရွှေ့ခိုင်းလိုက်ပါ..."


အထိန်းတော်ဖျင်သည် ချန်ရုံအား မျက်နှာဗလာဖြင့် ကြည့်လိုက်မိသည်။ ချန်ရုံက ထပ်ပြောလိုက်မှသာ အထိန်းတော်ဖျင်သည် "ဟုတ်ကဲ့ပါ မမလေး..." ပြန်ပြောလိုက်သည်။ အထိန်းတော်ဖျင်သည် အလွန်စိတ်ရှုပ်နေမိသည်။ မမလေးအားရုံသည် ယခုတလော၌ အလွန်ပြောင်းလဲနေလေသည်။ အထိန်းတော်ဖျင်ပင် လိုက်မမှီတော့ပါ။


ချန်အိမ်တော်သည် ယခု မိန်းမငယ်လေး ချန်ရုံတစ်ဦးတည်းသာ ဦးစီးနေရသော်လည်း ချန်ရုံ၏ဖခင်သည် ဖျင်မြို့တော်၏ မြို့စားအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အရာရှိအဆင့်ရှစ်သာဖြစ်သော်လည်း ချန်ရုံ၏ဖခင်သည် ငွေကြေးများစွာစုဆောင်းမိခဲ့သည်။ ချန်ရုံ၏ ဖခင်နှင့် အစ်ကိုတို့ ထွက်သွားသည့်အချိန်တွင် ပိုင်ဆိုင်မှုများစွာကို ယူသွားခဲ့သော်လည်း ကျန်ရှိခဲ့သည့် ပစ္စည်းများကလည်း အိမ်တော်တစ်ခုလုံးစာ ရှိနေသေးသည်။


ဤခေတ်အခါ၌ ရွှေနှင့်ဒင်္ဂါးများသည် သိပ်မလည်ပတ်နိုင်ချေ။ လူများတန်ဖိုးထားသည့် ငွေကြေးအစစ်အမှန်မှာ အစားအစာနှင့် အဝတ်အထည်များသာဖြစ်သည်။ ယခုကဲ့သို့ ဘေးအန္တရာယ်များလွန်းလှသည့် စစ်မက်ဘေးအခြေအနေတွင် ပစ္စည်းများလဲလှယ်ခြင်းကိုသာ တွင်ကျယ်စွာ အသုံးပြုကြလေသည်။


နာရီဝက်အတွင်းမှာပင် အိမ်တော်၏ခြံဝန်းတစ်ခုလုံးတွင် အလုပ်သမားနှင့် အစေခံများပြည့်သွားသည်။ အဖိုးစွင်းသည်လည်း မပြန်သေးချေ။ သူနှင့် ဦးလေးဝူတို့သည် မြင့်မားသောညောင်ပင်အောက်၌ ရပ်ကာ ချန်ရုံရှိရာသို့ စပ်စုသည့်အကြည့်များဖြင့် ကြည့်နေကြသည်။


ချန်ရုံက အထိန်းတော်ဖျင် ခင်းပေးထားသော ထိုင်ဖုံပေါ်၌ ထိုင်နေသည်။ သူမသည် လူအုပ်ဆီသို့ လှမ်းကြည့်၍ မေးလိုက်သည်။


"အိမ်တော်ထဲမှာ လူဘယ်နှယောက်ရှိတာလဲ..."


"ခုနှစ်ဆယ့်သုံးယောက်ပါ မမလေး..."


ချန်ရုံက ခေါင်းငြှိမ့်ပြလိုက်ကာ ဝိုင်အရက်ကို ‌ဖြည်းညှင်းစွာသောက်နေလိုက်သည်။ သူမက ၁၅ နှစ်သာရှိသေးသော်လည်း ယခင်ဘဝက အထက်တန်းဆန်ဆန် နေထိုင်ခဲ့ရသော အတွေ့အကြုံများကြောင့် ယခုတွင်လည်း ချန်ရုံ၏ အမူအယာတိုင်းက သိမ်မွေ့၍ အိန္ဒြေရှိနေလေသည်။


အဖိုးစွင်း ဘေးမှနေ၍ တွေးနေမိသည်။ ချန်အိမ်တော်သည် ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသောအိမ်တော်ဖြစ်သည်ဆိုခြင်းမှာ တကယ်ပင် မှန်နေလေသည်။ အားရုံသည် လက်အောက်ခံအိမ်တော်မှဖြစ်၍ ကိုယ်လုပ်တော်မှမွေးဖွားလာသော ဖခင်နှင့် ကိုယ်လုပ်တော်မိခင်တို့မှ မွေးဖွားလာသူလည်းဖြစ်သည်။ သို့သော် သူမသည်ငယ်ရွယ်စဉ်ကပင် ကြီးမြတ်သောအလေ့အထ၊ အမူအကျင့်များရှိနေ၍ သူမ၏ မြင့်မြတ်သောမျိုးရိုးကို ဖော်ပြနေသကဲ့သို့ ရှိလေသည်။


ချန်ရုံ ဝိုင်အရက်ကို တစ်ငုံထပ်သောက်လိုက်၍ ခြံဝန်းထဲမှ လူအုပ်ကို မျက်လုံးဝေ့ကြည့်ကာ ပြောလိုက်သည်။


"စစ်ပွဲက နီးကပ်နေပြီ...ချန်အိမ်တော်က ကျွန်မတို့မိသားစုကို တောင်ပိုင်းဆီကို ခေါ်သွားပေးလိမ့်မယ်...ကျွန်မတို့အိမ်ကနေထွက်ခွာပြီး ကိုယ်ပိုင်လမ်းကြောင်းရှာသွားချင်တယ်ဆိုရင် ပိတ်စတစ်လိပ်နဲ့ ဆန်ငါးဆုပ်ရမယ်...ကျွန်မတို့မိသားစုနဲ့ တူတူလိုက်ခဲ့မယ်ဆိုရင်လည်း ပိတ်စတစ်လိပ်နဲ့ ဆန်ငါးဆုပ်ရပါမယ်..."


ချန်ရုံ့ပါးစပ်မှ ထိုစကားများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။


အလွန်အံ့ဩထိတ်လန့်သွားသောကြောင့် ဦးလေးဝူ စိတ်မထိန်းနိုင်ပဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်မိသည်။ သို့သော် ဦးလေးဝူ၌ ဘာအာဏာမှမရှိသဖြင့် ချန်ရုံ၏စကားကို ပိတ်ပင်၍မရချေ။


အချိန်အတော်ကြာသည်အထိ ဘာတုံ့ပြန်မှုမှမရသောကြောင့် ချန်ရုံ အထိန်းတော်ဖျင်အား လှည့်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။


"အထိန်းတော်..."


အထိန်းတော်ဖျင်က ချန်ရုံကို ပါးစပ်ဟောင်းလောင်းပွင့်၍ ကြည့်နေမိသည်။ ချန်ရုံ၏ နက်မှောင်သောမျက်လုံးများကို မြင်ကာမှ သတိဝင်သွား၍ အရှေ့သို့ အမြန်တိုးကာ ပြောလိုက်သည်။


"မဖြစ်ဘူး မဖြစ်ဘူး...အားရုံ ကျွန်မတို့မှာ အဲ့ဒီလို ပေးဖို့ ဆန်နဲ့ ပိတ်စ အလုံအလောက်မရှိဘူးလေ...ဒီလို ခွဲပေးနေလို့ မဖြစ်ဘူး..."


ချန်ရုံက မစဉ်းစားပဲ ပြန်ပြောလိုက်သည်။


"အဲ့ဒါတွေ အလုံအလောက်မရှိရင် ပိုးထည်နဲ့ လူးဆန်တွေ ပေးမယ်..."


"ဒါပေမယ့်...ဒါပေမယ့်...အဲ့ဒါတွေက အိမ်တော်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေအကုန်ပဲလေ...ဒီလောက်လူတွေအများကြီးကိုခွဲပေးနေရင် အိမ်တော်ရဲ့ ပစ္စည်းတွေက အကုန်ကုန်သွားမှာပေါ့..."


အသက်ရှူသံပြင်းပြင်းဖြင့် အထိန်းတော်ဖျင်က ဆက်ပြောသည်။


"ခရီးကလည်း အဝေးကြီးသွားရမှာ...လမ်းမှာ ပြဿနာတွေအများကြီး ကြုံရနိုင်တယ်...တောင်ပိုင်းကိုရောက်ရင်တောင်မှ ပိုင်ဆိုင်မှုတွေမရှိပဲ ဘယ်လိုဆက်ရှင်သန်မှာပါလဲ...အားရုံ မမလေးရဲ့ ဖခင်နဲ့ အစ်ကိုတို့နဲ့ပတ်သက်လို့ အခုထိ ဘာသတင်းမှမကြားရသေးဘူး...ဒီလို မိသားစုပိုင်ဆိုင်မှုတွေကို လွယ်လွယ်နဲ့ မဖြုန်းတီးသင့်ပါဘူး..."


အထိန်းတော်ဖျင်၏စကားများသည် သစ္စာရှိသောအိမ်စေတစ်ဦးထံမှ ထွက်သင့်သော စကားများသာဖြစ်သည်။ သို့သော် အထိန်းတော်ဖျင်မစဉ်းစားမိသည်က သူမ၏ သခင်မလေးသည် အားနွဲ့သော မိန်းမငယ်လေးသာဖြစ်၍ အားကိုးရသော အစောင့်များကလည်း အနည်းငယ်သာရှိသည်ကိုပင်ဖြစ်သည်။ ထို့ကြောင့် ဤပိုင်ဆိုင်မှုများကို မည်သို့ ထိန်းသိမ်းကြမည်နည်း။ ချန်ရုံသည် ပိုင်ဆိုင်မှုများကို ယနေ့ မခွဲဝေခဲ့လျှင်တောင်မှ တောင်ပိုင်းသို့သွားသည့်လမ်းသည် မိုင်တစ်ထောင်နီးပါး ရှည်သည်။ ချန်ရုံနှင့် အိမ်စေခံများသည် ရထားလုံးများစွာဖြင့် ခရီးသွားနေပါက မည်မျှသော လူများနှင့် အဖွဲ့များသည် ချန်ရုံတို့ကို မျက်စိကျနေကြမည်နည်း။ ထိုသို့သာဖြစ်ခဲ့ပါက ချန်ရုံ၏ ပိုင်ဆိုင်မှုများကို မပြောနှင့်၊ ချန်ရုံ၏အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတော့မည်ဖြစ်သည်။


ယခင်ဘဝတုန်းက သူမသည် ရွှေသစ်ရွက်အနည်းငယ်သာ သယ်ခဲ့သည်တောင်မှ သတိလက်လွတ်ဖြစ်၍ ထိုရွှေများကို ထုတ်ပြမိသောကြောင့် အသက်ဆုံးရှုံးရမတတ်ပင်ဖြစ်ခဲ့ရသည်။


ချန်ရုံ အစေခံများဆီသို့အကြည့် ရွှေ့လိုက်သည်။ အုပ်စုထဲ၌ အထိန်းတော်ဖျင်ကဲ့သို့ စိတ်ပူနေသော လူ ခုနစ်ယောက် ရှစ်ယောက်ကိုသာ တွေ့ရသည်။ အချို့ အစေခံများကတော့ ပျော်ရွှင်မှုကို အတင်းဖိနှိပ်ထား၍ ချန်ရုံက သူမ၏စကားကို ပြန်ရုတ်သိမ်းမည်ကို စိုးသောကြောင့် ချန်ရုံအား စိတ်ပူစွာကြည့်နေကြသည်။


ချန်ရုံလူအုပ်ဆီမှ အကြည့်ကိုလွှဲလိုက်၍ ဦးလေးဝူနှင့် အစေခံများကြား၌ ရပ်နေသော လူငယ်အလုပ်သမားအချို့ကို ကြည့်လိုက်သည်။


ထိုသို့ လှမ်းကြည့်လိုက်စဉ်မှာပင် ချန်ရုံ၏မျက်နှာ၌ အေးခဲမှုတစ်ခု ဖြတ်သန်းသွားသည်။


ထို့နောက် သူမ ခေါင်းကိုခါ၍ အေးအေးဆေးဆေးပင်ပြောလိုက်သည်။


"အထိန်းတော်...ငွေကြေးနဲ့ ပိုင်ဆိုင်မှုဆိုတာ ဘာမှအသုံးမဝင်ပါဘူး...ဒီလို ဒုက္ခရောက်နေတဲ့အချိန်မျိုးမှာ အဝတ်အစားနဲ့ ဆန်ရှိထားတာ ပိုကောင်းပါတယ်..."


ထို့နောက် ဆက်မပြောချင်တော့ပဲ ညာဘက်လက်ကိုသာ ဝှေ့ယမ်း၍ ကျယ်လောင်စွာ အော်လိုက်သည်။


"ဦးလေးဝူ..."


လူတိုင်း၏အကြည့်များက ဦးလေးဝူထံရောက်သွားသည်။


ထိုအကြည့်တစ်ချက်နှင့်ပင် လူတိုင်းသည် မျက်မှောင်များကြုတ်သွားကြသည်။ အထိန်းတော်ဖျင်က အော်ခေါ်လိုက်သည်။


"ဦးလေးဝူ...အားရုံ ခေါ်နေတယ်လေ..."


ထိုအချိန်၌ ဦးလေးဝူကိုကြည့်ရသည်မှာ အလွန်ထူးဆန်းနေလေသည်။ သူ၏မျက်နှာသည် ခရမ်းပြာရောင်သမ်းနေ၍ စိတ်ဆိုး၍ အနည်းငယ်ကြောက်လန့်နေပုံလည်း ပေါ်နေသည်။ သူ၏ ဘယ်ဘက်ခြေထောက်သည် လေပေါ်၌ ကြွနေ၍ ရှေ့သို့ လှမ်းရန်လုပ်နေသည်လား၊ နောက်သို့ ဆုတ်ရန်လုပ်နေသည်လား မည်သူမှ မသိကြချေ။ ထူးဆန်းလှပေသည်။ ထိုသို့ရပ်နေရသည်မှာ မညောင်းဘူးလားမသိပေ။


လူတိုင်း၏အကြည့်က ဦးလေးဝူကို အသိပြန်ဝင်လာစေသည်။


သူက ချန်ရုံ၏အကြည့်ကိုရင်ဆိုင်လိုက်သည်။


ချန်ရုံ ဦးလေးဝူကို ကြည့်နေရင်းဖြင့် ပြုံးလိုက်မိသည်။ ထို့နောက် မျက်လုံးများကိုမှေးစင်း၍ ကြည်လင်သောအသံလေးဖြင့် ပြောလိုက်သည်။


"ဦးလေးဝူ...ဦးလေးက တတ်သိနားလည်တဲ့ လူတစ်‌ယောက်ပဲ...ဖျင်မြို့တော်တစ်ခုလုံးက ဦးလေးရဲ့ မျှတမှုကို တောင်းဆိုနေကြတဲ့အတွက် ထွက်လာပြီး အားရုံကို အကူအညီပေးပါဦး..."


"အကူအညီပေးရမယ်?..."


ဦးလေးဝူက လျှာလေးအာလေးဖြင့် ပြောလိုက်သည်။


ချန်ရုံ၏မျက်လုံးများက မှေးစင်းလျက်ပင်။ ချန်ရုံရယ်လိုက်သောအသံက ယခင်က ရယ်ဖူးသည့်အသံနှင့် ကွဲပြားလွန်းသောကြောင့် သူ့ကိုယ်သူ ငွေကြေးကို မမက်မောသော ပညာရှိဟု အမြဲကြွေးကြော်ထားသော အဖိုးစွင်းသည် ခေါင်းတငြှိမ့်ငြှိမ့်ဖြစ်သွားသည်။ ဤကဲ့သို့ အခက်အခဲနှင့်ကြုံရသည့် အချိန်များမှာပင် လူတစ်ဦး၏ အတွင်းစိတ်အမှန်ကို မြင်နိုင်ပေသည်။ အဖိုးစွင်းသည် အားရုံအား ပိုင်ဆိုင်မှုများကို ခွဲဝေချင်နေသော အရူးမလေးဟု တွေးနေမိခဲ့သော်လည်း ယခု အားရုံ၏ ပျော်ရွှင်နေသောပုံစံကိုကြည့်ခြင်းအားဖြင့် သခင်မလေးသည် ငွေကြေးပိုင်ဆိုင်မှုများကို မမက်မောသူတစ်ယောက်မှန်း သိသာနိုင်သည်။ ဤကလေးသည် ချန် ဟူသည့် မျိုးရိုးနာမည်ကို ဆက်ခံရန် တကယ်ပင် ထိုက်တန်ပါပေသည်။


ချန်ရုံ၏ ကြည်လင်နေသောအသံသည် ရွှင်ပျမြူးထူးစွာ ထပ်ထွက်လာပြန်သည်။


"ဟုတ်ပါတယ်...အားရုံက ဦးလေးဝူကို ပိုင်ဆိုင်မှုတွေကို သေချာစာရင်းကောက်ပြီး ခွဲဝေပေးဖို့ အကူအညီတောင်းနေတာပါ...ဦးလေးဝူက တရားမျှတတဲ့အတွက် လူတိုင်းက ဦးလေးကို ယုံကြည်ကြမှာပါ..."


ထို့နောက်ချန်ရုံသည် မျက်ခုံးများကို မသိမသာမြှင့်၍ အံ့ဩစွာ ပြောလိုက်သည်။


"ဦးလေးဝူ ဦးလေးဝူ...ဦးလေးကို ကြည့်ရတာ ဘာဖြစ်လို့ အရမ်းလန့်နေတဲ့ပုံ ပေါ်နေရတာပါလဲ...ဒီအလုပ်ကို မလုပ်ချင်လို့ပါလား..."


ဦးလေးဝူက အမြန်ပြုံးပြလိုက်သည်။ သွေးဆုတ်ဖြူလျော်နေသော မျက်နှာဖြင့် ဦးလေးဝူသည် တံတွေးမျိုချ၍ ထစ်ငေါ့စွာပြောလိုက်သည်။


"ကျွန်တော်လုပ်ချင်ပါတယ်...ကျွန်တော်လုပ်ချင်ပါတယ်..."


"ဒါဆို ဘာဖြစ်လို့ ဒီကို မလာသေးတာပါလဲ...အချိန်က နောက်တောင်ကျနေပြီ..."


"ဟုတ်ကဲ့ ဟုတ်ကဲ့...ကျွန်တော်လာပါပြီ..."


ဦးလေးဝူက တောင့်တင်းစွာဖြင့် အရှေ့သို့ လျှောက်သွားစဉ်တွင် အဖိုးစွင်းက သက်ပြင်းချကာ ပြောလိုက်သည်။


"ဝူယန် ဝူယန်... မိန်းမငယ်လေးကတောင် ငွေကြေးကို အမှိုက်လို့မြင်နေတယ်...မင်းက ပညာတတ်တစ်ယောက်ပဲ ဘာဖြစ်လို့များ ဒီလောက် ဖြူဖျော့နေရတာလဲ...အမူအယာတွေကရော ဘာဖြစ်လို့ တောင့်တင်းနေပြီး မျက်လုံးတွေကရော ဘာဖြစ်လို့ ဂဏာမငြိမ်ဖြစ်နေရတာလဲ...ကျွတ် မင်းက သခင်မလေးထက် အများကြီး ပိုနိမ့်ကျတဲ့လူပဲ..."


ဤခေတ်အခါ၌ လူများသည် အရာအားလုံးကို မှတ်ချက်များပေးချင်ကြသည်။ ယခုကဲ့သို့ လူကြီးသူမများ၏ မှတ်ချက်များသည် လူတစ်ယောက်၏ ဘဝတစ်ခုလုံးကိုပင် သက်ရောက်မှုရှိနိုင်လေသည်။ အဖိုးစွင်းက ထိုစကားများကို ရေရွတ်လိုက်သောအခါ ဝူယန်၏ ပိန်သောမျက်နှာ၌ မည်းမှောင်သော ဒေါသများ ဖုံးအုပ်သွားသည်။


ဝူယန်သည် ချန်ရုံ၏ဘေး၌ ရပ်လိုက်သည်။


ချန်ရုံ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အင်္ကျီလက်ဖြင့် ပါးစပ်ကိုအုပ်၍ သမ်းလိုက်ပြီးမှပြောလိုက်သည်။


"သေချာခွဲဝေပေးလိုက်ပါ ဦးလေးဝူ...နေခဲ့မလား လိုက်ခဲ့မလားဆိုတာကတော့ ရှင်တို့တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်..."


ထို့နောက် ချန်ရုံ အိပ်ခန်းဆောင်ထဲသို့ ပျင်းရိစွာ ပြန်ဝင်သွားတော့သည်။


လူအယောက် ခုနစ်ဆယ်ကျော်သည် အလွန် များပြားသောလူအရေအတွက်မဟုတ်သော်လည်း လူတိုင်း၏ဝေစုကို ခွဲဝေပေးရန် ဝူယန်အတွက် လေးနာရီကျော်ကြာသွားခဲ့သည်။


ဝူယန် စုတ်တံကိုချ၍ အစေခံများ၏ရယ်သံများကြား၌ မတ်တပ်ရပ်လိုက်သည်။ သူသည် တောင်ပုံယာပုံဖြစ်နေရာမှ အပုံသေးသေးလေးသာကျန်တော့သော ပိုင်ဆိုင်မှုပစ္စည်းပုံကြီးကို ငေးကြည့်၍ သူ့ခြေထောက်များသည် မြေကြီး၌ ကပ်နေသည်ဟု ခံစားနေမိသည်။


ဒုက္ခပါပဲ...ဟိုသူခိုးတွေက သတ်သတ်လွတ်စားတဲ့ သူတော်ကောင်းတွေမှမဟုတ်တာ...ဒီပစ္စည်းလေးတွေက သူတို့သွားကြားတောင်ညပ်မှာမဟုတ်ဘူး...ငါ့ကို အပြစ်ဝိုင်းတင်ရင် ဘယ်လိုလုပ်ရပါ့မလဲ...


ဝူယန် စိတ်ညစ်နေလွန်းသောကြောင့် အဖိုးစွင်းက ပြန်ရန် နှုတ်ဆက်သည်ကိုပင် သတိမပြုမိတော့ချေ။သူ အသည်းအသန်စဉ်းစားနေရင်းဖြင့် မျက်လုံးများက တောက်ပလာကြသည်။ ချန်အိမ်တော်၌ အဖိုးတန်ရတနာတစ်ခုရှိသည်ဟု ဝူယန်ကြားဖူးသည်။ ထိုရတနာသည် သူခိုးများကို ကျေနပ်စေလိမ့်မည်ထင်သည်။


ဝူယန် ထိုသို့ စဉ်းစားနေချိန်မှာပင် အိပ်ခန်းဆောင်ထဲမှ ချန်ရုံ၏အသံထွက်ပေါ်လာပြန်သည်။


"ဦးလေးဝူ...အထိန်းတော်ဖျင်...အဖိုးစွင်း..."


သုံးဦးလုံးက အံ့ဩတကြီး ပြန်ဖြေလိုက်ကြသည်။


"ဟုတ်ကဲ့..."


"မထွက်သွားတာ ဘယ်နှယောက်ကျန်လဲ..."


"ဆယ့်ငါးယောက်ပါ မမလေး..."


"ကောင်းတယ်...ကျွန်မမှာ အရမ်းကောင်းတဲ့ အကြံရှိတယ်...ဒီကျန်ခဲ့တဲ့ လူ ဆယ့်ငါးယောက်ကို ရှင်တို့သုံးယောက်က ဝမ်အိမ်တော်ကို ဦးဆောင်ခေါ်သွားပေးဖို့ ကျွန်မတောင်းဆိုချင်တယ်...ကျွန်မရဲ့ အုပ်ထိန်းသူတွေက အိမ်မှာမရှိပဲ ကျွန်မကလည်း ဦးမဆောင်နိုင်တဲ့ အားနွဲ့တဲ့ မိန်းမငယ်လေးမို့လို့ လို့ ပြောလိုက်ပါ...ဝမ်အိမ်တော်က တောင်ပိုင်းကို သွားတဲ့ လမ်းခရီးမှာ ချန်အိမ်တော်ကလူတွေကိုပါ တစ်ခါတည်း ခေါ်ဆောင်သွားပေးမယ်ဆိုရင် ကျွန်မရဲ့ဖခင် ချန်ထားခဲ့တဲ့ အဖိုးတန်ပစ္စည်းကို ကျွန်မ ဝမ်းမြောက်ဝမ်းသာနဲ့ လက်ဆောင်ပေးပါမယ် လို့လည်း ပြောလိုက်ပါ..."


ထို့နောက် အိပ်ခန်းဆောင်တံခါးသည် ကျွိခနဲပွင့်သွား၍ ဖန်ကဲ့သို့ တလက်လက်တောက်ပနေသည့် အနီရောင်ရတနာသည် လူတိုင်း၏မျက်စိရှေ့၌ ပေါ်လာတော့သည်။


ထိုပစ္စည်းကို‌မြင်လိုက်ရချင်းပင် ဝူယန်၏ အမြင်အာရုံသည် မည်းမှောင်သွား၍ ထိုနေရာ၌ပင် မေ့လဲကျမတတ်ဖြစ်သွားတော့သည်။


Xxxxxxxx