Chapter 5
ဝမ်အိမ်တော်မှ နာမည်ကျော်ကြားသော ချီလန်
ချန်ရုံက အင်္ကျီလက်များကို လှုပ်ခတ်၍ အိပ်ခန်းဆောင်ထဲသို့ ဝင်သွားသည့်အချိန်အထိ လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိနေကြဆဲပင်ဖြစ်သည်။
"အထိန်းတော်ဖျင်...မမလေး အားရုံက တကယ်ပြောနေတာလား..."
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ထမေးလိုက်တော့သည်။
အထိန်းတော်ဖျင်က မေးသည့်လူကိုငေးကြည့်၍ ပြောလိုက်သည်။
"တကယ်ပြောတာ ဟုတ် မဟုတ်က အရေးမကြီးပါဘူး...ပြင်ဆင်ထားတာကတော့ မမှားပါဘူး..."
"ဟုတ်ကဲ့ပါခင်ဗျ..."
လူအုပ်ကြီးက ပြန့်ကျဲသွား၍ သူတို့အလုပ်များဆီသို့ ပြန်သွားနေကြစဉ်တွင် အမြန်ပြေးလာသောခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် ချွေးများရွှဲနေသော အစောင့်တစ်ဦးက ချန်ရုံ၏ အိပ်ခန်းဆောင်ဆီသို့ ပြေးသွားသည်ကိုတွေ့လိုက်ရသည်။
"သခင်မလေး...ဝမ်အိမ်တော်ရဲ့ သခင်လေးချီလန် ရောက်နေပါတယ်..."
ဝိုး...
လူတိုင်း လုပ်လက်စများကို ရပ်တန့်လိုက်၍ ထိတ်လန့်စွာဖြင့် ချန်ရုံ၏အခန်းဆီသို့ ကြည့်နေမိကြသည်။
တကယ်ပင် ဝမ်အိမ်တော်မှ သခင်လေးချီလန် ပါလား။ အို ဘုရားသခင် ဒီအိမ်တော်ဆီကို ဝမ်အိမ်တော်က ချီလန် ကိုယ်တိုင် လာနေပါရောလား။
[T/N: ဝမ်ချီလန် ဆိုသောအမည်မှာ နာမည်ရင်းမဟုတ်ပဲ ဝမ်မျိုးနွယ်ရဲ့ ၇ယောက်မြောက်သား ဖြစ်လို့ ချီလန် လို့ ချစ်စနိုးခေါ်ခြင်းဖြစ်ပါတယ်။ ချီလန်ရဲ့ ဝမ်းကွဲအစ်ကိုဆိုရင်လည်း ၅ယောက်မြောက်သား ဖြစ်တဲ့အတွက် ဝမ်ဝူလန် လို့ခေါ်ကြပါတယ်။]
ဝမ်အိမ်တော်သည် ရိုးရိုးသာမာန်အိမ်တော်မဟုတ်ပေ။ ဖျင်မြို့တော်တစ်ခုလုံးတွင် ဝမ်အိမ်တော်သည် အင်အားအကြီးဆုံးအိမ်တော်ထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် ဤနေရာသို့ ရောက်လာသူက ဝမ်ချီလန် ကိုယ်တိုင်ဖြစ်နေလေသည်။
ဖျင်မြို့တော်၌နေထိုင်ကြသော မိသားစုများသည် အဓိကအိမ်တော်များ၏ လက်အောက်ခံအိမ်တော်များသာဖြစ်သည်ကို လူတိုင်းသိကြသည်။ ဥပမာအားဖြင့် ချန်ရုံ၏ဖခင်ဆိုလျှင် ချန်အိမ်တော်၏ ကျန်းနန်နယ်မြေ လက်အောက်ခံအိမ်တော်မှသာ ဖြစ်သည်။ ဝမ်အိမ်တော်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။
သို့သော် ဝမ်ချီလန်ကတော့ မျိုးရိုးများကြား၌ ထင်ရှားသူဖြစ်သည်။ ဝမ်ချီလန်သည် ရထားလုံးကို အိန္ဒြေရှိစွာ မောင်းနှင်တတ်၍ အမြဲ တင့်တောင့်တင့်တယ် ဝတ်ဆင်ကာ အခြား ပင်မအိမ်တော်များနှင့်လည်း အဆက်အဆံရှိသူဖြစ်သည်။ ထို့အပြင် ဝမ်ချီလန်၏မျိုးရိုးထဲမှ အနည်းဆုံး လူတစ်ဒါဇင်ကျော်လောက်သည် ရာထူးကြီး အရာရှိအမှုထမ်းများဖြစ်ကြသည်။ ထိုကဲ့သို့သော မျိုးရိုးသည် တော်ဝင်မျိုးရိုးကဲ့သို့ပင် အဆင့်အတန်းမြင့်လှပေသည်။ ဝမ်မျိုးရိုးသည် တိမ်ကြားထဲ၌နေ၍ ကမ္ဘာလောကက သူတို့အား မော့ကြည့်နေစေသူများဖြစ်သည်။
ထိုကဲ့သို့မျိုးရိုးအဆင့်အတန်းမှ အမျိုးသားများသည် ထာဝရအသက်ရှင်နိုင်သည့် ဆုလာဘ်ကို ပိုင်ဆိုင်ကြသည်ဟု လူများကပြောကြသည်။ ထိုစကားများက မှန်သည် မမှန်သည်ကို မသိနိုင်သော်လည်း လွန်ခဲ့သည့် သုံးလက ရောက်လာခဲ့သော ဝမ်အိမ်တော်မှ ချီလန်ကတော့ တကယ်ပင် နတ်သားကဲ့သို့ လူဖြစ်ကြောင်းကို ဖျင်မြို့တော်တစ်ခုလုံး သိကြပေသည်။
အစေခံများအတွက်တော့ ချန်ရုံသည်လည်း အဆင့်အတန်းမြင့်သည် သခင်မလေးသာဖြစ်သော်လည်း ဝမ်ချီလန်နှင့် ယှဉ်လိုက်လျှင်တော့ ချန်ရုံ၏ နောက်ခံသည် ကောင်းကင်မှတိမ်နှင့် မြေပေါ်မှ ရွှံ့နီးနီး၊ နဂါးငွေ့တန်းစကြာစဠာ၏ တစ်ဖက်တစ်ချက်နီးပါး ဝေးကွာနေပေသည်။
တံခါးခေါက်သံနှင့်အတူ ချန်ရုံသည် အခန်းထဲမှ အပြေးထွက်လာသည်။ ချန်ရုံသည် မိသားစုပိုင်ဆိုင်မှုများကို ခွဲဝေလိုက်၍ သန္တာကျောက်ကိုလည်း ကွဲအောင်ပြုလုပ်ထားသောကြောင့် ဝမ်အိမ်တော်က သူမ အား သိပ်အထင်အမြင်ကြီးမည်မဟုတ် ဟုတော့ ချန်ရုံ ထင်ထားမိသည်။ သို့သော် ဝမ်အိမ်တော်နှင့်အတူ တောင်ပိုင်းသို့ လိုက်ပါခွင့်ရလျှင်တော့ လမ်းခရီးသည် ပို၍ သာယာဖြောင့်ဖြူးမည်ဖြစ်သည်။ ဝမ်အိမ်တော်မှလူများအား မိတ်ဆွေဖွဲ့၍ ရခဲ့လျှင်တော့ တောင်ပိုင်းသို့ရောက်သည့်အခါ အခွင့်အလမ်းများပိုများမည်ဖြစ်သည်။ သို့သော် ချန်ရုံသည် ရလဒ်များက ဤမျှကောင်းမည်ဟုမထင်ခဲ့ချေ။ ယခုတော့ သူမသည် ဝမ်အိမ်တော်မှ နာမည်ကြီးချီလန်အား ဤအိမ်သို့ရောက်လာအောင် ခေါ်ခဲ့နိုင်ပြီဖြစ်လေသည်။
ချန်ရုံ သစ်သားဖိနပ်နှင့် သူမ၏ ကျောက်စိမ်းရောင်အသားအရည်ကို ထင်ဟပ်ပေးသည့် ခရမ်းရောင် အင်္ကျီပွပွလေးကို ဝတ်ဆင်ထားသည်။ သူမ၏ လှပသောမျက်နှာလေးတွင်တော့ တောက်ပနေသော မျက်လုံးတစ်စုံနှင့် ကလေးဆန်သည့် အပြစ်ကင်းစင်မှုလေးက ကပ်တွယ်နေသည်။
ချန်ရုံ ဝမ်ချီလန်က မည်သည့်ဂိတ်တံခါး၌ ရှိနေသည်ကို မမေးချေ။ ဒီတိုင်းသာ ခြံဝန်းထဲသို့ ထွက်သွားလိုက်သည်။ ချန်ရုံထင်သည့်အတိုင်းပင် ဂိတ်တံခါးဝမှ ထွက်လိုက်လျှင်ပင် သာယာငြိမ့်ညောင်းသော ဂီတသံကို ကြားလိုက်ရတော့သည်။
ဗျပ်စောင်းသံလေးသည် တောင်ကျချောင်းရေများစီးဆင်းနေသကဲ့သို့၊ တိမ်များ လွင့်မျောနေသကဲ့သို့ မဖော်ပြနိုင်သည့် လွတ်လပ်မှုနှင့် စိတ်အေးချမ်းမှုတို့ကို သယ်ဆောင်ကာ လွင့်ပျံလာလေသည်။
ချန်ရုံသည် ဂီတသံပျံ့လွင့်လာသည့်နောက်သို့ လိုက်ရင်းဖြင့် လှပသော မြင်းရထားတစ်စီးရပ်ထားသည့် နေရာသို့ ရောက်သွားသည်။ တကယ်ပင် ဂီတသံသည် ထိုရထားလုံးဆီမှ ထွက်လာနေခြင်းဖြစ်သည်။
ရထားလုံးနား၌ လူ နှစ်ဒါဇင်လောက် ဝိုင်းရံနေ၍ နားများကို စွင့်ကာ ဂီတသံကို နားထောင်နေရင်းဖြင့် ရထားလုံးအတွင်းထဲသို့ ချောင်းကြည့်ရန် ကြိုးစားနေကြသည်။
ချန်ရုံကတော့ ထိုလူအုပ်ကြားထဲသို့ မသွားလိုက်ပေ။ သူမသည် ရထားလုံးဆီသို့ အမြန်လျှောက်သွားလိုက်ရာ ခြေလှမ်းတိုင်း၌ ချန်ရုံ၏ သစ်သားဖိနပ်က မြေကြီးနှင့် ထိခိုက်မိသည့်အသံက ထွက်ပေါ်နေသည်။ ထိုခြေသံများသည် ထွက်ပေါ်နေသောဂီတသံများကို အနှောင့်အယှက်ပေးနေသကဲ့သို့ ဖြစ်နေတော့သည်။ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးကတော့ ချန်ရုံတမင်လုပ်သည်လား မလုပ်သည်လား မသိသော်လည်း သစ်သားဖိနပ်များက မြေကြီးပေါ်ထိသည့်အချိန်သည် ဂီတ၏ အရေးကြီးသောအချိုးအကွေ့အချိန်များ ဖြစ်နေခြင်းပင်ဖြစ်သည်။ ချန်ရုံသည် ဂီတသံနားထောင်သူများကို အလွန် စိတ်တိုအောင်လုပ်နေသကဲ့သို့ ဖြစ်နေတော့သည်။
နားထောင်နေသူများသည် ချန်ရုံက သူတို့၏ သခင်မ ဖြစ်သည်ကို မေ့သွား၍ ချန်ရုံအား မျက်စောင်းထိုးမိလိုက်ကြသည်။
ရထားလုံးထဲမှ ဂီတသံက ရုတ်တရက် ရပ်သွား၍ မြူးကြွသော ရယ်သံက ထွက်ပေါ်လာသည်။
"မိန်းကလေး...အကျွန်ုပ်ရဲ့ ဂီတသံက မလှပလို့ ဒီကို အလျင်အမြန်ရောက်လာတာပါလား..."
ချန်ရုံက လမ်းလျှောက်သည်ကို မရပ်လိုက်ချေ။ ရထားလုံးဆီသို့ တန်းသွားလိုက်၍ ညင်သာစွာ ရယ်ကာ ပြောလိုက်သည်။
"ဗျပ်စောင်းသံက တကယ်ကို သာယာလှပလွန်းပါတယ်...ဒါပေမယ့် ကျွန်မမှာ စိတ်တွေပူပန်နေရတာကြောင့် ဒီလို စိတ်အေးသက်သာစေတဲ့ဂီတသံကို နားမထောင်နိုင်ပါဘူး..."
ရထားလုံးထဲမှ ရယ်သံက ပို၍ ကျယ်လာသည်။
"မိန်းကလေးက ဘာကိုများ စိတ်ပူပန်နေရတာပါလဲ..."
ရထားလုံးထဲမှ လူကပင် ထပ်မေးလိုက်သည်။
ချန်ရုံက ပြုံးလိုက်သည်။ ထိုအချိန်၌ သူမသည် မြင်းဆွဲသော ရထားလုံးဆီသို့ ရောက်နေပြီဖြစ်သည်။
အံ့ဩနေသော လူအုပ်၏ရှေ့တွင် ချန်ရုံသည် လက်ကို ရထားလုံး၏ လိုက်ကာဆီသို့ လက်လှမ်း၍ ပြန်ဖြေလိုက်သည်။
"ဝမ်အိမ်တော်ရဲ့ သခင်လေးချီလန်က နတ်ဘုရားတွေကောင်းချီးပေးခြင်းကို လက်ခံရရှိထားတယ်လို့ ကျွန်မကြားဖူးပါတယ်...ကံမကောင်းစွာပဲ ကျွန်မက အရှင်နဲ့ တွေ့ဆုံခွင့်ကို မရခဲ့ပါဘူး...ဒီကို အရှင် ဒီနေ့လာမယ်ဆိုတာ ကြားတဲ့အချိန်မှာ ကျွန်မ အရမ်းကို ဝမ်းမြောက်ခဲ့ရပါတယ်...ဒါပေမယ့် အရှင်က စိတ်ဝင်စားမှုလျော့ပါးသွားပြီး ကျွန်မတို့ရဲ့ တွေ့ဆုံခွင့်ကို ဖျက်သိမ်းလိုက်မှာကို ကျွန်မ စိုးရိမ်နေမိလို့ပါ..."
ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် လိုက်ကာကို ဆွဲဖွင့်လိုက်တော့သည်။
အို...
အရောင်အသွေးစုံလှသော သက်တန့်က ချန်ရုံ၏ အမြင်ကို ဝေဝါးသွားစေသည်။ ချန်ရုံသည် မတတ်နိုင်ပဲ ထိုအမြင်မှ ကာကွယ်ရန် မျက်နှာကို လွှဲလိုက်ရသည်။
ချန်ရုံ မျက်နှာလွှဲထားစဉ်မှာပင် ရထားလုံးထဲမှ လူက ရယ်၍ ပြောလိုက်သည်။
"မိန်းကလေး...မင်းက ကျွန်ုပ်ကို တွေ့ဖို့လာခဲ့တာ မဟုတ်ဘူးလား...အခု တွေ့တော့ ဘာဖြစ်လို့ အကြည့်ကို လွှဲလိုက်ရတာလဲ..."
ချန်ရုံက မျက်လုံးများကို ပွတ်၍ ပြောလိုက်သည်။
"ကျွန်မက မိန်းမငယ်လေးပဲရှိပါသေးတယ်...အရှင့်ရဲ့ နတ်ဘုရားလိုမျိုးတောက်ပတဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက ကျွန်မရဲ့ နှလုံးကို လှုပ်ခါစေတာကြောင့် အရှင့်ကို အနီးကပ် ကြည့်လို့ မရလို့ပါ..."
ရထားလုံးထဲမှ ရယ်သံက ပို၍ပင် ကျယ်လောင်လာလေသည်။ ထိုရယ်သံသည် ရေခဲနှင့် ကျောက်စိမ်းက အချင်းချင်း ထိခိုက်မိသည့်အသံနှင့် တူ၍ ကြွပ်ဆတ်၍ ကြည်လင်ကာ နားထောင်၍ အလွန်ကောင်းနေလေသည်။
ချန်ရုံသည် ဤအကြိမ်တွင်တော့ ခေါင်းကိုလှည့်၍ ရထားလုံးထဲမှ လူငယ်အား ကြည့်လိုက်တော့သည်။
လူငယ်သည် အလွန်ပင် ချောမောလွန်း၍ အသက် ၁၇ နှစ် ၁၈ နှစ်သာရှိဦးမည့် ယောင်္ကျားပျိုတစ်ဦးဖြစ်သည်။
လူငယ်လေးသည် ကျောက်စိမ်းကဲ့သို့ ချောမောလှပ၍ မျက်လုံးများကလည်း ပန်းချီဆေးကဲ့သို့ မည်းနက်နေသည်။ သူသည် ချန်ရုံအား ပြုံး၍ ကြည့်နေလေသည်။ လူငယ်လေး၏ အပြုံးနှင့် ရင်ဆိုင်လိုက်ရသောအခါ ချန်ရုံ၏နှလုံးသားသည် တုန်လှုပ်သွားမိသည်။
ချန်ရုံသည် အချစ်၌ စိတ်ဒဏ်ရာရထားသလို. ယခုမှလည်း ယခင်ဘဝမှ ပြန်နိုးထလာရုံရှိသေးသောကြောင့် သူမ၏ နှလုံးသားသည် ယောင်္ကျားတစ်ယောက်အတွက်နှင့် ဘယ်တော့မှ ခုန်တော့မည်မဟုတ်ဟု ချန်ရုံ ထင်နေခဲ့မိသည်။ သို့သော် ယခုတွင်တော့ သူမ၏ ရင်ဘတ်ထဲမှ တဒုတ်ဒုတ်ခုန်နေသော နှလုံးသားကို ချန်ရုံ ခံစားနေမိသည်။ ထိုသို့ဖြစ်နေခြင်းကပင် ချန်ရုံ၏ရှေ့မှ အမျိုးသားသည် မည်မျှပင် ချောမောကြောင်းကို ဖော်ပြနေသကဲ့သို့ဖြစ်နေလေသည်။
ချန်ရုံ၏ရှေ့မှ လူငယ်၏ မျက်နှာသွင်ပြင်ကိုတော့ ဖော်ပြရန်ပင် မလိုတော့ပါ။ ထိုလူငယ်၏မျက်နှာ၌ အထင်ရှားဆုံးမှာ သူ့မျက်လုံး၏ လျှို့ဝှက်နက်နဲမှုများဖြစ်သည်။ ထိုမျက်လုံးများကိုကြည့်လိုက်လျှင် တောင်များပေါ်၌ နှစ်ရာပေါင်းများစွာရှိနေသော ရေခဲများ၊ မနက်ခင်း၌ ခမ်းနားစွာပေါ်ထွက်လာသောနေ၏ အရှိန်အဝါ၊ ရှေးဟောင်းရေကန်မှ ရေ နှင့် နွေဦးရာသီ၌ လှုပ်ယမ်းနေသော မိုးမခပင်များ ကဲ့သို့ ငြိမ်းချမ်းသောဓာတ်တစ်မျိုးကို ခံစားရသည်။
ချန်ရုံသတိမထားမိခင်မှာပဲ သူမ လူငယ်အား မရည်ရွယ်ပဲ စိုက်ကြည့်နေမိတော့သည်။
ချောမောသောလူငယ်သည် ချန်ရုံအား အကဲခတ်လိုက်၍ သူ့အား ကြောင်၍ ငေးကြည့်နေသည့် အချိန်မှာပင် ချန်ရုံ၏ နက်မှောင်သောမျက်လုံးများသည် ကြည်လင်နေသည်ကို သတိထားလိုက်မိသည်။ လူငယ်သည် မထိန်းနိုင်ပဲ နှင်းကဲ့သို့ ဖြူဖွေးသော သွားများပေါ်အောင် ပြုံးလိုက်မိသည်။
"မင်း ကြည့်လို့ ဝပြီလား..."
ချန်ရုံက လူငယ်၏ အပြစ်အနာအဆာကင်းစင်သည့် ချောမောသည့်မျက်နှာမှ အကြည့်ကို မလွှဲပဲ ပြုံး၍ ပြန်ဖြေလိုက်သည်။
"နတ်ဘုရားနဲ့တူတယ်လို့ လူတွေပြောကြတာကို ဒီနေ့မှာတော့ ကျွန်မကိုယ်တိုင် သိခဲ့ရပြီ..."
လူငယ်က ရယ်လိုက်ပြန်သည်။
လူငယ်က ရယ်နေဆဲမှာပင် ချန်ရုံက နောက်သို့ ဆုတ်၍ တုံ့ဆိုင်းမှုမရှိပဲ ရထားလုံး၏ လိုက်ကာကို ချလိုက်ကာ လူငယ်နှင့် သူမ ကြား၌ အလွှာတစ်ခုကို ခြားလိုက်သည်။
ဝမ်ချီလန်၏ သာယာသောရယ်သံက ထွက်ပေါ်လာပြန်သည်။
"မင်း ဝန်ခံခဲ့တဲ့အတိုင်း မင်း ငါ့ကို နှစ်သက်တယ်ဆိုရင် ဘာဖြစ်လို့ ဒီလောက်မြန်မြန် ဆုတ်ခွာသွားရတာလဲ..."
ချန်ရုံက သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။
"အရှင့်ရဲ့ ရုပ်ရည်က အရမ်းကိုပဲ မြင့်မြတ်ထူးကဲလှပါတယ်...ဒါပေမယ့် ကျွန်မက လက်ထပ်ပြီး ကလေးတွေ မွေးချင်ပါသေးတယ်...ဒီနေ့ အရှင်နဲ့ တွေ့ပြီးတဲ့နောက်မှာ တခြား ယောင်္ကျားတွေကို ကျွန်မမျက်စိထဲမှာ ဘယ်လိုများ ကြိုက်နှစ်သက်နိုင်တော့မှာပါလဲ..."
ဝမ်ချီလန်က ထိုစကားကိုကြားသောအခါ ကျေနပ်သွားသည်။ ဝမ်ချီလန်၏ ရယ်သံကို ခဏမျှဆက်ကြားပြီးသောအခါ သာယာငြိမ့်ညောင်းသော ဗျပ်စောင်းသံက ထွက်ပေါ်လာပြန်သည်။
စမ်းရေကျသံကဲ့သို့ ကွေ့ပတ်စီးဆင်းလာသော ဂီတသံကြားတွင် ဝမ်ချီလန်က အနည်းငယ် ရယ်၍ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ လအနည်းငယ်က ဖျင်မြို့တော်ဆီကို ငါရောက်လာခဲ့တဲ့အချိန်တည်းက မပျော်ရွှင်ရခဲ့ဘူး...ဒီနေ့မှာတော့ ချန်အိမ်တော်က သခင်မလေးက သူ့ရဲ့ မိသားစုပိုင်ဆိုင်မှုတွေကို ခွဲဝေပေးတယ်လို့ ငါကြားခဲ့ရလို့ ဒီကို လာခဲ့တာ...ဒီကိုလာခဲ့ရတာ တကယ်ကို တန်ဖိုးရှိတဲ့ ခရီးပါပဲ..."
ထို့နောက် ဝမ်ချီလန်သည် ညင်သာစွာ အမိန့်ပေးလိုက်သည်။
"သွားမယ်..."
ထိုစကားလုံးနှစ်လုံးနှင့်အတူ ဂီတသံသည်လည်း ရပ်သွားတော့သည်။
ဝမ်ချီလန်၏ ရထားလုံးက ချန်အိမ်တော်ဆီသို့လာ၍ ပြန်ထွက်သွားသည့် အချိန်တစ်လျှောက်လုံးတွင် ဝမ်ချီလန်သည် ရထားလုံးဆီမှာ ခြေတစ်လှမ်းမခွာခဲ့သည့်အပြင် ချန်ရုံကိုလည်း ဝမ်အိမ်တော်နှင့်အတူ ခရီးသို့လိုက်ပါခဲ့ရန် မဖိတ်ခေါ်ခဲ့ပေ။
အသက်ကြီးရင့်နေသော အစေခံတစ်ဦးက ထွက်ခွာသွားသော ရထားလုံးကို နားမလည်စွာကြည့်၍ ချန်ရုံအား စိတ်မသက်မသာဖြင့် မေးလိုက်သည်။
"အားရုံ...ဝမ်အိမ်တော်ရဲ့ အခုလိုမျိုး အပြုအမူက ဘာလိုဆိုလိုချင်တာပါလဲ..."
ချန်ရုံက ရထားလုံးဆီမှ အကြည့်ကိုလွှဲလိုက်၍ ပျော်ရွှင်စွာပြုံးလိုက်သည်။
"ဘာကိုဆိုလိုတာလဲဆိုတော့ သူတို့က မနက်ဖြန်မှာ ကျွန်မတို့ကို သူတို့နဲ့အတူ ခရီးမှာလိုက်ပါခွင့်ပြုလိုက်ပြီဆိုတဲ့ သဘောပေါ့..."
Xxxxxxx