အပိုင်း ၈
Viewers 18k

Chapter 8: 


ဆင်းရဲသားဒုက္ခသည်များ(၂)


လသည် ပေါ့ပလာပင်များအထက်သို့ တဖြည်းဖြည်းရောက်လာ၍ အနောက်ဘက်သို့ ရွေ့လျားသွားသည်။ ထို့နောက် တိမ်များက ဖုံးလွှမ်းသွားသောကြောင့် လသည် ကောင်းကင်မှ ပျောက်ကွယ်သွားတော့သည်။


ဝမ်လူငယ်များ၏ ရယ်သံများသည်လည်း တဖြည်းဖြည်း တိုးတိတ်သွား၍ နောက်ဆုံး၌လုံးဝ တိတ်ဆိတ်သွားလေသည်။


ချန်ရုံ ရထားလုံးပေါ်၌ လှဲလျောင်းနေသော်လည်း အိပ်ချင်စိတ်တော့မရှိပေ။ မည်းမှောင်နေသော အပြင်ဘက်သို့ ခေါင်းစောင်း၍ ကြည့်လိုက်မိသည်။ အပြင်၌ မြေကြီးပေါ်၌ ထွန်း‌ထားသော မီးတိုင်တစ်တိုင်၏ အလင်းရောင်လေးသာ မှိန်ပျစွာ ရှိလေသည်။ လူတိုင်းအိပ်မောကျနေသည့် ညသန်းခေါင်အချိန်တွင် ထိုယိမ်းနွဲ့နေသော အထီးကျန်မီးအလင်းရောင်လေးနှင့်အတူ အထီးကျန်မှုနှင့် လျို့ဝှက်မှု‌တို့က လေထဲ၌ ဝေ့ဝဲနေသယောင်ယောင်။


ချန်ရုံ၏မျက်လုံးများသည် အမှောင်ထဲ၌ ပြူးကျယ်နေကြသည်။


ချန်ရုံ၏ နှုတ်ခမ်းများက အပေါ်ဘက်သို့ တွန့်ကွေးသွား၍ အပြုံးလေးတစ်ခု ပြုံးလိုက်သည့်အချိန်အထိ မည်မျှကြာအောင် အပြင်ဘက်သို့ ချန်ရုံ နားစွင့်နေမိမှန်းပင်မသိချေ။


ယခုတွင်တော့ ချန်ရုံ၏ တောက်ပသောမျက်လုံးများသည် တဖြည်းဖြည်း နီးကပ်လာသော အရိပ်အချို့ကို ကြည့်နေကြလေသည်။ ထိုလမ်းလျှောက်လာကြသော အရိပ်များထံမှ အသံများကိုလည်း ကြားနေရသည်။ တစ်ခါတစ်ခါတွင် အရိပ်အချို့သည် ယိမ်းယိုင်၍ လဲကျသွားသေးသည်။ ထိန်းချုပ်မရသော ပင့်သက်ရှိုက်သံများ၊ ချွဲသံများ နှင့် ချောင်းဆိုးသံများကိုလည်း ခပ်တိုးတိုးကြားနေရ၍ ခွေးဟောင်သံတိုးတိုးကိုလည်း ကြားနေရသည်။


ထိုအသံများသည် သာယာနာပျော်ဖွယ်မကောင်းသော်လည်း ညအမှောင်ထုထဲတွင်တော့ ကျယ်လောင်နေကြသည်။


ချန်ရုံသည် လှည်းယာဉ်တန်း၏ အရှေ့ဘက်သို့ရော အနောက်ဘက်သို့ရော သွားနေသည် ထိုအရိပ်များကို တိတ်ဆိတ်စွာပင် ကြည့်နေမိသည်။ လှည်းယာဉ်တန်း၏ အရှေ့သည် ဝမ်အိမ်တော်၏ အရေးပါသော အကြီးအကဲများ နေကြသည့်နေရာဖြစ်သောကြောင့် ပစ္စည်းဥစ္စာများစွာရှိလေသည်။ လှည်းယာဉ်တန်း၏ အနောက်ဘက်ကတော့ ဝမ်အိမ်တော်၏ အစားအသောက်များကို သိုလှောင်ရာနေရာဖြစ်သည်။


ထိုအရိပ်များသည် လှည်းတန်းများကြားသို့ ဝင်သွားပြီးနောက်တွင် ခွေးဟောင်သံသဲ့သဲ့နှင့် ပစ္စည်းများကို ဆွဲယူသွားသံများကို ချန်ရုံ ကြားနေရတော့သည်။


ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ အရိပ်များသည် အရွယ်အစားအမျိုးမျိုးသောအိတ်များကို သယ်ဆောင်၍ ထိုနေရာမှ ပြန်ထွက်စပြုနေကြပြီဖြစ်သည်။ ထိုအရိပ်များ ပြန်လှည့်ထွက်နေသည့်အချိန်မှာပဲ အခြားအရိပ်အဖွဲ့တစ်ဖွဲ့က ထပ်ရောက်လာသည်။


ထိုအချိန်၌ သေးငယ်သောအရိပ်လေးတစ်ခုသည် ရှေ့သို့ ပြေးသွားကာ တစ်စုံတစ်ခုနှင့်အသံမြည်ထွက်အောင် တိုက်မိသွားသည်။ တိုက်မိသည့်အသံက တိုးသော်လည်း အတိုက်ခံလိုက်ရသော အရာဆီမှ ညည်းညူသည့်အသံထွက်လာသည်။


"ငါ့ကို ဘယ်သူ ဝင်တိုးတာလဲကွ..."


ထိုအသံက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ခုန ပြောလိုက်သည့်အသံပိုင်ရှင်က မျက်လုံးများကိုဖွင့်လိုက်သည်။ ထိုလူသည် သူ၏ ကြေးဝါခေါင်းလောင်းကဲ့သို့ ကြီးမားသည့် မျက်လုံးများကို ဖွင့်ကာ သူ့ရှေ့မှ သေးကွေးသော ပုံသဏ္ဍာန်လေးကို စိုက်ကြည့်နေမိပြီးမှ ထိတ်လန့်စွာ ထအော်လိုက်သည်။


"မင်းတို့က ဘယ်သူတွေလဲ...ထကြစမ်း...တခြားလူတွေ ထကြစမ်း..."


လူတိုင်းသည်နှစ်ခြိုက်စွာအိပ်မောကျနေကြသော်လည်း ထိုလူ၏အသံထွက်ပေါ်လာသောအခါ ချက်ချင်းပင် ကုန်းထလိုက်ကြသည်။ ဆူဆူညံညံအသံများက လှည်းယာဉ်တန်းတစ်လျှောက် ပျံ့နှံ့သွားသည်။


ရုတ်တရက် အင်အားကြီးမားသော အသံတစ်သံက ထွက်ပေါ်လာသည်။


"စော်ကားလွန်းတဲ့ ဆင်းရဲသားကလေကဝတွေပါလား!..."


ထိုအော်သံနှင့်အတူ မီးတိုင်များ လင်းလာကြ၍ အဖွဲ့တစ်ဖွဲ့လုံးလည်း နိုးထလာကြတော့သည်။


ဝမ်အိမ်တော်၏အကြီးအကဲ ဝမ်ကျော၏အသံက ရုတ်တရက် မြည်ဟည်းလာသည်။


"ဒီဆင်းရဲသား ဒုက္ခသည်တွေကို တားကြစမ်း..."


ဝမ်ကျောသည် သူတို့ဆီမှ ခိုးယူပြီး၍ ယခု၌ နေရာအနှံ့သို့ ပြန့်ကျဲ၍ ထွက်ပြေးကုန်ကြသော အရိပ်များကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။


ဝမ်ကျော၏ အမိန့်ပေးသံနှင့်အတူ အဖွဲ့သည် ချက်ချင်း လှုပ်ရှားသွားတော့သည်။ ‌‌အစောင့်များသည် အဝတ်အစားအပြည့်အစုံပင် မဝတ်ရသေးပဲ ရွက်ဖျင်တဲများထဲမှ ပြေးထွက်လာကြသည်။ ပွက်လောရိုက်နေသော အော်ဟစ်ဆူညံသံများကြားတွင် မိန်းမငယ်တစ်ဦးသည် ခြေဗလာနှင့် ဆံပင်များကိုလည်း မစည်းနှောင်ရသေးပဲ ပြေးထွက်လာကာ ဒေါသထွက်စွာ အော်ဟစ်နေလေသည်။


"ကျွန်မရဲ့ ဆွဲကြိုးပါသွားပြီ...ကျွန်မရဲ့ တောင်ဘက်ပင်လယ်ထဲက ရခဲ့တဲ့ ပုလဲဆွဲကြိုးပါသွားပြီ..."


ဝမ်အိမ်တော်မှ နောက်ထပ်လူတစ်ယောက်က အော်လိုက်သည်။


"ဖမ်းကြစမ်း...သူတို့အကုန်လုံးကိုဖမ်းကြစမ်း...ဒီဆင်းရဲသားတွေက ငါတို့ပစ္စည်းကို ခိုးရဲကြ‌တယ်ပေါ့...ခရီးသွားနေတဲ့ ငါတို့လို အထက်တန်းလွှာတွေကို စော်ကားရဲတယ်ပေါ့...အစောင့်တွေ သူတို့ကို သတ်ပစ်ကြစမ်း...တစ်ယောက်မှမလွတ်စေနဲ့...တစ်ယောက်ကိုမှ အလွတ်မပေးနဲ့..."


ဆင်းရဲသားများနောက်သို့လိုက်နေကြသော အစောင့်များသည်လည်း တော်တော်ပင် စိတ်တိုနေကြသည်။ 


ဒီကောင်တွေက ဘာတွေလဲ...ဘယ်လောက်တောင်အစွမ်းတွေရှိနေကြလို့လဲ...


သို့သော် ထို ဘာလက်နက်၊ ဘာအစွမ်းမှမရှိကြသော ဆင်းရဲသားများသည် အစောင့်များရှိနေသည်ကိုတောင်မှ ဝင်၍ ပစ္စည်းများ ခိုးယူသွားရဲသေးသည်။ ထိုသို့သောအတွေးများဖြင့် ပြည့်နေသော အစောင့်များသည် ခုနက အော်သံကိုကြားသောအခါ သူတို့၏ ပိုဆူပွက်လာသော ဒေါသများကို ဆင်းရဲသားများပေါ်သို့ ပုံချမိကုန်တော့သည်။


ခဏအကြာတွင် ငယ်သံပါအောင် အော်ဟစ်လိုက်သော အော်သံသည် ညကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားတော့သည်။ ထိုအော်သံသည် နေရာအဝေးကြီးဆီသို့ပင်ပျံ့သွား၍ ရှန်းမင်းတောင်ကြားတစ်ခုလုံး၌ ပဲ့တင်သံများ ထပ်သွားလေသည်။


ထိုအသံသည် ရက်စက်စွာ အသတ်ခံလိုက်ရသော လူများ၏ အော်သံများဖြစ်ပေသည်။


ထိုအော်သံကြောင့် လူတိုင်းသည် တုန်လှုပ်သွားကြ၍ လုပ်နေသည့်အလုပ်များကို ရပ်လိုက်ကြသည်။


ထိုအခါမှ ဝမ်မျိုးနွယ် အကြီးအကဲ ဝမ်ကျောက အလျင်အမြန်အော်ဟစ်လိုက်သည်။


"သတ်နေတာတွေကို ရပ်စမ်း...သတ်နေတာတွေကို ရပ်ကြစမ်း..."


ဝမ်ကျော၏တုန်လှုပ်နေသောအသံက ကြောင်နေသောလူများကို အသိစိတ်ပြန်သွင်းပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။


မျက်လုံးများနီရဲနေကြသော ဒုက္ခသည်များက ထိုစကားများကိုကြားသောအခါ စိတ်အားထက်သန်မှုများပျောက်ကွယ်သွားကြသည်။ သူတို့သည် အချင်းချင်း အော်ဟစ်အချက်ပေး၍ နောက်ဆုတ်ရန်ပြောနေကြသည်။


ဝမ်ကျော၏အသံက ထပ်ထွက်လာပြန်သည်။


"လူကြီးမင်းတို့...မင်းတို့ယူထားတာတွေကို ပြန်ထားခဲ့ပါ...အဲ့လိုမှမဟုတ်ရင်တော့ နောက်မှ ငါတို့ကို အပြစ်မဆိုနဲ့..."


ဝမ်ကျော၏အသံထွက်ပေါ်လာချိန်တွင် မြင်းများစီးထားကြသော အစောင့်ပေါင်း တစ်ရာခန့်က ဆင်းရဲသားများကို ပတ်ပတ်လည်ဝိုင်းထားကြပြီဖြစ်သည်။


သူတို့ထွက်ပြေးလို့မရတော့သည်ကို တွေ့သောအခါ ဆင်းရဲသားဒုက္ခသည်များကြားမှ ရိုင်းစိုင်းသည့် အသံတစ်သံထွက်ပေါ်လာသည်။


"ညီအစ်ကိုတို့ ဒီအဖိုးကြီးပြောတာကို နားထောင်မနေပါနဲ့...ငါတို့သာ ဒီပစ္စည်းတွေကို မယူဘူးဆိုရင် ငတ်ပြတ်တဲ့ဒဏ်နဲ့ပဲ သေကုန်ကြရမှာ...အနှေးနဲ့အမြန် သေရမှာမထူးတဲ့အချိန်မှာတော့ မသေခင် ဒီလူတွေကိုပါ ပညာပေးသွားတာ ပိုမကောင်းဘူးလား..."


ထို့နောက် အနည်းငယ်နာမကျန်းဖြစ်နေပုံပေါက်သော အသံတစ်သံက ထပ်ထွက်လာသည်။


"သခင်ကြီးဝမ်...သခင်ကြီးတို့စားတဲ့ ထမင်းတစ်နပ်က ကျွန်တော်တို့လိုလူ အယောက်တစ်ရာကျော်ကို သုံးရက်လောက်စားဖို့ လုံလောက်ပါတယ်ခင်ဗျာ...စေတနာလေးထားပြီး ကျွန်တော်တို့ကို စားစရာလေးနည်းနည်းဝေမျှဖို့ တောင်းဆိုပါတယ်..."


ထိုဒုက္ခသည်များသည် ကိုယ့်နေရာကိုယ်သိကြသော ရိုးသားသူများသာဖြစ်သည်။ ဤကဲ့သို့ ချောင်ပိတ်မိသည်အထိ ဆင်းရဲဒုက္ခမရောက်ပါက ဤအထက်တန်းလွှာမှလူများကို ဘယ်တော့မှ ဓားပြတိုက်မည်မဟုတ်ချေ။ ထိုနာမကျန်းသူ၏စကားဆုံးသွားသောအခါ အခြားလူများကလည်း အော်ဟစ်တောင်းဆိုနေကြတော့သည်။


"သခင်ကြီးဝမ်...ကျွန်တော်တို့ကို စားစရာဝေမျှပါ..."


"စားစရာလေးနည်းနည်းပေးတာနဲ့ ထွက်သွားပေးပါ့မယ်..."


"ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့ကိုစားစရာပေးပါ...ခင်ဗျားတို့လုပ်ရမှာက နည်းနည်းလေးလျှော့စားလိုက်ရုံပဲလေ...အဲ့ဒီလို လျှော့စားလိုက်ရုံနဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာ..."


"စားစရာသာမရရင် အသက်လည်း မရှင်ချင်တော့ပါဘူး..."


"စားစရာ‌ရတာနဲ့ ကျွန်တော်တို့ယူထားတဲ့ ပစ္စည်းတွေကို ပြန်ပေးပါမယ်..."


အော်ဟစ်တောင်းဆိုသံများက ပို၍ကျယ်လောင်လာကာ မရပ်မစဲဖြစ်နေလေသည်။


လူငယ်‌လေးတစ်ဦးက ဝမ်ကျော၏အနားသို့ရောက်လာကာ ပြောလိုက်သည်။


"အဖေ မလုပ်ပါနဲ့...ဒီလိုဆင်းရဲသားတွေ အကျပ်ကိုင်တာကို ကျွန်တော်တို့ လိုက်မလုပ်သင့်ဘူး..."


"ဦးလေး ကျွန်တော်ကတော့ သူတို့ကို စားစရာနည်းနည်းပေးလိုက်သင့်တယ်လို့ ထင်တယ်..."


သူတို့ဘေး၌ရပ်နေသော အခြားလူငယ်တစ်ဦးက ဝင်ပြောလိုက်သည်။


ဝမ်ကျောက မျက်မှောင်ကျုံ့၍ လူငယ်‌များ တစ်ယောက်တစ်‌ပေါက်ပြောနေသည်ကို ရပ်စေရန် ညာဘက်လက်ကိုမြှောက်ပြလြိက်သည်။ ထို့နောက် စိတ်ညစ်ညူးစွာ အော်ပြောလိုက်သည်။


"သူတို့တွေကို စားစရာတွေပေးလိုက်...ဝမ်ယို..."


"ရှိပါတယ်ခင်ဗျ..."


"အဖွဲ့ကို အခုချက်ချင်း ခရီးစထွက်မယ်လို့ ညွှန်ကြားလိုက်..."


"ဟုတ်ကဲ့..."


"ဝမ်ယာ..."


"ရှိပါတယ်ခင်ဗျ..."


"အစောင့်တွေကို ဦးဆောင်ပြီး ဒီဒုက္ခသည်တွေကို လမ်းဘေးနေရာကို ခေါ်သွားလိုက်...အစားအသောက်တွေကို ချက်ချင်းဝေပေးမယ်လို့ပြောလိုက်...ပြီးရင် သူတို့ယူထားသမျှကို ပြန်ပေးခိုင်းလိုက်..."


ထို့နောက် ဝမ်ကျောသည် ကိုယ့်စိတ်ကိုယ် ပြင်တင်ကာ စိတ်မကောင်းသည့်လေသံဖြင့် ပြောလိုက်သည်။


"ဒီလောက် လုပ်ပေးထားတာတောင်မှ အကြမ်းဖက်ချင်တဲ့လူတွေရှိနေတယ်ဆိုရင် သတ်ပစ်ဖို့ လက်တွန့်မနေနဲ့..."


"ဟုတ်ကဲ့..."


"ငါတို့ထွက်သွားပြီးမှ စားစရာတွေပေးလိုက်...ပြောင်းဆန်ငါးအိတ်ကို ဖွင့်ပြီး ရထားလုံးကို မောင်းခဲ့...ပြောင်းဆန်တွေကို မြေပေါ်မှာပဲ ကျန်ခဲ့ပါစေ..."


ဝမ်ကျောက ပြောစရာရှိသည်များကို ပြောပြီးသွားသောအခါ ဝမ်လူငယ်များသည် ဝမ်းသာမှုဖြင့် ပြုံးရွှင်သွားကြသည်။


"ဒီလိုပဲဖြစ်ရမှာပေါ့..."


လုလင်ပျိုတစ်ဦးက ထပြောလိုက်သည်။


"ဒီလိုကောင်တွေက ငါတို့ကိုများ ရာရာစစ အကျပ်ကိုင်ရဲသေးတယ်...သူတို့ကို မြေကြီးပေါ်မှာ မှောက်ခိုင်းပြီး သဲတွေလူးနေတဲ့ ပြောင်းဆန်ကိုပဲ စားခိုင်းနိုင်မယ်ကွ..."


လေ့ကျင့်ထားသော အစောင့်များ၏ အားကိုးနိုင်မှုကိုတော့ ပြောစရာပင်မလိုပါချေ။ ဆာလောင်နေသော ဆင်းရဲသား အယောက်နှစ်ဆယ်သည် ထိုအစောင့်တစ်ယောက်ကိုပင် မယှဉ်နိုင်ချေ။ ထို့ကြောင့် အခြေအနေကို မကြာမီတွင်ပင် ထိန်းချုပ်နိုင်သွားသည်။ အချိန်တိုအတွင်းမှာပင် ခိုးယူခံရသောပစ္စည်းများ ပြန်ရသွားသည်။ ဘာလက်နက်မှမရှိသော ထိုဆင်းရဲသားဒုက္ခသည်များသည် ပြေးချင်လျှင်တောင်မှ ‌ခြေလှမ်းအနည်းငယ်ထက်ပို၍ မပြေးနိုင်ကြပါချေ။ သူတို့၏ ခေါင်းဆောင်အချို့အသတ်ခံရပြီးနောက်တွင် ဆင်းရဲသားဒုက္ခသည်များသည် လမ်းဘေး၌ရပ်၍ ဝမ်အိမ်တော်၏လှည်းတန်းကြီးထွက်သွားသည်ကို ကြည့်နေကြသည်။ သူတို့သည် ထိုကဲ့သို့ပင်ရပ်နေ၍ လှည်းယာဉ်တန်း၏နောက်ဆုံးလှည်းထံမှ ပြောင်းဆန်များ ထွက်ကျသွားသောအခါမှပင် သူတို့၏ ကူကယ်ရာမဲ့နေသောမျက်လုံးများသည် တောက်ပသွားကြတော့သည်။


ချန်ရုံသည် ဒုက္ခသည်များ၏ ပျော်ရွှင်စွာအော်ဟစ်သံများကို‌နားထောင်၍ ရထားလုံး၏နံရံကို ပျင်းရိစွာ မှီလိုက်သည်။


အရှေ့ဘက်ကောင်းကင်ဆီမှ တောက်ပသော အနီရောင်အလင်းတန်းများပေါ်ထွက်လာချိန်တွင် ဝမ်လှည်းယာဉ်တန်းသည် ဆင်းရဲသားဒုက္ခသည်များအား အောင်မြင်စွာ မျက်ခြေဖြတ်နိုင်ခဲ့၍ ထူထဲသော တောအုပ်ထဲသို့ ဝင်စပြုနေပြီဖြစ်သည်။


ထိုအချိန်၌ ချန်ရုံ၏ ရထားလုံးအပြင်မှ မြင်းခွာသံများကိုကြားလိုက်ရ၍ ယဉ်ကျေးစွာမေးလိုက်သံကိုလည်းကြားလိုက်ရသည်။


"သခင်မလေး နိုးနေပါပြီလားခင်ဗျာ...သခင်ကြီးဝမ်က သခင်မလေးကို တွေ့ချင်တယ်လို့ ပြောခိုင်းလိုက်လို့ပါ..."