အပိုင်း ၄
Viewers 18k

Chapter 4

 ကွဲကြေသွားသော ရတနာ


ချန်ရုံ၏လက်ထဲမှ အရာဝတ္ထုသည် ရောင်ခြည်များဖြာနေသကဲ့သို့ တောက်ပနေလေသည်။ ထိုပစ္စည်းမှာ သုံးလက်မမြင့်၍ သစ်ပင်ကဲ့သို့ ပုံစံရှိသည့် သန္တာကျောက်ဖြစ်သည်။ ပင်လယ်ကြမ်းပြင်၌ ဖြစ်တည်ကြသော သန္တာကျောက်များသည် ရယူရန် အလွန်ခက်ခဲလေသည်။ ထို့အပြင် ချန်ရုံ၏လက်ထဲမှ သန္တာကျောက်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်၍ အပြစ်အနာအဆာလည်း လုံးဝမရှိချေ။


တကယ့်အဖိုးတန်ပစ္စည်းတစ်ခုပါပေ။ ဝူယန်သည် သည်းမခံနိုင်တော့ပဲ ရှေ့သို့ တစ်လှမ်းတိုး၍ အမြန်ပြောလိုက်သည်။


"အားရုံ...မလုပ်ပါနဲ့..."


ချန်ရုံက သူ့အား အံ့ဩစွာကြည့်နေသည်ကို သတိထားမိသွားသောအခါ ဝူယန်သည် ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း၍ ရှင်းပြလိုက်သည်။


"မမလေးက ခုနကပဲ ပိုင်ဆိုင်မှုတွေအားလုံးကို ‌ခွဲဝေလိုက်ပြီမဟုတ်လား...အခုလောလောဆယ်မှာ ဒီပစ္စည်းတစ်ခုတည်းကသာ အိမ်တော်မှာ အဖိုးအတန်ဆုံးပစ္စည်းဖြစ်နေတာ...မမလေးရဲ့ဖခင် ချန်ထားခဲ့တဲ့ နောက်ဆုံးရတနာကိုတောင် မသိမ်းထားပါတော့ဘူးလား...တခြားတစ်ယောက်ကို လွယ်လွယ်နဲ့ ပေးလိုက်တော့မလို့လား..."


ဝူယန်က လေးနက်သည့် လေသံဖြင့် ပြောနေသည်။


"မမလေး အိမ်တစ်‌အိမ်ကို တည်ဆောက်ဖို့ဆိုတာ ခက်သလောက် ဖျက်ဆီးဖို့ရတော့ အရမ်းလွယ်ပါတယ်...အခုလိုသာ လုပ်လိုက်မယ်ဆိုရင် လူတွေက မမလေးကို အသုံးအဖြုန်းကြီးတဲ့လူလို့ လူတွေမြင်သွားမှာ ကျွန်တော်မျိုးစိုးရိမ်မိပါတယ်..."


"အသုံးအဖြုန်းကြီးတယ် ဟုတ်လား..."


ချန်ရုံက မျက်တောင်တစ်ချက်ခတ်လိုက်သည်။ သူမ၏ နက်မှောင်သောမျက်လုံးများတွင်တော့ လှောင်ပြောင်ရိပ်များသမ်းနေလေသည်။ ချန်ရုံသည် သန္တာကျောက်အား လက်လွယ်စပယ်ပုံစံနှင့်‌ ဆော့ကစားလိုက်သောကြောင့် ဝူယန်သာမက အထိန်းတော်ဖျင်ကပါ ပင့်သက်ရှိုက်မိသွားကြသည်။


ချန်ရုံ၏ နှုတ်ခမ်းများက ရွံရှာသကဲ့သို့ ‌မဲ့သွား၍ ပြောလိုက်သည်။


"ဒီပစ္စည်းလေးက ဘာမှမဟုတ်တဲ့ပစ္စည်းလေးပါ ဦးလေးဝူ...ဦးလေးက အရမ်းအတွေးလွန်နေတာပဲ..."


ထို့နောက် ချန်ရုံသည် ဦးလေးဝူအား လျစ်လျုရှု၍ အကြည့်ကို အထိန်းတော်ဖျင်နှင့် အဖိုးစွင်းဆီသို့ လွှဲလိုက်သည်။


"ဒါကို သယ်သွားလိုက်တော့...အကာအကွယ်တွေဘာတွေ လုပ်မနေနဲ့...အခုချက်ချင်းပဲ ဒီပစ္စည်းကို ဝမ်အိမ်တော်ဆီကို ယူသွားလိုက်ပါ..."


အကာအကွယ်နှင့်ပင် မဖုံးအုပ်တော့ဘူးတဲ့လား။ ထိုသို့ဆိုလျှင် ထိုပစ္စည်းကို လမ်းပေါ်၌ ‌ပြသနေမည်နှင့် အတူတူပင်ဖြစ်နေတော့သည်။


"လုံးဝမဖြစ်ဘူး..."


ဦးလေးဝူက အော်လိုက်သည်။


ချန်ရုံက ဦးလေးဝူအား ကြည့်၍ အေးစက်စွာမေးလိုက်သည်။


"ဘာဖြစ်လို့များပါလဲ..."


ဦးလေးဝူက ဘာပြောရမည်မသိပဲ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဖြေလိုက်သည်။


"ဒီလိုရတနာမျိုးက ကျွန်တော်တို့ရဲ့အိမ်တော်ကို သူခိုးတွေလာဖို့ ဖိတ်ခေါ်နေသလို ဖြစ်နေပါလိမ့်မယ်..."


ချန်ရုံကပြုံးလိုက်၍ မျက်လုံးများကို မှေးစင်းလိုက်ကာ ဦးလေးဝူ၏မျက်နှာကို အကဲခတ်၍ လက်ထဲမှ သန္တာကျောက်ကို လှုပ်လိုက်ပြန်သည်။ 


"ဒါကို ဝမ်အိမ်တော်ဆီယူသွားပါ...အခု ဒီပစ္စည်းကို ဝမ်အိမ်တော်ကပဲ ပိုင်သွားပြီ...ဒီအရာက သူခိုးတွေကို ဆွဲဆောင်နေမယ်ဆိုရင်လည်း ဝမ်အိမ်တော်ဆီကိုပဲ ဆွဲဆောင်တော့မှာ...ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူးလေ...ပြီးတော့ ဦးလေးနဲ့ရော ဘာများဆိုင်လို့ပါလဲ..."


ချန်ရုံသည် နောက်ဆုံးစကားလုံးများကိုပြောလိုက်သည့်အခါ တမင်သပ်သပ်ပြောလိုက်သည်လားမသိသော်လည်း လေသံက မြင့်သွားသည်။


ချက်ချင်းပင် လူအားလုံး၏အကြည့်များက သူ့ပေါ်ရောက်လာသည်ကို ဝူယန် ခံစားလိုက်ရသည်။ ချွေးစေးများက နဖူးပေါ်မှာ စီးကျလာတော့သည်။


မဖြစ်ပေ။ ဤပစ္စည်းကို အားရုံ တခြားလူဆီပေးမည်ကို ဝူယန် ဒီတိုင်းကြည့်နေ၍ မဖြစ်ပေ။ ဤမိန်းကလေးသည် အဘယ်ကြောင့်များ အလွန်ခေါင်းမာနေရပါသနည်း။ သူ့ကို ဝူယန် မည်သို့များ နားချနိုင်ပါမည်နည်း။


ဝူယန်က အပြင်းအထန်စဉ်းစားနေဆဲမှာပင် ချန်ရုံက ခြံဝန်းထဲမှ လူအုပ်ဆီသို့လှည့်၍ အမိန့်ပေးလိုက်သည်။


"သစ်မွှေးနဲ့လုပ်ထားတဲ့ လင်ဗန်းယူခဲ့ပေးပါ...ဒီလို အဖိုးတန်တဲ့ သန္တာကျောက်ကို ရိုးရိုးသစ်သားပေါ် တင်လို့ ဘယ်ဖြစ်မလဲ..."


"ဟုတ်ကဲ့ပါ သခင်မလေး..."


အစေခံအချို့က ပင်မခန်းဆောင်ထဲသို့ အမြန်ပြေးဝင်၍ တစ်ခုလုံး သစ်မွှေးဖြင့်သာပြုလုပ်ထားသည့် စက်ဝိုင်းပုံလင်ဗန်းလေးတစ်ချပ်ကိုယူဆောင်လာကြသည်။ ထိုလင်ဗန်းသည် ချန်အိမ်တော်၌ အနည်းငယ်သာကျန်ရှိနေတော့သော အဖိုးတန်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ထိုလင်ဗန်းကိုလည်း ဝူယန်က မျက်စိကျနေသည်မှာ ကြာပေပြီ။


ဤတစ်ကြိမ်တွင်တော့ ဝူယန်၏မျက်လုံးများသည် နီရဲလာတော့သည်။ ဂိတ်တံခါး၏ အပြင်၌ ရင်းနှီးသောအရိပ်အချို့ကိုမြင်လိုက်ရသောအခါ ဝူယန်၏မျက်နှာသည် ပို၍ပင် ခရမ်းရောင်သမ်း‌သွားတော့သည်။


စက်ဝိုင်းပုံလင်ဗန်းလေးကို အပြင်သို့သယ်ဆောင်လာသောအချိန်တွင် ဝူယန်သည် အရှေ့သို့ လျှောက်သွား၍ ချန်ရုံ၏လက်ထဲမှ သန္တာကျောက်ကို ဆွဲယူရန် လက်လှမ်းလိုက်တော့သည်။


"အား..."


အဖြစ်အပျက်ကိုမြင်လိုက်သောအခါ ဘေးနားမှ လူအုပ်က အော်ဟစ်ကုန်ကြတော့သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ဝူယန်၏လက်က သန္တာကျောက်ကို ထိမိသွားတော့သည်။


ရလဒ်က ဝူယန် ထင်ထားသလိုမဖြစ်သွားပေ။ ဝူယန်သည် သန္တာကျောက်အား အတင်းဆွဲလိုက်စဉ်က ချန်ရုံ၏ ပြန်ဆွဲထားသည့်အားကို မခံစားလိုက်ရပေ။ သန္တာကျောက်က သူ့လက်ထဲ ရောက်လာသည့်အခါတွင်တော့ ဝူယန်၏‌နီနေသောမျက်နှာ၌ ပြုံးရိပ်အနည်းငယ်သမ်းသွားသည်။


ဝူယန်က လက်ကို ပြန်ရုတ်လိုက်သောအခါ ချန်ရုံသည် ဝူယန်ဆွဲလိုက်သည့်ဘက်သို့ လဲကျသွားတော့သည်။ လဲကျသွားသည်က ကိစ္စမရှိသော်လည်း ချန်ရုံ၏ အင်္ကျီလက်များသည် သန္တာကျောက်၏အောက်၌ ရှိနေသောကြောင့် ဝူယန်ဆွဲသည့်ဘက်ကို ပါသွားသည်။


ထို့နောက် အနီရောင်သန္တာကျောက်သည် ကြွေကျလာသောဥက္ကာခဲကဲ့သို့ အောက်သို့ ပြုတ်ကျသွားတော့သည်။


ချန်ရုံရော ဝူယန်ရော ဖမ်းရန် အချိန်မရလိုက်ပေ။ သူတို့မြင်လိုက်ရသည်မှာ လှပ၍ အပြစ်အနာအဆာလုံးဝမရှိသော သန္တာကျောက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုပင်ဖြစ်သည်။


"မဖြစ်ဘူး..."


ဝူယန်က အော်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးမှာဆန့်တန်းနေ၍ ခန္ဓာကိုယ်ကလည်း သန္တာကျောက်ကို ဖမ်းယူရန် စောင်းသွားသည်။


လူများသည် အကျဉ်းအကျပ်နှင့် ကြုံတွေ့ရသောအခါ လုပ်နိုင်စွမ်းရည်များက တိုးတက်လာဟန်ရှိသည်။ ဝူယန်သည် သွေးရူးသွေးတန်းဖြင့် သူ့လက်များက သန္တာကျောက်ကို ဖမ်းမိသွားလေသည်။ သူသည် လက်များကို အမြန် ပြန်ရုတ်လိုက်၍ ပျော်ရွှင်အံ့ဩစွာ အော်နေတော့သည်။


"ငါရပြီ...ငါရပြီ..."


ဝူယန်သည် အော်ဟစ်နေရင်းဖြင့် သူ့ခြေထောက်အောက်၌ရောက်နေသော စကတ်စကို သတိမပြုမိပဲ အမြန်ထလိုက်သည်။


ဝူယန်၏ခြေထောက်က စကတ်ပေါ်သို့ နင်းမိသိနှင့်တစ်ပြိုင်နက် ချန်ရုံသည် စကတ်စကို ဆွဲလိုက်သည်။ ဝူယန်သည် အစတည်းကပင် ဟန်ချက်က မတည်မငြိမ်ဖြစ်နေရာ ချန်ရုံ၏ စကတ်စနှင့် ခြေထောက် ငြိသွားသောအခါတွင် ဝူယန်၏တစ်ကိုယ်လုံးသည် ရှေ့သို့ ယိမ်းထိုးသွားတော့သည်။


"ဘုန်း..."


ဝူယန်၏ကျယ်‌လောင်သောလဲကျသွားသံနှင့်အတူ တစ်ခုခုကွဲကြေသွားသံကိုလည်း ကြားလိုက်ကြရသည်။


ထို့နောက် ကြောက်မက်ဖွယ် တိတ်ဆိတ်မှုကသာ ကြီးစိုးသွားတော့သည်။


ဝူယန်၏ မြေပြင်ပေါ်သို့ မျက်နှာတည့်တည့်ဖြင့် ကျသွားပုံကို ကြည့်၍ ခြံဝန်းထဲမှ လူများအားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်တော့သည်။ ဝူယန်၏ ဘယ်ဘက်၌ တစ်စစီကွဲကြေနေသော သန္တာကျောက်များကိုလည်း တွေ့လိုက်ကြရသည်။


ဝူယန်သည် မြေကြီးပေါ်၌ မလှုပ်မယှက်ဖြစ်နေသည်။ သူ့ကို ကြည့်ရသည်မှာ တစ်ကိုယ်လုံးတောင့်တင်းနေ၍ သတိ‌လစ်သွားဟန်တူသည်။


တစ်ခြံလုံး တိတ်‌ဆိတ်နေကြသည်။


ထို့နောက် ချန်ရုံ၏ ဒေါသစွက်နေသော အသံလေး ထွက်ပေါ်လာသည် 


"ဦးလေးဝူ...ရှင့်မှာ ဘယ်မှသွားစရာမရှိလို့ ကျွန်မဖခင်က နေစရာပေးခဲ့တယ်...ကျေးဇူးတရားကို ဘယ်တော့မှ မမေ့သင့်ဘူးလို့ ကျွန်မတို့ရဲ့ ဘိုးဘေးတွေက ပြောခဲ့တယ် မဟုတ်ပါလား...ရှင့်ကို ပေးခဲ့တဲ့ ကျွန်မတို့ မိသားစုရဲ့ ကြင်နာမှုက ထမင်းတစ်နပ်စာပဲမဟုတ်ဘူးလေ...အိမ်တော်ကနေ ဘာဖြစ်လို့များ ဒီသန္တာကျောက်ကို အသည်းအသန်ယူချင်နေရတာပါလဲ...ဝမ်အိမ်တော်ကို ပေးရမှာထက် ဘာဖြစ်လို့ အကွဲပဲခံလိုက်ရတာပါလဲ..."


ချန်ရုံ၏အသံထဲ၌ အေးစက်မှုများ စွက်နေသောကြောင့် လေသံက အမိန့်ပေးနေသကဲ့သို့ ဖြစ်နေလေသည်။


ဦးလေးဝူက ဘာမှပြန်မဖြေပေ။ ယခုထိလည်း မလှုပ်မယှက်ရှိနေသောကြောင့် တကယ်ပင် သတိလစ်သွားသည်လား ဟန်ဆောင်နေခြင်းလား မသိနိုင်ပေ။


ချန်ရုံက မျက်နှာကိုတင်း၍ ဆုံးဖြတ်ချက်ချကာ အော်လိုက်သည်။


"အစောင့်တွေ..."


"ဟုတ်ကဲ့..."


"ချန်အိမ်တော်မှာ အစောင့်တွေ များများစားစားရှိမနေတဲ့အချိန်မှာ ဒီ ဝူယန်ဆိုတဲ့ ပညာရှိလူက ကျွန်မရဲ့ပိုင်ဆိုင်မှုတွေနဲ့ ကျွန်မရဲ့မိသားစုရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို ခိုးယူဖို့ ဉာဏ်ဆင်ပြီး ကြိုးစားခဲ့ပါတယ်...အခုမှာတော့ အိမ်တော်တွေအားလုံးဟာ တောင်ပိုင်းကို ပြောင်းရွှေ့နေကြပြီဖြစ်တဲ့အတွက် ဒီအကောက်ကြံသူကို စီရင်ချက်ချပေးဖို့ တရားရုံးမှာ ဘယ်သူမှရှိမှာမဟုတ်ဘူး...သူ့ကို ချန်အိမ်တော်ကနေ မောင်းထုတ်လိုက်ပြီး သူ့ရဲ့လုပ်ရပ်တွေကို တစ်ကမ္ဘာလုံးက သိကြပါစေ..."


ချန်ရုံက မာန်ပါစွာနှင့် မျှတစွာပြောနေသောကြောင့် မည်သူကမှ ဝူယန်ဘက်က ဝင်မပြောရဲကြပေ။ အစေခံအချို့က အနားရောက်လာကာ ဝူယန်ကို ဆွဲမလိုက်ကြသည်။


ဆွဲမခြင်းခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ဝူယန်သည် မျက်လုံးများဖွင့်၍ ချန်ရုံအား မျက်စောင်းထိုးကာ အော်ဟစ်နေတော့သည်။ 


"မင်း မင်း...‌အောက်တန်းစားခွေးမ...ငါ့ကို ထိရဲတယ်ပေါ့...မင်းက ငါ့ကို အခုလို လုပ်ရဲတယ်ပေါ့..."


ဝူယန်၏မျက်လုံးများသည် ပြူးကျယ်နေကြကာ နီရဲနေသောမျက်နှာကလည်း ဝူယန်၏ ဒေါသကိုဖော်‌ပြနေကြသည်။


ထိုအချိန်၌ ဝူယန်အား သနားနေကြသူများပင် ချက်ချင်း ရွံရှာသွားကြသည်။ ဤလူသည် သခင်မလေး၏ မိသားစုအမွေပစ္စည်းကို ဖျက်ဆီးခဲ့သည်။ အိမ်၌နေ၍ အကောက်ကြံရုံသာမက ယခု သခင်မလေးကိုလည်း မကြားဝံ့မနာသာများပြောဆိုနေပြန်သည်။ ဤလူသည် အားရုံပြောသကဲ့သို့ပင် တကယ်ကောက်ကျစ်သူသာဖြစ်ပေတော့သည်။


ချန်ရုံသည် အလွန်အမင်းဒေါသထွက်နေသော ဝူယန်အား အေးဆေးစွာပင်ကြည့်နေလိုက်သည်။ သူမသည် မျက်လုံးထဲ၌ ကြောက်စိတ် အနည်းမျှပင် မရှိချေ။ ဝူယန်က အံ့ဩနေစဉ်မှာပဲ အားကောင်းသော အစေခံအချို့ကရောက်လာ၍ ဝူယန်အား ဖမ်းချုပ်ကာ ဆွဲခေါ်သွားတော့သည်။


"မင်းတို့ ဘာလုပ်တာလဲ...ငါ့ကိုချစမ်း...ငါ့ကို အခုချက်ချင်း ချစမ်း..."


ဝူယန်က ကြောက်လန့်တကြားဖြင့် အော်ဟစ်နေသည်။ လက်များနှင့် ခြေထောက်များက ထွက်ပြေးနိုင်ရန် ရုန်းကန်နေကြသည်။


သို့သော် ဝူယန်သည် အားနည်းသော ပညာတတ်တစ်ဦးသာဖြစ်သည်။ မည်သူကမျှ မလွှတ်ပေးချင်သောအခါ ဝူယန် မည်သို့များ ရုန်းနိုင်ပါမည်နည်း။ လူခြောက်ယောက်သည် ဝူယန်အား ဖမ်းချုပ်၍ လေထဲသို့မြှောက်ကာ အိမ်တော်အပြင်ဘက်သို့ သယ်သွားကြတော့သည်။


ဂိတ်တံခါးဆီသို့ရောက်စောအခါ ဝူယန်သည် အော်ဟစ်ဆဲပင်ဖြစ်သည်။ သို့သော် ဝူယန်၏ ချန်ရုံအား ဆဲဆိုနေသောအသံကျယ်များသည် ငိုရှိုက်သံများအဖြစ် တဖြည်းဖြည်းပြောင်းသွား၍ နောက်ဆုံးတွင်တော့ ဘာသံများမထွက်တော့ချေ။


ထို့နောက် ညီညာစွာရွတ်လိုက်သော အသံ ခြောက်သံက ချန်ရုံ၏ နားဆီသို့ ရောက်လာသည်။


"ဤအကောက်ကြံသူ ဝူယန်သည် သူ၏သခင် မရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ခိုးယူခြင်းကိုပြုလုပ်ရန်ကြိုးစားခဲ့သည်။ ဤအကောက်ကြံသူကို ကျွန်ုပ်တို့၏အိမ်တော်မှ နှင်ထုတ်လိုက်သည်..."


"ဤအကောက်ကြံသူ ဝူယန်သည် သူ၏သခင် မရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ခိုးယူခြင်းကိုပြုလုပ်ရန်ကြိုးစားခဲ့သည်။ ဤအကောက်ကြံသူကို ကျွန်ုပ်တို့၏အိမ်တော်မှ နှင်ထုတ်လိုက်သည်..."


"ဤအကောက်ကြံသူ ဝူယန်သည် သူ၏သခင် မရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ခိုးယူခြင်းကိုပြုလုပ်ရန်ကြိုးစားခဲ့သည်။ ဤအကောက်ကြံသူများ ကျွန်ုပ်တို့၏အိမ်တော်မှ နှင်ထုတ်လိုက်သည်..."


အသံခြောက်သံက ညီညာစွာဖြင့် သုံးခါ ရွတ်ဆိုလိုက်ကြသည်။


ပြင်ပမှ တဖြည်းဖြည်းကျယ်လောင်လာသောအသံများကို နားထောင်၍ အထိန်းတော်ဖျင်သည် ချန်ရုံအနားသို့ လာ၍ စိတ်ပူစွာဖြင့် တိုးတိုးလေးပြောလိုက်သည်။


"အားရုံ ဝမ်းမနည်းပါနဲ့ကွယ်...ဒီပစ္စည်းကို အစတည်းက တခြားလူကို ပေးဖို့ စီစဉ်ထားပြီးသားမဟုတ်လား..."


ချန်ရုံသည် အထိန်းတော်ဖျင်အား အလွန်ပင် တောက်ပသောအပြုံးလေးဖြင့် မော့ကြည့်လိုက်သည်။ လူတိုင်းက အံ့ဩနေစဉ်မှာပင် ချန်ရုံက အေးအေးဆေးဆေးပြောလိုက်သည်။


"ကျွန်မ ဝမ်းမနည်းပါဘူး..."


သခင်မလေးသည် ဘာဖြစ်လို့များ ဝမ်းမနည်းရပါသနည်း။ သူမ၏ ဖခင်နှင့် အစ်ကိုတို့သည် အိမ်၌ မရှိပေ။ ကူညီထောက်ပံ့မည့်သူမရှိသည့် မိန်းမလေးတစ်ယောက်အတွက် သူမ အား ကူညီပေးမည့်လူအတွက် ဘာမဆို လုပ်သင့်သည်မဟုတ်လား။


သို့သော် ချန်ရုံသည် ဤရတနာပစ္စည်းအား ပေးပစ်ရန် ကြံစည်စဉ်က တစ်စုံတစ်ခု ပြန်ရရန် မျှော်လင့်ခဲ့သည်။ မြို့ထဲမှ အကျင့်ပျက်သောအရာရှိများက ဤလက်ဆောင်ကို ယူရဲမည်မဟုတ်ချေ။ ဝမ်အိမ်တော်ကလည်း ဤပစ္စည်းကို လက်ခံရဲမည်မဟုတ်။ ဤပစ္စည်းကို လက်ခံသော မည်သူမဆို ကိုယ့်နာမည်ကိုယ် အိုးမည်းသုတ်သကဲ့သို့ ဖြစ်နေလိမ့်မည်။


ချန်ရုံသည် သန္တာကျောက်ကို ထုတ်လာခြင်းမှာ ဝူယန်က ဤကဲ့သို့ လုပ်လိုက်မည်ဟု မမျှော်လင့်ပဲ ဖျက်ဆီးပစ်ရန်သာ ထုတ်လာခြင်းဖြစ်သည်။ သို့သော် ဝူယန်ကိုယ်တိုင်က စ၍ ချန်ရုံအတွက်အဆင်ပြေအောင် လုပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။


"မမလေးက ဘာလို့ ဝမ်းမနည်းတာပါလဲ..."


အထိန်းတော်ဖျင်က အံ့ဩစွာမေးလိုက်သည်။


ချန်ရုံက ဘာမှပြန်မဖြေပေ။ အဝေးမှ တစ်စုံတစ်ခုတမ်းတသောမျက်လုံးများဖြင်ပ ဂိတ်တံခါးဆီကိုသာ ငေးကြည့်၍ မျက်နှာ၌ စိတ်အေးမှုလေးတစ်ခု ဖြတ်သန်းသွားသည်။


"ဝမ်အိမ်တော်က လူတွေလာနေကြပြီမဟုတ်လား...သူတို့ မနက်ဖြန်ထွက်မယ်လို့ ကျွန်မကြားတယ်...ကျွန်မတို့အတွက်နဲ့ တခြားလူတွေ နောက်မကျရအောင် အဆင်သင့်ပြင်ထားမှ ဖြစ်မယ်..."


ချန်ရုံ၏အပြုအမူသည် လူတိုင်းအား အံ့အားသင့်သွားစေတော့သည်။


Xxxxxxxx