Chapter 10
: မိုးခေါင်ရေရှားမှု(၂)
ချန်အိမ်တော်မှ အစေခံများသည် အတူကြိုးစားလုပ်သော်လည်း စည်ပိုင်း သုံးလုံးနှင့် ခွက်အသေးလေးများသာရှာတွေ့ကြသည်။ စည်ပိုင်းသုံးလုံးတွင် တစ်လုံးက ချန်ရုံ ရေချိုးရန်သုံးသည့်စည်ပိုင်းဖြစ်၍ ကျန်နှစ်လုံးက အစေခံများသုံးရန်ဖြစ်သည်။
ဆယ်မိုင်ကျော်ခန့် ဆက်သွားပြီးသောအခါ သူတို့ရှေ့၌ ရေကန်တစ်ကန်ကို တွေ့လိုက်ရသည်။ ချန်အိမ်တော်မှ အစေခံများက စည်ပိုင်းကြီးသုံးလုံးနှင့် သစ်သားခွက်များကို ရေများအပြည့်ဖြည့်၍ ရှိသမျှ အဝတ်အထည်များကိုလည်း ရေများ ဆွတ်လိုက်ကြသည်။
ဝမ်ကျောသည် ချန်အိမ်တော်မှလူများက ရေကန်ဆီသို့ ခေါက်တုံ့ခေါက်ပြန်သွားနေကြသည်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ခဏမျှ စဉ်းစားပြီးသောအခါ ဘယ်ညာလှည့်၍ အော်လိုက်သည်။
"စည်ပိုင်းတချို့ထဲ ရေသွားဖြည့်လာခဲ့ကြစမ်း..."
ဝမ်ကျော၏အမိန့်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။ ဝမ်လူငယ်တစ်ယောက်က ထပြောလိုက်သည်။
"ဦးလေး...ဘာဖြစ်လို့ မိန်းမတစ်ယောက်ပြောတဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်နေတာလဲ..."
ဝမ်ကျောက ချက်ချင်းပင် ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်။
"လှည်းအလွတ်တွေကို ဘယ်နေရာမှာ အသုံးချမလို့လဲ...မင်းတို့ကရော ဘာဖြစ်လို့ အရမ်းစကားများနေရတာလဲ...သွားဖြည့်ဆို သွားဖြည့်ကွာ..."
ခရီးသွားသည့် ရက်နှစ်ဆယ်အတွင်းတွင် ဝမ်အိမ်တော်ရော ချန်အိမ်တော်ရောတို့သည် ယူဆောင်လာသည့် ရိက္ခာတော်တော်များများကို စားပြီးကြပြီဖြစ်သည်။ ထို့ကြောင့် လှည်းအလွတ်များ များစွာရှိနေ၍ ရေများသယ်ဆောင်ရန် အဆင်သင့်ပင်ဖြစ်နေလေသည်။
ဝမ်ကျော၏အော်ဟစ်မှုအောက်တွင် မည်သူမျှ ပြန်မပြောရဲတော့ချေ။ ထို့ကြောင့် ချန်အိမ်တော်မှ လူများလုပ်နေသည့်အတိုင်း ရေများ ဖြည့်ရတော့သည်။ သို့သော် ခိုင်းသည်ကို မလုပ်ချင်လုပ်ချင်နှင့် ဝတ်ကျေတမ်းကျေသာ လုပ်ကြသောကြောင့် ဝမ်အိမ်တော်မှလူများသည် စည်ပိုင်း အလုံး ၂၀ သာ ရေဖြည့်လိုက်ကြသည်။
လှည်းယာဉ်တန်းက ရှေ့ဆက်သွားသောအခါ ရှေ့ဆယ်မိုင်အတွင်းတွင် ရေများပြည့်နေသော ရေကန်ကြီးသုံးကန်ကို ဖြတ်သန်းသွားခဲ့ရသည်။ ထိုကြည်လင်၍ လှိုင်းများထနေသော ရေများကိုကြည့်၍ ဝမ်များသည် ခေါင်းများကို ယမ်းခါကုန်ကြသည်။ ဝမ်ကျောသည်လည်း မျက်စိပျက် မျက်နှာပျက်ဖြစ်ကာ နောင်တရနေမိသည်။
ဒီကောင်မလေးက သူ့ကိုယ်သူ ပညာရှိဟန်ဆောင်နေတဲ့ မိုက်မဲတဲ့ ကောင်မလေးပဲ...ငါ ဘာဖြစ်လို့များ သူ့စကားတွေကိုနားထောင်ပြီး သူပြောတာတွေကို ယုံခဲ့မိပါလိမ့်...အခုတော့ ငါက လှောင်ပြောင်စရာလူကြီးဖြစ်နေပြီ...
ညနေတွင် အဖွဲ့သည် ရေကန်ကြီးတစ်ကန်နား၌ စခန်းချလိုက်သည်။ ဝမ်လူငယ်များ၏ လှောင်ပြောင်သောအကြည့်အောက်တွင် ချန်ရုံသည် လှည်းခရီး၌ ဖိတ်စင်သွားသော စည်ပိုင်းများကို ရေအပြည့်ပြန်ဖြည့်ရန် အစေခံများအား တိတ်တဆိတ်ညွှန်ကြားလိုက်သည်။ ထို့နောက် အထိန်းတော်ဖျင်၏ အကူအညီဖြင့် ချန်ရုံသည် ရေကန်၏ သန့်ရှင်းသောနေရာ၌ ရေချိုးသန့်စင်လိုက်သည်။
ချန်ရုံသည် သူမကိုယ်သူမ ရေချိုးသန့်စင်သည်သာမက အိမ်တော်မှ လူတစ်ဖွဲ့လုံးကိုလည်း သေချာသန့်စင်စွာ ရေချိုးခိုင်းလိုက်သည်။
ကံကောင်းစွာပင် ချန်ရုံနောက်သို့ လိုက်လာကြသူအကုန်လုံးသည် ချန်မိသားစုအပေါ်သစ္စာစောင့်သိကြသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏သခင်မလေးက အလုပ်မဟုတ်သည်ကို ရေးကြီးခွင်ကျယ်လုပ်နေသည်ဟု တွေးမိစေကာမူ အစေခံများသည် ချန်ရုံ၏ အမိန့်ကို ဘာမှပြန်မပြောပဲ တသွေမတိမ်း နာခံကြသည်။
နောက်တစ်နေ့မနက်စောစောတွင် ချန်ရုံသည် အစေခံများက အဝတ်အထည်များကို ရေထပ်ဆွတ်စေ၍ ချန်ရုံကိုယ်တိုင်လည်း ရေတစ်ခါထပ်ချိုးပြီးမှ ထွက်ခွာလာကြသည်။
ယနေ့၌ အရှေ့ဘက်မှ နေထွက်လာသည်နှင့်တစ်ပြိုင်နက် မိုးကုပ်စက်ဝိုင်းသည် ရဲရဲနီနေတော့သည်။
အထိန်းတော်ဖျင်က ကောင်းကင်ကိုမော့ကြည့်၍ ရထားလုံးထဲသို့အော်ပြောလိုက်သည်။
"မမလေး ဒီနေ့ကတော့ ခြစ်ခြစ်တောက်ကို ပူမယ့်ပုံပဲ..."
ရထားလုံးထဲမှ "အင်း..." ဟုပြောလိုက်သော ချန်ရုံ၏အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
မနေ့က နေ့လည်မှစ၍ ချန်ရုံသည် ဝမ်မိသားများက အကြည့်ကို မခံချင်သောကြောင့် လှည်းယာဉ်တန်း၏ အလယ်နေရာသို့ ပြန်လာခဲ့သည်။
အဖွဲ့သည် ရှေ့ဆက်သွားလိုက်ကြသည်။
တဖြည်းဖြည်းနှင့် ဝမ်လူငယ်များသည်လည်း ခရီးသွားရသည်ကို မပျော်ရွှင်ကြတော့ချေ။ သူတို့၏ တိုက်တွန်းမှုဖြင့် အဖွဲ့သည် လျင်မြန်စွာ သွားနေကြရသောကြောင့် တစ်မနက်တည်းနှင့်ပင် မိုင်လေးဆယ်ခန့် ခရီးပေါက်သွားသည်။
နေ့လည်မွန်းတည့်ချိန်သို့ရောက်သောအခါ ရာသီဥတုသည် အလွန်ပင်ပူလာတော့သည်။
ကောင်းကင်မှနေ၏ အပူကြောင့် မြေပြင်ပေါ်မှ အရာအားလုံးသည် ခြစ်ခြစ်တောက်ပူနေတော့သည်။ လှည်းယာဉ်တန်းသွားသည့် လမ်းတစ်လျှောက်တွင်လည်း ဖုန်များတထောင်းထောင်းထ၍ လေထဲ၌ ပျံ့လွင့်နေလေသည်။ ဤနေရာ၌ မိုးရေမရသည်မှာ အချိန်အတော်ကြာသည့်ပုံ ပေါက်နေသည်။
လှည်းယာဉ်တန်း၏ အရှေ့ပိုင်းမှ တဖြည်းဖြည်းနှင့် သွားနှုန်းနှေးသွားသည်။
အထိန်းတော်ဖျင်က အပြင်သို့ ခေါင်းပြူကြည့်လိုက်ရာ အရှေ့မှ မီးခိုးများ ပျံ့လွင့်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ ထိုမီးခိုးများသည် ဝမ်အိမ်တော်မှ မြင်းများဖြင့် ဝတ်စုံပြည့်အမှုထမ်းများဆီမှ ထွက်လာခြင်းဖြစ်သည်။
ထူးဆန်းပေသည်။ ခရီးသည် လမ်းတစ်လျှောက်လုံး အဆင်ပြေချောမွေ့ခဲ့သည်ဖြစ်သည်။ အဘယ်ကြောင့် ဝမ်အိမ်တော်သည် လမ်းကို ထောက်လှမ်းရန် အထောက်တော်များ လွှတ်ရပါသနည်း။
ထိုလူများသည် ဝမ်ကျောထံသို့ အပြေးသွားနေကြသည်။ ထိုလူများ ဘာပြောနေကြသည်ကိုတော့ အထိန်းတော်ဖျင် မကြားရပေ။ ထို့နောက် ရုတ်တရက် ဝမ်လူငယ်များထံမှ တီးတိုးပြောသံများ ကျွက်ကျွက်ညံလာတော့သည်။
"ဘာဖြစ်နေကြတာလဲ..."
အထိန်းတော်ဖျင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဘေးမှ အဖိုးစွင်းက အသံကိုနှိမ့်၍ ပြောလိုက်သည်။
"အရှေ့မိုင်သုံးဆယ်အတွင်းမှ ရေလုံးဝမရှိဘူး လို့ပြောနေကြတယ်...လမ်းတစ်လျှောက်လုံးမှာ ရေတွင်းတွေက ရေခန်းနေကြပြီး မိုလုံးဝမရွာတာ တစ်လလောက်ရှိပြီလို့ ရွာသားတွေက ပြောနေကြတယ်တဲ့...ဒီနားကရွာတွေမှာ သုံးတဲ့ရေတွေက အရှေ့ဘက်တောင်တန်းတွေဆီကရတာ ဒါပေမယ့် အဲ့ဒီ ချီရှန်းတောင်တန်းတွေကလည်း ဒီနေရာနဲ့ မိုင်နှစ်ဆယ်လောက်ဝေးနေသေးတယ်...အဲ့ဒီကို အသွားအပြန်လုပ်ဖို့ဆိုရင် အနည်းဆုံး တစ်ရက်တော့ကြာမှာပဲ..."
ပြောရင်းဖြင့် အဖိုးစွင်းသည် ချန်ရုံရှိနေသည့် ရထားလုံးဆီသို့ ကြည့်လိုက်သည်။ အထိန်းတော်ဖျင်ကဲ့သို့ပင် အဖိုးစွင်း၏မျက်လုံးများသည်လည်း အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နေသည်။ အထိန်းတော်ဖျင်သည် တလှပ်လှပ်လှုပ်ခါနေသော လိုက်ကာကို အံ့ဩစွာကြည့်၍ တုန်ယင်ထစ်အသောအသံဖြင့် ပြောလိုက်သည်။
"ဒီလို ကိစ္စတွေဖြစ်မယ်ဆိုတာကို သခင်မလေးက ကြိုသိနေခဲ့သလိုပဲနော်..."
ထိုအချိန်၌ လှည်းယာဉ်တန်းသည်လည်း ရပ်သွားတော့သည်။
ဝမ်အိမ်တော်မှအစေခံများသည် လှည်းပေါ်မှ ရေစည်ပိုင်းအနည်းငယ်ကိုယူ၍ မြင်းများကို ရေတိုက်နေသည်ကို အထိန်းတော်ဖျင် သတိထားလိုက်မိသည်။
ကြည်လင်နေသောရေကို တွေ့သောအခါ မိန်းကလေးတစ်ဦးက ချက်ချင်း ထပြောလိုက်သည်။
"ဦးလေး ဘာဖြစ်လို့ ဒီတိရစ္ဆာန်တွေကို ရေတွေတိုက်နေတာလဲ...ဒီနေ့က အရမ်းပူတာကို သမီး ရေတောင်မချိုးရသေးဘူး..."
အခြားဝမ်လူငယ်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။
"အဖေ ကျွန်တော်တို့ကို ရေအရင်ချိုးခွင့်ပေးပြီးမှ ကျန်တဲ့ရေကို မြင်းတွေကို တိုက်သင့်တယ် မဟုတ်ပါလား..."
သို့သော် ဝမ်ကျော၏ ခပ်ပြတ်ပြတ်ပြောလိုက်သံကြောင့် လူတိုင်းတိတ်ဆိတ်သွားကတော့သည်။
"တိတ်ကြစမ်း...ရှေ့မှာ ရေတွင်းတစ်ခုခု မတွေ့မချင်း ရေတစ်စက်မှတောင် မဖြုန်းရဘူး..."
"ဦးလေး သမီးတို့ ရေနည်းနည်းပဲသုံးပြီး ချိုးမှာပါ...ရေတွေကို ဖိတ်စင်အောင်မလုပ်ရင် အဆင်ပြေတယ် မဟုတ်ပါလား..."
"ဟုတ်တယ် ဟုတ်တယ်...ဒီလိုရေသန့်တွေကို တိရစ္ဆာန်တွေကို တိုက်နေတာ ဖြုန်းတီးရာရောက်ပါတယ်..."
ဝမ်ကျောက ခဏမျှရပ်လိုက်ပြီးမှ အမိန့်ပေးသည့်လေသံဖြင့် ထပ်ပြောလိုက်သည်။
"ငါက မြင်းတွေကို ရေစည်ပိုင်း ရှစ်လုံးပဲ ရေတိုက်တာ...မင်းတို့တွေက လူအများကြီး ဒီရေစည်ပိုင်း ရှစ်လုံးကို လောက်ငှအောင် ဘယ်လိုပေးမလဲ...ညည်းညူနေတာတွေ ရပ်ကြစမ်း...အခုကျန်နေတဲ့ရေတွေကိုလည်း ရေချိုးဖို့ ဘယ်သူမှ သုံးခွင့်မရှိဘူး..."
"မြင်းတွေကို ရေတိုက်ပြီးရင် သွားတဲ့အရှိန်က ပိုမြန်သွားမှာပါ..."
ဝမ်ကျောက လူငယ်များကို နှစ်သိမ့်သည့်လေသံဖြင့် ထပ်ပြောလိုက်သည်။
"မကြာခင်မှာ ငါတို့အကုန်လုံးအတွက် ရေအလုံအလောက်ရတော့မှာ...အဲ့ဒီတော့မှ မင်းတို့ ကြိုက်သလောက် ရေချိုးကြ ဟုတ်ပြီလား..."
ထိုအခါ ဝမ်လူငယ်များသည် အပြစ်တင်ပြောဆိုခြင်းများရပ်သွားသော်လည်း တိုးတိတ်စွာ ပွစိပွစိပြောနေခြင်းများကတော့ ရှိနေသေးသည်။
အထိန်းတော်ဖျင်သည်လည်း ရထားလုံးထဲမှ ချန်ရုံ၏အသံထွက်လာမှသာ အသိစိတ်ပြန်ဝင်လာတော့သည်။
"အထိန်းတော်ဖျင်...ကျွန်မတို့ရဲ့မြင်းတွေကို ရေစိုအဝတ်တွေ ဝါးခိုင်းလိုက်ပါ..."
"ဟုတ်ကဲ့ပါ မမလေး..."
မြင်းများအားလုံးကို အစာကျွေး ရေတိုက်ပြီးသောအခါ အဖွဲ့သည် ပြန်လည်ထွက်ခွာရန်စတင်လေသည်။ ဤတစ်ခေါက်တွင်တော့ လူတိုင်းသည် စကားပြောသည်ကိုလျှော့၍ အမြန်သွားရန်ကိုသာ အာရုံရောက်နေကြတော့သည်။
ဝမ်အိမ်တော် နှင့် ချိန်အိမ်တော် နှစ်ခုလုံးသည် တောင်ဘက်သို့ ခရီးသွားရန် သေချာပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဖွဲ့တစ်ခုလုံးသည် လှည်းယာဉ်များဖြင့် ပြည့်နေသည်။ လှည်းယာဉ်တစ်စီးအတွက် လှည်းဆွဲရန် မြင်းလေးကောင်အပြင် အရံမြင်းနှစ်ကောင်စီလည်း ပါသေးသည်။
ယခုလက်ရှိအခြေအနေတွင် မိုင် သုံးဆယ်လမ်းခရီးကိုသွားရန် တစ်နာရီသာကြာလေသည်။
ကောင်းကင်မှနေသည် ပူပြင်းစွာ ထိန်ညီးနေဆဲဖြစ်သည်။ လမ်း၏ဘေးတစ်ဖက်တစ်ချက်မှ လယ်ကွင်းများသည်လည်း ခြောက်သွေ့သော ပက်ကြားအက်များနှင့် ပြည့်နေသည်။ သွားသည့်လမ်းတစ်လျှောက်တွင် ဖုန်မှုန့်များနှင့်ပြည့်နေ၍ ရေတွင်းများ၌လည်း ရေတစ်စက်မျှပင် မတွေ့ရချေ။ ထူထပ်သော အပင်ရိုင်းများက ခရီးသွားသူများအား ဤဒေသ၌ မိုးမရွာသည်မှာ ကြာမြင့်နေပြီ ဟု ပြောနေသကဲ့သို့ ဖြစ်နေလေသည်။
ဤအခေါက်တွင်တော့ ဝမ်လူငယ်များသည် အခြေအနေသိပ်မကောင်းသည်ကို သတိထားမိလာကြတော့သည်။ သူတို့၏ညည်းညူသံများသည် တဖြည်းဖြည်းနှင့် စိတ်ပူသည့်မေးခွန်းများနှင့် ဆဲဆိုခြင်းများသို့ ပြောင်းသွားလေသည်။
လှည်းယာဉ်တန်းကတော့အရှိန်အဟုန်နှင့် ရှေ့သို့ သွားနေဆဲပင်။
နောက်ထပ် တစ်နာရီ ကုန်လွန်သွားပြန်သည်။
နေသည် အနောက်ဘက်သို့ ယွန်းစပြု၍ လေထုသည်လည်း သိပ်မပူပြင်းတော့ချေ။
သို့သော်လည်း အဖွဲ့ကတော့ မသက်မသာဖြစ်နေကြဆဲပင်။ တောင်ဘက်ပိုင်းသို့ရောက်လေလေ၊ လယ်ကွင်းများ၏အခြေအနေက ပိုပိုဆိုးလာလေ ကို မြင်နေကြရသည်။
လူတိုင်း၏လည်ချောင်းများသည် ခြောက်ကပ်နေကြပြီဖြစ်သည်။ အရှိန်အဟုန်နှင့် ပြေးနေကြရသော မြင်းများသည်လည်း အားအင်ကုန်ခန်းစပြုနေကြပြီဖြစ်သည်။
သို့သော်လည်း အရှေ့ဘက်၌ လွင်တီးခေါင်ကိုသာ မျက်စိတစ်ဆုံးမြင်နေရလေသည်။ ဆောင်းဦးရာသီသို့ ဝင်ခါစအချိန်ပင်ရှိသေးသော်လည်း မြင်ရသမျှအရာအားလုံးသည် ခြောက်သွေ့ညှိုးငယ်နေကြသည်။
ကြောက်လန့်မှုနှင့် စိုးရိမ်မှုတို့သည် အဖွဲ့ကို လွှမ်းခြုံသွားတော့သည်။ ရေစိုအဝတ်များကို ဝါးနေကြသော ချန်အိမ်တော်မှ မြင်းများသည်သာ ယခုအချိန်အထိ ခွန်အားအပြည့် ရှိနေကြလေသည်။
ဂဏာမငြိမ်သော မျက်လုံးများအောက်တွင် ဝမ်ကျောက အမိန့်တစ်ခုပေးလိုက်သည်။
"ဝမ်ယို...မြင်းတွေကို ရေဝအောင်တိုက်ပြီး အနီးပတ်ဝန်းကျင်ကို သွားထောက်လှမ်းစမ်း...ရေတွေ့တာနဲ့ ချက်ချင်း ပြန်လာပြီး အကြောင်းကြား..."
"ဟုတ်ကဲ့..."
ခဏမျှရပ်ပြီးစောအခါ ဝမ်ကျော၏ ပင်ပန်းနေသော အသံက ထပ်ပြောလိုက်ပြန်သည်။
"ချန်အိမ်တော်က အားရုံကိုခေါ်လိုက်..."
"ဟုတ်ကဲ့..."
အမိန့်ပေးပြီးသွားသောအခါ ဝမ်အိမ်တော်မှ လူရွယ်တစ်ဦးက အမြန်ဝင်ပြောလိုက်သည်။
"အဖေ...မလုပ်ပါနဲ့..."
ထိုလူငယ်သည် အသံကို နှိမ့်လိုက်၍ ဝမ်ကျော၏ မေးခွန်းထုတ်သောအကြည့်အောက်၌ ကြောက်လန့်စွာ ဆက်ပြောလိုက်သည်။
"အဖေက ဝမ်အိမ်တော်ရဲ့ ခေါင်းဆောင်အကြီးအကဲဖြစ်ပါတယ်...ဒါပေမယ့် အချိန်တိုအတွင်းမှာပဲ ချန်အိမ်တော်ရဲ့ ကိုယ်လုပ်တော်တစ်ဦးက မွေးဖွားတဲ့သမီးဆီကနေ အကြံဉာဏ် နှစ်ခါတောင်တောင်းခံနေရပြီ...အဲ့ဒီလိုလုပ်တာက အဖေ့ရဲ့ဂုဏ်သတင်းကို ချန်ရုံ့ဆီလွှဲပြောင်းပေးနေတာနဲ့ အတူတူပဲ မဟုတ်ပါလား..."