Chapter 6:
စတင်ထွက်ခွာခြင်း
ချန်အိမ်တော်သည် သူတို့လုပ်လက်စအလုပ်များကို ဆက်လုပ်ကိုင်နေကြသည်။ ကျန်ခဲ့သည့် အစေခံ တစ်ဒါဇင်ကျော်လောက်သည် အိမ်တော်တွင် ကျန်ရှိနေသည့် အဝတ်အစားများနှင့် ဆန်များကို မြင်းလှည်းများပေါ်သို့ တင်နေကြသည်။
ချန်ရုံသည် ပိုင်ဆိုင်မှုများကို ခွဲဝေပေးလိုက်သည့်အတွက် သူမ၏ပစ္စည်းများကိုသယ်ရန် မြင်းလှည်း ဆယ်စီးသာလိုတော့သည်။ သုံးစီးက ဆန်နှင့် ပိုးထည်များကိုသယ်၍ တစ်စီးက ချန်ရုံ၏အဝတ်အစားများကိုသယ်ကာ ကျန် ခြောက်စီးကတော့ ဝါးပုရပိုက်များကို သယ်ဆောင်မည်ဖြစ်သည်။
အတိတ်၌ ချန်ရုံသည် ရွှေသစ်ရွက်များဖွက်ထားသောစာပေပုရပိုက်များကိုသယ်ရန် လှည်းတစ်စီးကိုသာ အသုံးပြုခဲ့သည်။ ကျန်လှည်းများကို အခြားပစ္စည်းများသယ်ရန် အသုံးပြုခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့သောကြောင့် တောင်ပိုင်းသို့ရောက်သောအခါ ချန်ရုံသည် အဆင့်အတန်းနိမ့်ကျသည်ဟုဆိုကာ နှိမ်ခြင်း၊ ကဲ့ရဲ့ခြင်းများ ခံခဲ့ရသည်။ ချန်ရုံသည် လှည်းများဖြင့် တန်ဖိုးရှိသည့် စာပေများကို မသယ်ပဲ အဝတ်အစားများကိုသာ သယ်ခဲ့သည့်အတွက် ပညာရှိများက ချန်ရုံအား အပြစ်တင်ဝေဖန်ခဲ့ကြသည်။
လေထုထဲ၌ပင် အိန္ဒြေရှိမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့ ပျံ့နှံ့နေသည့် ခေတ်တွင် ယဉ်ကျေးမှုအဆင့်အတန်းနိမ့်ကျသည်ဟု ပြောဆိုခံရခြင်းသည် မိန်းမပျိုတစ်ဦး၏အနာဂတ်ကို လုံးဝပျက်စီးသွားစေနိုင်သည်။ တောင်ပိုင်းသို့ရောက်သည့်အချိန်မှ ဆယ်နှစ်တိုင်တိုင် ချန်ရုံသည် သူမ သိတတ်သမျှအားလုံးကို ကြိုးစားလုပ်ခဲ့သော်လည်း ပျက်စီးသွားခဲ့သော ဂုဏ်သိက္ခာကိုတော့ ပြန်အဖက်ဆယ်၍ မရခဲ့ချေ။
အရာရာသည် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဤည၌ ချန်အိမ်တော်၏ ဝန်းခြံတံခါးများသည် တင်းကြပ်စွာ ပိတ်ထားကြသည်။ ညက တဖြည်းဖြည်း ရင့်လာသည်နှင့်အမျှ မမျှော်လင့်ထားသော ဧည့်သည်များလည်း တစ်ဦးတစ်ယောက်မှ ရောက်မလာကြပေ။ ထိုသည်မှာလည်း ချန်ရုံ၏ ပစ္စည်းများကို ဝေခြမ်းလိုက်သောလုပ်ရပ်က တစ်မြို့လုံးပျံ့သွားပြီဖြစ်သောကြောင့် အံ့ဩစရာမဟုတ်ပါ။ မည်သို့သောသော သူခိုးက သူ့အသက်ကိုရင်း၍ ဤမျှနည်းပါးသောပစ္စည်းလေးကို လာခိုးမည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့မနက်သို့ ရောက်ရှိလာသည်။
မနက်စောစောတွင် ဝမ်အိမ်တော်ထံမှ ချန်အိမ်တော်မှလူများသည် မြို့၏တောင်ဘက်တံခါး၌ သူတို့နှင့်လာဆုံတွေ့ရမည်ကို အကြောင်းကြားရန် အစေခံတစ်ယောက်ရောက်လာသည်။
ထိုအချိန်၌ ချန်အိမ်တော်သည် ပစ္စည်းများကို ထုပ်ပိုးပြီးစီးပြီဖြစ်သည်။ ချန်ရုံသည် မြင်းရထားပေါ်သို့ တက်၍ တွေ့ဆုံရမည့်နေရာသို့ စထွက်ခဲ့ကြတော့သည်။
လမ်းများ၌ ရထားလှည်းများဖြင့် ပြည့်ကျပ်နေသည်။ ဤကဲ့သို့သော အခြေအနေ၌ လူတိုင်းသည် တောင်ဘက်တံခါးသို့သာ အလုအယက် ထွက်ခွာနေကြသည်။
ချန်ရုံ၏ ရထားလုံးက လမ်းပေါ်၌ သွားနေစဉ်တွင် လူများသည် ချန်ရုံအား ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသည်။ တီးတိုးပြောဆိုသံများကိုလည်း ချန်ရုံ ကြားနေရသည်။
"အဲ့ဒါ ချန်အိမ်တော်က အားရုံလေ..."
"လှလိုက်တာနော်..."
"မနေ့က သူက သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးလိုက်တယ်လို့ ငါကြားတယ်...အခု သူ့ရဲ့ နောက်လိုက်တွေကို ကြည့်ပါဦး...ကြီးမားတဲ့ ချန်အိမ်တော်က အခု လှည်း တစ်ဒါဇင်စာလောက်ပဲ ကျန်တော့တယ်...ဒါဆိုရင် ငါကြားတဲ့သတင်းက မှန်နေတာပေါ့..."
"မှန်တာပေါ့...ကောင်းကင်ဘုံက ဆင်းသက်လာတယ်လို့ ပြောကြတဲ့ ဝမ်ချီလန်ကိုယ်တိုင်တောင် သွားပြီးပြီလေ..."
"ဒီလို အခက်အခဲနဲ့ကြုံတွေ့တဲ့အချိန်မှသာ လူတွေရဲ့ အတွင်းစိတ်ရင်းကပေါ်လာကြတာ...အားရုံဟာ လူကသာ ငယ်ပေမယ့် အခုလိုခေတ်ပျက်ကြီးမှာတောင်မှ ငွေကြေးထက် ဂုဏ်သိက္ခာကို ရွေးချယ်ခဲ့တယ်လို့ငါကြားတယ်...အဲ့ဒီလို လုပ်ဖို့ဆိုတာ အရမ်းခက်ခဲတယ်...တကယ်ကိုပဲ ခက်ခဲလှပါတယ်..."
ထိုကဲ့သို့သော စကားများကြားတွင် ချန်ရုံသည် ညင်သာစွာသာပြုံး၍ မျက်လွှာကိုသာ ချလိုက်သည်။
မကြာမီတွင် ချန်ရုံသည် တောင်ဘက်ဂိတ်တံခါးဝသို့ရောက်သွားတော့သည်။ ဂိတ်တံခါး၌ အလံများတလူလူလွင့်နေသော ဝမ်အိမ်တော်၏ စီတန်းထားသည့် လှည်းများကို မျက်စိတစ်ဆုံး မြင်လိုက်ရသည်။ မြင်ကွင်းကတော့ တကယ်ပင် ရင်သပ်အံ့ဩဖွယ်ကောင်းပါသည်။
ချန်ရုံ၏ရထားလုံးက တံခါးနားသို့ရောက်လာသောအခါ အသက်နှစ်ဆယ်ခန့် လူငယ်တစ်ယောက်က ချန်ရုံနားသို့ မြင်းဖြင့် ရောက်လာ၍ အသံကို မြှင့်ကာမေးလိုက်သည်။
"မင်းက ချန်အိမ်တော်က အားရုံလား..."
"ချန်အိမ်တော်၏အားရုံ" ဆိုသော အမည်သည် မနေ့က တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ အတိတ်ကသာဆိုလျှင်တော့ ထိုလူငယ်သည် ချန်ရုံအား "ချန်မိန်းကလေး" ဟုပင် ခေါ်မည်ဖြစ်သည်။
ချန်ရုံက ရထားလုံး၏ လိုက်ကာကို ဆွဲဖွင့်၍ ပြန်ဖြေလိုက်သည်။
"ကျွန်မက ချန်ရုံပါ..."
လူငယ်သည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၍ ချောမောသည့် မျက်နှာသွင်ပြင်ရှိသည်။ လူငယ်က ရယ်လိုက်၍ မှတ်ချက်ချလိုက်သည်။
"မင်းက တကယ်ပဲ လှပတယ်ဆိုတာ ငါကိုယ်တိုင် မြင်လိုက်ရပါပြီ...ချန်အိမ်တော်က လူနည်းနည်းပဲ ရှိတာဆိုတော့ လှည်းတန်းရဲ့ အလယ်ကနေ လိုက်သင့်တယ်...အဲ့လိုက ပိုပြီး လုံခြုံလိမ့်မယ်..."
ချန်ရုံ၏ သေးငယ်၍ လှပသော မျက်နှာလေး၌ ကျေးဇူးတင်မှုများ ပြည့်သွားသည်။ သူမသည် ရထားလုံးထဲ၌ ထိုင်နေလျက်ကပင် လူငယ်အား ခါးညွှတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဝူလန်..."
ဝမ်ဝူလန်သည် ခေါင်းကိုခါ၍ တောက်ပသောမျက်လုံးများဖြင့် ချန်ရုံကို စိုက်ကြည့်ကာ အကဲခတ်လိုက်သည်။
"ချီလန်ရဲ့စကားအရဆိုရင် ချန်အိမ်တော်ရဲ့ အားရုံက မိန်းမပျိုတစ်ဦးဖြစ်ပေမယ့် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ ပြောဆိုနေထိုင်တတ်တယ်လို့ ငါသိထားတယ်...အခုလိုမျိုး ဟိတ်ဟန်ကြီးတဲ့ အားရုံနဲ့ကြုံတွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိခဲ့ဘူး..."
ဝမ်ဝူလန်သည် ပြောနေရင်းဖြင့် စိတ်ပျက်သည့်ပုံဖြင့် ခေါင်းကိုခါနေသည်။
ချန်ရုံက နှုတ်ခမ်းကိုတင်းတင်းစေ့၍ ပြုံးလိုက်ကာ စိတ်ထဲ၌ တွေးနေမိသည်။
ရှင်ကလည်း ဝမ်ချီလန်မှမဟုတ်ပဲ...ရှင့်ရှေ့မှာသာ တရိုတသေ မနေပြရင် ကျွန်မကို ရှင်တို့က ဝိုင်းပယ်ကြတော့မှာလေ...
ဝမ်ဝူလန်၏ လမ်းညွှန်မှုအောက်တွင် ချန်အိမ်တော်၏လှည်းများသည် အတန်း၏ အလယ်သို့ ရောက်သွားကြသည်။ ဝမ်အိမ်တော်မှ လှည်းများသည် များပြားလွန်းသောကြောင့် ရည်ရွယ်ချက်ဖြင့် ကြိုးစားလျှင်တောင်မှ လှည်းတန်း၏အဆုံးသတ်ကို တွေ့နိုင်မည်မဟုတ်ချေ။ ထိုလှည်းများနှင့်ယှဉ်လျှင် ချန်အိမ်တော်၏ လှည်းများက သနားစရာဖြစ်နေသည်။
လမ်းတွင် ဝမ်အိမ်တော်မှ လူများ၏ တီးတိုးပြောသံများအရ ဤတစ်ခေါက်တွင် ဝမ်အိမ်တော်နှင့်အတူ ခရီးသို့ လိုက်ပါလိုသော အိမ်တော်အသေးများ များစွာရှိသည်ဟု ချန်ရုံသိခဲ့ရသည်။ ထိုအိမ်တော်အများအပြားသည် ချန်ရုံ၏ သန္တာကျောက်ထက်ပင် ပို၍ အဖိုးထိုက်တန်သော လက်ဆောင်ပစ္စည်းများ ပေးကမ်းခဲ့ကြသော်လည်း ဝမ်အိမ်တော်က အားလုံးကို ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။
ချန်အိမ်တော်မှ လှည်းများအားလုံး လှည်းတန်းထဲသို့ ပူးပေါင်းမိသည်နှင့်တစ်ပြိုင်နက် လှည်းတန်းသည် အားအင်အပြည့်ဖြင့် စတင်ထွက်ခွာတော့သည်။ မြင်းများ၏ ပြေးနေသောခွာများကြောင့် ထွက်လာသောဖုန်များသည် လူအုပ်အား ဖုံးလွှမ်းသွားတော့သည်။
ချန်ရုံသည် တဖြည်းဖြည်းနှင့် ဝေးကွာသွားသော မြို့ရိုးများကို လှည့်၍ ကြည့်နေမိသည်။ သူမ၏မှတ်ဉာဏ်များအရ နောက်တစ်လအကြာတွင် မြင်းစီးလူရိုင်းများသည် မြို့တော်ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်သည်။ ထို့နောက် မြို့တော်၌ ကျန်ရှိနေသောလူများဆီမှ ပစ္စည်းများကို တိုက်ခိုက်လုယူ၍ ဤကျန်းနန်နယ်လေးကို ပြာပုံဖြစ်အောင် မီးလောင်တိုက်သွင်းလိုက်တော့သည်။
သူမ ယခင်ဘဝမှစ၍ ဤဖျင်မြို့တော်၌ ဆယ့်ငါးနှစ် နေထိုင်ခဲ့ရသော်လည်း ယခုတွင်တော့ မြို့တော်သည် သူမ၏မှတ်ဉာဏ်ထဲမှ အမည်တစ်ခုအဖြစ်သာ ကျန်ရှိတော့မည်ဖြစ်သည်။ ရင်းနှီးခဲ့ရသော အိမ်တော်၏ခြံဝန်းနှင့် သွားလာနေသောလူများကို ညများ၌ ချန်ရုံ၏အိပ်မက်များထဲတွင်သာ မြင်ရတော့မည်ဖြစ်သည်။
ထိုသို့ စဉ်းစားမိ၍ ချန်ရုံသည် သက်ပြင်းတစ်ခုကို ညင်ညင်သာသာ ချလိုက်မိသည်။
ရုတ်တရက် ဝမ်ဝူလန်၏ ရယ်သံက ထွက်ပေါ်လာသည်။
"အားရုံ ဘာဖြစ်လို့ သက်ပြင်းတွေချနေတာလဲ..."
ချန်ရုံက အသံခပ်တိုးတိုးဖြင့် ဖြေလိုက်သည်။
"ဒီနေရာကို ဘယ်တော့မှပြန်မတွေ့ရတော့မှာကိုစဉ်းစားပြီး ဝမ်းနည်းလာမိလို့ပါ..."
ထိုအခါတွင်တော့ ဝမ်ဝူလန်သည်လည်း တိတ်ဆိတ်သွားတော့သည်။
လေးနာရီမျှ ခရီးသွားပြီးသောအခါ ဝမ်ဝူလန်သည်လည်း အိမ်ရှင်တစ်ယောက်အနေဖြင့် ဧည့်ဝတ်ပြုနေရသည်မှာ ပင်ပန်းလာသောကြောင့် ချန်ရုံကို နှုတ်ဆက်ကာ အဖွဲ့၏ အရှေ့သို့ ပြန်သွားတော့သည်။
ချန်ရုံသည် မျက်လုံးများကို မှိတ်၍ အနားယူနေလိုက်သည်။ ခပ်လှမ်းလှမ်းမှ ဝမ်မိန်းကလေးများ၏ ရယ်သံကိုကြားနေရသည်။ ထိုမိန်းကလေးများသည် အိပ်ခန်းဆောင်များ၌သာ တစ်သီးတစ်သန့် ကြီးပြင်းလာရသဖြင့် အိမ်၏ ပြင်ပသို့ လက်မအနည်းငယ်မျှလောက်သာ ထွက်ဖူးကြမည်ဖြစ်သည်။ ထို့ကြောင့် ယခုတွင် အိမ်မှာ ထွက်ပြေးနေရကြသည်ဖြစ်သော်လည်း သူတို့အတွက်တော့ ခရီးသည် ဘဝ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံးကိစ္စကြီးပင်ဖြစ်နေတော့သည်။
နေ့လည်၌ အဖွဲ့သည် နေ့လည်စာစားရန် ပြင်ဆင်ကြသည်။
ချန်ရုံသည် ရထားလုံးထဲ၌ ထိုင်နေရင်းဖြင့် မြက်ခင်းပြင်ပေါ်၌ ဖြန့်ထားကြသော နှစ်ဖက်လှပိုးချည်ခင်းများနှင့် ပိုးထိုင်ဖုံများကို ကြည့်၍တိတ်ဆိတ်စွာပင် ခေါင်းခါနေမိသည်။
စားပွဲများဆီမှာ အသားနှင့် ဝိုင်အရက်၏အနံ့များက ဝေ့ဝဲလာသည်။ လူငယ်လေးများနှင့် မိန်းမပျိုလေးများ တစ်ဦးချင်းစီ၏ရှေ့တွင် အစားအသောက်များနှင့် ပြည့်နေသော စားပွဲလေးလုံးကို ခင်းကျင်းထားသည်ကို ချန်ရုံ သတိထားလိုက်မိသည်။
ထိုလူငယ်လူရွယ်များသည် မကုန်သည့်စားကြွင်းစားကျန်များကိုလည်း ဒီတိုင်းပင် လွှင့်ပစ်လိုက်မည်ဖြစ်ကြောင်း ချန်ရုံသိထားသည်။
ချန်ရုံသည် ခဏမျှစဉ်းစားလိုက်၍ ရှေ့မှ ရထားလုံးမောင်းနေသော အဖိုးစွင်းကို ပြောလိုက်သည်။
"အဖိုးစွင်း...အရှေ့ကို မောင်းပေးပါ..."
"ဟုတ်ကဲ့..."
ဝမ်အိမ်တော်မှလူများ စားသောက်နေကြသည့်အချိန်တွင် ချန်ရုံ၏ရထားလုံးက ဖြတ်သန်းသွားသောကြောင့် မျက်လုံးတစ်ဒါဇင်ခန့်က ချန်ရုံ့ဘက်သို့ လှည့်လာကြသည်။ မလှမ်းမကမ်းမှ ဝမ်ဝူလန်က မတ်တပ်ရပ်လိုက်ကာ ဖန်ခွက်ကိုမြှောက်၍ ပြုံးပြလိုက်သည်။
"အားရုံ ဒီကိုရောက်နေတာလား...လာပါ လာပါ ဒီမှာ တူတူလာစားပါ..."
ချန်ရုံက ခေါင်းခါပြလိုက်၍ ဝမ်ဝူလန်အား အနည်းငယ် အရိုအသေပေးလိုက်ကာ အဖိုးစွင်းအား ဝမ်အိမ်တော်၏အကြီးအကဲ ဝမ်ကျောရှိရာသို့ မောင်းရန် ပြောလိုက်သည်။
ချန်ရုံသည် ဝမ်အိမ်တော်၏ လူစုထံသို့ တစ်ချက်လှမ်းကြည့်လိုက်၍ ဝမ်ချီလန်ကို မတွေ့သောအခါ အကြည့်ကို အမြန်ပြန်လွှဲလိုက်သည်။
ချန်ရုံသည် ရထားလုံးပေါ်မှ ဆင်း၍ နေ့လည်စာစားနေသော ဝမ်ကျောကို မျက်နှာချင်းဆိုင်လိုက်ကာ ကြည်လင်သောအသံလေးဖြင့် ပြောလိုက်သည်။
"မင်္ဂလာပါ သခင်ကြီးဝမ်..."
ဝမ်ကျောက ချန်ရုံကို မြင်လိုက်ရ၍ အံ့ဩသွားသည်။ သူ၏ ဝိုင်းစက်သောမျက်နှာ၌ အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။
"မင်းက အားရုံမဟုတ်လား...ဘာဖြစ်လို့ ဒီကို လာရတာပါလဲ..."
"ကျွန်မပြောချင်တာလေးတစ်ခုရှိလို့ပါ သခင်ကြီး..."
ချန်ရုံက အရိုအသေပေး၍ ပြောလိုက်သည်။
"ပြောပါ..."
"အခု တောင်ပိုင်းကိုသွားတဲ့ခရီးလမ်းမှာ ကျွန်မတို့လို အထက်တန်းလွှာမျိုးရိုးတွေအပြင် တောင်ပိုင်းကို ရွှေ့ပြောင်းနေကြတဲ့ သာမာန်လူတန်းစားတွေလည်း အများကြီးရှိပါတယ်...ကျွန်မရဲ့အမြင်ကို နှိမ့်ချစွာပြောရရင် အဲ့ဒီ သာမာန်လူတန်းစားတွေဟာ သူတို့ပိုင်ဆိုင်မှုတွေအားလုံးကို သယ်ဆောင်ခဲ့ကြရင်တောင်မှ အဲ့ဒီပစ္စည်းတွေဟာ ဆယ်ရက် အလွန်ဆုံး လဝက်လောက်ဆိုရင် ကုန်သွားကြမှာပါ..."
ဝမ်မိသားစုသည် လောလောဆယ်၌ စားသောက်နေကြခြင်းဖြစ်သည်။ ချန်ရုံက ရုတ်တရက်ပေါ်လာ၍ ဤကဲ့သို့ စကားများလာပြောနေသောအခါ ဝမ်အိမ်တော်မှ မိန်းမပျိုလေးများက မျက်မှောင်ကျုံ့ကုန်ကြတော့သည်။
စားသောက်နေတဲ့အချိန်နဲ့ အိပ်နေတဲ့အချိန်တွေမှာ စကားမပြောရဘူးလို့ ငါတို့ ငယ်ငယ်တည်းက သင်ခဲ့ကြရတာလေ...ဒီ ချန်အိမ်တော်က အားရုံက တခြားလူတွေ စားသောက်နေကြတဲ့အချိန်မှာ ဒီလိုစကားတွေလာပြောနေတာ အရမ်းရိုင်းတာပဲ...ရောက်လာပြီးတော့လည်း ညစ်ပတ်ပြီး အောက်တန်းကျတဲ့ ဆင်းရဲသားတွေအကြောင်းလာပြောနေတယ်...ဘယ်လိုတောင် မစဉ်းစား မဆင်ခြင်တတ်တာလဲ...ဒီအမျိုးသမီးကို အရမ်းကို ချီးမွမ်းနေတဲ့ ချီလန်ရဲ့ မျက်လုံးတွေက ပျက်စီးကုန်ပြီထင်ပါရဲ့...
ချန်ရုံက သူ့ကို မကျေမနပ်နှင့်ကြည့်နေသော အကြည့်များကို သတိထားမိသော်လည်း ပြုံးသာပြုံး၍ ဆက်ပြောလိုက်သည်။
"ဂုဏ်သိက္ခာရှိခြင်း မရှိခြင်းတွေက ဝမ်းဝနေမှသာ စဉ်းစားနိုင်တယ်လို့ ပြောစကားရှိပါတယ်...အားရုံရဲ့ အမြင်အရတော့ ဒီသာမာန်လူတန်းစားတွေဟာ သူတို့ရဲ့ အစားအသောက်တွေ ကုန်သွားတဲ့အချိန်မှာ ဆာလောင်မှုနဲ့ အအေးဓာတ်တွေကြောင့် လုပ်မိလုပ်ရာ လုပ်ကုန်ကြလိမ့်မယ်လို့ ထင်မိပါတယ်..."
ချန်ရုံ၏မျက်လုံးများက စားပွဲများပေါ်၌ အလျှံအပယ်ဖြစ်နေသော အစားအသောက်များကို လှမ်းကြည့်လိုက်သည်။
"ဘေးဒုက္ခရောက်နေတဲ့လူ တစ်ယောက် နှစ်ယောက်ကတော့ ကြောက်စရာမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် ဒုက္ခရောက်သူတွေ ထောင်နဲ့သောင်းနဲ့ ရှိလာတဲ့ရင်ရော ဘယ်လိုလုပ်ကြပါမလဲ...ဒီလို ကပ်ဆိုက်နေတဲ့အချိန်မျိုးမှာ အစားအသောက်တွေကို ခြိုးခြံချွေတာသင့်တယ်လို့ ကျွန်မ ထင်မိပါတယ် သခင်ကြီးရှင့်..."
ချန်ရုံသည် ပြောပြီးသွားသောအခါ ဝမ်ကျောအား ထပ်၍ အရိုအသေပေးလိုက်၍ အဖိုးစွင်းအား ရထားလုံးကို ပြန်လှည့်ခိုင်းလိုက်သည်။
ချန်ရုံ၏ ရထားလုံးလှည့်ထွက်လိုက်ချင်းမှာပင် အထင်အမြင်သေးစွာဖြင့် ရယ်လိုက်သော ရယ်သံများကို ကြားလိုက်ရသည်။
"ချန်အိမ်တော်က အားရုံက တကယ်ကို စိတ်ပူပင်တတ်တဲ့ အဖွားကြီးကျနေတာပဲ...ဘာမဟုတ်တဲ့ဆင်းရဲသားတွေကို ကြောက်နေတယ်...သူကိုယ်တိုင်ကတော့ ပစ္စည်းတွေကို လျှောက်ပေးပစ်ပြီး ငါတို့ကိုလာပြီး ချွေတာခိုင်းနေတယ်..."
Xxxxx