Chapter 7:
ဆင်းရဲသားဒုက္ခသည်များ(၁)
ပြန်လှည့်လာပြီးသောအခါ အဖိုးစွင်းက စိတ်ပျက်စွာဖြင့် ချန်ရုံ့အား ပြောလိုက်သည်။
"အဲ့ဒီ ဝမ်မိန်းကလေးဟာ အရမ်းရိုင်းစိုင်းတာပဲ...အားရုံက ကောင်းတဲ့စိတ်နဲ့ ပြောတဲ့ဟာကိုကွယ်..."
အဖိုးစွင်းက ပြောရင်းဖြင့် ချန်ရုံအား လှည့်ကြည့်လိုက်သည်။ သို့သော် သူမြင်လိုက်ရသောချန်ရုံသည် မျက်လုံးများက ကြည်လင်တောက်ပနေ၍ စိတ်ပျက်နေခြင်းလည်း အနည်းငယ်မျှပင် မရှိချေ။
နေ့လည်စာစားပြီးကြသောအခါ အဖွဲ့သည် ခရီးဆက်ကြပြန်သည်။
ညစာစားချိန်တွင်လည်း ဝမ်အိမ်တော်မှ လူများသည် ပုံမှန်လိုပင် စားကောင်းသောက်ဖွယ်များ အလျှံအပယ်စားကြပြန်သည်။ သူတို့ကို ကြည့်ရသည်မှာ ထွက်ပြေးနေရသည်နှင့်မတူပဲ ပျော်ပွဲစားထွက်နေသည်နှင့်ပင်တူတော့သည်။
နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ဝမ်မိန်းကလေးများ၏ တက်ကြွမှုများသည်လည်း ဆုတ်ယုတ်လာတော့သည်။ တဖြည်းဖြည်းနှင့် ညည်းညူသံများကို ချန်ရုံ ကြားလာရသည်။
ဝမ်ချီလန်သည် အခြား ပညာရှိတစ်ဦးနှင့် သွားရောက်တွေ့ဆုံနေသဖြင့် သူတို့နှင့် အတူ ပါမလာခြင်းဖြစ်ကြောင်းကို ထိုအချိန်မှ ချန်ရုံသိလိုက်ရသည်။
ဆောင်းဦးရာသီထဲသို့ ဝင်ကာစပြုနေပြီဖြစ်သောကြောင့် ရာသီဥတုက မပူအိုက်တော့ပေ။ သို့သော လှည်းများနှင့် လူများ သွားလာသည့်လမ်းတစ်လျှောက်တွင် ဖုန်များက အလိပ်လိုက်ထ၍ လူများကို ညစ်ပေစေကုန်သည်။
ထိုသို့ ဖုန်များဖြင့် ညစ်ပေကုန်သောအခါ အထက်တန်းလွှာတို့၏ အမူအကျင့်များကို အမြဲကျင့်သုံးသော ဝမ်မိသားစုတို့သည် တစ်နေ့၌ ရေကို အခါပေါင်းများစွာ ချိုးနေကြတော့သည်။ ထို့ကြောင့် သူတို့သည် တစ်နေ့ကို မိုင် ၂၀၊ ၃၀ မျှသာ ခရီးတွင်လေသည်။
သူတို့သည် ထိုပုံစံအတိုင်း ခုနစ်ရက်တိုင်တိုင် ခရီးဆက်သွားနေခဲ့သည်။ လမ်းပေါ်၌ ဒုက္ခသည်များကလည်း တဖြည်းဖြည်းပို၍ များလာသည်။ ဆင်းရဲသားများသည်လည်း တောင်ပိုင်းသို့ အလုအယက် သွားနေကြခြင်းဖြစ်သည်။ ထိုဆင်းရဲသားများသည် သူတို့ယူဆောင်လာသည့် ရိက္ခာများကုန်သွားသောအခါ ဝမ်မိသားစု၏ လှည်းတန်းနောက်မှ တကောက်ကောက်လိုက်နေကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစုများ စားသောက်ပြီးသည့်အခါ စားကြွင်းစားကျန်များ များစွာကျန်သောကြောင့်ဖြစ်ပေသည်။
ဝမ်အိမ်တော်မှလူများသည် သူတို့နောက်သို့လိုက်သော လူများ တဖြည်းဖြည်းများလာသည်နှင့်အမျှ ပို၍ စိတ်ညစ်လာကြသည်။ ထိုညစ်ပတ်နေသော ဒုက္ခသည်များသည် ဖုန်၊အညစ်အကြေးများနှင့် ပေကျံကာ နံစော်နေကြသည်။ လှည်းယာဉ်များ၏ အနောက်မှ လိုက်လာကြသောအခါ လေက ထိုအနံ့များကိုသယ်ဆောင်၍ မိုင်ပေါင်းများစွာအထိ ထိုအနံ့ဆိုးများက ပျံ့နေတော့သည်။ သို့သော် ဝမ်အိမ်တော်မှလူများသည် သူတို့၏ နာမည်ကောင်း ပျက်မည်စိုး၍ ဒုက္ခသည်များအား နှင်ထုတ်ခြင်းကဲ့သို့သော လုပ်ရပ်များကို လုပ်၍ မဖြစ်ပေ။ သူတို့သည် ရေချိုးချိန်ကိုလျှော့၍ ခရီးသွားနှုန်းကို ပို၍မြှင့်တင်ခြင်းကိုသာ လုပ်နိုင်လေသည်။
ချန်ရုံကတော့ ထိုကိစ္စများနှင့်ပတ်သတ်၍ ဘာအခက်အခဲမှ မရှိပေ။
သူမသည် ချန်အိမ်တော်၏ တစ်ဦးတည်းသော သခင်မလေးသာဖြစ်သည်။ ထမင်းစားချိန်များတွင်လည်း ရိုးစင်းသော ထမင်းတစ်ပန်းကန်ကိုသာစားသည်။ စားသောက်ပြီးသောအခါတွင်လည်း ဝမ်အိမ်တော်မှ လူများကဲ့သို့ ရွက်ဖျင်တဲကြီးများထိုး၍ မအိပ်ပဲ သူမ၏ ရထားလုံးပေါ်၌သာ နေသည်။
ခုရက်ပိုင်းတွင် ချန်ရုံသည် ရထားလုံးထဲ၌ တစ်နာရီခန့်သာနေ၍ လမ်းလျှောက်၍သော်လည်းကောင်း၊ မြင်းစီး၍သော်လည်းကောင်းသာ လိုက်ပါနေတတ်သည်။
ချန်ရုံသည် ကိုယ်ခံပညာရပ်များ ကျွမ်းကျင်သည့်အပြင် ခန္ဓာကိုယ်ကလည်း သန်မာသောကြောင့် ရပ်နားစရာမလိုပဲ အဖွဲ့နှင့်အတူ မိုင်ပေါင်းများစွာ လိုက်နိုင်ပေသည်။
"စားသောက်ဖို့နားကြစို့..."
မြင်းခွာသံများကြားတွင် မြင်းစီးသမားတစ်ဦးသည် အဖွဲ့၏ အနောက်သို့သွားကာ အော်ဟစ်သွားသည်။
သူမ အနောက်ဘက်ရှိ နီရဲ၍တောက်ပနေသော နေကို ကြည့်ကာ မြင်းပေါ်မှာ ဆင်းလိုက်သည်။
ထိုအချိန်တွင် လူတိုင်းသည် တဲများထိုးခြင်း၊ အစားအသောက်များပြင်ဆင်ခြင်းများဖြင့် အလုပ်ရှုပ်နေကြပြန်ပြီဖြစ်သည်။
ချန်ရုံပြန်လာသည်ကို တွေ့သောအခါ အထိန်းတော်ဖျင်သည် အစားအသောက်များကို ရထားလုံးပေါ်သယ်နေရင်းနှင့် ခပ်တိုးတိုးပြောလိုက်သည်။
"မမလေးရေ...မမလေး ပြောသလိုပဲဖြစ်နေပြီ..."
အထိန်းတော်ဖျင်သည် ပြောရင်းဖြင့် ခြေလှမ်းသုံးရာခန့် အဝေး၌ ရှိသော ဝမ်အိမ်တော်မှလူများကို လှမ်းကြည့်လိုက်သည်။
နေသည် အနောက်ဘက်သို့ ဝင်စပြုနေ၍ စိမ်းလန်းဆဲဖြစ်သော ပေါ့ပလာပင်များပေါ်၌ ရွှေရောင်နေခြည်များ ဖြာကျနေစေသည်။ ထိုပေါ့ပလာပင်များအောက်တွင် နှစ်ဖက်လှပိုးချည်ခင်းများကို ဖြန့်ထား၍ စားပွဲများကို ခင်းကျင်းထားသည်။ ထိုစားပွဲများနောက်တွင်တော့ ကြွယ်ဝ၍ တောက်ပြောင်သောအဝတ်အစားများနှင့် ဖိနပ်များကို ဝတ်ဆင်ထားသော ဝမ်အိမ်တော်မှ မိသားစုများ ထိုင်နေကြသည်။ သူတို့ကိုကြည့်ရသည်မှာ အလွန်လှပချောမောကြ၍ နေရောင်အောက်တွင် ကောင်းကင်မှ နတ်သမီး၊ နတ်သားများကဲ့သို့ ဖြစ်နေကြသည်။
သို့သော် ထိုယဉ်ကျေးသိမ်မွေ့သော အမျိုးသားနှင့် အမျိုးသမီးများသည် မျက်စိမျက်နှာပျက်ကာ မျက်မှောက်များကြုတ်နေကြသည်။ သူတို့၏မျက်နှာများသည် မုန်းတီးခြင်းနှင့်အတူ စိတ်တိုခြင်းများလည်း ပေါ်လွင်နေသည်။ သူတို့သည် အစားအသောက်များကို ငေးကြည့်နေကြသော်လည်း မည်သူကမှ တူကိုပင် မမြှောက်နိုင်ကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုဝမ်မိသားစု၏အနောက်ဘက် ခြေလှမ်း သုံး လေးရာအကွာတွင် ဒုက္ခသည်များ အနည်းဆုံး အယောက် ၁၀၀ ခန့် ရှိနေကြသောကြောင့် ဖြစ်ပေသည်။ ထိုဆင်းရဲသားဒုက္ခသည်များသည် သူတို့၏ ဇနီးများနှင့် သားသမီးများကိုပါ ခေါ်လာကြကာ စုတ်ပြတ်သောအဝတ်အစားများဖြင့် ဝမ်မိသားစုအား ငေးကြည့်နေကြလေသည်။ အချို့ကလေးများဆိုလျှင် စားပွဲများပေါ်မှ စားစရာများနှင့် ဝိုင်အရက်များကို စိတ်ညှို့ခံထားရသကဲ့သို့ မျက်တောင်မခတ်တမ်းကြည့်နေ၍ သူတို့၏ ညစ်ပတ်သောပါးစပ်များမှ သွားရည်များပင် စီးကျနေကြလေသည်။
ထိုကဲ့သို့ ငေးကြည့်ခံနေရသောကြောင့် ဝမ်များသည် ယင်ကောင်ကို မြိုချလိုက်ရသကဲ့သို့ မသက်မသာဖြစ်နေကြသည်။ လူကြီးတစ်ဦးက ဝမ်ကျောနားသို့ ကပ်၍ တိုးတိုးလေးမေးလိုက်သည်။
"သခင်...ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ..."
ဝမ်ကျောက ခေါင်းခါပြလိုက်၍ ခွေးသားတစ်တုံ့ကို ပါးစပ်ထဲထည့်ကာ ခပ်တိုးတိုးပင် ပြန်ပြောလိုက်သည်။
"လျစ်လျူရှုထားလိုက်..."
"ဟုတ်ကဲ့..."
ဝမ်ကျောက လျစ်လျူရှုထားနိုင်သော်လည်း မိသားစုထဲမှ အငယ်များကတော့ မနေနိုင်ကြပေ။ အသက် ၁၅ နှစ် ၁၆ နှစ်ခန့် မိန်းမငယ်လေးတစ်ဦးသည် တူများကိုကိုင်ကာ ပန်းကန်လုံးထဲမှ ထမင်းစေ့များကို ရွံရှာစွာ ကောက်ယူ၍ ပြောလိုက်သည်။
"ဖေဖေရယ်...ဘာဖြစ်လို့များ ဒီဆင်းရဲသားတွေကို နှင်မထုတ်ရတာပါလဲ..."
သူမဘေးမှ လူငယ်လေးက ဝင်ပြောလိုက်သည်။
"သူတို့ကို နှင်ထုတ်ရတာကတော့ လွယ်တာပေါ့...ဒါပေမယ့် တောင်ပိုင်းက လူတွေက ငါတို့ ဆင်းရဲသားတွေကို ဒီလိုဆက်ဆံတယ်ဆိုတာ သိသွားခဲ့ရင် ငါတို့ရဲ့မိသားစုပဲ နာမည်ပျက်မှာပဲ..."
"ကြည့်ရတာ မထူးဆန်းဘူးလား..."
အခြားလူရွယ်တစ်ဦးက ဝင်ပြောလိုက်သည်။
"ဒီဆင်းရဲသားတွေက အရင်တုန်းက ငါတို့ကို ခယဝပ်တွားပြီး ခြေထောက်ကို ကုန်းနမ်းတဲ့အထိ ဘုရားသခင်လိုမျိုးဆက်ဆံခဲ့တာ...အခုမှ ဘာဖြစ်လို့ ဒီလို မလေးမစားအပြုအမူမျိုးတွေ လုပ်နေရတာလဲ..."
ထိုမေးခွန်းသည် သူတို့၏ကိုယ်ပိုင်ကမ္ဘာလေးထဲ၌သာ ကြီးပြင်းလာခဲ့ကြရ၍ "ဆာလောင်မှု" ဆိုသော စကားလုံး၏ အဓိပ္ပာယ်ကို နားမလည်ကြသော လူငယ်လေးများအတွက် အကျပ်ရိုက်စရာဖြစ်သွားသည်။ လူတိုင်းက ထိုကိစ္စကိုစဉ်းစားနေကြချိန်တွင် မိန်းကလေးတစ်ဦးက ထအော်လိုက်သည်။
"ဟေး ဒါက ချန်အိမ်တော်က အားရုံပြောခဲ့သလိုပါပဲလား...သူ့ကို တစ်ယောက်ယောက်သွားခေါ်လိုက်ပါလား...ဘာဖြစ်လို့ အခုလိုတွေ ဖြစ်နေရတာလဲ မေးကြည့်ကြရအောင်..."
ထိုမိန်းကလေး၏ စကားဆုံးသည်နှင့် စိတ်ပူနေသည့်ပုံပေါက်သော်လည်း ခပ်ဆတ်ဆတ်ပြောလိုက်သည့် အသံတစ်သံ ထပ်ထွက်ပေါ်လာသည်။
"မခေါ်ရပါဘူး...အဲ့ဒီ ချန်ရုံက ဒီစကားတွေကို လုပ်ကြံပြောဆိုခဲ့တာပဲနေမှာ..."
ထိုပြောလိုက်သောအသံပိုင်ရှင်မှာ မေးစေ့ချွန်ချွန်နှင့် ရှည်လျားသေးသွယ်သောမျက်နှာပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် ဖြူဖွေးသောအသားအရည်နှင့် လှပသူဖြစ်ကာ ယခင်နေ့များက ချန်ရုံ့အား စိတ်ပူတတ်လွန်းသူဟုဆိုကာ လှောင်ပြောင်ရယ်မောခဲ့သူလည်း ဖြစ်သည်။ ယခု သူမကို ကြည့်ရသည်မှာ မျက်နှာအပျက်မခံနိုင်ဖြစ်နေသည့်ပုံပေါ်သည်။ ဝမ်လူငယ်များက ရယ်လိုက်ကြ၍ မျက်နှာဝိုင်းဝိုင်နှင့် မိန်းကလေးတစ်ဦးက မေးလိုက်သည်။
"ချန်ရုံက အစ်မကို ပြန်လှောင်မှာကိုကြောက်လို့လား အစ်မခုနစ်..."
[T/N: ၇ယောက်မြောက်သမီးဖြစ်သည့်အတွက် အစ်မခုနစ် ဟု ခေါ်ခြင်းဖြစ်ပါသည်။]
မေးစေ့ချွန်ချွန်ဖြင့် ချောမောသော မိန်းကလေးသည် တစ်ခုခုပြန်ပြောမည် ဟန်ပြင်လိုက်သော်လည်း မပြောဖို့ပင်ဆုံးဖြတ်လိုက်ကာ ပါးစပ်ပိတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဝမ်အိမ်တော်မှလူငယ်များသည် ထိုမိန်းကလေးအား ရယ်မောလိုက်ကြသော်လည်း ချန်ရုံဟူသောအမည်ကိုလည်း ထပ်မပြောကြတော့ချေ။
ထိုအချိန်၌ ရထားလုံးထဲတွင် ချန်ရုံသည် အစားအစာကို လုံလောက်စွာစားပြီးသောအခါ တူများကို ချလိုက်၍ အထိန်းတော်ဖျင်အား ပြောလိုက်သည်။
"ဒီရက်ပိုင်းမှာ သူတို့ရဲ့ လှည်းတွေထဲမှာပဲအိပ်ကြဖို့ တခြားလူတွေကိုပြောလိုက်ပါ...မလိုအပ်ပဲနဲ့လည်း တခြားနေရာတွေကို လျှောက်မသွားကြပါစေနဲ့..."
အထိန်းတော်ဖျင်သည် ချန်ရုံအား နားမလည်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ခဏကြာမှသာ "ဟုတ်ကဲ့..." ဟု ပြန်ဖြေလိုက်သည်။ သခင်မလေးသည် အိပ်မက်ဆိုးများမက်ပြီးသည့်အချိန်တည်းက တစ်နေ့တစ်ခြား ပြောင်းလဲလာခဲ့သည်။ အထိန်းတော်ဖျင်သည် သူမကိုယ်သူမ သတိမထားမိခင်မှာပင် သခင်မလေးအားရုံအပေါ်ကို ယုံကြည်ကိုးစားလာမိသည်။
အထိန်းတော်ဖျင်သည် ပန်းကန်များကိုသိမ်းဆည်း၍ ရထားလုံးပေါ်က ဆင်းလိုက်သည့်အချိန်မှာပင် သခင်မလေး၏ ခပ်တိုးတိုးညည်းတွားသံကိုကြားလိုက်ရသည်။
"အရင်က ငါ သူတို့ကို အားကျခဲ့မိတာ...တကယ်တော့ သူတို့က သစ်သားနဲ့ရွှံ့နဲ့လုပ်ထားတဲ့ အရုပ်မတွေနဲ့ ဘာမှမထူးပါလား..."
ချန်ရုံ၏အသံတွင် ကြီးစွာသော စိတ်ပျက်မှုများကို အတိုင်းသား ကြားနေရပေသည်။
ညဉ့်သည် တဖြည်းဖြည်းနက်လာသည်။
ယနေ့ည၌ လသည် ကောင်းကင်၌ တောက်ပစွာသာနေ၍ မြေပြင်သို့ ငွေရောင်အလင်းရောင်ခြည်များ ဖြန့်ကျဲပေးနေသည်။ ထိုကဲ့သို့ လသာသောညတွင် သေချင်လောက်အောင် စိတ်ညစ်နေကြသော ဝမ်လူရွယ်များသည်ပင် ကဗျာရွတ်ဆိုချင်စိတ်များပေါ်နေကြသည်။
ချန်ရုံသည် လေညှင်းလေးများကို အမွှန်းတင်နေ၍ လကို ကြည်နူးနေကြသော ဝမ်လူငယ်များထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
လရောင်အောက်တွင် ချန်ရုံ၏ နွဲ့နှောင်းသော ခန္ဓာကိုယ်နှင့် ကြည်လင်သောမျက်လုံးများသည် မဖော်ပြနိုင်သော လှပမှုတစ်ခုကို ဖန်တီးနေလေသည်။ ဝမ်လုလင်ပျိုများသည် မရည်ရွယ်ပဲ ချန်ရုံအား ငေးကြည့်နေမိကြသည်။
ဝမ်ဝူလန်က ဦးဆောင်ကာ ပြောလိုက်သည်။
"အားရုံ...ဒီည ကောင်းကင်မှာ လသာနေတယ်...မိုင်ပေါင်းများစွာအထိ တောက်ပနေတဲ့ အလင်းရောင်အောက်မှာ ငါတို့ ကဗျာတွေဖွဲ့ဖို့ ကြိုးစားနေကြတာ...ငါတို့နဲ့အတူ ပါဝင်ပါဦးလား..."
ဝမ်ဝူလန်၏စကားများအဆုံးတွင် မိန်းကလေးတစ်ဦးက လှောင်ရယ်ရယ်လိုက်သည်။
"အစ်ကိုငါး...အစ်ကိုက ချန်ရုံ့ကို ကဗျာဖွဲ့ခိုင်းနေတာလား...အဲ့လိုလုပ်မယ့်အစား သူ့အသက်ကိုပဲ တောင်းလိုက်ပါတော့လား..."
မိန်းကလေးက ထိုသို့ပြောလိုက်သည်နှင့် ရယ်သံများ ထွက်ပေါ်လာကြသည်။
လရောင်အောက်မှ ချန်ရုံ၏ လှပမှုကို ကြည့်၍ လုလင်ပျိုတစ်ဦးက မနေနိုင်ပဲ ဝင်ပြောလိုက်မိသည်။
"အားရုံက တကယ်ကို လှပတဲ့မိန်းပလေးပါ...မင်းလှပသလောက် ကဗျာတွေကိုလည်း လှပစွာ ဖွဲ့ဆိုနိုင်မယ်ဆိုတာ ငါယုံကြည်ပါတယ်..."
ခုနပြောသည့်မိန်းကလေးက ထပ်ရယ်လိုက်ပြန်သည်။
"ချန်အိမ်တော်ရဲ့ အားရုံက ကြာပွတ်တွေနဲ့ မြင်းတွေကိုပဲ ကြိုက်ပြီး ကဗျာတွေ စာချိုးတွေမကြိုက်တာကို ဖျင်မြို့တော်တစ်ခုလုံးအသိပဲလေ..."
ကြာပွတ်များအသုံးပြု၍ မြင်းများစီးနှင်ခြင်းများသည် မြောက်ပိုင်းမှ လှည့်လည်သွားလာသူများ ကြိုက်နှစ်သက်သောအရာများဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ဒေသမှလူများသည် မြောက်ပိုင်းမှ လူရိုင်းများကို အရိုးစွဲအောင်မုန်းတီးကြသည်။ ထိုမိန်းကလေး၏ ရယ်သံ၌ လှောင်ပြောင်နှိမ့်ချမှုများပါနေသည်မှာ အလွန်သိသာပေသည်။
ချန်ရုံသည် ထိုမိန်းကလေးအား လှည့်ကြည့်လိုက်သည်။ ထိုမိန်းကလေးသည် ယခင်နေ့က ချန်ရုံ့အား စိတ်ပူတတ်လွန်းသည်ဟူ၍ ရယ်မောခဲ့သော မိန်းကလေးပင်ဖြစ်သည်။
ချန်ရုံက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူမသည် လူအုပ်အား အရိုအသေပေးလိုက်၍ တင့်တယ်သော အမူအယာဖြင့် ပြောလိုက်သည်။
"ခွင့်လွှတ်ပါရှင်...ဒါပေမယ့် ကျွန်မ ပြောလိုက်တဲ့စကားတွေကို လမင်းကို ထိခိုက်သွားစေမှာ ကျွန်မစိုးရိမ်မိပါတယ်..."
ချန်ရုံသည် ထိုသို့ပြောပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။
ချန်ရုံ၏ စကားများသည် ချီးကျူးဖွယ်ကောင်းလောက်အောင် အထက်တန်းကျ၍ လူအုပ်အား ကြောင်အ၍ ကျန်ခဲ့စေသည်။ အချိန်အတော်ကြာသောအခါမှသာ ရယ်သံများထွက်ပေါ်လာသည်။ ရယ်သံများကို နားထောင်ရင်း ချန်ရုံသည် နှုတ်ခမ်းကိုတွန့်ကွေး၍ မဲ့ပြုံးပြုံးလိုက်မိသည်။ ချန်ရုံသည် ဒုက္ခသည်များ၏ပုံက မူမမှန်ဖြစ်နေ၍ မျက်လုံးများက ဂဏာမငြိမ်သည့်ပုံပေါ်နေသောကြောင့် လူများကို အသိပေးရန် ထိုနေရာသို့ လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်တော့ ချန်ရုံ မပြောချင်တော့ပေ။ ထိုအုပ်စု၌ အစောင့်များလည်း များစွာရှိနေသည်မဟုတ်ပါလား။ ဆင်းရဲသားဒုက္ခသည်များက အင်အားသုံး၍ အကြမ်းဖက်ခဲ့လျှင်တောင်မှ ထိုအုပ်စုကို တွန်းလှန်နိုင်မည့်ပုံမပေါ်ချေ။ ထို့ကြောင့် ချန်ရုံသည် ဒီအတိုင်းသာ ပြန်လှည့်ထွက်လာခဲ့တော့သည်။
Xxxxx