အပိုင်း ၉
Viewers 18k

Chapter 9:


 မိုးခေါင်ရေရှားမှု(၁)


အဖိုးစွင်းက ထိုလူအား ပြန်မဖြေနိုင်ခင်မှာပင် ချန်ရုံက ထထိုင်လိုက်၍ နိုးကြားသည့်အသံဖြင့် ပြောလိုက်သည်။


"ကျွန်မ နိုးနေပါတယ်..."


"ကောင်းတယ်...ကောင်းတယ်..."


တစ်ဖက်လူက ပျော်ရွှင်သောအသံဖြင့်ပြောလိုက်သည်။


ချန်ရုံ၏ ရထားလုံးသည် ရွေ့လျားစပြု၍ မကြာမီတွင် လှည်းယာဉ်တန်း၏ အရှေ့သို့ရောက်သွားသည်။ ထိုအချိန်၌ ဝတ်ရုံနှင့် ဆံပင်ကို သပ်ရပ်အောင်ပြုပြင်ပြီးဖြစ်သော ချန်ရုံသည် ရထားလုံး၏ လိုက်ကာကို ဖွင့်ဟလိုက်သည်။


ဝမ်အိမ်တော်မှ ရထားလုံးများသည် လမ်းပေါ်၌ စီတန်းထားကြသည်။ ချန်ရုံ၏ ရထားလုံးက သူတို့နားသို့ရောက်လာသည်ကို မြင်သောအခါ ချန်ရုံ၏ဘက်သို့ အားလုံးပြိုင်တူနီးပါး လှည့်ကြည့်လိုက်ကြသည်။


ချန်ရုံက ထိုလူများ၏ အကြည့်ကို သူမ၏ တောက်ပသောမျက်လုံးများဖြင့် ရင်ဆိုင်လိုက်သည်။


ချန်ရုံ၏ အကြည့်ကိုခံလိုက်ရသည့် လူတော်တော်များများက ချန်ရုံကိုရင်မဆိုင်ရဲသည့်ပုံဖြင့် အကြည့်များလွှဲသွားကြသည်။ ချန်ရုံအား လှောင်ပြောင်ခဲ့သောမိန်းကလေးကိုတော့ အရိပ်အယောင်ပင်မတွေ့ရချေ။


ချန်ရုံ၏ ရထားလုံးသည် ဝမ်ကျော၏ ရထားလုံးနားသို့ မောင်းသွားလိုက်သည်။


ရထားလုံးနားသို့ မရောက်ခင်တွင်ပင် ဝမ်ကျော၏ ရယ်မောသံကထွက်ပေါ်လာသည်။


"အားရုံလား...လာ လာ ဒီနားကိုလာခဲ့...မင်းရဲ့ ဦးရီးတော်နဲ့ စကားလာပြောလှည့်ပါဦး..."


ဝမ်ကျော၏အသံက အလွန်ပင် နူးညံ့ကြင်နာနေသည်။


"ဟုတ်ကဲ့..."


ချန်ရုံက အရိုအသေပေး၍ ပြန်ပြောလိုက်သည်။


ဝမ်ကျောသည် သူ၏ရထားလုံးမှ လိုက်ကာများကို မထားပြီးဖြစ်သည်။ သူသည် ရထားလုံးထဲ၌ ထိုင်နေ၍ စူးရှသောမျက်လုံးအစုံဖြင့် ချန်ရုံအားကြည့်နေ၍ ချန်ရုံက ပြန်ကြည့်လိုက်သောအခါ သက်ပြင်းကြီးစွာ ချလိုက်သည်။


"အားရုံ...မင်းရဲ့ အရင်နေ့က သတိပေးမှုကို နားမထောင်ခဲ့မိတာ ငါအရမ်းကို နောင်တရမိတယ်..."


ဝမ်ကျော၏မျက်နှာသည် မနေ့ညက အဖြစ်အပျက်များကို ပြန်စဉ်းစားမိ၍ ရှုံ့တွသွားသည်။


ဝမ်ကျောသည် တကယ်ပင် နောင်တရမိပါသည်။ ယမန်နေ့ညက အဖြစ်အပျက်သည် ဝမ်အိမ်တော်၏ ကောင်းမွန်သောဂုဏ်သတင်းကို အမည်းစက်ထင်စေတော့မည်ဖြစ်သည်။ သူတို့သည် ဆင်းရဲသားဒုက္ခသည်အချို့ကို သတ်ပစ်ခဲ့ရသည့်အချက်သော်လည်းကောင်း၊ ခိုးယူခြင်းခံရသောပစ္စည်းများကို စားစရာများဖြင့် လဲလှယ်ယူခဲ့ရသည့်အချက်သော်လည်းကောင်း၊ မည်သည့်အချက်ပင်မဆို အိမ်တော်အား အပြစ်တင်ခြင်း ခံရတော့မည်ဖြစ်သည်။ ဝမ်ကျောအတွက်လည်း အနာဂတ်၌ နိုင်ငံရေးအလုပ်များတွင် မျက်နှာကောင်းရတော့မည်မဟုတ်ချေ။ ဘေးဒုက္ခသည်လေးအနည်းငယ်ကိုပင် ကောင်းမွန်စွာမထိန်းချုပ်နိုင်လျှင် တိုင်းပြည်ကိုယ်စား လူများကို အုပ်ချုပ်ရန် မည်သူက ဝမ်ကျောအား စိတ်ချနိုင်တော့ပါမည်နည်း။


ဝမ်ကျောသည် ချန်ရုံအား ကြည့်၍ ဂုဏ်သိက္ခာအပြည့်နှင့်ပြောလိုက်သည်။


"ငါ မင်းကို ဒီကိုခေါ်လိုက်ရတာက မင်းကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ချင်လို့ပါ...အားရုံ ဦးလေးဟာ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာကြီးမားတယ်ဆိုပြီး အထင်ကြီးမာန်တက်ခဲ့မိတယ်...ဒါပေမယ့် အခုတော့ ဦးလေးဟာ မင်းလို မိန်းမသားတစ်ဦးထက်တောင် နိမ့်ကျနေတယ်ဆိုတာ သိခဲ့ရပါပြီ..."


ဝမ်ကျော၏အသံသည် ရင်ထဲမှ တကယ်ပင်ရိုးသားစွာ ပြောဆိုနေခြင်းဖြစ်သည်။


သို့သော်လည်း ဝမ်ကျောသည် ရူးနှမ်း၍ ဘဝင်မြင့်ကာ အဖြစ်အပျက်များအတွက် နောင်တမရသည့်ပုံစံ မပေါ်ချင်လျှင်တော့ သူစိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူမအား တောင်းပန်ရမည်ဆိုသည်ကို ချန်ရုံသိထားလေသည်။


ထိုသို့တောင်းပန်ပြီးသောအခါ ဝမ်ကျောသည် ချန်ရုံသည် ငုံ့၍ အရိုအသေပေးလိုက်သောကြောင့် ချန်ရုံသည် ဘေးသို့ အမြန်တိုး၍ ရှောင်လိုက်ရသည်။ ထို့နောက် ချန်ရုံသည် ခေါင်းကို ငုံ့၍ ရိုသေစွာပြောလိုက်သည်။


"သခင်ကြီး ဘာဖြစ်လို့ ဒီလိုပြောရတာပါလဲ...အိမ်တော်တစ်ခုလုံးကို တောင်ပိုင်းကိုရွှေ့ပြောင်းဖို့ ဦးဆောင်ရတယ်ဆိုတာ အလွန်ကိုပဲ ကြီးမားတဲ့တာဝန်တစ်ခုပါ...အရမ်းကို အမြော်အမြင်ကြီးလွန်းတဲ့ ပညာရှိတွေတောင်မှာပဲ ကိစ္စလေးတစ်ခု နှစ်ခုကိုတော့ သတိမမူမိပဲ ဖြစ်တတ်ပါတယ်..."


ချန်ရုံ၏ နှစ်သိမ့်ပေးမှုက အရမ်းစိတ်သက်သာရာမရစေသော်လည်း ကြားရသည်မှာတော့ ကောင်းလေသည်။ ဝမ်ကျော၏မျက်နှာက ချက်ချင်းပင် ရွှင်ပျလာသည်။ ဝမ်ကျောသည် နှစ်ခါမျှသက်ပြင်းချလိုက်၍ ချန်ရုံအား ပြောလိုက်သည်။


"အားရုံ နောက်အနာဂတ်မှာ ဘာကိစ္စပဲဖြစ်ဖြစ် ငါ့ကို ပွင့်ပွင့်လင်းလင်းလာပြောပါ...မင်း စိတ်ထဲမှာ ပူပန်မိသမျှအရာအားလုံးကို ငါသိပါရစေ..."


"ဟုတ်ကဲ့ပါ သခင်ကြီး..."


ဝမ်ကျောက သက်ပြင်းချလိုက်ပြန်သည်။


ချန်ရုံသည် မျက်နှာညှိုးငယ်နေသော ဝမ်ကျောအား ကြည့်၍ အရိုအသေထပ်ပေးကာ ပြောလိုက်သည်။


"ဒါဆို ကျွန်မကို ပြန်ခွင့်ပြုပါဦး သခင်ကြီး..."


"သွားနိုင်ပါပြီ..."


ယခင်နေ့က အခက်အခဲများနှင့်ကြုံတွေ့ပြီးသောအခါ ဝမ်အိမ်တော်သည် ရိုးရှင်းခြင်းကို နားလည်သွားကြပြီဖြစ်သည်။ ထိုနေ့က နေ့လည်စာအတွက် မိသားစုဝင်တစ်ယောက်အတွက် ဟင်း ၄ ၅ ခွက်မျှသာ ရတော့သည်။


ချန်ရုံကိုလည်း ဝမ်မိသားစုအတွင်းသို့ တရားဝင်ဖိတ်ခေါ်လိုက်ကာ ထမင်းများလည်းတူတူစားစေ၍ ခရီးကိုလည်း အတူတူ သွားစေတော့သည်။


အဖွဲ့သည် ရက်နှစ်ဆယ်မျှ ခရီးသွားပြီးပြီဖြစ်၍ ဖျင်မြို့တော်မှ မိုင်ငါးရာအကွာအဝေးသို့ရောက်နေပြီဖြစ်သည်။ သူတို့၏ ခရီးသည် တစ်ဝက်ကျိုးနေပြီဖြစ်သည်။


ယ‌နေ့တွင်တော့ ပြင်ပမှ အသံသေးသေးလေးတစ်သံထွက်လာသည်။


"အစ်ကိုငါး...လမ်းရဲ့ဘေးနှစ်ဖက်လုံးက လယ်ကွင်းတွေက ခြောက်သွေ့နေတာပဲ..."


ဝမ်ဝူလန်က ပြန်ဖြေမည်အလုပ်တွင် ဘေးမှ အဝတ်စကို သိမ်းလိုက်သည့်အသံကိုကြားလိုက်ရသည်။ ထိုအသံမှာ ရထားလုံးမှ လိုက်ကာကို မလိုက်သံဖြစ်၍ အထဲမှ ချန်ရုံ၏ဦးခေါင်းက ထွက်ပေါ်လာသည်။


ဝမ်မိသားစုမှ လူငယ်များအားလုံးက ချန်ရုံအားလှည့်ကြည့်လိုက်ကြသည်။ သူတို့သည် ချန်ရုံနှင့် ရက်အနည်းသာ ခင်မင်ရသေးသော်လည်း ချန်ရုံသည် အသက်ငယ်သော်လည်း အရေးအကြောင်းနှင့်ကြုံလာလျှင် အလွန်တည်ငြိမ်သူဖြစ်ကြောင်းကို သိနေကြပြီဖြစ်သည်။ ချန်ရုံဤမျှ ကြောက်လန့်နေပုံကို ယခုမှသာ ပထမဆုံးမြင်ဖူးကြခြင်းဖြစ်သည်။


ချန်ရုံသည် ဝမ်လူငယ်များ၏ စပ်စုသောအကြည့်များကို လျစ်လျူရှု၍ လမ်း‌၏ဘေးတစ်ဖက်တစ်ချက်ရှိ လယ်ကွင်းများကိုသာ မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေလေသည်။ အချိန်အတော်ကြာသောအခါမှ လှည်းမောင်းနေသော အဖိုးစွင်းအားပြောလိုက်သည်။


"အဖိုးစွင်း...သခင်ကြီးဝမ်ဆီကို မောင်းလိုက်ပါ..."


"ဟုတ်ကဲ့ပါ အားရုံ..."


ရထားလုံးသည် ရှေ့သို့ မောင်းနှင်သွားလေသည်။


လူငယ်များ၏ အကြည့်များအောက်၌ပင် ချန်ရုံ၏ ရထားလုံးသည် ဝမ်ကျော၏ ရထားလုံးနား၌ ရပ်လိုက်သည်။


အထဲ၌ ချန်ရုံသည် ဝမ်ကျောအား အရိုအသေပေး၍ ပြောလိုက်သည်။


"သခင်ကြီးဝမ် ဒီခြောက်သွေ့နေတဲ့ လယ်ကွင်းတွေကို ကြည့်ပါဦး...ဒီနေရာတစ်ဝိုက်မှာ မိုးခေါင်ရေရှားမှုဖြစ်နေတယ်လို့ ကျွန်မထင်မိပါတယ်..."


ချန်ရုံ၏စကားမဆုံးခင်မှာပင် အနောက်မှ ရယ်သံ သုံးသံ ထွက်လာလေသည်။ တိုးတိတ်သော အသံသေးသေးလေးတစ်ခုကပြောလိုက်သည်။


"အဖေက အရင်တစ်ခေါက်က သူ့ကို သနားလို့ ကောင်းကောင်းမွန်မွန်လေးဆက်ဆံပေးလိုက်တာကို သူက သူ့ကိုယ်သူ တော်တော်ဟုတ်လှပြီ ထင်နေပုံရပါရဲ့..."


ထိုအသံပိုင်ရှင်မှာ ချန်ရုံအား အမြဲတစေ လှောင်ပြောင်နေသော ဝမ်အိမ်တော်၏ ခုနစ်ယောက်မြောက်သမီး ဟန်ယွင် ဖြစ်လေသည်။


ဝမ်ကျောက သူမ အား တောင်းပန်လိုက်သည့်နေ့မှစ၍ ချန်ရုံသည် ဝမ်ကျောအား တွေ့သည့်အခါတိုင်း ရို‌ကျိုးစွာပင် ဆက်ဆံခဲ့သည်။ ယနေ့အထိ ချန်ရုံသည် အခြားအကြံဉာဏ်တစ်ခုမှလည်း ထပ်မပေးရသေးချေ။


ဝမ်ကျောက မျက်မှောင်ကျုံ့၍ ခေါင်းကိုမော့ကာ လမ်းတစ်ဖက်တစ်ချက်မှ လယ်ကွင်းများကိုကြည့်လိုက်သည်။ ထိုလယ်ကွင်းများ၌ ရေတစ်စက်မှမရှိချေ။ သို့သော် ဤသို့လာသည့် လမ်းတစ်လျှောက်တွင်လည်း ရိတ်သိမ်းခါနီးသည့် လယ်ကွက်များသည် ခြောက်သွေ့နေကြသည်ကို ဝမ်ကျော အမှတ်ရသွားသည်။


ထို့ကြောင့် ဝမ်ကျောသည် ချန်ရုံအား ခေါင်းငြှိမ့်ပြလိုက်သည်။


"ဒီလို လာသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အားရုံ..."


ဝမ်ကျော၏အသံ၌ စိတ်မရှည်မှုအနည်းငယ် ပါဝင်နေလေသည်။


ထိုအရာကို သတိထားမိသွားသောအခါ ချန်ရုံသည် အနည်းငယ်ပြုံး၍ ဝမ်ကျောအား အရိုအသေပေးလိုက်ကာ ရထားလုံးကို နောက်သို့ ပြန်ဆုတ်ခိုင်းလိုက်သည်။


ချန်ရုံ၏ရထားလုံးက ဝမ်ကျော၏ရထားလုံးနားမှ ထွက်ခွာလာသည်နှင့် ဝမ်အိမ်တော်၏ ခုနစ်‌ယောက်မြောက်သမီး ဟန်ယွင်သည် ချန်ရုံ့အား အော်ပြောလိုက်သည်။


"ချန်အိမ်တော်ရဲ့ အားရုံ...နင့်ရဲ့ ခပ်ကြောင်ကြောင် အတွေးတွေနဲ့ လူအထင်ကြီးအောင်လုပ်ပြနေပြန်ပြီလား..."


ချန်ရုံက ပြုံးလိုက်သည်။ ဝမ်ကျောက သူမ အား အကဲခတ်နေဆဲရှိသည်ကို ချန်ရုံ လှည့်ကြည့်စရာမလိုပဲ သိနေပါသည်။


"နင်ငါ့ကို မယုံရင်..."


ချန်ရုံက အသံကို အနည်းငယ်မြှင့်၍ လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။


"အနီးအနားက ရွာသားတွေကိုမေးကြည့်လိုက်လေ...ဒါမှမဟုတ်လည်း အရှေ့မှာ ရှိနေမယ့် ဒုက္ခသည်တွေကို မေးကြည့်လိုက်...အဲ့ဒါမှ ငါပြောတဲ့စကား မှန် မမှန် သိနိုင်မှာပေါ့..."


ဝမ်ဟန်ယွင်က နှာခေါင်းရှုံ့ကာ လှောင်ရယ်ရယ်လိုက်သည်။ ထို့ကြောင့် မလိုမုန်းထားသော အကြည့်ဖြင့်ပြောလိုက်သည်။


"အဲ့ဒီလို ဆင်းရဲသားတွေကို မေးဖို့ ငါ အားမနေဘူး..."


ဟန်ယွင်က မျက်လုံးတစ်ချက်ဝေ့လိုက်ပြီးမှ ချန်ရုံ၏ရထားလုံးက မောင်းထွက်သွားသည်ကို မြင်သောအခါ အော်ပြောလိုက်ပြန်သည်။


"နင် သူတို့ကို တကယ်သွားမေးမလို့တော့ မဟုတ်ဘူးမလား..."


ဟန်ယွင်က ပြောရင်းဖြင့်‌ လှောင်ရယ်ရယ်လိုက်ပြန်သည်။


"အားရုံ ငါပြောတာကို နားထောင်စမ်းပါ...နင်က မိန်းမတစ်ဦးပဲလေ...ဘာဖြစ်လို့ အရာရာကို လိုက်ပြီး ခေါင်းထဲထည့်နေရတာလဲ...နင့်ရဲ့ ဉာဏ်ကောင်းမှုကို လူတွေက အသိအမှတ်ပြုပြီး နန်းတွင်းမှာ ရာထူးတစ်နေရာရဖို့မျှော်လင့်နေတာတော့ မဟုတ်ဘူးမလား..."


ချန်ရုံကတော့ ထိုစကားများကို ခေါင်းထဲပင်မထည့်ချေ။


ချန်ရုံသည် ရထားလုံးကို ဆက်မောင်းလာစေ၍ လှည်းယာဉ်တန်း၏ အလယ်နေရာသို့ ပြန်လာလိုက်သည်။ ချန်အိမ်တော်၏နေရာသို့ရောက်သောအခါ ‌လေးနက်စွာ ပြောလိုက်သည်။


"အခုအချိန်ကစပြီး ရေတွေ့တာနဲ့ ရပ်ပြီး သယ်ခဲ့ဖို့မမေ့ပါနဲ့...စည်ပိုင်းတွေအားလုံး ရေမပြည့်မချင်း ကျွန်မတို့ ထွက်လို့မရဘူး...ပြီးတော့ အခုကစပြီး ဘယ်သူ့ကိုမှ ရေချိုးခွင့်မပြုတော့ပါဘူး...ရေအလွန်အမင်းဆာတဲ့အချိန်ကလွဲလို့ စည်ပိုင်းထဲက ရေတွေကို မသုံးကြပါနဲ့..."


ထိုစကားများကို ချန်ရုံပြောလိုက်သည်နှင့်တစ်ပြိုင်နက် ချန်အိမ်တော်မှ လူအုပ်သည် နားမလည်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ခဏကြာသောအခါမှ "ဟုတ်ကဲ့ပါ သခင်မလေး..." ဟု ပြန်ဖြေလိုက်ကြသည်။


ချန်ရုံက ရထားလုံးထဲသို့ ပြန်ဝင်သွားလိုက်သည်။ ထို့နောက် မည်းညှို့နေသောကောင်းကင်ကို ကြည့်၍ ရထားလုံးထဲမှ ခေါင်းပြူကာ ပြောလိုက်သည်။


"အထိန်းတော်ဖျင်...ကျွန်မတို့မှာရှိသမျှ အထည်တွေကို ရေစိုအောင်လုပ်ပြီး လှည်းပေါ်ကို တင်ထားခိုင်းလိုက်ပါ..."


ဤအကြိမ်၌ လူများသည် ပို၍ပင် အံ့ဩသွားကြလေသည်။ သူတို့သည် ကြာမြင့်စွာ ရပ်နေကြ၍ ချန်ရုံ၏ချောင်းဆိုးသံကိုကြားမှသာ ချန်ရုံပြောသည်ကိုလုပ်ရန် ‌ပြေးသွားကြတော့သည်။ အထိန်းတော်ဖျင်သည် ချထားသောလိုက်ကာများကို ကြည့်၍ အဖိုးစွင်းအား ခပ်တိုးတိုးပြောလိုက်သည်။


"ကျွန်မတို့ရဲ့ သခင်မလေး ဘာဖြစ်သွားတာလဲမသိဘူးနော်...ဘာဖြစ်လို့ အလုပ်မဟုတ်တာတွေကို ရေးကြီးခွင်ကျယ်လုပ်နေပါလိမ့်..."


အဖိုးစွင်းက ခေါင်းကိုခါလိုက်သည်။ အဖိုးစွင်းသည် ဘေးနား၌ ရပ်နေကြသောလူများကိုကြည့်၍ ညင်သာစွာပြောလိုက်သည်။


"ဒီတစ်ခေါက်မှာတော့ သခင်မလေးကိုကြည့်ရတာ အရမ်းကိုထူးဆန်းနေတယ်...မင်းတို့အားလုံး သခင်မလေးပြောတာကို တိတ်တိတ်ဆိတ်ဆိတ်လုပ်ပြီး ဘယ်သူ့ကိုမှ လျှောက်မပြောကြပါနဲ့..."


"ဟုတ်ကဲ့ပါ အဖိုးစွင်း..."